← Chapters

အခန်း (၅၃၃-၅၃၄)

Vol. 54 Ch. 533-534

အခန်း (၅၃၃-၅၃၄)

Vol. 54 Ch. 533-534

အခန်း။ ၅၃၃

တဂျိန်းဂျိန်း မြည်သံကြီးများနှင့်အတူ တစ်ခဏချင်းအတွင်းမှာပင် ဝိုင်းရံထားသော ပင်လယ်သားရဲ ဇွန်ဘီရုပ်သေးများမှာ မြေပြင်ပေါ်သို့ လွင့်စင်လဲကျကုန်ပြီး အချို့မှာ မီတာတစ်ဆယ်ကျော်အထိပင် လိမ့်ထွက်သွားကြသည်။

"ဝူး... ရှူး... ရှူး... "

ထို့နောက်တွင်မူ ထိုသစ်ပင်လူသားသည် အားရပါးရ ရယ်မောလိုက်သည်။ ဤအဆင့် ၇ ရှိသော သစ်ပင်လူသားသည် ၎င်း၏ အမြစ်များကို ခြေထောက်သဖွယ် လှုပ်ရှားကာ သစ်ကိုင်းလက်တံများကို ဝှေ့ယမ်းလျက် ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးကို အားပြုကာ ဇွန်ဘီရုပ်သေး တပ်မတော်အတွင်းသို့ တိုးဝင်၍ တိုက်ခိုက်တော့သည်။

"ဟွန့်"

လုချွမ်းသည် ထိုသစ်ပင်လူသားကို သူ့ရှေ့မှောက်တွင် ဤမျှ မောက်မာခွင့်ပေးမည်မဟုတ်ပေ။ သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သစ်ပင်လူသား၏ ပတ်ပတ်လည်ရှိ ဇွန်ဘီရုပ်သေးများကို တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

အဆင့် ၇ မျှသာရှိသော သတ္တဝါမှာ အရွယ်အစား ကြီးမားသော်လည်း အုပ်စုလိုက် ဝိုင်းဝန်းတိုက်ခိုက်မှုကိုမူ တောင့်ခံနိုင်မည်မဟုတ်ပေ။

"ဝူး... ဝူး... "

အမိန့်ရသည်နှင့် ဇွန်ဘီရုပ်သေးများမှာ ချက်ချင်းပင် သောင်းကျန်းလာပြီး သူတို့၏ အစွယ်များနှင့် လက်သည်းများကို ထုတ်ဖော်ကာ သစ်ပင်လူသားထံသို့ ပြေးဝင်သွားကြတော့သည်။

ဘုန်း….

ဝိုင်းရံလာသော ဇွန်ဘီရုပ်သေးများကို မြင်သောအခါ သစ်ပင်လူသားသည် အနားမကပ်နိုင်စေရန် သစ်ကိုင်းလက်တံများကို အဆက်မပြတ် ဝှေ့ယမ်းကာ ရိုက်ထုတ်နေသည်။ သို့သော်လည်း တိုးဝင်လာသော ဇွန်ဘီရုပ်သေး အရေအတွက်မှာ များပြားလွန်းလှသဖြင့် သစ်ပင်လူသားမှာ အကုန်လုံးကို မတားဆီးနိုင်တော့ဘဲ မကြာမီမှာပင် ၎င်း၏ ကာကွယ်ရေးမှာ ပေါက်ထွက်သွားတော့သည်။

ဤအခြေအနေတွင် သစ်ပင်လူသားက ဇွန်ဘီရုပ်သေးတစ်ကောင်ကို ရိုက်ထုတ်လိုက်နိုင်သည့်တိုင် အခြားသော ဇွန်ဘီရုပ်သေးများမှာ အခွင့်ကောင်းယူ၍ အနားသို့ ကပ်မိနေပြီ ဖြစ်သည်။ ရုတ်တရက်ပင် ဇွန်ဘီရုပ်သေး အမြောက်အမြားမှာ သစ်ပင်လူသားကို စတင်ကိုက်ခဲ တိုက်ခိုက်ကြတော့သည်။

အချို့ဇွန်ဘီရုပ်သေးများက ၎င်း၏ အမြစ်များနှင့် သစ်ကိုင်းများကို ဝါးမြိုကြပြီး အချို့ကမူ လက်သည်းများဖြင့် ပင်စည်ကို အဆက်မပြတ် ဆွဲဖြဲနေကြသည်။

"ဝူး... ရှူး... "

မကြာမီမှာပင် ထိုအဆင့် ၇ သစ်ပင်လူသားမှာ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး အမြစ်များနှင့် သစ်ကိုင်းများ ပျက်စီးကုန်ရာ ကြာရှည်မတောင့်ခံနိုင်တော့ဘဲ ဇွန်ဘီရုပ်သေးများ၏ တွန်းလှဲခြင်းကို ခံလိုက်ရကာ ၎င်းတို့အောက်တွင် နစ်မြုပ်သွားတော့သည်။ ခေတ္တအတွင်းမှာပင် ထိုသစ်ပင်လူသားမှာ အပိုင်းပိုင်းအစစ ဆွဲဖြဲခြင်းကို ခံလိုက်ရသည်။

"ရှူး... ရှူး... ရှူး... "

မျှော်လင့်ချက်မဲ့သွားသော သစ်ပင်လူသားသည် ၎င်း၏နောက်ဆုံးအချိန်တွင် စူးရှလှသော ဟိန်းဟောက်သံကြီးကို ထုတ်ဖော်လိုက်သည်။ ဤအသံမှာ စစ်တံပိုးခရာ မှုတ်လိုက်သကဲ့သို့ပင်... ရှေ့မှ တောအုပ်ကြီးမှာ ရုတ်တရက် အသက်ဝင်လာတော့သည်။

တဂျိန်းဂျိန်း မြည်သံများနှင့်အတူ မြေပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါလာပြီး တောအုပ်အတွင်းရှိ ဧရာမ သစ်ပင်ကြီးများမှာ စတင်လှုပ်ရှားလာကာ အိပ်မောကျနေသော သစ်ပင်လူသား အမြောက်အမြား နိုးထလာကြသည်။

တစ်ပင်ပြီးတစ်ပင် ထွားကျိုင်းလှသော သစ်ပင်လူသားများသည် မြေကြီးထဲမှ အမြစ်များကို ဆွဲနှုတ်ကာ သစ်ကိုင်းများကို ဝှေ့ယမ်းလျက် စစ်မြေပြင်ကို ဖြည်းညှင်းစွာ ဝိုင်းရံလာကြရာ ၎င်းတို့၏ အရှိန်အဝါမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။

"ဒါ... သစ်ပင်လူသား အကောင်ပေါင်း ထောင်ကျော်လောက် ရှိမယ်ထင်တယ်"

လုချွမ်း၏ဘေးရှိ ကျောက်လင်းမှာ ဝိုင်းရံလာသော သစ်ပင်လူသား အုပ်ကြီးကို ကြည့်ကာ မျက်လုံးအဝိုင်းသားဖြင့် မသိစိတ်အရ တံတွေးတစ်ချက် မျိုချလိုက်မိသည်။

အဆင့် ၇ ရှိသော သစ်ပင်လူသား တစ်ထောင်ကို မြင်၍ ကြောက်လန့်သွားခြင်းမျိုး မဟုတ်ဘဲ ဤသတ္တဝါများမှာ အလွန်ပင် မြင့်မားလွန်းလှသဖြင့် အုပ်စုလိုက် ချီတက်လာသောအခါ ခံစားရသည့် ဖိအားမှာ အဆင့် ၈ ပင်လယ်သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရသည်ထက်ပင် ပိုမိုကြီးမားနေသောကြောင့်ပင်။

ဤနေရာတွင် သစ်ပင်လူသား တစ်ထောင်ခန့် ရှိနေသည်ကို မြင်သောအခါ လုချွမ်းပင် အနည်းငယ် အံ့အားသင့်သွားမိသည်။ သို့သော် ခေတ္တမျှ အံ့ဩသွားပြီးနောက် လုချွမ်းသည် ဝိုင်းရံလာသော သစ်ပင်လူသားများကို တိုက်ခိုက်ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။

လုချွမ်း၏ အမိန့်ပေးသံနှင့်အတူ ပတ်ဝန်းကျင်ရှိ သောင်းနှင့်ချီသော ပင်လယ်သားရဲ ဇွန်ဘီရုပ်သေးများသည် ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီလှိုင်းလုံးကြီးအလား သစ်ပင်လူသား တပ်မတော်ထံသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။

ဘုန်း... ဘုန်း... ဘုန်း...

တစ်ခဏချင်းအတွင်းမှာပင် နှစ်ဖက်တပ်ဖွဲ့များ ပြင်းထန်စွာ ထိပ်တိုက်တွေ့ကြပြီး ဟိန်းဟောက်သံများနှင့် ပေါက်ကွဲသံများမှာ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

သစ်ပင်လူသားများသည် သူတို့၏ သစ်ကိုင်းများကို သံကြိမ်လုံး ထောင်ပေါင်းများစွာဖြင့် တစ်ပြိုင်နက်တည်း ရိုက်နှက်နေသကဲ့သို့ ဝှေ့ယမ်းတိုက်ခိုက်ကြရာ ပင်လယ်သားရဲ ဇွန်ဘီရုပ်သေးများမှာ လွင့်စင်ထွက်သွားကြပြီး အချို့မှာမူ ခန္ဓာကိုယ်များ ဆွဲဖြဲခံရကာ အပြင်းအထန် ဒဏ်ရာရရှိကုန်ကြသည်။

ပင်လယ်သားရဲ ဇွန်ဘီရုပ်သေးများမှာမူ သူတို့၏ မာကျောလှသော အခွံများကို အားကိုး၍ သစ်ပင်လူသားများ၏ ရိုက်နှက်မှုကို ကြံ့ကြံ့ခံရင်း သစ်ပင်လူသားများထံသို့ အသည်းအသန် တိုးဝင်ကြသည်။ ထို့နောက် ၎င်းတို့၏ အမြစ်များနှင့် ပင်စည်များကို အဆက်မပြတ် တိုက်ခိုက်ကြတော့သည်။

စက္ကန့်တိုင်းတွင် သစ်ပင်လူသားများနှင့် ဇွန်ဘီရုပ်သေးများမှာ သေဆုံးနေကြသည်။ သစ်ပင်လူသား အများစုမှာ အရေအတွက် သာလွန်လှသော ဇွန်ဘီရုပ်သေးများ၏ ဆွဲဖြဲခြင်းကို ခံရပြီးနောက် အပိုင်းပိုင်းအစစ ဖြစ်သွားကြရသလို ဇွန်ဘီရုပ်သေးများမှာလည်း ပြင်းထန်လှသော ရိုက်နှက်မှုများကို အကြိမ်ကြိမ် ခံရပြီးနောက်တွင် အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ လဲကျကုန်ကြသည်။

တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ပြီး မည်သည့်ဘက်ကမျှ အသာစီးမရနိုင်သေးပေ။ ၎င်းကို မြင်သောအခါ လုချွမ်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ဤနေရာတွင် အချိန်မဖြုန်းလိုတော့ပေ။ ရှေးဟောင်းအမွေအနှစ်များက ပို၍ အရေးကြီးသည်။

ချက်ချင်းပင် လုချွမ်း၏နောက်တွင် ရှိနေသော အဆင့်မြင့် ဇွန်ဘီရုပ်သေးအဖွဲ့ထဲမှ မီးလျှံဇွန်ဘီနှစ်ကောင်မှာ လေထဲသို့ ပျံတက်သွားပြီး တောက်ပသော အလင်းတန်းနှစ်ခုအလား သစ်ပင်လူသားများထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ထိုမီးလျှံဖောင်ကောင် နှစ်ကောင်သည် စစ်မြေပြင်၏ အထက်သို့ ရောက်သောအခါ ပူပြင်းလှသော မီးလုံးကြီးများကို ဖန်တီးလိုက်ပြီး ဇွန်ဘီရုပ်သေးများကို တိုက်ခိုက်နေသော သစ်ပင်လူသားများထံသို့ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်။

ဘုန်း... ဘုန်း... ဘုန်း...

မကြာမီမှာပင် သစ်ပင်လူသား အများအပြားမှာ မီးလုံးများ ထိမှန်ကုန်ကြပြီး တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံများမှာ သူတို့၏ ခန္ဓာကိုယ်များကို စတင်ဝါးမြိုတော့သည်။

"ရှူး... ရှူး... "

သစ်ပင်လူသားများသည် မီးကို အလွန်အမင်း ကြောက်ရွံ့ကြသူများ ဖြစ်ကြရာ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မီးပွားများ စတင်စွဲကပ်လာသည်ကို မြင်သောအခါ သေလောက်အောင် ထိတ်လန့်သွားကြတော့သည်။

သူတို့သည် ရှေ့မှ ဇွန်ဘီရုပ်သေးများကိုပင် ဆက်လက်တိုက်ခိုက်ရန် အချိန်မရတော့ဘဲ မီးငြိမ်းသတ်နိုင်ရန် သူတို့၏ သစ်ကိုင်းများကို အသည်းအသန် ဝှေ့ယမ်းနေကြတော့သည်။

သို့သော်လည်း သူတို့ကိုယ်ပေါ်ရှိ မီးလျှံများမှာ ငြိမ်းသတ်၍ မရနိုင်ပေ။ အသည်းအသန် ရုန်းကန်လှုပ်ရှားမှုများကြောင့် မီးမှာ သစ်ကိုင်းများဆီသို့ ပိုမိုလျင်မြန်စွာ ကူးစက်သွားတော့သည်။

၎င်းကို မြင်သောအခါ သစ်ပင်လူသားများသည် ထိတ်လန့်တကြားဖြစ်ကာ အသိစိတ်များ ပျောက်ဆုံးကုန်ပြီး စစ်မြေပြင်တစ်ခုလုံးတွင် ဝရုန်းသုန်းကား ပြေးလွှားနေကြတော့သည်။ သို့သော်လည်း သူတို့ကိုယ်ပေါ်ရှိ မီးလျှံများမှာမူ ပိုမိုပြင်းထန်စွာသာ တောက်လောင်နေတော့သည်။

မီးလျှံများက သူ၏ ဇွန်ဘီရုပ်သေးများကိုပါ ထိခိုက်မည်စိုးသဖြင့် လုချွမ်းသည် သူ၏ တပ်မတော်ကို သစ်ပင်လူသားများနှင့် ခပ်လှမ်းလှမ်းတွင် နေရန် အမြန်ညွှန်ကြားလိုက်သည်။

မီးဒဏ်ကို မတောင့်ခံနိုင်တော့သော သစ်ပင်လူသားများသည် တစ်ပင်ပြီးတစ်ပင် လဲကျကုန်ကြသည်။ သူတို့၏ ပင်စည်များမှာ မည်းတူးသွားပြီး သစ်ကိုင်းများမှာလည်း မီးလောင်ကျွမ်းကာ အကြွင်းအကျန်မျှသာ ကျန်တော့သည်။

စစ်မြေပြင်တစ်ခုလုံးမှာ အပူရှိန် အလွန်မြင့်မားနေပြီး လေထုထဲတွင်လည်း အပူလှိုင်းများမှာ လူးလွန့်နေတော့သည်။

မကြာမီမှာပင် သစ်ပင်လူသားမျိုးနွယ် တစ်ခုလုံးမှာ သုတ်သင်ရှင်းလင်းခြင်း ခံလိုက်ရပြီး မီးလောင်ကျွမ်းထားသော သစ်ကိုင်းခြောက်များနှင့် သစ်ရွက်ကြွေများဖြင့် ပြည့်နှက်နေသော တောအုပ်ကြီး ဖြစ်သွားတော့သည်။

လုချွမ်း၏ ဇွန်ဘီရုပ်သေးများသည် စစ်မြေပြင်မှ ဆုတ်ခွာနိုင်ခဲ့သော်လည်း သစ်ပင်လူသားများနှင့် တိုက်ခိုက်စဉ်အတွင်း အထိအခိုက် အချို့ရှိခဲ့ရာ ဇွန်ဘီရုပ်သေး သုံးရာကျော်ခန့်မှာ ကြောက်မက်ဖွယ်ကောင်းစွာ ပျက်စီးသွားခဲ့သည်။

"ပြီးသွားပြီ"

ပျက်စီးသွားသော သစ်ပင်လူသား အကြွင်းအကျန်များကို ကြည့်ကာ ကျောက်လင်းက အံ့ဩတကြီး သက်ပြင်းချလိုက်သည်။

"ဖေဖေ... ဒီသစ်ပင်လူသားတွေ သေသွားပြီးရင် သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အစေ့အဆန်တွေ ဖြစ်တည်လာလိမ့်မယ်။ အဲဒီအစေ့တွေကို သမီးအတွက် ကောက်ပေးဖို့ ဖေဖေ့ရဲ့ ဇွန်ဘီရုပ်သေးတွေကို ခိုင်းပေးပါဦး"

ထိုအချိန်တွင် ကျိရုရွှယ်သည် သစ်ပင်လူသား အကြွင်းအကျန်များကို ကြည့်ကာ တစ်ခုခုကို သတိရသွားဟန်ဖြင့် လုချွမ်းကို အကူအညီတောင်းလိုက်သည်။

"ကောင်းပြီလေ"

လုချွမ်းက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်သည်။

ကျိရုရွှယ်၏ မျက်လုံးများမှာ တောက်ပနေတော့သည်။ ဤသစ်ပင်လူသား အစေ့အဆန်များသည် အမှန်တကယ်ပင် တန်ဖိုးကြီးလှသည်။ အကယ်၍ သူမသည် ထိုအစေ့များကို ရရှိခဲ့ပြီး လတ်ဆတ်သော သွေးများနှင့် လောင်းပေးနိုင်မည်ဆိုပါက ထိုအစေ့များမှ သစ်ပင်လူသား အသစ်များ ပြန်လည်ကြီးထွားလာနိုင်မည်ပင်။

ကျိရုရွှယ်၏ အစီအစဉ်မှာ ထိုအစေ့များကို နောင်တွင် စိုက်ပျိုးရန်အတွက် သိမ်းဆည်းထားပြီးနောက် သွေးစာချုပ်ကို အသုံးပြု၍ ၎င်းတို့ကို ကျွန်ပြုကာ သစ်ပင်လူသား တပ်မတော်တစ်ခုကို ထိန်းချုပ်ရန် ဖြစ်သည်။

ယခင်က သွေးဆာသော နွယ်ပင်များကို လုပ်ဆောင်ခဲ့သကဲ့သို့ပင် ကျွန်ပြုပြီးသည်နှင့် ထိုသတ္တဝါများမှာ သူမ၏ အမိန့်အောက်တွင်သာ ရှိနေမည်ပင်။ ထိုအချိန်ကျလျှင် သစ်ပင်လူသား တပ်မတော်သည် သူမအတွက် သစ္စာရှိစွာ အမှုထမ်းကြရလိမ့်မည်။

ဥပမာအားဖြင့် အကယ်၍ သူတို့သည် လီမြစ် အခြေစိုက်မြို့တော်သို့ ပြန်သွားခဲ့မည်ဆိုပါက ထိုသစ်ပင်လူသားများကို မြို့တော်၏ ပတ်ပတ်လည်တွင် အမြစ်တွယ် စိုက်ပျိုးထားပြီး တစ်မြို့လုံးကို ကာကွယ်ခိုင်းထားနိုင်သည်။

မကောင်းသောအကြံဖြင့် ကျူးကျော်လာသူ မှန်သမျှကို ထိုသစ်ပင်လူသားများက ရုတ်တရက် နိုးထကာ တိုက်ခိုက်ကြပေလိမ့်မည်။

အခန်း။ ၅၃၄

လုချွမ်းသည် စစ်မြေပြင်တစ်ခုလုံးတွင် ပြန့်ကျဲနေသော သစ်ပင်လူသား အကြွင်းအကျန်များကို ရှင်းလင်းရန် သူ၏ ဇွန်ဘီရုပ်သေးများကို အမိန့်ပေးလိုက်သည်။

ပင်လယ်သားရဲများနှင့်မတူသည်မှာ သစ်ပင်လူသားများသည် သေဆုံးသွားပြီးနောက်တွင်ပင် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ သက်စောင့်အားအင်များ ကျန်ရှိနေခြင်းပင်။

သစ်ပင်လူသားတစ်ကောင် သေဆုံးသွားသည့် ခဏ၌ပင် ၎င်း၏ သက်စောင့်အားအင် အားလုံးသည် ခန္ဓာကိုယ်အတွင်းရှိ အစေ့အဆန်ထဲသို့ စုစည်းသွားကြသည်။

ဤဖြစ်စဉ်ကြောင့် ထိုအစေ့အဆန်များမှာ ရှင်သန်ခြင်း စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး စွမ်းအင်ပိုမို ကြွယ်ဝလေလေ အသစ်တစ်ဖန် ပြန်လည်မွေးဖွားရန်နှင့် အညှောက်ပေါက်၍ ကြီးထွားရန် ပိုမိုလွယ်ကူလေလေ ဖြစ်သည်။

မကြာမီမှာပင် လုချွမ်း၏ ဇွန်ဘီရုပ်သေးများသည် သေတ္တာတစ်လုံးကို သယ်ဆောင်၍ ပြန်ရောက်လာကြသည်။ ခရီးဆောင်သေတ္တာ အရွယ်အစားခန့်ရှိသော ထိုသတ္တုသေတ္တာထဲတွင် သစ်ပင်လူသား အစေ့အဆန်များဖြင့် ပြည့်နှက်နေတော့သည်။

ထိုအစေ့များမှာ ကြာစေ့အရွယ်အစားခန့်ရှိပြီး ဘဲဥပုံသဏ္ဌာန် ရှိကြသည်။ ရှားပါးလှသော သွေးရောင်လွှမ်းသည့် အနီရောင်အခွံများမှာ ချောမွေ့ပြောင်လက်နေပြီး အမည်းရောင် အစင်းအကြောင်း အနည်းငယ်စီ ပါရှိကာ အားနည်းသော သွေးရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။

"ချီချီလေး... သစ်ပင်လူသား အစေ့တွေ အားလုံး ဒီမှာပဲ"

လုချွမ်းက ထိုသေတ္တာကို ယူ၍ ကျိရုရွှယ်ထံသို့ ကမ်းပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဖေဖေ"

သေတ္တာအပြည့်ရှိသော အစေ့များကို မြင်လိုက်ရသောအခါ ကျိရုရွှယ်၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။ ဤမျှများပြားသော အရေအတွက်ကို ရရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

အကြောင်းမှာ သစ်ပင်လူသားတိုင်း သေဆုံးချိန်တွင် အစေ့အဆန် ချန်ထားရစ်လေ့ မရှိသောကြောင့်ပင်။ အချို့မှာ အလွန်လျင်မြန်စွာ သေဆုံးသွားကြသလို အချို့မှာမူ အစေ့အဆန် ချန်မထားလိုဘဲ သေဆုံးသွားတတ်ကြသည်။

"ချီချီလေး... ဒါကို သမီူဘာသာ သယ်နေရတာ အဆင်မပြေဘူး။ လိပ်ကြီးကိုပဲ ခဏသယ်ခိုင်းထားလိုက်လေ။ ဖေဖေတို့ ကျွန်းအထဲကို ပိုနက်အောင် ဆက်သွားဖို့ လိုသေးတယ်"

အစေ့များကို အသည်းအသန် လေ့လာနေသော ကျိရုရွှယ်ကို ကြည့်ကာ လုချွမ်းက ပြုံးရင်း သတိပေးလိုက်သည်။

"ဟုတ်ကဲ့ပါ"

ကျိရုရွှယ်က အတွေးထဲမှ ရုတ်တရက် နိုးထလာကာ ခေါင်းညိတ်လိုက်ပြီးနောက် လိပ်ကြီးကို သူမ၏ စိတ်အာရုံဖြင့် လှမ်းခေါ်လိုက်သည်။

ဂျိန်းဂျိန်း...

အမိန့်ရသည်နှင့် အစွန်နားတွင် ငြိမ်နေသော မျိုးဗီဇပြောင်း ဧရာမလိပ်ကြီးမှာ မြေကြီးတုန်ခါအောင် ပြေးလာတော့သည်။ ၎င်းသည် ကျိရုရွှယ်၏ ရှေ့သို့ ရောက်လာသောအခါ ခေါင်းကို နှိမ့်ချကာ ဖားသည့်အနေဖြင့် တိုးညင်းစွာ ဟိန်းဟောက်ပြလိုက်သည်။

ကျိရုရွှယ်က လိပ်ကြီး၏ ခေါင်းကို အသာအယာ ပုတ်လိုက်ပြီးနောက် စိတ်အာရုံစွမ်းအားကို သုံး၍ သေတ္တာကို မြှောက်ကာ လိပ်ခွံ၏ အလယ်ဗဟိုသို့ တင်လိုက်သည်။

လိပ်ကြီး၏ အရွယ်အစားမှာ အလွန်ကြီးမားလှသဖြင့် ၎င်း၏ ကျောကုန်းမှာ ကွင်းပြင်ကျယ်ကြီးတစ်ခုအလား ချောမွေ့နေပြီး သေတ္တာကို အလယ်တွင် တင်ထားခြင်းက အလွန်ပင် တည်ငြိမ်လှသည်။ လိပ်ကြီး အရှိန်အဟုန်ဖြင့် ပြေးနေသည့်တိုင် သေတ္တာ ပြုတ်ကျသွားမည်ကို ကျိရုရွှယ် စိုးရိမ်စရာ မလိုပေ။

ထို့နောက်တွင် လုချွမ်းသည် ကျောက်လင်းကို ခေါ်ကာ ကျွန်း၏ အတွင်းပိုင်းသို့ ဆက်လက်ချီတက်ရန် ပြင်ဆင်လိုက်သည်။

ဂျိန်းဂျိန်း...

ပင်လယ်သားရဲ ဇွန်ဘီရုပ်သေး တပ်မတော်ကြီးမှာ သံချပ်ကာတပ်ရင်းကြီးတစ်ခုအလား ရှေ့မှနေ၍ လမ်းဖောက်ပေးနေဆဲပင်။ သူတို့၏ ရှေ့မှောက်ရှိ အရာအားလုံးမှာ မုန်တိုင်းဒဏ် ခံလိုက်ရသည့်အလား အစိပ်စိပ်အမွှာမွှာ ကြေမွပျက်စီးသွားကြရသည်။

လုချွမ်းသည် လိပ်ကျောပေါ်တွင် ရပ်လျက် မမျှော်လင့်ထားသော အခြေအနေများကို ကိုင်တွယ်နိုင်ရန် ရှေ့သို့ ဂရုတစိုက် ကြည့်နေသည်။ သူ၏နောက်တွင်မူ ကျိရုရွှယ်နှင့် ကျောက်လင်းတို့မှာ သူတို့ဘာသာ အလုပ်ရှုပ်နေကြသည်။

ကျိရုရွှယ်မှာမူ အသစ်ရရှိထားသော သစ်ပင်လူသား အစေ့များကိုသာ အာရုံစိုက် စစ်ဆေးနေတော့သည်။

ဤအစေ့အဆန်များအားလုံးသည် နောင်တွင် သစ်ပင်လူသားများအဖြစ် ပြန်လည်ရှင်သန်လာနိုင်ခြေ ရှိသည်။ အစေ့တစ်ခုခုတွင် ပုံမှန်မဟုတ်သော အခြေအနေ ဖြစ်ပေါ်လာပါက သူမအနေဖြင့် ချက်ချင်းဝင်ရောက် ပြုပြင်ပေးနိုင်ရန် အသင့်ရှိနေသည်။

အကြောင်းမှာ အစေ့တိုင်းသည် အလဟဿ အဖြစ်မခံနိုင်သော သစ်ပင်လူသား တစ်ကောင်စီကို ကိုယ်စားပြုနေသောကြောင့်ပင်။

သစ်ပင်လူသားမျိုးနွယ်၏ အလားအလာမှာ အတိုင်းအဆမရှိလှပေ။ အကယ်၍ ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ပါက ယခုတွေ့ကြုံခဲ့ရသော သစ်ပင်လူသား တပ်မတော်ကဲ့သို့ပင် အဆင့် ၇ အထိ ရောက်ရှိလာနိုင်သည်။

အကယ်၍ ထိုဖြစ်စဉ်အတွင်း ကျိရုရွှယ်ကသာ အနည်းငယ် ကူညီပေးနိုင်မည်ဆိုပါက ဤအုပ်စုထဲမှ အချို့မှာ နောင်တစ်ချိန်တွင် အဆင့် ၈ သို့ပင် ရောက်ရှိသွားနိုင်ခြေ ရှိသည်။

ကျောက်လင်းမှာမူ လိပ်ကြီး၏ ကျောပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေပြီး သူမ၏ဘေးတွင် စွမ်းအင်ဆေးရည် အမျိုးမျိုးကို ချထားသည်။

သူမသည် ဆေးရည်တစ်မျိုးကို သောက်သုံးပြီးနောက် ကျင့်ကြံခြင်းထဲသို့ အာရုံနစ်ဝင်နေတော့သည်။ ပတ်ဝန်းကျင်ရှိ စွမ်းအင်များသည် ကျောက်လင်း၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေပြီး သူမ၏ ကျင့်ကြံဆင့်ကို အဆင့် ၈ သို့ ရောက်ရှိရန် သိသိသာသာ မြန်ဆန်သော အရှိန်အဟုန်ဖြင့် တွန်းပို့ပေးနေသည်။

ယခုအခါတွင် အဆင့် ၈ သို့ တက်လှမ်းနိုင်ရန်မှာ ကျောက်လင်းအတွက် အစွဲအလမ်းတစ်ခုကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။ အကယ်၍ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းက ပြန်လည်ရှင်သန်နိုင်စွမ်းကို ဖြုန်းတီးရာမကျပါက ကျောက်လင်းသည် ထိုနည်းလမ်းဖြင့်ပင် အဆင့် ၈ သို့ ရောက်ရှိရန် ကြိုးစားမိကောင်း ကြိုးစားမိပေလိမ့်မည်။

"ဝူး... "

ရုတ်တရက် ရှေ့တန်းမှနေ၍ ဧရာမ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာပြီး ရှေ့ဆုံးမှ ဦးဆောင်နေသော ပင်လယ်သားရဲ ဇွန်ဘီရုပ်သေး အချို့မှာ လွင့်စင်ထွက်သွားကာ နောက်မှ လိုက်ပါလာသော ရုပ်သေးများပေါ်သို့ ပြင်းထန်စွာ ထပ်ရက်သား ကျသွားကြသည်။

လိပ်ခွံပေါ်တွင် ရပ်နေသော လုချွမ်းသည် မျက်လုံးများကို မှေးကြည့်လိုက်ပြီး တောအုပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသော အကြေးခွံနက် မြွေဟောက်ကြီးကို စိုက်ကြည့်လိုက်သည်။ ၎င်းသည် ပေ ၃၀၀ ကျော် ရှည်လျားသော မြွေဟောက်ကြီး တစ်ကောင်ဖြစ်ပြီး ဟင်းလင်းပွင့်နေသော ပါးစပ်ကြီးထဲတွင် ထက်မြက်လှသော အစွယ်များဖြင့် ပြည့်နှက်နေသည်။

ရေတိုင်ကီထက်ပင် ပို၍ ထွားကျိုင်းသော ခန္ဓာကိုယ်ရှိသည့် ထိုမြွေကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ဇွန်ဘီရုပ်သေး တပ်မတော်အတွင်းသို့ ရမ်းကားစွာ တိုးဝင်လာတော့သည်။

ထူးဆန်းသည်မှာ ထိုမြွေဟောက်ကြီး၏ ဦးခေါင်းပေါ်တွင် ထင်ရှားသော ဦးချိုတစ်ခု ပါရှိနေခြင်းပင်။ ၎င်းမှာ တိုတောင်းပြီး ထိပ်ဖျားမှာလည်း ချွန်ထက်ခြင်း မရှိပေ။

ဤသည်က ထိုမြွေကြီးကို နဂါးနှင့်လည်း မတူ သာမန်မြွေနှင့်လည်း မတူသော ထူးခြားသည့် ရုပ်သွင်ကို ဖြစ်ပေါ်စေသည်။

ထိုမြွေကြီးမှာ အတော်ပင် အစွမ်းထက်လှပြီး အဆင့် ၈ သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့မဟုတ်ပါက အဆင့် ၇ ရှိသော ပင်လယ်သားရဲ ဇွန်ဘီရုပ်သေး အမြောက်အမြားကို တစ်ချက်တည်းနှင့် လွင့်စင်သွားအောင် လုပ်နိုင်လိမ့်မည်မဟုတ်ပေ။

အဆင့် ၈ ရှိသော သားရဲဆိုးကြီးနှင့် ရင်ဆိုင်ရသော်လည်း လုချွမ်းသည် ပတ်ဝန်းကျင်ရှိ ဇွန်ဘီရုပ်သေးများကို ဝိုင်းဝန်းတိုက်ခိုက်ရန် ချက်ချင်း အမိန့်မပေးခဲ့ပေ။ အရေအတွက် အသာစီးယူ၍ ဝိုင်းဝန်းသတ်ဖြတ်ပါက ထိုမြွေကြီးကို သုတ်သင်နိုင်မည် ဖြစ်သော်လည်း သူ၏ ဇွန်ဘီရုပ်သေးများ အပြင်းအထန် ပျက်စီးဆုံးရှုံးသွားပေလိမ့်မည်။

ဤအဆင့် ၇ ဇွန်ဘီရုပ်သေးများသည် လုချွမ်း၏ နောင်အနာဂတ် ဇွန်ဘီလှိုင်းလုံးကြီးအတွက် အဓိက ကျောရိုးများဖြစ်ရာ အလွယ်တကူ ဆုံးရှုံးမခံလိုပေ။

ရှပ်...

နောက်တစ်ခဏတွင် လုချွမ်းသည် ပင်လယ်ခွဲစစ်ဓားကို ဆွဲထုတ်လိုက်ရာ လှိုင်းလုံးကြီးတစ်ခုအလား ပြာလဲ့သော အလင်းတန်းများ လုချွမ်းထံမှ ဖြာထွက်သွားတော့သည်။

ဝုန်း...

ထို့နောက်တွင်မူ လုချွမ်းသည် နေရာမှ မရွေ့ဘဲ တပ်မတော်အတွင်း သောင်းကျန်းနေသော မြွေဟောက်ကြီးထံသို့ စစ်ဓားဖြင့် ပြင်းထန်စွာ လွှဲခုတ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် တောက်ပလှသော ဓားအလင်းတန်းမှာ လေထုကို ဖြတ်သန်းသွားပြီး လခြမ်းကွေးပုံသဏ္ဌာန် ပြာလဲ့သော ဓားအရှိန်အဝါသည် မြွေဟောက်ကြီးထံသို့ တိုးဝင်သွားတော့သည်။

ဘုန်း…

မြွေဟောက်ကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားကာ နောက်သို့ အရှိန်ဖြင့် လွင့်ထွက်သွားတော့သည်။ မကြာမီမှာပင် အပြင်းအထန် ဒဏ်ရာရသွားသော ထိုမြွေကြီးသည် အချိန်အနည်းငယ်မျှသာ တောင့်ခံနိုင်ပြီးနောက် ဇွန်ဘီရုပ်သေးများ၏ ဝါးမျိုခြင်းကို ခံလိုက်ရကာ ၎င်း၏ အော်ဟစ်သံများမှာလည်း တဖြည်းဖြည်း တိုးညင်း၍ ပျောက်ကွယ်သွားတော့သည်။

မြွေဟောက်ကြီးကို သုတ်သင်ပြီးနောက် လုချွမ်းမှာ ရပ်မနေဘဲ တပ်မတော်ကို ဦးဆောင်ကာ ကျွန်း၏ အတွင်းပိုင်းသို့ ဆက်လက်ချီတက်ခဲ့သည်။

ချီချီလေး ပြောပြထားချက်အရ ရှေးဟောင်းအမွေအနှစ်များသည် လျှို့ဝှက်နယ်မြေတစ်ခုအတွင်း တည်ရှိနေခြင်းဖြစ်ပြီး ထိုနေရာသို့ ဝင်ရောက်ရန်အတွက် ကျွန်း၏ အလယ်ဗဟို နက်ရှိုင်းသော နေရာတွင် ရှိသည့် ရှေးဟောင်းပလ္လင်ကို ရှာဖွေရမည်ဖြစ်သည်။

ထိုရှေးဟောင်းပလ္လင်သည် အပျက်အစီးများဆီသို့ သွားရာ လမ်းစပင်။

လုချွမ်းသည် အမြင့်ဆုံးနေရာမှနေ၍ ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ ကြည့်ရှုကာ ရှေးဟောင်းပလ္လင်၏ အမှတ်အသားများကို တစ်ခုမကျန် ဂရုတစိုက် ရှာဖွေနေတော့သည်။

ထို့နောက်တွင် လုချွမ်းသည် သူ၏ တပ်မတော်ကို ဦးဆောင်ကာ ရှေ့မှပိတ်ဆို့နေသော တောအုပ်ကြီးကို ဖြတ်ကျော်လျက် အသေခံလာသော အဆင့် ၇ သားရဲဆိုး အနည်းငယ်ကိုလည်း သုတ်သင်ရှင်းလင်းခဲ့သည်။

နောက်ဆုံးတွင် တပ်မတော်ကြီးမှာ ကျွန်း၏ အလယ်ဗဟိုသို့ ဆိုက်ရောက်လာခဲ့ပြီး လုချွမ်း ကြည့်လိုက်သည့်အခါ ရှေ့မှမြင်ကွင်းကြောင့် သူ၏မျက်လုံးများမှာ ရုတ်တရက် တောက်ပသွားတော့သည်။

"နောက်ဆုံးတော့ တွေ့ပြီ... ရှေးဟောင်းပလ္လင်ပဲ"

All Chapters