ဟန်ဆောင်ကူညီခြင်း
Vol. 26 Ch. 273
အဖိုးကြီးချီနှင့် စုန့်ဝမ်တို့မှာမူ ထွက်မပြေးကြပေ။ သူတို့သည် ဓားပျံများကို အသီးသီး ဆင့်ခေါ်လျက် ဒီလှိုင်းသားရဲကို တိုက်ခိုက်လိုက်ကြသည်။ အဖိုးကြီးချီ၏ ဓားပျံမှာ ပြင်းထန်အားကောင်းလှပြီး ဓားချက်များမှာ ကြယ်ပျံများ ကြွေကျနေသည့်အလားပင်။ စုန့်ဝမ်၏ ဓားပျံမှာမူ ၎င်းနှင့် နှိုင်းယှဉ်ပါက များစွာ အားနည်းပုံရသည်။
သို့သော် ဓားပျံများမှာ ဒီလှိုင်းသားရဲကို ဒဏ်ရာမရစေနိုင်ခဲ့ပေ။ ဓားပျံများ နီးကပ်လာသည့်အခါ ဒီလှိုင်းသားရဲသည် ၎င်းတို့ကို ပိတ်ဆို့ရန် ရေအလျဉ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ဒီလှိုင်းသားရဲသည် ရှင်းချန်မှာ ထိုအုပ်စု၏ ခေါင်းဆောင်ဖြစ်ကြောင်း သိပုံရသည်။ ၎င်းသည် အနားတွင်ရှိနေသော စုန့်ဝမ်နှင့် အဖိုးကြီးချီကို ပစ်ပယ်ကာ လှိုင်းလုံးများပေါ်တွင် စီးနင်းလျက် ရှင်းချန်နောက်သို့ လိုက်လံဖမ်းဆီးတော့သည်။
အဖိုးကြီးချီလည်း ပျံသန်းနှုန်းကို အမြန်မြှင့်တင်ကာ ဒီလှိုင်းသားရဲနောက်သို့ လိုက်ရင်း ဓားပျံဖြင့် အဆက်မပြတ် တိုက်ခိုက်နေသည်။ ပင်လယ်ပြင်တွင် ရေနေသားရဲဖြစ်သည့် ဒီလှိုင်းသားရဲမှာ အသာစီးရနေပြီး အဖိုးကြီးချီလည်း ၎င်းကို မယှဉ်နိုင်ကြောင်း သိထားသည်။ သူ့တိုက်ခိုက်မှုများသည် ဒီလှိုင်းသားရဲ၏ အရှိန်ကို အနည်းငယ်ဖြစ်စေ ဟန့်တားပေးနိုင်ရန်နှင့် ရှင်းချန် ထွက်ပြေးနိုင်ရန်အတွက် အချိန်အနည်းငယ် ရလိုရငြား မျှော်လင့်နေခြင်းဖြစ်သည်။
ထိုသူများကို ကြည့်ရင်း စုန့်ဝမ် မဲ့ပြုံးပြုံးလိုက်မိသည်။ ဤသုံးယောက်မှာ အားအင်အပြည့်ဖြင့် ဝင်္ကပါများကို ပြင်ဆင်လာခဲ့ကြပြီး၊ မည်သည့် အနှောင့်အယှက်မျှ မရှိပါဘဲ သားရဲတစ်ကောင်တည်းကိုပင် မနှိမ်နင်းနိုင်ကြပေ။ အကယ်၍ အဆုံးမဲ့ပင်လယ်ရှိ ကျင့်ကြံသူများမှာ ဤကဲ့သို့ အသုံးမကျသောသူများ ဖြစ်နေပါက သူသည် ဤပတ်ဝန်းကျင်တွင် ကောင်းစွာ ရှင်သန်နိုင်ပေလိမ့်မည်။
စုန့်ဝမ်လည်း အလျင်စလို အလုပ်ဘဲ အဖိုးကြီးချီ၏ နောက်မှ တည်ငြိမ်စွာ ပျံသန်းလိုက်ပါခဲ့သည်။ အဖိုးကြီးချီမှာမူ စိုးရိမ်တကြီး ဖြစ်နေပြီး ဓားပျံဖြင့် ဒီလှိုင်းသားရဲအား အဆက်မပြတ် တိုက်ခိုက်နေသည်။ သို့သော် ဒီလှိုင်းသားရဲမှာမူ ပြန်လည်တိုက်ခိုက်ရန် စိတ်မဝင်စားဘဲ ပင်လယ်ရေများကို အသုံးပြုကာ ရေတံတိုင်းများ ဖန်တီးပြီး ကာကွယ်ထားသည်။
ရှင်းချန်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ ဒီလှိုင်းသားရဲ နီးကပ်လာသည်ကို မြင်ပြီး ထိတ်လန့်တုန်လှုပ်သွားသည်။ ဒီလှိုင်းသားရဲ၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်ရန် အသည်းအသန် ထွက်ပြေးနေသော်လည်း ဒီလှိုင်းသားရဲမှာမူ ကပ်ပါးကောင်ကဲ့သို့ သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါနေသည်။
မကြာမီ နောက်ဖက်မှ qစူးရှသော လေတိုးသံတစ်ခုကို ကြားလိုက်ရသဖြင့် ရှင်းချန် ထိတ်လန့်သွားပြီး နောက်သို့ လှည့်မကြည့်ဘဲ ကာကွယ်ရန် ဒိုင်းတစ်ခုကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။
"ဘုန်း"
ကြီးမားသော ရေလှံတစ်စင်း ဒိုင်းပေါ်သို့ ပြင်းထန်စွာ ဆောင့်မိသွားသည်။ ဒိုင်းသည် လှံကို ပိတ်ဆို့နိုင်ခဲ့သော်လည်း ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ဒိုင်းမှာ နောက်သို့ လွင့်ထွက်သွားပြီး ရှင်းချန်၏ ကျောပေါ်သို့ အားပြင်းစွာ ရိုက်မိသွားသည်။
"ဝေါ့"
ရှင်းချန် သွေးတစ်လုတ် အန်ထွက်လာပြီး ဟန်ချက်ပျက်ကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားတော့သည်။
"အဖိုးချီ... ကျွန်တော့်ကို ကယ်ပါဦး"
ရှင်းချန် အခြေအနေ မလှသဖြင့် အဖိုးကြီးချီ စိုးရိမ်တကြီး ဖြစ်သွားသည်။
"သားရဲ... သခင်လေးကို အန္တရာယ်မပြုနဲ့"
စကားပြောနေရင်း အဖိုးကြီးချီက ဓားပျံဖြင့် ဒီလှိုင်းသားရဲကို တိုက်ခိုက်လိုက်ပြန်သည်။ ဒီလှိုင်းသားရဲက လက်ကို မြှောက်လိုက်ရာ ပင်လယ်ရေများမှာ အထက်သို့ မြင့်တက်လာပြီး ၎င်း၏နောက်တွင် မြင့်မားသော ရေတံတိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ အဖိုးကြီးချီ၏ ဓားပျံမှာ ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်သွားပြန်သည်။
ဒီလှိုင်းသားရဲ၏ လက်ချက်ဖြင့် ရှင်းချန် အသက်ဆုံးတော့မည့်အချိန်တွင် ရုတ်တရက် မြင့်မားသော ကောင်းကင်ယံ၌ တိမ်တိုက်များ စုဝေးလာပြီး ငွေရောင်လျှပ်စီးတန်းတစ်ခု ဒီလှိုင်းသားရဲကို ဦးတည်လျက် ပစ်ချလိုက်တော့သည်။
နောက်ဘက်ရှိ စုန့်ဝမ်က လျှပ်စီးပစ်လွှတ်နည်းစနစ်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ စုန့်ဝမ်သည် အစွမ်းကုန် အားစိုက်ထုတ်ခြင်း မပြုခဲ့ပေ၊ ထိုငွေရောင်လျှပ်စီးမှာ လက်မောင်းခန့်သာ တုတ်ခိုင်သည်။ ဒီလှိုင်းသားရဲသည် ၎င်း၏နောက်မှ အဖိုးကြီးချီကို ကာကွယ်ရန်သာ အာရုံစိုက်နေခဲ့သဖြင့် အထက်မှ ရုတ်တရက် ကျရောက်လာသော လျှပ်စီးဒဏ်ကြောင့် အနည်းငယ် ပျာယာခတ်သွားကာ ကာကွယ်ရန် ရေအလျဉ်တစ်ခုကို အမြန်ဆင့်ခေါ်လိုက်သည်။
"ဂျိမ်း.."
လျှပ်စီးသည် ရေတံတိုင်းကို ထိမှန်သွားပြီး ကြီးမားသော လှိုင်းလုံးများကို ဖြစ်ပေါ်စေသည်။ သို့သော် ရေသည် လျှပ်စီးကို ပိတ်ဆို့နိုင်ခြင်း မရှိသည့်အပြင် လျှပ်စီးအတွက် ဓာတ်ကူးလမ်းကြောင်းသဖွယ် ဖြစ်သွားစေသည်။ လျှပ်စီးသည် အနည်းငယ် အားလျော့သွားသော်လည်း ရေထုကို အလွယ်တကူ ဖောက်ထွက်ကာ ဒီလှိုင်းသားရဲဆီသို့ ဆက်လက် ကျရောက်သွားသည်။
ဒီလှိုင်းသားရဲမှာ ထိတ်လန့်သွားပြီး ရှင်းချန်ကို ဆက်မလိုက်တော့ပေ။ ၎င်းသည် ဦးခေါင်းထက်တွင် ရေခဲဒိုင်းတစ်ခုကို အလျင်အမြန် ဖန်တီးကာကွယ်ရင်း တစ်ဖက်သို့လည်း ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။
သို့သော် ရေခဲဒိုင်း အလုံးစုံ ပုံမပေါ်သေးခင်မှာပင် လျှပ်စီးမှာ ကျရောက်လာခဲ့ပြီ ဖြစ်သည်။ ရေခဲဒိုင်းမှာ ကျယ်လောင်သော အသံနှင့်အတူ အပိုင်းပိုင်း ကွဲကြေသွားကာ လျှပ်စီးမှာ ဒီလှိုင်းသားရဲကို ထိမှန်သွားတော့သည်။
ဒီလှိုင်းသားရဲ အံ့အားသင့်သွားသည်။ ထိုလျှပ်စီးသည် အပြင်ပန်းကြည့်ရုံသာ ဟိတ်ဟန်ကြီးသော်လည်း သေစေနိုင်သည့် အစွမ်းမှာမူ ကင်းမဲ့နေသည်။ လျှပ်စီး ထိမှန်သွားသည့်အခါ ၎င်း၏ ပုံသဏ္ဌာန်မှာ အနည်းငယ် ဖရိုဖရဲ ဖြစ်သွားရုံမှလွဲ၍ ကြီးမားသည့် ဒဏ်ရာအနာတရမျိုး မရရှိခဲ့ပေ။
အဖိုးကြီးချီမှာမူ ဒီလှိုင်းသားရဲ၏ အခြေအနေကို မသိပေ။ အရေးကြီးသော အချိန်တွင် စုန့်ဝမ်က ရှေ့ထွက်လာပြီး ရှင်းချန်အား ကယ်တင်လိုက်သည်ကို မြင်သောအခါ ဝမ်းသာသွားသည်။
"ဝေ့တင်း၊ ကောင်းတယ်ဟေ့"
အဖိုးကြီးချီလည်း ဒီလှိုင်းသားရဲ ဒဏ်ရာရသွားသည်ကို အခွင့်ကောင်းယူ၍ ဓားပျံဖြင့် တိုက်ခိုက်လိုက်ပြန်သည်။ သို့သော် အနီးနား ရောက်သည့်အခါတွင်မူ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်း သိလိုက်ရသည်။ ဒီလှိုင်းသားရဲမှာ ဒဏ်ရာရရှိသည့် လက္ခဏာ လုံးဝ မရှိပေ။ ယခုအချိန်မှ ဆုတ်ခွာရန် နောက်ကျသွားပြီ ဖြစ်သည်။
ဒီလှိုင်းသားရဲက ပင်လယ်ပြင်၏ စွမ်းအားကို ရယူလိုက်ရာ ၎င်း၏ တိုက်ခိုက်မှုများမှာ အလွန်အားကောင်းလာပြီး လှိုင်းလုံးကြီးများပမာ အဖိုးကြီးချီကို အဆက်မပြတ် တိုက်ခိုက်ပါတော့သည်။ လေထုထဲတွင် ရေလှိုင်းများ ပြည့်နှက်သွားပြီး လူရော၊ သားရဲကိုပါ လုံးဝ ဖုံးကွယ်သွားတော့သည်။ အဖိုးကြီးချီမှာ ကာကွယ်ရုံသာ တတ်နိုင်တော့ပြီး ကြီးမားသော လှိုင်းလုံးများကြားတွင် မိမိကိုယ်မိမိ ကာကွယ်ရန်သာ ကြိုးစားနေရတော့သည်။
စုန့်ဝမ်က ရှင်းချန် အနားသို့ ပျံသန်းရောက်ရှိလာသည်။
"သခင်လေးရှင်း၊ အဆင်ပြေရဲ့လား"
ရှင်းချန်မှာ တုန်လှုပ်နေဆဲဖြစ်ပြီး "ဝေ့တင်း… မင်း လျှပ်စီးပညာမှာ ဒီလောက် ကျွမ်းကျင်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ငါ့ကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဖန်ကျူးကျွန်းကို ပြန်ရောက်ရင် မင်းကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်" ဟု ပြန်ဖြေသည်။
"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျွန်တော့်ရဲ့ လျှပ်စီးပညာစွမ်းရည်က နိမ့်ပါးလွန်းတော့ ဒီလှိုင်းသားရဲကို ပြင်းပြင်းထန်ထန် ဒဏ်ရာမရစေနိုင်ခဲ့ဘူး"
ရှင်းချန်သည် အဖိုးကြီးချီနှင့် ဒီလှိုင်းသားရဲတို့၏ တိုက်ပွဲကို လှမ်းကြည့်ရင်း စိုးရိမ်စိတ် ကြီးမားလာသည်။ "အဖိုးကြီးချီ မရှုံးလောက်ပါဘူးနော်" ဟု စိတ်မအေးစွာ ပြောလိုက်မိသည်။ ခဏမျှ တွန့်ဆုတ်နေပြီးနောက် ရှင်းချန်သည် စုန့်ဝမ်ဘက်သို့ လှည့်ကာ "ဝေ့တင်း.. မင်း ဒီမှာနေပြီး အဖိုးကြီးချီကို ကူညီလိုက်ဦး။ ငါက တိုက်ခိုက်ရေးမှာ မကျွမ်းကျင်တော့ မင်းတို့နှစ်ယောက်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် အရင်ဆုတ်နှင့်တော့မယ်" ဟု ပြောလိုက်သည်။ စကားဆုံးသည်နှင့် သူသည် ဓားပျံပေါ် တက်လိုက်ပြီး အဝေးသို့ ပျံသန်းသွားတော့သည်။
ထွက်ပြေးသွားသော ရှင်းချန်၏ ကျောပြင်ကို ကြည့်ရင်း စုန့်ဝမ်မှာ မဲ့ပြုံးမပြုံးဘဲ မနေနိုင်တော့ပေ။ အဖိုးကြီးချီသည် ရှင်းချန်ကို ကယ်တင်ရန် အရာအားလုံးကို ရင်းနှီးခဲ့သည်။ သို့သော် ရှင်းချန်မှာမူ အဖိုးကြီးချီ အခြေအနေမဟန်တော့ဘဲ အန္တရာယ်ထဲ ပိတ်မိနေသည်ကို မြင်သည်နှင့် ချက်ချင်း နောက်လှည့်ထွက်ပြေးတော့သည်။ အမှန်တကယ်ပင် သေမှာကြောက်သော၊ စိတ်ဓာတ်ပျော့ညံ့သော၊ ကျေးဇူးကန်းသော ပန်းခင်းလမ်းမှ သခင်လေးတစ်ဦးပင် ဖြစ်တော့သည်။
"စိတ်မပူပါနဲ့၊ ကျွန်တော်နဲ့ အဖိုးကြီးချီ ဒီလှိုင်းသားရဲကို သတ်ပြီးရင် သခင်လေးဆီ လိုက်လာခဲ့မယ်" ဟု စုန့်ဝမ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မင်း အဖိုးကြီးချီကို ကူညီပြီး ဒီလှိုင်းသားရဲကို သတ်နိုင်ရင် ငါ မင်းကို ဆုလာဘ်တွေ အများကြီး ပေးပါ့မယ်" ဟု ရှင်းချန်က နောက်လှည့်မကြည့်ဘဲ လှမ်းအော်လိုက်သည်။
မိုင်အနည်းငယ် ပျံသန်းပြီးနောက်တွင် ရှင်းချန်၏ ဝိညာဉ်အာရုံမှာ အဖိုးကြီးချီနှင့် ဒီလှိုင်းသားရဲ တိုက်ခိုက်နေသည့် စစ်တလင်းကို လွှမ်းခြုံနိုင်ခြင်း မရှိတော့ပေ။ ထိုအခါမှ စုန့်ဝမ်က အော်ဟစ်လိုက်သည်။
"အဖိုးကြီးချီ၊ ကျွန်တော် လာကူပြီ"
စုန့်ဝမ် လက်ထဲတွင် လျှပ်စီးများ ဝင်းလက်လျက် ဒီလှိုင်းသားရဲထံသို့ ပြေးဝင်သွားသည်။ သူမရောက်ခင်မှာပင် မြင့်မြတ်သော ကူပိုးကောင် တစ်ကောင်မှာ လျှပ်စီးတန်းကို အကာအကွယ် ယူ၍ သူ့အော်ရာကို ဖုံးကွယ်ကာ ရှေ့မှ ထိုးဖောက်ဝင်ရောက်သွားသည်။ ချက်ချင်းဆိုသလို စုန့်ဝမ်လည်း ရေတံတိုင်းကြီးအတွင်း တိုးဝင်သွားတော့သည်။
ခဏအကြာတွင် စုန့်ဝမ်၏အသံမှာ ရေတံတိုင်းကို ဖောက်ထွက်လျက် ကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။
"အဖိုးကြီးချီ၊ သတိထား"
သူ့အသံမှာ အလွန်ကျယ်လောင်လှသဖြင့် မိုင်သုံးဆယ်ခန့် အဝေးမှ စောင့်ကြည့်နေသော ရှင်းချန်ပင်လျှင် ရှင်းလင်းစွာ ကြားလိုက်ရသည်။ ရှင်းချန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ပျံသန်းနှုန်းကို အစွမ်းကုန်မြှင့်တင်ကာ အသည်းအသန် ထွက်ပြေးလေတော့သည်။
...
နာရီဝက်ခန့်အကြာတွင် စုန့်ဝမ်သည် မောပန်းပြီး ဖရိုဖရဲဖြစ်နေသော အသွင်ဖြင့် ဓားပျံပေါ်တွင် ယိမ်းယိုင်လျက် ကျွန်းတစ်ခု၏ အထက်သို့ ရောက်ရှိလာသည်။ ကျွန်းပေါ်ရောက်သည်နှင့် ပြင်းထန်သော ဒဏ်ရာများ ရရှိထားသည့်အလား ဓားပျံမှာ ရုတ်တရက် ထိန်းချုပ်မှု လွတ်သွားသည်။ စုန့်ဝမ် လေထဲမှ ပြုတ်ကျလာပြီး ကမ်းခြေပေါ်သို့ အားပြင်းစွာ ကျရောက်သွားသည်။ ပါးစပ်မှ သွေးများ စီးကျလာပြီး သဲသောင်ပြင်ပင် နီရဲသွားသည်။
ထိုအခိုက် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။ "မင်းကို အတော်လေး အစွမ်းထက်တဲ့သူ ထင်နေတာ၊ မင်းက ဦးနှောက်မရှိတဲ့ လူအ တစ်ယောက်ပဲကိုး။ အဲဒီ အမှိုက် ရှင်းချန်ကို ကာကွယ်ဖို့အတွက်နဲ့ တကယ်ကြီး ဒီလှိုင်းသားရဲကို တိုက်ခဲ့တာလား"
စကားပြောသူမှာ အခြေအနေမဟန်သည်နှင့် တိတ်တဆိတ် ထွက်ပြေးသွားခဲ့သော ယုတာ ဖြစ်သည်။ သူက လှောင်ပြုံးဖြင့် ငုံ့ကြည့်ရင်း ဒဏ်ရာရနေသော စုန့်ဝမ်၏ ရှေ့တွင် မောက်မာစွာ ရပ်နေသည်။ ယုတာ၏ လက်ထဲတွင် ရှင်းချန်ကို ဖမ်းဆီးထားသည်။
ရှင်းချန်သည် ဤကျွန်းငယ်လေးသို့ ရောက်လာချိန်တွင် ဒီလှိုင်းသားရဲနှင့် ဝေးသွားပြီဟု ယုံကြည်ကာ ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းရန်နှင့် အဖိုးကြီးချီ အပြန်ကို စောင့်ရန်အတွက် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယုတာမှာမူ ဤနေရာသို့ အရင်ရောက်နှင့်နေပြီး အမှောင်ထဲတွင် ပုန်းနေခဲ့သည်ကို သူ လုံးဝ မသိခဲ့ပေ။ ရှင်းချန် ကျွန်းပေါ်သို့ ဆင်းသက်ပြီး သတိလက်လွတ် ဖြစ်နေချိန်တွင် ယုယွီတာက ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ရှင်းချန်မှာ အမှန်တကယ်ပင် အသုံးမကျသူ ဖြစ်သည်။ နမော်နမဲ့ဖြင့် မိမိထက် ကျင့်ကြံမှုအဆင့် နိမ့်သော ယုတာ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရပြီး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
စုန့်ဝမ်ကို မြင်သောအခါ ရှင်းချန် မျက်လုံးများထဲတွင် မျှော်လင့်ချက်အလင်းများ ဝင်းလက်သွားပြီး အလျင်အမြန်ပင် "ဝေ့တင်း… ချီအဖိုးကြီး ဘယ်မှာလဲ" ဟု မေးလိုက်သည်။
စုန့်ဝမ်မှာ အသက်ကို လုရှူနေရပြီး စကားပြောရန်ပင် ရုန်းကန်နေရသည်။
"ဒီလှိုင်းသားရဲက အရမ်းသန်မာတယ်... အဖိုးကြီးချီနဲ့ ကျွန်တော် မယှဉ်နိုင်ခဲ့ဘူး။ အဖိုးကြီးချီကတော့ ဒီလှိုင်းသားရဲရဲ့ လက်ချက်နဲ့ သေသွားပြီ။ ဒါပေမဲ့ သူ မသေခင်မှာ ဒီလှိုင်းသားရဲကို ဒဏ်ရာရအောင် တိုက်ခိုက်ပေးနိုင်ခဲ့လို့ ကျွန်တော် ထွက်ပြေးနိုင်ခဲ့တာ"
ဤစကားကို ကြားသောအခါ ရှင်းချန် စိတ်ဓာတ်ကျသွားသည်။ အဖိုးကြီးချီ သေဆုံးသွားခြင်းသည် သူ၏ တစ်ဦးတည်းသော အားကိုးရာကို ဆုံးရှုံးလိုက်ရခြင်းပင် ဖြစ်သည်။ ယုတာက ရှင်းချန်ကို စုန့်ဝမ်ရှိရာသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား... ကောင်းကင်ကြီးက ငါ့ကို ကူညီနေတာပဲ။ အဖိုးကြီးချီလည်း သေပြီဆိုတော့ မင်းလို အသုံးမကျတဲ့ ကောင်လေးကို ကယ်ဖို့ ဘယ်သူ လာနိုင်ဦးမှာလဲ"
ရှင်းချန်က "မင်း ငါ့ကို သတ်လို့မရဘူး၊ ငါက ရှင်းမိသားစုဝင် တစ်ယောက်ပဲ။ ငါ့အဖေက ရှင်းမိသားစုရဲ့ ခေါင်းဆောင် ရှင်းကောင်းဟန်ပဲ။ ငါ့ဝိညာဥ်ထဲမှာ ရွှေအမြုတေအဆင့် စီနီယာတစ်ယောက် ထည့်ပေးထားတဲ့ ဝိညာဉ်တံဆိပ် ရှိတယ်။ မင်း ငါ့ကို သတ်ရင် အဲဒီဝိညာဉ်တံဆိပ်က မင်းဆီ ကူးသွားလိမ့်မယ်၊ အဲဒီအခါ မင်း ရှင်းမိသားစုရဲ့ အဆုံးမဲ့ လိုက်လံသတ်ဖြတ်မှုကို ရင်ဆိုင်ရလိမ့်မယ်" ဟု ပြန်ပြောသည်။
ယုတာက နှာခေါင်းရှုံ့လျက် အထင်အမြင်သေးသော လေသံဖြင့် ပြောလိုက်သည်။
"မင်းက ရှင်းကောင်းဟန်ရဲ့ သာမန် သားသမီးတွေထဲက တစ်ယောက်ပဲ၊ ကိုယ့်ကိုယ်ကိုယ် အရေးကြီးလှပြီ ထင်နေတာ ရယ်စရာပဲ။ တကယ်လို့ မင်းက အရေးပါတဲ့သူဆိုရင် ဘာလို့ ရွှေအမြုတေအဆင့် ကိုယ်ရံတော် တစ်ယောက်တောင် မပါဘဲ အပြင်ထွက်လာမှာလဲ။ ဝိညာဉ်တံဆိပ်သာ မရှိရင် မင်းကို သတ်ပြီးတာ ကြာလှပြီ။ ဒီနေ့အထိ အသက်ရှင်နေမှာ မဟုတ်ဘူး။ ငါကတော့ မင်းကို မသတ်ရဲဘူး၊ ဒါပေမဲ့ ဓားငှားပြီး လူသတ်လို့ ရတာပဲ"
………