မင်းက လူလိမ်ပဲ ၂
Vol. 103 Ch. 1021
ဆေးဖော်စပ်ခြင်းလုပ်ငန်းစဉ်ကို ဖျက်ဆီးပစ်မိမည်ကို သူ စိုးရိမ်မိလေသည်။
မည်သို့ပင်ဆိုစေကာမူ ဤဆေးဖက်ဝင်အပင်များမှာ တစ်စုံတည်းသာရှိပြီး နောက်တစ်ကြိမ်ပြန်လုပ်ရန် အခွင့်အရေးမရှိသောကြောင့်ပင်။
မိုးပြာနဂါးသွေးကျောက်စိမ်း ဆေးလုံးကို ဖော်စပ်ခဲ့ဖူးသောအတွေ့အကြုံကြောင့် ရှန်းယီက မိမိ၏ စွမ်းဆောင်ရည်ကို ရှင်းလင်းစွာ ပိုမို နားလည်ထားပြီးဖြစ်လေသည်။
ပြင်ဆင်ပြီးသည်နှင့် သူ ဆေးမီးဖိုကိုအသက်သွင်းရန်လက်ချောင်းများကို ခေါက်လိုက်လေသည်။
အချိန်များဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်နှင့်အမျှညင်သာသော မီးတောက်က လူငယ်လေး၏ ချောမောသော မျက်နှာကို လင်းလက်လာစေလေသည်။ ဆေးဖက်ဝင်အပင်များတစ်ခုပြီးတစ်ခု အသန့်စင်ဆုံးဆေးရည်များအဖြစ်သို့ ကျွမ်းကျင်စွာ ပြောင်းလဲသွားပြီး စုစည်းပေါင်းစပ်ကာ တဖြည်းဖြည်းတောက်ပနေသော ငွေရောင် ဆေးလုံးလေးအဖြစ်သို့ ပုံပေါ်လာလေသည်။
သူ ကပ်ဘေးစွမ်းအားကိုတတ်နိုင်သမျှ များစွာ ထိန်းသိမ်းထားလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ထိုနတ်ဆိုးသက်တမ်းများက ချင်းဟွာခက်ခက်ခဲခဲရှာဖွေထားရခြင်းဖြစ်ရာ တတ်နိုင်သမျှချွေတာသုံးစွဲခြင်းက အကောင်းဆုံး ဖြစ်လေသည်။
အင်း အတော်လေးမဆိုးဘူး။
ရှန်းယီ မျက်ခုံးကိုအနည်းငယ်ပင့်လိုက်၏။
မည်သို့ပင်ဆိုစေကာမူပြီးခဲ့သည့်အကြိမ်က ထိတွေ့ကိုင်တွယ်၍မရသော ကပ်ဘေးစွမ်းအားကို ထိတွေ့ကိုင်တွယ်၍ရသည့်ဆေးလုံးနှင့် ပေါင်းစပ်ဖန်တီးရသည့် သူ၏ပထမဆုံး အတွေ့အကြုံဖြစ်ခဲ့လေသည်။
ဤတစ်ကြိမ်တွင်မူ အခြေအနေမှာများစွာ ပိုမို ကောင်းမွန်လာခဲ့လေပြီ။
အကယ်၍ ယခုအချိန်တွင် ဆေးလုံးကိုပြီးပြည့်စုံအောင် အဆုံးသတ်လိုက်ပါက အနည်းဆုံး ကပ်ဘေးနှစ်ခုစာစွမ်းအားကို ထိန်းသိမ်းထားနိုင်မည်။ ၎င်းမှာမြင့်မားသည်ဟု မသတ်မှတ်နိုင်သော်လည်း မိုးပြာနဂါးသွေးကျောက်စိမ်း ဆေးလုံးနှင့် နှိုင်းယှဉ်ပါက ဤထိုက်ရွှီ ရတနာဆေးလုံးက အမှိုက်မဟုတ်ဘဲ အနည်းဆုံးတော့ ကပ်ဘေးဆေးလုံးဟု ခေါ်ဆိုနိုင်ပြီဖြစ်လေသည်။
ဆေးလုံး၏ပုံသဏ္ဌာန် ထွက်ပေါ်လာသည်နှင့်အမျှ ရှန်းယီလည်းနောက်ဆုံးတွင် အတော်လေး စိတ်အေးသွားခဲ့လေ၏။
သူသည် စနစ်မျက်နှာပြင်ကိုဖွင့်လိုက်ပြီး မိမိကိုယ်ကိုကြားခံအဖြစ် အသုံးပြုကာဆေးလုံးထဲသို့ လောင်းထည့်ခဲ့သော နတ်ဆိုးသက်တမ်းများကို စတင်ရေတွက်လိုက်လေသည်။
တစ်ဖက်လူများ အကျိုးအမြတ်ရသွားမည်ကို စိုးရိမ်သဖြင့် သူအလွန်အကျွံထည့်သွင်းရန် မဝံ့ရဲခဲ့ချေ။
...
ခုနစ်ရက်ဆိုသည့် အချိန်ကမျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေပြီ။
တောင်ထွတ်ရှစ်ခုမှ တပည့်များက တောင်ထိပ်ကို ဝန်းရံထားဆဲဖြစ်သော်လည်း ၎င်းတို့၏မျက်နှာအမူအရာများမှာ တဖြည်းဖြည်းပြောင်းလဲလာခဲ့ကြ၏။
အတားအဆီးတစ်ခုက မြင်ကွင်းကိုပိတ်ဆို့ထားပြီး အတွင်းပိုင်း အခြေအနေကို ရှင်းလင်းစွာ မသိရသော်လည်း အချိန်ကိုတွက်ချက်ကြည့်ခြင်းဖြင့် သတ်မှတ်ရက်နီးကပ်လာပြီဖြစ်ကြောင်း သူတို့ သိရှိထားကြလေသည်။
မျက်လုံးများအားလုံးနီးပါးမှာ လျိုရွေ့ဖုန်း ရှိနေသောနေရာဆီသို့သာ ကျရောက်နေလေသည်။
တတိယမျိုးဆက်တပည့်များဖြစ်ရာ တောင်ထွတ်တစ်ခုကိုဦးဆောင်နိုင်ရန် လူသစ်တစ်ဦးကိုအနိုင်ကျင့်နိုင်ရုံသက်သက်ဖြင့် မလုံလောက်ဘဲ ၎င်းမှာ စစ်မှန်သောစွမ်းရည်ကို ပြသနိုင်မည် မဟုတ်ချေ။ အနည်းဆုံးတော့ သူက လူအများကို လက်ခံယုံကြည်လာစေရန်ခိုင်လုံသော အရာတစ်ခုကို ပြသရန် လိုအပ်လေသည်။
တာအိုဆရာချန်းဖုန်းက ဘေးဘက်သို့ လှမ်းကြည့်လိုက်ရာ တာအိုဆရာမုယန်က နေရာတွင်တည်ငြိမ်စွာ ရပ်နေပြီး သူ၏ပညာတတ်ဆန်သော မျက်နှာပေါ်တွင် အနည်းငယ်မျှပင်စိုးရိမ်ပူပန်မှု အရိပ်အယောင် မရှိသည်ကို မြင်တွေ့လိုက်ရလေသည်။
၎င်းကို မြင်သောအခါ သူ၏နှလုံးသားထဲတွင် အခြေအနေကို အနည်းနှင့်အများ နားလည်သဘောပေါက်သွားလေ၏။
သားအဖနှစ်ဦး ၎င်းတို့၏ဂုဏ်ကျက်သရေ အခိုက်အတန့်ကို ခံစားနေသည်ကို မကြည့်လိုသဖြင့် သူသည် စိတ်မဝင်စားသကဲ့သို့ သူ၏အကြည့်ကို ရုပ်သိမ်းလိုက်လေသည်။
"ပြန်ရောက်လို့အချိန်ရရင် ငါ့ရဲ့ချီတောင်ထွတ်ကို အချိန်မရွေး လာလည်လို့ရပါတယ်။ ငါတို့ဆီမှာ ပေးနိုင်တဲ့ အေးချမ်းတဲ့ခြံဝင်းတစ်ခုအမြဲတမ်းရှိပါတယ်"
တာအိုဆရာချန်းဖုန်းက သူ၏အသံကို မနှိမ့်ဘဲ အနီးရှိမိန်းကလေးထံသို့ တိုက်ရိုက်ပြောလိုက်လေသည်။
သူ၏လေသံမှာ ပုံမှန်ဖြစ်သော်လည်း ၎င်းမှာ ဂျူနီယာကိုအနိုင်ကျင့်ကာ ဆရာဖြစ်သူချန်ရစ်ခဲ့သော အရေးမပါသည့် အရာလေးများကိုပင် မချန်ထားခဲ့သူတစ်ဦးတစ်ယောက်ကို ရည်ညွှန်းနေကြောင်း ရှင်းလင်းလှပေသည်။
အဓိက နေရာတွင် ထိုင်နေသော အဘိုးအိုက သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ကို အေးစက်စွာ တစ်ချက် စူးရဲကြည့်လိုက်၏။ တပည့်များအားလုံးရှေ့တွင် ဤကဲ့သို့ စကားနိုင်လုနေခြင်းမှာ အတော်လေး မိုက်မဲရာ ကျလေသည်။
...
ယဲ့လန်က ခေါင်းလှည့်ကာ နှုတ်ခမ်းကို စေ့လိုက်ပြီးနောက် ရှန်းယီ၏အတားအဆီးဆီသို့ သူမ၏ အကြည့်များကို နောက်တစ်ကြိမ် ထပ်မံ ပို့လွှတ်လိုက်လေသည်။
သူမ၏လုပ်ရပ်ကို လူတိုင်းက မြင်တွေ့လိုက်ရပြီး ၎င်းမှာ ဆေးလုံးတောင်ထွတ်၏ခြောက်ကပ်နေသော အခြေအနေကို ပြသနေကာ လူငယ်ဂျူနီယာ တစ်ဦးအပေါ်တွင်သာ မျှော်လင့်ချက်ထားရှိနေရသကဲ့သို့ ဖြစ်နေလေသည်။
နောက်ဆုံးတွင် အခြားတစ်ဖက်ရှိ အတားအဆီးများသည် ဖြည်းညှင်းစွာမှေးမှိန်သွားပြီး ထူထပ်သောမျဉ်းကြောင်းများက စပျစ်နွယ်ပင်များအလားနောက်ဆုတ်သွားကာ အစီအရင်ပြား အတွင်းသို့ လျင်မြန်စွာပြန်လည်ဝင်ရောက်သွားသည်။
အတားအဆီးမှေးမှိန်သွားသည်နှင့်အမျှ မှေးမှိန်သောရွှေရောင်အလင်းတန်းတစ်ခုက နေရာယူလာပြီး အရုဏ်ဦး၏ပထမဆုံး အလင်းရောင်အလား ပျံ့နှံ့သွားကာ တောင်ထွတ်ရှစ်ခုမှ တပည့်များ၏မျက်စိကို ဖမ်းစားလိုက်၏။
လျိုရွေ့ဖုန်းက ရွှေရောင်အလင်းတန်းများကြားတွင် တည်ငြိမ်စွာရပ်နေပြီး သူ၏ပုံရိပ်တစ်ခုလုံး ကြီးမားခမ်းနားသွားသကဲ့သို့ ဖြစ်နေခဲ့သည်။
သူ၏ရှေ့တွင် ရွှီရတနာဆေးလုံး တစ်လုံး ဖြည်းညှင်းစွာဆင်းသက်လာပြီး ၎င်းကို သူက ကျောက်စိမ်းပုလင်းအတွင်းသို့ ဖမ်းယူလိုက်လေသည်။
"ကပ်ဘေးရှစ်ခု..."
ကပ်ဘေးဆေးလုံးတစ်လုံး ဖော်စပ်ရာတွင် အောင်မြင်မှုနှုန်းရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းအထိရှိခြင်းကို အလွန်ကျွမ်းကျင်သောအဆင့်တစ်ခုအဖြစ် မှတ်ယူနိုင်ပြီဖြစ်လေသည်။
အနည်းဆုံးတော့ ဆေးလုံးတောင်ထွတ်မှ တတိယမျိုးဆက်တပည့်များနှင့် နှိုင်းယှဉ်ပါက သူသည် မည်သူ့ထက်မျှ မနိမ့်ကျချေ။ တောင်ထွတ်သခင်ကဲ့သို့မကောင်းမွန်သော်လည်း သူ၏ငယ်ရွယ်မှုကို ထည့်သွင်းစဉ်းစားပါက နားလည်ပေး၍ ရနိုင်လေသည်။
ထို့အတူ ဤအရာအား မည်သူနှင့် နှိုင်းယှဉ်နေကြောင်းအပေါ်မှာလည်း မူတည်သေးလေသည်။
ယဲ့လန်၏ဆေးဖော်စပ်ခြင်း စွမ်းရည်များနှင့် နှိုင်းယှဉ်ပါက လျိုရွေ့ဖုန်းက ဆေးလုံးတောင်ထွတ်ကို စီမံခန့်ခွဲရန်အရည်အချင်းနှင့် စွမ်းဆောင်ရည် ပိုမိုရှိနေကြောင်းထင်ရှားလှပေသည်။
တောင်ထွတ်သခင် အသီးသီး၏အတွေးများ ကွဲပြားနေကြသော်လည်း မှေးမှိန်သော ရွှေရောင်အလင်းတန်းအောက်တွင် အခြားမည်သည့် စကားမျှမဆိုကြတော့ချေ။
တစ်ခါတစ်ရံတွင် အကျိုးအကြောင်းထက် စွမ်းဆောက်ရည်ကပိုမိုလက်ခံယုံကြည်စေနိုင်လေသည်။
လျိုရွေ့ဖုန်း တိတ်ဆိတ်နေသော တောင်ထွတ်ရှစ်ခုမှ တပည့်များကိုဝေ့ဝဲကြည့်လိုက်ပြီး ၎င်းတို့၏မနာလို အားကျမှုများကို ခံစားလိုက်ရကာ ပစ္စည်း သုံးစုံကိုအသုံးပြုလိုက်ရခြင်းကြောင့် ဖြစ်ပေါ်လာသော နောင်တများလည်း လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
သူကတည်ငြိမ်သော ပုံရိပ်ကို ထိန်းသိမ်းထားရန် ကြိုးစားလိုက်လေသည်။
ယခုအချိန်မှစ၍ သူက သာမန် တတိယမျိုးဆက် တပည့်များထဲမှ တစ်ဦး မဟုတ်တော့ဘဲ ဂိုဏ်းဆက်ကို ဆက်ခံမည့် တောင်ထွတ်တစ်ခု၏စစ်မှန်သော တောင်ထွတ်သခင်ဖြစ်လာမည်ဖြစ်ပြီး ဘိုးဘေးဆရာဟု ခေါ်ဆိုခံရနိုင်ပြီဖြစ်လေ၏။
သေချာသည်မှာလက်တွေ့ကျသော ကိစ္စရပ်များအပြင် အကယ်၍ သူက တရားဝင် ဘွဲ့အမည်ကိုပါ လွှဲပြောင်းရယူနိုင်မည်ဆိုပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
ဒီစက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ မိန်းမက ဒီလောက်ဆိုရင်ကိုယ့်အဆင့်ကိုသိသင့်ပြီထင်ပါတယ်။
ထိုသို့တွေးရင်း လျိုရွေ့ဖုန်းက အလွန်နှိမ့်ချသော ဟန်ပန်ဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ယဲ့လန် အနီးသို့ ချဉ်းကပ်ကာ သူ၏လက်ဖဝါးထဲရှိ ကျောက်စိမ်းပုလင်းကို ကမ်းပေးလိုက်၏။
"အစ်မရဲ့သုံးသပ်ချက်နဲ့ မှတ်ချက်တွေကို တောင်းဆိုပါတယ်"
ယဉ်ကျေးပုံရသော ဤစကားသည် စိန်ခေါ်မှုတစ်ခု သက်သက် မဟုတ်တော့ဘဲ အရှက်ခွဲခြင်းတစ်ခုနှင့် ပိုတူနေလေသည်။
ယဲ့လန်၏စွမ်းရည်အဆင့်ကို လူတိုင်း သိထားကြရာ သူမက မည်သို့ဝေဖန်နိုင်မည်နည်း။
"ဟူး"
ယဲ့လန်က ညင်သာစွာသက်ပြင်းချလိုက်ပြီး မျက်လွှာချကာ ကျောက်စိမ်းပုလင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်နေလိုက်လေသည်။
ထိုအချိန်တွင် လျိုရွေ့ဖုန်း ကျန်ရှိနေသော ဆေးဖက်ဝင်အပင်များဆီသို့ အကြည့်ကို ပို့လွှတ်လိုက်ပြီး ကြင်နာဟန်ဆောင်ကာ ပြောလိုက်လေသည်။
"ဂျူနီယာညီလေးရှန်းက အခုထိ မပြီးသေးဘူး၊ တစ်ခုခု မှားယွင်းသွားတာများလား။ လူငယ်တွေက အမြဲတမ်းမျက်နှာကိုဂရုစိုက်တတ်ကြတယ်။ အစ်မ ဘာလို့ ကျန်တဲ့ပစ္စည်းတွေကို သူ့ဆီ မပို့ပေးလိုက်တာလဲ။ဘယ်လိုပဲဖြစ်ဖြစ် အဖိုးတန် ဆေးဖက်ဝင်အပင်တွေကို အလဟဿမဖြစ်စေရအောင်ဆေးလုံးတွေကို အရင် ဖော်စပ်လိုက်ကြတာပေါ့"
သူ၏အလျှော့မပေးသော ချဉ်းကပ်မှုက ယဲ့လန်အားရှက်ရွံ့သွားစေရန်နှင့် တောင်ထွတ်သခင် နေရာမှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်သွားစေရန် ရှင်းလင်းစွာ ရည်ရွယ်ထားခြင်းဖြစ်လေသည်။
တောင်ထွတ်သခင်အချို့မှာ မျက်မှောင်ကျုံ့သွားကြပြီး သူ၏ရန်လိုသောအမူအရာကို သိပ်မနှစ်သက်ကြချေ။
သို့သော် အသက်မဲ့လုနီးပါးအဘိုးအိုမှာ အခြေအနေကို တိတ်ဆိတ်စွာစောင့်ကြည့်ရင်း ထိုင်နေရုံသာဖြစ်ပြီး သူ၏တည်ရှိမှုက အခြားသူများ ရှေ့ထွက်မလာနိုင်အောင် တားဆီးထားလေ၏။
အချို့သောကိစ္စရပ်များကို လုပ်ဆောင်ပြီးသွားပါက ရင်ဆိုင်ရမည်သာဖြစ်လေသည်။