မီရှန်တောင်၏ တက်လှမ်းခြင်းအစီအစဉ်
Vol. 36 Ch. 374
ကွေ့ယွမ်းဘုရားကျောင်းတွင် လူတိုင်း ကျောင်းထိုင်ကိုကြည့်နေကြရင်း သူ့ဆုံးဖြတ်ချက်ကို စောင့်နေခဲ့ကြသည်။
ကျောင်းထိုင်မျက်မှောင်ကြုံ့နေပြီး အတွေးနွံနစ်နေခဲ့၏။
အဇူရာတိမ်ဂိုဏ်း၏ ရည်ရွယ်ချက်ကို သူမသိသလို ဘာဆက်ဖြစ်မလဲဆိုတာကိုလည်း သူမခန့်မှန်းနိုင်ပေ။ ရှင်းလင်းစွာပင် အဇူရာတိမ်ဂိုဏ်းသည် မိုင်သောင်းချီဝေးသောအရပ်က မီရှန်ဂိုဏ်းကို အကြောင်းပြချက်မရှိဘဲတော့ ဖျက်ဆီးရန် ရောက်လာမည် မဟုတ်ပေ။
အတန်ကြာတိတ်ဆိတ်နေပြီးနောက် သူပြောလိုက်သည်။
“အရင်ဆုံးမေးမြန်းဖို့ တစ်ယောက်ယောက်လွှတ်လိုက် လာတာက မိစ္ဆာတွေပဲလား အဇူရာတိမ်ဂိုဏ်းသားတွေရောပါသေးလား ဆိုတာ သွားကြည့် ပါနေရင် ဘာတွေဖြစ်နေလဲ မေးခဲ့”
သူတို့အကြောင်းအရင်းကို အရင်ဆုံးသိဖို့ လို၏။
သူကျင်းရှန်ဘက်လှည့်လိုက်ကာ
“မင်းက အဇူရာတိမ်ဂိုဏ်းနဲ့အများဆုံး ရင်ဆိုင်ခဲ့ရတာ မင်းသွားလိုက်”
ကျင်းရှန်ခေါင်းငြိမ့်ပြလိုက်ပြီးနောက် မီရှန်တောင်ဆီ ဂရုတစိုက်ထွက်ခွာသွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် မြင့်မြတ်ဝိညာဉ်ဂိုဏ်းကလည်း ထိုအကြောင်း ဆွေးနွေးနေခဲ့၏။
ဂိုဏ်းချုပ်မေးလိုက်သည်။
“ဘာလို့အဇူရာတိမ်ဂိုဏ်းက မီရှန်တောင်ကိုတိုက်နေတာလဲ တစ်ယောက်ယောက်သိလား”
လူတိုင်းခါးသက်သက်သာ ပြုံးလိုက်ကြသည်။ သူတို့သတင်းမရကြသေးပေ။
တာအိုပေါင်းစည်းခြင်းအဆင့်များထဲမှတစ်ယောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မီရှန်တောင်က ဒီနှစ်တွေမှာ ကျွန်တော်တို့ကိုကောင်းကောင်းဆက်ဆံပြီး လက်ဆောင်ဘဏ္ဍာတွေလည်း အများကြီးဆက်သခဲ့တာ အခုသူတို့ဒုက္ခရောက်နေပြီ ကျွန်တော်တို့က ထိုင်ပဲကြည့်နေရမှာလား”
“မင်းကထိုင်မကြည့်လို့ ဘယ်လိုကူညီချင်လို့လဲ” တစ်ယောက်ယောက်မေးလိုက်သည်။
“သူတို့ကို မိစ္ဆာအရှင်တွေဆီက ကယ်ချင်တာလား”
သူတို့ခါးသက်သက် ပြုံးလိုက်ရပြန်၏။
ဘယ်သူကမှ မိစ္ဆာများကို မစော်ကားရဲကြပေ။ သူတို့နှင့်တိုက်ခိုက်ခြင်းက ဦးနှောက်ရှိသောအလုပ် မဟုတ်ပေ။
မျက်လုံးများအားလုံးက ဂိုဏ်းချုပ်ဆီရောက်ရှိသွားခဲ့ကြသည်။
အတန်ကြာအောင်တွေးပြီးနောက် အရင်ဆုံးအခြေအနေကို ထောက်လှမ်းဖို့ လူလွှတ်ဖို့သာ သူတို့ဆုံးဖြတ်လိုက်ကြ၏။
မီရှန်တောင်ကို ကူညီခြင်းမကူညီခြင်းကသူတို့အဇူရာတိမ်ဂိုဏ်းအပေါ် ဘယ်လောက် အပြစ်ပြုမှုထားလဲ ဆိုတာပေါ် မူတည်ပေသည်။
သူတို့ တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ဖြစ်သော ဒေါင်ဘူအာ ကိုပို့လိုက်၏။
ဒေါင်ဘူအာတိုက်ပွဲဆီ သတိဖြင့် ချဉ်းကပ်သွားခဲ့ပြီး မိစ္ဆာများကိုမြင်သောအခါ သူကြက်သီးပင် ထသွားခဲ့သည်။ ထို့နောက် သူအမြန်အော်ပြောလိုက်၏။
“ကျွန်တော်က မြင့်မြတ်ဝိညာဉ်ဂိုဏ်းက ဒေါင်ဘူအာပါ ဒီနေရာမှာ အဇူရာတိမ်ဂိုဏ်းက မိတ်ဆွေတစ်ယောက်ယောက်များ ရှိပါသလား ခင်ဗျာ”
ဂူယန် သူ့လက်ကို ဆန့်တန်းလိုက်ကာ လက်ဖဝါးထဲမှ ကျန်းယန် ထွက်ပေါ်လာခဲ့သည်။
ကျန်းယန်သူ့ကိုကြည့်လိုက်ကာ
“မြင့်မြတ်ဝိညာဉ်ဂိုဏ်းက အဇူရာတိမ်ဂိုဏ်းဆီက ဘာလိုချင်လို့လဲ”
ဒေါင်ဘူအာ၏ နှလုံးသားတင်းကြပ်သွားခဲ့၏။ ထိုလူငယ်လေးသည် မိစ္ဆာ၏လက်ဖဝါးထဲတွင်ပင် အေးအေးဆေးဆေး နေနိုင်နေခဲ့သည်။
သူအမြန်မေးလိုက်၏။
“ကျွန်တော်တို့က မီရှန်ဂိုဏ်းက မိတ်ဆွေတို့ဂိုဏ်းကို ဘယ်လိုအပြစ်ပြုမိခဲ့တာလဲ သိချင်တာပါ”
ကျန်းယန် ဖြေလိုက်သည်။
“ခင်ဗျားက သူတို့ကိုကာကွယ်ဖို့ ကြိုးစားနေတာလား”
“မဟုတ်ပါဘူး မဟုတ်ပါဘူး” ဒေါင်ဘူအာ အမြန်ငြင်းဆိုလိုက်၏။
“ကျွန်တော်တို့က ဒီတိုင်း အခြေအနေကို နားလည်ချင်တာပါ တကယ်ဆို သူတို့နဲ့လည်းဒီလောက်မနီးကပ်ပါဘူး”
“ကောင်းတယ်” ကျန်းယန်ပြောလိုက်သည်။
“မီရှန်ဂိုဏ်းက အကြီးအကဲ၀မ်လင်က ကျုပ်တို့တပည့် ၂ထောင်ကျော်ကို သတ်ခဲ့တယ် ဒါက သွေးကြွေးကို သွေးနဲ့ ပြန်ဆပ်တာပဲ”
“သိပါပြီ” ဒေါင်ဘူအာ အကြိမ်ကြိမ်ခေါင်းငြိမ့်ပြလိုက်၏။
“ဒီလိုကိစ္စမျိုးဖြစ်ထားမှတော့ ကျွန်တော် ၀င်မပါတော့ပါဘူး”
သူအလျင်အမြန်ပင် မြင့်မြတ်ဝိညာဉ်ဂိုဏ်းဆီ ပြန်သွားခဲ့လေသည်။
လမ်းတွင် သူကျင်းရှန်နှင့်တွေ့ခဲ့၏။ သတင်းအချက်အလက်များ မျှဝေပြီးနောက် ကျင်းရှန်လည်း ဆက်မသွားတော့ဘဲ ကွေ့ယွမ်ဘုရားကျောင်းဆီသာ ပြန်သွားခဲ့လေသည်။
ဂိုဏ်းနှစ်ဂိုဏ်းလုံးစိတ်ပူနေသည်မှာ အဇူရာတိမ်ဂိုဏ်းသည် မီရှန်ဂိုဏ်းကိုသိမ်းပြီး သူတို့ဆီ နယ်ဆက်ချဲ့လာမလား ဆိုတာကိုသာ ဖြစ်၏။
အခုတော့ ထိုကိစ္စက ကလဲ့စားတစ်ခုသာ ဖြစ်ပုံရပြီး သူတို့အတွက်လည်း အတော်လေးစိတ်အေးသွားစရာပင်။
ထိုစဉ် မီရှန်တောင်ကတော့ ဂူဒူအာ၏မိစ္ဆာစစ်တပ်ကြောင့် ပြိုကွဲဖို့ လက်တစ်လုံးအလိုနေရာသို့ ရောက်ရှိနေခဲ့သည်။
ဒါတောင် ဂူဒူအာက အားကုန်သုံးတိုက်နေခြင်း မဟုတ်သေးပေ။
တကယ့်စစ်သူကြှီးတစ်ယောက်လိုပင် သူသည် အေးအေးဆေးဆေးပင် တိုက်ပွဲကို ကွပ်ကဲနေခဲ့၏။
တစ်ချိန်တည်းမှာပင် သူသည် တစ်ခုခုကို စောင့်နေပုံပင်။
မီရှန်တောင်ပေါ်တွင် ဂိုဏ်းချုပ်မူရှန်းချန်စိတ်တိုနေခဲ့ပြီး အခြေအနေကို လက်မခံနိုင်ဖြစ်နေခဲ့သည်။
“ဘာလို့ ၀မ်လင်းဂိုဏ်း ကွေ့ယွမ်ဘုရားကျောင်းနဲ့ မြင့်မြတ်ဝိညာဉ်ဂိုဏ်းတွေ ပေါ်မလာကြတာလဲ ဒီနှစ်တွေမှာ ငါသူတို့ကို အကျိုးအမြတ်အများကြီးပေးခဲ့ပေမယ့် ငါတို့ဒုက္ခရောက်တော့ ဒီအဖိုးကြီးတွေက မမြင်ချင်ယောင် ဆောင်နေကြတာလား”
မီရှန်တောင်သည် အင်အားစုကြီးသုံးခုကြားတွင် တည်ရှိခြင်းဖြစ်သော်လည်း သူတို့သည် ဘယ်ဘက်ကိုမှ မယိမ်းခဲ့ပေ။ အားလုံးနှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ထားနိုင်ခဲ့သည်။
သူတို့ဂိုဏ်းထဲတွင် တာအိုပေါင်းစည်းခြင်းအဆင့် ငါးယောက်ရှိ၏။
တာအိုပေါင်းစည်းခြင်းအလယ်အဆင့်ဖြစ်သော ၀မ်လင်ကတော့ သေဆုံးသွားပြီဖြစ်သောကြောင့် တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်ဖြစ်သော သူအပါအဝင် လေးယောက်သာ ကျန်ရှိတော့သည်။ သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သူဖြစ်၏။
သို့သော် အခုတော့ ထိုခြေတစ်လှမ်းကိုဆက်လှမ်းဖို့ ဖြစ်နိုင်တော့မည့်ပုံ မပေါ်ပေ။
ကျန်အကြီးအကဲများအားလုံး၏ မျက်နှာများလည်း မည်းမှောင်နေခဲ့ကြသည်။ များစွာသော မိစ္ဆာများ ဂိုဏ်းရှေ့တွင်ရောက်နေသောကြောင့် သူတို့ကြောက်ရွံ့မှုနှင့်ဒေါသကို ရောပြွန်းခံစားနေခဲ့ရ၏။
မိစ္ဆာများသည် အလွန်နီးကပ်လာနေချေပြီ။
“ဂိုဏ်းချုပ် အခုကနောက်ဆုံးအစီအစဉ်ကို အသက်သွင်းရတော့မယ့် အချိန်ပဲ” အကြီးအကဲထဲမှ တစ်ယောက်ပြောလိုက်သည်။
“တကယ်လို့ ကျွန်တော်တို့ နှောင့်နှေးနေရင် အားလုံးကို ဆုံးရှုံးသွားရလိမ့်မယ်
ဒီအစီအစဉ်တစ်ခုတည်းကသာ ကျွန်တော်တို့ကို ကယ်တင်နိုင်မှာ”
“အဲ့ဒီအစီအစဉ်ကျရှုံးသွားခဲ့ရင်ေတာင် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့သေကြရမှာပဲလေ စွန့်စားကြတာပေါ့”
မျက်လုံးများအားလုံးက မူချန်းရှန်ဆီ ရောက်ရှိနေခဲ့၏။
သူေလးကန်စွာသက်ပြင်းချလိုက်ကာ
“နှမြောစရာကောင်းလိုက်တာ….
အဇူရာတိမ်ဂိုဏ်းဒေါသထွက်သွားရင်တောင် ဒီလောက်အဝေးကြီးထိ မလာလောက်ဘူးလို့ ငါထင်ထားခဲ့တာ ငါတို့ညှိနှိုင်းလို့ရမယ်လို့ ထင်ခဲ့တာ
ပြီးတော့ သူတို့ဒီကိုလာဖို့ အင်အားစုကြီးသုံးခုထဲက တစ်ခုကို မဖြစ်မနေဖြတ်ကြရမှာပဲဆိုတော့ ဂိုဏ်းကြီးတွေ ၀င်စွက်ဖက်လာမယ် ထင်ခဲ့တာ
ဒါပေမယ့် ၀မ်လင်းဂိုဏ်းက သူတို့ကိုဒီလိုအလွယ်လေး ဖြတ်ခွင့်ပေးလိုက်မယ်လို့ ဘယ်သူထင်မှာလဲ ပြီးတော့ မြင့်မြတ်ဝိညာဉ်ဂိုဏ်းနဲ့ကွေ့ယွမ်ဘုရားကျောင်းကရော အခုလိုပဲ တိတ်ဆိတ်နေတော့မှာလား”
အခြားသူများလည်း ခါးသက်သက်ပြုံးလိုက်ကြသည်။
တကယ်တော့ အခြေအနေတစ်ခုလုံးက ဂိုဏ်းကြီးများနှင့်ဘာမှမဆိုင်ပေ။ သူတို့အစီအစဉ်သာ ဖြစ်၏။
မီရှန်တောင်သည် ပထမအဆင့်အထွတ်အထိပ်ဂိုဏ်းဖြစ်နေပြီဖြစ်သောကြောင့် သူတို့ နောက်တစ်ဆင့်သို့ တက်လှမ်းလိုကြသည်။
သို့သော်သူတို့သည် အင်အားစုကြီးများကြားတွင် တည်ရှိနေခြင်းဖြစ်သောကြောင့် ထိုအင်အားစုကြီးများက သူတို့ကို တိုးတက်ခွင့်ပေးမည် မဟုတ်ပေ။
အကယ်၍ မူချန်းရှန်သာ ကပ်ဘေးဖြတ်ကျော်သွားလျှင် အာဏာကို ခွဲဝေယူရတော့မည်ဖြစ်သောကြောင့် ဂိုဏ်းကြီးများက သူ့ကို ကျိန်းသေပေါက် တားကြပေလိမ့်မည်။
ထို့ကြောင့် သူတို့၀မ်လင်ကို အဇူရာတိမ်ဂိုဏ်းဆီပို့ကာ ပြဿနာရှာဖို့ စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။
သူတို့ အစီအစဉ်က ၂ပိုင်း ရှိ၏။
ပထမပိုင်းက အဇူရာတိမ်ဂိုဏ်းကို ရန်စကာ အဇူရာတိမ်ဂိုဏ်း ဂိုဏ်းကြီးများနှင့်ပြဿနာဖြစ်ပြီး ထိုဂိုဏ်းကြီးများကို အားနည်းသွားအောင် လုပ်လိုခြင်း ဖြစ်သည်။
ဒုတိယအပိုင်းကတော့ နောက်ဆုံးတွင် ဂိုဏ်းကြီးများအားနည်းသွားချိန်၌ သူတို့သည် အဇူရာတိမ်ဂိုဏ်းထံ အညံ့ခံကာ ထိုဂိုဏ်း၏ လက်အောက်ခံဂိုဏ်းအဖြစ် အသွင်ယူလိုခြင်း ဖြစ်၏။
ချင်းယွင်ကျိ၏ နောက်ခံနှင့်ဆိုလျှင် မူချန်းရှန်ကပ်ဘေးဖြတ်ကျော်ရာ၌ အခက်အခဲရှိတော့မည် မဟုတ်ပေ။
သူအောင်မြင်သွားလျှင်တော့ အားလုံးက ပြောင်းလဲသွားပေလိမ့်မည်။
သို့သော် အဇူရာတိမ်ဂိုဏ်း၏တုန့်ပြန်မှုက အခုလောက်ပြင်းထန်နေလိမ့်မည်လို့တော့ သူတို့မျှော်လင့်မထားခဲ့မိကြပေ။
၀မ်လင်ပင် အခုလိုဖြစ်သွားခဲ့လိမ့်မည်ဟု မတွေးမိခဲ့ပေ။ ဂိုဏ်းသား ၂ထောင်လောက်သေဆုံးခြင်းက အဇူရာတိမ်ဂိုဏ်းအတွက် ကြီးမားသောဆုံးရှူံးမှု ဟုတ်မနေပေ။ အဘယ်ကြောင့် ထိုဂိုဏ်းက အခုလောက်ကြီး ဒေါသထွက်နေရပါသနည်း။
သူသည် သေနတ်ကိုင်ဂိုဏ်းသားများအားသတ်ဖြတ်ခြင်းကိုပင် ရှောင်ရှားခဲ့သေးသည်။
ကျန်းယန်ကအခုလိုကြီး မိစ္ဆာများကိုဦးဆောင်ကာ မီရှန်ဂိုဏ်းဆီ ချီတက်လာလိမ့်မည်ဟု သူတို့လုံး၀ မျှော်လင့်မထားခဲ့မိကြပေ။
သူတို့အစီအစဉ်များအားလုံးက ဟာသများသာဖြစ်သွားခဲ့ပြီး သူတို့၏ ကပ်ဘေးကို ကိုယ်တိုင်ဆင့်ခေါ်ခဲ့မိကြ၏။
“နောက်ဆုံးအစီအစဉ်ကို အသက်သွင်းကြ” မူချန်းရှန် ပြတ်ပြတ်သားသားပြောလိုက်လေသည်။
“အားလုံးပဲ မီရှန်တောင်မကျရှုံးစေရဘူး ငါအာမခံတယ်”