အခန်း (၅၄၁-၅၄၂)
Vol. 55 Ch. 541-542
အခန်း။ ၅၄၁
ဗောဓိပင်ကို ရရှိလိုက်သဖြင့် ကျိရုရွှယ်မှာ အစပိုင်းတွင် အလွန်ဝမ်းသာသွားသော်လည်း မကြာမီမှာပင် တစ်ခုခုလွဲချော်နေသည်ကို သတိပြုမိသွားသည်။ သူမသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ကျန်နှစ်ယောက်ကို အလျင်အမြန် ခေါ်ဆောင်ကာ အလယ်ဗဟိုရှိ စင်မြင့်ဆီသို့ ဦးတည်ပြေးလွှားတော့သည်။
ဂျိမ်း...
ပတ်ဝန်းကျင်ရှိ မြေပြင်များမှာ တစ်လက်မချင်းစီ အက်ကွဲလာတော့သည်။ ပြင်းထန်သော တုန်ခါမှုများနှင့်အတူ အဆောက်အအုံများမှာလည်း အရှိန်အဟုန်ဖြင့် ပြိုကျပျက်စီးလာရာ ဖြူဖွေးသော ကျောက်စိမ်းအုတ်ချပ်များမှာ နေရာအနှံ့ လွင့်စင်နေသည်။
အမွေအနှစ်နေရာတစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်တော့မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအချိန်တွင် လုချွမ်းနှင့် အဖော်နှစ်ယောက်မှာ အလယ်ဗဟိုရှိ စင်မြင့်ဆီသို့ နောက်ဆုံးတွင် ရောက်ရှိသွားကြသည်။ စင်မြင့်မှာလည်း အဆက်မပြတ် တုန်ခါနေပြီး ၎င်း၏ မျက်နှာပြင်ပေါ်ရှိ ရွှေရောင်အစီအရင်သင်္ကေတများမှာ စူးရှသော ဝိညာဉ်အလင်းများကို ထုတ်လွှတ်နေသည်။ သိသာထင်ရှားသည်မှာ စင်မြင့်သည် နယ်မြေကူးပြောင်းရန်အတွက် စတင်အသက်ဝင်နေခြင်းပင်။
"သွားကြစို့"
အချိန်မှာ အလွန်ပင် တန်ဖိုးရှိနေသဖြင့် သူတို့ သုံးယောက်မှာ စင်မြင့်ပေါ်သို့ ချက်ချင်း ခုန်တက်လိုက်ကြသည်။ နောက်တစ်စက္ကန့်တွင် သူတို့အားလုံး ပျောက်ကွယ်သွားတော့သည်။
အမွေအနှစ်နေရာ၏ အပြင်ဘက် ကျွန်းပေါ်တွင်မူ
ဝူး...
မထင်မှတ်ဘဲ သူတို့ သုံးယောက် နယ်မြေကူးပြောင်းပြီး ပြန်ရောက်လာသည်နှင့် တစ်ကျွန်းလုံး တုန်ခါနေသည်ကို တွေ့လိုက်ရသည်။ ၎င်းကို မြင်သောအခါ လုချွမ်း၏ အမူအရာမှာ လေးနက်သွားတော့သည်။
"ဖေဖေ... ရှေးဟောင်းအမွေအနှစ်နေရာက လျင်မြန်စွာ ပြိုကျပျက်စီးသွားပြီဆိုတော့ အခြေခံထားတဲ့ ဒီကျွန်းကြီးလည်း ဘေးကင်းမှာ မဟုတ်ဘူး"
ဖခင်ဖြစ်သူ၏ တင်းမာသော မျက်နှာထားကို ကြည့်ကာ ကျိရုရွှယ်က ရှင်းပြလိုက်သည်။
ထိုအချိန်တွင် သူတို့ သုံးယောက်မှာ လေထဲ၌ ဝဲပျံနေကြသည်။
ဂြောက်... ဂြောက်... ဂြောက်...
ကျိရုရွှယ် စကားပြောနေစဉ်မှာပင် အောက်ဘက်ရှိ ကျွန်းကြီးပေါ်မှ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး မြေပြင်မှာ ပေပေါင်းများစွာ ကျယ်သော အက်ကြောင်းကြီးများအဖြစ် ကွဲအက်သွားတော့သည်။ မြေစာပုံ အမြောက်အမြားမှာလည်း ထိုအက်ကြောင်းများအတွင်းသို့ အဆက်မပြတ် လိမ့်ဆင်းသွားကြသည်။
ပတ်ဝန်းကျင်ရှိ တောအုပ်များမှာလည်း တံစဉ်ဖြင့် ရိတ်သိမ်းခံလိုက်ရသည့် ဂျုံခင်းများကဲ့သို့ တစ်တောလုံး ပြိုလဲသွားကြသည်။ တစ်ချိန်တည်းမှာပင် ထိတ်လန့်တကြား အော်ဟစ်နေကြသော သားရဲဟိန်းသံများမှာ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာပြီး အစွမ်းထက် သားရဲအုပ်ကြီးမှာလည်း ကျွန်းပေါ်တွင် ဟိုဟိုဒီဒီ ရူးသွပ်စွာ ပြေးလွှားနေကြတော့သည်။
အချိန်မီ မရပ်တန့်နိုင်သော သားရဲအများအပြားမှာလည်း အက်ကြောင်းကြီးများအတွင်းသို့ တိုက်ရိုက်ကျဆင်းသွားပြီး အရိပ်အယောင်ပင် မကျန်တော့ပေ။
"ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး။ ငါတို့ ဒီကျွန်းပေါ်ကနေ အရင်ထွက်သွားရမယ်"
ကမ္ဘာပျက်တော့မည့် မြင်ကွင်းနှင့် တူနေသော ကျွန်းကြီးကို ကြည့်ရင်း လုချွမ်းက မှုန်မှိုင်းသော မျက်နှာထားဖြင့် ဘေးရှိ အဖော်နှစ်ယောက်ကို သတိပေးလိုက်သည်။
ထို့နောက် သူတို့သည် ပင်လယ်သားရဲ ဇွန်ဘီစစ်တပ်များ ရှိရာသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။ မကြာမီမှာပင် တုန်ခါနေသော ကျွန်းကြီးပေါ်မှ လွတ်မြောက်ခဲ့ပြီး ပင်လယ်မျက်နှာပြင် အထက်သို့ ရောက်ရှိသွားကြသည်။
ထိုနေရာတွင် ပင်လယ်ကမ်းစပ်၌ တပ်စွဲထားသော ပင်လယ်သားရဲ ဇွန်ဘီစစ်တပ် သောင်းချီမှာ လုချွမ်း၏ အမိန့်အရ ကျွန်းနှင့် ဝေးရာသို့ အမြန် ဆုတ်ခွာသွားကြသည်။
ဂျိမ်း...
သိပ်မကြာလိုက်ဘဲ အက်ကွဲနေသော ကျွန်းကြီးမှာ အဆုံးစွန်ထိ ရောက်ရှိသွားပြီး ပင်လယ်အတွင်းသို့ လျင်မြန်စွာ နစ်မြုပ်တော့သည်။ ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများမှာလည်း ကျွန်း၏ ကမ်းစပ်များပေါ်မှတစ်ဆင့် အလယ်ဗဟိုသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားကြသည်။
မကြာမီမှာပင် ကျွန်းကြီးတစ်ခုလုံး ပင်လယ်အောက်သို့ နစ်မြုပ်ကာ ပျောက်ကွယ်သွားတော့သည်။ ထိုနေရာတွင် ဧရာမ ရေဝဲကြီးတစ်ခုသာ ကျန်ရစ်ခဲ့ပြီး ပင်လယ်ရေများမှာလည်း အောက်ဘက်သို့ အဆက်မပြတ် ထိုးဆင်းနေကြသည်။
ထိုအချိန်တွင် လုချွမ်းနှင့် အဖော်နှစ်ယောက်မှာ ကျွန်းနှင့် တစ်ကီလိုမီတာခန့် ဝေးသောနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ ကျွန်းကြီး တစ်ခုလုံး ပြိုကျပျက်စီးပြီး နစ်မြုပ်သွားသည်ကို ကြည့်နေမိကြသည်။
"ဒီလောက်ကြီးတဲ့ ကျွန်းကြီးက ဒီလောက်မြန်မြန် နစ်သွားတာ တကယ်ကို နှမြောစရာပဲ။ ငါတို့ အဲဒီအမွေအနှစ်နေရာကိုတောင် အကုန် မရှာရသေးဘူး"
ကျောက်လင်းက ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် ကြောင်အမ်းအမ်းဖြစ်နေရင်း နောင်တကြီးစွာဖြင့် ညည်းတွားလိုက်သည်။
သူတို့သည် အမွေအနှစ်နေရာ၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ရှာဖွေရသေးသဖြင့် ယခုအခါ အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
"အမွေအနှစ်နေရာရဲ့ အခြေခံအုတ်မြစ်က ဒီဗောဓိပင်တစ်ပင်တည်းအပေါ်မှာ တည်ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ"
လုချွမ်းက ကျိရုရွှယ်၏ ဦးခေါင်းပေါ်မှ သရဖူကို ကြည့်ကာ ခါးသီးစွာ ရယ်မောလိုက်မိသည်။
ဗောဓိပင်သည် အမွေအနှစ်နေရာအတွက် ဤမျှအရေးကြီးသည်ကို ကြိုတင်သိရှိခဲ့ပါက ချီချီလေးကို အပင်အား နောက်ဆုံးမှ ယူရန် သူအကြံပေးခဲ့မိမှာ အမှန်ပင်။
ထိုစကားများကို ကြားသောအခါ ကျိရုရွှယ်မှာလည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားတော့သည်။ ဗောဓိပင်နှင့် အမွေအနှစ်နေရာတို့မှာ ဤမျှအထိ နီးကပ်စွာ ဆက်နွယ်နေလိမ့်မည်ဟု သူမလည်း မသိခဲ့ပေ။
သူမ၏ ယခင်ဘဝတုန်းက ဤလျှို့ဝှက်နယ်မြေ ပျက်စီးသွားသည်ကို သတိထားမိခဲ့သော်လည်း အကြောင်းရင်းကို စူးစမ်းခဲ့ခြင်း မရှိသဖြင့် ဤကိစ္စကို သူမ လုံးဝ မသိနားမလည်ခဲ့ခြင်းပင်။
"တော်ပြီ... ငါတို့ ဒီအမွေအနှစ်နေရာကနေ အများကြီး ရခဲ့ပြီးပြီပဲ။ ရောင့်ရဲရမယ်... ငါတော့ ဒီပင်လယ်ကြီးကို တော်တော် ငြီးငွေ့နေပြီ ပြန်ကြစို့"
လုချွမ်းက လက်ကာပြရင်း ပြုံး၍ ပြောလိုက်သည်။
"လုချွမ်း... မင်းပြောတာ မှန်တယ်။ လူဆိုတာ အရမ်းလည်း လောဘမကြီးသင့်ဘူး။ ဒီတစ်ခေါက်တင် ငါ့မှာ ကျင့်စဉ်တွေ၊ တိုက်ခိုက်ရေး ပညာရပ်တွေနဲ့ ဝိညာဉ်လက်နက်တစ်ခုတောင် ရထားတာဆိုတော့ လုံလောက်တာထက်တောင် ပိုနေပါပြီ"
ကျောက်လင်းက အလေးအနက် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
ဂဟိန်း...
ထိုအချိန်တွင် ဝေးလံသော ပင်လယ်ပြင်ဆီမှ ကျယ်လောင်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ကျိရုရွှယ်၏ အိမ်မွေးတိရစ္ဆာန်ဖြစ်သော ဗီဇပြောင်း လိပ်ဘီလူးကြီးသူတို့ရှိရာသို့ လာနေခြင်းပင်။
အဝေးတစ်နေရာတွင် အမဲလိုက်နေသော လိပ်ဘီလူးကြီးမှာ ကျိရုရွှယ်၏ ခေါ်ယူမှုကြောင့် လျင်မြန်စွာ ရောက်ရှိလာတော့သည်။
"ဖေဖေ... လိပ်လေး ရောက်လာပြီ အောက်ဆင်းရအောင်"
ထို့နောက် သူတို့ သုံးယောက်မှာ လိပ်ဘီလူးကြီး၏ ကျောပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ဝန်လေးခြင်း မရှိဘဲ သူတို့အဖွဲ့မှာ လမ်းကြောင်းပြောင်းကာ အနောက်ဘက်သို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်တာ အချိန်မှာ ကုန်ဆုံးသွားခဲ့ပြီး သူတို့ သုံးယောက်မှာ ပင်လယ်မျက်နှာပြင်ပေါ်တွင် ရှိနေဆဲပင်။ ဤရက်များအတွင်း သူတို့သည် အမွေအနှစ်နေရာမှ ယူဆောင်လာခဲ့သော ပစ္စည်းများကို စနစ်တကျ ပြန်လည်စုစည်းရန် အချိန်သီးသန့် ဖယ်ထားခဲ့ကြသည်။
ကုန်ကြမ်းများနှင့် လက်နက်များကို ခွဲဝေရသည်မှာ လွယ်ကူသော်လည်း ကျင့်စဉ်နှင့် ပညာရပ်များ မှတ်တမ်းတင်ထားသော ကျောက်စိမ်းလိပ် အမြောက်အမြားကို ခွဲခြားရသည်မှာ အဓိက စိန်ခေါ်မှု ဖြစ်နေသည်။
ရာနှင့်ချီသော ကျောက်စိမ်းလိပ်များကို အမျိုးအစားအလိုက် ခွဲခြားရန် အချိန်အတန်ကြာ ယူခဲ့ရသည်။ လိပ်ကျောပေါ်တွင် လုချွမ်းသည် ရှေ့ဆုံး၌ တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်မျိုကရားလေးကို လက်ဖြင့် ကစားရင်း အဝေးမှ ပင်လယ်ပြင်ကို ငေးကြည့်နေသည်။
သူ၏ အနောက်တွင်မူ ကျိရုရွှယ်နှင့် ကျောက်လင်းတို့မှာ အလေးအနက် ကျင့်ကြံနေကြသည်။
အထူးသဖြင့် ကျောက်လင်း၏ ဘေးတွင်မူ ဆေးရည်များ သောက်သုံးထားသည့် ဆေးပုလင်း အခွံများစွာ ရှိနေသည်။
အဆင့်ရှစ်သို့ မတက်လှမ်းနိုင်ခဲ့ခြင်းမှာ ဤခရီးစဉ်တွင် သူမ၏ အကြီးမားဆုံး နောင်တဖြစ်သဖြင့် ကမ်းခြေသို့ မရောက်ရှိမီ အဆင့်ရှစ်သို့ အရောက်တက်လှမ်းနိုင်ရန် သူမ အစွမ်းကုန် ကြိုးစားနေခြင်းပင်။
ရှပ်…ရှပ်... ဝုန်း...
ပင်လယ်လေညင်းက အသာအယာ တိုက်ခတ်နေပြီး လှိုင်းလုံးကြီးများမှာ ပင်လယ်ပြင်အနှံ့ ရိုက်ခတ်ကာ ရေလှိုင်းသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။
ဘုန်း
အီး...
ရုတ်တရက် အောက်ခြေမှ ပြင်းထန်သော အသံကြီးနှင့်အတူ အန္တရာယ်တစ်ခု ပေါ်ပေါက်လာသည်။ ဧရာမ ပါးစပ်ကြီးတစ်ခုသည် ပင်လယ်ရေအောက်မှ ထိုးထွက်လာပြီး လုချွမ်းတို့ သုံးယောက်နှင့်အတူ လိပ်ဘီလူးကြီးကိုပါ တစ်လုပ်တည်း မျိုချရန် ကြိုးစားလိုက်သည်။ တိုက်ခိုက်သူမှာ ပေ လေးငါးရာခန့် ရှည်လျားပြီး လေယာဉ်တင် သင်္ဘောကြီးတစ်စီးနှင့်ပင် နှိုင်းယှဉ်နိုင်သော ပင်လယ်နက် ဝေလငါးဘီလူးကြီးပင်။
အဆင့်ရှစ်အဆင့်ရှိသော ထိုဝေလငါးကြီးသည် လျင်မြန်ပြီး မထင်မှတ်ထားသော တိုက်ခိုက်မှုကြောင့် လုချွမ်းနှင့် အဖော်များကို ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ မှောင်မည်းနေသော နေရာကျယ်ကြီးထဲသို့ မျိုချနိုင်ခဲ့သည်။
"နင်ကများ သတ္တိရှိလှချည်လား"
ကျင့်ကြံနေရာမှ နိုးလာသော ကျိရုရွှယ်သည် ဝေလငါးကြီး၏ မျိုချခြင်းကို ခံလိုက်ရသည်ကို သိလိုက်ရသောအခါ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဤသားရဲစုတ်မှာ တကယ်ပင် အဆင့်မရှိပေ။ လုချွမ်းနှင့် ကျောက်လင်းတို့ လှုပ်ရှားခြင်း မပြုမီ ကျိရုရွှယ်က ဦးဆောင်ကာ တိုက်ခိုက်လိုက်သည်။
သူမ၏ စိတ်စွမ်းအားများမှာ ဟင်းလင်းပြင်အတွင်း ကောင်းကင်သို့ ထိုးတက်နေသော လှံကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ဝေလငါးကြီး၏ ဗိုက်နံရံကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဘုန်း….
စိတ်စွမ်းအားလှံမှာ ပူနွေးနေသော ဓားတစ်စင်းက ခဲပတ်ကို လှီးလိုက်သကဲ့သို့ ဝေလငါးကြီး၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး သွေးများ ပန်းထွက်နေသော ဧရာမ အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
အီး...
ချက်ချင်းဆိုသလိုပင် ဝေလငါးကြီး၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ရင်ကွဲမတတ် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ၎င်းသည် ရေထဲတွင် အသည်းအသန် ရုန်းကန်နေပြီး လုချွမ်းတို့ကို အပိုင်းပိုင်း ပြတ်သွားအောင် ချေမှုန်းရန် ၎င်း၏ ဗိုက်နံရံများကို ပြင်းထန်စွာ တွန့်လိမ်နေစေသည်။
သို့သော်လည်း ပထမအချက်မှာပင် အောင်မြင်မှုရရှိခဲ့သော ကျိရုရွှယ်မှာ အလျှော့မပေးဘဲ သူမ၏ စိတ်စွမ်းအားလှံဖြင့် ဝေလငါးကြီးအား ထပ်တလဲလဲ ထိုးနှက်တော့သည်။
ခဏချင်းအတွင်းမှာပင် ဝေလငါးကြီးမှာ ဆန်ခါတစ်ခုကဲ့သို့ အပေါက်များစွာ ဖြစ်သွားပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာလည်း လှုပ်ရှားမှုမရှိတော့ဘဲ ငြိမ်ကျသွားသည်။
အခန်း။ ၅၄၂
ရှပ်ရှပ်...
ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထက်တွင် ပင်လယ်လေများ အဆက်မပြတ် တိုက်ခတ်နေပြီး လှိုင်းလုံးများမှာ ရေမျက်နှာပြင်ထက်သို့ ရိုက်ခတ်နေသည်။ ရံဖန်ရံခါတွင် ပင်လယ်သားရဲများ ရေထဲမှ ခုန်ထွက်လာတတ်သော်လည်း အနားသို့ မကပ်နိုင်ခင်မှာပင် ပတ်ဝန်းကျင်ရှိ ပင်လယ်သားရဲ ဇွန်ဘီစစ်တပ်များ၏ အပိုင်းပိုင်း ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။
"ငါတို့ လာခဲ့တဲ့ အချိန်နဲ့ တွက်ကြည့်ရင် ဒီပင်လယ်ခရီးစဉ်က တစ်လလောက် ကြာမှာပဲ။ အခု အမွေအနှစ်ကျွန်းကနေ ထွက်လာတာ ဆယ်ရက်ရှိပြီဆိုတော့ ကုန်းမကြီးကို ရောက်ဖို့ သုံးလေးရက်လောက်ပဲ လိုတော့တယ်"
ရှေ့မှ အဆုံးမရှိသော ပင်လယ်ပြာကြီးကို ကြည့်ရင်း လုချွမ်းသည် သူတို့အဖွဲ့ ကုန်းမကြီးသို့ ပြန်ရောက်မည့်အချိန်ကို စိတ်ထဲမှ ခန့်မှန်းနေမိသည်။
သူလည်း မတတ်နိုင်ပေ အနည်းငယ်တော့ ပျင်းရိနေမိပြီ ဖြစ်သည်။
ဤအတားအဆီးမဲ့ ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးတွင် အသေခံချင်၍ ရောက်လာတတ်သော ပင်လယ်သားရဲများမှလွဲ၍ အခြားသက်ရှိဟူ၍ မတွေ့ရသလောက်ပင်။ ကျောက်လင်းနှင့် ချီချီလေးသာ အနားမှာ မရှိပါက လုချွမ်းတစ်ယောက် ပျင်းလွန်း၍ ရူးသွားနိုင်သည်။
လုချွမ်းသည် နောက်သို့လှည့်ကာ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် တင်ပျဉ်ခွေထိုင်နေကြသော ကျောက်လင်းနှင့် ကျိရုရွှယ်တို့ကို လှမ်းကြည့်လိုက်သည်။
"အဆင့်ရှစ်ကို ရောက်ဖို့ သိပ်မလိုတော့ဘူးပဲ"
ကျောက်လင်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အဆင့်ရှစ်သို့ ရောက်ရန် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် လုချွမ်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ကျောက်လင်းမှာမူ လုချွမ်း သူမကို ကြည့်နေသည်ကို သတိမထားမိပေ။ သူမသည် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အနှစ်သာရများကို လှုံ့ဆော်ကာ ဆေးရည်မှရရှိသော စွမ်းအင်များကို အဆက်မပြတ် သန့်စင်နေသည်။
အဆင့်ရှစ်သို့ အမြန်ဆုံး တက်လှမ်းနိုင်ရန်အတွက် သူမသည် အချိန်နှင့်အမျှ အပြိုင် ကျင့်ကြံနေပြီး နေ့စဉ် ကျိရုရွှယ်ထက် နှစ်ဆပိုများသော စွမ်းအင်ဆေးရည်များကို သောက်သုံးနေခြင်းပင်။
ကျောက်လင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျိရုရွှယ်မှာမူ ကျောက်စိမ်းလိပ်တစ်ခုကို ကိုင်ဆောင်ကာ အတွင်းရှိ အချက်အလက်များကို နက်နက်နဲနဲ ဆင်ခြင်နားလည်နိုင်ရန် အာရုံစိုက်နေသည်။
ဤခရီးစဉ်အတွင်း သူမသည် ကျင့်ကြံခြင်းအပြင် ကျန်ရှိသော အချိန်အားလုံးနီးပါးကို အမွေအနှစ်နေရာမှ ယူဆောင်လာခဲ့သော ကျောက်စိမ်းလိပ်များကို လေ့လာခြင်း၌သာ ကုန်ဆုံးစေခဲ့သည်။
ယခင်ဘဝတုန်းက သူမသည် ဤကျောက်စိမ်းလိပ်များထဲရှိ ကျင့်စဉ်များနှင့် တိုက်ခိုက်ရေးပညာရပ်များကို အလွန်စိတ်ဝင်စားခဲ့သော်လည်း ကံမကောင်းစွာဖြင့် အနည်းငယ်ကိုသာ လေ့လာခွင့်ရခဲ့သည်။ ယခုကဲ့သို့ အခွင့်အရေး ရရှိလာသောအခါ သူမသည် လက်လွှတ်ခံမည် မဟုတ်ပေ။
ထိုအတောအတွင်း လုချွမ်းတို့ သုံးယောက် ကုန်းမကြီးသို့ ပြန်လာနေစဉ် သူတို့မသိလိုက်ဘဲ ကုန်းမကြီးပေါ်တွင် ကြီးမားသော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပွားနေခဲ့ပြီ ဖြစ်သည်။
သူတို့ သုံးယောက် ကုန်းမကြီးမှ ထွက်ခွာပြီး အရှေ့ဘက်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် အာကာသ အက်ကြောင်းများထဲမှနေ၍ အခြားမျိုးနွယ်စု အမြောက်အမြား ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့၏ အရေအတွက်မှာ ယခင်ကထက် ဆယ်ဆခန့် ပိုမိုများပြားလာသည်။
ထိုမျိုးနွယ်စုများသည် ဤကမ္ဘာသို့ ဝင်ရောက်လာသည်နှင့် လူသားတို့၏ ရှင်သန်ရာ နယ်မြေများကို စတင်ကျူးကျော်လာကြရာ နှစ်ဦးနှစ်ဖက် ပဋိပက္ခများမှာ ချက်ချင်းပင် မြင့်တက်လာပြီး ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲများမှာ မကြာခဏ ဖြစ်ပွားလာတော့သည်။ ဆက်တိုက်ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ကြိုတင်ပြင်ဆင်မှုမရှိသော လူသားများဘက်မှ ဆင့်ကဲပြောင်းလဲသူများနှင့် စစ်တပ်များမှာ အကျအဆုံး အလွန်များပြားခဲ့ရသည်။
တိုးပွားလာသော အခြားမျိုးနွယ်စုများကို ရင်ဆိုင်နိုင်ရန် လူသားများဘက်တွင် ရှိသမျှ အင်အားအားလုံးကို စုစည်းခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိတော့ပေ။
လူသားအားလုံးကို လက်နက်တပ်ဆင်ပေးခြင်း၊ အသက်ရှင်ကျန်ရစ်သူတိုင်းကို သေနတ်များ ဝေငှပေးခြင်းနှင့် အခြေစိုက်မြို့တော်များ၏ မြင့်မားသော တံတိုင်းများကို အမှီပြု၍ ကျူးကျော်သူများကို ပြင်းပြင်းထန်ထန် ခုခံခဲ့ကြသည်။
ဤနည်းလမ်းကြောင့် ကျူးကျော်သူများကို ခေတ္တမျှ တွန်းလှန်နိုင်ခဲ့ပြီး အခြေစိုက်မြို့တော်များ ကျဆုံးခြင်းမှ ကာကွယ်နိုင်ခဲ့သော်လည်း တစတစ တိုးပွားလာသော ရန်သူ့အရေအတွက်
ကြောင့် လူသားများမှာ ပို၍ အခြေအနေ ဆိုးရွားလာခဲ့သည်။
ထူးခြားသော အပြောင်းအလဲတစ်ခုသာ ဖြစ်မလာပါက လူသားမျိုးနွယ် ကျဆုံးရန်မှာ အချိန်ပိုင်းသာ လိုတော့ကြောင်း ကြိုတင်မြင်တွေ့နေရသည်။ လူသားမျိုးနွယ်သာ ကျဆုံးသွားပါက သွေးဆာနေသော အခြားမျိုးနွယ်စုများ၏ လက်ထဲတွင် မျိုးတုံးပျောက်ကွယ်သွားမည့် ရလဒ်တစ်ခုသာ ရှိပေလိမ့်မည်။
သို့သော်လည်း လူသားများတွင် ပိုကောင်းသော ဖြေရှင်းနည်း မရှိတော့ပေ။ သူတို့သည် နောက်ဆုံးလက်နက်ဖြစ်သော လူသားမျိုးနွယ်၏ မဟာဗျူဟာမြောက် လက်နက်များကိုသာ မြဲမြံစွာ ဆုပ်ကိုင်ထားပြီး အရေးကြီးဆုံးအချိန်တွင် ရန်သူများကို အပြင်းထန်ဆုံး ထိုးနှက်ရန် ပြင်ဆင်ထားကြသည်။
သို့သော်လည်း မကောင်းမှုဟူသည် တစ်ခုတည်း မလာတတ်ပေ။ လူသားများမှာ အခြားမျိုးနွယ်စုများကို အနိုင်နိုင် ခုခံနေရစဉ်မှာပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် ပိုးကောင်မျိုးနွယ်စုများ အမြောက်အမြား ဆင်းသက်လာခဲ့ပြန်သည်။
ထိုပိုးကောင်မျိုးနွယ်စုများ ရောက်ရှိလာပြီးနောက် သူတို့သည် ကုန်းမကြီးတစ်ခွင်တွင် သောင်းကျန်းကြပြီး တွေ့သမျှ သက်ရှိမှန်သမျှကို သတ်ဖြတ်စားသောက်ကြတော့သည်။ ခဏချင်းအတွင်းမှာပင် ကုန်းမကြီးပေါ်ရှိ နယ်မြေအများအပြားမှာ ထိုပိုးကောင်များကြောင့် လူသူကင်းမဲ့သော မြေရိုင်းများ ဖြစ်သွားခဲ့ရသည်။
တစ်ဦးချင်း စွမ်းအားကြီးမားပြီး အရေအတွက် အလွန်များပြားလှသော ထိုပိုးကောင်မျိုးနွယ်စုများကို ရင်ဆိုင်ရာတွင် ယခင်က အခြားမျိုးနွယ်စုများကို သေနတ်ဖြင့် ခုခံခဲ့သော လူသားများမှာ အလွန်ခက်ခဲသွားခဲ့ပြီး ပိုးကောင်များ၏ အရေအတွက် အသာစီးရမှုကို တားဆီးရန် ထိရောက်သော နည်းလမ်းမရှိခဲ့ပေ။
ရလဒ်အနေဖြင့် ဆယ်ရက်ကျော်အတွင်းမှာပင် အခြေစိုက်မြို့တော် အမြောက်အမြားမှာ ထိုပိုးကောင်မျိုးနွယ်စုများ၏ လက်ထဲသို့ ကျရောက်သွားခဲ့ရသည်။
မကြာမီမှာပင် လူသားများမှာ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူ အမြောက်အမြားမှာလည်း ပိုးကောင်များ၏ ဝါးမျိုခြင်းကို ခံကာ ရက်စက်စွာ သေဆုံးခဲ့ကြရသည်။
ထိုအချိန်တွင် မြောက်ပိုင်း လူသားနယ်မြေရှိ ဟေးလုံကျန်းပြည်နယ်၊ ချင်းမင်အခြေစိုက်မြို့တော်၌တစ်မြို့လုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်နေပြီး အေးစက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ လေထုထဲတွင် ပျံ့နှံ့နေသည်။
ဆင့်ကဲပြောင်းလဲသူများနှင့် စစ်သားအမြောက်အမြားမှာ မြို့တံတိုင်းများပေါ်တွင် မယိမ်းမယိုင် ရပ်တည်နေကြပြီး တည်ကြည်သော မျက်နှာထား၊ ပြတ်သားသော အကြည့်များဖြင့် အသင့်ပြင်ထားကြသည်။
နောက်ဘက်ရှိ ကွပ်ကဲမှုဗဟိုဌာနအတွင်း၌ ချင်းမင်အခြေစိုက်မြို့တော်၏ ဆံပင်ဖြူဖြူနှင့် တည်ကြည်သော မျက်နှာထားရှိသည့် ခေါင်းဆောင်သည် ဘေးပတ်ဝန်းကျင်ရှိ တာဝန်ရှိသူများကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ခိုင်လုံတဲ့ သတင်းအရ ကျွန်တော်တို့ ရှေ့က လုမင်အခြေစိုက်မြို့တော်က လွန်ခဲ့တဲ့ သုံးနာရီက ပေါက်ကွဲမီးလျှံ ပိုးကောင်မျိုးနွယ်တွေရဲ့ ချေမှုန်းခြင်းကို ခံလိုက်ရပြီ။ မြို့ထဲမှာ ကျန်ခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူအားလုံးလည်း အသတ်ခံလိုက်ရပြီ။
အခု အဲဒီ ပေါက်ကွဲမီးလျှံ ပိုးကောင်တွေက ကျွန်တော်တို့ ချင်းမင်အခြေစိုက်မြို့တော်ဆီကို ဦးတည်ပြီး လာနေကြတယ်။ သူတို့ရဲ့ အရှိန်နဲ့ဆိုရင် နောက်ထပ် သုံးနာရီအတွင်းမှာ ဒီကို ရောက်လာလိမ့်မယ်။ ဆိုလိုတာက ကျွန်တော်တို့မှာ တိမ်းရှောင်ဖို့အတွက် သုံးနာရီပဲ အချိန်ရတော့မယ်"
ဟင်းလင်းပြင် ပိုးကောင်မျိုးနွယ်စုများ အမြောက်အမြား ရောက်ရှိလာပြီးနောက် လူသားများဘက်မှ ထိုပိုးကောင်များ၏ ဝိသေသလက္ခဏာများအပေါ် မူတည်၍ အမျိုးအစားခွဲခြားပြီး အမည်ပေးခဲ့ကြသည်။
ဥပမာအားဖြင့် ပေါက်ကွဲမီးလျှံ ပိုးကောင်ဆိုသည်မှာ ဟင်းလင်းပြင် ပိုးကောင်မျိုးနွယ်ထဲမှ အမျိုးအစားတစ်ခုဖြစ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်မှာ ချော်ရည်များကဲ့သို့ ပူပြင်းရုံသာမက ကိုယ့်ကိုကိုယ် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲစေနိုင်သည့် စွမ်းရည်လည်း ရှိသည်။ ၎င်းတို့၏ ပေါက်ကွဲအားမှာ ပြင်းအားကောင်းသော ဗုံးများနှင့် ညီမျှပြီး မီးလောင်ကျွမ်းစေနိုင်သော အစွမ်းလည်း ပါဝင်သည်။
"နောက်ထပ် သုံးနာရီအတွင်းမှာ မြို့ထဲက အသက်ရှင်ကျန်ရစ်သူအားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားကြရမယ်"
မြို့တော်ခေါင်းဆောင်က ဆက်ပြောသည်။
ခေါင်းဆောင်၏ စကားကို နားထောင်နေကြသော အဆင့်မြင့်အရာရှိအားလုံးမှာ စိတ်ဖိစီးမှုဒဏ်ကြောင့် မျက်နှာများမှာ ပကတိ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ လေးလံနေကြသည်။ နောက်ဆုံးတွင် သူတို့ ရင်ဆိုင်နေရသည်မှာ ပိုးကောင်မျိုးနွယ်စု ဖြစ်သည်။ ယခုအချိန်အထိ အခြေစိုက်မြို့တော် ပေါင်းနှစ်ဆယ်ကျော်မှာ ထိုပိုးကောင်များကြောင့် မြေလှန်ဖျက်ဆီးခြင်း ခံထားရပြီးပြီ ဖြစ်သည်။
"ခေါင်းဆောင်... သုံးနာရီဆိုတဲ့ အချိန်က မလုံလောက်မှာကို ကျွန်တော် စိုးရိမ်မိပါတယ်"
ထိုအချိန်တွင် အဆင့်မြင့်အရာရှိတစ်ဦးက စိတ်မသက်မသာသော မျက်နှာထားဖြင့် ခက်ခဲစွာ ပြောလိုက်သည်။
"ကျွန်တော် သိပါတယ်။ သုံးနာရီ ကြာပြီးတဲ့နောက်မှာတော့ အချိန်ပိုရအောင် ဆင့်ကဲပြောင်းလဲသူ အဖွဲ့တွေနဲ့ စစ်တပ်က သူရဲကောင်းတွေကိုပဲ အားကိုးရတော့မှာပါ"
မြို့တော်ခေါင်းဆောင်က ရင်ထဲမှ ခံစားချက်ကို ထိန်းချုပ်ကာ ခေါင်းကို အားမလိုအားမရ ခါယမ်းရင်း ပြန်ပြောလိုက်သည်။
သုံးနာရီဆိုသည့် အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
"ပစ်ကြ ပစ်ကြစို့"
မြို့တံတိုင်းပေါ်တွင် ရှေ့မှ ကောင်းကင်ယံ၌ တဟုန်ထိုး တိုးဝင်လာနေသော အနီရောင် ပင်လယ်လှိုင်းလုံးကြီးများကို ကြည့်ကာ ကွပ်ကဲနေသော အဆင့်မြင့်အရာရှိက အသည်းအသန် အော်ဟစ်လိုက်သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
နောက်တစ်ခဏတွင် သေနတ်သံများမှာ ဆူညံစွာ ထွက်ပေါ်လာပြီး တိုးဝင်လာသော ပေါက်ကွဲမီးလျှံ ပိုးကောင်အုပ်ကြီးပေါ်သို့ အပြင်းထန်ဆုံး ပစ်ခတ်လိုက်ကြသည်။
ဂျိမ်း...
ခဏချင်းအတွင်းမှာပင် ပေါက်ကွဲမီးလျှံ ပိုးကောင်အမြောက်အမြား ထိမှန်သွားပြီး မီးလုံးကြီးများအဖြစ် ပေါက်ကွဲကုန်ကြသည်။ ကံမကောင်းစွာဖြင့် ပိုးကောင်အုပ်ကြီး၏ အရေအတွက်မှာ အလွန်အမင်း များပြားလှသဖြင့် အကောင်ပေါင်း ထောင်ချီ သေဆုံးသွားသော်လည်း သူတို့ကို တားဆီးနိုင်ခြင်း မရှိဘဲ မြို့တံတိုင်းတစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားတော့သည်။
ဝုန်း...
ပေါက်ကွဲမီးလျှံ ပိုးကောင်အမြောက်အမြား၏ မိမိကိုယ်ကိုယ် ဖောက်ခွဲမှုများအောက်တွင် မြို့တံတိုင်းတစ်ခုလုံးမှာ ခဏချင်းအတွင်းမှာပင် ငရဲမီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
နာရီဝက်ခန့် ကြာပြီးနောက် ချင်းမင်အခြေစိုက်မြို့တော် ပျက်စီးသွားပြီဟူသော သတင်းမှာ အလျင်အမြန် ပျံ့နှံ့သွားတော့သည်။