အခန်း (၅၂၇-၅၂၈)
Vol. 53 Ch. 527-528
အခန်း။ ၅၂၇
"အဆင့် ၆ ရေသူပုလဲတွေ အကုန်ဒီမှာပဲ။ မလောကြနဲ့ဦး... အရင်ဆုံး ငါပဲ စမ်းကြည့်လိုက်မယ်"
ရေသူပုလဲတွေကို လှမ်းယူတော့မည့် ကျိရုရွှယ်နှင့် ကျောက်လင်းတို့ကို လုချွမ်းက ချက်ချင်း တားလိုက်သည်။ မတော်တဆ တစ်စုံတစ်ခု ဖြစ်လာမှာ စိုးရိမ်သဖြင့် သူကိုယ်တိုင် အရင်စမ်းသပ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
နောက်ဆုံးတော့လည်း သူ့မှာ ဒဏ်ရာတွေကို ခံယူပေးမည့် ဇွန်ဘီရုပ်သေး ဆယ်ကောင် ရှိနေသည်မဟုတ်ပါလား။ ပြဿနာတစ်ခုခု ရှိခဲ့ရင်တောင် သူတို့က ကူညီပေးနိုင်မှာဖြစ်လို့ အဆင်ပြေမည်ဟု သူ ယုံကြည်ထားသည်။
ကျိရုရွှယ်နှင့် ကျောက်လင်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် လက်ကို ရုပ်သိမ်းလိုက်ကြပြီး လုချွမ်းကိုသာ အာရုံစိုက်ကြည့်နေကြတော့သည်။ ကျိရုရွှယ်သည် ရေသူပုလဲ၏ အာနိသင်ကို သိထားသော်လည်း ယခင်ဘဝတုန်းက ကြားဖူးနားဝသာ ရှိခဲ့ပြီး ကိုယ်တိုင် မစမ်းဖူးခဲ့ပေ။ အခြား ဘေးထွက်ဆိုးကျိုးများ ရှိမရှိကိုလည်း သူမ သေချာမသိချေ။
ထိုအချိန်တွင် လုချွမ်းသည် ဇွန်ဘီဘုရင် စွမ်းအားကို အသုံးပြု၍ ရေစီးကြောင်းတစ်ခုဖြင့် အိတ်ထဲမှ အဆင့် ၆ ရေသူပုလဲတစ်လုံးကို မြှောက်ယူကာ လက်ထဲတွင် ကိုင်လိုက်သည်။
ဤရေသူပုလဲမှာ ခိုဥခန့်သာ ရှိပြီး တစ်ကိုယ်လုံးမှာ ဖန်လုံးတစ်လုံးအလား အပြာရောင် တောက်ပနေသည်။
ရေစီးကြောင်းဖြင့် အပေါ်ယံ အညစ်အကြေးနှင့် သွေးကွက်များကို ဆေးကြောပြီးနောက်တွင်မူ ၎င်း၏ အပြင်ဘက်မှာ အလွန်ပင် ပြောင်လက်ချောမွတ်နေတော့သည်။
လက်ထဲရှိ ရေသူပုလဲကို ကြည့်ပြီးနောက် လုချွမ်းသည် ၎င်းကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ရေသူပုလဲမှာ ပါးစပ်ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် လန်းဆန်းသော လေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ လှည့်ပတ်သွားသည်။
လုချွမ်းသည် နှစ်ပေါင်းများစွာ တင်နေသော ဖုန်မှုန့်များကို သုတ်သင်လိုက်သကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ပေါ့ပါးသွားကာ ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်သွားသလို ခံစားလိုက်ရသည်။
သို့သော်လည်း ထိုအေးမြသော စီးကြောင်း လုံးဝ ပျောက်ကွယ်သွားသည့်တိုင် လုချွမ်းသည် လှိုင်းတံပိုးများကို ထိန်းချုပ်နိုင်စွမ်း သို့မဟုတ် ရေထဲတွင် အသက်ရှူနိုင်စွမ်းကို မရရှိသေးပေ။
ရေသူပုလဲ ပမာဏ မလုံလောက်သေးခြင်းကြောင့် ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် လုချွမ်းသည် အိတ်ထဲမှ နောက်ထပ် ပုလဲအချို့ကို ရေဖြင့် ဆွဲယူဆေးကြောကာ ဆက်တိုက် စားသုံးလိုက်တော့သည်။
ချက်ချင်းပင် ရေသူပုလဲများမှာ အေးစက်သော စီးကြောင်းများအဖြစ် ပြောင်းလဲကာ သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားသည်။
ရေသူပုလဲ အလုံးသုံးဆယ်နီးပါး စားပြီးနောက်တွင်မူ လုချွမ်းသည် သက်ဆိုင်ရာ စွမ်းရည်များကို နောက်ဆုံးတွင် ရရှိခဲ့ပြီဖြစ်သည်။
နောက်ဆုံးတစ်လုံးကို စားပြီးနောက် လုချွမ်းသည် သူ၏ ပတ်ဝန်းကျင်ကို အာရုံခံနိုင်ရန် မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင်မူ သူ၏ နှုတ်ခမ်းအစုံမှာ မသိမသာ ကွေးညွတ်သွားတော့သည်။
ယခုအခါ သူသည် ပင်လယ်ပြင်ကြီးက သူ့ကို ခေါ်ယူနေသကဲ့သို့ တစ်မျိုး ပတ်ဝန်းကျင်ရှိ လှိုင်းတံပိုးများက သူ့အပေါ် ခင်မင်ရင်းနှီးမှု ပြနေသကဲ့သို့ တစ်ဖုံ ထူးခြားစွာ အာရုံခံနေရသည်။ ရေသူပုလဲမှ ပေးအပ်သော စွမ်းအားများမှာ အမှန်တကယ်ပင် အာနိသင် ပြလာပြီဖြစ်သည်။
"မင်းတို့ ဒီမှာ ခဏစောင့်ဦး... ငါ စမ်းသပ်ကြည့်လိုက်ဦးမယ်"
အာနိသင်ကို စမ်းသပ်ချင်သဖြင့် လုချွမ်းသည် ထိုနှစ်ယောက်ကို မှာကြားပြီးနောက် လိပ်ကြီး၏ ကျောပေါ်မှနေ၍ သမုဒ္ဒရာထဲသို့ ခုန်ချလိုက်သည်။
လုချွမ်း၏ ခန္ဓာကိုယ်မှာ ပင်လယ်ထဲသို့ ကျဆင်းပြီး နစ်မြုပ်သွားသင့်သော်လည်း ထိုခဏ၌ပင် သူသည် ရေမျက်နှာပြင်ပေါ်တွင် တည်ငြိမ်စွာ လွင့်မျောနေတော့သည်။ အောက်ဘက်ရှိ ပင်လယ်လှိုင်းတံပိုးများမှာ မြေပြင်ကဲ့သို့ပင် မာကျောနေပြီး လုချွမ်းကို အဆက်မပြတ် ထောက်ပံ့ပေးထားသည်။
စိတ်ကျေနပ်သွားသော လုချွမ်းသည် သူ၏ စိတ်ကို စုစည်းလိုက်ရာ အောက်ခြေနှင့် ပတ်ဝန်းကျင်ရှိ လှိုင်းတံပိုးများသည် ချက်ချင်းပင် စုရုံးလာကြပြီး သူ့ကို ရေမျက်နှာပြင်ထက်တွင် အရှိန်အဟုန်ဖြင့် ရှေ့သို့ တွန်းပို့ပေးလိုက်ကြသည်။
"မိုက်တယ်... လှိုင်းတံပိုးတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားက အံ့ဩစရာပဲ"
လေတိုးသံများကို ခံစားရင်း လုချွမ်းသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။ သူ၏ အရှိန်မှာ သာမန် ပင်လယ်သားရဲများထက်ပင် သာလွန်နေကြောင်း သူ သိလိုက်ရသည်။
ကျိရုရွှယ်နှင့် ကျောက်လင်းတို့၏ အကြည့်အောက်တွင် လုချွမ်းသည် မျိုးဗီဇပြောင်းဧရာမလိပ်ကြီးကို အကြိမ်အနည်းငယ် ပတ်၍ ကူးခတ်ပြပြီးနောက်တွင်မူ ရပ်တန့်လိုက်လေတော့သည်။
ဗွမ်း...
လွတ်လွတ်လပ်လပ် အသက်ရှူနိုင်သည့် စွမ်းရည်ကို မစမ်းသပ်ရသေးသည်ကို သတိရကာ လုချွမ်းသည် သမုဒ္ဒရာထဲသို့ ခေါင်းစိုက်ငုပ်ဆင်းလိုက်သည်။
ရေအောက်တွင်မူ လှိုင်းတံပိုးများကို ထိန်းချုပ်နိုင်စွမ်းရှိသော်လည်း ရေ၏ခုခံမှုကြောင့် သူ၏အရှိန်မှာ သိသိသာသာ နှေးကွေးသွားသည်ကို လုချွမ်း သတိပြုမိလိုက်သည်။ သို့သော်လည်း ရေအောက်တွင် အသက်ရှူနိုင်သည့် စွမ်းရည်မှာ အမှန်တကယ် အလုပ်လုပ်ကြောင်း လုချွမ်း အတည်ပြုနိုင်ခဲ့သည်။ သူသည် ရေအောက်တွင် ၁၅ မိနစ်နီးပါး ကြာအောင် နေထိုင်ခဲ့သော်လည်း ကုန်းပေါ်တွင်ရှိနေသကဲ့သို့ပင် ထူးမခြားနားဘဲ ပုံမှန်အတိုင်းပင် ဖြစ်နေသည်။
ဘုန်း...
စမ်းသပ်မှု ပြီးဆုံးသွားသောအခါ လုချွမ်းသည် ရေအောက်မှ ဒုံးပျံကဲ့သို့ ထိုးထွက်လာပြီး မြင့်မားသော လှိုင်းလုံးများကို နင်းကာ ဧရာမလိပ်ကြီး၏ ကျောပေါ်သို့ ဆင်းသက်လိုက်သည်။
ကျိရုရွှယ်နှင့် ကျောက်လင်းတို့မှာ သူ့ကို စောင့်ဆိုင်းနေသည်မှာ အတော်ပင် ကြာနေပြီဖြစ်သည်။
"ဖေဖေ... ပြန်လာပြီပဲ"
"ချီချီ... ကျောက်လင်း... ရေသူပုလဲတွေက အာနိသင် အပြည့်အဝရှိသလို ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။ စိတ်ချလက်ချ စားကြတော့"
သူတို့နှစ်ယောက်ကို ကြည့်ကာ လုချွမ်းက စိတ်အေးစေရန် ပြုံးပြလိုက်သည်။
"ဟုတ်ကဲ့"
သူတို့နှစ်ယောက်စလုံးက ပြိုင်တူထူးလိုက်ကြပြီး ရေသူပုလဲများကို စတင်ဝါးမြိုကြတော့သည်။ လုချွမ်းကလည်း တာဝန်သိစွာဖြင့် သူတို့အတွက် ပုလဲများကို ရေဖြင့် ဆေးကြောပေးခဲ့သည်။
မကြာမီမှာပင် တစ်ယောက်လျှင် ပုလဲအလုံး ၃၀ ကျော်စီ စားသုံးပြီးနောက် ကျိရုရွှယ်နှင့် ကျောက်လင်းတို့သည်လည်း လှိုင်းတံပိုးများကို ထိန်းချုပ်နိုင်စွမ်းနှင့် ရေအောက်တွင် လွတ်လပ်စွာ အသက်ရှူနိုင်စွမ်းတို့ကို ရရှိသွားကြသည်။
ဤကိစ္စ ပြီးစီးသွားချိန်တွင် ရှေ့တန်းစစ်မျက်နှာပြင်မှာလည်း ရှင်းလင်းသွားပြီဖြစ်ရာ လုချွမ်း၏ အမိန့်ဖြင့် တပ်ဖွဲ့တစ်ခုလုံး ချက်ချင်း ခရီးဆက်ခဲ့ကြသည်။
ယခုတစ်ကြိမ်တွင်မူ သူတို့ သုံးယောက်လုံး ဧရာမလိပ်ကြီးပေါ်တွင် စီးနင်းလိုက်ပါခြင်း မရှိတော့သဖြင့် ဧရာမလိပ်ကြီးမှာလည်း သူတို့ကို ငဲ့ညှာစရာမလိုတော့ဘဲ ပုံမှန်အရှိန်ဖြင့် တည်ငြိမ်စွာ သွားလာနိုင်ကာ ခရီးစဉ်အရှိန်မှာ သိသိသာသာ ပိုမိုမြန်ဆန်လာသည်။
အထူးသဖြင့် လုချွမ်း၊ ကျိရုရွှယ်နှင့် ကျောက်လင်းတို့အတွက်ပင်။
လှိုင်းတံပိုးစွမ်းအားကို အသုံးပြု၍ သူတို့သည် ဒုံးပျံများကဲ့သို့ လျင်မြန်စွာ ရွေ့လျားနိုင်ကြပြီး တပ်ဖွဲ့၏ ရှေ့ဆုံးမှနေ၍ ခရီးနှင်နေကြသည်။
ရှေ့သို့ ဆက်လက်ချီတက်ရာတွင် ပင်လယ်လှိုင်းတံပိုးများမှာ ဆက်လက်၍ ဝရုန်းသုန်းကား ဖြစ်နေဆဲဖြစ်ပြီး မြေကမ္ဘာကို တုန်ဟိန်းစေသော အသံကြီးများနှင့်အတူ အဆက်မပြတ် ရိုက်ခတ်နေသည်။
သို့သော် လှိုင်းတံပိုးများကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သော သူတို့ သုံးယောက်အတွက်မူ ဤမြင့်မားလှသော လှိုင်းလုံးကြီးများမှာ ဘေးအန္တရာယ် မဖြစ်စေဘဲ သာမန်လေပြေလေညှင်းများကဲ့သို့သာ ဖြစ်နေတော့သည်။
သူတို့သည် ဇွန်ဘီရုပ်သေးတပ်မတော်ကြီးကို ဦးဆောင်ကာ ဧရာမလှိုင်းလုံးကြီးတစ်ခုကို စီးနင်းလျက် ရှေ့သို့ တိုးဝင်နေကြသည်။
"ချီချီ... ရှေးဟောင်းအပျက်အစီးနေရာနဲ့ ငါတို့ အခု ဘယ်လောက်အကွာအဝေးမှာ ရှိနေပြီလဲ"
ရှေ့တွင် တစ်သမတ်တည်း မြင်တွေ့နေရသော ပင်လယ်ပြင်ကြီးကို ကြည့်ရင်း ကျောက်လင်းက စိတ်မရှည်စွာဖြင့် လှည့်မေးလိုက်သည်။
"အန်တီကျောက်လင်း... သွားဖို့ လိုပါသေးတယ်။ အကယ်၍ ပျင်းနေတယ်ဆိုရင် လိပ်ကြီးရဲ့ ကျောပေါ်မှာ ခဏသွားနားလို့ရပါတယ်"
ကျိရုရွှယ်က စိတ်ထဲတွင် တွက်ချက်ကြည့်ပြီးနောက် မတတ်သာသဖြင့် ရှင်းပြလိုက်သည်။
"မသွားတော့ပါဘူးလေ..."
နောက်ဆုံးတွင် ကျောက်လင်းက ခေါင်းခါယမ်းလိုက်သည်။
"ဖေဖေ... သတိထား အဆင့် ၈ ရှိတဲ့ သားရဲကြီးတစ်ကောင် ငါတို့ဆီကို အရှိန်အဟုန်နဲ့ ချဉ်းကပ်လာနေပြီ"
မထင်မှတ်ဘဲ ကျိရုရွှယ်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး သူမ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားကာ လုချွမ်းကို အကျယ်ကြီး သတိပေးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် လုချွမ်း၏ ခန္ဓာကိုယ်မှာ တင်းမာသွားပြီး ရှေ့ဘက်ရှိ ပင်လယ်ပြင်ကို ချက်ချင်း လှည့်ပတ်ကြည့်ရှုကာ အသင့်အနေအထားဖြင့် စောင့်ကြည့်နေလိုက်သည်။
ဘေးတွင်ရှိသော ကျောက်လင်းမှာမူ ထိတ်လန့်သွားတော့သည်။
အဆင့် ၈ သားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်ရမည်ဆိုပါက သူမအတွက်မူ သေမင်းနှင့် တွေ့ဆုံခြင်းပင် ဖြစ်ပေလိမ့်မည်။ သို့သော်ငြားလည်း သူမသည် နောက်ဆုတ်မသွားဘဲ တိုက်ပွဲအတွက် အစွမ်းကုန် ပြင်ဆင်လိုက်သည်။
ဘုန်း...
ကျိရုရွှယ်၏ စကားပင် မဆုံးသေးမီ ရှေ့ဘက်ပင်လယ်ပြင်မှ ဧရာမရေတိုင်ကြီးတစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ရေပန်းများ လွင့်စင်လာကာ အရပ်မျက်နှာအနှံ့သို့ လှိုင်းတံပိုးများ ရိုက်ခတ်သွားတော့သည်။
"ဝူးးးး... "
နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ဧရာမသတ္တဝါကြီးတစ်ကောင်သည် ရေတိုင်ကြီးနှင့်အတူ ကောင်းကင်ယံသို့ ခုန်တက်လာသည်။ ၎င်းသည် ခန္ဓာကိုယ်ကို လွှဲယမ်းကာ ၎င်း၏ လက်သည်းများနှင့် စွယ်များကို ထုတ်ဖော်ပြသရင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
၎င်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အဆင့် ၈ ရှိ ရေနဂါးကြီးပင်။
အခန်း။ ၅၂၈
ဤရေနဂါးကြီးသည် အလျား ကိုက်တစ်ရာနီးပါးခန့်ရှိပြီး အလွန်ပင် ထုထည်ကြီးမားလှသည်။ တစ်ကိုယ်လုံးကို ထူထဲပြီး နက်မှောင်သော အကြေးခွံများဖြင့် ဖုံးအုပ်ထားကာ ထိုအကြေးခွံ တစ်ခုချင်းစီမှာ တံခါးချပ်တစ်ခုခန့် ကြီးမားပြီး အေးစက်သော သတ္တုရောင်များ ဝင်းလက်နေသည်။
အဝေးမှ ကြည့်လျှင် ကောင်းကင်ယံ၌ လူးလာတုံ့ပြန် လှုပ်ရှားနေသော ရေနဂါးကြီး၏ ခန္ဓာကိုယ်မှာ မြင့်မားလှသော တံတိုင်းကြီးတစ်ခုနှင့်ပင် တူလှသည်။ ထို့ပြင် ရက်စက်ကြမ်းကြုတ်သော နဂါးဦးခေါင်းပေါ်တွင် ရှည်လျားဖြောင့်စင်းပြီး အနက်ရောင်သန်းသည့် အစိမ်းရောင် ခရုပတ်ဦးချိုတစ်ခုမှာ ကောင်းကင်ကို ထိုးဖောက်မတတ် ပေါက်နေသည်။ တစ်ဝက်မှာ နဂါး၊ တစ်ဝက်မှာ မြွေနှင့်တူသော ဦးခေါင်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ကျဉ်းမြောင်းသော နဂါးမျက်လုံးအစုံမှလည်း အေးစက်လှသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ထိုရက်စက်သော နဂါးကြီး၏ ပတ်ဝန်းကျင်တွင် ဧရာမလှိုင်းလုံးကြီးများမှာ အဆက်မပြတ် မြင့်တက်နေပြီး နဂါး၏ စိတ်အလိုအတိုင်း လွင့်မျောနေကြသည်။
"မထင်မှတ်ဘဲ ဒီလိုအချိန်မှာ အဆင့် ၈ သားရဲကြီး ပေါ်လာလိမ့်မယ်လို့ မထင်ထားမိဘူး။ သမုဒ္ဒရာထဲက အခြေအနေက ကုန်းမြေနဲ့ တကယ်ကို ကွာခြားတာပဲ။ လူတွေရဲ့ နှောင့်ယှက်မှု မရှိသလို ကျယ်ပြန့်လွန်းတော့ သားရဲတွေရဲ့ ဆင့်ကဲပြောင်းလဲမှု အရှိန်က ကုန်းမြေထက် အများကြီး ပိုမြန်နေတာပဲ"
ယခင်က သားရဲအမြောက်အမြားကို သတ်ဖြတ်ခဲ့ဖူးသော ကျောက်လင်းသည်ပင် ထူးထူးခြားခြား ကြောက်မက်ဖွယ်ကောင်းလှသည့် ရေနဂါးကြီးကို ကြည့်ကာ မသက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"ကျောက်လင်း... မင်း အခုလောလောဆယ် နောက်ဆုတ်နေလိုက်ဦး။ ရှေ့မှာ ဖြစ်လာမယ့် တိုက်ပွဲမှာ မင်း ပါဝင်ဖို့ မဖြစ်နိုင်သေးဘူး"
ရှေ့မှ ရေနဂါးကြီးကို အလေးအနက် စောင့်ကြည့်ရင်း လုချွမ်းက ဘေးရှိ ကျောက်လင်းကို အလျင်အမြန် သတိပေးလိုက်သည်။ ကျောက်လင်းသည် လက်ရှိတွင် အဆင့် ၇ သာ ရှိသေးသဖြင့် ရှေ့သို့ တိုးသွားပါက သေတွင်းထဲ ဆင်းသည်နှင့် တူနေပေလိမ့်မည်။
"ကောင်းပြီလေ... ရှင်တို့သားအဖ သတိထားကြဦး"
ထိုစကားကို ကြားသောအခါ ကျောက်လင်းက ငြင်းဆန်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။ သူမသည် လက်ရှိ ခွန်အားအရ သူတို့နှစ်ယောက်ကို အနှောင့်အယှက် မပေးမိရန်သာ အရေးကြီးကြောင်း သူမကိုယ်တိုင်သိသည်။
ကျောက်လင်း အလျင်အမြန် နောက်ဆုတ်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံ၌ လူးလွန့်နေသော ရေနဂါးကြီးမှာ စတင်လှုပ်ရှားလာတော့သည်။
"ဝူး... "
ရက်စက်သော နဂါးကြီးသည် ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးပင် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရပြီး ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြောင့် အနီးအနားရှိ ပင်လယ်ရေမျက်နှာပြင်မှာလည်း အဆက်မပြတ် ပေါက်ကွဲသွားတော့သည်။
တဂျိန်းဂျိန်း မြည်သံကြီးနှင့်အတူ ချက်ချင်းဆိုသလိုပင် ပင်လယ်ပြင်ထက်၌ လေနှင့် တိမ်တိုက်များ ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး တလိမ့်လိမ့်တက်နေသော လှိုင်းတံပိုးများက အဆက်မပြတ် စုစည်းလာကာ ပေရာချီ မြင့်မားသော ကြောက်မက်ဖွယ် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
မကြာမီမှာပင် ကောင်းကင်နှင့် ထိစပ်နေသည့်အလား ထင်မှတ်ရသော ထိုဧရာမလှိုင်းလုံးကြီးသည် အတိုင်းအဆမဲ့သော အစွမ်းသတ္တိများနှင့်အတူ လုချွမ်းရှိရာဘက်သို့ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
အထက်မှနေ၍ ပြိုကျတော့မည့် ဧရာမလှိုင်းလုံးကြီးကို မြင်သော်လည်း လုချွမ်းသည် အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိပေ။ သူ၏ အမိန့်ပေးမှုအောက်တွင် မီးလျှံဇွန်ဘီရုပ်သေး နှစ်ကောင်မှာ ချက်ချင်းပင် လှုပ်ရှားလိုက်ကြသည်။
ဘုန်း...
ရုတ်တရက် မှောင်မိုက်သွားသော ပင်လယ်ပြင်ထက်တွင် တောက်ပလှသော မီးလျှံများသည် ကယ်တင်ခြင်းအလင်းတန်းများအလား ကျဆင်းလာပြီး ရေတံခွန်ကြီးတစ်ခုသဖွယ် စီးဆင်းကာ သမုဒ္ဒရာတစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
ကောင်းကင်ယံတွင် မီးလျှံဇွန်ဘီရုပ်သေး နှစ်ကောင်သည် ဧရာမမီးလုံးကြီး နှစ်လုံးအဖြစ် ပြောင်းလဲသွားကြပြီး တစ်ခုနှင့်တစ်ခု ဆက်သွယ်ထားသော လည်ပတ်နေသည့် မီးကွင်းများက ဝန်းရံထားသည်။
ရုပ်သေးနှစ်ကောင်က သူတို့၏ လက်မောင်းများကို ဝှေ့ယမ်းလိုက်သောအခါ ထိုမီးကွင်းများသည် တဟုန်ထိုး တက်လာသော လှိုင်းတံပိုးကြီးထံသို့ လျင်မြန်စွာ ပစ်လွှတ်လိုက်ကြသည်။
ဘုန်း... ဘုန်း... ဘုန်း...
ခဏချင်းအတွင်းမှာပင် ပြေးဝင်လာသော လှိုင်းတံပိုးကြီးသည် ရာနှင့်ချီသော ဧရာမမီးကွင်းများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး ပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
တစ်ခဏအတွင်းမှာပင် ရေစက်ရေမှုန်များစွာမှာ ပေါက်ကွဲထွက်သွားပြီး လှိုင်းတံပိုးကြီးတစ်ခုလုံးမှာ လုချွမ်းနှင့် ကျိရုရွှယ်၏ ရှေ့တွင်ပင် မီးကွင်းများကြောင့် အတင်းအဓမ္မ ရိုက်ခွဲခြင်း ခံလိုက်ရကာ ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံးမှာ ရေမှုန်ရေမွှားများဖြင့် ဖုံးလွှမ်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် လုချွမ်းနှင့် ကျိရုရွှယ်တို့သည် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်သို့ ပျံတက်သွားကြပြီး မီးလျှံ ၁ ၊ မီးလျှံ ၂ တို့နှင့်အတူ ရက်စက်လှသော ရေနဂါးကြီးကို ဝိုင်းရံလိုက်ကြသည်။
သူ၏ တိုက်ကွက်မှာ ပျက်ပြယ်သွားသည်ကို မြင်သောအခါ ရေနဂါးကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ့ထံသို့ တိုးဝင်လာသော သူများကို စူးစူးဝါးဝါး စိုက်ကြည့်နေတော့သည်။
တိုက်ခိုက်မှုမှာ တစ်ဖန် ပြန်လည်စတင်လိုက်ပြီ ဖြစ်သည်။
"ဝူး... "
ရက်စက်လှသော ရေနဂါးကြီး၏ ဟိန်းဟောက်သံနှင့်အတူ တစ်လောကလုံးမှာလည်း အရောင်အသွေး ပြောင်းလဲသွားတော့သည်။ မည်းမှောင်နေသော တိမ်တိုက်များအောက်တွင် မြူခိုးငွေ့များ စုစည်းလာပြီးနောက် အနက်ရောင် မိုးစက်မိုးပေါက်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။
ထို့နောက် အလွန်အေးစက်လှသော ထိုမိုးစက်များသည် လုချွမ်းနှင့် အခြားသူများထံသို့ မိုးကာလိုက်သကဲ့သို့ တဟုန်ထိုး ကျဆင်းလာတော့သည်။ ထိုအနက်ရောင် မိုးစက်များသည် ကျဆင်းလာစဉ်အတွင်းမှာပင် လျင်မြန်စွာ ပုံစံပြောင်းလဲသွားပြီး အေးစက်သော လေထုနှင့်အတူ ထက်မြက်လှသော အနက်ရောင် ရေခဲစပွင့်များ ဖြစ်သွားကြသည်။
ကျိရုရွှယ်သည် သူမ၏ ခေါင်းပေါ်တွင် မှောင်မိုက်သွားသည်ကို ခံစားလိုက်ရပြီး အထက်မှ ကျဆင်းလာသော မရေမတွက်နိုင်သည့် အနက်ရောင် ရေခဲစပွင့်များကို ကြည့်ကာ သူမ၏ စိတ်
အာရုံစွမ်းအင်များကို အရှိန်အဟုန်ဖြင့် ထုတ်ဖော်လိုက်သည်။
ပြင်းထန်လှသော ထိုစွမ်းအင်များသည် သူတို့၏ အထက်တွင် မျက်စိဖြင့် မမြင်နိုင်သော အကာအကွယ် အတားအဆီးတစ်ခုအဖြစ် ချက်ချင်း ဖြစ်ပေါ်လာတော့သည်။
ဒုန်း... ဒုန်း... ဒုန်း...
နောက်တစ်စက္ကန့်တွင် ထူထပ်လှသော အနက်ရောင် ရေခဲစပွင့်များသည် စိတ်အာရုံ အကာအကွယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာပြီးနောက် ကွဲအက်ကာ အေးစက်လှသော အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။
စိတ်အာရုံ အကာအကွယ်တစ်ခုလုံးမှာလည်း အဆက်မပြတ် တုန်ခါနေပြီး ပြင်းထန်သော အအေးဓာတ်ကြောင့် မျက်နှာပြင်တစ်ခုလုံးမှာ တဖြည်းဖြည်း ခဲလာတော့သည်။ ရေခဲစပွင့်များအားလုံး ကျဆင်းပြီးသွားချိန်တွင်မူ သူတို့၏ ခေါင်းပေါ်၌ ဧရာမ အနက်ရောင် ရေခဲအဖုံးကြီးတစ်ခု ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေတော့သည်။
ထိုအခါ ကျိရုရွှယ်သည် သူမ၏ စိတ်အာရုံကို အသုံးချကာ ရေခဲများ ဖုံးလွှမ်းနေသော အကာအကွယ်ကို ပြင်းထန်စွာ တုန်ခါစေလိုက်ရာ အပေါ်ယံရှိ ရေခဲအဖုံးကြီးမှာ အစိပ်စိပ်အမွှာမွှာ ကွဲထွက်ကာ ရေခဲမြူမှုန်များအဖြစ် လွင့်စင်သွားတော့သည်။
ထိုအချိန်တွင် လုချွမ်းနှင့် ကျိရုရွှယ်တို့သည် မီးလျှံဇွန်ဘီရုပ်သေး နှစ်ကောင်ကို ခေါ်ဆောင်၍ ရေနဂါးကြီး၏ အရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ တစ်ဖက်တွင်လည်း ဒေါသထွက်နေသော ရေနဂါးကြီးသည် နောက်ထပ် တိုက်ကွက်တစ်ခုကို အသင့်ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။
"ဝူး... ဝူး... ဝူး... "
ရေနဂါးကြီး၏ အကြေးခွံများပေါ်မှ ထူးဆန်းသော အလင်းတန်းများ ထွက်ပေါ်လာပြီး ခဏချင်းအတွင်းမှာပင် ပင်လယ်ရေများဖြင့် ဖွဲ့စည်းထားသော ရေနဂါးငယ် ရာနှင့်ချီ၍ လှိုင်းတံပိုးများကြားမှ ပေါ်ထွက်လာကြသည်။ ၎င်းတို့သည် ရေနဂါးကြီး၏ ပတ်ပတ်လည်တွင် ဝန်းရံလျက် ဆက်တိုက် ဟိန်းဟောက်နေကြတော့သည်။
နောက်တစ်ခဏတွင်မူ ထိုရေနဂါးငယ်များသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် လုချွမ်းတို့ လေးယောက်ထံသို့ ဦးတည်၍ တိုက်ခိုက်လာကြသည်။
လုချွမ်းတို့ဘက်ကလည်း တစ်ပြိုင်နက်တည်း ပြန်လည်ခုခံတိုက်ခိုက်ကြရာ စစ်မြေပြင်မှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။
မီးလျှံဇွန်ဘီရုပ်သေး နှစ်ကောင်မှာ မီးပင်လယ်ကြီးတစ်ခုကို ဖန်တီးလိုက်ရာ ပြေးဝင်လာသော ရေနဂါးငယ်များသည် မီးလျှံများအတွင်း၌ ရေငွေ့များအဖြစ် ပျော်ဝင်ပျောက်ကွယ်သွားကြသည်။
ထိုမီးပင်လယ်မှာ ရှေ့သို့ ဆက်လက်ပျံ့နှံ့သွားပြီး နောက်ထပ် ရေနဂါးငယ်များစွာကိုပါ ဝါးမြိုပစ်လိုက်တော့သည်။
ကျိရုရွှယ်သည် သူမ၏ စိတ်အာရုံစွမ်းအင်များကို အပ်များအဖြစ် စုစည်းကာ ပျားအုပ်ကြီးတစ်ခုသဖွယ် ပစ်လွှတ်လိုက်သည်။ ထိုအပ်များသည် ရေနဂါးငယ်များ၏ အသက်သွေးကြော အချက်အချာများကို ထိုးဖောက်ဖျက်ဆီးလိုက်သဖြင့် နောက်တန်းမှ ရေနဂါးငယ်များမှာ ရေပူဖောင်းများ ပေါက်ထွက်သွားသကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် ပျက်စီးကုန်ကြသည်။
လုချွမ်းကမူ သူ၏ မပျက်စီးနိုင်သောခန္ဓာကိုယ်ကို အားကိုး၍ ရှေ့သို့ အတင်းတိုးဝင်ကာ ပြေးဝင်လာသော ရေနဂါးငယ်များကို ရိုက်ချေဖျက်ဆီးရင်း ရေနဂါးကြီး၏ အနီးသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။
ရေနဂါးကြီးမှာ တုံ့ပြန်ရန် အချိန်မရမီမှာပင် လုချွမ်းသည် ပြင်းထန်လှသော လက်သီးတစ်
ချက်ကို ဝှေ့ယမ်းကာ ရေနဂါးကြီး၏ နဖူးပေါ်သို့ အားကုန် ထိုးနှက်လိုက်တော့သည်။
ဘုန်း...
"ဝူး... "
ချက်ချင်းပင် နာကျင်စွာ အော်ဟစ်သံမှာ ရေနဂါးကြီး၏ ပါးစပ်မှ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှာလည်း လေထဲတွင် ယိမ်းထိုးသွားတော့သည်။ ထိုလက်သီးချက်ကြောင့် အဆက်မပြတ် ဖြစ်ပေါ်နေသော ရေနဂါးငယ်များမှာလည်း လုံးဝ ပျောက်ကွယ်သွားရသည်။
ရေနဂါးကြီး၏ နဖူးပေါ်တွင်မူ အသားထဲအထိ နက်ရှိုင်းစွာ နစ်ဝင်နေသော သွေးစိုနေသည့် လက်သီးရာကြီးကို သိသိသာသာ မြင်တွေ့နေရသည်။
"ဝူး... "
မျက်လုံးများ နီရဲနေသော ရေနဂါးကြီးသည် လုချွမ်းကို စိုက်ကြည့်ကာ သူ့ရှေ့မှ အဖိုးမတန်သော ပိုးကောင်လေးကို အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်အောင် လုပ်ရန် အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
"ဟွန့်... "
လုချွမ်းမှာ အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့သို့ တိုးဝင်ကာ ရေနဂါးကြီးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဘုန်း... ဘုန်း... ဘုန်း...
မကြာမီမှာပင် ရေနဂါးကြီးမှာ လုချွမ်း၏ တရစပ် ထိုးနှက်မှုများကြောင့် တစ်ကိုယ်လုံး သွေးချင်းချင်းနီကာ အရိုးအထိ နက်ရှိုင်းသော ဒဏ်ရာများစွာဖြင့် အထိနာသွားတော့သည်။
ဘုန်း...
ရေနဂါးကြီးသည် လုချွမ်း၏ နောက်ထပ် ပြင်းထန်သော လက်သီးချက်ကို ထပ်မံခံလိုက်ရပြန်သည်။ အကြေးခွံများ လွင့်စင်ထွက်သွားပြီး နာကျင်စွာ အော်ဟစ်ရင်း နောက်ဆုံးတွင် ဆက်လက်တိုက်ခိုက်ရန် မဝံ့တော့ဘဲ လှည့်၍ ထွက်ပြေးတော့သည်။
ရေနဂါးကြီး ထွက်ပြေးသွားစဉ်အတွင်း ၎င်း၏ ဒဏ်ရာများမှ နဂါးသွေးများမှာ ပင်လယ်ထဲသို့ အမြောက်အမြား စီးကျသွားရာ အနီးအနားရှိ ပင်လယ်သားရဲများစွာ ရောက်ရှိလာပြီး ထိုသွေးများကို လုယူစားသောက်ရန် ပြိုင်ဆိုင်နေကြတော့သည်။
"ထွက်ပြေးဖို့ ကြိုးစားတာလား... လွယ်မယ်မထင်နဲ့"
လုချွမ်းနှင့် ကျိရုရွှယ်တို့မှာ ရေနဂါးကြီး ထွက်ပြေးသည်ကို မြင်သောအခါ လုံးဝ လက်လွှတ်မခံဘဲ နောက်မှနေ၍ ချက်ချင်း လိုက်လံဖမ်းဆီးတော့သည်။