အောင်မြင်မှုနှင့် ဆုလာဘ်များအကြောင်း ဆွေးနွေးခြင်း ၃
Vol. 103 Ch. 1029
ယခုတစ်ကြိမ်စွန့်စားရမှုမှာ အသက်ပင် ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရလေ၏။
သို့သော် ရိတ်သိမ်းရရှိမှုကလည်း ထိုကဲ့သို့အလားတူကြီးမားလှပေသည်။
ထိုသို့တွေးရင်း သူက ရွှေရောင်ခန္ဓာကိုယ်ဆီသို့ လှမ်းကြည့်လိုက်ရာ ၎င်း၏ခါးတစ်ဝိုက်တွင် ရှိနေသောအညှောက်လေးကို တွေ့ရှိလိုက်၏။
သေမျိုးလောကသို့ ပထမဆုံးအကြိမ်ဆင်းသက်လာသော ဤမသေမျိုးစစ်သူကြီးက ဤနေရာတွင် နှစ်ပေါင်းများစွာစောင့်ကြပ်နေခဲ့ကြသော သူမ၏လုပ်ဖော်ကိုင်ဖက်များဖြေရှင်းနိုင်ခြင်းမရှိခဲ့သည့် ခိုင်လုံသောအထောက်အထားကို ရရှိခဲ့လေသည်။
ကံကောင်းမှုကအဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည် ဆိုသော်လည်း အောင်မြင်မှုကတော့ အောင်မြင်မှုသာ ဖြစ်လေသည်။
'ကျွတ်၊ဒီရာထူးတိုးတဲ့ အရှိန်က အတိတ်က စစ်သူကြီးချင်းလွမ်ထက်တောင် ပိုမြန်လောက်တယ်'
"ကောင်းပြီ။"
သခင်မချင်းဟွာက ရှီယုံကို တိတ်တဆိတ်တစ်ချက် ကြည့်လိုက်ပြီးနောက်ထပ် ဘာမှမပြောတော့ဘဲ ကောင်းကင်ဘုံစစ်သည်များကို ဦးဆောင်ကာ မသေမျိုးခုံရုံးဆီသို့ တိုက်ရိုက် ထွက်ခွာသွားလေ၏။
ကောင်းကင်ဘုံစစ်သည်များက သက်ပြင်းချလိုက်ကြပြီး ရှီယုံကို ခိုးကြည့်လိုက်ကြလေသည်။
သူတို့က အစီအရင်အကြောင်းကိုနားမလည်ကြသော်လည်း ဦးနှောက်မရှိသူများတော့ မဟုတ်ကြချေ။
ယခင်က သေချာဂရုတစိုက်ပုံဖော်ရန်လိုအပ်ခဲ့သော မဟာအစီအရင်ကို အဝေးမှစွမ်းအင်များ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စစ်သူကြီးရှီက အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းရန် ကြာသည့် အချိန်ထက်ပင်နည်းပါးသော မျက်စိတစ်မှိတ်အတွင်းပုံဖော်တပ်ဆင်နိုင်ခဲ့လေသည်။
ထိုအပြောင်းအလဲမြန်လွန်းသောလုပ်ရပ်များကို လူတိုင်းက မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ကြရ၏။
အခြားမည်သူ့ထက်မဆို ပို၍ စိတ်အားထက်သန်နေပုံရပြီး သူက သူတို့ကို ဤနေရာသို့ အလျင်စလို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်လေသည်။
မသိသူများကဆိုလျှင် သူသည် စစ်သူကြီးချန်ချင်း၏ဘေးကင်းမှုအတွက် စိုးရိမ်နေသည်ဟု ထင်မှတ်ကြပေလိမ့်မည်။
သို့သော် အစောပိုင်းဖြစ်ရပ်များနှင့် ဆက်စပ်ကြည့်လိုက်ပါက သူက ဤမဟာအစီအရင်မှတစ်ဆင့် အမြန်ထုတ်ရန် ရည်ရွယ်လျက် စစ်သူကြီးဘေးဒုက္ခကြုံတွေ့မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပုံ ပို၍ ပေါ်လွင်နေလေသည်။
ငါတို့ထဲက ဘယ်သူမှဩဇာလွှမ်းမိုးမှုရှိတဲ့ နောက်ခံက လာတာမဟုတ်ဘူး၊ အဲဒီလိုမှ မဟုတ်ရင် ကောင်းကင်ဘုံစစ်သည်တွေ အနေနဲ့ အောင်မြင်မှုရဖို့အတွက်အသက်စွန့်ပြီး ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူးဟု သူတို့ တွေးတောမိကြလေသည်။
အထက်လူကြီး တစ်ယောက်က ဒုက္ခရောက်တဲ့အခါ သူ့ရဲ့လက်အောက်ငယ်သားများကို အရင် ထွက်ပြေးခွင့်ပြုပြီး နောက်တစ်ယောက်ကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အကျပ်အတည်းကြုံနေချိန်မှာ ကိုယ်ပိုင်ဉာဏ်နီဉာဏ်နက်တွေကို မွေးမြူထားလေ၏။။
နှိုင်းယှဉ်ကြည့်လိုက်လျှင် မည်သူက ပိုကောင်းမွန်ကြောင်းဆိုတာ ရှင်းလင်းပေ၏။
စစ်သူကြီးချန်ချင်း နောက်သို့လိုက်ပါကာ အန္တရာယ်ထဲသို့ ဝင်ရောက်ခဲ့ရခြင်းအပေါ် အချို့သူများယခင်က ခံစားခဲ့ရသော အနည်းငယ် မကျေနပ်မှုများပင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေသည်။
...
မသေမျိုးခုံရုံး၊ ချင်းလွမ် နန်းတော်
သံချပ်ကာကိုချွတ်ထားသော ထိုအမျိုးသားက စားပွဲတစ်ခု၏အနောက်တွင် မတ်မတ်ထိုင်နေပြီး သူ၏ဘေးတွင် အစေခံများ သို့မဟုတ် အစေခံမလေးများကင်းမဲ့နေလေ၏။
သို့သော် စားပွဲပေါ်တွင်တော့ အနည်းငယ်အေးစက်နေပြီဖြစ်သော လက်ဖက်ရည် တစ်ခွက်ရှိနေလေသည်။
ခရမ်းရောင်မုတ်ဆိတ်နှင့် နဂါးဖြူ မရှိသော နေ့ရက်များအတွင်း မသေမျိုးစစ်သူကြီးချင်းလွမ်က လက်ဖက်ရည်ကိုကိုယ်တိုင်ဖျော်ရန် သင်ယူခဲ့လေသည်။
ယခင်က ဟုန်ကျင်းအား ဗောဓိသတ္တ၏ တရားပို့ချမှုအကြောင်း စုံစမ်းရန် တောင်းဆိုခဲ့ခြင်းနှင့် မြင်းများ၏ကံကြမ္မာ အရာရှိကို သူ၏ဘေးသို့ ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းတို့မှလွဲ၍ ကျစ်လင် ပျောက်ဆုံးသွားမှုအပေါ် သူထပ်မံ စိတ်ဝင်စားပုံ မပေါ်တော့ချေ။
"..."
ရှီယုံက သေမျိုးလောကတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြောပြပြီးနောက် တံတွေးကို ခက်ခဲစွာ မျိုချလိုက်လေသည်။
ချင်းလွမ် မသေမျိုးစစ်သူကြီး၏မျက်နှာအမူအရာတွင် ကြီးမားသော အပြောင်းအလဲ မရှိသည်ကို မြင်သောအခါ သူက စားပွဲဆီသို့ အမှတ်တမဲ့ လှမ်းကြည့်လိုက်ပြီးနောက် တစ်ဖက်လူက စာရွက်စာတမ်းတစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ အခြား ပြန်စာတစ်စောင်၏အပေါ်သို့ တင်လိုက်သည်ကို တွေ့လိုက်ရလေသည်။
ထိုအရာကို မြင်လိုက်ရသောအခါ ရှီယုံ၏နှလုံးသားထဲတွင် အေးစက်သွားသည်ကို ခံစားလိုက်ရပြီး သူ၏အကြည့်ကို လျင်မြန်စွာ လွှဲဖယ်လိုက်လေ၏။
ထိုပြန်စာတွင် ဟုန်ကျင်းမသေမျိုးစစ်သူကြီး၏တံဆိပ်တုံးကြီးကို ရှင်းလင်းစွာ ရိုက်နှိပ်ထားလေသည်။ အမှန်တကယ်ပင် ချင်းလွမ် မသေမျိုးစစ်သူကြီး၏အတွေးများက အပြင်ပန်းတွင် မြင်ရသည်နှင့် များစွာ ကွာခြားလှပေသည်။
"စစ်သူကြီး၊ ချန်ချင်းရဲ့ ကံက အရမ်းကောင်းလွန်းနေတယ်။သူ အသက်ဆုံးရှုံးရမယ့် အခြေအနေကနေ ဆံခြည်တစ်မျှင်လောက်လေး ကပ်လွတ်သွားတာပါ။ ရှန်းရွှီတောင်အပေါ် ဘယ်သူကများ ကိုယ့်အသက်ကို လောင်းကြေးထပ်ရဲမှာလဲ"
ရှီယုံက တာဝန်မပြီးမြောက်ခဲ့လျှင်ပင်မှ မျက်နှာလိုမျက်နှာရလုပ်လိုသောကြောင့် အတင်းပြုံးလျက် ပြောလိုက်လေသည်။
"မင်းရဲ့အထက်လူကြီးကို နာမည်တပ်ပြီး ခေါ်တာအတွက် ကြိမ်ဒဏ်ဆယ်ချက် သွားခံယူလိုက်။"
ချင်းလွမ် မသေမျိုးစစ်သူကြီးက မျက်ခွံကိုပင် မပင့်ဘဲ စားပွဲပေါ်ရှိ အညှောက်လေးကိုသာ စိုက်ကြည့်နေလေသည်။
"ဒါက... ဒီလက်အောက်ငယ်သား အပြစ်ဒဏ်ကို လက်ခံပါတယ်။"
ချင်းလွမ်၏စရိုက်ကို နီးပါးမျှမေ့လျော့သွားခဲ့သော ရှီယုံ၏မျက်နှာမှာ ရှုံ့မဲ့သွားလေသည်။
အကူအညီမဲ့စွာဖြင့် သူက လက်ယှက်လိုက်ပြီး စစ်သူကြီးချန်ချင်း၏ကိစ္စကရော ဘယ်လိုရှိမလဲဟု မေးမြန်းလိုက်လေသည်။
"အမှားလုပ်ရင် အပြစ်ဒဏ်ခံရမယ်။ အောင်မြင်မှုရရင်ဆုလာဘ်ရမယ်။"
ချင်းလွမ် မသေမျိုးစစ်သူကြီးက အညှောက်လေးကို ဖြည်းညှင်းစွာယူဆောင်သွားပြီး သူ၏အသံမှာ အလွန် သာမန် ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်နေလေသည်။
အဆင့်ခြောက်လောက်များလားဟု တွေးကာ ရှီယုံ၏မျက်လုံးများ မနာလိုမှုဖြင့် နီရဲလာလေ၏။ ချန်ချင်း၏လျင်မြန်သော တိုးတက်မှုက အခြား မသေမျိုးအရာရှိ တစ်ဦး၏တစ်ဘဝစာလုံး ဖြတ်သန်းရမည့် လမ်းကြောင်းတစ်ခုလုံး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
သို့သော် နောက်တစ်ခဏတွင် သူ၏မျက်နှာတစ်ခုလုံး အေးခဲသွားပြီး သူ၏နားထဲတွင် ကျန်ရစ်ခဲ့သည်မှာ အခြားတစ်ဖက်မှ ခံစားချက်ကင်းမဲ့နေသော အသံသာ ဖြစ်လေသည်။
"အဆင့်ငါးအောက်။"
ဆရာချင်းလွမ်၏တည်ငြိမ်သော မျက်နှာကို နောက်တစ်ကြိမ်ကြည့်လိုက်သောအခါ ရှီယုံ၏ မျက်လုံးများထဲရှိ မနာလိုမှုကတဖြည်းဖြည်း ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ချန်းချင်းက ဤတာဝန်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး အောင်မြင်မှုအရလုံလောက်မှု ရှိလောက်သော်လည်း သူမက မကြာသေးခင်ကမှ မြင်းများ၏ကံကြမ္မာ အရာရှိ တစ်ယောက်သာ ဖြစ်ခဲ့သည်ဟု သူ တွေးမိလေသည်။
အဆင့်ခြောက်မှ အဆင့်ငါးအောက်သို့ဆိုသည်မှာ ခြေတစ်လှမ်းမျှသာဟု ထင်ရသော်လည်း ၎င်းမှာ ကောင်းကင်ဘုံမသေမျိုးနှင့် ထိုက်ယီမသေမျိုးတို့ကြားရှိဖြတ်ကျော်ရန် ခက်ခဲသော ချောက်ကမ်းပါးကြီးတစ်ခုလည်းဖြစ်လေသည်။
ယခုမှ ရာထူးတိုးထားသော ချင်းလွမ် မသေမျိုးစစ်သူကြီးပင်လျှင် ဤသို့လုပ်ဆောင်ရန်အတွက် စည်းမျဉ်းများကို လိုက်နာကာ မသေမျိုးခုံရုံး၏ပြန်လည်သုံးသပ်မှုအတွက် အသနားခံစာ တစ်စောင်တင်ပြရပါလိမ့်မည်။
သူတကယ် ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။
(အဆင့်ခြောက်အောက်ဆိုတာ ဥပမာ A- ကို အဆင့်ခြောက်အောက်ဆိုရင် A+ကိုအဆင့်ခြောက်လိုမျိုးပါ)