ဘာလို့ဒီမိစ္ဆာကအဲ့လောက်ကြောက်စရာကောင်းနေရတာလဲ
Vol. 36 Ch. 376
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်!
မူချန်းရှန် သူ့ကိုယ်ထဲကစွမ်းအားများကို ခံစားရင်း စိတ်လှုပ်ရှားနေခဲ့၏။
ဤအရာက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်၏ ခွန်အားပင်။
သူ့တာအိုသည် ကောင်းကင်၏စမ်းသပ်ခြင်းကိုခံခဲ့ကာ နောက်ဆုံးတွင် တာအိုအသစ်တစ်ခု တည်ဆောက်နိုင်ခဲ့ချေပြီ။
ပေါင်းစပ်ခြင်းတာအို။
ထိုတာအိုက သူ့အား အခြားတာအိုစွမ်းအားများနှင့်ပေါင်းစပ်နိုင်သော အစွမ်းသတ္တိကို ပေး၏။
အခုမှသာ သူကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နှင့်တာအိုပေါင်းစည်းခြင်းအဆင့်ကြားက ကွာဟချက်ကို တကယ်နားလည်သွားခဲ့လေသည်။
တာအိုပေါင်းစည်းခြင်းအဆင့်က အိမ်ငှားဆိုလျှင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်က အိမ်ပိုင်ဟု ဆိုနိုင်၏။
ယခုအခါ သူသည် ထိုအိမ်အတွင်းရှိ အရာတိုင်းကို စိတ်ရှိသလို အသုံးပြုနေနိုင်ပြီဖြစ်ကာ ဖျက်ချင်ဖျက် ပြင်ချင်ပြင် လုပ်ချင်ရာလုပ်နိုင်ခဲ့ချေပြီ။
ထိုစွမ်းအားက သူ့ကိုယုံကြည်မှုရှိသွားစေခဲ့သည်။
ဤအဆင့်သို့ရောက်ပြီဖြစ်သောကြောင့် သူစွမ်းအားကြီး ဂိုဏ်းတစ်ဂိုဏ်းပင် ပြန်တည်ထောင်နိုင်စွမ်း ရှ်ိလာခဲ့၏။
သို့သော် သူ့ဘေးသို့ ပြန်ကြည့်လိုက်ချိန်တွင်တော့ အားလုံးပျက်ဆီးသွားပြီဖြစ်သော အပျက်အဆီးပုံကြီးတစ်ခုကိုသာ တွေ့လိုက်ရသည်။
“အဇူရာတိမ်ဂိုဏ်း…”
သူအံကိုကြိတ်၍ ရေရွတ်လိုက်၏။
သူတို့ကြောင့်သာ မဟုတ်လျှင် သူတို့ဂိုဏ်းအခုလို အဆုံးသတ်သွားရလိမ့်မည် မဟုတ်ပေ။
စိတ်ထဲတွင် သူကြိတ်၍လည်း ကျေးဇူးတင်မိနေသေးသည်။ ထိုဖိအားသာမရှိလျှင် သူအခုလို အောင်မြင်စွာ အဆင့်ချိုးဖြတ်နိုင်ခဲ့မည် မဟုတ်ပေ။
အခုတော့ သူအောင်မြင်ခဲ့ချေပြီ။
အပျက်အဆီးများကိုတစ်ချက်ကြည့်ပြီးနောက် သူအားလုံးကို သူ့သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားလိုက်သည်။
သူဒီနေရာတွင်တော့ သူ့ဂိုဏ်းကိုပြန်တည်ထောင်နိုင်တော့မှာ မဟုတ်ပေ။
သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဖြစ်သော်လည်း ပတ်ပတ်လည်တွင် သူ့ထက်အားကောင်းသောဂိုဏ်းများ ဝိုင်းနေခဲ့သေးသည်။
ပြီးတော့ ပိုအရေးကြီးသောအချက်မှာ သူကလဲ့စားချေလို၏။
“ငါသေချာပေါက် အဇူရာတိမ်ဂိုဏ်းကို ကျေးဇူးတင်ရမယ် ….ဒါပေမယ့် အရင်ဆုံး ငါ့အကျိုးအမြတ်ကို သိမ်းရမယ်”
သူလှောင်ပြုံးပြုံးလိုက်ပြီး မိစ္ဆာများကို ငုံ့ကြည့်လိုက်သည်။ အထူးသဖြင့် ဂူယန့်လက်ထဲက ကျန်းယန်ကိုပင်။
ထိုကောင်သည် သူ့ဂိုဏ်းကိုဖျက်ဆီးဖို့ မိစ္ဆာများကိုဦးဆောင်ခေါ်လာသူ မဟုတ်ပါလော။
သူ့အကြည့်ကအေးစက်သွားပြီး သူ့ကိုယ်မှ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
ထို့နောက် သူ့တာအိုစွမ်းအားဖြင့် မိစ္ဆာများကို ဖိနှိပ်ပစ်လိုက်သည်။
ဂူဒူအာ သာမန်အတိုင်း အလံကိုတစ်ချက်ဝေ့ယမ်းလိုက်၏။
ထိုအခါ မရေတွက်နိုင်သော မိစ္ဆာစစ်သည်များက မိစ္ဆာစွမ်းအင်အဖြစ်ပြန်ပြောင်းသွားပြီး အလံဆီပြန်ရောက်လာခဲ့ကြသည်။
အားလုံးပြန်လာပြီးနောက် အလံတွင် အပေါက်များပေါ်လာခဲ့ပြီး အလံက လှံတစ်စင်းအဖြစ် ပြောင်းလဲသွားခဲ့၏။
ဂူဒူအာ လှံကို ရှေ့သို့ပစ်ချလိုက်လေသည်။
အေးစက်စက်အလင်းတစ်ချက် လက်သွားခဲ့၏။
ရွှပ်!
ဖောက်ထွက်သွားသံ တစ်ခုနှင့်အတူ လှံကမူချန်းရှန်၏ ရင်ဘတ်ကို ဖောက်ထွက်သွားခဲ့သည်။
ဂူဒူအာသူ့ရှေ့တွင် ပေါ်လာခဲ့၏။
မူချန်းရှန် တောင့်တင်းသွားခဲ့သည်။
သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက် မဟုတ်ပါလော။
အဘယ်ကြောင့် သူ့တာအိုက သူတို့ကိုမဖိနှိပ်နိုင်ရပါသနည်း။
အဘယ်ကြောင့် မိစ္ဆာများအပေါ် သက်ရောက်မှုမရှိရပါသနည်း။
“ဘာလို့လဲ…”
သူမယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။ သူ့ခွန်အားကိုမေးခွန်းထုတ်နေခြင်းမရှိဘဲ သူ့တာအို ဘာလို့မိစ္ဆာများအပေါ် သက်ရောက်မှုမရှိတာလဲဆိုတာ မေးခွန်းထုတ်နေခြင်း ဖြစ်၏။
ဂူဒူအာသူ့ကိုလှံနှင့်အတူ ဆွဲမလိုက်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။
“တာအိုမှာ အဆင့်သတ်မှတ်ချက်မရှိပေမယ့် ခွန်အားမှာရှိတယ်
မင်းကအားနည်းလွန်းတယ်
တကယ်လို့ ငါသာမင်းတာအိုတည်ငြိမ်သွားတဲ့အချိန်အထိ စောင့်နေမပေးခဲ့ရင် မင်းဒီလောက်ထိတောင် အသက်ရှည်နိုင်မှာ မဟုတ်ဘူး”
အကယ်၍ သူသာပိုကြီးသောငါးကိုမဖမ်းလိုခဲ့လျှင် အခုလောက် စိတ်ရှည်နေမည် မဟုတ်ပေ။
မရေတွက်နိုင်သော မိစ္ဆာနိယာမများ မူချန်းရှန် ပတ်ပတ်လည်တွင် ပေါ်လာခဲ့ပြီး သူ့ဝိညာဉ်ကို ဖိနှိပ်လိုက်လေသည်။
ထိုအခိုက်တွင် မူချန်းရှန် သူ့ကိုယ်သူဖျက်ဆီးပစ်လို့လည်း မရတော့ပေ။
သူခါးသက်သက်ပြုံးလိုက်ကာ
“ငါ့ကိုဘာလို့ မသတ်တာလဲ”
မိစ္ဆာသည် သူ့ကို အသက်ချမ်းသာပေးထားတာကို သူသိနေခဲ့၏။
ဂူဒူအာအသာအယာပြုံးလိုက်ကာ သူ့ကိုကျန်းယန်ရှေ့ခေါ်လာပြီး ပြောလိုက်သည်။
“မြေအောက်ကမ္ဘာနယ်မြေကို ဖွင့်လိုက် မဟုတ်ရင်လည်း တိုက်ရိုက်သန့်စင်လိုက် မင်းသဘောပဲ”
“လုပ်လိုက်ပါ” ကျန်းယန်ပြောပြီးနောက် အမတသန့်စင်အမွှေးတိုင်အိုး၏ အဖုံးကို ဖွင့်လိုက်၏။
ဂူဒူအာ လှံကို တစ်ချက်ယမ်းလိုက်ပြီး မူချန်းရှန်၏သိုလှောင်လက်စွပ်ကို ခါချကာ သူ့ကို အမွှေးတိုင်အိုးထဲ ပစ်ချလိုက်သည်။
ထိုအခါမှ မူချန်းရှန် နားလည်သွားခဲ့၏။
သူ့မျက်နှာဖြူဖျော့သွားကာ အော်ဟစ်လိုက်သည်။
“မင်းငါ့ကို သန့်စင်မလို့လား…”
သူသေဆုံးခြင်းကို လက်ခံနိုင်သော်လည်း အခုလိုအရာကိုတော့ လက်မခံနိုင်ပေ။
ကျန်းယန် တိတ်တဆိတ်ပင် အဖုံးကိုပြန်ပိတ်လိုက်၏။
“မလုပ်ပါနဲ့ ငါ့ကိုလွှတ်ပေးပါ ငါမင်းကို ငါ့ဝိညာဉ်ကို ထိန်းချုပ်ခွင့်ပေးပါ့မယ်” မူချန်းရှန် ကြောက်လန့်တကြား အော်ဟစ်နေခဲ့သည်။
ကျန်းယန်တခဏတွန့်ဆုတ်သွားခဲ့၏။ သူ့ဝိညာဉ်ကိုသာ ထိန်းချုပ်နိုင်မည်ဆိုလျှင် ထိုအရာက သူ့တွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နောက်လိုက်တစ်ယောက်ရှ်ိလာမည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
သို့သော် တခဏသာ တွန့်ဆုတ်သွားခြင်းဖြစ်ပြီး ထို့နောက်တွင် အမွှေးတိုင်အိုးထဲ သူ့စိတ်ဝိညာဉ်စွမ်းအားများ လောင်းထည့်လိုက်၏။
“မရဘူး မင်းဒီလိုလုပ်လို့မရဘူး မင်းကတကယ့်မိစ္ဆာကောင်ပဲ” မူချန်းရှန် အထဲတွင် အော်ဟစ်နေခဲ့သည်။
ဘေးက မိစ္ဆာအရှင်များကတော့ အားရပါးရ ရယ်မောနေခဲ့၏။
ကျန်းယန် ခပ်အေးအေးသာ ဆေးများကိုသောက်ကာ စိတ်ဝိညာဉ်စွမ်းအားကိုဖြည့်ရင်း အမွှေးတိုင်အိုးကို အသက်သွင်းထားခဲ့သည်။
သူတို့သည် မြေအောက်ကမ္ဘာနယ်မြေအကြောင်း ပြောပြီးပြီဖြစ်သောကြောင့် မူချန်းရှန် ကိုအရှင်ထားလို့ မဖြစ်တော့ပေ။
ထို့အပြင် မူချန်းရှန်ကို ထည့်လိုက်သည်နှင့် အမွှေးတိုင်အိုးကလည်း စိတ်လှုပ်ရှားစွာ တုန့်ပြန်လာခဲ့သည်။
သန့်စင်ခြင်းက သူ့ကို အဆင့်မြင့်လာစေမည်ဖြစ်ပြီး သူသည် နောက်ဆုံးတွင် သန့်စင်ခြင်းဖြင့် အမတလက်နက်ပင် ဖြစ်လာနိုင်၏။
ထိုစဉ် ဂိုဏ်းကြီးများမှလူများ အဝေးမှေစာင့်ကြည့်နေရင်း ထူးဆန်းနေခဲ့ကြသည်။
မူချန်းရှန်သည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်သွားခြင်းမဟုတ်ပါလော။
အဘယ်ကြောင့် တိုက်ပွဲမဖြစ်ခဲ့ရပါသနည်း။
သူတို့စောင့်နေခဲ့ကြသော်လည်း ဘာတိုက်ပွဲမှ ဖြစ်မလာခဲ့ပေ။
အစီအစဉ်များစွာချကာ စောင့်နေသော ကျိုးရွှမ်းရှန်လည်း နောက်ဆုံးတွင် သူ့အစီအစဉ်များအားလုံးကို စွန့်လွှတ်လိုက်ရ၏။
များစွာဆုံးရှုံးပြီးနောက်တွင် ၀မ်လင်းဂိုဏ်းသည် လက်လွတ်စပယ် ထပ်လှုပ်ရှားလို့ မဖြစ်တော့ပေ။
ကွေ့ယွမ်ဘုရားကျောင်းနှင့်မြင့်မြတ်ဝိညာဉ်ဂိုဏ်းတို့လည်း ရှုပ်ထွေးနေခဲ့ကြသော်လည်း ဘယ်သူမှ အနားကပ်မသွားရဲကြပေ။
ထိုတိတ်ဆိတ်မှုက သူတို့အား ပိုစိုးထိတ်နေစေခဲ့သည်။
ဤသို့ဖြင့် မီရှန်တောင်အပျက်အဆီးများကြားထဲ၌ အချိန် တစ်နာရီကုန်သွားခဲ့၏။
အဆက်မပြတ်ဆေးလုံးများ သောက်နေရင်းပင် ကျန်းယန် သူ့အကန့်အသတ်သို့ ရောက်လုနီးပါး ဖြစ်လာခဲ့သည်။
အမွှေးတိုင်အိုးသည် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ရတနာဖြစ်သောကြောင့် သူ့ကျယ်ပြန့်လှသော စိတ်ဝိညာဉ်စွမ်းအားများဖြင့်ပင် ဤရတနာကို အပြည့်အ၀ အသက်မသွင်းနိုင်ပေ။
သူသည် စွမ်းအားတစ်စိတ်တစ်ပိုင်းကိုသာ အသက်သွင်းနိုင်ခြင်း ဖြစ်၏။
“ပြီးပြီလား” ကျန်းယန် ရတနာကို မေးလိုက်သည်။
“တာအိုတစ်ခုကျန်သေးတယ် မင်းလက်ရှိစွမ်းအားနဲ့ ငါ့စွမ်းအားကို အကုန်သုံးနိူင်မှာမဟုတ်ဘူး မင်းပိုအဆင့်မြင့်လာတဲ့အခါမှသာ ဒါကို အပြည့်အ၀ သန့်စင်နိုင်လိမ့်မယ်”
“ကောင်းပြီလေ နောက်မှပဲ ကျွန်တော့်ဆရာကို ကူညီခိုင်းလိုက်မယ်” ကျန်းယန်ပြောပြီးနောက် အမွှေးတိုင်အိုးကို ပြန်သိမ်းလိုက်၏။
မူချန်းရှန်၏ အပိုင်းအများစုကို သန့်စင်ပြီးပြီဖြစ်သောကြော်င့် မြေအောက်ကမ္ဘာမိစ္ဆာနယ်မြေအကြောင်း ပေါ်သွားတော့မည် မဟုတ်ပေ။
“ပြန်ကြရအောင်” ကျန်းယန် ပြောလိုက်ပြီးနောက် အပျက်အဆီးများကို တစ်ချက်ကြည့်လိုက်သည်။
“စီနီယာ ဒီနေရာကို လုံး၀ ဖျက်ဆီးပစ်လိုက်ပါ”
“ဟားဟား မင်းသဘောပါပဲ” ဂူယန် သူ့ကိုယ်လုံးကြီးကို မီတာ ၁၀၀ကျော်အထိ ဖြန့်ကားလိုက်၏။
ထို့နောက် သူ့လက်သီးကြီးများဖြင့် ထုချကာ ထိုနေရာတစ်ခုလုံး ကြေမွသွားအောင် ဖျက်ဆီးပစ်လိုက်လေသည်။
မီရှန်တောင်သည် လုံး၀ ပျက်ဆီးသွားပြီဖြစ်ပြီး ဤနေရာတွင် ဘာမှပြန်တည်ဆောက်လို့ ရတော့မည် မဟုတ်ပေ။
ထို့နောက် ဂူဒူအာကျန်းယန်စီးဖို့ သားရဲတစ်ကောင် ပြန်ဖွဲ့တည်ပေးလိုက်၏။
ဤသို့ဖြင့် သူတို့အားလုံး အဇူရာတိမ်ဂိုဏ်းဆီအတူတူပြန်လာခဲ့ကြလေသည်။