အခန်း (၅၃၅-၅၃၆)
Vol. 54 Ch. 535-536
အခန်း။ ၅၃၅
ရှေးဟောင်းအပျက်အစီးများ၏ အဝင်ဝမှာ ထိုပူဇော်စင်မြင့်ကြီးအတွင်း၌သာ ရှိပြီး ပလ္လင်ကို တွေ့ရှိပြီဆိုသည်နှင့် အမွေအနှစ်နေရာသို့ ဝင်ရောက်နိုင်ပြီဖြစ်သည်။
ဝေးကွာလှသော တောင်ကုန်းမြင့်ထက်တွင် တည်ရှိနေသည့် ရှေးဟောင်းပူဇော်စင်မြင့်ကြီးကို လုချွမ်းက နွေးထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။
ပလ္လင်၏ ပုံသဏ္ဌာန်မှာ လှေကားထစ်များပါသော ကျောက်ဆောင်စင်မြင့်ကြီးနှင့် တူသော်လည်း ၎င်းမှာ သုံးထပ်ဆင့် တည်ဆောက်ထားခြင်းပင်။ အမြင့်မှာ အထပ်ရှစ်ထပ် သို့မဟုတ် ကိုးထပ်စာခန့်မြင့်မားလှသည်။
ဤရှေးဟောင်းပလ္လင်ကြီးတစ်ခုလုံးကို ညိုမှောင်သော ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး ကာလကြာမြင့်မှုကြောင့် ဖြစ်ပေါ်လာသည့် အမှတ်အသားများဖြင့် ပြည့်နှက်နေရာ ဤကမ္ဘာပေါ်တွင် မည်မျှကြာအောင် တည်ရှိခဲ့သည်ကိုပင် ခန့်မှန်းရခက်လှသည်။
"ချီချီ၊ ကျောက်လင်း... ရောက်ပြီဟေ့"
လုချွမ်းက စိတ်အားထက်သန်စွာဖြင့် ပလ္လင်ကြီးထံမှ အကြည့်ကို ခွာလိုက်ပြီး ကျင့်ကြံနေသော ထိုနှစ်ယောက်ကို ပြုံးရွှင်စွာ သတိပေးလိုက်သည်။ ထိုစကားကို ကြားသောအခါ ကျောက်လင်းနှင့် ကျိရုရွှယ်တို့မှာ သူတို့၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ကြသည်။
"ဟုတ်တယ် ဒါက သမီးမှတ်ဉာဏ်ထဲကအတိုင်း တစ်ထပ်တည်းပဲ"
ကျိရုရွှယ်က ပလ္လင်ကြီးကို မျက်မှောင်ကြုတ်၍ ကြည့်ကာ စိတ်ထဲမှ အတည်ပြုလိုက်သည်။
"အဲဒါ ရှေးဟောင်းပလ္လင်ပဲ။ အဲဒီကနေတစ်ဆင့် ငါတို့ ရှေးဟောင်းအပျက်အစီးတွေဆီ သွားကြမယ်"
လုချွမ်းက လျှောက်လာသော ကျောက်လင်းကို အဝေးမှ ပလ္လင်ကြီးအား ညွှန်ပြကာ ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
"ဘာစောင့်နေဦးမှာလဲ သွားကြစို့"
ကျောက်လင်းက ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ ထို့နောက် သူတို့ သုံးယောက်သည် မျိုးဗီဇပြောင်း ဧရာမလိပ်ကြီးပေါ်မှ ဆင်းကာ ပလ္လင်ကြီးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။
မကြာမီမှာပင် သူတို့ သုံးယောက် ပလ္လင်ပေါ်သို့ ဆိုက်ရောက်သွားကြသည်။ အနီးကပ်ကြည့်လိုက်သောအခါ ပလ္လင်၏ ကြမ်းတမ်းသော မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော ပုံစံများ၊ အမှတ်အသားများဖြင့် ပြည့်နှက်နေသည်ကို လုချွမ်း တွေ့ရှိလိုက်ရသည်။
ထိုအရာများမှာ ထူးခြားသော ပုံရိပ်များကို ဖော်ဆောင်နေသော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်ကိုမူ မသိရသေးပေ။ ထို့အပြင် နားမလည်နိုင်သော အမှတ်အသားများအပြင် ပလ္လင်ပေါ်တွင် စနစ်တကျ ပြုလုပ်ထားသော မြောင်းငယ်လေးများကိုလည်း တွေ့ရသည်။
ထိုမြောင်းငယ်များထဲတွင် မည်းနက်သော အရာဝတ္ထုများ အလွှာလိုက် ရှိနေသည်။
"လုချွမ်း၊ ချီချီ... အဝင်ဝကို တွေ့ပြီလား။ အဝင်ဝမရှိရင် ရှေးဟောင်းအပျက်အစီးတွေထဲ ဘယ်လိုဝင်မလဲ"
ကျောက်လင်းသည် အချိန်အတော်ကြာ ရှာဖွေပြီးနောက် အဝင်ဝကို မတွေ့ရသဖြင့် ဇဝေဇဝါ ဖြစ်လာသည်။
"ရှေးဟောင်းအမွေအနှစ်နေရာကို ဝင်ဖို့ဆိုရင် ဒီပလ္လင်ကို အရင် အသက်သွင်းရမယ်။ အသက်သွင်းဖို့အတွက်က ပလ္လင်မျက်နှာပြင်ပေါ်မှာရှိတဲ့ မြောင်းတွေနဲ့ အမှတ်အသားတွေ အကုန်လုံးထဲကို လတ်ဆတ်တဲ့ သွေးတွေ အမြောက်အမြား ဖြည့်ပေးဖို့ လိုအပ်တယ်"
ကျိရုရွှယ်က အမြန် ရှင်းပြလိုက်သည်။
"သွေး... ဟုတ်လား"
လုချွမ်း၏ မျက်လုံးများ တောက်ပသွားပြီး "သွေးကိစ္စကိုတော့ ငါ့တာဝန်ထားလိုက်" ဟု ကတိပေးလိုက်သည်။
ချက်ချင်းပင် လုချွမ်းသည် သူ၏ လက်အောက်ရှိ ပင်လယ်သားရဲ ဇွန်ဘီရုပ်သေးများကို ပင်လယ်ထဲသို့ သွားရောက်ကာ အစွမ်းထက်သော ပင်လယ်သားရဲများကို အရှင်ဖမ်းဆီးခဲ့ရန် အမိန့်ပေးလိုက်သည်။
"ခဏလောက် အနားယူကြရအောင်။ လုချွမ်း... ရှင် လိုအပ်တဲ့ သားရဲတွေကို ဖမ်းပြီးတာနဲ့ ငါတို့ ရှေ့ဆက်ကြမယ်"
"ငါတို့ နားနားနေနေ မရှိဘဲ ခရီးဆက်လာတာ ကြာပြီ။ အခု ရှေးဟောင်းအပျက်အစီးတွေထဲ မဝင်ခင်လေးမှာ အင်အားပြန်ဖြည့်ထားတာ အကောင်းဆုံးပဲ"
ကျောက်လင်းက လုချွမ်းကို မျက်တောင်လေး ခတ်ကာ အကြံပေးလိုက်သည်။
ဤအဖွဲ့သည် ယခုအချိန်အထိ လေထဲတွင် စားကာ ကြယ်အောက်တွင် အိပ်စက်ရင်း၊ ပင်လယ်လှိုင်းတံပိုးများကို အံတုကာ ကျွန်းပေါ်သို့ ရောက်လာခဲ့ခြင်းပင်။ ယခုတိုင် အနားမယူရသေးပေ။ ကျောက်လင်းအနေဖြင့် ရှေးဟောင်းနေရာအတွင်းရှိ အန္တရာယ်များကို ရင်ဆိုင်နိုင်ရန် အင်အားပြန်လည် ဖြည့်တင်းလိုသည်။
"ကောင်းပြီလေ အရင်ဆုံး တစ်ခုခု စားကြတာပေါ့"
ထိုစကားကို ကြားသောအခါ လုချွမ်း ငြင်းဆန်ခြင်းမပြုခဲ့ပေ။ အမှန်စင်စစ် ချီချီလေးနှင့် ကျောက်လင်းတို့မှာ မောပန်းနွမ်းနယ်မှုကို လျစ်လျူရှုနိုင်သော ဇွန်ဘီများ မဟုတ်ကြသဖြင့် အပျက်အစီးများထဲသို့ မဝင်မီ သူတို့ကို အင်အားပြန်ဖြည့်ခိုင်းခြင်းမှာ အကောင်းဆုံးပင်။
ထို့နောက်တွင် ကျောက်လင်းနှင့် ကျိရုရွှယ်တို့သည် ပလ္လင်အနီးတွင် တဲများထိုးကာ အနားယူရန် လဲလျောင်းလိုက်ကြသည်။
တစ်ဖက်တွင်မူ လုချွမ်းသည် တဲနှင့် မလှမ်းမကမ်းတွင် မြေသားများကို အသုံးပြု၍ ရိုးရှင်းသော အကင်စင်တစ်ခုကို တည်ဆောက်လိုက်ပြီး ပြင်ဆင်ထားသော သစ်သားတံစို့များတွင် သားရဲဆိုးများ၏ အသားများကို သီလိုက်သည်။ ဆယ့်ငါးမိနစ်ခန့်အတွင်းမှာပင် အသားကင် အတံ ခြောက်ရာကျော် ပြင်ဆင်ပြီးစီးသွားသည်။
လုချွမ်းသည် သေခြင်းတရားစွမ်းအင်နှင့် မီးလျှံများကို အသုံးပြု၍ မီးသွေးခဲများကို လျင်မြန်စွာ ဖန်တီးလိုက်ပြီး အကင်စင်အောက်တွင် ထည့်လိုက်သည်။ ထို့နောက် အသားကင်တံများကို အကင်စင်ပေါ်သို့ တင်လိုက်သည်။
တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံများနှင့်အတူ အပူလှိုင်းများမှာ လူးလွန့်လာပြီး ပူပြင်းသော အပူရှိန်အောက်တွင် အသားကင်များမှာ စတင်ကျက်ကာ တူးလာပြီး သွားရည်ကျစရာ ကောင်းလောက်အောင် မွှေးကြိုင်လှသော အနံ့အသက်များ ထွက်ပေါ်လာတော့သည်။
ရှဲ... ရှဲ...
အသားများထဲမှ ဆီများမှာ စိမ့်ထွက်လာပြီး မီးသွေးခဲများပေါ်သို့ တစက်စက် ကျလာရာမှ မြည်သံများနှင့်အတူ အနံ့မှာ ပိုမိုပြင်းထန်လာသည်။
အသားကင် အလှည့်သုံးကြိမ် ပြုလုပ်ပြီးနောက် လုချွမ်းသည် အသားကင်တံ တစ်ရာခန့်ကို အောင်မြင်စွာ ကင်ပြီးသွားသည်။ အားလုံး အဆင်သင့် ဖြစ်နေပြီကို မြင်သောအခါ သူသည် အနားယူနေသော ကျိရုရွှယ်နှင့် ကျောက်လင်းတို့ကို အမြန်လှမ်းခေါ်လိုက်သည်။
ခေတ္တမျှ မှေးစက်နေသော ထိုနှစ်ယောက်မှာ အသံကြားသည်နှင့် နိုးလာကြပြီး မွှေးကြိုင်လှသော အသားကင်နံ့ကြောင့် သူတို့၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
"ချီချီ၊ ကျောက်လင်း... ညစာ အဆင်သင့်ဖြစ်ပြီဟေ့"
လုချွမ်း၏ တိုက်တွန်းသံ ထပ်မံထွက်ပေါ်လာသည်။
"ဟုတ်ကဲ့... လာပြီ"
ကျိရုရွှယ်က ကျယ်လောင်စွာ ပြန်ထူးလိုက်သည်။
မကြာမီမှာပင် သူမသည် အိပ်ရာပေါ်မှ ဆင်းကာ တဲထဲမှ အမြန်ထွက်လာပြီး ကျောက်လင်းကလည်း နောက်မှ လိုက်လာသည်။
"ဝါး... လုချွမ်း ရှင့်ရဲ့ လက်ရာက တကယ်ကို မဆိုးဘူးပဲ။ ဒီအသားကင်က အရသာ တော်တော်ရှိတာပဲ"
ကျောက်လင်းက ချီးကျူးစကားများ အဆက်မပြတ် ပြောဆိုရင်း စားပွဲပေါ်ရှိ လင်ဗန်းထဲမှ အသားကင်တစ်တံကို ချက်ချင်း ကောက်ယူကာ အားပါးတရ စားသောက်တော့သည်။ စားပွဲ၏ တစ်ဖက်တွင်မူ ကျိရုရွှယ်သည် လက်နှစ်ဖက်စလုံးတွင် အသားကင်တစ်တံစီ ကိုင်ထားကာ အလှည့်ကျ စားနေသည်။
"အရသာရှိရင်လည်း အားမနာနဲ့ အဝစားကြ။ ဒီနေ့ အများကြီး ကင်ထားတာဆိုတော့ မင်းတို့ ဗိုက်ဝဖို့ကတော့ သေချာပေါက် အာမခံတယ်"
လုချွမ်းက ရယ်မောရင်း ပြောလိုက်ပြီး စားပွဲပေါ်ရှိ လင်ဗန်းထဲသို့ အသားကင် အတံ တစ်ရာခန့် ထပ်မံ ဖြည့်ပေးလိုက်သည်။
လုချွမ်းသည် ကျန်ရှိနေသော အသားများကို ဆက်လက်ကင်ပေးပြီးနောက် မကြာမီမှာပင် ကျိရုရွှယ်၊ ကျောက်လင်းတို့နှင့်အတူ စားသောက်ပွဲတွင် ပါဝင်ဆင်နွှဲတော့သည်။
အားရပါးရ စားသောက်ပြီးနောက် လုချွမ်းသည် ထိုနှစ်ယောက်ကို ပစ္စည်းများ သိမ်းဆည်းရန် ကူညီပေးနေစဉ် ပင်လယ်သားရဲများ ဖမ်းရန် လွှတ်ထားသော ဇွန်ဘီရုပ်သေးများ ပြန်လည်ရောက်ရှိလာကြသည်။
ဇွန်ဘီရုပ်သေး အဖွဲ့တစ်ဖွဲ့သည် အဆင့် ၇ ရှိသော ပြာလဲ့ရောင် ပင်လယ်မြွေ နှစ်ကောင်နှင့် ဖျံပုံသဏ္ဌာန်ရှိသော အဆင့် ၇ ပင်လယ်သားရဲ တစ်ကောင်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်။
ကျိရုရွှယ်နှင့် ကျောက်လင်းတို့သည် တဲနှင့် အခြားပစ္စည်းများကို မျိုးဗီဇပြောင်း ဧရာမလိပ်ကြီး၏ ကျောပေါ်သို့ တင်ကာ ပြင်ဆင်နေကြစဉ် လုချွမ်းသည် ပင်လယ်ခွဲစစ်ဓားကို ဆွဲထုတ်ကာ ပင်လယ်သားရဲ သုံးကောင်ကို ပလ္လင်၏ ထိပ်သို့ ခေါ်ဆောင်သွားသည်။
ရှုး...
"ဝူး... "
နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး လုချွမ်းသည် စစ်ဓားကို အသုံးပြု၍ ပင်လယ်သားရဲ သုံးကောင်၏ လည်ချောင်းများကို လှီးဖြတ်လိုက်ရာ ဒဏ်ရာများထဲမှ ပူနွေးသော သွေးအဟုန်များ ပန်းထွက်လာတော့သည်။
သွေးများသည် ပလ္လင်မျက်နှာပြင်ပေါ်ရှိ အမှတ်အသားများအတိုင်း စီးဆင်းသွားပြီး တဖြည်းဖြည်း ပျံ့နှံ့သွားကာ အချို့သော မြောင်းငယ်များထဲတွင် သွေးများ စတင် ပြည့်လျှံလာသည်။
တစ်ချိန်တည်းမှာပင် ထိုအမှတ်အသားများသည် အားနည်းသော အနီရောင်အလင်းများ စတင် ထွက်ပေါ်လာပြီး သွေးများ ပိုမိုစီးဆင်းလေလေ ပလ္လင်ကြီးမှာ ပိုမို တောက်ပလာလေလေ ဖြစ်သည်။
ဝီ... ဝီ...
မြောင်းငယ်များ အားလုံး သွေးများဖြင့် ပြည့်သွားသောအခါ မြင့်မားလှသော ပလ္လင်ကြီးမှာ တုန်ခါလာပြီး အထက်ရှိ အစီအရင်မှာ အသက်ဝင်လာသည်။ သွေးရောင်လွှမ်းသော အမှတ်အသားများမှာ တောက်ပစွာ လင်းလက်လာပြီး နားကွဲမတတ် မြည်ဟီးသံကြီးများနှင့်အတူ ပလ္လင်ကြီးမှာ ပြင်းထန်စွာ တုံ့ပြန်လာတော့သည်။
လုချွမ်းသည် ကျောက်လင်းနှင့် ကျိရုရွှယ်တို့ကို ဆွဲကိုင်ကာ ပလ္လင်၏ အလယ်ဗဟိုသို့ ခေါ်ဆောင်သွားပြီး နောက်တစ်ခဏတွင် သူတို့ သုံးယောက်လုံး မျက်စိရှေ့မှ ပျောက်ကွယ်သွားကြတော့သည်။
အခန်း။ ၅၃၆
နေရာကူးပြောင်းသွားသည့် လူသုံးယောက်မှာ မျက်စိရှေ့တွင် ခေတ္တမျှ မှောင်အတိကျသွားသည်ဟု ခံစားလိုက်ရပြီးနောက်တွင် ရှေးဟောင်းအပျက်အစီးများ၏ ဆန်းကြယ်လှသော နယ်မြေအတွင်းသို့ ရောက်ရှိသွားကြတော့သည်။
ထိုနယ်မြေ၏ ကောင်းကင်ယံထက်တွင် ပြင်ပကမ္ဘာရှိ နေမင်းထက် အနည်းငယ် သေးငယ်သော နေတစ်စင်းမှာ မြင့်မားစွာ တည်ရှိနေပြီး အလင်းနှင့် အပူရှိန်များကို ထုတ်လွှတ်နေသည်။
သူတို့ သုံးယောက်မှာ ယခုအခါတွင် အလွန်ကျယ်ပြောပြီး ထူထပ်လှသော ကွင်းပြင်ကျယ်ကြီးတစ်ခုသို့ ရောက်နေခြင်းပင်။
ထိုကွင်းပြင်ကို ဖြူဖွေးသော ကျောက်စိမ်းများဖြင့် ခင်းကျင်းထားပြီး ကြည့်မဆုံးနိုင်အောင် ကျယ်ပြောလှသည်။
သူတို့၏ ရှေ့တည့်တည့်တွင်မူ အလွန်ကြီးမားသော အဆောက်အအုံ အစုအဝေးကြီးတစ်ခု ရှိနေသည်။ တောင်ကုန်းများသဖွယ် မြင့်မားလှသော မဏ္ဍပ်များနှင့် မျှော်စင်အမျိုးမျိုးမှာ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေကြပြီး ၎င်းတို့ထံမှ အားနည်းသော ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်နေခြင်းက အဆောက်အအုံ တည်ဆောက်ထားသည့် ပစ္စည်းများမှာ သာမန်မဟုတ်ကြောင်း ဖော်ပြနေသည်။
တစ်ချိန်တည်းမှာပင် ဤကျယ်ပြန့်လှသော အဆောက်အအုံ အစုအဝေးကြီး၏ အထက်တွင် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ဧရာမ ခရမ်းရောင် အစီအရင် အလင်းကန့်လန့်ကာကြီးတစ်ခု ရှိနေပြီး အဆောက်အအုံအားလုံးကို ထိုအတွင်း၌ ငုံ့မိုးကာကွယ်ထားသည်။
ထို့အပြင် ထိုအလင်းကန့်လန့်ကာကြီးအတွင်းရှိ အဆောက်အအုံ တစ်ခုချင်းစီ၏ မျက်နှာပြင်များကိုလည်း အစွမ်းထက်လှသော အစီအရင် အလွှာများဖြင့် အထပ်ထပ် ကာကွယ်ထားသေးသည်။
"ဒါက ရှေးခေတ်က ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်နေရာပေါ့... ဒီမှာ နေထိုင်ခဲ့တဲ့သူတွေက တော်တော်လေးကို အစွမ်းထက်ကြမှာပဲ"
ကျောက်လင်းသည် သူမ၏ရှေ့ရှိ အဆောက်အအုံကြီး၏ ခန့်ညားထည်ဝါမှုကြောင့် အံ့အားသင့်နေမိပြီး ချီးကျူးစကား ပြောလိုက်သည်။
"ဟုတ်တယ်... ဒီလောက် ထူးခြားတဲ့ အဆောက်အအုံကြီးကို တည်ဆောက်ဖို့ဆိုရင် လူအင်အားနဲ့ အရင်းအမြစ် ဘယ်လောက်တောင် သုံးခဲ့ရမလဲဆိုတာ မှန်းဆကြည့်လို့တောင် ရနိုင်တယ်။ ဒီနေရာရဲ့ ပိုင်ရှင်က သာမန်လူတော့ လုံးဝ ဖြစ်မှာမဟုတ်ဘူး"
လုချွမ်းက ရှေ့မှ ပျက်စီးနေသော အဆောက်အအုံများကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"သွားကြစို့... အတွင်းထဲကို ဝင်ကြမယ်။ သတိထားကြဦး မမျှော်လင့်ထားတာတွေ ဖြစ်လာနိုင်တယ်"
လုချွမ်းက သူ၏ဘေးတွင်ရှိသော ကျိရုရွှယ်နှင့် ကျောက်လင်းကို တစ်ချက်ကြည့်ကာ ညွှန်ကြားလိုက်ပြီးနောက် အမွေအနှစ်နေရာ၏ တံခါးကြီးဆီသို့ လှမ်းလျှောက်သွားတော့သည်။
အမွေအနှစ်နေရာ၏ တံခါးမှာ ဖြူဖွေးသော ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည့် ဧရာမ မုခ်ဦးကြီးတစ်ခုဖြစ်ပြီး ရှေ့ဆုံးတွင် တည်ရှိနေသည်။
၎င်း၏ ပတ်ပတ်လည်တွင် အစီအရင် သင်္ကေတများ ထွင်းထုထားသည့် မြင့်မားသော တံတိုင်းကြီးက တံခါး၏ ဘေးတစ်ဖက်တစ်ချက်ကို တင်းကျပ်စွာ ပိတ်ဆို့ထားသည်။
တံခါး၏ ဘေးတစ်ဖက်စီတွင် ကျောက်စိမ်းဖြင့် ထုလုပ်ထားသော ရုပ်တုများမှာ တန်းစီလျက် ရှိနေကြသည်။ ထိုရုပ်တုများမှာ ပေ ၃၀၀ ကျော် မြင့်မားပြီး သံချပ်ကာများ ဝတ်ဆင်ထားသည့် ဧရာမ ဓားသမားများဖြစ်ကာ အမွေအနှစ်နေရာကို စောင့်ကြပ်နေသည့် အစောင့်အကြပ်များအလား တံခါးရှေ့တွင် ရပ်နေကြသည်။
ကလောက်... ကလောက်...
မမျှော်လင့်ဘဲ လုချွမ်း ရှေ့သို့ အနည်းငယ် လှမ်းလိုက်သည်နှင့် ကျိရုရွှယ်က "ဖေဖေ... ဒီကွင်းပြင်ပေါ်က ရုပ်သေးတွေကို သတိထား" ဟု အမြန် သတိပေးလိုက်သည်။
သူမ ပြောပြီးသည်နှင့် ဖြူဖွေးသော ကျောက်စိမ်းတံခါးရှေ့တွင် ရပ်နေသော ကျောက်စိမ်းရုပ်တုကြီးများမှာ ရုတ်တရက် အသက်ဝင်လာတော့သည်။
ကလောက် ကလောက် မြည်သံများနှင့်အတူ ထိုရုပ်တုကြီးများမှာ လှုပ်ရှားလာပြီး သူတို့၏ မျက်လုံးများမှာ တောက်ပလာကာ လက်ခြေများ စတင်လှုပ်ရှားလာတော့သည်။
သူတို့သည် လက်ထဲရှိ ဧရာမ ဓားကြီးများကို ဖြည်းဖြည်းချင်း မြှောက်လိုက်ကြပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။
ထိုဧရာမ အစောင့်အကြပ်ကြီးများကို ကြည့်ရင်း လုချွမ်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ဤရုပ်တုကြီးများ၏ အစွမ်းမှာ အနည်းဆုံး အဆင့် ၇ ရှိပြီး ရှေ့ဆုံးမှ ပိုမိုမြင့်မားသော အစောင့်အကြပ် ရှစ်ယောက်မှာမူ အဆင့် ၈ အရှိန်အဝါများကို အားနည်းစွာ ထုတ်လွှတ်နေကြသည်။
သတိပြုရမည်မှာ ဤနေရာသို့ လုချွမ်း၊ ကျိရုရွှယ်နှင့် ကျောက်လင်း သုံးယောက်တည်းသာ ရောက်ရှိလာခြင်းဖြစ်ပြီး လုချွမ်း၏ ဇွန်ဘီရုပ်သေး တပ်မတော်ကြီးမှာမူ အပြင်ဘက်တွင် ကျန်ရစ်ခဲ့သည်။
အဆင့် ၇ အစောင့်အကြပ် တစ်ရာကျော်နှင့် အဆင့် ၈ အစောင့်အကြပ် ရှစ်ယောက်ကို ရင်ဆိုင်ရမည်ဖြစ်ရာ လုချွမ်းနှင့် ကျိရုရွှယ်မှာ အဆင့် ၈ ဖြစ်ပြီး ကျောက်လင်းမှာ အဆင့် ၇ ဖြစ်သည့်တိုင် ဤတိုက်ပွဲမှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။
ခဏအတွင်းမှာပင် ဧရာမ အစောင့်အကြပ်ကြီးများသည် သူတို့ထံသို့ အုပ်စုလိုက် ပြေးဝင်လာကြတော့သည်။
ဝူး... ဝူး... ဝူး...
ထိုအစောင့်အကြပ်ကြီးများသည် သူတို့၏ ဝိညာဉ်အလင်းများ တောက်ပနေသော ဧရာမ ဓားကြီးများကို မြှောက်ကာ ကောင်းကင်နှင့် မြေကြီးကို ပိုင်းဖြတ်တော့မည့်အလား သူတို့ သုံးယောက်ထံသို့ ပြင်းထန်စွာ လွှဲခုတ်လိုက်ကြသည်။
လေထုကို ဖြတ်သန်းသွားသော ဓားသံများမှာ စိတ်ပိုင်းဆိုင်ရာ ဖိအားများကို အကြီးအကျယ် ပေးနေတော့သည်။
"အမြန်... နောက်ဆုတ်"
ကျိရုရွှယ်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူမ၏ဘေးတွင်ရှိသော ကျောက်လင်းကို ဆွဲကာ အမြန် နောက်ဆုတ်လိုက်သည်။
ရှေ့တည့်တည့်တွင်မူ လုချွမ်း၏ မျက်လုံးများမှာ စူးရှသွားပြီး ပင်လယ်ခွဲစစ်ဓားကို အမြန် ဆွဲထုတ်လိုက်သည်။ ပြာလဲ့ရောင် ဓားအလင်းတန်းများ ပွင့်လန်းသွားပြီးနောက် သူသည် သူ့ထံသို့ ကျရောက်လာသော ဧရာမ ဓားကြီးကို ပြန်လည် လွှဲခုတ်လိုက်သည်။
ဝုန်း...
တစ်ခဏအတွင်းမှာပင် အလွန်ပြင်းထန်သော စွမ်းအားများ ပါရှိသည့် တောက်ပနေသော ဧရာမဓား အစင်းတစ်ရာမှာ လုချွမ်း၏ ပတ်ပတ်လည်သို့ ဟုန်ဟုန်ယံယံ ကျရောက်လာတော့သည်။
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ ကျောက်စိမ်းခင်းထားသော မြေပြင်မှာ ပေါက်ကွဲထွက်သွားပြီး ကျောက်စိမ်းအုတ်ခဲ အပိုင်းအစများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြသည်။
မြေပြင်ထက်တွင်လည်း နက်ရှိုင်းလှသော ဓားရာကြီး ရာနှင့်ချီ၍ ထင်ကျန်ရစ်ခဲ့သည်။
ထိုတိုက်ခိုက်မှု၏ ဗဟိုချက်တွင် ရှိနေသော လုချွမ်းသည် ဇွန်ဘီဘုရင် စွမ်းအားကို ထုတ်ဖော်ကာ မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ကို အသုံးပြု၍ ပတ်ဝန်းကျင်မှ ကျရောက်လာသော ဧရာမဓားကြီးများ၏ ဒဏ်ကို ကြံ့ကြံ့ခံလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ အပေါ်တည့်တည့်သို့ ကျရောက်လာသော ဓားကြီးသုံးစင်းကိုမူ ပင်လယ်ခွဲစစ်ဓားဖြင့် ပြန်လည်ခုခံတွန်းလှန်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း…..
ဓားကို ကိုင်ဆောင်ထားသော ရှေ့ဆုံးမှ ဧရာမအစောင့်အကြပ်ကြီးများသည် တန်ပြန်သက်ရောက်လာသော အရှိန်ကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြရသည်။ သူတို့ ခြေလှမ်းလိုက်တိုင်း မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားရသည်။
တစ်ချိန်တည်းမှာပင် လုချွမ်းသည် စစ်ဓားမှတစ်ဆင့် စီးဝင်လာသော အရှိန်အဟုန်ကို လျှော့ချရန်အတွက် နောက်သို့ ခုန်ထွက်လိုက်ပြီး ကျိရုရွှယ်နှင့် ကျောက်လင်းတို့ရှိရာသို့ ပြန်လည်ပူးပေါင်းလိုက်သည်။
"ဖေဖေ... ဘာဖြစ်သွားသေးလဲ"
ကျိရုရွှယ်နှင့် ကျောက်လင်းတို့က စိုးရိမ်တကြီးဖြင့် လုချွမ်း၏ အခြေအနေကို လာရောက်ကြည့်ရှုကြသည်။
"ဘာမှမဖြစ်ဘူး။ ဆက်တိုက်ကြရအောင်"
လုချွမ်းက တည်ငြိမ်သော မျက်နှာပေးဖြင့် ခေါင်းခါပြလိုက်ပြီး ဧရာမအစောင့်အကြပ်ကြီးများထံသို့ အကြည့်ကို ပြန်ပို့လိုက်သည်။
ဝုန်း... ဝုန်း...
တစ်ကြိမ် တိုက်ခိုက်ပြီးသွားသော အစောင့်အကြပ်ကြီးများသည် မြေပြင်ထဲ စိုက်ဝင်နေသော ဓားကြီးများကို ဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်လိုက်ကြပြီး ခံစားချက်ကင်းမဲ့သော အကြည့်များဖြင့် လုချွမ်းတို့ထံသို့ ပြန်လည်စိုက်ကြည့်လာကြသည်။
နောက်တစ်ခဏတွင် သူတို့သည် သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ရှေ့သို့ တစ်လှမ်းချင်း တိုးလာကြပြန်သည်။
"ဟင်း..."
လုချွမ်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး မကြောက်မရွံ့သော အမူအရာဖြင့် ရှိနေသည်။ ဤအစောင့်အကြပ်ကြီးများသည် အင်အားကြီးပြီး ဖျက်ဆီးအား ကောင်းသော်လည်း သူတို့၏ လှုပ်ရှားမှုများမှာ အလွန်နှေးကွေးလှသဖြင့် သူ့ကို အလွယ်တကူ ထိခိုက်အောင် လုပ်နိုင်မည်မဟုတ်ပေ။
ဝုန်း
နောက်တစ်စက္ကန့်တွင် လုချွမ်းသည် စစ်ဓားကို ကိုင်ဆောင်ကာ လျှပ်စီးလက်သည့်အလား ရှေ့သို့ ပြေးထွက်သွားပြီး အစောင့်အကြပ်ကြီးများထံသို့ တည့်တည့် ဦးတည်လိုက်သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
မကြာမီမှာပင် သူတို့သည် ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။ လုချွမ်းသည် သူ၏ လျင်မြန်လှသော ကိုယ်ဖော့ပညာကို အသုံးပြု၍ အစောင့်အကြပ်ကြီးများ၏ ဓားချက်များကို လေထဲတွင် ရှောင်ကွင်းနေသည်။
တစ်ချိန်တည်းမှာပင် သူ၏လက်ထဲရှိ စစ်ဓားကို အဆက်မပြတ် လွှဲခုတ်နေပြီး ပြာလဲ့ရောင် ဓားအရှိန်အဝါ လှိုင်းလုံးကြီးများဖြင့် ပတ်ဝန်းကျင်ရှိ အစောင့်အကြပ်ကြီးများကို ပြင်းထန်စွာ တိုက်ခိုက်နေတော့သည်။
ခလောက်... ခလောက်...
ဓားအရှိန်အဝါများ ကျရောက်လေတိုင်း ထိုအစောင့်အကြပ်ကြီးများ၏ ခန္ဓာကိုယ်ပေါ်မှ ကျောက်စိမ်းစများမှာ ကွဲထွက်သွားပြီး နက်ရှိုင်းသော ဓားရာများ ထင်ကျန်ရစ်သည်။ သို့သော်လည်း ဤအစောင့်အကြပ်ကြီးများသည် အံ့မခန်း ပြန်လည်ရှင်သန်နိုင်စွမ်း ရှိနေပုံပင်။
ဓားရာများ ထင်ကျန်သွားသည်နှင့် ပတ်ဝန်းကျင်ရှိ ကျောက်စိမ်းများမှာ စတင်တောက်ပလာပြီး ဒဏ်ရာနက်ကြီးများမှာ ဖြည်းဖြည်းချင်း ပြန်လည် ကျက်သွားကြသည်။
ဤသည်ကို မြင်သောအခါ လုချွမ်းက ထိုအသားထူသော ပြိုင်ဘက်များကို အနိုင်ယူရန် လွယ်ကူမည်မဟုတ်ကြောင်း သိလိုက်ပြီး အချိန်ဆွဲကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
"ဖေဖေ... ဒီရုပ်သေးတွေရဲ့ အားနည်းချက်က သူတို့ရဲ့ ဂုတ်ပိုးနောက်မှာရှိတဲ့ စွမ်းအင်အရင်းအမြစ်ပဲ"
တိုက်ပွဲမှာ အခြေအနေမလှ ဖြစ်နေသည်ကို မြင်သောအခါ ကျိရုရွှယ်သည် သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များကို အမြန်ပြန်လည် ရှာဖွေလိုက်ပြီး ထိုရုပ်သေးများ၏ အားနည်းချက်ကို အောင်မြင်စွာ ရှာဖွေတွေ့ရှိသွားကာ လုချွမ်းကို အမြန် အော်ဟစ်ပြောပြလိုက်သည်။
ချီချီလေး၏ စကားကို ကြားသောအခါ လုချွမ်း အလွန်ဝမ်းသာသွားသည်။ သူသည် ဝိညာဉ်အနှစ်သာရများကို စုစည်းကာ အစောင့်အကြပ်ကြီးတစ်ဦး၏ နောက်ကျောဘက်သို့ ချက်ချင်း ရောက်ရှိသွားပြီး ဂုတ်ပိုးကို ဓားဖြင့် ပြင်းထန်စွာ ခုတ်လိုက်သည်။
ရှုး...
ပြာလဲ့ရောင် ဓားအရှိန်အဝါသည် လေထုကို ဖြတ်သန်းသွားပြီး အစောင့်အကြပ်ကြီး၏ ဂုတ်ပိုးသို့ တည့်တည့် ကျရောက်သွားသည်။
ဘုန်း
ဓားအရှိန်အဝါကြောင့် အစောင့်အကြပ်ကြီး၏ ဂုတ်ပိုးနေရာမှာ ပေါက်ကွဲသွားပြီး ကျောက်စိမ်းစများ လွင့်စင်သွားကာ အတွင်းမှ သင်္ကေတများ ထွင်းထုထားသော အပြာရောင် ကျောက်တုံးငယ်မှာ နှစ်ပိုင်းပြတ်၍ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။
ထို့နောက်တွင်မူ ထိုဧရာမ အစောင့်အကြပ်ကြီး၏ လှုပ်ရှားမှုများမှာ တောင့်တင်းသွားကာ ရပ်တန့်သွားတော့သည်။ သူ၏ မျက်လုံးများမှာလည်း အလင်းကွယ်သွားပြီး ဧရာမခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် လဲကျသွားတော့သည်။