စက်မှုလုပ်ငန်းကျင့်ကြံခြင်းပုံစံ
Vol. 36 Ch. 370
ဂိုဏ်းချုပ်များအားလုံး ကြောင်အသွားခဲ့ကြသည်။
အဘယ်ကြောင့် အခုလို စက်မှုလုပ်ငန်းပုံစံမျိုးကိုသုံးကာ သူတို့ဂိုဏ်းတိုးတက်အောင်လုပ်ဖို့
သူတို့ဘာကြောင့်မတွေးမိခဲ့ကြပါသနည်း။
သေချာတွေးကြည့်မိသောအခါ အရင်က သူတို့မတွေးမိခဲ့ကြခြင်းမှာ သူတို့ထုတ်လုပ်နိုင်လျှင်တောင် သူတို့ ထုတ်ကုန်များကိုရောင်းချ၍မရသောကြောင့် ဖြစ်မှန်း သိရှိသွားခဲ့ကြ၏။ သူတို့တွင်နယ်မြေအကန့်အသတ်ရှိနေပြီး အနီးနားရှိဂိုဏ်းများဆိုသည်မှာလည်း ကိုယ်သုံးဖို့ ကိုယ်ထုတ်ဟူသော အနေအထားမျိုးတွင်သာ ရှိနေကြခြင်း ဖြစ်သည်။
သူတို့တွင် ဈေးကွက်မရှိခဲ့ပေ။
သို့သော် အခုတော့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို လွှမ်းမိုးထားသော မိုးပြာလကုန်သွယ်သမဂ္ဂ ရှိလာခဲ့ချေပြီ။
အထူးသဖြင့် အဇူရာတိမ်မြို့ရှိ မိုးပြာလကုန်သွယ်သမဂ္ဂ ဖြစ်သည်။ ထိုနေရာတွင် အခြားကုန်းမြေတိုက်ကြီးများမှ ကုန်သည်များ ကျင့်ကြံသူများပါ ဥဒဟို၀င်ထွက်သွားလာနေသောကြောင့် ထိုနေရာတွင် ပစ္စည်းပိုသည်ဟူ၍ မရှ်ိဘဲ အမြဲ လိုနေတတ်သောနေရာဖြစ်၏။
အဘယ်ကြောင့်ဆိုသော် မိုးပြာလကုန်သွယ်သမဂ္ဂသည် လျှော့ဈေးပေးရာ၌ ရက်ရောလှသောကြောင့် ဖြစ်သည်။
သူတို့သည် ၁၀ ရာခိုင်းနှုန်းထိလျှော့ဈေးပေးထားကြဧ။။် အကယ်၍ အခြားနေရာများတွင် ၃၀၀၀၀ပေး၀ယ်ရသော ပစ္စည်းတစ်ခုကိုထိုနေရာ၌ ၂၇၀၀၀သာ ပေးရလျှင် ဘယ်သူက မ၀ယ်ဘဲနေပါမည်နည်း။
ထို့အပြင် မိုးပြာလကုန်သွယ်သမဂ္ဂသည် သွင်းကုန်အဖြစ် ကုန်ကြမ်းများကိုလည်း ပြန်၀ယ်သေး၏။
ကျန်းယန်၏ နည်းလမ်းအကြောင်းနားလည်သွားသောအခါ စစ်ထူမင်ယွဲ့ ကြောင်အသွားခဲ့ရသည်။
ဆိုတော့ ငွေကိုဒီနည်းလမ်းနဲ့လည်းရှာလို့ရတာလား။
ကျန်းယန် လူတိုင်းကိုကြည့်ကာ ပြောလိုက်၏။
“ဂိုဏ်းချုပ်တို့ဒီလောက်ဆို နားလည်လောက်ပြီဆိုတော့ အလုပ်သွားလုပ်ကြပါတော့
အချို့ဂိုဏ်းတွေမှာ အရင်းအနှီးလိုနေတယ်ဆိုလည်း ပြဿနာမရှိပါဘူး မိုးပြာလကုန်သွယ်သမဂ္ဂက လိုအပ်တဲ့ အရင်းအနှီးကိုထုတ်ချေးပါမယ် နောက်မှပဲ အတိုးနှုန်းနည်းနည်းလေးနဲ့ ပြန်ကောက်ခံပါ့မယ်
အားလုံးပဲ အဆင်သင့်ဖြစ်ပြီမလား ဒီနည်းလမ်းကိုသုံးလို့မှ ဂိုဏ်းတစ်ခုခုက ဆင်းရဲနေဦးမယ်ဆိုရင် အဲ့တာက အဲ့ဒီဂိုဏ်းရဲ့ ပျင်းရိမှုကြောင့်ပဲ”
ဂိုဏ်းချုပ်များ အလွန်ပျော်သွားခဲ့သည်။ အကြွေးပါယူလို့ရမည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။
အတိုးနှုန်းကလည်း အရေးမကြီးပေ။ သူတို့ပစ္စည်းများကို ရောင်းပြီးသည်နှင့် ငွေကအလုံးအရင်းနှင့် ၀င်လာမည်သာ။
စစ်ထူမင်ယွဲ့ ဆွံ့အသွားခဲ့၏။
ကျန်းယန်သည် ငွေကိုသုံးကာ ငွေရှာနေခြင်းဖြစ်သည်။ ယခုအခါ အဇူရာတိမ်ဂိုဏ်း၏ မြောက်များစွာသော စိတ်ဝိညာဉ်ကျောက်တုံးများက သူ့ဟာနှင့်သူ လည်ပတ်နေခဲ့ကြချေပြီ။
ထိုအချက်က ကြောက်စရာကောင်း၏။
“ကျေးဇူးတင်ပါတယ် မဟာမိတ်ခေါင်းဆောင် ကျွန်တော်တို့ပြန်ပြီး လိုအပ်တာတွေကို စတင်အကောင်အထည်ဖော်ပါတော့မယ် အားလုံးပဲ အတူတူချမ်းသာကြတာပေါ့”
“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်ပြုပါဦး”
ထိုစဉ် လျန့်ယိခပ်အေးအေးပြောလိုက်သည်။
“ကျွန်မ ရှင်တို့ကို ပထမဆုံးအကြိမ်ဖိတ်တုန်းက ရှင်တို့တွန့်ဆုတ်နေခဲ့ကြတယ် အဲ့တာ ရှင်တို့တွေ စီနီယာအစ်ကိုကြီးအကြောင်း ကောင်းကောင်းနားမလည်သေးလို့ပဲ
ကျွန်မမှာ စီနီယာအစ်ကိုကြီးရဲ့အဆိုအမိန့်များ ဆိုတဲ့စာအုပ်ရှိတယ်
ရှင်တို့အဲ့ဒီစာအုပ်ကိုကောင်းကောင်းလေ့လာရင် ဂိုဏ်းဖွံ့ဖြိုးရေးမှာ အများကြီး အထောက်အကူပြုလိမ့်မယ်”
ဤတစ်ခေါက်တွင်တော့ သူမစကားကို ဘယ်သူမှ သံသယမရှိကြတော့ပေ။
“တာအိုမိတ်ဆွေလျန့်ယိ တစ်အုပ်တည်းနဲ့မလောက်ဘူး ထပ်ရှိသေးလား”
စစ်ထူမင်ယွဲ့ ၀င်ပြောလိုက်၏။
“လိုအပ်ရင် ကျွန်မတို့ အဇူရာတိမ်သတင်းစာတိုက်က ထုတ်ဝေပေးမှာပါ တစ်အုပ်ကို စိတ်ဝိညာဉ်ကျောက်တုံး ၁၀တုံးပဲ ကျသင့်မယ်”
“ကျုပ်တစ်အုပ်ယူမယ်”
“ကျုပ်ရောပဲ”
ထိုပမာဏက လူတိုင်းတတ်နိုင်သော ပမာဏသာဖြစ်သည်။
“ကောင်းပြီလေ” သူမပြောလိုက်၏။
“ကျွန်မတို့ အုပ်ရေတစ်သောင်းရိုက်နှိပ်မယ် ရှင်တို့တွေ မိုးပြာလကုန်သွယ်သမဂ္ဂမှာ လာ၀ယ်လို့ရတယ်”
ထို့နောက် စိတ်ကျေနပ်သွားသော ဂိုဏ်းချုပ်များထွက်ခွာသွားခဲ့ကြလေသည်။
ထိုစဉ် ကျန်းယန်ကတော့ မသက်မသာခံစားနေခဲ့ရ၏။
သူ့စကားေတွကို ပုံနှိပ်ထုတ်ဝေတော့မှာလား။
အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်ကလူတိုင်း သူ့စကားများကိုမှတ်တမ်းတင်ထားသော စာအုပ်များကို ၀ယ်ကြပေတော့မည်။
ကယ်တော်မူကြပါဦး!
စစ်ထူမင်ယွဲ့သည် နည်းနည်းတော့ အမြတ်ကြီးစားသည်ဟု ကျန်းယန်ခံစားလိုက်ရသည်။ တစ်အုပ်ကို စိတ်ဝိညာဉ်ကျောက်တုံ့း ၁၀တုံးဟူသောပမာဏက မနည်းလှပေ။
သို့သော်သူမသည် စီးပွားရေးအမြင်တော့ ရှိပေသည်။ ထို့ကြောင့်လည်း သူမကို မိုးပြာလကုန်သွယ်သမဂ္ဂဥက္ကဌအဖြစ် သူရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ဂိုဏ်းချုပ်များထွက်သွားပြီးသည့်နောက် ကျန်းယန် အသာအယာချောင်းဆိုးလိုက်ကာညွှန်ကြားလိုက်သည်။
“စက်မှုလုပ်ငန်းကျင့်ကြံခြင်းပုံစံကို တိမ်တောင်အင်ပါယာနဲ့ ယွင်ထန့်အင်ပါယာမှာလည်း ဖြန့်ပေးလိုက် သူတို့လည်း အကျိုးအမြတ်ရကြပါစေ
ပြီးတော့ ဦးလေးချင်နဲ့ဆွေးနွေးလိုက် ငါမိုးပြာလကုန်သွယ်သမဂ္ဂကို လန်ကျားကုန်းမြေတိုက်ထိ ချဲ့ချင်တယ် သူတို့ကိုလည်း ငါတို့စီးပွားရေးနယ်မြေထဲ ဆွဲသွင်းရမယ်”
အဇူရာတိမ်ဂိုဏ်း၏ နောက်ခံနှင့်ဆိုလျှင် မိုးပြာလကုန်သွယ်သမဂ္ဂကို အခြားကုန်းမြေတိုက်ကြီးများဆီ ချဲ့ထွင်ဖို့က မဖြစ်နိုင်သောအရာမဟုတ်တော့ပေ။
တစ်ခုတည်းသော ပြဿနာမှာ ချင်ယုရှူသည် နတ်ဝိညာဉ်အဆင့်သာရှိနေသေးခြင်းဖြစ်ပြီး သူ့ခွန်အားသည် နေရာတိုင်းတွင် လွှမ်းမိုးနိုင်ဖို့ လုံလောက်မနေသေးပေ။
ထို့ကြောင့် လက်ရှိအနေအထားအရ သူတို့အတွက် အလွယ်ဆုံးပစ်မှတ်မှာ လန်ကျားကုန်းမြေတိုက်ကြီး ဖြစ်လာခဲ့၏။
“နားလည်ပါပြီ စီနီယာအစ်ကိုကြီး ညီမလေးပြီးရင် ဦးလေးချင်ကို သွားပြောလိုက်ပါ့မယ်” စစ်ထူမင်ယွဲ့ ခေါင်းငြိမ့်ပြလိုက်သည်။
ဦးလေးချင်နှင့်ဆွေးနွေးပြီးလျှင်တော့ သူမ ယွင်ထန့်အင်ပါယာသို့ပြန်ကာ သူ့အဖေနှင့်တွေ့ပြီး စက်မှုလုပ်ငန်းကျင့်ကြံခြင်းပုံစံကို ထိုအင်ပါယာတွင် အကောင်အထည်ဖော်ရပေဦးမည်။
မကြာခင်တွင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် စက်မှုကျင့်ကြံခြင်းခေတ်သို့ ရောက်ရှိသွားပေတော့မည်သာ။
ကျန်းယန်ခေါင်းငြိမ့်ပြပြီးနောက် ဆက်ပြောလိုက်၏။
“ကျန်းကျစ်ချိုးနင့်ကို စာရင်းအင်းခွဲခြမ်းစိတ်ဖြာခြင်းပညာအကြောင်း သင်ပေးပြီးပြီမဟုတ်လား
မိုးပြာလကုန်သွယ်သမဂ္ဂကလည်း အခြားကုန်းမြေတိူက်ကြီးတွေဆီပို့တဲ့ ပို့ကုန်တွေကို ပိုတိုးလာလား လျော့သွားလားဆိုတာကို စာရင်းလုပ်ထားရမယ်
တကယ်လို့ တိုးလာရင် ငါ့ကိုချက်ချင်းသတင်းပို့”
သူ့အစ်ကိုကြီး၏ လေးနက်နေပုံကိုမြင်သောအခါ စစ်ထူမင်ယွဲ့ချက်ချင်းသဘောတူလိုက်သော်လည်း ဘာကြောင့်လဲဆိုတာကိုတော့ မသိခဲ့ပေ။
သူမဘာမှ သေချာမမေးရသေးခင်မှာပင် ကျန်းယန် အဇူရာတိမ်ဂိုဏ်းဆီ ပြန်သွားခဲ့လေသည်။
ကျန်းယန်ပြန်သွားတာကို ကြည့်နေရင်း စစ်ထူမင်ယွဲ့အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေခဲ့၏။ ကျန်းယန်သည် သူမကို ပုဂ္ဂိုလ်ရေးကိစ္စများအကြောင်း လုံး၀ ပြောခွင့်မပေးခဲ့ပေ။
ကျန်းယန်၏အိမ်ပြန်လမ်းတွင် ဘာကိစ္စမှ ထပ်မဖြစ်ခဲ့ပေ။
အများစုက ကျန်းယန် အဇူရာတိမ်ဂိုဏ်းတွင် ဒဏ်ရာကုသနေသည်ဟုသာ ယုံကြည်နေကြသည့်အပြင် အဇူရာတိမ်ဂိုဏ်းကလည်း ကြောက်မက်ဖွယ် စုံစမ်းရေးအဖွဲ့လွှတ်မည်ဟု သတင်းလွှင့်ထားသောကြောင့် ဘယ်သူမ သူ့ကို အလွယ်တကူ မထိရဲကြတော့ပေ။
လုပ်ကြံသူများ ပုန်းအောင်းနေကြချိန်တွင် အခြားသူများကတော့ စတင်လှုပ်ရှားလာခဲ့ကြသည်။
တိမ်တောင်အင်ပါယာမြို့တော်နှင့် ဆယ်မိုင်ခန့်ဝေးသောနေရာတွင် ကျန်းချန်းရှန်၏ ၀တ်စုံပြာအဖွဲ့ စခန်းချထား၏။
ထိုနေရာတွင် အဇူရာတိမ်ဂိုဏ်းသား ၂သောင်းနီးပါးကို လေ့ကျင့်ပေးနေသလို တပည့်အသစ်များလည်း ထပ်မံခန့်အပ်နေခဲ့သည်။
ထိုနေရာတွင် အချိန်မရွေး တိုက်ခိုက်ရန်အသင့်ရှိနေသော လက်နက်တပ်ဆင်ထားသည့် ဂိုဏ်းသား ၃၀၀၀လည်း ရှိ၏။
ညာဉ့်နက်ချိန်၌ ပုံရိပ်တစ်ခု စခန်းနားသို့ ချဉ်းကပ်လာခဲ့သည်။
ထိုသူသည် စခန်းထဲတိတ်တဆိတ်ခိုး၀င်ခဲ့ပြီး တပည့်များစွာကို ရုတ်တရက်တိုက်ခိုက်ခဲ့၏။
တိုက်ခိုက်မှုထွက်ပေါ်လာသည်နှင့် ထိုသူသည် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ဖြစ်မှန်း လူတိုင်း ရှင်းရှင်းလင်းလင်းမြင်လိုက်ကြရသည်။
ထိုသူ၏ လွှမ်းမိုးနိုင်လွန်းသောစွမ်းအားကြောင့် တပည့်များစွာ အသံပင်မထွက်နိုင်ဘဲ သေဆုံးသွားခဲ့ကြရ၏။
ထိုသူ နတ်အာရုံဖြင့် စစ်ဆေးလိုက်ပြီး သူသတ်လိုက်သောတပည့်များတွင် လက်နက်တပ်ဆင်ထားခြင်းမရှိမှန်း သိလိုက်ရသောအခါ စခန်း၏ ပိုအတွင်းကျသောအပိုင်းသို့ ဆက်လက်စိမ့်၀င်သွားခဲ့သည်။
သူ့ရည်ရွယ်ချက်က ရှင်းသည်။ သေနတ်တစ်လက် ရယူလိုခြင်းသာ ဖြစ်၏။
ထိုစဉ် ရုတ်တရက်ဆိုသလို သေနတ်သံတစ်ချက် ထွက်ပေါ်လာခဲ့လေသည်။
စခန်းတစ်ခုလုံး ပွက်လောရိုက်သွားခဲ့၏။ လက်နက်တပ်ဆင်ထားသော ဂိုဏ်းသား ၃ထောင်သည် ရန်သူရှိရာအရပ်သို့ ချီတက်လာခဲ့ကြပြီး ရွှေအမြုတေအဆင့် ခေါင်းဆောင်များက သူတို့သိုလှောင်လက်စွပ်ထဲက သေနတ်များကိုထုတ်ကာ ဖြန့်ဝေပေးနေခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်သို့ မီးကျည်တစ်ချက် ထိုးတက်သွားခဲ့၏။
တိမ်တောင်အင်ပါယာရှိ မိန်းမစိုးဟုန်၏အမူအရာ ရုတ်ချည်းပြောင်းလဲသွားကာ စခန်းရှိရာဆီ တဟုန်ထိုး ပြေးထွက်သွားခဲ့လေသည်။
“အတော်လေး သတိရှိကြတာပဲ” တာအိုပေါင်းစည်းခြင်းအဆင့် လှောင်ပြုံးပြုံးလိုက်ပြီး ပုန်းအောင်းမနေတော့ဘဲ ထိပ်တိုက်ရင်ဆိုင်ခဲ့၏။
သူစလှုပ်ရှားကတည်းက သူသည် သေနတ်တစ်လက်ကိုအရယူကာ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲက တတ်နိုင်သမျှမြန်မြန် ထွက်သွားဖို့ ဆုံးဖြတ်ထားခဲ့ပြီးသား ဖြစ်သည်။