← Chapters

ဖြစ်စဥ်အားလုံးအတွက် လမ်းညွှန်ချက်

Vol. 36 Ch. 367

ဖြစ်စဥ်အားလုံးအတွက် လမ်းညွှန်ချက်

Vol. 36 Ch. 367

ကျန်းယန် ဝိညာဉ်ငြိမ်းအေးအလံပိုင်ဆိုင်ထားမှန်း သိလိုက်ရသောအခါ ကျန်းချွမ်းချူ ချက်ချင်း လှုပ်ရှားလိုက်၏။

သူသည် ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်ပေသည်။ ကျန်းယန်တွင် ဝိညာဉ်ငြိမ်းအေးအလံရှိနေမှန်း သိလိုက်သည်နှင့် ကျန်းယန်ကို သူတို့ရင်ဆိုင်လို့မရတော့မှန်း သူသိသွားခဲ့၏။

ကျန်းယန်တွင်ရှိသော ဝိညာဉ်လက်နက်များက များပြားလွန်းလှသည်။

အထူးသဖြင့် ဝိညာဉ်ငြိမ်းအေးအလံ ဖြစ်၏။ ထိုအရာက မူလဝီညာဉ်ကို အကောင်းဆုံးကာကွယ်ပေးနိုင်သော အရာဖြစ်ပြီး တန်ပြန်တိုက်ခိုက်မှုကိုပင် ပေးနိုင်သေးသည်။

ထို့ကြောင့် သူ့ဝှက်ဖဲကို ထုတ်သုံးလိုက်ခြင်း ဖြစ်၏။

ဤတစ်ကြိမ်တွင် သူကျန်းယန်ကို ကျိုးရွှမ်ရှန်း၏ အမိန့်အရ လာရောက်လုပ်ကြံခဲ့ခြင်း ဖြစ်သည်။ အကယ်၍သူသာ ကျန်းယန်ကို သတ်နိုင်ခဲ့လျှင် သူသည် ၀မ်လင်းဂိုဏ်း၏ အမှောင်မြင့်မြတ်သားတော် ဖြစ်လာရစေမည်ဟု ကျိုးရွှမ်ရှန်းက သူ့ကို ကတိပေးထားခဲ့၏။ သူသည် အလင်းထဲတွင် လူလုံးထွက်မပြနိုင်သော်လည်း ကျိုးရွှမ်ရှန်းတစ်ဦးတည်း၏ အမိန့်ကိုသာ လိုက်နာရသူ ဖြစ်လာပေလိမ့်မည်။

ကျန်းချွမ်းချူ သူ့ကိုထိုအမိန့်ပေးခဲ့စဉ်က မငြင်းရဲခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကျိုးရွှမ်ရှန်းထံမှ သတ်ဖြတ်ခြင်းဆန္ဒကို သူအာရုံခံမိနေခဲ့၍ ဖြစ်သည်။

ထို့ကြောင့် သူဤတာ၀န်ကို လက်ခံခဲ့ရ၏။

သူမထွက်ခွာခင်က ကျိုးရွှမ်ရှန်းသည် သူ့အားအလွန်အစွမ်းထက်သော အဆောင်တစ်ခုပေးခဲ့သည်။ ထိုအဆောင်ထဲတွင် သူ့အားအပြင်းဆုံး တိုက်ကွက်တစ်ခုပါ၀င်ပြီး ကျန်းယန်ကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ဖို့ လုံလောက်အောင် အားကောင်း၏။

အစကတော့ ကျန်းချွမ်းချူ ဤအဆောင်ကို ထုတ်မသုံးချင်ခဲ့ပေ။ သို့သော် ကျန်းယန်က ဝိညာဉ်ငြိမ်းအေးအလံကို ထုတ်ပြလာလေရာ သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။

ကျန်းချွမ်းချူ ကျိုးရွှမ်းရှန်ပေးလိုက်သော အဆောင်ကို သူ့ရှိသမျှအားကုန်သုံးကာ အသက်သွင်းလိုက်လေသည်။

အဆောင်အသက်၀င်သွားသည်နှင့် ထိုနေရာရှိ လူတိုင်း ကောင်းကင်ကြီးပြိုကျလာသလို ခံစားလိုက်ရ၏။

ထိုမျှတင်မကဘဲ ကောင်းကင်ကြီးက တစ်စစီပျက်ဆီးနေပုံပင်။

ကျန်းယန် ကျန်းချွမ်းချူနှင့် နန်းကုန်ချီယုတို့ တစ်စစီပျက်ဆီးနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရာ ကောင်းကင်တွင် အဆုံးမဲ့တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာတာကို မြင်လိုက်ကြရသည်။

ထို့နောက် သူတို့သုံးယောက် ကိုယ့်ကိုကိုယ်မထိန်းနိုင်တော့ဘဲ ထိုတွင်းနက်ကြီးထဲ ဆွဲခေါ်ခံလိုက်ရ၏။

“မင်းဘာလုပ်နေတာလဲ” နန်းကုန်းချီယု

ထိတ်လန့်တုန်လှုပ်နေဟန်ဖြင့် အော်ပြောလိုက်သည်။

ကျန်းချွမ်းချူ တွင်းနက်ထဲတွင် ငေးကြောင်စွာ ရပ်နေခဲ့မိ၏။ လေဟာနယ်အက်ကွဲကြောင်းကြီး ပေါ်လာကတည်းက ကျိုးရွှမ်ရှန်းသည် သူ့ကိုလည်း အသက်ချမ်းသာပေးဖို့ အစီအစဉ်မရှိမှန်း သူနားလည်သွားခဲ့သည်။

တစ်နည်းအားဖြင့်ဆိုသော် ထိုအဆောင်ကိုအသက်သွင်းလိုက်သည်နှင့် ကျန်းယန်တင်မဟုတ်ဘဲ သူလည်း သေဆုံးသွားရပေလိမ့်မည်။

အရာအားလုံးကို အာကာသတွင်းပေါက်ကြီးက စုပ်ယူသွားမည်ဖြစ်သောကြောင့် ထိုနေရာတွင် ဘာသဲလွန်စမှလည်း ကျန်ခဲ့လိမ့်မည် မဟုတ်ပေ။

ကျန်းယန် ကျန်းချွမ်းချူကိုတစ်ချက်ကြည့်ကာ လှောင်ပြောင်လိုက်၏။

“တကယ့် ဉာဏ်ကြီးရှင်ပဲ”

တကယ်တော့ ထိုကောင်သည် တကယ့်အရူးတစ်ယောက်သာ ဖြစ်သည်။

ကျန်းချွမ်းချူ အသုံးချခံလိုက်ရခြင်း ဖြစ်မှန်း သူသတိထားမိ၏။

သို့သော် ယခု တကယ့်ပြဿနာက သူတို့ အာကာသအက်ကွဲကြောင်းထဲ ဆွဲခေါ်ခံလိုက်ရခြင်း ဖြစ်သည်။ သူ့ကိုယ်ပိုင်စွမ်းအားနှင့်ဆိုလျှင် ပြန်နိုင်စရာ အကြောင်းမရှိတော့ပေ။

စိတ်ဝိညာဉ်ရတနာများ၏ အကာအကွယ်ကြောင့် ကျန်းယန် သူ့လတ်တလောလုံခြုံရေးအတွက်တော့ သိပ်စိတ်မပူပေ။

သို့သော် လေဟာနယ်ထဲတွင် အခုလို အဆုံးမဲ့လွင့်မျောနေရလျှင် ဘာအန္တရာယ်တွေရှိလာမလဲ ဘယ်သူ သိပါမည်နည်း။

သူ့ကျောက်စိမ်းပြားကိုတော့ ချေမွပြီးသား ဖြစ်သည်။ ထို့ကြောင့် လက်ရှိအခြေအနေတွင် သူ့ဆရာ သူ့အား လာကယ်နိုင်ပါစေလို့သာ မျှော်လင့်စရာ ရှိတော့၏။

ထိုစဉ် ရုတ်တရက်ဆိုသလို လေဟာနယ်ထဲတွင် ဧရာမဂိတ်တံခါးကြီးတစ်ခု ပွင့်လာခဲ့လေသည်။

ချင်းယွင်ကျိ၏ ပုံရိပ်ထိုဂိတ်တံခါးထဲမှ ထွက်လာခဲ့၏။

ချင်းယွင်ကျိ လက်ဟန်တစ်ခုပြလိုက်သောအခါ သူတို့သုံးယောက်စလုံး ကိုယ့်ကိုကိုယ်မထိန်းနိုင်တော့ဘဲ အလိုလို ဂိတ်တံခါးဆီ ဆွဲခေါခံလိုက်ကြရသည်။

ဂိတ်တံခါးထဲ၀င်ပြီးသောအခါ သူတို့သုံးယောက် ခုနကတိုက်ပွဲဖြစ်ခဲ့သောနေရာသို့ ပြန်ရောက်လာခဲ့ကြ၏။

“ဆရာ” ကျန်းယန် စိတ်လှုပ်ရှားစွာ ၀မ်းမြောက်၀မ်းသာ ခေါ်လိုက်သည်။

“ဆရာ အချိန်မီ ရောက်လာတာပဲ”

သူ့ဘေးက နှစ်ယောက်ကတော့ ခေါင်းကြီးကိုသာ အတင်းငုံ့ထားခဲ့ကြ၏။ နောက်ဆုံးတွင်မှ ခေါင်းငုံ့ထားရင်းပင် သူတို့ဆီမှ ဆရာဟူသော ခေါ်သံထွက်လာခဲ့သည်။

ချင်းယွင်ကျိ မျက်မှောင်ကြုံ့ကာမေးလိုက်၏။

“ဘာဖြစ်ခဲ့တာလဲ”

တကယ်တော့ သူဤနေရာသို့ ကျောက်စိမ်းပြားကျိုးမှရောက်လာခြင်းမဟုတ်ဘဲ လေဟာနယ်အက်ကွဲကြောင်းစပေါ်လာကတည်းက သတိထားမိပြီး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် အဇူရာတိမ်၀င်္ကပါ၏ လွှမ်းမိုးခြင်းကို ခံထားရခြင်းဖြစ်၏။ ထို့ကြောင့် ကုန်းမြေတိုက်ကြီးပေါ်တွင် ကျိုးရွှမ်ရှန်း၏ ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် စွမ်းအားပေါ်ပေါက်လာသည်နှင့် သူချက်ချင်း သတိထားမိကာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူရောက်လာချိန်၌ အက်ကွဲကြောင်းက ပိတ်ပင်ပိတ်သွားခဲ့ချေပြီ။

ထို့နောက်တွင်မှ သူကျောက်စိမ်းပြားကျိုးသွားခြင်းကို အာရုံခံမိခဲ့ခြင်း ဖြစ်၏။

ထိုအချိန်တွင် ချင်းယွင်ကျိနှင့် ကျန်းယန်တို့ကြား၌ လေဟာနယ်တစ်ထပ်ခံနေပြီး သူတို့ဘယ်မှာလဲဆိုတာ သူမသိခဲ့ပေ။

ခုနက သူအာရုံခံမိခဲ့သည့် အာကာသအက်ကွဲကြောင်းအကြောင်း ပြန်စဉ်းစားမိမှသာ သူ‌ထို‌ေနရာရှိ လေဟာနယ်ကိုဖွင့်ပြီး လေဟာနယ်ထဲ ပျောက်ဆုံးသွားတော့မလို ဖြစ်နေသော ကျန်းယန်တို့ကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ကျန်းယန် ကျန်းချွမ်းချူကိုကြည့်ကာ လှောင်ပြောင်လိုက်၏။

“အချို့ ငတုံးကောင်တွေက အသုံးချခံရပြီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် နှောင်းပိုင်းစွမ်းအားကို သုံးပြီး ကျွန်တော့်ကိုသတ်ဖို့ ကြိုးစားခဲ့တာလေ”

သူဘာမှထပ်မပြောခဲ့ပေ။

နောက်ဆုံးတွင် ထိုနှစ်ယောက်လုံးက သူ့ဆရာ၏တပည့်များ ဖြစ်ကြသည်။ အရင်က သူအိမ်သန့်ရှင်းရေးလုပ်မည်ဟုပြောခဲ့သည်မှာ ဤနေရာတွင် သူ့ဆရာမရှိ၍ဖြစ်ပြီး အခုလို သူ့ဆရာရောက်လာချိန်မှာတော့ အားလုံးက သူ့ဆရာ၏ ဆုံးဖြတ်ချက် ဖြစ်သွားခဲ့ချေပြီ။

ချင်းယွင်ကျိ နန်းကုန်းချီယုနှင့်ကျန်းချွမ်းချူတို့ကို ကြည့်လိုက်၏။

“ဆရာ ကျွန်တော်တုံးအခဲ့ပြီး အသုံးချခံခဲ့ရပါတယ်” ကျန်းချွမ်းချူ အမြန်ရှင်းပြလိုက်သည်။

“ကျွန်တော်တို့ အဲ့ဒီတုန်းက ကြောက်နေခဲ့ကြလို့ ထွက်သွားခဲ့ရတာ…” နန်းကုန်းချီယုလည်း ၀င်ပြောလိုက်၏။

သူစကားပင်ဆုံးအောင်မပြောရသေးခင် သူ့ကိုယ်ပေါ် ကြီးမားသောစွမ်းအားကြီးတစ်ခု သက်ရောက်လာပြီး ချက်ချင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့ရလေသည်။

ကျန်းချွမ်းချူလည်း သူ့လိုကံကြမ္မာနှင့်ကြုံလိုက်ရ၏။

ချင်းယွင်ကျိ သူတို့ကို ရှင်းပြခွင့်မပေးခဲ့ပေ။ သူနားထောင်စရာလည်း မလိုတော့ပေ။

အဇူရာတိမ်ဂိုဏ်း၏ အခက်ခဲဆုံးအချိန်များတွင် သူထိုတပည့်များကို ခေါ်ယူခဲ့ပြီး သင်ကြားပေးခဲ့ကာ ဝိညာဉ်ငြိမ်းအေးအလံနှင့် တောင်တစ်ထောင်ချိတ်စည်းလို လက်နက်များကိုပင် ပေးအပ်ခဲ့သည်။ သူထိုတပည့်များကို အလွန်တန်ဖိုးထားခဲ့ခြင်း ဖြစ်၏။

သို့သော် ထိုတပည့်များက သူ့ကိုသစ္စာဖောက်ဖို့ ရွေးချယ်ခဲ့ကြသည်။

ထိုကိစ္စတစ်ခုတည်းက သိပ်တော့ ကိစ္စမရှိသေးပေ။ အထူးသဖြင့် ကျန်းယန်ကလက်နက်များကို ပြန်ယူလာပေးပြီးနောက်တွင် သူထိုကိစ္စကို စိတ်ထဲသိပ်မရှိတော့ပေ။ သို့သော်လည်း ထိုကောင်များက ကျန်းယန်ကိုသတ်ဖို့ပင် ပြန်လာခဲ့ကြ၏။

ကျန်းယန်သည် ဂိုဏ်း၏ အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်ပြီး သူ့မျှော်လင့်ချက်ဆိုလည်း မမှားပေ။

သစ္စာဖောက်နှစ်ကောင်နှင့် ယှဉ်စရာပင်မလိုပေ။

ထို့ကြောင့် ချင်းယွင်ကျိ တုန့်ဆိုင်းခြင်းမရှိ သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

သူ့တပည့်များကို ရှင်းပြီးနောက် ချင်းယွင်ကျိ ကျန်းယန်ဘက် လှည့်လိုက်၏။

“ပုန်းနေတဲ့ ရန်သူတွေကိုတော့ ဖော်ထုတ်ပြီးပြီ မင်းမြောက်ပိုင်းကိုသွားဖို့ မလိုတော့ဘူးမလား”

“ဟမ် အို့” ကျန်းယန် သတိပြန်၀င်သွားခဲ့သည်။

“ကျွန်တော်သွားဖို့ လိုနေသေးတယ်”

သူလည်း တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်၏။ သူ့ဆရာ အခုလောက်ပြတ်ပြတ်သားသားဆုံးဖြတ်ခဲ့လိမ့်မည်ဟု သူထင်မထားခဲ့မိပေ။

အကယ်၍ သူ့မိစ္ဆာသရုပ်မှန်သာ ပေါ်သွားခဲ့လျှင်…

ထိုအတွေးက သူ့ကို စိတ်မသက်မသာခံစားသွားရစေခဲ့သည်။

တခဏအကြာတွင် ချင်းယွင်ကျိ ပြောလိုက်၏။

“မင်းသွားလို့ရတယ် ငါမင်းကိုယ်ပေါ်မှာ ဖြစ်စဥ်အားလုံးအတွက်လမ်းညွှန်ချက် အမှတ်အသား ထည့်ပေးလိုက်မယ် တကယ်လို့ ဒါမျိုးအဖြစ်အပျက်တွေသာ ထပ်ဖြစ်လာရင် ငါမင်းကို ချက်ချင်းတန်းရှာနိုင်လိမ့်မယ်”

“ဖြစ်စဥ်အားလုံးအတွက်လမ်းညွှန်ချက် ဆိုတာဘာလဲ” ကျန်းယန် မေးလိုက်သည်။

ချင်းယွင်ကျိ ပြုံးလိုက်၏။

“အဇူရာတိမ်ဂိုဏ်းရဲ့ အမတရတနာ ၇ခုထဲကတစ်ခု မင်းဆရာဦးလေး၅ရဲ့ စုတ်ချက်တောင်ထွတ်အောက်မှာ ရှိတဲ့လက်နက်ပေါ့ အဲ့ဒီရတနာက အာကာသစွမ်းအားနဲ့ သက်ဆိုင်တာ အဲ့ဒီရတနာကြောင့် ငါအဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှာ ကြိုက်တဲ့နေရာကို ကြိုက်သလိုသွားလာနိုင်‌ေနတာ”

ပြောနေရင်း ကျန်းယန်ကိုက်ပေါ်တွင် တောက်ပသောအမှတ်အသားတစ်ခု ပေါ်ပေါက်လာခဲ့သည်။

တခဏရပ်ပြီးနောက် သူဆက်ပြောလိုက်၏။

“မင်းရဲ့ စိတ်ဝိညာဉ်လက်နက်တွေကို သေချာသိမ်းထား ငါဂိုဏ်းကိုပြန်ပြီး တံခါးပိတ်ကျင့်ကြံတော့မယ်”

ပြောပြီးသည့်နောက် သူလှည့်ထွက်သွားခဲ့သည်။

“ဆရာ ခဏစောင့်ပါဦး” ကျန်းယန် အော်ခေါ်လိုက်၏။

“ဘာဖြစ်လို့လဲ” ချင်းယွင်ကျိ မေးလိုက်သည်။

“ကျွန်တော်တို့ ဒီတိုင်းလွှတ်ပေးလိုက်လို့မဖြစ်ဘူး” ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“၀မ်လင်းဂိုဏ်းက လှုပ်ရှားလိုက်ပြီဆိုမှတော့ ဒီကိစ္စကို အလွယ်တကူလွှတ်ပေးလိုက်လို့ မဖြစ်ဘူး”

ချင်းယွင်ကျိ မျက်မှောင်ကြုံ့သွားခဲ့သည်။

“ငါတို့ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာသာ အာရုံစိုက်ထားသင့်တယ်လို့ မင်းပြောထားတာမဟုတ်လား အဲ့ဒီလိုလုပ်လိုက်ရင် ငါတို့အစီအစဉ်တွေကို နှောင့်ယှက်မိသလို ဖြစ်မသွားဘူးလား”

ကျန်းယန် ခေါင်းခါကာ ပြုံးလိုက်၏။

“သူတို့ကို တိုက်ခိုက်ဖို့မလိုပါဘူး ကျွန်တော်ကသတင်းတစ်ပုဒ်ရေးပေးရုံပဲ ပြီးရင် သူတို့က ကျွန်တော်တို့လိုချင်တာကို ပို့ပေးလိမ့်မယ် ဆရာ ခဏစောင့် ကျွန်တော်အခုရေးမယ့်စာကို အဇူရာတိမ်မြို့အစိုးရရုံးက လျူမင်ကို သွားပေးပြီး နောက်ထွက်မယ့် အဇူရာတိမ်သတင်းစာမှာ ဒီသတင်းထည့်ခိုင်းလိုက်”

သူထိုနေရာ၌ပင် ချက်ချင်း ရေးသားလေတော့သည်။

ချင်းယွင်ကျိတော့ မျက်မှောင်ကြုံ့ပြီးသာ သူ့တပည့်ကို ကြည့်နေခဲ့မိ၏။

All Chapters