အခန်း (၅၃၇-၅၃၈)
Vol. 54 Ch. 537-538
အခန်း။ ၅၃၇
ထိုနည်းလမ်းမှာ အမှန်တကယ်ပင် ထိရောက်သည်ကို တွေ့လိုက်ရသဖြင့် လုချွမ်း၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။ သူသည် တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း အနီးအနားရှိ အစောင့်အကြပ်ကြီးများ၏ နောက်ကျောဘက်သို့ တစ်ဖန်ပြန်၍ ပျံသန်းသွားပြီး ထိုလှည့်ကွက်ကိုပင် အသုံးပြုကာ ရုပ်သေးကြီးများ၏ စွမ်းအင်အရင်းအမြစ်များကို တစ်ခုပြီးတစ်ခု ဖြုတ်ထုတ်ရန် ပြင်ဆင်လိုက်သည်။
"မိုက်တယ် ဟားဟား... လုချွမ်း ငါလည်း ကူမယ်ဟေ့"
ဧရာမ အစောင့်အကြပ်ကြီးတစ်ကောင် ဘုန်းဘုန်းလဲကျသွားသည်ကို မြင်လိုက်ရသောအခါ ကျောက်လင်းသည် သူတို့ကို မည်သို့ ကိုင်တွယ်ရမည်ကို သိသွားပြီဖြစ်သဖြင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး သူမ၏ တိုက်ခိုက်ရေးဓားကို ဆွဲထုတ်ကာ ရှေ့သို့ ပြေးထွက်သွားတော့သည်။
ကျိရုရွှယ်သည်လည်း အရှုံးမပေးဘဲ သူမ၏ စိတ်စွမ်းအင်များကို လျင်မြန်စွာ ထုတ်လွှတ်လိုက်ရာ ထိုစွမ်းအင်များသည် လေထုထဲတွင် ကခုန်နေသော စိတ်စွမ်းအင်လှံများအဖြစ် ပြောင်းလဲသွားပြီး အစောင့်အကြပ်ကြီးများ၏ ဂုတ်ပိုးကို ထိုးဖောက်ရန် အခွင့်အရေး ရှာဖွေနေတော့သည်။
ဘုန်း ဘုန်း ဘုန်း
မကြာမီမှာပင် သူတို့ သုံးယောက်၏ စုပေါင်းအားထုတ်မှုကြောင့် အစောင့်အကြပ်ကြီး တစ်ကောင်ချင်းစီ၏ ဂုတ်ပိုးမှာ ပြင်းထန်သော ဒဏ်ရာများကို ရရှိခဲ့သည်။ သူတို့၏ စွမ်းအင်အရင်းအမြစ်များ ကြေမွသွားသည်နှင့် တစ်ပြိုင်နက် စွမ်းအားများ ဆုံးရှုံးသွားပြီး တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြတော့သည်။
မကြာခင်မှာပင် ကွင်းပြင်ပေါ်ရှိ အစောင့်အကြပ်ကြီးများ အားလုံး ရှင်းလင်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
"ဟူး... နောက်ဆုံးတော့ ပြီးသွားပြီ"
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အစောင့်အကြပ် ရုပ်အလောင်းများကို ကြည့်ရင်း ကျောက်လင်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
အဆင့် ၈ သို့ ရောက်ရှိနေပြီဖြစ်သော လုချွမ်းနှင့် ကျိရုရွှယ်တို့နှင့် နှိုင်းယှဉ်ပါက သူမမှာ အတန်ငယ် နောက်ကျနေသေးသဖြင့် ဤအစောင့်အကြပ်ကြီးများကို ကိုင်တွယ်ရာတွင် ပို၍ အားစိုက်ခဲ့ရသည်။
သူတို့ သုံးယောက် ပြန်လည် စုစည်းလိုက်ကြသည်။
"သွားကြစို့ အတွင်းထဲကို ဝင်ကြမယ်"
လုချွမ်းသည် ပင်လယ်ခွဲစစ်ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ထိုနှစ်ယောက်ကို ဖြူဖွေးသော ကျောက်စိမ်းတံခါးဆီသို့ ဦးဆောင်ခေါ်သွားသည်။ အဝင်ဝသို့ ဂရုတစိုက် လျှောက်လှမ်းသွားသော်လည်း အခြား ထူးခြားသော အန္တရာယ်များ မရှိသည်ကို တွေ့ရသဖြင့် စိတ်သက်သာရာ ရသွားသည်။
ထို့နောက်တွင် သူတို့ သုံးယောက်လုံး ထိုကျောက်စိမ်းတံခါးကြီးအတွင်းသို့ အတူတူ ဝင်ရောက်လိုက်ကြသည်။
ဝုန်း..
ထိုအခိုက်အတန့်တွင် နားကွဲမတတ် မြည်ဟီးသံကြီးတစ်ခုနှင့်အတူ လုချွမ်းတို့၏ မျက်စိရှေ့ရှိ မြင်ကွင်းမှာ တဖျတ်ဖျတ် တုန်ခါသွားပြီး သူတို့သည် ထူးဆန်းသော နယ်မြေတစ်ခုအတွင်းသို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။
ဤနေရာမှာ သိပ်မကျယ်လှဘဲ ဟာလာဟင်းလင်း ဖြစ်နေပြီး လုချွမ်းတို့ သုံးယောက်သာ အလယ်ဗဟိုတွင် ကြောင်တောင်တောင်ဖြင့် ရပ်နေကြသည်။
"ငါတို့ ဘယ်ရောက်နေတာလဲ။ အမွေအနှစ် အဆောက်အအုံတွေကရော ဘယ်မှာလဲ" ကျောက်လင်းမှာ အံ့အားသင့်သွားသည်။
ကျောက်စိမ်းတံခါးရဲ့ နောက်ကွယ်မှာ ခန့်ညားထည်ဝါတဲ့ အဆောက်အအုံတွေ ရှိနေရမှာ မဟုတ်ဘူးလား။ အခု သူတို့ ဘယ်ကို ရောက်သွားတာလဲ။
လုချွမ်းသည် စစ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ပတ်ဝန်းကျင်ကို အလေးအနက် အကဲခတ်နေသည်။ ဘာကိုမျှ မမြင်ရသော်လည်း အရပ်မျက်နှာအနှံ့မှ အားနည်းသော အန္တရာယ်အငွေ့အသက်ကို ခံစားနေရသဖြင့် သူ အနည်းငယ် စိတ်မအေး ဖြစ်နေသည်။
"ဒါက အမွေအနှစ်နေရာတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ အစောင့်အကြပ် အစီအရင် အသက်ဝင်လာတာ ဖြစ်ရမယ်။ အစောက သမီးတို့ အပြင်က မြင်ခဲ့တဲ့ အစီအရင်ပေါ့။ ဒီနေရာထဲကို အေးအေးဆေးဆေး ဝင်ချင်ရင် ဒီအစီအရင်ကို အရင် ဖောက်ထွက်ရမယ် ထင်တယ်"
ကျိရုရွှယ်က သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များကို ပြန်လည် တူးဖော်ရင်း လေးနက်စွာ ပြောလိုက်သည်။
"ဟူး... ဒီနေရာထဲမှာက လမ်းပိတ်တဲ့ ရုပ်တုကြီးတွေ မဟုတ်ရင် အကျဉ်းချထားတဲ့ အစီအရင်တွေပဲ ရှိနေတာလား။ ကောင်းတဲ့အရာလေးတစ်ခု ရဖို့က တကယ်ကို မလွယ်ဘူးပဲ"
ကျောက်လင်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်သော်လည်း အစီအရင်၏ အားနည်းချက်ကို မတွေ့သဖြင့် မကျေမနပ် ရေရွတ်လိုက်သည်။
သို့သော်လည်း ကျောက်လင်း စကားပြောပြီးသည်နှင့် မြေပြင်မှာ ရုတ်တရက် တုန်ခါလာတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
မြေပြင်မှာ အဆက်မပြတ် တုန်ခါလာပြီးနောက် မြေကြီးထဲမှ ကျောက်စိမ်းတိုင်ကြီးများ တစ်တိုင်ပြီးတစ်တိုင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုကျောက်စိမ်းတိုင်များသည် ကိုးလံခန့် မြင့်မားပြီး ရေတိုင်ကီများထက်ပင် ပိုမိုထွားကျိုင်းလှသည်။
၎င်းတို့သည် အရောင်အမျိုးမျိုး ကွဲပြားနေပြီး ဝိညာဉ်အလင်းတန်း အမျိုးမျိုးကိုလည်း ထုတ်လွှတ်နေကြသည်။
ထို့အပြင် ထိုတိုင်ကြီးများ၏ ထိပ်တွင် သားရဲပုံသဏ္ဌာန် အမျိုးမျိုးရှိသော ကျောက်စိမ်းရုပ်ထုများ ပါရှိနေသည်။ အဆိုပါ ဧရာမ တိုင်ကြီးပေါင်း ရာနှင့်ချီ၍ ထိုနယ်မြေတစ်ခုလုံးတွင် စနစ်တကျ မဟုတ်ဘဲ ပြန့်ကျဲလျက် ထွက်ပေါ်လာသည်။
ဝီ... ဝီ... ဝီ...
နောက်တစ်ခဏတွင် ငြိမ်သက်နေသော တိုင်ကြီးများမှာ အနည်းငယ် တုန်ခါလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည့် အသံများ ထွက်ပေါ်လာသည်။ မကြာမီမှာပင် တိုင်များ၏ မျက်နှာပြင်ပေါ်ရှိ ဝိညာဉ်အလင်းများမှာ စူးရှတောက်ပလာပြီး တိုင်တစ်ခုနှင့်တစ်ခုကို ချိတ်ဆက်ပေးသည့် အလင်းတန်းများ ပစ်လွှတ်လိုက်ကြသည်။
ထို့နောက် အလင်းစီးကြောင်းများသည် တိုင်များ၏ အထက်သို့ လျင်မြန်စွာ စီးဆင်းသွားပြီး ထိပ်ဖျားရှိ ကျောက်စိမ်းရုပ်ထုများထံတွင် စုဆုံသွားကြတော့သည်။
"ဝူး... "
စွမ်းအားအချို့ကို ထိုးသွင်းလိုက်သည့်အလား ထိုကျောက်စိမ်းရုပ်ထုများထဲမှ ၎င်းတို့၏ ပုံသဏ္ဌာန်နှင့် တူညီသော အလင်းတန်းပုံရိပ်များ တဖျတ်ဖျတ် ထွက်ပေါ်လာသည်။
အချို့သော အလင်းတန်းများမှာ ဧရာမ မြွေဟောက်ကြီးများ၊ အချို့မှာ ထက်မြက်သော လက်တံများပါသည့် ပုစဉ်းရင်ကွဲများနှင့် အချို့မှာမူ ဧရာမ မျောက်ဝံကြီးများ ဖြစ်ကြသည်။
၎င်းတို့၏ ပုံသဏ္ဌာန်များမှာ ကွဲပြားနေသော်လည်း အလင်းတန်းပုံရိပ် တစ်ခုချင်းစီမှာ အဆင့် ၈ အစွမ်းများ ရှိနေကြသည်။ မကြာမီမှာပင် အစွမ်းထက်လှသော အရှိန်အဝါများမှာ ရောယှက်သွားပြီး ရှေးဟောင်း နတ်ဘုရားတောင်ကြီး တစ်ခု ပြိုကျလာသည့်အလား လုချွမ်းတို့ထံသို့ ဖိအားပေးလာတော့သည်။
သူ့တို့ ပတ်ပတ်လည်တွင် ဝိုင်းရံထားသော အဆင့် ၈ အလင်းတန်းပုံရိပ် ရာနှင့်ချီ၍ ရှိနေသည်ကို ရင်ဆိုင်ရသောအခါ လုချွမ်းပင်လျှင် ဦးရေပြားများ ထုံကျင်သွားရသည်။ ဤမျှများပြားလှသော အဆင့် ၈ ပြိုင်ဘက်များကို အသက်နှင့်လဲ၍ တိုက်လျှင်ပင် အကုန်သတ်နိုင်မည် မဟုတ်ပေ။
ဝုန်း
ရုတ်တရက် ရှေ့ဆုံးမှ အဆင့် ၈ အလင်းတန်းပုံရိပ်များက လုချွမ်းတို့အား စတင် တိုက်ခိုက်လိုက်ကြသည်။ အဆင့် ၈ မျောက်ဝံကြီးတစ်ကောင်က ၎င်း၏ ဧရာမလက်ဝါးကြီးကို ဆန့်
ထုတ်ကာ လုချွမ်းတို့ရှိရာသို့ ဖိနှိပ်ချလိုက်သည်။
တစ်ခဏချင်းမှာပင် ကောင်းကင်ကြီး မှောင်အတိကျသွားပြီး အထက်မှ အလွန်ပြင်းထန်သော ဖိအားများ ကျရောက်လာသည်။
လုချွမ်း၏ အကြည့်များမှာ စူးရှသွားပြီး ပင်လယ်ခွဲစစ်ဓားဖြင့် ပင့်ခုတ်လိုက်ရာ မျောက်ဝံကြီး၏ လက်ကို တိုက်ရိုက် ပိုင်းဖြတ်လိုက်နိုင်သည်။ ထိုလက်မှာ လေထဲတွင် အလင်းစက်များအဖြစ် ပျံ့လွင့်သွားတော့သည်။
"ဝူး... "
ထိုမျောက်ဝံကြီးမှာ အရှုံးမပေးလိုသည့်အလား ပြန်လည် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ လှုံ့ဆော်မှုကြောင့် အခြားသော အဆင့် ၈ အလင်းတန်းများကလည်း လုချွမ်းကို တစ်ဦးပြီးတစ်ဦး စတင် တိုက်ခိုက်လာကြသည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
စက္ကန့်ပိုင်းအတွင်းမှာပင် တိုက်ကွက်ပေါင်း နှစ်ဆယ်ထက်မနည်း တပြိုင်နက် ကျရောက်လာသည်။ ဤမျှ များပြားလှသော တိုက်ကွက်များကို လုချွမ်းအနေဖြင့် အကုန်ရှောင်တိမ်းရန် မဖြစ်နိုင်သဖြင့် မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ကို အသက်သွင်းကာ ရန်သူ၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံလိုက်ရသည်။
ဘုန်း... ဘုန်း... ဘုန်း...
တိုက်ကွက်အချို့ကို ရှောင်တိမ်းပြီးနောက် လုချွမ်းမှာ တိုက်ရိုက် ထိမှန်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် မဖျက်ဆီးနိုင်သောခန္ဓာကိုယ်ကြောင့် နောက်သို့ လွင့်ထွက်သွားရုံမှအပ ပြင်းထန်သော ဒဏ်ရာ မရရှိခဲ့ပေ။
လုချွမ်း၏ တိုက်ကွက်များမှာလည်း ပြင်းထန်လှပြီး သူ၏ ဓားအရှိန်အဝါကြောင့် အဆင့် ၈ အလင်းတန်းပုံရိပ် အများအပြားမှာ ဝေဝါးသွားကြသည်။
သို့သော်လည်း အလင်းတန်းများ၏ အရေအတွက်မှာ အလွန်များပြားလှသည်။ လုချွမ်း မည်မျှပင် ခုခံနေပါစေ တိုက်ကွက်များ၏ ပင်လယ်ပြင်ကြီးအတွင်း နစ်မြုပ်သွားရသည်။ သို့သော်လည်း ခန္ဓာကိုယ်ကို အားကိုး၍ လုချွမ်းမှာ အချိန်အတော်ကြာသည့်တိုင် ဒဏ်ရာအပြင်းအထန် မရဘဲ တိုက်နိုင်နေဆဲပင်။
ထိုအချိန်တွင် အစီအရင်၏ အဓိက အချက်အချာကို မှတ်မိသွားသော ကျိရုရွှယ်သည် ကျောက်လင်းကို ခေါ်ဆောင်ကာ ပျံသန်းနေသော အလင်းတန်းများကို တိတ်တဆိတ် ရှောင်ကွင်းရင်း အရေးအကြီးဆုံး တိုင်ကို ဂရုတစိုက် ရှာဖွေနေသည်။
"တွေ့ပြီ"
ထိုနေရာ၏ ထောင့်တစ်နေရာတွင်ရှိသော တိုင်တစ်တိုင်ထက်မှ ရွှေရောင် ခြေသုံးချောင်း ဖားပြုတ်ရုပ်ထုကို မြင်လိုက်ရသောအခါ ကျိရုရွှယ် အလွန်ဝမ်းသာသွားသည်။
အစီအရင်၏ အချက်အချာဖြစ်သော ခြေသုံးချောင်း ဖားပြုတ်ရုပ်ထုကို ဖျက်ဆီးနိုင်သရွေ့ အစီအရင်မှာ ချက်ချင်း ပြိုကွဲသွားမည်ပင်။ ထိုအခါ လုချွမ်းကို ဝိုင်းရံတိုက်ခိုက်နေသော အဆင့် ၈ အလင်းတန်းများလည်း ချက်ချင်း ပျောက်ကွယ်သွားလိမ့်မည်။
ဝုန်း….
ကျိရုရွှယ်သည် သူမ၏ စိတ်စွမ်းအင်များကို ဧရာမ တူကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ရွှေရောင် ဖားပြုတ်ရုပ်ထုထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ အကာအကွယ်မဲ့နေသော ရုပ်ထုမှာ တိုက်ရိုက် ပေါက်ကွဲထွက်သွားပြီး ကျောက်စိမ်းစများမှာ နေရာအနှံ့ လွင့်စင်သွားတော့သည်။
ဂျိမ်း...
တစ်ခဏအတွင်းမှာပင် ရွှေရောင်ဖားပြုတ်တိုင်မှ စတင်ကာ ကျောက်စိမ်းတိုင်များကို ချိတ်ဆက်ထားသော အလင်းတန်းများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ထိုတိုင်များပေါ်ရှိ ကျောက်စိမ်းရုပ်ထုများမှာလည်း အက်ကွဲလာပြီး တိုင်တစ်ခုလုံးမှာ ပြိုကျပျက်စီးသွားတော့သည်။
ကျောက်စိမ်းတိုင်များစွာ ပြိုကျပျက်စီးသွားသည်နှင့်အမျှ အစီအရင်တစ်ခုလုံးမှာလည်း ပြိုကွဲသွားပြီး သူတို့ သုံးယောက်၏ မြင်ကွင်းမှာ တဖျတ်ဖျတ် တုန်ခါသွားကာ ကျောက်စိမ်းတံခါးကြီး၏ အခြားတစ်ဖက်သို့ ပြန်လည်ရောက်ရှိသွားသည်။
အခန်း။ ၅၃၈
"ဟူး... နောက်ဆုံးတော့ ပြီးသွားပြီ"
သူ့ကို ဝိုင်းရံတိုက်ခိုက်နေသော အလင်းပုံရိပ်များမှာ ကျောက်စိမ်းတံခါးနောက်ကွယ်သို့ ပြန်လည်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အတန်ငယ် ဖရိုဖရဲဖြစ်နေသော လုချွမ်းက သက်ပြင်းချလိုက်မိသည်။
ဤအမွေအနှစ်နေရာ၏ အကာအကွယ်အစီအရင်မှာ တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ အဆင့် ၈ အလင်းပုံရိပ်ပေါင်း မြောက်မြားစွာ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားမည်မဟုတ်ပေ။
အကယ်၍ ချီချီလေးသာ ဤအစီအရင်၏ အချက်အချာကို မသိဘဲ အချိန်မီ မဖျက်ဆီးနိုင်ခဲ့ပါက ယခုတစ်ကြိမ်တွင် သူတို့ ဖောက်ထွက်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
"လုချွမ်း... ရှင် အဆင်ပြေရဲ့လား"
ဒဏ်ရာအချို့ ရရှိထားသော လုချွမ်းကို ကြည့်ပြီး ကျောက်လင်းက စိုးရိမ်တကြီး မေးလိုက်သည်။ ဤခရီးစဉ်တစ်လျှောက်တွင် လုချွမ်း ဤမျှအထိ အခြေအနေမလှ ဖြစ်သွားသည်ကို သူမ ပထမဆုံး မြင်ဖူးခြင်းပင်။
ထိုစကားကို ကြားသောအခါ အစီအရင်ကို ဖျက်ဆီးနိုင်ခဲ့သဖြင့် စိတ်ထဲတွင် ကျေနပ်နေသော ကျိရုရွှယ်မှာလည်း သတိပြန်ဝင်လာပြီး လုချွမ်းကို စိုးရိမ်စိတ်ဖြင့် ကြည့်လိုက်သည်။
အဆင့် ၈ အလင်းပုံရိပ် ရာနှင့်ချီ၍ ဝိုင်းအုံတိုက်ခိုက်ခြင်းကို အချိန်အတော်ကြာအောင် ကြံ့ကြံ့ခံနိုင်ခဲ့ခြင်းကပင် ဖေဖေ၏ အသက်ရှင်သန်နိုင်စွမ်းမှာ မည်မျှကြီးမားကြောင်း သက်သေပြနေခြင်းပင်။
"ငါ အဆင်ပြေပါတယ်။ အပေါ်ယံ ဒဏ်ရာတွေပါပဲ။ တကယ်ပဲ ချီချီလေးက အစီအရင်ကို အချိန်မီ ဖျက်ဆီးပေးနိုင်လို့ တော်သေးတာပေါ့"
လုချွမ်းက ပြုံးရင်း လက်ခါပြလိုက်သည်။ မဖျက်ဆီးနိုင်သော ခန္ဓာကိုယ်ရှိသော်လည်း အဆင့် ၈ စွမ်းအားများစွာကို အချိန်ကြာမြင့်စွာ မခံနိုင်ပေ။ သို့သော်လည်း ထိုခန္ဓာကိုယ်ကြောင့်ပင် သူ၏ဒဏ်ရာများမှာ ပြင်းထန်ခြင်းမရှိလှပေ။
ထို့နောက် လုချွမ်းက ကျိရုရွှယ်ကို ကြည့်ကာ "ချီချီ... အခုတော့ ဖေဖေတို့ အမွေအနှစ်နေရာထဲကို ရောက်ပြီဆိုတော့ ဒီနေရာအကြောင်း အများကြီးသိတဲ့ သမီးရဲ့ အမြင်ကို သိချင်တယ်။ ဖေဖေတို့ ဘယ်ကို အရင်သွားသင့်လဲ" ဟု မေးလိုက်သည်။
"ဖေဖေ... သမီးတို့ ရတနာတိုက်ကို အရင်သွားရအောင် အဲဒီမှာ တစ်နေရာလုံးမှာရှိတဲ့ ရတနာတွေ စုနေတာ။ ဒီနေရာရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပဲ"
ကျိရုရွှယ်က ခေတ္တစဉ်းစားပြီး ပြန်ပြောလိုက်သည်။
ဤရတနာတိုက်အတွင်း၌ ရှားပါးရတနာများသာမက ထူးခြားလှသော ကျင့်စဉ်များနှင့် တိုက်ခိုက်ရေးပညာရပ်များလည်း ရှိနေသည်။
ထိုပညာရပ်များမှာ အလွန်တန်ဖိုးရှိပြီး အတိတ်ဘဝတွင် ထိုပညာရပ်များ ပြင်ပသို့ ပျံ့နှံ့သွားသောအခါ လူအများကြားတွင် အလွန်ကျော်ကြားခဲ့သည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် ကျိရုရွှယ်က ထိုအရာများကို အပိုင်ရယူရန် ဆုံးဖြတ်ထားခြင်းပင်။
"ကောင်းပြီ... ချီချီ သမီး လမ်းပြပါ။ ငါတို့ ရတနာတိုက်ကို အရင်သွားကြမယ်"
လုချွမ်းက ချက်ချင်းပင် ခေါင်းညိတ်သဘောတူလိုက်သည်။ သူသည် ဤနေရာရှိ ပစ္စည်းများအကြောင်းကို သေချာမသိသဖြင့် အရာအားလုံးကို သိနေသော ကျိရုရွှယ်၏ ရွေးချယ်မှုကိုသာ အလေးထားလိုက်ခြင်းပင်။
"ဟုတ်ကဲ့"
ကျိရုရွှယ်က ခေါင်းညိတ်ပြပြီးနောက် အမွေအနှစ်နေရာ၏ ညာဘက်ခြမ်းတွင်ရှိသော ရတနာတိုက်ဆီသို့ အမြန်ပျံသန်းသွားရာ နောက်မှ လုချွမ်းနှင့် ကျောက်လင်းတို့လည်း လိုက်ပါသွားကြသည်။
ကြီးမားလှသော အဆောက်အအုံ ဆယ်ခုကျော်ကို ဖြတ်ကျော်ပြီးနောက်တွင် သူတို့ သုံးယောက်မှာ ခန့်ညားထည်ဝါပြီး တည်ငြိမ်လှသော ဧရာမ နန်းတော်ကြီးတစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။
ထိုနန်းတော်မှာ မြေပြင်ပေါ်တွင် ဝပ်စင်းနေသော ရှေးဟောင်း လိပ်ဘီလူးကြီးတစ်ကောင်နှင့် တူနေပြီး တစ်ခုလုံးမှာ မည်းနက်နေကာ အလွန်အေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
နန်းတော်ကြီးကို အနက်ရောင် ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားပြီး ပေပေါင်းများစွာ မြင့်မားကာ ဘေးတစ်ဖက်တစ်ချက်စီတွင် အဆုံးမရှိအောင် ရှည်လျားလှသည်။
ထိုကျောက်တုံးများ၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင် သင်္ကေတများမှာ အထပ်ထပ် တောက်ပနေကြပြီး နန်းတော်တစ်ခုလုံးနှင့် တံခါးမကြီးကိုပါ အစီအရင် အလင်းကန့်လန့်ကာဖြင့် ကာကွယ်ထားသည်။
နန်းတော်၏ အထက်တွင်မူ ရှေးဟောင်းစာလုံးများ ထွင်းထုထားသည့် ကျောက်ပြားကြီးတစ်ခုကို မြင့်မားစွာ ချိတ်ဆွဲထားသည်။
လုချွမ်းအနေဖြင့် ထိုစာလုံးများကို ဖတ်၍မရသော်လည်း ၎င်းတို့မှာ ရတနာတိုက်နှင့် ပတ်သက်နေလိမ့်မည်ဟု ခန့်မှန်းမိသည်။
ထို့နောက် ကျိရုရွှယ်၏ ဦးဆောင်မှုဖြင့် သူနှင့် ကျောက်လင်းတို့မှာ ရတနာတိုက်၏ တံခါးမကြီးရှေ့သို့ ရောက်ရှိလာကြတော့သည်။
တင်းကျပ်စွာ ပိတ်ထားသော တံခါးကြီးကို ကြည့်ရင်း ကျိရုရွှယ်၏ မျက်လုံးများမှာ တဖျတ်ဖျတ် တုန်ခါနေကာ တံခါးပေါ်ရှိ အမြဲမပြတ် ပြောင်းလဲနေသော အစီအရင် သင်္ကေတများကို အသေးစိတ် စစ်ဆေးနေသည်။
ဘုန်း…
နောက်တစ်ခဏတွင် ကျိရုရွှယ်က တံခါးကို လက်ဝါးဖြင့် ခပ်ဖွဖွ ထိလိုက်သည်။ ထိုအခါ တံခါးပေါ်ရှိ သင်္ကေတများမှာ လျင်မြန်စွာ တောက်ပလာပြီး တွန်းကန်အားတစ်ခုက ကျိရုရွှယ်၏ လက်ကို တိုက်ရိုက် လွင့်စင်သွားစေသည်။ သိသာထင်ရှားသည်မှာ ဤအရာသည် အစီအရင်၏ အလိုအလျောက် ခုခံမှုစနစ်ပင်။
ထိုသို့ ပြုလုပ်နေစဉ်အတွင်း ကျိရုရွှယ်သည် မျက်နှာပြင်ပေါ်ရှိ အစီအရင် သင်္ကေတများ၏ ပြောင်းလဲမှုများကို အမြဲမပြတ် စောင့်ကြည့်နေသည်။
အကြိမ်အနည်းငယ် ကြိုးစားပြီးနောက်တွင် ကျိရုရွှယ်သည် တံခါးပေါ်ရှိ သင်္ကေတများ၏ ပြောင်းလဲမှုအားလုံးကို ဖောက်ထွင်းမြင်သွားပုံရပြီး သူမ၏ မျက်နှာတွင် ယုံကြည်မှုများ ပြည့်နှက်လာတော့သည်။
ကျိရုရွှယ်၏ အမူအရာမှာ လေးနက်သွားပြီး သူမ၏ ဝိညာဉ်အနှစ်သာရများကို အရူးအမူး ထုတ်ဖော်လိုက်ရာ လက်ချောင်းထိပ်များမှာ စူးရှစွာ တောက်ပလာသည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
ထို့နောက် ကျိရုရွှယ်က သူမ၏ ညာဘက်လက်ကို မြှောက်ကာ တံခါးပေါ်ရှိ သင်္ကေတများထံသို့ အကြိမ်ပေါင်းများစွာ လျင်မြန်စွာ တို့ထိလိုက်ရာ အသံများ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ယခင်က တောက်ပနေသော သင်္ကေတများမှာ စွမ်းအင်ကုန်သွားသော မီးအိမ်တစ်ခုကဲ့သို့ မှေးမှိန်သွားတော့သည်။
တံခါးပေါ်ရှိ သင်္ကေတများ ပျက်စီးသွားသည်နှင့်အမျှ တံခါးကို ပိတ်ဆို့ထားသည့် အစီအရင်မှာ တစ်ခဏချင်း ပြိုလဲသွားပြီး နန်းတော်ကြီး တစ်ခုလုံးကို ကာကွယ်ထားသည့် အလင်းကန့်လန့်ကာမှာလည်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။
ဂျိမ်း...
ကျိရုရွှယ်က လေးလံလှသော တံခါးကြီးကို အားကုန် တွန်းလိုက်သည်။ ပေ ၁၀၀ ကျော် မြင့်မားသော ဧရာမ ကျောက်တံခါးကြီးမှာ ဖြည်းဖြည်းချင်း ပွင့်လာပြီး အတွင်းရှိ မြင်ကွင်းများမှာ ထွက်ပေါ်လာတော့သည်။
နန်းတော်၏ အတွင်းပိုင်းမှာ အလွန်ကျယ်ပြောလှသော နေရာတစ်ခုဖြစ်ပြီး ကြမ်းပြင်ကို ကျောက်စိမ်းများဖြင့် ခင်းကျင်းထားကာ အစောပိုင်းက ကွင်းပြင်ကဲ့သို့ပင် အားနည်းသော ဝိညာဉ်အလင်းများ ထွက်ပေါ်နေသည်။
ခန်းမကြီးကို ထောက်ပံ့ထားရန်အတွက် ကျောက်တိုင်ကြီးများကို ဘေးတစ်ဖက်တစ်ချက်တွင် အစီအရီ စိုက်ထူထားသည်။ ထိုကျောက်တိုင်များတွင် အလင်းပေးရန်အတွက် တောက်ပသော ကျောက်တုံးများကို မြှုပ်နှံထားသဖြင့် မှောင်မည်းနေသော ဟာလာဟင်းလင်း ခန်းမကြီးမှာ ချက်ချင်းပင် လင်းထိန်သွားတော့သည်။
နန်းတော်၏ အတွင်းဘက် အဆုံးတွင်မူ ပိတ်ထားသော ဖြူဖွေးသည့် ကျောက်စိမ်းတံခါး ငါးခုမှာ တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိနေကြသည်။ ကျိရုရွှယ်နှင့် အခြားနှစ်ယောက်မှာ နန်းတော်အတွင်းသို့ အမြန်ဝင်သွားပြီး အဆုံးသတ်ရှိရာသို့ တည့်တည့် ဦးတည်လိုက်ကြသည်။
မကြာမီမှာပင် သူတို့ သုံးယောက်မှာ ပိတ်ထားသော ကျောက်စိမ်းတံခါးများရှေ့သို့ ရောက်ရှိသွားကြသည်။ ကျောက်စိမ်းတံခါးများ၏ အထက်တွင် ထွင်းထုထားသော ရှေးဟောင်းစာလုံးများကို ကြည့်ရင်း ကျိရုရွှယ်က သူတို့နှစ်ယောက်ကို ပဉ္စမမြောက် ကျောက်စိမ်းတံခါးရှေ့သို့ ခေါ်ဆောင်သွားသည်။
ဤကျောက်စိမ်းတံခါး၏ နောက်ကွယ်မှာမူ ကျင့်စဉ်များနှင့် တိုက်ခိုက်ရေး ပညာရပ်များ သိမ်းဆည်းထားသော နေရာဖြစ်သည်။
"ဖေဖေ... ဒီထဲမှာ အမွေအနှစ်နေရာရဲ့ ကျင့်စဉ်တွေနဲ့ တိုက်ခိုက်ရေး ပညာရပ်တွေ ရှိတယ်"
ကျိရုရွှယ်က လုချွမ်းကို ရှင်းပြလိုက်ပြီးနောက် ကျောက်စိမ်းတံခါး မျက်နှာပြင်ပေါ်ရှိ အစီအရင် သင်္ကေတများကို စိတ်လှုပ်ရှားစွာ စတင်စစ်ဆေးတော့သည်။
ဤတံခါးကို ဖွင့်နိုင်သည်နှင့် အတွင်းရှိ မြောက်မြားစွာသော ကျင့်စဉ်များနှင့် ပညာရပ်များမှာ သူတို့ လက်ထဲသို့ ရောက်ရှိလာတော့မည်ပင်။
အတွင်း၌ ကျင့်စဉ်အမျိုးမျိုး ရှိနေသည်ကို ကြားသောအခါ လုချွမ်းမှာလည်း အလွန်ဝမ်းသာသွားသည်။ အစွမ်းထက်သော ကျင့်စဉ်များနှင့် တိုက်ခိုက်ရေး ပညာရပ်များမှာ အလွန်ရှားပါးလှပြီး ၎င်းတို့သည် လူတစ်ယောက်အား အဆင့်တူများကြားတွင် အနိုင်မရနိုင်အောင် သို့မဟုတ် သူ့ထက် အဆင့်မြင့်သူကိုပင် ပြန်လည် တိုက်ခိုက်နိုင်အောင် စွမ်းဆောင်ပေးနိုင်သည်။
သူ့အနေဖြင့်လည်း မကြာသေးမီက သူ၏ တိုက်ခိုက်ရေး ပညာရပ်များမှာ အားနည်းနေသည်ဟု ခံစားနေရသဖြင့် ဤပညာရပ်များကို ရရှိခြင်းက သူ၏ အားနည်းချက်များကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ပင်။
ထို့အပြင် ဤကျင့်စဉ်များမှာ လူသားများဘက်မှ အလွန်အမင်း လိုလားနေသည့် အရာများဖြစ်ရာ နောင်တစ်ချိန်တွင် သင့်တော်သော ကျင့်စဉ်အချို့ကို ရွေးချယ်ပြီး လူသားများထံမှ အဖိုးတန်ပစ္စည်းများကို အကြီးအကျယ် ခြိမ်းခြောက်၍ တောင်းယူနိုင်ဦးမည်ဖြစ်သည်။
ဤသို့ တွေးလိုက်မိသဖြင့် လုချွမ်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာတော့သည်။ ဤရှေးဟောင်း အပျက်အစီးများဆီသို့ လာခဲ့ခြင်းမှာ တကယ်ပင် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။
ဝင်ရောက်ရုံသာ ရှိသေးသော်လည်း သူသည် ကြီးမားသော အကျိုးအမြတ်များကို ရရှိတော့မည်ပင်။
ဂျိမ်း...
ထိုအချိန်တွင် ကျောက်စိမ်းတံခါးပေါ်ရှိ အစီအရင် သင်္ကေတများကို လေ့လာနေသော ကျိရုရွှယ်သည် အစီအရင်ကို အောင်မြင်စွာ ဖြုတ်ထုတ်နိုင်ခဲ့ပြီး ကျောက်စိမ်းတံခါးကြီးကို ဖွင့်လိုက်သည်။