← Chapters

အခန်း (၅၂၅-၅၂၆)

Vol. 53 Ch. 525-526

အခန်း (၅၂၅-၅၂၆)

Vol. 53 Ch. 525-526

အခန်း။ ၅၂၅

ပင်လယ်သတ္တဝါဇွန်ဘီများ လျင်မြန်စွာ နောက်ဆုတ်သွားချိန်တွင် သွေးစွန်းနေသော ရေပြင်မှလွဲ၍ ပင်လယ်ပြင်ထက်၌ မည်သည့်ခြေရာလက်ရာမျှ ကျန်ရစ်ခြင်းမရှိတော့ဘဲ သမုဒ္ဒရာအောက်ခြေသို့ နစ်မြုပ်ကာ ပျောက်ကွယ်သွားတော့သည်။

ထိုအစက်အပြောက်ပါ ပြည်ကြီးငါးကြီးမှာ အကုန်အစင် ဝါးမြိုခြင်း ခံလိုက်ရပြီဖြစ်သည်။

လုချွမ်းသည် ပျံသန်းနိုင်သော ဇွန်ဘီရုပ်သေးတစ်ကောင်၏ လက်ထဲမှ အဆင့် ၇ ရှိသော အမြုတေကို လှမ်းယူလိုက်သည်။

သူ၏လက်ဖဝါးပေါ်တွင် တည်ရှိနေသော စွမ်းအင်ကြွယ်ဝလှသည့် ထိုကျောက်ခဲကို ကြည့်ရင်း လုချွမ်းမှာ အလွန်ကျေနပ်နေမိသည်။

ထို့နောက် ချီချီလေး၏ လမ်းညွှန်မှုဖြင့် လုချွမ်းသည် ပင်လယ်သတ္တဝါဇွန်ဘီများကို မူလနေရာသို့ ပြန်လည်စေခိုင်းကာ ပင်လယ်ပြင်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဆက်လက်ဝင်ရောက်ခဲ့သည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ညနေခင်းသို့ ရောက်ရှိလာသောအခါ နာရီအတော်ကြာ ဖြတ်သန်းခဲ့ပြီးဖြစ်သည်။

သမုဒ္ဒရာအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိလာသည်နှင့်အမျှ မုန်တိုင်းလှိုင်းတံပိုးများမှာလည်း တဖြည်းဖြည်း ပိုမိုကြီးမားလာပြီး တစ်ခါတစ်ရံတွင် ဆယ်မီတာကျော် မြင့်မားသော ကြောက်မက်ဖွယ် သဘာဝလှိုင်းကြီးများမှာ ကောင်းကင်ယံသို့ ထိုးတက်နေတော့သည်။

ပင်လယ်သတ္တဝါဇွန်ဘီများ၏ ကျောပေါ်တွင် လိုက်ပါလာသော အဆင့်မြင့်ဇွန်ဘီရုပ်သေး အချို့မှာမူ ဟန်ချက်မထိန်းနိုင်တော့ဘဲ လှိုင်းလုံးကြီးများ၏ ရိုက်ပုတ်မှုကြောင့် ပင်လယ်ထဲသို့ တိုက်ရိုက် လွင့်စင်ကျသွားကြသည်။

ကံကောင်းထောက်မစွာပင် လုချွမ်းက ပျံသန်းနိုင်သော ဇွန်ဘီတပ်ဖွဲ့ကို အချိန်မီစေလွှတ်၍ ကယ်ဆယ်စေခဲ့သဖြင့် ရေထဲသို့ကျသွားသူတိုင်းကို ချက်ချင်း ပြန်လည်ဆယ်ယူနိုင်ခဲ့သည်။

အမှန်စင်စစ် ပင်လယ်သတ္တဝါဇွန်ဘီများ၏ အရွယ်အစားမှာ သေးငယ်လွန်းသည်။ လှိုင်းလေထန်သော ပင်လယ်ပြင်တွင် ခရီးနှင်နိုင်သော်လည်း လိပ်ခွံပေါ်တွင် တည်ငြိမ်စွာ နေနိုင်ရန်မှာမူ ခဲယဉ်းလှသည်။

သို့သော် မျိုးဗီဇပြောင်းဧရာမလိပ်ကြီးမှာမူ ကွဲပြားခြားနားလှသည်။ အဆင့် ၇ သို့ တက်လှမ်းထားပြီးဖြစ်သော ၎င်း၏ ဧရာမခန္ဓာကိုယ်နှင့် လိပ်ခွံကြီးမှာ တောင်ကုန်းငယ်တစ်ခုကဲ့သို့ပင် ဖြစ်ရာ ဤကဲ့သို့သော လှိုင်းလေများကြားတွင်ပင် လုချွမ်းတို့ သုံးယောက်လုံးကို တည်ငြိမ်စွာ သယ်ဆောင်ထားနိုင်သည်။

ထို့အပြင် ဧရာမလိပ်ကြီးမှာ အဖွဲ့၏ အတွင်းပိုင်းတွင် ရှိနေပြီး ပတ်ပတ်လည်၌ ပင်လယ်သတ္တဝါဇွန်ဘီ အမြောက်အမြားက ဝန်းရံထားသဖြင့် လှိုင်းတံပိုးများ၏ အရှိန်အဟုန်ကို ငါးဆယ်ရာခိုင်နှုန်းခန့်အထိ လျှော့ချပေးထားနိုင်ရာ ဧရာမလိပ်ကြီးထံသို့ ရောက်ရှိချိန်တွင်မူ မည်သို့မျှ အန္တရာယ်မပြုနိုင်တော့ချေ။

"ဝူး... ဝူး... ဝူး..."

လုချွမ်းနှင့် သူ၏အဖော်များသည် ဧရာမလိပ်ကြီး၏ ကျောပေါ်မှနေ၍ ပတ်ဝန်းကျင်ကို သတိကြီးစွာ စောင့်ကြည့်နေစဉ် ဝေးလံလှသော ပင်လယ်ပြင်ထက်မှ ထူးဆန်းသော အသံပေါင်းစုံ ရိုက်ခတ်လာခဲ့သည်။

သူတို့ သုံးယောက်လုံး အသံလာရာဘက်သို့ ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။

တဂျိန်းဂျိန်း မြည်သံကြီးနှင့်အတူ အဝေးရှိ ပင်လယ်ပြင်ထက်တွင် ရုတ်တရက်ဆိုသလို တောင်ကုန်းသဖွယ် မြင့်မားသော ဧရာမလှိုင်းလုံးကြီးများ ပေါ်ထွက်လာသည်။

ထိုလှိုင်းထိပ်များမှာ မှောင်မှိန်နေသော ကောင်းကင်ယံကိုပင် ထိလုနီးပါး ဖြစ်နေပြီး ကြီးမားလှသော အရှိန်အဟုန်ကြီးဖြင့် လိမ့်တက်လာတော့သည်။

တစ်ချိန်တည်းမှာပင် မီတာနှစ်ဆယ်ခန့် မြင့်မားသော ထိုလှိုင်းလုံးကြီးမှာ ပင်လယ်ပြင်ကို ဖြတ်ကျော်လျက် လုချွမ်းတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။

လုချွမ်းသည် ထိုဧရာမလှိုင်းလုံးကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ ထိုလှိုင်းလုံးကြီးသာ သူတို့အပေါ်သို့ ရိုက်ချလိုက်ပါက အဆင့် ၆ ထက်မပိုသော ပင်လယ်သတ္တဝါဇွန်ဘီများမှာ ဤဒီလှိုင်းလုံးကြီးနှင့်ယှဉ်လျှင် သေးငယ်လွန်းလှသဖြင့် အကုန်အစင် နစ်မြုပ်သွားပေလိမ့်မည်။

လုချွမ်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ပြီး အဆင့်မြင့်ဇွန်ဘီများကို သယ်ဆောင်ထားသည့် ပင်လယ်သတ္တဝါဇွန်ဘီများကို ယာဉ်တန်း၏ နောက်ဆုံးသို့ ဆုတ်ခွာစေကာ ကျန်ရှိနေသော အင်အားစုများကိုမူ ဧရာမလိပ်ကြီးနှင့်အတူ ရှေ့သို့ ချီတက်ရန် စေခိုင်းလိုက်သည်။

"ချီချီ... ဧရာမလိပ်ကြီးကို အမိန့်ပေးလိုက်စမ်း။ ရှေ့ဆုံးကနေ ဦးဆောင်ပြီး ပြေးဝင်လာတဲ့ လှိုင်းလုံးကြီးတွေကို တိုက်ခိုက်ချေဖျက်ခိုင်းလိုက်"

လုချွမ်းက ကျိရုရွှယ်ဘက်သို့ လှည့်၍ ပြောလိုက်သည်။

"ဟုတ်ကဲ့ ဖေဖေ"

ကျိရုရွှယ်က ဧရာမလိပ်ကြီးကို ချက်ချင်း အမိန့်ပေးလိုက်သည်။

အမိန့်ရသည်နှင့် ဧရာမလိပ်ကြီးမှာ လှံတစ်စင်းအလား အဖွဲ့၏ ရှေ့ဆုံးသို့ ထွက်ပေါ်လာပြီး ကျန်ရှိသော ပင်လယ်သတ္တဝါဇွန်ဘီများကို ဘေးတစ်ဖက်တစ်ချက်တွင် ဖြန့်ခွဲကာ ဝင်ရောက်လာသော လှိုင်းလုံးကြီးများကို အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။

နောက်ဆုံးတွင်မူ လုချွမ်းနှင့် သူ၏အဖော်များသည် ဤမျှကြီးမားသော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည့် အရာက ဘာလဲဆိုသည်ကို အတပ်သိလိုက်ကြရသည်။

၎င်းမှာ လှိုင်းတံပိုးများကြားတွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသော ဓားရှည်နှုတ်သီးငါးများပင်။

ရေတွက်၍ပင် မရနိုင်အောင် များပြားလှသော ထိုငါးများမှာ အလျားဆယ်မီတာခန့် ရှိကြပြီး ရှေ့တွင် ချွန်ထက်သော နှုတ်သီးများ ပါရှိကြသည်။ သူတို့သည် သူတို့၏ ထက်မြက်သော ဆူးတောင်များကို အသုံးပြု၍ ပင်လယ်ပြင်ကို လျင်မြန်စွာ ခွဲဖြတ်လျက် ရှိကြသည်။

ယခုအခါ ဤမျိုးဗီဇပြောင်း ဓားရှည်နှုတ်သီးငါးများသည် သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် အုပ်စုလိုက် ပူးပေါင်းဆောင်ရွက်မှု အပေါ်၌သာ အခြေခံလျက် ဤကဲ့သို့သော ဧရာမလှိုင်းလုံးကြီးများကို ဖန်တီးနိုင်သည့် အံ့ဖွယ်စွမ်းရည်ကို ပြသနေခြင်းပင်။

"ဝူးး.. "

ပြေးဝင်လာသော ဒီလှိုင်းလုံးကြီးများနှင့် ဓားရှည်နှုတ်သီးငါးများကို ရင်ဆိုင်ရာတွင် ကြံ့ခိုင်လှသော မျိုးဗီဇပြောင်းဧရာမလိပ်ကြီးသည် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်ပြီး မဆုတ်မနစ်သော ဇွဲလုံ့လ၊ အတားအဆီးမဲ့သော ရေစွမ်းအားတို့နှင့်အတူ ရှေ့သို့ အရှိန်အဟုန်

ဖြင့် ပြေးဝင်တိုက်ခိုက်လိုက်၏။

ဘုန်း...

ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့်မြေကြီး တစ်စစီကွဲအက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သမုဒ္ဒရာကြီးမှာလည်း ပြင်းထန်စွာ တုန်ခါသွားတော့သည်။

ဓားရှည်နှုတ်သီးငါးအုပ်စု ဖန်တီးထားသော မီတာနှစ်ဆယ်မြင့်သည့် ဧရာမလှိုင်းလုံးကြီးမှာ အစပိုင်းတွင် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ယခုမူ နားကွဲမတတ် အသံကြီးများနှင့်အတူ အားနည်းစွာ ပြိုကွဲပျက်စီးသွားခဲ့ရသည်။

နဂိုက တလိမ့်လိမ့်တက်နေသော လှိုင်းလုံးကြီးများမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး ၎င်းအတွင်း၌ ပါဝင်နေသော မျိုးဗီဇပြောင်း ဓားရှည်နှုတ်သီးငါး အမြောက်အမြားမှာလည်း အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြသည်။

အင်အားနည်းသော ငါးများမှာမူ လှိုင်းလုံးကြီးများကြားမှ ဖိအားဒဏ်ကို မခံနိုင်ဘဲ အသားစိုင်များအဖြစ် ကြေမွသွားကာ ရေစီးကြောင်းနှင့်အတူ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

လိပ်ကြီး၏ ကျောပေါ်တွင်ရှိသော လုချွမ်းနှင့် အဖော်များသည် ဝရုန်းသုန်းကား ဖြစ်နေသော လှိုင်းလုံးကြီးများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တည်ငြိမ်သော မျက်နှာထားဖြင့် စောင့်ကြည့်နေကြသည်။

"ဝူး... ဝူး... ဝူး..."

ပြင်းထန်သော တိုက်ပွဲကြားမှ အသက်မသေဘဲ ကျန်ရစ်သော ဓားရှည်နှုတ်သီးငါးများသည် စူးရှသော အော်ဟစ်သံများကို ထုတ်လွှတ်လိုက်ကြသည်။ ထို့နောက် မကြာမီမှာပင် ၎င်းတို့သည် ပြန်လည်စုရုံးကာ မည်းမှောင်နေသော ငါးအုပ်စုကြီးအသွင်ဖြင့် မျိုးဗီဇပြောင်းဧရာမလိပ်ကြီးထံသို့ တစ်ဖန် ပြန်လည်ဦးတည်လာကြပြန်သည်။

တဂျိန်းဂျိန်း မြည်သံကြီးနှင့်အတူ အင်အားနည်းသော သတ္တဝါလေးများက သူ၏ ဂုဏ်သိက္ခာကို လာရောက်ထိပါးနေသဖြင့် ဒေါသထွက်သွားသော ဧရာမလိပ်ကြီးက နားကွဲမတတ် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ဧရာမခြေဖဝါးကြီးဖြင့် ပင်လယ်ရေမျက်နှာပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဘုန်း...

ခဏချင်းအတွင်းမှာပင် မီတာရာချီ အချင်းရှိသော ရေတိုင်ကြီးတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အရှိန်ဖြင့် ကူးခတ်နေသော ဓားရှည်နှုတ်သီးငါး အမြောက်အမြားကိုပါ အပေါ်သို့ သယ်ဆောင်သွားတော့သည်။

ဆက်လက်၍ ရေတိုင်ကြီးအတွင်းရှိ ရေစီးကြောင်းများသည် ထက်မြက်သော ဓားသွားများအဖြစ် ပြောင်းလဲသွားကာ အတွင်းရှိ ငါးများကို အသားနုတ်နုတ်စင်းသကဲ့သို့ ပိုင်းဖြတ်ပစ်လိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် မြင့်မားလှသော ရေတိုင်ကြီးမှာ သွေးရောင်များဖြင့် ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်ရှိ ရေပြင်မှာလည်း ပန်းနုရောင် သန်းသွားတော့သည်။

မကြာမီမှာပင် ကျန်ရှိနေသော ဓားရှည်နှုတ်သီးငါး အနည်းငယ်ကိုလည်း ဝန်းရံထားသော ပင်လယ်သတ္တဝါဇွန်ဘီများက အပြတ်အသတ် သုတ်သင်လိုက်ကြသည်။

ဤသို့ဖြင့် ဓားရှည်နှုတ်သီးငါးအုပ်စု တစ်စုလုံးမှာ မျိုးတုံးသလို ပျောက်ကွယ်သွားခဲ့ရပြီး ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားသော အနည်းငယ်မှလွဲ၍ ကျန်ရှိသော အမြုတေများကို လုချွမ်းက သိမ်းဆည်းလိုက်သည်။

"ဆက်သွားကြစို့ ဒီပင်လယ်သားရဲတွေက ကုန်နိုင်မှာမဟုတ်ဘူး"

တိုက်ပွဲတစ်ခု ပြီးဆုံးသွားသောအခါ လုချွမ်းသည် မတတ်သာသဖြင့် ခေါင်းခါယမ်းလိုက်ပြီး ကျိရုရွှယ်နှင့် ကျောက်လင်းတို့ကို ခေါ်ကာ ရှေ့သို့ ဆက်လက်ချီတက်ရန် ပြင်ဆင်လိုက်သည်။

"ခဏနေဦး လုချွမ်း... ရှေ့မှာ တစ်ခုခု ထူးခြားနေသလိုပဲ"

ဘေးတွင်ရှိသော ကျောက်လင်းက လုချွမ်းကို ဆွဲကာ ပင်လယ်ပြင်ဆီသို့ လက်ညှိုးထိုးပြရင်း လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

ကျောက်လင်း ပြသရာဘက်သို့ ကြည့်လိုက်သောအခါ လုချွမ်းသည် လူသားနှင့်တူသော သတ္တဝါအချို့ကို တွေ့လိုက်ရသည်။ ၎င်းတို့သည် မျိုးဗီဇပြောင်း ဧရာမငါးမန်းကြီးများကို စီးနင်းထားကြပြီး ရေစီးကြောင်းများကို ထိန်းချုပ်ကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်လာကြခြင်းပင်။

"ဖေဖေ... သူတို့က တခြားကမ္ဘာက ပင်လယ်မျိုးနွယ်စုဝင်ဖြစ်တဲ့ ရေသူမျိုးနွယ်တွေပဲ။ သူတို့က မွေးကတည်းက ရေစွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ပါလာသလို ပင်လယ်သားရဲတွေကိုလည်း စေခိုင်းပြီး တိုက်ပွဲဝင်နိုင်ကြတယ်။ သူတို့ကို သမုဒ္ဒရာရဲ့ သားတော်သမီးတော်တွေလို့တောင် တင်စားကြတာ။

ဒါပေမဲ့ ဒီမျိုးနွယ်စုက မွေးရာပါ ရက်စက်ကြမ်းကြုတ်ကြတယ်။ မြင်သမျှ သတ္တဝါမှန်သမျှကို အမဲလိုက်လေ့ရှိသလို အချင်းချင်းလည်း စနစ်တကျ ပူးပေါင်းဆောင်ရွက်တတ်ကြလို့ အတော်လေးကို ရင်ဆိုင်ရခက်တဲ့ ပြိုင်ဘက်တွေပဲ"

ဘေးတွင်ရှိသော ကျိရုရွှယ်က ရေသူမျိုးနွယ်များကို မြင်သည်နှင့် အလျင်အမြန် ရှင်းပြလိုက်သည်။

"ကောင်းပြီလေ... ဒါဆို ငါ့တာဝန်ထားလိုက်"

ပင်လယ်သတ္တဝါဇွန်ဘီများ၏ ကာကွယ်ရေးစည်းဝိုင်းအနီးသို့ ချဉ်းကပ်လာသော ရေသူမျိုးနွယ် တပ်မတော်ကို ကြည့်ရင်း လုချွမ်းက ခေါင်းညိတ်လိုက်သည်။

ထို့နောက် ပင်လယ်သတ္တဝါဇွန်ဘီ အမြောက်အမြားကို ရှေ့သို့ ပြေးထွက်၍ တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

တဂျိန်းဂျိန်း မြည်သံကြီးနှင့်အတူ ချက်ချင်းဆိုသလိုပင် နှစ်ဖက်တပ်ဖွဲ့များက ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကြပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားကာ ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားတော့သည်။

အခန်း။ ၅၂၆

တဂျိန်းဂျိန်း မြည်သံကြီးနှင့်အတူ တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး လုချွမ်း၏ ပင်လယ်သတ္တဝါဇွန်ဘီများရော၊ ရေသူမျိုးနွယ်စုဝင်များပါ စက္ကန့်နှင့်အမျှ အတုံးအရုံး ကျဆုံးနေကြသည်။

လှိုင်းတံပိုးများ ထနေသော ရေပြင်ထက်တွင် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော အလောင်းများမှာ နေရာအနှံ့ မျောပါနေပြီး သမုဒ္ဒရာ၏ အစိတ်အပိုင်းတစ်ခုမှာ သွေးရောင်လွှမ်းသွားတော့သည်။ ပြင်းထန်လှသော သွေးညှီနံ့မှာ ပင်လယ်၏ ဆားငန်နံ့ကိုပင် ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်ထက်တွင် ပင်လယ်သတ္တဝါဇွန်ဘီများ၏ ဟိန်းဟောက်သံနှင့် ရေသူမျိုးနွယ်တို့၏ အော်ဟစ်သံများ ရောယှက်နေပြီး သွေးစွန်းသော တေးသွားတစ်ခုသဖွယ် ဖြစ်ပေါ်နေသည်။

နှစ်ဖက်စလုံး အသေအပျောက် များပြားနေသော်လည်း ခြုံငုံကြည့်လျှင် ဤတိုက်ပွဲတွင် လုချွမ်း၏ဘက်က အသာစီးရနေသည်။

လုချွမ်း၏ ပင်လယ်သတ္တဝါဇွန်ဘီများသည် ရေသူမျိုးနွယ်များ စီးနင်းထားသော မျိုးဗီဇပြောင်း ဧရာမငါးမန်းများထက် အရွယ်အစား သိသိသာသာ ကြီးမားသောကြောင့် ထိပ်တိုက်

ရင်ဆိုင်ရာတွင် အားသာချက်ရှိနေသည်။

အထူးသဖြင့် ပင်လယ်သတ္တဝါဇွန်ဘီများတွင် လေးလံပြီး မာကျောလှသော လိပ်ခွံများ ရှိနေသောကြောင့် စူးရှသော သွားများရှိသည့် ငါးမန်းကြီးများမှာ သူတို့၏ ခံစစ်ကို ဖောက်ထွက်ရန် ခဲယဉ်းလှသည်။

ရလဒ်အနေဖြင့် တိုက်ပွဲအတွင်း ပင်လယ်သတ္တဝါဇွန်ဘီ တစ်ကောင်တည်းကပင် ရေသူမျိုးနွယ် သုံး၊ လေးဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို အလွယ်တကူ တုံ့ပြန်နိုင်သည်။

သို့သော်လည်း ရေသူမျိုးနွယ်မှာ ခံစစ်ကောင်းသော လိပ်ဇွန်ဘီများကို ရင်ဆိုင်ရာတွင် လုံးဝ လက်မဲ့ဖြစ်မနေပေ။ ရေသူမျိုးနွယ်တိုင်းသည် အပြာရောင်သတ္တုဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့် ခက်ရင်းရှည်များကို ကိုင်ဆောင်ထားကြသည်။

ထိုအပြာရောင်ခက်ရင်းများမှာ အလွန်တရာ ထက်မြက်ပုံပင်။ အခွင့်အရေးရတိုင်း ရေသူမျိုးနွယ်တို့သည် စွမ်းအင်အမြောက်အမြားကို အသုံးပြု၍ ထိုခက်ရင်းများကို ချက်ချင်း ပစ်

လွှတ်ကြသည်။

တစ်ချက်ထိမှန်ရုံဖြင့် ပင်လယ်သတ္တဝါဇွန်ဘီများ၏ မာကျောသော လိပ်ခွံများမှာပင် အက်ကွဲကြောင်းများ ချက်ချင်း ထင်ကျန်ရစ်တော့သည်။

အက်ကွဲကြောင်းကို မြင်သည်နှင့် ဝိုင်းရံထားသော ရေသူမျိုးနွယ်များသည် သူတို့၏ ဧရာမငါးမန်းများကို စေခိုင်းကာ လိပ်ခွံ လုံးဝကွဲအက်သွားသည်အထိ ထိုနေရာကိုပင် အရှိန်အဟုန်ဖြင့် စုပြုံ၍ တိုက်ခိုက်ကြသည်။

လိပ်ခွံ၏ အကာအကွယ် မရှိတော့သောအခါ ပင်လယ်သတ္တဝါဇွန်ဘီများ၏ လေးလံထိုင်းမှိုင်းသော ခန္ဓာကိုယ်မှာ အားနည်းချက် ဖြစ်လာတော့သည်။

ရေသူမျိုးနွယ်များမှာ ဤအချက်ကို ကောင်းစွာ သတိပြုမိကြသဖြင့် လိပ်ခွံမရှိတော့သော ဇွန်ဘီများကို ထိပ်တိုက်မရင်ဆိုင်တော့ဘဲ ဘေးတစ်စောင်းမှနေ၍ အကာအကွယ်မဲ့သော နေရာများကိုသာ ရွေးချယ်၍ တိုက်ခိုက်ကြသည်။

ရေသူမျိုးနွယ်အချို့၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် ဒဏ်ရာအပြင်းအထန်ရထားသော လိပ်ခွံမဲ့ဇွန်ဘီများမှာ လျင်မြန်စွာပင် သေဆုံးကုန်ကြသည်။

သို့သော်လည်း ဤနည်းလမ်းမှာ ပင်လယ်သတ္တဝါဇွန်ဘီများကို ကိုင်တွယ်ရန် ထိရောက်သော်လည်း အလုပ်ဖြစ်နှုန်းမှာ အလွန်နှေးကွေးလွန်းနေသေးသည်။ ပုံမှန်အားဖြင့် ပင်လယ်သတ္တဝါဇွန်ဘီ တစ်ကောင်သည် ရေသူမျိုးနွယ် ဆယ်ဂဏန်းကျော်နှင့် သူတို့၏ ငါးမန်းများကို သုတ်သင်ပြီးမှသာ ရေသူမျိုးနွယ်တို့၏လက်တွင် ကျဆုံးသွားခြင်းပင်။

ပင်လယ်သတ္တဝါဇွန်ဘီများက ပါးစပ်ကို ဟလိုက်လျှင် အံ့ဩစရာကောင်းလောက်အောင် ကြီးမားလှပြီး ရေသူမျိုးနွယ်နှင့် သူစီးနင်းလာသော ငါးမန်းကြီးကိုပါ တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်နိုင်ကြသည်။

"ကာ….ခါ... "

သို့သော်လည်း အရေးနိမ့်နေသည့်တိုင် ရက်စက်ကြမ်းကြုတ်လှသော ရေသူမျိုးနွယ်များသည် နောက်ဆုတ်မည့် အရိပ်အယောင် လုံးဝမပြပေ။ သူတို့သည် လုချွမ်း၏ ပင်လယ်သတ္တဝါဇွန်ဘီများကို ဆက်လက်၍ ပြင်းထန်စွာ တိုက်ခိုက်နေကြဆဲပင်။

အထူးသဖြင့် သူတို့ထဲမှ အဆင့် ၇ ရှိသော ရေသူမျိုးနွယ် လေးဦးမှာ သေခြင်းတရားကို မကြောက်မရွံ့ဘဲ ပင်လယ်သတ္တဝါဇွန်ဘီ ဒါဇင်ပေါင်းများစွာ၏ ဝိုင်းရံမှုကို ရင်ဆိုင်ရင်း တစ်ကောင်ပြီးတစ်ကောင်ကို သတ်ဖြတ်နေကြသည်။

မျိုးဗီဇပြောင်းဧရာမလိပ်ကြီးပေါ်တွင် ထိုင်နေသော လုချွမ်းသည် ထိုရေသူမျိုးနွယ် လေးဦးကို လျင်မြန်စွာ သတိပြုမိသွားပြီး ၎င်းတို့ကို ကိုင်တွယ်ရန်အတွက် အဆင့် ၈ ရှိသော မီးလျှံ ၁နှင့် မီးလျှံ ၂တို့ကို ချက်ချင်း စေလွှတ်လိုက်တော့သည်။

အမိန့်ရသည်နှင့် တစ်ပြိုင်နက် နောက်တန်းတွင် ရှိနေသော မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့သည် ကောင်းကင်ယံသို့ တူညီစွာ ပျံတက်သွားကြပြီး ကောင်းကင်ကို ခွဲဖြတ်ကာ အနီရောင် အလင်းတန်း နှစ်ခုအသွင်ဖြင့် ပင်လယ်သတ္တဝါဇွန်ဘီများကြားတွင် သောင်းကျန်းနေသော ရေသူမျိုးနွယ် လေးဦးထံသို့ ဦးတည်နှက်လိုက်ကြသည်။

ထိုအချိန်တွင် အဆင့် ၇ ရှိသော ရေသူမျိုးနွယ် လေးဦးသည် သူတို့၏ အရှိန်အဝါများကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး သူတို့စီးနင်းထားသော အဆင့် ၇ မျိုးဗီဇပြောင်း ဧရာမငါးမန်းကြီးများကို စေခိုင်းကာ ချဉ်းကပ်လာသော လိပ်ဇွန်ဘီများကို ပြင်းထန်စွာ တိုက်ခိုက်စေတော့သည်။

သူတို့လက်ထဲရှိ အပြာရောင်သတ္တုခက်ရင်းများ၏ ဒဏ်ချက်မှာ ပင်လယ်သတ္တဝါဇွန်ဘီတစ်ကောင်၏ လိပ်ခွံကို တစ်ချက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာ ဖြစ်စေပြီး အတွင်းသားများအထိ နက်ရှိုင်းစွာ ထိုးဖောက်နိုင်စွမ်း ရှိသည်။

ခဏချင်းအတွင်းမှာပင် တိုးဝင်လာသော ပင်လယ်သတ္တဝါဇွန်ဘီ လေးကောင်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားတော့သည်။ ထိုအချိန်တွင် ရေသူမျိုးနွယ်များ၏ အောက်ရှိ ငါးမန်းကြီးများက အခွင့်ကောင်းယူကာ ထိုဇွန်ဘီများကို ကိုက်ခဲ၍ အလျင်အမြန် ဝါးမြိုပစ်လိုက်ကြသည်။

ထိုခဏ၌ပင် တောက်ပသော မီးလျှံများ ကျဆင်းလာပြီး အပူလှိုင်းများမှာ အထက်မှနေ၍ လိမ့်ဆင်းလာတော့သည်။

"ကာ…ခါ…ကာ... "

မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့ လျင်မြန်စွာ ဆင်းသက်လာသည်ကို မြင်သောအခါ ရေသူမျိုးနွယ် လေးဦးမှာ ကြီးမားသော အန္တရာယ်ကို ခံစားမိသွားကြသဖြင့် အလျင်အမြန် စုရုံးလိုက်ကြသည်။

ဘုန်း...

တစ်ပြိုင်နက်တည်းမှာပင် မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့သည် ပူးပေါင်းတိုက်ခိုက်လိုက်ကြရာ နီရဲတောက်ပသော မီးလုံးကြီး တစ်လုံး ဖြစ်ပေါ်လာသည်။ သို့သော် ထိုထူးဆန်းသော မီးလုံးကြီးမှာ အပူရှိန်ရှိပုံမရဘဲ အဆင့် ၈ ဇွန်ဘီရုပ်သေး နှစ်ကောင်၏ ရှေ့တွင် တည်ငြိမ်စွာ လွင့်မျောနေသည်။

၎င်းမှာ ထိုဇွန်ဘီနှစ်ကောင်၏ သွေးပင်လယ်မီးလျှံစွမ်းရည်ကို ရိုးရှင်းစွာ အသုံးချလိုက်ခြင်းပင်။

နောက်တစ်စက္ကန့်တွင် မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့၏ ထိန်းချုပ်မှုအောက်၌ ငြိမ်သက်နေသော အနီရောင်မီးလုံးကြီးမှာ ရုတ်တရက် လှုပ်ရှားလာတော့သည်။

ရှူး... ရှူး... ရှူး...

နီရဲသော မီးလျှံများဖြင့် ဖွဲ့စည်းထားသည့် သံကြိုးများသည် မီးလုံးကြီးအတွင်းမှ အရှိန်အဟုန်ဖြင့် ပြေးထွက်လာပြီး ကောင်းကင်ယံတွင် ကခုန်လျက် အောက်ဘက်ရှိ ရေသူမျိုးနွယ် လေးဦးထံသို့ ဦးတည်သွားတော့သည်။

ထိုရေသူမျိုးနွယ် လေးဦးမှာလည်း ဤတိုက်ကွက်မှာ သာမန်မဟုတ်ကြောင်း သိရှိသဖြင့် ကောင်းကင်သို့ မော့၍ ဒေါသတကြီး ဟိန်းဟောက်ကာ သူတို့၏ ခွန်အားအားလုံးကို စုစည်းလိုက်ကြသည်။

သူတို့လက်ထဲရှိ သတ္တုခက်ရင်းများသည် တောင်တစ်လုံးခန့် ကြီးမားသော လက်နက်စွမ်းအားပုံရိပ်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး တိုးဝင်လာသော မီးလျှံသံကြိုးများကို ရစ်ပတ်တားဆီးရန် ကြိုးစားလိုက်သည်။

မထင်မှတ်ထားသည်မှာ ထို သွေးမီးလျှံသံကြိုးများမှာ အလွန်တရာ လျင်မြန်ဖြတ်လတ်လွန်းသည်။ လက်နက်ပုံရိပ်နှင့် ထိတွေ့ခါနီးအချိန်တွင် လမ်းကြောင်း အနည်းငယ် ပြောင်းလဲလိုက်ပြီး လက်နက်ပုံရိပ်ကို ကျော်လွန်ကာ ရေသူမျိုးနွယ် လေးဦး၏ ခန္ဓာကိုယ်များထံသို့ ရစ်ပတ်လိုက်တော့သည်။

ရေသူမျိုးနွယ်များမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် သွေးမီးလျှံများ စတင်တောက်လောင်တော့သည်။ ထိုမီးလျှံများသည် သူတို့၏ အသားစိုင်များကို လောင်စာအဖြစ် အသုံးပြုကာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်။

"အား... "

ခဏချင်းအတွင်းမှာပင် ထိုရေသူမျိုးနွယ် လေးဦး၏ ပါးစပ်မှ ကြောက်မက်ဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သူတို့သည် ထိုမီးလျှံများကို မည်သို့ပင် ငြှိမ်းသတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ပေ။ သွေးမီးလျှံများမှာ ပိုမိုပြင်းထန်လာခဲ့သည်။

မကြာမီမှာပင် ရေသူမျိုးနွယ်များ၏ ကိုယ်ပေါ်မှ မီးလျှံများသည် အောက်ရှိ ဧရာမငါးမန်းကြီးများထံသို့ ကူးစက်သွားတော့သည်။ ပင်လယ်ရေအောက်ထဲတွင် ရောက်နေသည့်တိုင် ထိုမီးလျှံများမှာ ငြိမ်းသတ်၍မရဘဲ ဆက်လက်တောက်လောင်နေသဖြင့် သနားစဖွယ် ငါးမန်းကြီးများမှာ နာကျင်စွာ ရုန်းကန်ရင်း ညည်းတွားသံများ ထွက်ပေါ်နေတော့သည်။

မကြာမီမှာပင် အဆင့် ၇ ရေသူမျိုးနွယ် လေးဦးနှင့် ငါးမန်းကြီး လေးကောင်လုံးမှာ သွေးမီးလျှံများအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားကြလေတော့သည်။

ဧရာမလိပ်ကြီးပေါ်တွင် တိုက်ပွဲရလဒ်ကို ကြည့်နေရင်း ကျိရုရွှယ်၏ မျက်လုံးများမှာ တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဝင်းလက်သွားသည်။

သူမက လုချွမ်းကို လှည့်၍ သတိပေးလိုက်သည်။

"ဖေဖေ... ရေသူမျိုးနွယ်တွေရဲ့ ကိုယ်ထဲမှာ ရေသူပုလဲတွေ ရှိတယ်ဆိုတာ သမီး မှတ်မိတယ်။ အဲဒါတွေကို အများကြီး စားရင် လှိုင်းတံပိုးတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရနိုင်တယ်..."

"ပြီးတော့ ပင်လယ်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး အသက်ရှူလို့လည်း ရတယ်။ ခဏနေရင် အဲဒါတွေကို သိမ်းဖို့ မမေ့နဲ့ဦးနော်"

ထိုစကားကို ကြားသောအခါ လုချွမ်း၏ မျက်လုံးများမှာလည်း အသိတစ်ခု ရသွားသကဲ့သို့ တောက်ပသွားသည်။ ဤရေသူပုလဲများသာ ရှိပါက သူတို့ သုံးယောက်လုံးသည် ဧရာမလိပ်ကြီးကို အားကိုးစရာမလိုဘဲ ပင်လယ်ပြင်တွင် အနှောင့်အယှက်ကင်းစွာ သွားလာနိုင်မည်ပင်။

"ကောင်းပြီလေ... ဒါကို ငါ မှတ်ထားလိုက်မယ်"

လုချွမ်းက ကျိရုရွှယ်ကို ခေါင်းညိတ်ပြလိုက်သည်။

အဆင့် ၇ ရေသူခေါင်းဆောင် လေးဦး ကျဆုံးသွားပြီးနောက်တွင်မူ တိုက်ပွဲ၏ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားတော့သည်။ မကြာမီမှာပင် ရေသူမျိုးနွယ် တစ်ခုလုံး သုတ်သင်ခြင်း ခံလိုက်ရသည်။ သူတို့သည် သေအံ့ဆဲဆဲအထိ တစ်ယောက်မျှ နောက်ဆုတ်မသွားခဲ့ကြပေ။

လုချွမ်းသည် ရေသူပုလဲများကို သတိရကာ သူ၏ ဇွန်ဘီရုပ်သေးများကို စစ်တလင်း ရှင်းလင်းရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ အထူးသဖြင့် နောင်တွင် သူတို့ ပင်လယ်ပြင်၌ လွတ်လပ်စွာ သွားလာနိုင်ရန်အတွက် အလွန်အရေးကြီးသော ရေသူပုလဲများကို ရှာဖွေစုဆောင်းစေလိုက်သည်။

မကြာမီမှာပင် အဆင့် ၆ ရေသူပုလဲများ အပြည့်ထည့်ထားသော အိတ်ကြီး အချို့မှာ ဧရာမလိပ်ကြီး၏ ကျောပေါ်သို့ ရောက်ရှိလာတော့သည်။

All Chapters