← Chapters

ဒီလှိုင်းသားရဲ

Vol. 26 Ch. 272

ဒီလှိုင်းသားရဲ

Vol. 26 Ch. 272

တစ်နေ့တွင် ပျံသန်းနေရင်း စုန့်ဝမ်သည် ရှေ့ရှိ ကျောက်ဆောင်ကျွန်းပေါ်မှ လှုပ်ရှားမှုတစ်ခုကို သတိထားမိလိုက်သည်။ ထိုကျောက်ဆောင်ကျွန်းမှာ သေးငယ်ပြီး တစ်မိုင်ခန့်သာ ကျယ်ဝန်းကာ မည်သည့်အပင်မျှ မပေါက်သော ကန္တာရကျွန်းလေး ဖြစ်သည်။ အဝေးမှနေ၍ ကျွန်းပေါ်ရှိ လူသုံးယောက်ကို ရှင်းလင်းစွာ မြင်တွေ့ရသည်။ ကျွန်းပေါ်ရှိ လူသုံးယောက်မှာလည်း အဝေးမှ ပျံသန်းလာသော စုန့်ဝမ်ကို မြင်လိုက်ကြသည်။ သို့သော် ၎င်းတို့မှာ ဝေးလွန်းသဖြင့် စုန့်ဝမ်၏ ကျင့်ကြံမှုအဆင့်ကို အာရုံမခံနိုင်ကြဘဲ သတိထား၍သာ စောင့်ကြည့်နေကြသည်။ ဤနေရာမှာ အတွင်းပင်လယ်ထဲတွင် ရှိနေသော်လည်း ကျင့်ကြံသူများ လာခဲလှသော အပြင်ပင်လယ်နှင့် နီးစပ်သည့်နေရာ ဖြစ်သည်။

စုန့်ဝမ် ခြေထောက်အောက်တွင် ဓားတစ်လက် ပေါ်လာပြီး အော်ရာကို ထိန်းချုပ်ကာ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူအဖြစ် ဟန်ဆောင်လျက် ကျွန်းဆီသို့ ပျံသန်းသွားလိုက်သည်။ ကူပိုးကောင်ကို ရှေ့မှ ကြိုလွှတ်၍ ကင်းထောက်ခိုင်းရာ ထိုလူသုံးယောက်လုံးမှာ အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြောင်း သိရသည်။ တစ်ဦးမှာ အခြေတည်အဆင့် အထွတ်အထိပ်၊ တစ်ဦးမှာ နှောင်းပိုင်းနှင့် တစ်ဦးမှာ အလယ်အဆင့်တွင် ရှိကြသည်။ ဤသုံးယောက်မှာ အဆုံးမဲ့ပင်လယ်ထဲတွင် စုန့်ဝမ် ပထမဆုံး တွေ့ဆုံရသည့် ကျင့်ကြံသူများ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ထံမှ သတင်းအချက်အလက် စုဆောင်းလိုစိတ် ပြင်းပြနေသည်။

"ကျွန်တော်က ဝေ့တင်းပါ၊ တာအိုရောင်းရင်းတို့ကို နှုတ်ခွန်းဆက်ပါတယ်" ဟု စုန့်ဝမ်သည် မိုင်အနည်းငယ် အကွာမှနေ၍ အရိုအသေပြုရင်း ပြောလိုက်သည်။ စုန့်ဝမ်မှာ အခြေတည် နှောင်းပိုင်းအဆင့်သာ ဖြစ်သည်ကို မြင်သောအခါ ထိုသုံးယောက်မှာ စိုးရိမ်စိတ် အနည်းငယ် လျော့နည်းသွားကြသည်။ သုံးယောက်အနက် အခြေတည် နှောင်းပိုင်းအဆင့်တွင် ရှိပြီး ပညာရှိတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လူငယ်မှာ ချောမောသော်လည်း မောက်မာသောအသွင် ရှိသည်။

"မင်းက ဘယ်မှာ ကျင့်ကြံတာလဲ။ ဘာလို့ ဒီလို ဝေးလံတဲ့ အတွင်းပင်လယ် အစွန်အဖျားကို ရောက်လာတာလဲ" ဟု ထိုလူငယ်က မောက်မာသော လေသံဖြင့် မေးလိုက်သည်၊ သူသည် အဆင့်အတန်း မြင့်သူတစ်ဦးဖြစ်ပြီး အမိန့်ပေးလေ့ရှိသူဖြစ်ကြောင်း သိသာလှသည်။

စုန့်ဝမ်က "ကျွန်တော်က လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါ၊ ကျင့်ကြံရေးပစ္စည်း နည်းနည်း လိုအပ်လို့ အခွင့်အလမ်းရှာဖို့ ဒီလို ဝေးလံတဲ့ နေရာကို လာခဲ့တာပါ" ဟု ပြန်ဖြေလိုက်သည်။

ထိုလူငယ်က နှာခေါင်းရှုံ့လျက် အေးစက်သော လေသံဖြင့် "ဟင်း… အခွင့်အလမ်းရှာတာ ဟုတ်စ။ လမ်းသွားလမ်းလာတွေကို လုဖို့ လာတာ နေမှာပါ" ဟု ပြောလိုက်သည်။

"စီနီယာ... ကျွန်တော့်ကို အထင်လွဲနေပါပြီ။ ကျွန်တော့်ရဲ့ အစွမ်းက နိမ့်ပါးလှပါတယ်၊ ပြီးတော့ ကျွန်တော်က တစ်ယောက်တည်းပါ၊ ကျင့်ကြံသူတွေကို ဘယ်လိုလုပ် လုဝံ့မှာလဲ..."

"ကဲ... တော်ပြီ၊ ထပ်ပြောမနေနဲ့။ မင်းက ဓားပြ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ ငါ စိတ်မဝင်စားဘူး။ အခွင့်အလမ်းရှာဖို့ လာတာဆိုတော့ ငါ မင်းကို အခွင့်အလမ်းတစ်ခု ပေးမယ်"

စုန့်ဝမ်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ဝင်းလက်သွားသည်။

"စီနီယာရဲ့ အမည်ကို သိပါရစေ၊ ပြီးတော့ အဲဒီအခွင့်အလမ်းက ဘာများလဲ ခင်ဗျာ"

ထိုသူသုံးယောက်အနက် အခြေတည် အလယ်အဆင့်ရှိ ပိန်ပိန်ပါးပါးနှင့် ကြွက်မျက်နှာရှိသော ကျင့်ကြံသူက ရှေ့သို့ တိုးလာပြီး မောက်မာစွာ ပြောလိုက်သည်။ "ဒါက ဖန်ကျူးကျွန်း ရှင်းမိသားစုက သခင်လေး ရှင်းချန်ပဲ"

စုန့်ဝမ် ကြောင်သွားသည်။ ဖန်ကျူးကျွန်း၊ ရှင်းမိသားစု… တစ်ခါမျှ မကြားဖူးပေ။ သို့သော် "အို... ဒါဆိုရင် သခင်လေးက ရှင်းမိသားစုကပေါ့။ သခင်လေးနဲ့ ဒီမှာ ဆုံရတာ ကျွန်တော့်အတွက် တကယ်ကို ကံကောင်းတာပါပဲ။ သခင်လေးရဲ့ အရှိန်အဝါက တကယ်ကို ထူးခြားပါတယ်၊ နောင်တစ်ချိန်မှာ ရှင်းမိသားစုရဲ့ ထောက်တိုင်ကြီး ဖြစ်လာမှာ အသေအချာပါပဲ"

စုချန်းသည် စုန့်ဝမ်၏ မြှောက်ပင့်မှုကြောင့် ကျေနပ်သွားပုံရပြီး ကျန်နှစ်ယောက်နှင့် စတင်မိတ်ဆက်ပေးသည်။ အခြေတည် အထွတ်အထိပ် ကျင့်ကြံသူမှာ သက်ကြီးရွယ်အိုတစ်ဦးဖြစ်ပြီး ရှင်းချန်က သူ့ကို အဖိုးကြီးချီဟု ခေါ်သည်။ ပိန်ပိန်ပါးပါး ကျင့်ကြံသူ၏ အမည်မှာ ယုတာ ဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ အမည်များကို မိတ်ဆက်ပေးပြီးနောက် စုချန်းက ဆက်ပြောသည်။

"ငါတို့ ဒီကို လာတာက ဒုတိယအဆင့် အထွတ်အထိပ် ဒီလှိုင်းသားရဲတစ်ကောင်ကို ဖမ်းဖို့ပဲ၊ သူ့ရဲ့ ဝိညာဉ်နဲ့ အဆီအနှစ်ကို သုံးပြီး ဝိညာဉ်ဆေးလုံး ဖော်စပ်ဖို့ ရည်ရွယ်ထားတာ။ ငါတို့အဖွဲ့မှာ မူလက လေးယောက်ရှိတာ၊ ဒါပေမဲ့ လမ်းမှာ တစ်ယောက် ဆုံးရှုံးသွားခဲ့တယ်။ စတုဂံသားရဲချုပ်နှောင်ဝင်္ကပါကို တည်ဆောက်ဖို့ လူလေးယောက် လိုအပ်တယ်။ မင်းသာ ငါတို့ကို ကူညီပေးမယ်ဆိုရင် ဆုလာဘ်အဖြစ် ဝိညာဉ်ကျောက်တုံး ငါးထောင် ပေးမယ်"

ရှင်းချန်သည် သူ၏ အစွမ်းကို အထင်ကြီးလွန်းနေသလား သို့မဟုတ် အသိဉာဏ် မရှိတာလား မသိသော်လည်း စုန့်ဝမ်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပါလျက် သူတို့၏ ရည်ရွယ်ချက်ကို မဖုံးကွယ်ဘဲ ပြောပြလိုက်ခြင်း ဖြစ်သည်။ စုန့်ဝမ်သည် အနည်းငယ် အံ့သြသွားသော်လည်း အလွန်ဝမ်းသာသွားသည့်ဟန်ဖြင့် "ကျေးဇူးတင်ပါတယ် သခင်လေးရှင်း"ဟု ဆိုကာ လက်ခံလိုက်သည်။

ရှင်းချန်ပြောသော ဝိညာဉ်ဆေးလုံးကို စုန့်ဝမ် အတော်လေး စိတ်ဝင်စားသွားသည်။ ထိုသုံးယောက်လုံးမှာ အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်သဖြင့် ထိုဆေးလုံးမှာ ဒုတိယအဆင့်ဆေးလုံးဖြစ်ရန် များသည်။ စုန့်ဝမ်တွင် သားရဲသခင်ဂိုဏ်း၏ ဒုတိယအဆင့် ဆေးနည်းများအားလုံး ရှိသော်လည်း ထိုဝိညာဉ်ဆေးလုံးအကြောင်း တစ်ခါမျှ မကြားဖူးသဖြင့် ၎င်းမှာ အဆုံးမဲ့ပင်လယ်၏ ထူးခြားသော ဆေးလုံးတစ်မျိုး ဖြစ်နိုင်ပေသည်။

ရှင်းချန် "ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်၊ ဒီလှိုင်းသားရဲကို ဖမ်းရတာ အန္တရာယ်ရှိတယ်။ မင်း တွန့်ဆုတ်နေလို့ အစီအစဉ် ပျက်သွားမယ်ဆိုရင် ငါရက်စက်တာကို အပြစ်မတင်နဲ့" ဟု ပြောလိုက်သည်။

စုန့်ဝမ်က လေးနက်သောအမူအရာဖြင့် "သခင်လေးရှင်း စိတ်ချပါ၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်၊ သခင်လေးကို စိတ်မပျက်စေရပါဘူး" ဟု ပြန်ဖြေလိုက်သည်။

ရှင်းချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး စုန့်ဝမ်ထံသို့ အပြာရောင် အလံငယ်လေးတစ်ခုကို ပေးလိုက်သည်။

"ဒါက မြောက်ဘက်အလံပဲ၊ စတုဂံသားရဲချုပ်နှောင်ဝင်္ကပါမှာ သုံးတဲ့ အလံလေးခုထဲက တစ်ခုပဲ။ ဒီအလံကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ ခဏနေရင် ငါ မင်းကို သင်ပေးမယ်။ သားရဲကို ဖမ်းတဲ့အခါ မင်းက ဒီအလံကိုပဲ အာရုံစိုက်ပြီး ထိန်းချုပ်ဖို့ လိုတယ်၊ ကျန်တဲ့ကိစ္စတွေထဲ မင်း ပါစရာ မလိုဘူး"

စုန့်ဝမ်က အလံကို လက်ခံလိုက်ပြီး "သခင်လေးရှင်း စီစဉ်တဲ့အတိုင်း လိုက်နာပါ့မယ်" ဟု ပြန်ပြောလိုက်သည်။

စကားတစ်လုံးမျှ မပြောသေးသော အဖိုးကြီးချီမှာမူ စုန့်ဝမ်ကဲ့သို့ သူစိမ်းတစ်ယောက်ကို အဖွဲ့ထဲ ထည့်လိုက်သည့် ရှင်းချန်၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်ပုံမရ။ သို့သော် လူအင်အား လိုအပ်နေသလို၊ စုန့်ဝမ်၏ ဟန်ဆောင်ထားသော ကျင့်ကြံမှုအဆင့်မှာ အခြေတည် နှောင်းပိုင်းအဆင့်သာ ဖြစ်နေသဖြင့် အထူးတလည် ကန့်ကွက်ခြင်း မပြုခဲ့ပေ။ ဝိညာဉ်အာရုံဖြင့်သာ စစ်ဆေးကြည့်ခဲ့သည်။

များမကြာမီ ၎င်းတို့ လေးဦးသည် အော်ရာကို ဖျောက်ကွယ်လျက် ကျောက်ဆောင်ကျွန်း၏ ထောင့်လေးထောင့်တွင် ပုန်းအောင်းနေကြသည်။ ၎င်းတို့ ဤနေရာတွင် စောင့်ဆိုင်းနေသည်မှာ ရက်အနည်းငယ် ရှိနေပြီဖြစ်သည်။ ရှင်းချန်၏ အဆိုအရ ဤကျောက်ဆောင်ကျွန်းပေါ်တွင် ဒီလှိုင်းသားရဲ၏ အသိုက်ဖြစ်သော ဂူတစ်ခု ရှိသည်။ ၎င်းတို့ ရောက်လာချိန်တွင် ထိုသားရဲမှာ အပြင်သို့ ထွက်သွားချိန် ဖြစ်နေသည်။ ထို့ကြောင့် ၎င်းတို့ လေးဦးမှာ ကျွန်းပေါ်ရှိ နေရာအသီးသီးတွင် ပုန်းအောင်းနေကြပြီး ထိုသားရဲ ပြန်လာမည့်အချိန်ကို စောင့်နေကြခြင်း ဖြစ်သည်။

နှစ်ရက်ခန့်ကြာသော် ငြိမ်သက်နေသော ပင်လယ်ရေမျက်နှာပြင်မှာ လှိုင်းလုံးကြီးများဖြင့် ရုန်းကြွလာပြီး သားရဲတစ်ကောင်သည် လှိုင်းလုံးများကြားမှ ဒီရေနှင့်အတူ ကျွန်းဆီသို့ ဦးတည်လာသည်။ ထိုသားရဲမှာ ဆယ်ပေခန့် မြင့်မားပြီး ငါးခန္ဓာကိုယ်နှင့် မြွေအမြီးရှိသော်လည်း လက်ချောင်းသုံးချောင်းစီပါသော လက်နှစ်ဖက်လည်း ရှိသည်။ ဤသားရဲမှာ ဒီလှိုင်းသားရဲပင် ဖြစ်သည်။

လှိုင်းလုံးများ ကျောက်ဆောင်ကျွန်းသို့ နီးကပ်လာသောအခါ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ဒီလှိုင်းသားရဲသည် လှိုင်းထိပ်မှ ခုန်ချလိုက်ပြီး ကျွန်း၏ အစွန်းတွင် ဆင်းသက်ကာ ၎င်း၏ မြွေအမြီးကို ယမ်းခါလျက် ကျွန်း၏ အလယ်ဗဟိုသို့ ဦးတည်သွားသည်။ သို့သော် ဂူအသိုက်ဆီ မရောက်မီ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး ရပ်လိုက်ကာ ၎င်း၏ သစ်ကြားသီးအရွယ်အစားခန့်ရှိသော ငါးမျက်လုံးကြီးများဖြင့် လှည့်ပတ်ကြည့်နေတော့သည်။

"ဝင်္ကပါ ဖွင့်"

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ကျွန်းတစ်ခုလုံးကို လွှမ်းခြုံထားသော ဖောက်ထွင်းမြင်ရသည့် စက်လုံးပုံ အလင်းအမိုးခုံးကြီးတစ်ခု ပေါ်လာသည်။

အငိုက်မိသွားသော ဒီလှိုင်းသားရဲမှာ ဝင်္ကပါအတွင်း ပိတ်မိသွားတော့သည်။ ၎င်းသည် အလွန်အမင်း ထိတ်လန့်သွားပြီး ဝင်္ကပါ၏ အလင်းမျက်နှာပြင်ကို အဟုန်ပြင်းစွာ ပြေးတိုက်လိုက်သည်။ "ဘုန်း" ခနဲ အသံနှင့်အတူ အလင်းမျက်နှာပြင်မှာ တုန်ခါသွားပြီး သားရဲမှာ နောက်သို့ လွင့်ထွက်သွားသည်။ ဝင်္ကပါကို တိုက်မိသည့် နာကျင်မှုကြောင့် ၎င်း၏ ဒေါသများမှာ ပေါက်ကွဲလာသည်။ ဒီလှိုင်းသားရဲသည် လက်ကို လေထဲတွင် ဆုပ်လိုက်ရာ လက်တစ်ဖက်စီတွင် ရေဖြင့် ပြုလုပ်ထားသော လှံရှည်နှစ်စင်း ပေါ်လာပြီး အစွမ်းကုန် အားစိုက်ထုတ်၍ ထိုရေလှံများဖြင့် ပစ်ပေါက်လိုက်သည်။

"ဘုန်း... ဘုန်း"

ရေလှံများသည် အလင်းမျက်နှာပြင်နှင့် ဆောင့်မိပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လှံများသည် ရေစက်များအဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။ ဝင်္ကပါ၏ အလင်းမျက်နှာပြင်မှာ တုန်ခါသွားပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားရာ ပြိုကွဲတော့မည့်အလား ထင်ရတော့သည်။

"အားလုံးပဲ ကိုယ့်နေရာကိုယ် သေချာထိန်းကြ၊ ငါ ဒီသားရဲကို နှိမ်နင်းမယ်" ဟု အဖိုးကြီးချီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် ဝင်္ကပါ၏ အရှေ့ဘက်တွင် ရှိနေပြီး သူထိန်းချုပ်ထားသော အရှေ့ဘက်အလံမှာ ဝင်္ကပါ၏ အဓိကအလံဖြစ်သည်။ အဖိုးကြီးချီက မန္တန်လက်ကွက်များ အဆက်မပြတ် ဖော်ဆောင်ကာ ဝိညာဉ်စွမ်းအင်များကို အလံအတွင်းသို့ လောင်းထည့်နေသည်။ ချက်ချင်းပင် ဝင်္ကပါအတွင်း၌ မီးလျှံများ ပေါက်ကွဲထွက်လာတော့သည်။ လက်ဝါးအရွယ်အစားခန့်ရှိသော မီးတောက်များစွာ လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာကြပြီး ဒီလှိုင်းသားရဲဆီသို့ မိုးပေါက်များပမာ ကျဆင်းလာသည်။

ဒီလှိုင်းသားရဲက လက်ကိုမြှောက်လိုက်ရာ ကြီးမားသော ရေစီးကြောင်းတစ်ခု ပေါ်လာပြီး နဂါးတစ်ကောင်ကဲ့သို့ ၎င်း၏ဦးခေါင်းထက်တွင် ဝဲပျံနေသည်။ မီးတောက်များမှာ ရေနဂါးပေါ်သို့ ကျရောက်သွားကာ ငြိမ်းသတ်ခံလိုက်ရပြီး အငွေ့ပျံသွားသည်။ အဖိုးကြီးချီ၏ ဝိညာဉ်စွမ်းအင်များမှာ အလံအတွင်းသို့ အဆက်မပြတ် စီးဝင်လာသည်နှင့်အမျှ မီးတောက်များ တဟုန်ထိုး ကျဆင်းလာပြန်သည်။

အဖိုးကြီးချီ အားစိုက်တိုက်ခိုက်နေချိန် အခြားအလံများကို ထိန်းချုပ်ထားသော စုန့်ဝမ်တို့မှာ ဝင်္ကပါ တည်ငြိမ်စွာနှင့် အဆက်မပြတ် လည်ပတ်နိုင်စေရန် အလံများကို မန္တန်များဖြင့် တည်ငြိမ်အောင် ထိန်းထားပေးရသည်။ ဝင်္ကပါ၏ တိုက်စစ်စွမ်းအားမှာ ပြင်းထန်လှသော်လည်း ဒီလှိုင်းသားရဲမှာလည်း အံ့မခန်း အစွမ်းကို ပြသနေသည်။ ၎င်းသည် ရေအလျဉ်များကို တစ်ခုပြီးတစ်ခု ဆင့်ခေါ်လျက် အကာအကွယ် ယူထားသောကြောင့် ရွာကျနေသော မီးမိုးများက ထိခိုက်စေနိုင်ခြင်း မရှိပေ။ ရေအလျဉ်များနှင့် မီးမိုးများ လေထဲတွင် ပြင်းထန်စွာ ထိတွေ့မိကြပြီး ရေနွေးငွေ့များ ထွက်ပေါ်လာကာ အသံတစီစီနှင့်အတူ မြင်ကွင်းတစ်ခုလုံးမှာ ဝေဝါးသွားတော့သည်။

ဝင်္ကပါသည် ၎င်းကို ယာယီအားဖြင့် အန္တရာယ်မပြုနိုင်သည်ကို မြင်သောအခါ ဒီလှိုင်းသားရဲမှာ အစောပိုင်းက ထိတ်လန့်ဒေါသထွက်နေရာမှ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။ ၎င်း၏ အစွမ်းထက်လှသော ရေဓာတ်စွမ်းအင်ဖြင့် မီးမိုးများ၏ တိုက်ခိုက်မှုကို အလုံးစုံ ပိတ်ဆို့ရုံသာမက တစ်ခါတစ်ရံ ဝင်္ကပါ၏ အလင်းမျက်နှာပြင်ကို အရှိန်ဖြင့် ပြေးဆောင့်နေသေးသည်။

အချိန်အတော်ကြာ တိုက်ခိုက်သော်လည်း အောင်မြင်မှုမရသည့်အခါ ရှင်းချန် အနည်းငယ် ပျာယာခတ်လာသည်။

"အဖိုးကြီးချီ.. ဘာလို့ ဒီလှိုင်းသားရဲကို မနှိမ်နင်းနိုင်သေးတာလဲ"

ဝင်္ကပါကို ထိန်းချုပ်နေရင်း အဖိုးကြီးချီက "သခင်လေး၊ သတင်းအချက်အလက်က မှားနေတယ်၊ ဒီလှိုင်းသားရဲက စတုဂံသားရဲချုပ်နှောင်ဝင်္ကပါရဲ့ မီးတိုက်ကွက်တွေကို မကြောက်ဘူး" ဟု ပြန်ဖြေလိုက်သည်။ ရှင်းချန်မှာ အတွေ့အကြုံ မရှိသူပီပီ မမျှော်လင့်ထားသော အခြေအနေများကို ကိုင်တွယ်နိုင်စွမ်း မရှိပေ။ "ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"

အဖိုးကြီးချီက "သခင်လေး စိတ်အေးအေးထားပါ၊ ဒီလှိုင်းသားရဲက ဝင်္ကပါကို ဖျက်ဆီးလိုက်ရင်တောင် ကျွန်တော် သခင်လေးကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်" ဟု သူ့ကို စိတ်သက်သာရာရအောင် ပြောလိုက်သည်။ ဤစကားကို ကြားသောအခါမှ ရှင်းချန်၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားသည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ ဒီလှိုင်းသားရဲမှာ ပို၍ ကြမ်းတမ်းလာပြီး ရေအလျဉ်များစွာကို ထိန်းချုပ်လျက် ဝင်္ကပါအတွင်း၌ သောင်းကျန်းနေသော နဂါးရိုင်းများကဲ့သို့ လှုပ်ရှားလာသည်။ ဝင်္ကပါ၏ အလင်းမျက်နှာပြင်မှာ ရေအလျဉ်များ၏ ပြင်းထန်သော ရိုက်ခတ်မှုအောက်တွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး အချိန်မရွေး ပြိုလဲသွားနိုင်သည့်အသွင် ရှိနေသည်။

အဖိုးကြီးချီ၏ မျက်နှာမှာ တည်ကြည်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"သခင်လေး၊ ဒီလှိုင်းသားရဲက အရမ်းသန်မာတယ်၊ ဝင်္ကပါက ကြာကြာခံမှာ မဟုတ်ဘူး။ ကျွန်တော် ‘ဆုတ်'လို့ အော်လိုက်တာနဲ့ သခင်လေး ချက်ချင်း ထွက်ပြေးတော့။ ဝေ့တင်း၊ ယုတာ၊ မင်းတို့နှစ်ယောက်က သခင်လေး ဆုတ်ခွာနိုင်ဖို့ အကာအကွယ်ပေးရမယ်။ ဘာပဲဖြစ်ဖြစ် သခင်လေးရဲ့ ဘေးကင်းရေးကို မင်းတို့ အာမခံရမယ်။ ဒီလှိုင်းသားရဲကို သခင်လေးနား မကပ်စေနဲ့"

အဖိုးကြီးချီက ညွှန်ကြားပြီးသည်နှင့် နောက်ထပ် မီးမိုးတစ်ကြိမ် ရွာချရန် အားစိုက်ထုတ်ပြီးနောက် အော်လိုက်သည်။

"ဆုတ်"

ရှင်းချန်မှာ အချက်ပေးသံကြားသည်နှင့် အမြန်ဆုံး ထွက်ပြေးတော့သည်။ ချက်ချင်းပင် သူထိန်းချုပ်ထားသော တောင်ဘက်အလံ တည်ငြိမ်မှု ပျက်ပြားသွားပြီး ဝင်္ကပါမှာလည်း တခဏအတွင်း ရပ်တန့်သွားတော့သည်။ ဝင်္ကပါ၏ အလင်းမျက်နှာပြင်မှာ ကွဲအက်နေသော မှန်ချပ်များကဲ့သို့ အပိုင်းပိုင်းကွဲကြေသွားသည်။

ရှင်းချန် ထွက်ပြေးသည်နှင့် ယုတာလည်း ၎င်း၏နောက်တွင် ကပ်လျက် လိုက်ပါ ထွက်ပြေးတော့သည်။

………

All Chapters