← Chapters

အခန်း ၅၅၁-၅၅၃ (ဇာတ်သိမ်း)

Vol. 55 Ch. 551-553

အခန်း ၅၅၁-၅၅၃ (ဇာတ်သိမ်း)

Vol. 55 Ch. 551-553

အခန်း။ ၅၅၁

ထိုကောင်းကင်ယံထက်၌ ဝေဝါးနေသော ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ကျောက်လင်းရှိရာသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်။

မကြာမီမှာပင် ကျောက်လင်း၏ ရှေ့မှောက်၌ ထိုပုံရိပ်မှာ တဖြည်းဖြည်း ရှင်းလင်းပြတ်သားလာခဲ့သည်။

"တောက်... ဒီနေရာမှာ ဟင်းလင်းပြင် တော်ဝင်မျိုးနွယ်ဝင်တွေ ဘယ်လိုလုပ် ရှိနေတာလဲ"

ပျံသန်းလာသော ဟင်းလင်းပြင် တော်ဝင်မျိုးနွယ်ဝင် လေးကောင်ကို ကြည့်ရင်း ကျောက်လင်း၏ မျက်နှာမှာ ရေကဲ့သို့ပင် တည်ငြိမ်အေးစက်နေသည်။

ဟင်းလင်းပြင် တော်ဝင်မျိုးနွယ်ဝင်များ၏ အနိမ့်ဆုံးအဆင့်မှာ အဆင့်ခုနစ် ဖြစ်ပြီး ယခုအခါ လေးကောင်တောင် ရုတ်တရက် ပေါ်လာခြင်းပင်။

သူမအနေဖြင့် သူတို့ကို တားဆီးနိုင်မှာမဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုလေးကောင် နီးကပ်လာသောအခါ ၎င်းတို့အနက် သုံးကောင်မှာ အဆင့်ခုနစ်များ ဖြစ်ကြောင်း ကျောက်လင်း လျင်မြန်စွာ သိရှိလိုက်ရသည်။ နောက်ဆုံးတစ်ကောင်၏ အရှိန်အဝါမှာမူ ကျန်သုံးကောင်ထက် များစွာ သာလွန်နေပြီး အဆင့်ရှစ် ဟင်းလင်းပြင် တော်ဝင်မျိုးနွယ်ဝင် ဖြစ်နေသည်မှာ သေချာလှသည်။

အဆင့်ရှစ်တစ်ကောင်နှင့် အဆင့်ခုနစ် သုံးကောင်ကို ရင်ဆိုင်ရမည်ဟု တွေးမိသောအခါ ကျောက်လင်း၏ ရင်မှာ အေးစက်သွားခဲ့သည်။

ထိုအချိန်တွင် တော်ဝင်မျိုးနွယ်ဝင် လေးကောင်မှာ ကျောက်လင်း၏ အနီးသို့ ရောက်ရှိလာပြီး သူတို့၏ အရှိန်အဝါများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။ မြေပြင်ပေါ်၌ ပျံ့ကျဲနေသော ပိုးကောင်အလောင်းများကို မြင်သောအခါ ကျောက်လင်းကို ကြည့်နေသော သူတို့၏ မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။

"ဟင်း... တော်ဝင်မျိုးနွယ် လေးကောင်ဖြစ်နေရင်ရော ဘာဖြစ်လဲ။ အဆိုးဆုံးဖြစ်လှရင် နောက်တစ်ခါ ထပ်သေရုံပေါ့"

နောက်တစ်ခဏတွင် ကျောက်လင်း၏ မျက်နှာမှာ ပြတ်သားသွားပြီး သူမ၏ စစ်ဓားကို မြှောက်လိုက်ရာ ဝိညာဉ်လက်နက်ဖြစ်သော မီးနီပုလဲမှာ သူမ၏ ခေါင်းပေါ်၌ ပျံဝဲလာပြီး တောက်လောင်နေသော မီးလျှံများအဖြစ် ပြောင်းလဲသွားသည်။

ဝုန်း

ကျောက်လင်းသည် မီးနီပုလဲ၏ စွမ်းအားကို ပထမဦးစွာ ထုတ်ဖော်လိုက်ပြီး အတွင်းပိုင်းရှိ မီးလျှံများကို မီးလျှံရေစီးကြောင်းများအဖြစ် သန့်စင်ကာ တော်ဝင်မျိုးနွယ်ဝင် လေးကောင်ထံသို့ လွှဲယမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်တစ်ခုလုံးမှာ မီးနီပုလဲမှ ထွက်ပေါ်လာသော အလင်းတန်းများနှင့် မီးလျှံများကြောင့် နီရဲသွားပြီး အပူလှိုင်းများမှာလည်း အရူးအမူး ရိုက်ခတ်နေတော့သည်။

သူတို့ထံသို့ ပြေးဝင်လာသော မီးလျှံများကို မြင်သော်လည်း တော်ဝင်မျိုးနွယ်ဝင် လေးကောင်၏ မျက်လုံးများ၌ ထိတ်လန့်ခြင်းမရှိဘဲ အထင်အမြင်သေးသော အကြည့်များသာ ရှိနေသည်။

မီးလျှံများက သူတို့ကို ဝါးမျိုတော့မည့်ဆဲဆဲမှာပင် ငွေရောင်အလင်းတန်းများ လက်ခနဲဖြစ်သွားပြီး သူတို့သည် ကူးပြောင်းနိုင်သည့်စွမ်းရည်ကို အသုံးပြုကာ မီးနီပုလဲ၏ တိုက်ခိုက်မှုအတွင်းမှ လွတ်မြောက်သွားကြပြီး ကောင်းကင်အနှံ့ လူစုခွဲလိုက်ကြသည်။

၎င်းကိုမြင်သော်လည်း ကျောက်လင်းမှာ အံ့သြခြင်းမရှိဘဲ သူမ၏ ဒုတိယမြောက် တိုက်စစ်မှာလည်း အသင့်ဖြစ်နေပြီ ဖြစ်သည်။

ရှုး... ရှုး... ရှုး...

စစ်ဓားကို လွှဲယမ်းလိုက်သည့်အခါ တောက်ပသော အပြာရောင် ဓားအလင်းတန်းများသည် တစ်ဆယ့်နှစ်ပွင့်ဆိုင် ကြာပန်းများအဖြစ် ပေါ်ထွက်လာသည်။

နောက်တစ်ခဏတွင် ထိုကြာပွင့်ချပ်သဏ္ဌာန် ဓားအလင်းတန်းများသည် အရပ်လေးမျက်နှာသို့ ခွဲထွက်သွားပြီး တော်ဝင်မျိုးနွယ်ဝင် လေးကောင်ထံသို့ ပိုင်းဖြတ်သွားတော့သည်။

ဝုန်း... ဝုန်း...

တော်ဝင်မျိုးနွယ်ဝင် လေးကောင်မှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ကြပြီး ငွေရောင်

ဝိညာဉ်အလင်းများ လက်ခနဲဖြစ်ကာ ဟင်းလင်းပြင်စွမ်းအားများ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ဟင်းလင်းပြင်ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး ကျောက်လင်း၏ ဓားအလင်းတန်းများနှင့် ထိပ်တိုက်တွေ့ကာ နားကွဲမတတ် အသံကြီးများ ထွက်ပေါ်လာခဲ့သည်။

ဟင်းလင်းပြင်ဓားသွားများ၏ ရိုက်ခတ်မှုအောက်တွင် ကျောက်လင်း၏ ဓားအလင်းတန်းများမှာ လျင်မြန်စွာ ငြိမ်းသတ်ခံလိုက်ရသည်။ အထူးသဖြင့် အဆင့်ရှစ် တော်ဝင်မျိုးနွယ်ဝင်၏ တိုက်ခိုက်မှုမှာ သူ့ထံသို့ ဦးတည်လာသော ဓားအလင်းတန်းကို တခဏချင်းအတွင်း အပိုင်းပိုင်း ချေမှုန်းပစ်လိုက်သည်။

နောက်တစ်ခဏတွင် တော်ဝင်မျိုးနွယ်ဝင် လေးကောင်မှာ ကျောက်လင်းကို စတင် တုံ့ပြန်၍ တိုက်ခိုက်ကြတော့သည်။

သူတို့၏ ဟင်းလင်းပြင်စွမ်းအားများဖြင့် ဝိုင်းရံထားပြီး အဆင့်ရှစ် တော်ဝင်မျိုးနွယ်ဝင်က ဦးဆောင်ကာ ဟင်းလင်းပြင်ဓားသွားများဖြင့် ဖွဲ့စည်းထားသော မြစ်ကြီးတစ်စင်းအလား အတိုင်းအဆမဲ့ သတ်ဖြတ်လိုစိတ်များဖြင့် ကျောက်လင်းထံသို့ တဟုန်ထိုး ပြေးဝင်လာသည်။

ကြီးမားလှသော ဖိအားကို ခံစားမိလိုက်သော ကျောက်လင်းမှာ သွားကို တင်းတင်းကြိတ်ကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အဆီအနှစ်များကို အရူးအမူး လည်ပတ်စေပြီး မီးနီပုလဲကို အစွမ်းကုန် မောင်းနှင်လိုက်သည်။

ရုတ်တရက် အလုံးသဏ္ဌာန်ရှိသော မီးနီပုလဲမှ စူးရှသော မီးအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သောင်းကျန်းနေသော မီးလျှံများသည် အသိဉာဏ်ရှိသကဲ့သို့ပင် မီတာရာနှင့်ချီ၍ ရှည်လျားသော မီးလျှံနဂါးစစ်တစ်ကောင်အဖြစ် လျင်မြန်စွာ ပုံဖော်လိုက်သည်။

"ဝေါင်းးး... "

နောက်တစ်ခဏတွင် ထိုမီးလျှံနဂါးစစ်မှာ ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်ပြီး အားမာန်အပြည့်ဖြင့် ဟင်းလင်းပြင်ဓားသွား မြစ်ကြီးအတွင်းသို့ တိုးဝင်၍ တိုက်ခိုက်လိုက်တော့သည်။

ဝုန်း...

ဥက္ကာခဲကြီး ကမ္ဘာကို တိုက်မိသကဲ့သို့ပင် မြေကမ္ဘာကို တုန်ခါသွားစေသော ပေါက်ကွဲမှုကြီးမှာ ကျောက်လင်း နားထဲသို့ပင် ပဲ့တင်ထပ်သွားသည်။

ကောင်းကင်ယံထက်တွင် မီးလျှံနဂါးစစ်နှင့် ဟင်းလင်းပြင်ဓားသွားများဖြင့် ဖွဲ့စည်းထားသော မြစ်ကြီးတို့မှာ အဆက်မပြတ် ထိပ်တိုက်တွေ့နေကြသည်။

မကြာမီမှာပင် မီးလျှံနဂါးစစ်မှာ ဆက်လက်မခံနိုင်တော့ဘဲ စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် ဟင်းလင်းပြင်မြစ်၏ ရိုက်ခတ်မှုအောက်တွင် မီးစလေးများအဖြစ်သို့ ပြောင်းလဲကာ လေထုထဲ၌ ပျောက်ကွယ်သွားတော့သည်။

မီးလျှံနဂါးစစ်ကို အမှုန့်ခြေပြီးနောက် ဟင်းလင်းပြင်မြစ်မှာ အတော်အတန် အားနည်းသွားသော်လည်း ရဲရဲဝံ့ဝံ့ ရှေ့ဆက်တိုးကာ ကျောက်လင်းရှိရာသို့ တဟုန်ထိုး ပြေးဝင်လာသည်။

ဤအချိန်တွင် ကျောက်လင်း၌ ထိုမြစ်ကြီးကို တားဆီးရန် နည်းလမ်းမရှိတော့သဖြင့် ကြံ့ကြံ့ခံရန်သာ ဆုံးဖြတ်လိုက်သည်။ သူမသည် အပြာရောင် ဓားစွမ်းအင်လှိုင်းများကို အဆက်မပြတ် ပစ်လွှတ်ကာ ဟင်းလင်းပြင်မြစ်၏ စွမ်းအားကို လျှော့ချရန် ကြိုးစားနေမိသည်။

ဒိုင်း... ဝုန်း...

ကျယ်လောင်လှသော ပေါက်ကွဲသံတိုင်းမှာ ဓားစွမ်းအင်များက ဟင်းလင်းပြင်မြစ်ကို ထိမှန်ကာ တဖြည်းဖြည်း တိုက်စားနေခြင်းကို ပြသနေသည်။ သို့သော်လည်း ဟင်းလင်းပြင်မြစ်မှာ သူမ၏ ရှေ့မှောက်သို့ ရောက်ရှိလာချိန်အထိ ကျောက်လင်းသည် ၎င်းကို လုံးဝ ပျောက်ကွယ်သွားအောင် မလုပ်နိုင်ခဲ့ဘဲ တိုက်ရိုက် ထိမှန်ခြင်းကို ခံလိုက်ရသည်။

ခဏချင်းအတွင်းမှာပင် ကျောက်လင်းသည် ဟင်းလင်းပြင်ဓားသွားများ ပြည့်နှက်နေသော မြစ်အတွင်း၌ နစ်မြုပ်သွားခဲ့သည်။ သူမ မည်သို့ပင် ရုန်းကန်ပါစေ အချည်းနှီးသာဖြစ်ပြီး ဟင်းလင်းပြင်ဓားသွားများမှာ သူမ၏ ခန္ဓာကိုယ်ကို ဆန်ခါတစ်ခုကဲ့သို့ပင် ထိုးဖောက်သွားတော့သည်။

"ဖူး... "

တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသော ကျောက်လင်းသည် သွေးမြူများကို အန်ထုတ်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာ အေးစက်လာကာ ထုံကျင်လာသလို ခံစားလိုက်ရသည်။ သူမ၏ လက်ထဲမှ စစ်ဓားမှာလည်း အားအင်ချည့်နဲ့စွာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ မကြာမီမှာပင် ကျောက်လင်း၏ ခန္ဓာကိုယ်မှာ ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ပင် အသက်ဓာတ်များ တဖြည်းဖြည်း ကုန်ဆုံးလျက် အောက်သို့ လွင့်စင်ကျလာတော့သည်။

ဗုန်း

အရှိန်ပြင်းစွာဖြင့် ကျောက်လင်း၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။ သေဆုံးသွားပြီဖြစ်သော ကျောက်လင်းကို ကြည့်ကာ ဟင်းလင်းပြင်မြစ်ကို ရုပ်သိမ်းလိုက်သော တော်ဝင်မျိုးနွယ်ဝင် လေးကောင်၏ မျက်နှာတွင် လှောင်ပြုံးများ ပေါ်လာတော့သည်။

နိမ့်ကျတဲ့ လူသားတွေ... ကြီးမြတ်တဲ့ တော်ဝင်မျိုးနွယ်ကို အန်တုရဲတယ်ပေါ့။ သေခြင်းတရားက မင်းတို့ရဲ့ ကံကြမ္မာပဲ။

"စစ်နတ်ဘုရားမ"

မြို့ရိုးမြင့်ပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများသည် ကျောက်လင်း ကျဆုံးသွားသည်ကို ကြည့်ကာ တခြားကမ္ဘာသားများကို သုတ်သင်နိုင်ခဲ့၍ စိတ်လှုပ်ရှားခဲ့သမျှမှာ တခဏချင်းအတွင်း ပျောက်ကွယ်သွားပြီး မျက်ဝန်းများ၌ အံ့သြမှုနှင့် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားသည်။ သူတို့သည် စစ်နတ်ဘုရားမ၏ အခြေအနေကို သိချင်နေမိကာ မကြာမီ ဆင့်ကဲပြောင်းလဲသူ အချို့မှာ မနေနိုင်တော့ဘဲ ကျောက်လင်းကို ကယ်တင်ရန် မြို့ရိုးပေါ်မှ ပြေးထွက်လာကြသည်။

မထင်မှတ်ဘဲ ထိုလူများ အဝေးသို့ မရောက်မီမှာပင် တော်ဝင်မျိုးနွယ်ဝင် လေးကောင်အနက် တစ်ကောင်က လှောင်ပြောင်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

၎င်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် အဆင့်ရှစ် စွမ်းအားရှိသော ဟင်းလင်းပြင်ဓားသွား အချို့မှာ ထိုဆင့်ကဲပြောင်းလဲသူများထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ ဆင့်ကဲပြောင်းလဲသူများမှာ မျက်နှာပျက်သွားပြီး အသည်းအသန် ရှောင်တိမ်းကြရသည်။ ကံကောင်းထောက်မစွာဖြင့် အကွာအဝေးမှာ ဝေးကွာနေသေးသဖြင့် သူတို့ ရှောင်တိမ်းရန် အချိန်အလုံအလောက် ရရှိခဲ့သည်။

ရှုး... ရှုး...

စက္ကန့်ပိုင်းအတွင်းမှာပင် ဟင်းလင်းပြင်ဓားသွားများသည် လူများ ရှိနေခဲ့သော နေရာသို့ ကျရောက်သွားပြီး မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးဝင်သွားသည်။ ၎င်းမှာ ဒိန်ခဲကို ဓားဖြင့် လှီးဖြတ်လိုက်သကဲ့သို့ပင် အလွန်ချောမွေ့လှသည်။ တိုက်ခိုက်မှု လွဲချော်သွားသည်ကို မြင်သောအခါ အရှုံးမပေးလိုသော အဆင့်ရှစ် တော်ဝင်မျိုးနွယ်ဝင်မှာ ဆက်လက် တိုက်ခိုက်ပြန်သည်။

ရှုး... ရှုး... ရှုး...

ပိုမိုသိပ်သည်းလာသော ဟင်းလင်းပြင်ဓားသွားများကို ရင်ဆိုင်ရင်း ထိုဆင့်ကဲပြောင်းလဲသူများမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ထိုစဉ် ဆင့်ကဲပြောင်းလဲသူ တစ်ဦးမှာ အရှိန်လျော့သွားပြီး သူ့ထံသို့ ဦးတည်လာသော ဓားသွားကို ကြည့်ကာ မျှော်လင့်ချက်မဲ့သော မျက်နှာထား ဖြစ်သွားသည်။

ဝုန်း….

မထင်မှတ်ဘဲ ထိုအချိန်တွင် အပြာရောင် ကျောက်စိမ်းကဲ့သို့ ကြီးမားလှသော ဓားစွမ်းအင်တစ်ခုမှာ ဘေးဘက်မှ ပြေးဝင်လာပြီး ဟင်းလင်းပြင်ဓားသွားကို ပြင်းထန်စွာ ရိုက်ခတ်ကာ ချေမှုန်းပစ်လိုက်သည်။ ပတ်ဝန်းကျင်ရှိ ဆင့်ကဲပြောင်းလဲသူများမှာ ထိုဘက်သို့ လှည့်ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

"စစ်နတ်ဘုရားမ"

တစ်ကိုယ်လုံးတွင် အဆင့်ရှစ် အရှိန်အဝါများ ဖုံးလွှမ်းလျက် ဖြည်းညှင်းစွာ ပျံသန်းလာသော ကျောက်လင်းကို မြင်လိုက်ရသည်။ သူမသည် ပြန်လည်ရှင်သန်လာခဲ့ပြီ ဖြစ်ပြီး သူမ၏ အစွမ်းထက်လှသော ခွန်အားများကြောင့် သူမကိုယ်သူမ ယုံကြည်မှုများ အပြည့်ရှိနေသည်။

အခန်း။ ၅၅၂

တစ်ကျော့ပြန် ရှင်သန်လာပြီးနောက် ကျောက်လင်း၏ လက်ရှိအင်အားမှာ အဆင့်ရှစ် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

ဟင်းလင်းပြင် တော်ဝင်မျိုးနွယ်ဝင် လေးကောင်ထံသို့ လှည့်ကြည့်လိုက်ရာ ကျောက်လင်း၏ အကြည့်မှာ ရေခဲကဲ့သို့ အေးစက်နေပြီး တစ်ကိုယ်လုံးမှလည်း ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။

ဤကဲ့သို့ အစွမ်းထက်လှသော ခွန်အားများက ကျောက်လင်းကို ဟင်းလင်းပြင် တော်ဝင်မျိုးနွယ် ရန်သူလေးကောင်နှင့် ရင်ဆိုင်ရာတွင် အတိုင်းအဆမဲ့သော ယုံကြည်မှုကို ပေးစွမ်းထားသည်။

မလှမ်းမကမ်းတွင်ရှိသော တော်ဝင်မျိုးနွယ်ဝင် လေးကောင်မှာလည်း ကျောက်လင်း နောက်တစ်ကြိမ် ပြန်လည်ရှင်သန်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားကြပြီး မျက်နှာများ ပျက်ကုန်ကြသည်။

အထူးသဖြင့် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သော အဆင့်ရှစ် တော်ဝင်မျိုးနွယ်ဝင်မှာ အသက်ရှင်နေသော ကျောက်လင်းကို ကြည့်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေပြီး မျက်ဝန်းများ၌လည်း ဝေခွဲမရဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။

ဒီပုရွက်ဆိတ်မက ခုလေးတင်သေသွားတာလေ။ ဘယ်လိုလုပ်ပြန်ရှင်လာတာလဲ။

"တိရစ္ဆာန်တွေ... သေဖို့ ပြင်ထားကြတော့"

ကျောက်လင်းသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲမှ စစ်ဓားကို ကောင်းကင်သို့ မြှောက်လိုက်ရာ တောက်ပသော အပြာရောင် ဝိညာဉ်အလင်းတန်းများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။

နောက်တစ်ခဏတွင် ကိုက်ရာနှင့်ချီ၍ ရှည်လျားပြီး ကောင်းကင်နှင့် မြေကြီးကို ခွဲထုတ်ပစ်နိုင်လောက်သော အရှိန်အဝါရှိသည့် ဓားအလင်းတန်းကြီးမှာ အောက်ဘက်ရှိ တော်ဝင်မျိုးနွယ်ဝင် လေးကောင်ထံသို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။

ဝုန်း

ကြီးမားလှသော ဓားအရှိန်အဝါမှာ လေထုလွှာများကို ထိုးဖောက်သွားပြီး နားကွဲမတတ် မြည်ဟည်းသံကြီးများနှင့်အတူ လေလှိုင်းများကို ဘေးတစ်ဖက်တစ်ချက်စီသို့ လွင့်စင်သွားစေသည်။

ထိုဖိအားကို ခံစားမိလိုက်သောအခါ တော်ဝင်မျိုးနွယ်ဝင် လေးကောင်၏ မျက်နှာများမှာ ညှိုးငယ်သွားပြီး တစ်ယောက်ချင်းစီမှာ ကူးပြောင်းနိုင်သည့် အစွမ်းကို အသုံးပြု၍ ထွက်ပြေးရန် ကြိုးစားကြသည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူတို့၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အထက်မှ ကျဆင်းလာသော ဓားအရှိန်အဝါမှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှရာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ထိုဖိအားအောက်တွင် ခဲမတတ် ဖြစ်သွားပြီး ဟင်းလင်းပြင်စွမ်းအားကို အသုံးပြုရန် ခက်ခဲသွားစေသည်။

နောက်ဆုံးတွင် တော်ဝင်မျိုးနွယ်ဝင် လေးကောင်မှာ သူတို့၏ ပျံသန်းနိုင်စွမ်းကိုသာ အားကိုး၍ ဘေးတစ်ဖက်တစ်ချက်စီသို့ ဖြည်းညှင်းစွာ ထွက်ပြေးကြရတော့သည်။ သို့သော်လည်း ရုတ်တရက် နှောင့်နှေးသွားမှုကြောင့် အရှိန်ဖြင့် ကျဆင်းလာသော ဓားအရှိန်အဝါမှာ သူတို့၏ ဦးခေါင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကာ အတိုင်းအဆမဲ့သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒမှာလည်း သူတို့အပေါ်သို့ လွှမ်းမိုးသွားခဲ့သည်။

ဝုန်း

ဓားအရှိန်အဝါ ကျဆင်းသွားသည်နှင့်အမျှ အရှိန်နှေးကွေးသော တော်ဝင်မျိုးနွယ်ဝင် သုံးကောင်မှာ တိုက်ခိုက်မှုအတွင်းမှ မလွတ်မြောက်နိုင်တော့ဘဲ ဓားအရှိန်အဝါအောက်တွင် သွေးမြူများအဖြစ်သို့ ပြောင်းလဲကာ လေထဲ၌ ပျောက်ကွယ်သွားတော့သည်။

ဓားအရှိန်အဝါ၏ အရှိန်အဟုန်မှာ ရပ်တန့်မသွားဘဲ မြေပြင်ပေါ်၌ ကိုက်တစ်ထောင်ခန့် ရှည်လျားသော ဧရာမ ကျင်းကြီးတစ်ခုကို ဖန်တီးလိုက်ကာ ထိတ်လန့်ဖွယ် စွမ်းအင်များမှာ အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားသည်။

တိုက်ခိုက်မှုကို သီသီလေး ရှောင်ရှားနိုင်ခဲ့သော အဆင့်ရှစ် တော်ဝင်မျိုးနွယ်ဝင်ပင်လျှင် ထိုစွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး ပြင်းထန်သော ထိခိုက်မှုကြောင့် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် လိမ်တွန့်သွားသည်။

အော်ဟစ်လိုက်ပြီးနောက် ထိုအကောင်မှာ ပြင်းထန်သော အင်အားဖြင့် ရိုက်ထုတ်ခံလိုက်ရသလို ဖြစ်သွားကာ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

"ဖူး"

မြေပြင်ပေါ်၌ လဲလျောင်းနေသော အဆင့်ရှစ် တော်ဝင်မျိုးနွယ်ဝင်မှာ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါနေပြီး ပါးစပ်မှလည်း သွေးများကို အရူးအမူး အန်ထုတ်နေသည်။ သို့သော်လည်း ၎င်းသည် ဓားအရှိန်အဝါ၏ ဖိနှိပ်မှုအတွင်းမှ လွတ်မြောက်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်စွမ်းအားများ ပြန်လည် နိုးကြားလာသည်ကို အာရုံခံမိလိုက်သဖြင့် ဝမ်းသာသွားခဲ့သည်။

၎င်းသည် ဟင်းလင်းပြင်စွမ်းအားကို အသုံးပြု၍ တယ်လီပို့ဖြင့် ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ ထိုစဉ် ရုတ်တရက် ကောင်းကင်ယံထက်မှ ကမ္ဘာပျက်မတတ် ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ကြည့်လိုက်ရာ ကောင်းကင်တစ်ခုလုံးမှာ နီရဲတောက်ပြောင်သော မီးလျှံများဖြင့် ဖုံးလွှမ်းသွားပြီး ကျောက်လင်းသည် မီးနီပုလဲကို အထွတ်အထိပ်အထိ မြှင့်တင်လိုက်ကာ ဧရာမ နီရဲသော နေမင်းကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ ၎င်း၏ မျက်နှာပြင်ထက်တွင် မီးလျှံများ တောက်လောင်နေပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များကိုပင် လိမ်တွန့်သွားစေသည်။

ဝုန်း

ဤအချိန်တွင် ဧရာမ နီရဲသော နေမင်းကြီးမှာ အဆင့်ရှစ် တော်ဝင်မျိုးနွယ်ဝင်ထံသို့ ရုတ်တရက် ဖိနှိပ်ကျဆင်းသွားသည်။ မူလက ကူပြောင်းနိုင်သည့်စွမ်းရည်ဖြင့် ထွက်ပြေးရန် ကြံရွယ်ထားသော တော်ဝင်မျိုးနွယ်ဝင်မှာ ယခုအခါ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များမှာ ဖိနှိပ်ခံထားရသည်ဟု ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာလည်း လှုပ်မရတော့ဘဲ မီးနီပုလဲက သူ့အပေါ်သို့ ကျဆင်းလာသည်ကိုသာ မျှော်လင့်ချက်မဲ့စွာ ကြည့်နေရသည်။

ဝုန်း

အဆင့်ရှစ် ဟင်းလင်းပြင် တော်ဝင်မျိုးနွယ်ဝင်၏ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်သံများနှင့်အတူ မီးနီပုလဲသည် နောက်ဆုံးတွင် မြေပြင်နှင့် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။ ဝိညာဉ်ကိုပင် တုန်ခါသွားစေလောက်သော ဟိန်းဟောက်သံကြီးနှင့်အတူ မြေကမ္ဘာတစ်ခုလုံး သိမ့်သိမ့်တုန်သွားခဲ့သည်။

မီးနီပုလဲကို ဗဟိုပြု၍ ထိုဧရိယာအတွင်းရှိ မြေထုများမှာ အပြင်ဘက်သို့ လွင့်စင်ထွက်သွားပြီး ထိတ်လန့်ဖွယ် ကောင်းလှသော အပူချိန်ကြောင့် မြေမျက်နှာပြင်ပေါ်ရှိ မြေသားများပင် ဖန်သားပြင်ကဲ့သို့ အရည်ပျော်ကာ တောက်ပြောင်သွားခဲ့သည်။

မီးနီပုလဲ၏ အောက်တွင် ပိမိသွားသော အဆင့်ရှစ် ဟင်းလင်းပြင် တော်ဝင်မျိုးနွယ်ဝင်မှာမူ လုံးဝ အသံတိတ်သွားခဲ့ပြီဖြစ်သည်။

ကျောက်လင်းသည် အနီးသို့ ပျံသန်းသွားပြီး လက်ကို ဆန့်ထုတ်လိုက်ရာ မီးနီပုလဲမှာ ချက်ချင်းပင် လက်သီးဆုပ်အရွယ်အစားသို့ ပြန်လည်ကျုံ့သွားပြီး အရှိန်အဟုန်ဖြင့် လည်ပတ်ကာ ကျောက်လင်း၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာသည်။

မူလက မီးနီပုလဲအောက်တွင် ရှိနေခဲ့သော အဆင့်ရှစ် တော်ဝင်မျိုးနွယ်ဝင်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မီးနီပုလဲ၏ အရာရာကို လောင်ကျွမ်းစေနိုင်သော မီးလျှံများအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီမှာ ထင်ရှားသည်။

နောက်ဆုံးကျန်ရှိနေသော တော်ဝင်မျိုးနွယ်ဝင်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သဖြင့် ကျောက်လင်းမှာ သက်ပြင်းတစ်ချက် ချလိုက်ပြီး အစွမ်းထက်လှသော မီးနီပုလဲကို သိမ်းဆည်းကာ ချောင်ယန်အခြေစိုက်စခန်း၏ မြို့ရိုးမြင့်ကြီးဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

"စစ်နတ်ဘုရားမ"

"စစ်နတ်ဘုရားမ... နောက်ဆုံးတော့ ပြန်လာပြီ"

"..."

ကျောက်လင်း ပေါ်လာသည်နှင့်အမျှ မြို့ရိုးပေါ်တွင် လူအများဖြင့် ပြည့်နှက်နေပြီး သူတို့အထဲ၌ အခြေစိုက်စခန်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များလည်း ပါဝင်သည်။ ကျောက်လင်း ရောက်ရှိလာသည်ကို မြင်သောအခါ လူတိုင်းမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နှုတ်ဆက်ကြသည်။

"ကျေးဇူးတင်ပါတယ် စစ်နတ်ဘုရားမ။ အကယ်၍ မင်းသာ အချိန်မီ ပြန်မရောက်လာခဲ့ရင် ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းက ဟိုသတ္တဝါတွေရဲ့ ကျူးကျော်ဖျက်ဆီးတာကို ခံရတော့မှာပါ"

အခြေစိုက်စခန်း၏ တပ်မှူးမှာ ရှေ့ဆုံးတွင် ရပ်နေပြီး ကျောက်လင်းအား ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

"အားလုံးပဲ ပင်ပန်းသွားကြပါပြီ။ ကျွန်မ ပြန်လာတာ အရမ်းနောက်ကျသွားတာပါ"

မြေပြင်သို့ ဆင်းသက်ပြီးနောက် ကျောက်လင်းသည် လူတိုင်း၏ ကိုယ်ပေါ်ရှိ သွေးစွန်းကွက်များနှင့် ပတ်ဝန်းကျင်ရှိ အလောင်းများကို ကြည့်ကာ စိတ်မကောင်းဖြစ်လျက် သက်ပြင်းချလိုက်မိသည်။

တစ်ခေါက်မျှ အပြင်ထွက်လိုက်ရုံနှင့် ပြင်ပလောကတွင် ဤမျှအထိ အပြောင်းအလဲများ ဖြစ်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။ ကျူးကျော်လာသော ပိုးကောင်မျိုးနွယ်စုများမှာလည်း အလွန်ပင် အင်အားကြီးမားလာခဲ့သည်။ ထိုရိုးရိုးပိုးကောင်များ၏ နောက်ကွယ်ရှိ ဒုက္ခပေးတတ်သော ဟင်းလင်းပြင် တော်ဝင်မျိုးနွယ်စုအကြောင်းကိုမူ ပြောနေရန်ပင် မလိုတော့ပေ။

ထို့နောက် ကျောက်လင်းသည် လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသော တခြားကမ္ဘာသားများ၏ အရေအတွက်မှာလည်း ပုံမှန်မဟုတ်ဘဲ အလွန်များပြားနေသည်ကို ရုတ်တရက် သတိရမိသွားသည်။

ခဏအကြာတွင် အခြေစိုက်စခန်း၏ အစည်းအဝေးခန်းမအတွင်း၌ ကျောက်လင်းသည် ဦးဆောင်နေရာတွင် ထိုင်လိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ရှိနေသည်။

"ကဲ ပြောကြပါဦး ကျွန်မ မရှိတဲ့ အချိန်အတွင်းမှာ ဘာတွေဖြစ်ခဲ့လဲ အထူးသဖြင့် တခြားကမ္ဘာသားတွေနဲ့ ပိုးကောင်မျိုးနွယ်စုတွေရဲ့ လှုပ်ရှားမှုတွေကို သိချင်တယ်"

ကျောက်လင်းသည် ရှေ့ရှိ အဆင့်မြင့်အရာရှိများကို ဝေ့ကြည့်ကာ သူမ၏ သိလိုစိတ်ကို ထုတ်ဖော်လိုက်သည်။

"စစ်နတ်ဘုရား...ထွက်သွားပြီး မကြာခင်မှာပဲ ဧကရာဇ်မြို့တော်ဆီကနေ သတိပေးချက်တစ်ခု ရခဲ့ပါတယ်။ အဲဒါကတော့ တခြားကမ္ဘာသားတွေက အကြီးအကျယ် နယ်မြေချဲ့ထွင်နေပြီး သူတို့ရဲ့ အရေအတွက်ကလည်း မယုံနိုင်လောက်အောင် တိုးပွားနေတယ် ဆိုတာပါပဲ။ အဲဒီနောက်မှာ အခြေစိုက်စခန်းကြီး အသီးသီးက တခြားကမ္ဘာသားတွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီး အခြေစိုက်စခန်း အမြောက်အမြား ကျဆုံးသွားခဲ့ပါတယ်။ ပိုးကောင်မျိုးနွယ်စုတွေဟာလည်း ရုတ်တရက် ပေါ်လာတာဖြစ်ပြီး တခြားကမ္ဘာသားတွေလိုပဲ သူတို့ရဲ့ အင်အားကလည်း အရှိန်အဟုန်နဲ့ မြင့်တက်လာပါတယ်။ ပိုပြီး ကြောက်စရာကောင်းတာကတော့ ဟင်းလင်းပြင်စွမ်းအားကို အသုံးပြုနိုင်တဲ့ အလွန်အစွမ်းထက်တဲ့ ငွေရောင်ပိုးကောင်တွေ ရုတ်တရက် ပေါ်လာတာပါပဲ။ သူတို့က တကယ့်ကို ကြောက်စရာ ကောင်းတယ်..."

ကျောက်လင်း၏ မေးမြန်းမှုကို ကြားသောအခါ အခြေစိုက်စခန်း တပ်မှူးသည် အဖြစ်မှန်အားလုံးကို အသေးစိတ် တင်ပြတော့သည်။

"ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားမိဘူး..."

အခြေစိုက်စခန်းများစွာ ကျဆုံးသွားသည်ကို ကြားလိုက်ရသောအခါ ကျောက်လင်း၏ မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားပြီး လေးလံသော အသံဖြင့် ပြောလိုက်သည်။ တပ်မှူး၏ ရှင်းပြချက်အရ ကျောက်လင်းသည် လက်ရှိ လူသားမျိုးနွယ်၏ အခြေအနေကို ယေဘုယျအားဖြင့် နားလည်သွားခဲ့ပြီ ဖြစ်သည်။ အခြေအနေမှာ လုံးဝကို မကောင်းပေ။

"ဒီတစ်ခေါက် မင်း အချိန်မီ ပြန်ရောက်လာလို့သာ တော်တော့တယ်။ မဟုတ်ရင် ကျွန်တော်တို့ အခြေစိုက်စခန်းလည်း အကြီးအကျယ် အန္တရာယ်တွေ့မှာ အသေအချာပဲ"

တပ်မှူးသည် သက်ပြင်းချရင်း ဝမ်းသာအားရ ပြောလိုက်သည်။

"ကျွန်မက လုံကျန်းနဲ့ ကျန်းပြည်နယ်က အခြေစိုက်စခန်းတွေကို ဦးဆောင်နေသူ ဖြစ်တဲ့အတွက် ပိုးကောင်မျိုးနွယ်စုတွေရဲ့ ကျူးကျော်မှုကို တွန်းလှန်ဖို့က ကျွန်မရဲ့ တာဝန်ပဲ"

ထိုသို့ပြောပြီးနောက် ကျောက်လင်းသည် ခေါင်းကို ခါယမ်းလိုက်ကာ ဆက်ပြောသည်။

"ကောင်းပြီ... အခုကစပြီး ကျွန်မတို့ အခြေစိုက်စခန်းရဲ့ ကာကွယ်ရေးကို ပိုမိုမြှင့်တင်ဖို့ လိုတယ်။ ပြီးတော့ လုံပြည်နယ်အတွင်းက တခြားအခြေစိုက်စခန်းတွေကိုလည်း ချက်ချင်း ဆက်သွယ်လိုက်ပါ။ အန္တရာယ်ရှိရင် ချက်ချင်း သတင်းပို့ခိုင်းပါ။ ကျွန်မ အချိန်မီ သွားကူညီပေးမယ်"

"ဟုတ်ကဲ့ပါ"

"ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ အစည်းအဝေး ပြီးပြီ"

ကျောက်လင်းသည် လက်ကို ဝှေ့ယမ်းပြလိုက်သည်။ သူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီဖြစ်ရာ အနားယူရန် လိုအပ်နေသည်။

အခန်း။ ၅၅၃

အချိန်ကာလသည် တရွေ့ရွေ့ ကုန်ဆုံးသွားရာ သုံးလတာ အချိန်ကာလမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဤအတောအတွင်း လုချွမ်းသည် သူ၏ ကျင့်စဉ်အဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် သူ၏ ဇွန်ဘီရုပ်သေးစစ်တပ်ကို ဦးဆောင်ကာ အရပ်ရပ်သို့ လှည့်လည်တိုက်ခိုက်ခဲ့ပြီး တခြားကမ္ဘာသားများနှင့် ပိုးကောင်မျိုးနွယ်စု အမြောက်အမြားကို နှိမ်နင်းသုတ်သင်ခဲ့သည်။

သူသည် တစ်ကိုယ်တော် စွမ်းဆောင်မှုဖြင့်ပင် တခြားကမ္ဘာသားများနှင့် ပိုးကောင်မျိုးနွယ်စု တစ်ခုလုံးကို အကြောသေသွားစေခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျရောက်နေသော ဖိအားများကို များစွာ လျှော့ချပေးနိုင်ခဲ့သည်။

လုချွမ်းသည် သူ၏ ဇွန်ဘီရုပ်သေးစစ်တပ်ကို ဦးဆောင်၍ တိုက်ကြီး၏ ထောင့်အသီးသီးသို့ လှည့်လည်သွားလာခဲ့ရာ သူ၏လက်ချက်ဖြင့် သေဆုံးသွားသော အဆင့်ရှစ် သတ္တဝါအရေအတွက်မှာ ရာနှင့်ချီ၍ ရှိခဲ့သည်။

အဆင့်ရှစ်အောက် သတ္တဝါများကိုမူ ရေတွက်၍ပင် မရနိုင်တော့ဘဲ များပြားလှသော အသားစိုင်များကို ဝါးမျိုပြီးနောက် သူ၏ လက်အောက်ရှိ အဆင့်မြင့် ဇွန်ဘီရုပ်သေး အရေအတွက်မှာလည်း သိသိသာသာ တိုးပွားလာခဲ့သည်။

ဥပမာအားဖြင့် တစ်ချိန်က အလွန်အဖိုးတန်လှသော အဆင့်ရှစ် ဇွန်ဘီရုပ်သေးများမှာ ယခုအခါ လုချွမ်း၏ လက်အောက်တွင် အကောင်ရေ တစ်ထောင်ကျော်အထိ ရှိနေပြီး အဆင့်ခုနစ်၊ ခြောက်နှင့် ငါး ဇွန်ဘီရုပ်သေး အရေအတွက်မှာမူ ပို၍ပင် ထိတ်လန့်စရာကောင်းလောက်အောင် များပြားလှသည်။ အဆင့်ကိုး ဇွန်ဘီရုပ်သေးများအတွက်မူ လုချွမ်းသည် အဆင့်ရှစ် အမြုတေများကို အသုံးပြု၍ အကောင်ရေ ဆယ်ဂဏန်းခန့်အထိ မြှင့်တင်ပေးခဲ့သည်။

နူးညံ့သော နေရောင်ခြည်သည် လီမြစ်အခြေစိုက်စခန်းအပေါ်သို့ ဖြာကျနေသည်။ အခြေစိုက်စခန်းအတွင်းရှိ ဗီလာဇုန်မှ ကွက်လပ်တစ်ခုတွင် အသားကင်မီးဖိုမှာ တရဲရဲတောက်လောင်နေပြီး မွှေးကြိုင်လှသော အသားကင်နံ့မှာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့နေသည်။

လုချွမ်းသည် အသားကင်မီးဖိုရှေ့တွင် ထိုင်ကာ အသားကင်တုတ်ချောင်းလေးများကို ဂရုတစိုက် လှည့်ပေးနေသည်။ သူ၏ ဘေးတွင်မူ ဟိန်းသံမိုးကြိုးဝက်ဝံကြီးမှာ ထိုင်လျက် သူ၏ လုံးဝန်းသော မျက်လုံးများဖြင့် မီးဖိုပေါ်မှ အသားကင်များကို စိုက်ကြည့်ကာ သွားရည်ကျနေရှာသည်။

ထိုလူနှင့် ဝက်ဝံကြီး၏ နောက်ဘက်တွင်မူ ကျိရုရွှယ်နှင့် ကျောက်လင်းတို့မှာ ပျော်ရွှင်စွာ စကားပြောနေကြသည်။ လုချွမ်းက တခြားကမ္ဘာသားများနှင့် ပိုးကောင်မျိုးနွယ်စုများကို အစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းလိုက်ကတည်းက ကျောက်လင်း၏ နေ့ရက်များမှာ ပိုမိုသက်သောင့်သက်သာ ရှိလာခဲ့ပြီး ရန်သူ့တိုက်ခိုက်မှုကို နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်စွာ ခုခံနေရခြင်းမျိုး မရှိတော့ပေ။

ဝန်ထုပ်ဝန်ပိုးများ ကင်းစင်သွားသဖြင့် ကျောက်လင်းသည် လုချွမ်းနှင့် တွေ့ဆုံရန်နှင့် အတူတကွ ထမင်းလက်ဆုံစားရန် အချိန်ရလာခဲ့ခြင်းပင်။

"အန်တီကျောက်လင်း... လုံပြည်နယ်က အခြေစိုက်စခန်းတွေအနားမှာရှိတဲ့ ဟင်းလင်းပြင်

အက်ကွဲကြောင်းတွေ အခု တည်ငြိမ်သွားပြီလား"

ထမင်းစားပွဲတွင် ကျိရုရွှယ်က ကျောက်လင်းကို ဖျော်ရည်တစ်ခွက် ကမ်းပေးရင်း မေးလိုက်သည်။ ဤပင်ပန်းလှသော လေ့ကျင့်ရေးကာလအတွင်း ကျိရုရွှယ်သည်လည်း အဆင့်ကိုးသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

"တည်ငြိမ်သွားပါပြီ။ လုချွမ်းရဲ့ အဆင့်မြင့် ဇွန်ဘီတွေ ရှိနေတာဆိုတော့ အရာရာက ကျောက်တုံးကြီးလို ခိုင်မာနေတာပေါ့"

ကျောက်လင်းက ပြုံးလျက် ပြန်ဖြေသည်။

ကျိရုရွှယ် ဤသို့မေးရခြင်းမှာလည်း အကြောင်းရှိသည်။ ဇွန်ဘီရုပ်သေးစစ်တပ်ကို ဦးဆောင်ကာ ရန်သူများကို ရှင်းလင်းပြီးနောက် လုချွမ်းသည် ဟင်းလင်းပြင်အက်ကွဲကြောင်းများမှ တခြားကမ္ဘာသားများနှင့် ပိုးကောင်များ အဆက်မပြတ် ထွက်ပေါ်လာသည်ကို အလိုမရှိတော့ပေ။

ဤပြဿနာကို ဖြေရှင်းရန် လုချွမ်းသည် လူသားအဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ ဧကရာဇ်မြို့တော်အနေဖြင့် ပြည်နယ်အသီးသီးရှိ သူတို့၏ စီရင်ပိုင်ခွင့်အတွင်းရှိ အက်ကွဲကြောင်းများကို စောင့်ကြည့်ရန် တပ်ဖွဲ့များ စေလွှတ်ရမည်ဟု ညွှန်ကြားခဲ့သည်။

ထို့အပြင် လုချွမ်းသည် အက်ကွဲကြောင်း တည်ရှိရာ နေရာတိုင်းတွင် အဆင့်ရှစ် ဇွန်ဘီရုပ်သေးတစ်ကောင်စီကို ချထားခဲ့သည်။ တခြားကမ္ဘာသား သို့မဟုတ် ပိုးကောင်များ ထွက်ပေါ်လာသည်နှင့် ချက်ချင်း သုတ်သင်ရန် တာဝန်ပေးထားသည်။ ရည်ရွယ်ချက်မှာ ဤကမ္ဘာသို့ တစ်ကျော့ပြန် အကြီးအကျယ် ကျူးကျော်လာမည့် အန္တရာယ်ကို လုံးဝ ပိတ်ဆို့ထားရန်ဖြစ်သည်။

ထို့အပြင် လုချွမ်းသည် ဤဟင်းလင်းပြင်အက်ကွဲကြောင်းများကို အလိုအလျောက် ဇွန်ဘီမွေးမြူရေးစခန်းများအဖြစ် သဘောထားလိုက်သည်။ ထိုနေရာမှ ထွက်လာသော သတ္တဝါများသည် အဆင့်ရှစ် ဇွန်ဘီရုပ်သေးများကို အဆင့်ကိုးသို့ မြှင့်တင်ပေးမည့် အစာရိက္ခာများသာ ဖြစ်လာသည်။

ဤသို့ဖြင့် ဟင်းလင်းပြင်အက်ကွဲကြောင်းများမှ အစာရိက္ခာများ အဆက်မပြတ် ရရှိနေခြင်းကြောင့် လုချွမ်း၏ လက်အောက်ရှိ အဆင့်ကိုး ဇွန်ဘီရုပ်သေး အရေအတွက်မှာလည်း အရှိန်အဟုန်ဖြင့် တိုးပွားလာရန် သေချာနေတော့သည်။

"ကဲ... အားလုံး အသင့်ဖြစ်ပြီ မင်းတို့နှစ်ယောက် လာစားကြတော့"

ထိုအချိန်တွင် လုချွမ်းသည် မွှေးကြိုင်လှသော အသားကင်တုတ်ချောင်းများကို ဆုပ်ကိုင်ကာ အမြန်လျှောက်လာပြီး ပြင်ဆင်ထားသော လင်ဗန်းထဲသို့ ထည့်လိုက်သည်။

"ကျေးဇူးပါ အဖေ"

ကျိရုရွှယ်က ကျေးဇူးတင်စကားဆိုရင်း အသားကင်တစ်ချောင်းကို လှမ်းယူလိုက်သည်။

မထင်မှတ်ဘဲ ထိုစဉ်မှာပင် ကောင်းကင်ယံထက်မှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားခဲ့သည်။

ထို့နောက်တွင် ကောင်းကင်ယံမှ အဝတ်စုတ်တစ်ခု ဆုတ်ဖြဲခံလိုက်ရသံကဲ့သို့ အသံမျိုး ထွက်ပေါ်လာပြီး ကျန်းပြည်နယ်၏ ကောင်းကင်ထက်တွင် အမည်မသိ အင်အားတစ်ခုကြောင့် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုဟင်းလင်းပြင်အက်ကွဲကြောင်းမှာ အလွန်ပင် ကြီးမားလှပြီး ကောင်းကင်တစ်ခုလုံးကို ဖြတ်သန်းသွားကာ မှောင်မည်းနေသောကြောင့် အတွင်း၌ ဘာရှိသည်ကိုပင် မမြင်နိုင်ပေ။

"ဒါက... ဘာကြီးလဲ..."

ဤမျှကြီးမားသော လှုပ်ခတ်မှုကို သူတို့ သတိမပြုမိဘဲ မနေနိုင်ပေ။ သုံးယောက်သား တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြရာ ဧရာမ အက်ကွဲကြောင်းကြီးကို မြင်လိုက်ရသည့် ကျိရုရွှယ်၏ မျက်နှာမှာ သိသိသာသာ ပျက်သွားခဲ့သည်။

ဤအရာမှာ ဟင်းလင်းပြင် ပိုးကောင်မျိုးနွယ်စု၏ ဟင်းလင်းပြင် ဘုရင်မတစ်ပါးတည်းသာ ဖွင့်လှစ်နိုင်သော ဟင်းလင်းပြင် လမ်းကြောင်းတစ်ခု ဖြစ်သည်။

ဟင်းလင်းပြင် တော်ဝင်မျိုးနွယ်ဝင်များစွာ အသတ်ခံလိုက်ရခြင်းကြောင့် ဘုရင်မမှာ စောစီးစွာ ရောက်ရှိလာပုံပင်။ နောက်တစ်ခဏတွင် ဟင်းလင်းပြင်အက်ကွဲကြောင်း၏ ချောမွေ့သော မျက်နှာပြင်မှာ တုန်ခါသွားပြီး ဧရာမ ပုံရိပ်ကြီးတစ်ခုမှာ အတင်းတိုးထွက်လာခဲ့သည်။

၎င်းသည် ကိုက်ရာနှင့်ချီ၍ ရှည်လျားသော၊ ရွှေရောင်အခွံရှိသည့် ဧရာမ ပိုးတောင်မာကြီးနှင့် ဆင်တူသော ထိတ်လန့်ဖွယ် သတ္တဝါကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ကျောကုန်းထက်ရှိ အပေါက်ငယ်များမှလည်း ပိုးကောင်ငယ်လေးများ အဆက်မပြတ် ထွက်ပေါ်နေသည်။

ဘုရင်မကြီး၏ ကျောတစ်ခုလုံးမှာ ပိုးကောင်များဖြင့် ဖုံးလွှမ်းနေပြီး ၎င်းတို့မှာ စတင်၍ ပျံသန်းထွက်ခွာနေကြသည်။

"ဝူးးးးး.. "

စူးရှလှသော ဟိန်းသောက်သံနှင့်အတူ ဟင်းလင်းပြင် ဘုရင်မကြီးသည် သူမ၏ အရှိန်အဝါများကို ရမ်းကားစွာ ထုတ်ဖော်လိုက်ရာ အဆင့်ကိုး စွမ်းအားများမှာ အထင်အရှား ပေါ်ထွက်နေတော့သည်။ ထိုအချိန်တွင် ဘုရင်မကြီးသည် ဤကမ္ဘာ၌ စတင်အမဲလိုက်ရန် ပြင်လိုက်စဉ်မှာပင် ပုံရိပ်သုံးခုက သူမ၏ အရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ဧည့်သည်များကို မြင်သောအခါ ပိုးကောင်ဘုရင်မမှာ ခေတ္တမျှ ရပ်တန့်သွားပြီး ဒေါသတကြီး လေမှုတ်သံပေးကာ လုချွမ်းတို့ရှိရာသို့ အဆိပ်ငွေ့မည်းများကို မှုတ်ထုတ်လိုက်သည်။

ပြင်းထန်သော အန္တရာယ်ကို အာရုံခံမိသောကြောင့် သုံးယောက်သားမှာ မျက်နှာပျက်သွားပြီး အဆိပ်ငွေ့များနှင့် မထိတွေ့စေရန် အမြန်ရှောင်တိမ်းလိုက်ကြသည်။

ထိုစဉ် ဧရာမ ပုံရိပ်ကြီးမှာ သူတို့ရှေ့တွင် လက်ခနဲ ပေါ်လာပြီး တဟုန်ထိုး တိုက်ခိုက်လာတော့သည်။ လုချွမ်းတို့မှာလည်း ကြောက်ရွံ့ခြင်းမရှိဘဲ သူတို့၏ အရှိန်အဝါများကို အစွမ်းကုန် ထုတ်ဖော်ကာ ဘုရင်မကြီးထံသို့ ပြေးဝင်သွားကြသည်။

ဝုန်း... ဝုန်း...

တိုက်ပွဲမှာ ချက်ချင်းပင် ပြင်းထန်သွားခဲ့သည်။ ခိုင်မာလှသော အခွံရှိသည့် ဘုရင်မကြီးမှာ တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်ပြီး ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ရာ ရင်ဆိုင်ရသည်မှာ အလွန်ခက်ခဲလှသည်။

"ဖူး... "

ဘုရင်မကြီး၏ ရိုက်ထုတ်ခြင်းကို ခံလိုက်ရသဖြင့် ကျိရုရွှယ်မှာ သွေးမြူများကို အန်ထုတ်လျက် လေထဲ၌ လွင့်စင်သွားခဲ့သည်။ ကျောက်လင်းသည်လည်း တိုက်ပွဲအတွင်း အမှတ်မထင် ဖြစ်သွားစဉ် အဆိပ်ငွေ့မည်းများအတွင်း နစ်မြုပ်သွားကာ ချက်ချင်းပင် အသက်ပျောက်သွားခဲ့သည်။ သို့သော်လည်း သူမသည် ပြန်လည်ရှင်သန်လာခဲ့ပြီး အဆင့်ကိုးသို့ပင် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။

"သတ်ကြဟေ့"

အားအင်ကုန်ခန်းနေပြီး ဆံပင်များပင် ဖြူစပြုနေပြီဖြစ်သော ကျိရုရွှယ်မှာ အော်ဟစ်လျက် ရှေ့သို့ ပြန်လည် တိုက်ခိုက်ပြန်သည်။ တိုက်ပွဲမှာ ညနေစောင်းသည့်အိုင်အောင် ပြင်းထန်နေခဲ့သည်။

ဗုန်း….

အော်ဟစ်သံနှင့်အတူ ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ဟင်းလင်းပြင် ဘုရင်မကြီး၏ ဦးခေါင်းမှာ လုချွမ်း၏ လက်သီးချက်အောက်တွင် ပေါက်ကွဲသွားခဲ့သည်။ ၎င်းသည် ချက်ချင်းပင် လဲကျသွားပြီး ဧရာမ ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

"ဟူး... နောက်ဆုံးတော့ သေသွားပြီ"

ခေါင်းမရှိတော့သော အလောင်းကြီးကို ကြည့်ကာ သုံးယောက်သား သက်ပြင်းချလိုက်ကြသည်။ ဤတိုက်ပွဲမှာ အလွန်ပင် ပင်ပန်းလှပြီး ဘုရင်မကြီး၏ စွမ်းအားမှာ အဆင့်ကိုး အထွတ်အထိပ်သို့ပင် ရောက်ရှိနေပုံပင်။

"သွားကြစို့... ပြန်ကြမယ်"

အချိန်များ ကုန်လွန်သွားရာ လုချွမ်းတို့ သုံးဦး ဘုရင်မကြီးကို သတ်ဖြတ်ခဲ့ပြီးနောက် နှစ်လတာ ကာလသို့ ရောက်ရှိလာခဲ့သည်။ ဘုရင်မကြီး သေဆုံးသွားခြင်းကြောင့်လား မသိသော်လည်း ဟင်းလင်းပြင်အက်ကွဲကြောင်းမှ ထွက်လာသော ပိုးကောင်အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။

ဤအတောအတွင်း လုချွမ်းသည် ကျန်းပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံထားသော သူ၏ ဇွန်ဘီနိုင်ငံတော်ကို ထူထောင်ခဲ့သည်။

နေဝင်ရိုးရီ အချိန်တွင် လီမြစ်အခြေစိုက်စခန်း၏ မြို့ရိုးမြင့်ကြီးပေါ်၌ သုံးယောက်သား ယှဉ်တွဲရပ်လျက် အဝေးမှ နေဝင်ချိန် အလှကို ကြည့်ကာ ရင်ထဲ၌ ခံစားချက်များစွာ ပြည့်နှက်နေကြသည်။ လွန်ခဲ့သော အချိန်များကို ပြန်တွေးကြည့်လျှင် အတိတ်က အိပ်မက်များမှာ မယုံနိုင်လောက်အောင်ပင် လက်တွေ့ဖြစ်လာခဲ့ပြီဖြစ်သည်။

"လုချွမ်း... လူသားမျိုးနွယ်ကို ဒီအခွင့်အရေး ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

လူသားများ သူတို့၏ အိမ်ဂေဟာကို ပြန်လည်တည်ဆောက်နေသည်ကို မြင်ကာ ကျောက်လင်းသည် ကျေးဇူးတင်မှု အပြည့်ဖြင့် လုချွမ်းကို လှည့်ကြည့်လိုက်သည်။

"အဲဒီလို ပြောစရာ မလိုပါဘူး။ ဒါက ချီချီလေးအတွက် ငါထားခဲ့တဲ့ နောက်ဆုံးလမ်းကြောင်း တစ်ခုပါပဲ"

လုချွမ်းက ပြုံးလျက် ဘေးနားရှိ ကျိရုရွှယ်၏ ဆံပင်များကို အသာအယာ ပွတ်သပ်ပေးလိုက်

သည်။ အကယ်၍ ချီချီလေးသာ ဇွန်ဘီနိုင်ငံတော်က ဘဝကို ငြီးငွေ့လာခဲ့လျှင် သူမ လူသားကမ္ဘာသို့ ပြန်လာနိုင်သည်။

"အဖေ... သမီးက အဖေနဲ့ပဲ ထာဝရ အတူနေချင်တာ"

ကျိရုရွှယ်က လုချွမ်း၏ လက်မောင်းကို ဖက်တွယ်ရင်း နှုတ်ခမ်းစူကာ ပြောလိုက်သည်။

နေဝင်သွားချိန်တွင် လုချွမ်း၏ အပြုံးမှာ ပိုမိုတောက်ပကာ လင်းလက်နေတော့သည်။

………………

[ပြီးပါပြီ]

ဘာသာပြန်သူမှတ်ချက်- နောက်ဆုံးတော့ ကလေးထိန်းဇွန်ဘီဘုရင်စာစဉ်လေးပြီးသွားပါပြီ။ ကျွန်တော်နဲ့အတူ အစကနေအဆုံးထိအားပေးပြီးဖတ်လာကြတဲ့ စာဖတ်ပရိတ်သတ်တွေကိုကျေးဇူးအများကြီးတင်ပါတယ်။ စာဖတ်သူတို့ကြောင့်သာ ကျွန်တော်လည်းအပြီးထိဘာသာဆက်ပြန်နိုင်ခဲ့တာပါ။ဇာတ်သိမ်းပိုင်းလေးကိုကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်ဗျာ……..

All Chapters