အခန်း (၃၀၃-၃၀၄)
Vol. 17 Ch. 303-304
အခန်း(၃၀၃)
နန်းတွင်းစာမေးပွဲ။
လူပေါင်းသုံးဆယ့်သုံးဦး ပါဝင်သည့် အဆင့်သတ်မှတ်ချက်ဇယား။
ကျောက်ခဲတစ်လုံးက ရေပြင်ကျယ်ထက်ဝယ် လှိုင်းဂယက်ပေါင်း ထောင်သောင်းကို လှုပ်ခတ်သွားစေသကဲ့သို့ပင်။
ထိုသတင်းကို ရရှိလိုက်ကြသည့် ကျင့်ကြံသူအားလုံးမှာ မှင်သက်အံ့ဩသွားကြရလေသည်။
ကျူးရွှမ်းကျိ၏ နှလုံးသားမှာလည်း ပြင်းထန်စွာ တုန်လှုပ်သွားရ၏။ "နန်းတွင်းစာမေးပွဲတဲ့လား"
သူ့ခေါင်းထဲသို့ ပထမဆုံးဝင်လာသည့် အတွေးမှာ 'နန်းတွင်းစာမေးပွဲကို အောင်မြင်ခဲ့ရင် နန်းတော်အရှင်အရာကို ရနိုင်မှာလား' ဟူ၍ ဖြစ်သည်။
သူသည် တစ်ပြည်လုံးက သိကြသည့် နတ်ဘုရားမုဆိုးတစ်ဦး ဖြစ်ပေရာ အရာရာကို အသေးစိတ်တွေးတောတတ်ပြီး အချက်အလက်အနည်းငယ်ကို ကြားရရုံနှင့် နောက်ကွယ်က အကြောင်းအရာများကို ခန့်မှန်းနိုင်စွမ်း ရှိသူဖြစ်သည်။
"မီးလျှံနတ်ဆိုး ချော်ရည်တွင်းရဲ့ စက်မှုယန္တရားမှာ စံနှုန်းတစ်ခုရှိတယ်။ အမွေဆက်ခံသူကို ရွေးချယ်တဲ့ စံနှုန်းက မသေမျိုးနန်းတော်ရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ပြောင်းလဲနေတာပဲ။"
"အခု နန်းတော်က အကြီးအကျယ် ပျက်စီးသွားပြီဆိုတော့ ဒီယန္တရားက အလိုအလျောက် အသက်ဝင်လာပြီး နန်းတွင်းစာမေးပွဲကို စတင်လိုက်တာပဲ ဖြစ်ရမယ်။"
"ဒီနန်းတွင်းစာမေးပွဲဟာ နောက်လာမယ့် နန်းတော်အရှင်ကို ရွေးချယ်ဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်။"
"အချက်အလက်တွေအရတော့ နန်းတွင်းစာမေးပွဲအတွက် လူပေါင်းသုံးဆယ့်သုံးယောက် ရွေးထားတယ်။ ဒါဆိုရင် ငါ့ရဲ့ အဓိကပြိုင်ဘက်တွေက ကျန်တဲ့လူ သုံးဆယ့်နှစ်ယောက်ပေါ့။"
ကျူးရွှမ်းကျိသည် ထိုစာရင်းကို ဂရုတစိုက် ကြည့်ရှုတော့သည်။
သူ့အမည်ကို ပထမဆုံးတွေ့လိုက်ရ၏။ ပထမအဆင့်တွင် ရှိနေသည်ကို သူ မအံ့ဩမိပေ။ မိစ္ဆာစစ်သူကြီးကို ပြုပြင်ပေးခဲ့ပြီးနောက် မိစ္ဆာလျှို့ဝှက်ကျမ်းစာကို အချိန်တိုအတွင်း ပြန်မရနိုင်မှန်း သိလိုက်သည်နှင့် သူက လက်လွှဲပေးခဲ့သည်။
ထိုအတွက်ကြောင့် သူသည် အကျိုးဆောင်မှု အမှတ်များစွာ ရရှိခဲ့ခြင်း ဖြစ်သည်။
နင်းရှောင်ဟွေ့အား ရွှေဖီးနစ်မှန်ကို ပေးခဲ့သည်မှာလည်း ထိုအကျိုးဆောင်မှုများကြောင့် ဖြစ်ပေသည်။
"ဒုတိယက ရှုကျုံးကျွင်းလား။"
"'စွယ်စုံကျမ်းဆောင်' ကပေါ့..."
ကျူးရွှမ်းကျိ၏ အကြည့်များက နက်ရှိုင်းသွားသည်။
မည်သည့်ဘက်မှ မပါသည့် ထိုအင်အားစုကြီးမှာ လူမသိအောင် ဤအဆင့်အထိ တိုးတက်လာခဲ့သည်မှာ အံ့ဩစရာပင်။
ဤအဆင့်သတ်မှတ်ချက်ဇယားသာ ထွက်မလာပါက ရှုကျုံးကျွင်းတစ်ယောက် ဤမျှအထိ ခရီးပေါက်နေသည်ကို ကျူးရွှမ်းကျိ သိလိုက်ရမည် မဟုတ်ပေ။ လူတိုင်းက သူ့ကို မေ့လျော့နေသကဲ့သို့ပင် ရှိနေခဲ့သည် မဟုတ်လော။
တတိယအဆင့်မှာမူ ကျန်းတန်လျန် ဖြစ်နေသည်။
"ကျန်းတန်လျန်က မီးလျှံနတ်ဆိုး ချော်ရည်တွင်းထဲကို အဝင်အထွက် ရှိနေတဲ့သူဆိုတော့ အရင်ကတည်းက စုဆောင်းထားတဲ့ အမှတ်တွေ ရှိမှာပဲ။"
"သူ့မှာ အရင်က အကျိုးဆောင်မှုတွေ ရှိရုံတင်မကဘူး၊ အခုဆိုရင် အားကိုးရတဲ့ လက်နက်ကောင်းတစ်ခုလည်း ရှိနေပြီ။"
"သူ့ရဲ့ ညဉ့်မိုးစက် မိစ္ဆာစစ်သည်တော်တွေက ထူးခြားတယ်။ မကြာခင်ကပဲ ရွှေအမြုတေအဆင့် မီးလျှံနတ်ဆိုး သားရဲတွေကို အများဆုံး သတ်ဖြတ်နိုင်ခဲ့လို့ အမှတ်တွေ အများကြီး ရထားတာနေမှာ။"
"သူ တတိယအဆင့် ရတာကတော့ ဖြစ်သင့်ပါတယ်လေ။"
ကျူးရွှမ်းကျိသည် စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမအဆင့်များကို ဆက်ကြည့်လိုက်သည်။
ထိုနေရာသုံးခုလုံးကို ရွှေအမြုတေအဆင့် ကျင့်ကြံသူများက ရယူထားသော်လည်း အမည်များမှာမူ စိမ်းနေသည်။
ကျူးရွှမ်းကျိက ခနဲ့သလို ပြုံးလိုက်၏။ ထိုလူများနှင့် နောက်ကွယ်က အခြားလူအချို့မှာ မုန့်မျိုးနွယ်စုက စေလွှတ်လိုက်သည့် စစ်ကူများဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
သူတို့၏ အမည်များ၊ နောက်ခံများနှင့် ကျင့်စဉ်များက မတူညီကြသော်လည်း သူတို့၏ လှုပ်ရှားမှုများကို ကြည့်ခြင်းဖြင့် မည်သည့်ဘက်တော်သားများဖြစ်ကြောင်း ကျူးရွှမ်းကျိ ခန့်မှန်းမိပြီးသား ဖြစ်သည်။
သူတို့အမည်များက သူ့အတွက် မအရေးပါလှပါ။ သူ့စိတ်ထဲတွင်မူ ထိုသူများကို မုန့်မျိုးနွယ်စု ရွှေအမြုတေ ကျင့်ကြံသူ က၊ ခ၊ ဂ စသည်ဖြင့်သာ မှတ်သားထားလိုက်တော့သည်။
ထို့နောက်တွင် ကျန်းရွှမ်းကော၊ ကျိုးနုန်းယင်းနှင့် ရွှေအမြုတေအဆင့် တစ်ကိုယ်တော် ကျင့်ကြံသူအချို့အပြင် နင်းကျိုဖန်တို့ကိုလည်း တွေ့ရသည်။
"နင်းကျိုဖန်က အဆင့်နိမ့်နေတာကို ကြည့်ရင် သူ နန်းတော်ထဲမှာ ရှိနေတာ သိပ်မကြာသေးဘူး ထင်တယ်။"
ထို့အပြင် ခရမ်းရောင် အာရုဏ်ဆောင်မှ ရွှေအမြုတေအဆင့် တပည့်များနှင့် ကျူးကျန်း၊ စုန့်ဖူလီတို့ကိုလည်း တွေ့လိုက်ရသည်။
ခရမ်းရောင် အာရုဏ်ဆောင်မှ တပည့်တစ်ဦး ပါဝင်နေသည်မှာ မဆန်းသော်လည်း ကျူးကျန်းသည် စက်မှုပညာရပ်ကို တတ်ကျွမ်းသူ ဖြစ်ရာ ကျူးရွှမ်းကျိကို ကူညီရင်း အစွမ်းကုန် ကြိုးစားခဲ့ပုံရသည်။
သို့သော် သူတို့သည် ရောက်ရှိနေသည်မှာ မကြာသေးသောကြောင့် အခြားရွှေအမြုတေ ကျင့်ကြံသူများလောက် အမှတ်မများကြခြင်း ဖြစ်သည်။
စုန့်ဖူလီမှာလည်း ထို့အတူပင်။ ယခင်က စုဆောင်းထားသည့် အမှတ်များ မရှိသောကြောင့် အဆင့်နှိမ့်နေခြင်း ဖြစ်သည်။
ထိုကုန်သည်အဖွဲ့ထဲမှ စုန့်ဖူလီအပြင် အခြားရွှေအမြုတေ ကျင့်ကြံသူ နှစ်ဦးလည်း ပါဝင်နေသည်ကို ကျူးရွှမ်းကျိ သတိထားမိလိုက်သည်။
ထိုနှစ်ဦးကိုလည်း ကျူးရွှမ်းကျိက ကုန်သည်အဖွဲ့ ရွှေအမြုတေ ကျင့်ကြံသူ က နှင့် ခ ဟုသာ စိတ်ထဲတွင် သတ်မှတ်လိုက်၏။
ရွှေအမြုတေ ကျင့်ကြံသူများထဲတွင် နောက်ဆုံးအမည်မှာမူ ယန်ချန်ယွီ ဖြစ်သည်။
ထိုအမည်ကို တွေ့လိုက်ရသောအခါ ကျူးရွှမ်းကျိ၏ နှလုံးသားထဲတွင် အေးစက်သော အမုန်းတရားများနှင့်အတူ မျက်လုံးများက စူးရှသွားတော့သည်။
"ဗုဒ္ဓနှလုံးသားဂိုဏ်းက ယန်ချန်ယွီ... မင်းကိုတော့ ငါ တရားဥပဒေလက်ထဲ အရောက်ပို့ရမယ်။"
သူက အောက်ဘက်သို့ ဆက်ကြည့်လိုက်ပြန်သည်။
"နင်းကျော့"
နင်းကျော့၏ အမည်က ယန်ချန်ယွီ၏ အနောက်တွင် ကပ်လျက်ရှိနေသည်။
"ဒီလူငယ်လေးက စမ်းသပ်ခံတပည့်တွေထဲမှာ ပထမဖြစ်နေတာလား။ ဒါဆို မုန့်ချုံက ဘယ်ရောက်သွားလဲ။"
ကျူးရွှမ်းကျိက ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။
သူ အနည်းငယ် အံ့ဩသွားသော်လည်း အလွန်အမင်းတော့ မဟုတ်။ ယခင်က နင်းကျော့၏ စက်မှုပညာရပ်ကို သူ ကိုယ်တိုင် လေ့လာဖူးသည် မဟုတ်လော။
ငယ်ရွယ်သော်ငြားလည်း နင်းကျော့သည် လီလိုင်ဖုန်း၏ အသိအမှတ်ပြုခြင်းကို ခံထားရသူဖြစ်ပြီး စက်မှုပညာတွင် ပါရမီထူးချွန်သူတစ်ဦး ဖြစ်ပေသည်။
ဆက်ကြည့်လိုက်ရာ မုန့်ချုံနှင့် နင်းကျော့ကြားတွင် လူအချို့ ရှိနေသေးသည်ကို တွေ့ရသည်။
ထိုသူများမှာ မီးလျှံတောင် မသေမျိုးမြို့တော်မှ နာမည်ရ စက်မှုကျင့်ကြံသူ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်များ ဖြစ်ကြသည်။
ထိုသူအများစုမှာ ကျူးရွှမ်းကျိ ယခင်က သတ်မှတ်ထားသည့် စောင့်ကြည့်ရမည့်စာရင်းတွင် ပါဝင်နေသူများ ဖြစ်သည်။
"ခြုံငုံကြည့်ရရင်တော့ အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ပိုင်းမှာ ရွှေအမြုတေ ကျင့်ကြံသူတွေကပဲ ကြီးစိုးထားတာပဲ။ သူတို့ကြားထဲမှာ အခြေခံအုတ်မြစ်အဆင့်နဲ့ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်တွေ တစ်ယောက်မှ မရှိဘူး။"
ကျင့်ကြံမှုအဆင့်ကသာ အဓိက အဆုံးအဖြတ် ဖြစ်နေဆဲပင်။
"ဒုတိယတန်းစား အင်အားစုတွေကတော့ အရပ်လေးမျက်နှာ ပြင်ဆင်ရေးအဖွဲ့က လူတွေပဲ။ စမ်းသပ်ခံတပည့် ဆိုတဲ့ အခြေအနေက အသုံးဝင်နေတုန်းပဲပေါ့။"
"နောက်ဆုံးအုပ်စုကတော့ မြို့တော်ထဲက စက်မှုကျင့်ကြံသူတွေနဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေပဲ။ သူတို့က အရေအတွက် အနည်းဆုံးဖြစ်ပြီး အရင်ကတည်းက အမှတ်စုထားတဲ့သူတွေ ဖြစ်ရမယ်။"
"နန်းတွင်းစာမေးပွဲကသာ နည်းနည်းနောက်ကျပြီးမှ ပေါ်လာမယ်ဆိုရင် သူတို့တွေဟာ စမ်းသပ်ခံတပည့်တွေရဲ့ အနောက်ကို ရောက်သွားကြမှာ အသေအချာပဲ။"
"ဟင်"
ဇယား၏ အဆုံးသတ်တွင်မူ ကျူးရွှမ်းကျိ၏ အကြည့်များက 'ဝင်ခွင့်စံနှုန်း' ဆိုသည့် စာသားထံတွင် ရပ်တန့်သွားတော့သည်။
သူ့မျက်နှာမှာ တစ်ဖြည်းဖြည်းနှင့် ပျက်ယွင်းလာရလေတော့သည်။
အခြားတစ်နေရာတွင်မူ။
ထွားကျိုင်းသော လူငယ်တစ်ဦးမှာ ကျားမျက်လုံးများဖြင့် စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။ "ဒီဇယားက ဘာအဓိပ္ပာယ်လဲ"
"စမ်းသပ်ခံတပည့်တွေ အားလုံးထဲမှာ ငါက ပထမ မဟုတ်ဘူး ဟုတ်လား"
မုန့်ချုံတစ်ယောက် အလွန်အမင်း အံ့ဩသွားရသည်။
"နင်းကျော့"
"ဒီကောင်က ငါ့ထက်တောင် အဆင့်မြင့်နေတာလား။ စိတ်ဝင်စားစရာပဲ၊ သူ့ကို တွေ့ဖို့ အခွင့်အရေး ရှာရမယ်။"
မုန့်ချုံသည် စမ်းသပ်မှုကို ကျော်ဖြတ်ပြီး နန်းတော်ထဲသို့ ရောက်ရှိလာကတည်းက အစွမ်းကုန် ကြိုးစားခဲ့သူ ဖြစ်သည်။
သူသည် မသေမျိုးပါရမီရှင်တစ်ဦး ဖြစ်သည့်အပြင် မြို့စားမင်းဂေဟာ၏ အကူအညီကိုလည်း ရရှိထားရာ သူ့ကိုယ်သူ အမြဲတမ်း ယုံကြည်မှု အပြည့်ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုထွက်လာသည့် ဇယားက သူ့မျက်နှာကို အရှိန်ပြင်းပြင်းနှင့် ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
အံ့ဩသွားသော်လည်း ထိုအမှန်တရားကို ချက်ချင်းလက်ခံလိုက်ပြီး နင်းကျော့နှင့် ယှဉ်ပြိုင်လိုစိတ်များ ပြင်းထန်လာတော့သည်။
နောက်ဆုံးတွင်မူ။
မုန့်ချုံသည် 'ဝင်ခွင့်စံနှုန်း' ဆိုသည့် အမည်ကို တွေ့လိုက်ရသည်။
"ဒီမှာလည်း 'ဝင်ခွင့်စံနှုန်း' ဆိုတာ ပါနေပြန်ပြီလား" မုန့်ချုံက လှောင်ရယ်ရန် ပြင်လိုက်သော်လည်း နောက်တစ်ခဏတွင်မူ အပြုံးများ အေးခဲသွားရသည်။
သူသည် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိပြီးမှ ဇယားရှိ လူအမည်များကို ပြန်ရေတွက်ကြည့်ရာ လူပေါင်းသုံးဆယ့်သုံးဦး ရှိနေသည်ကို တွေ့လိုက်ရသည်။
'ဝင်ခွင့်စံနှုန်း' ကို ဖယ်လိုက်လျှင် သုံးဆယ့်နှစ်ဦးသာ ရှိပေသည်။
ဒါဆိုလျှင် 'ဝင်ခွင့်စံနှုန်း' ဆိုသည်မှာ လူတစ်ယောက်၏ အမည် ဖြစ်နေသည်လား။
"ဒီနန်းတော်ရဲ့ အဆင့်သတ်မှတ်ချက်က ဒီလိုမျိုးဆိုရင် ဟိုစမ်းသပ်ခန်းထဲက ဇယားကရော ဘယ်လိုဖြစ်နေမှာလဲ။"
ထိုသို့ တွေးမိသည်နှင့် မုန့်ချုံ၏ စိတ်ထဲမှ နင်းကျော့ဆိုသည့် အမည်မှာ ပျောက်ကွယ်သွားတော့သည်။
သူ့အသက်ရှူသံများ ပြင်းထန်လာပြီး ရင်ဘတ်မှာ နိမ့်ချီမြင့်ချီ ဖြစ်လာကာ မျက်လုံးများမှာလည်း သွေးတိုးလာတော့သည်။
"ငါ အလှည့်စားခံလိုက်ရပြီ"
"ငါ အလှည့်စားခံလိုက်ရတာပဲ"
"ဒါဆို နန်းတော်ထဲကို ဝိညာဉ်ဝင်စားခြင်း လမ်းစဉ်မှာ ငါက အမြဲတမ်း ဒုတိယပဲ ရခဲ့တာပေါ့လေ"
"ပထမကတော့ ဒီအရှက်မရှိတဲ့ 'ဝင်ခွင့်စံနှုန်း' ဆိုတဲ့ကောင်ပေါ့"
မုန့်ချုံတစ်ယောက် ငယ်စဉ်ကတည်းက ဤမျှအထိ အရှက်ရခဲ့ဖူးခြင်း မရှိပေ။
မိမိကိုယ်မိမိ ပထမရသည်ဟု ထင်မှတ်ကာ ကြွားဝါခဲ့သည်များကို ပြန်တွေးမိတိုင်း ဒေါသနှင့် ရှက်စိတ်တို့က ရောပြွမ်းနေတော့သည်။
"တောက်... 'ဝင်ခွင့်စံနှုန်း' တဲ့လား၊ အဲဒီလူနဲ့ ငါ တစ်ပွဲလောက် နွှဲချင်သေးတယ်။"
"ဘယ်လောက်တောင် ယုတ်မာတဲ့ လှည့်ကွက်လဲ။ ငါ့ကို အရူးလုပ်သွားတာပေါ့လေ။"
"မင်းကို ငါ့လက်ထဲ မိလို့ကတော့ မလွယ်ဘူးသာ မှတ်ပေတော့" မုန့်ချုံသည် လက်သီးကို တင်းတင်းဆုပ်ကာ မျက်နှာတစ်ခုလုံး နီမြန်းနေသည်မှာ ဒေါသထွက်နေသည့် နွားသိုးတစ်ကောင်ကဲ့သို့ပင် ရှိတော့သည်။
နင်းကျော့၏ အဆင့်မှာ မုန့်ချုံထက် မြင့်နေသော်လည်း ထိုကိစ္စမှာ ကြာရှည် အာရုံစိုက်ခြင်း မခံလိုက်ရပေ။
ကျိုးကျူနှင့် ကျိုးကျဲရှန်တို့လည်း ထိုအကြောင်းကို ဆွေးနွေးနေကြသည်။
"မထင်မှတ်ဘဲ နင်းကျော့က ငါတို့ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်တွေထဲမှာ ပထမ ဖြစ်သွားတာပဲ။ ဒီရလဒ်က အံ့ဩဖို့ကောင်းပေမဲ့ ဖြစ်နိုင်ခြေလည်း ရှိပါတယ်လေ။"
ကျိုးကျဲရှန်က သက်ပြင်းချရင်း ဆိုလိုက်သည်။
ကျိုးကျူကလည်း လေသံတိုးတိုးဖြင့် ထောက်ခံလိုက်၏။ "တခြားလူဆိုရင်တော့ ငါ လက်မခံဘူး။ ဒါပေမဲ့ နင်းကျော့ကတော့ တကယ်ကို ထူးချွန်တဲ့သူပဲ၊ လူတွေကိုလည်း အများကြီး ကူညီခဲ့တာ။"
"ကျိုးမျိုးနွယ်စုနဲ့ ကျန်းမျိုးနွယ်စုက လူတွေ အခုလို မြန်မြန်ဆန်ဆန် အဆင့်တက်လာတာ သူ့ကျေးဇူးတွေ ပါတာပေါ့။"
"သူကတော့ တကယ့်လူပဲ။"
ကျိုးကျူက ပြောပြောဆိုဆိုနှင့် လက်မထောင်ပြလိုက်သည်။
နင်းကျော့သည် အစွမ်းကုန် ကြိုးစားခဲ့သောကြောင့် သုံးမျိုးနွယ် မဟာမိတ်အဖွဲ့၏ ပြင်ဆင်ရေးအဖွဲ့ထဲတွင် သူ့နာမည်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ကျိုးကျဲရှန်၏ မျက်နှာမှာ ချက်ချင်းပင် မှောင်ကျသွားတော့သည်။ "အခု ပြဿနာက နောက်ဆုံးမှာ ရှိနေတဲ့ 'ဝင်ခွင့်စံနှုန်း' ဆိုတာ ငါတို့ ဟိုစမ်းသပ်ခန်းထဲမှာ တွေ့ခဲ့တဲ့လူ ဟုတ်၊ မဟုတ် ဆိုတာပဲ။"
ကျိုးကျူက ခဏမျှ တွေးတောပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။ သူ့မျက်နှာမှာလည်း လေးလံထိုင်းမှိုင်းနေ၏။
ကျိုးကျဲရှန်က သွားကြိတ်ရင်း ဆိုလိုက်သည်။
"ငါလည်း မင်းလိုပဲ ထင်တယ်။ ဒါဆိုရင် ငါတို့ သုံးမျိုးနွယ်စုနဲ့ မြို့စားမင်းဂေဟာပါ ဒီ 'ဝင်ခွင့်စံနှုန်း' ရဲ့ အရူးလုပ်တာ ခံလိုက်ရတာပေါ့။"
"အဲဒီလူက စွန်းလင်ထုံ ဖြစ်ရမယ်။"
"ဟမ့်... အသေအချာပဲ"
"ဗုဒ္ဓနှလုံးသားဂိုဏ်းက နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့တာဆိုတော့ မီးလျှံနတ်ဆိုး ချော်ရည်တွင်းထဲအထိ ဒီလောက် နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နိုင်ခဲ့မယ်လို့ မထင်ထားမိဘူး။"
"အမည်ကို ဒီလိုမျိုး ပြောင်းလဲလိုက်တာဟာ လိမ်လည်တာပဲ။ တကယ်ကို ယုတ်မာလွန်းတယ်။" ကျိုးကျဲရှန်က မကျေမနပ်ဖြင့် မြေပြင်ကို ဆောင့်နင်းလိုက်တော့သည်။
ဤမျှအထိ အလှည့်စားခံလိုက်ရသည်မှာ မည်သူမဆို ခံရခက်မည့် ကိစ္စပင် ဖြစ်ပေသည်။
ထိုအချိန်တွင် တကယ့် 'ဝင်ခွင့်စံနှုန်း' ဖြစ်သည့် နင်းကျော့မှာမူ သက်ပြင်းချနိုင်သွားတော့သည်။
ထိုဇယားကို မြင်လိုက်ရသောအခါ သူလည်း ချွေးစေးများ ထွက်သွားရ၏။
နင်းကျော့၏ အဆင့်မှာ ဇယားထဲတွင် နောက်ဆုံးနေရာကိုသာ ကံကောင်းထောက်မစွာ ရရှိခဲ့ခြင်း ဖြစ်သည်။
"ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်က မီးလျှံနတ်ဆိုး ချော်ရည်တွင်းရဲ့ သုံးပုံတစ်ပုံလောက်ရှိတဲ့ စွမ်းအားကို ကိုယ်စားပြုတာဆိုတော့ အကျိုးဆောင်မှု အမှတ်တွေ အများကြီး ရမှာပဲ။"
"ဒါပေမဲ့ ဒါကို တင်ပြပြီးတာတောင် ငါ့ရဲ့ အမှတ်တွေက ကျိုးကျူတို့ထက် နည်းနေသေးတယ်ဆိုတော့ ငါ တူးခဲ့တဲ့ ကျင်းက တကယ်ကို နက်ခဲ့တာပဲ။"
"မီးလျှံနတ်ဆိုး သားရဲတွေ သောင်းကျန်းအောင် လုပ်ပြီး ရာဇဝင်မှတ်တမ်းဆောင်ကို ဖျက်ဆီးခဲ့တာက အမှတ်တွေ အများကြီး လျော့သွားစေခဲ့တာပဲ။"
"နောက်ပြီး နင်းရှောင်ဟွေ့နဲ့ ကျန်းကျန့်တို့ သေဆုံးသွားတာကလည်း အဓိက အကြောင်းရင်းပဲ။ သူတို့သာ အသက်ရှင်နေဦးမယ်ဆိုရင် ငါ ဒီစာရင်းထဲ ပါမှာတောင် မဟုတ်ဘူး။"
နင်းကျော့သည် ပြိုင်ဘက်အချို့ကို ကြိုတင်ဖယ်ရှားနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်မိတော့သည်။
ဒါဟာ သူ့ရဲ့ မူလရည်ရွယ်ချက်တော့ မဟုတ်ခဲ့ချေ။
ကံတရား၏ စီမံမှုသာ ဖြစ်ပေသည်။
"ဒါဟာ ငါ သူတို့အပေါ်မှာ ဝိညာဉ်ခေါ်ယူခြင်းပညာရပ်ကို သုံးထားလို့ သူတို့ရဲ့ သက်တမ်းတွေ ငါ့ဆီ ရောက်လာတာလည်း ပါမှာပေါ့။"
ကံကောင်းထောက်မစွာဖြင့် လက်စွပ်က အချိန်မီ သတိပေးခဲ့သောကြောင့်သာ ဤထူးခြားသော အခွင့်အရေးကို နင်းကျော့တစ်ယောက် မလွတ်တမ်း ဆုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
"ညီအစ်ကို ကျန်းကျန့်... ကျေးဇူးတင်ပါတယ်။" နင်းကျော့က စိတ်ထဲမှ တိတ်တဆိတ် အောစာပေးလိုက်မိ၏။
"ငါက ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်ကို တင်ပြလိုက်ပြီး အမည်ပြောင်းလဲထားတာ အမှန်တရား ဖြစ်သွားပေမဲ့ ငါ့ရဲ့ အမည်ကတော့ ပြောင်းမသွားခဲ့ဘူးပဲ။"
နင်းကျော့အတွက်မူ ထိုကိစ္စက သတင်းကောင်းပင် ဖြစ်သည်။
လူအများက 'နင်းကျော့' ဟု သိနေသည့် အမည်မှာ စွန်းလင်ထုံ ဖြစ်နေခြင်း ဖြစ်သည်။
ဒါဟာ နင်းကျော့ ကြိုတင်စီစဉ်ထားသည့် လှည့်ကွက်တစ်ခုပင်။
"လူတွေ ဒီလိုမျိုး လွဲမှားပြီး သိနေတာက ရှေ့လျှောက် နန်းတွင်းစမ်းသပ်မှုတွေမှာ ငါ့အတွက် အကျိုးရှိမလား။"
"နောက်ထပ် ဖုံးကွယ်စရာ အလွှာတစ်ခု ရှိနေတာကတော့ မဆိုးပါဘူးလေ။"
အခြားတစ်နေရာတွင်မူ။
ယန်ချန်ယွီက စွန်းလင်ထုံကို စိုက်ကြည့်ရင်း မေးလိုက်သည်။ "ဒါဆိုရင် နင်က 'ဝင်ခွင့်စံနှုန်း' ပေါ့လေ။"
"နင် အမည်ကို ဘယ်လိုမျိုး ပြောင်းလိုက်တာလဲ"
စွန်းလင်ထုံက ရယ်မောရင်း ပြန်ပြောလိုက်၏။
"ဒါကတော့ ငါ့ရဲ့ လျှို့ဝှက်ချက်ပေါ့။ ငါ ဘာလို့ မီးလျှံနတ်ဆိုး ချော်ရည်တွင်းကို အပိုင်ရဖို့ ယုံကြည်ချက် ရှိနေတာလဲဆိုတာ အခုတော့ မင်း သိပြီမလား။"
ယန်ချန်ယွီက ခေါင်းယမ်းလိုက်သည်။ "ငါ သိတာကတော့ နင်ဟာ မီးလျှံတောင် မသေမျိုးမြို့တော်က ခေါင်းဆောင်တွေကို အရူးလုပ်လိုက်တာပဲ။ နင်တော့ ဒုက္ခရောက်တော့မှာပဲ၊ သူတို့က နင့်ကို တကယ် မုန်းနေကြတော့မှာ။ ရှေ့လျှောက် သူတို့လက်ထဲ မမိအောင်သာ ဆုတောင်းပေတော့။"
စွန်းလင်ထုံ၏ အပြုံးများမှာ အနည်းငယ် တောင့်တင်းသွားရလေတော့သတည်း။
အခန်း (၃၀၄)- နန်းတွင်းစာမေးပွဲ
နန်းတွင်းစာမေးပွဲအတွက် အဆင့်သတ်မှတ်ချက်စာရင်းမှာ မကြာမီပင် ပေါက်ကြားသွားချေသည်။
မုန့်ခွေနှင့် ကျူးရွှမ်းကျိတို့မှာ ထိုသတင်းအား တားဆီးရန် အချိန်မမီတော့သဖြင့် လက်လျှော့လိုက်ကြရ၏။ သတင်းအရင်းအမြစ်မှာ လေလွင့်ကျင့်ကြံသူများထံမှ စတင်ခဲ့ခြင်း ဖြစ်ပေသည်။
ထိုသို့သော တုန်လှုပ်ဖွယ်သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ချော်ရည်နန်းတော်နှင့် မီးလျှံတောင် မသေမျိုးမြို့တော်အတွင်း၌ စိတ်အားထက်သန်မှုများကို ချက်ချင်းပင် လှုံ့ဆော်ပေးလိုက်တော့သည်။
မိစ္ဆာသားရဲဒီရေ၏ ခြိမ်းခြောက်မှု ရှိနေလင့်ကစား လူအများအပြားမှာ ထိုသတင်းနောက်သို့ စိတ်ဝင်တစား လိုက်ပါနေကြ၏။
"နန်းတွင်းစာမေးပွဲ ပြီးတာနဲ့ ချော်ရည်နန်းတော်ရဲ့ သခင်ကို ရွေးချယ်တော့မှာ မဟုတ်လား။"
"ချော်ရည်နန်းတော်မှာ သခင်ရှိသွားပြီဆိုရင်တော့ နန်းတော်ရဲ့ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ပြီး မိစ္ဆာသားရဲဒီရေကိုလည်း အလွယ်တကူ နှိမ်နင်းနိုင်တော့မှာပေါ့။"
"ထိပ်တန်းဂိုဏ်းကြီးသုံးခုရဲ့ ခေါင်းဆောင်တွေက တကယ့်ကို ကြင်နာသနားတတ်ကြတာပဲ။ အခုလို စီစဉ်ပေးလိုက်တာက မီးလျှံတောင်တန်းကို တစ်ခါပြန်ပြီး ကယ်တင်လိုက်တာပဲ။ အရင်နှစ်တွေတုန်းကလည်း ချော်ရည်နန်းတော်က အခုလိုမျိုး အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးတာပဲလေ။"
ဖေးစီမှာတော့ ဒေါသတကြီးဖြင့် သွားကြိတ်နေမိသည်။ သူသည် သတင်းအချက်အလက် မှတ်တမ်းထဲမှ ဝင်ခွင့်သတ်မှတ်ချက်ကို ကြည့်ကာ ပြောင်ပြောင်တင်းတင်း လှောင်ပြောင်ခံနေရသကဲ့သို့ ခံစားနေရ၏။
"ဗုဒ္ဓနှလုံးသားဂိုဏ်းက စွန်းလင်ထုံပေါ့လေ။" သူသည် ထိုရန်ကြွေးကို စိတ်ထဲ၌ မှတ်သားထားလိုက်သည်။ ဖေးစီသည် မိမိကိုယ်မိမိ ပရိယာယ်ကြွယ်ဝသူဟု ဂုဏ်ယူနေသူ ဖြစ်ရာ ယခုကဲ့သို့ ဗြောင်ကျကျ ကစားခံရသည့် အတွေ့အကြုံမျိုးမှာ အလွန်ပင် ရှားပါးလှပေသည်။
ထို့ကြောင့်ပင် ထိုအဖြစ်အပျက်က သူ့အား အရိုးထဲထိ နာကျင်စေခဲ့၏။
ထို့နောက်တွင် မုန့်ချုံ၏ ရှေ့၌ နင်းကျော့၏ အမည်ကို သူ မြင်လိုက်ရသည်။
ယင်းက ဖေးစီ၏ နှုတ်ခမ်းအစုံကို အနည်းငယ် ကွေးညွှတ်သွားစေကာ "ဒီရည်မှန်းချက်ကြီးတဲ့ ကောင်လေးကတော့ ဒီတစ်ခါ တကယ့်ကို ဟိုးဟိုးကျော် ဖြစ်သွားတာပဲ" ဟု ရေရွတ်မိစေ၏။
"မင်းလည်း သတိထားရမှာပဲ။"
ဖေးစီသည် နင်းကျော့အပေါ်တွင် ပို၍ စာနာမိသလို ခံစားနေရသည်။
နင်းရှောင်မှာမူ သတင်းမှတ်တမ်းကို မြေပြင်ပေါ်သို့ ပစ်ချကာ ဒေါသတကြီး အော်ဟစ်နေတော့သည်။
"တောက် အဲ့ဒီ ကောက်ကျစ်စဉ်းလဲတဲ့ ကောင်လေးက နန်းတွင်းစာမေးပွဲ နောက်ဆုံးစာရင်းထဲကို ခိုးဝင်သွားတာပဲ။ ငါ ဘာလို့ အဲ့ဒီတုန်းက ဒီပြဿနာကို မရှင်းခဲ့ရတာလဲ။"
နင်းရှောင်သည် သူ၏ဖခင် စီစဉ်ပေးထားသည့်အတိုင်း အကျဉ်းသားရုပ်သေးများကို မွမ်းမံပြင်ဆင်ကာ တင်ပြခဲ့သဖြင့် ထောင်ထဲမှ လွတ်မြောက်လာပြီး လွတ်လပ်ခွင့် ရရှိထားပြီ ဖြစ်သည်။
တရားဝင်အားဖြင့် သူသည် နင်းမျိုးနွယ်စုမှ နှင်ထုတ်ခံထားရသည့် လေလွင့်ကျင့်ကြံသူ တစ်ဦးသာ ဖြစ်တော့၏။
နင်းမျိုးနွယ်စု အကြီးအကဲ၏ အကြံပေးချက်အရ နင်းရှောင်သည်လည်း ချော်ရည်နန်းတော်သို့ ဝင်ရောက်ကာ နင်းကျော့နှင့် နီးစပ်အောင် ကြိုးစားပြီး ခွင့်လွှတ်မှု တောင်းခံရန် ပြင်ဆင်ခဲ့သေးသည်။
သို့သော်လည်း နင်းကျော့က သူ့အား တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့သဖြင့် မအောင်မြင်ခဲ့ပေ။ ယင်းက နင်းရှောင်အတွက် ကြီးမားသော အရှက်ရမှု ဖြစ်စေပြီး နင်းကျော့အပေါ် ထားရှိသည့် အမုန်းတရားများကို ပိုမို နက်ရှိုင်းစေခဲ့သည်။
နင်းမျိုးနွယ်စု၏ ဘိုးဘေးမြေ၌လည်း နင်းရှောင်ဟွေ့၏ ဘိုးဘွားမှာ ဒေါသထွက်လွန်းသဖြင့် လက်ထဲရှိ သတင်းမှတ်တမ်းကို ဆုတ်ဖြဲပစ်ချင်နေ၏။ သူမ၏ မျက်နှာမှာ မဲ့ရွဲ့နေပြီး အစွမ်းကုန် အော်ဟစ်နေတော့သည်။
"ရှောင်ဟွေ့၊ ငါ့ရဲ့ ရှောင်ဟွေ့ ဘယ်မှာလဲ။ ဒီနင်းကျော့ဆိုတာ ဘာကောင်လဲ။ သူက ဘယ်လိုလုပ်ပြီး အဆင့်သတ်မှတ်ချက် စာရင်းမှာ ပါနေရတာလဲ။ သူ ပါတယ်ဆိုရင် ရှောင်ဟွေ့လည်း ပါရမှာပေါ့။"
"ရှောင်ဟွေ့က သူ့ထက် အဆင့်သာနေရမှာ။"
နင်းရှောင်ဟွေ့၏ ဘိုးဘွားမှာ သတင်းမှတ်တမ်းကို မျက်နှာနားကပ်ကာ စာလုံးတစ်လုံးချင်းစီကို သေချာစွာ ရှာဖွေနေသော်လည်း ဘာမှ ရှာမတွေ့ပေ။
ဒေါသအမျက် ချောင်းချောင်းထွက်လျက် သူမသည် စာရွက်များကို အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်ကာ မြွေဆိုးတစ်ကောင်ကဲ့သို့ တရှူးရှူး အော်ဟစ်နေတော့သည်။ "အတုတွေ၊ ဒါတွေ အားလုံးက အတုတွေပဲ။ ဒီမှတ်တမ်းက အတုကြီးပဲ။"
"ဟီးဟီးဟီး၊ ဟားဟားဟား။"
ချော်ရည်နန်းတော်၏ ပင်မဆောင်အတွင်း၌ နဂါးလိပ် မီးလျှံဝိညာဉ်မှာ ပို၍ အားနည်းလာချေသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် ချော်ရည်နန်းတော်၏ ပုံမှန်လည်ပတ်မှုများကို တိတ်တဆိတ် နှောင့်ယှက်ခဲ့ပြီး မိစ္ဆာသားရဲဒီရေကို အသုံးချကာ နန်းတော်အတွင်းရှိ အရေးကြီးသော စက်မှုအဆောက်အအုံ တစ်ခုကို ဖျက်ဆီးခဲ့သောကြောင့် မီးလျှံဓားဖြင့် နောက်တစ်ကြိမ် ခေါင်းဖြတ်ခံခဲ့ရသောကြောင့် ဖြစ်သည်။
ဒုတိယအကြိမ် ပြင်းထန်သော ဒဏ်ရာကို ရရှိခဲ့သဖြင့် နဂါးလိပ် မီးလျှံဝိညာဉ်၏ အခြေအနေမှာ အကောင်းဆုံး အခြေအနေ၏ တစ်ဝက်ခန့်သာ ရှိတော့၏။
နန်းတွင်းစာမေးပွဲ အဆင့်သတ်မှတ်ချက် စာရင်းတစ်ခုလုံးတွင် ၎င်းသည် လူသုံးဦးကိုသာ အာရုံစိုက်ထားသည်။ တစ်ဦးမှာ တမ်းတခြင်းပြည်၏ တော်ဝင်မျိုးနွယ်စုမှ ဖြစ်ပြီး တစ်ပြည်လုံးတွင် ထင်ရှားကျော်ကြားကာ အစွမ်းထက်သည့် ကျူးရွှမ်းကျိ ဖြစ်သည်။
နောက်တစ်ဦးမှာ မုန့်ချုံ ဖြစ်သည်။ နဂါးလိပ် မီးလျှံဝိညာဉ်သည် မုန့်ချုံကိုသာ ချော်ရည်နန်းတော်အား ဆက်ခံစေချင်နေ၏။ နောက်ဆုံးတစ်ဦးမှာမူ နင်းကျော့ ဖြစ်ပေသည်။
"နင်းကျော့က နန်းတွင်းစာမေးပွဲ စတော့မယ်ဆိုတာကို ဘယ်လိုလုပ် သိသွားတာလဲ။"
နဂါးလိပ် မီးလျှံဝိညာဉ်တွင် ဂရုစိုက်ရမည့် အရာများစွာ ရှိနေပြီး အထူးသဖြင့် မိစ္ဆာသားရဲဒီရေမှာ အဓိက ပြဿနာ ဖြစ်နေသည်။ ထို့ကြောင့်ပင် မကြာသေးမီက နင်းကျော့အား လျစ်လျူရှုထားခဲ့မိခြင်း ဖြစ်၏။
သို့သော်လည်း နင်းကျော့က ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်ကို သတ္တိရှိရှိ ကမ်းလှမ်းခဲ့သည်ကို ၎င်း မြင်တွေ့ခဲ့ရသည်။ ထိုသို့သော ပြတ်သားမှုမျိုးက နဂါးလိပ် မီးလျှံဝိညာဉ်အား ရုတ်တရက် ချမ်းစိမ့်သွားစေခဲ့သည်။
၎င်းသည် ထိုမိစ္ဆာသူငယ်လေး နင်းကျော့ကို ပို၍ ပို၍ ကြောက်ရွံ့လာမိ၏။
"သူ့ကို နန်းတော်သခင် နေရာ မရစေရဘူး။"
"ဒါမှမဟုတ်ရင် ငါလည်း လွတ်အောင် မပြေးနိုင်ဘဲ အနာဂတ်မှာ ဘယ်လိုလုပ် ရှင်သန်နိုင်တော့မှာလဲ။"
နောက်ဆုံးတွင် မည်သူက နန်းတွင်းစာမေးပွဲ၌ အနိုင်ရရှိကာ ချော်ရည်နန်းတော်ကို ပိုင်ဆိုင်သွားမည်နည်းဟု လူအများက ခန့်မှန်းနေကြသည်။ လူအများစု လက်ခံထားသည့် ပထမနေရာမှာ ကျူးရွှမ်းကျိ ဖြစ်သည်။
သူသည် အဆင့်တစ် ဖြစ်နေသလို၊ တမ်းတခြင်းပြည် တော်ဝင်မျိုးနွယ်ကို ကိုယ်စားပြုသူလည်း ဖြစ်ကာ အစွမ်းထက်သူ ဖြစ်သည်။
မြို့စားမင်းဘက်တော်သားများမှာ အားနည်းလွန်းသည်ဟု လူအများက ယူဆထားကြသည်။ အဆင့်သတ်မှတ်ချက် စာရင်းအရ မုန့်ချုံနှင့် အခြားသော ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် လူငယ်အချို့သာ ရှိနေသောကြောင့် ဖြစ်၏။
သို့သော် အခြေအနေမှန်ကို သိရှိသူများကမူ မုန့်မျိုးနွယ်စု၏ အမာခံအင်အားစုမှာ ဒုတိယတန်းစား၌ ရှိနေပြီး ထိပ်တန်းနေရာ သုံးခုကို ရရှိရန်အတွက် အခွင့်အရေးကို စောင့်ကြည့်နေကြောင်း နားလည်ထားကြသည်။
ဆွေးနွေးမှုများ အရှိန်မြင့်လာသည်နှင့်အမျှ ပထမဆုံး ဖယ်ထုတ်ခံရသူ ပေါ်ထွက်လာခဲ့သည်။ အတိအကျ ပြောရလျှင် စာရင်းထုတ်ပြန်သည့် ထိုနေ့ မွန်းလွဲပိုင်းမှာပင် သူ၏ အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်၏။
ယင်းမှာ လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပေသည်။ သေဆုံးသူ၏ နှလုံးသားမှာ ဖျက်ဆီးခံထားရပြီး ဝိညာဉ်မှာလည်း အစအန မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။
ယင်းက လူတို့အား ကျန်းကျန့် သေဆုံးခဲ့ပုံကို သတိရစေပြီး ထိုအပြစ်အားလုံးကို ယန်ချန်ယွီအပေါ်သို့သာ လွှဲချလိုက်ကြတော့သည်။
"တစ်ယောက်ယောက်က ငါ့ကို အယောင်ဆောင်ပြီး ပြိုင်ဘက်တွေကို ဖယ်ရှားနေတာပဲ။ ဟင်း" ယန်ချန်ယွီမှာ မိမိအား နာမည်ဖျက်ခံရသဖြင့် မကျေမနပ် ဖြစ်နေ၏။
သို့သော် သူမသည် တုံ့ပြန်ခြင်း မပြုဘဲ စွန်းလင်ထုံနှင့်အတူ ပို၍ လုံခြုံသည့် နေရာတွင် ပုန်းအောင်းနေလိုက်သည်။ ၎င်းတို့သည် အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေသဖြင့် ပေါ်ထွက်လာပါက ဝိုင်းဝန်းတိုက်ခိုက်ခံရမည်မှာ သေချာပေသည်။
အစောပိုင်းက ယန်ချန်ယွီမှာ အဓိက တိုက်ခိုက်ခံရသူ ဖြစ်သော်လည်း "ဝင်ခွင့်သတ်မှတ်ချက်" သတင်း ထွက်လာပြီးနောက်တွင်မူ စွန်းလင်ထုံမှာ ယန်ချန်ယွီထက်ပင် ပို၍ အမုန်းပွားခံနေရချေသည်။
ယခုအခါ နန်းတွင်းစာမေးပွဲတွင် ထိပ်ဆုံးမှ ရပ်တည်သူမှာ မသေမျိုးနန်းတော်၏ သခင် ဖြစ်လာမည်ဟု အများက ယူဆနေကြသည်။
ကျင့်ကြံသူ အများအပြားမှာ မနာလို ဖြစ်နေကြ၏။
စာရင်းတွင် မပါဝင်သူများကပင် စာရင်းဝင်သူ တစ်ဦးအား သတ်ဖြတ်နိုင်ပါက ၎င်းတို့အတွက် နေရာရလာနိုင်မလားဟု တွေးတောနေကြသည်။ ထိုသို့သော အခွင့်အရေးမျိုးမှာ တစ်သက်တွင် တစ်ခါသာ ကြုံနိုင်သဖြင့် လောင်းကြေးထပ်ကာ စွန့်စားလိုသူများလည်း ရှိနေပေသည်။
နင်းကျော့မှာမူ သူ၏ အနာဂတ်၊ သူ၏ နာမည်၊ သူ၏ အသက်နှင့် သူ၏ ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်ကိုပါ လောင်းကြေးထပ်ထားပြီး ဖြစ်သည်။
"နန်းတွင်းစာမေးပွဲ စတာနဲ့ ငါ့အတွက် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းဖို့ အချိန်ရတော့မှာ မဟုတ်ဘူး" ဟု နင်းကျော့က သက်ပြင်းချရင်း တွေးလိုက်မိသည်။
စာရင်းကို သိလိုက်ရသည်နှင့် သူသည် နင်းကျိုဖန်ထံသို့ ပြေးသွားတော့သည်။
"ဘိုးဘေး၊ ဒါက တကယ့်ကို ကြောက်စရာကြီးပဲ။ ကျွန်တော်လည်း စာရင်းထဲမှာ ပါနေတော့ အသတ်ခံရမှာ တကယ့်ကို ကြောက်နေမိတယ်" ဟု နင်းကျော့က အကာအကွယ် လိုချင်သည့် ဆန္ဒကို မဖုံးကွယ်ဘဲ ပြောလိုက်သည်။
နင်းကျိုဖန်က သူ့အား သူရဲဘောကြောင်သည်ဟု ဆူပူသော်လည်း အနားတွင် ခေါ်ထားပေးခဲ့၏။ နင်းကျော့ တစ်ဦးတည်း မဟုတ်ဘဲ နင်းချန်နှင့် နင်းယုံတို့ကဲ့သို့ စာရင်းဝင်သူများကိုလည်း နင်းကျိုဖန်က အကာအကွယ် ပေးထားပေသည်။
မကြာမီပင် ကျူးရွှမ်းကျိက အားလုံးကို စုဝေးလိုက်သည်။ ထိုအခါမှပင် နင်းကျော့သည် နင်းကျိုဖန်သာမက ကျိုးမျိုးနွယ်စုနှင့် ကျန်းမျိုးနွယ်စုတို့မှ ရွှေအမြုတေအဆင့် ဘိုးဘေးများကလည်း ၎င်းတို့၏ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် လူငယ်များကို အနီးကပ် အကာအကွယ် ပေးထားကြောင်း သတိပြုမိတော့သည်။
၎င်းတို့မှာ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်သာ ရှိကြသဖြင့် မိမိကိုယ်မိမိ ခုခံရန် အားနည်းလွန်းလှပေသည်။
အစောပိုင်းက အဓိက သံသယရှိသူမှာ ဗုဒ္ဓနှလုံးသားဂိုဏ်းမှ စွန်းလင်ထုံနှင့် ယန်ချန်ယွီတို့ ဖြစ်သော်လည်း ယခုအခါ နန်းတွင်းစာမေးပွဲ စာရင်း ထွက်လာပြီ ဖြစ်ရာ တရားသောလမ်းကို လျှောက်လှမ်းသည့် ကျင့်ကြံသူများပင် လူသတ်သမား ဖြစ်လာနိုင်ပေသည်။
ထို့ကြောင့်ပင် ကျူးရွှမ်းကျိက အားလုံးကို စုဝေးစေကာ အချင်းချင်း တိုက်ခိုက်မည့်အစား ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်၏။
ထိုအဆိုပြုချက်ကို မျိုးနွယ်စု သုံးခုစလုံးမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများက လက်ခံအတည်ပြုခဲ့ကြသည်။
ကျူးရွှမ်းကျိက အခွင့်ရပါက ရွှေဆေးဖို၏ အပိုင်းအစများကို စုဆောင်းရန်လည်း သတိပေးလိုက်သေးသည်။ သူသည် ထိုအရေးကြီးသော သဲလွန်စကို ဘယ်တော့မှ လက်လွှတ်မည် မဟုတ်ပေ။
အစောပိုင်းက ရွှေဆေးဖိုမှာ မသေမျိုးနန်းတော်၏ အဓိက နေရာတွင် ရှိနေသဖြင့် ချဉ်းကပ်ရန် ခက်ခဲခဲ့သော်လည်း ယခုအခါ မိစ္ဆာသားရဲဒီရေကြောင့် နန်းတော်၏ ကာကွယ်ရေး အစီအရင်များမှာ လျော့ရဲလာနိုင်သဖြင့် ချဉ်းကပ်နိုင်မည့် အခွင့်အရေး ရှိလာပြီ ဖြစ်သည်။
"ဒီရွှေဆေးဖို အပိုင်းအစတွေက အရင်းအမြစ် ရှာဖွေဖို့အတွက် တန်ဖိုးရှိတယ်" ဟု ကျူးရွှမ်းကျိက ပြောလိုက်သည်။ နင်းကျော့သည် ထိုစကားကို သေသေချာချာ နားထောင်နေမိပြီး ထိုနတ်ဘုရားမုဆိုးမှာ မည်မျှ ဇွဲကောင်းကြောင်း တွေးတောကာ အံ့ဩနေမိ၏။
သူသည် ယန်ချန်ယွီနှင့် အကိုစွန်းတို့ကို ရှာဖွေရန်အတွက် ထိုသဲလွန်စများကို အသုံးချချင်နေခြင်း ဖြစ်ကြောင်း နင်းကျော့ သိလိုက်သည်။
"တကယ်လို့ အဲ့ဒီလို အခြေအနေမျိုး ဖြစ်လာခဲ့ရင် ငါတို့က ဓာတ်ငါးပါး အမြောက်မျှော်စင်ကို သုံးပြီး အဲ့ဒီနေရာကို ရှင်းပစ်ရမှာပဲ" ဟု သူက မိမိကိုယ်မိမိ သတိပေးလိုက်သည်။
နန်းတွင်းစာမေးပွဲမှာ မည်သူမျှ မမျှော်လင့်ထားသည့် အချိန်တွင် စတင်ခဲ့ချေသည်။ ဝိညာဉ်ကူးပြောင်းခြင်း အစီအရင်နှင့်အတူ သတင်းစကားတစ်ခု ပေါ်လာ၏။
"နန်းတွင်းစာမေးပွဲ ပထမအဆင့် စတင်ပါပြီ။ အစီအရင်ထဲသို့ ဝင်ရောက်ကြပါ။ နှောင့်နှေးကြသူများကို အရှုံးပေးသူများအဖြစ် သတ်မှတ်ပါမည်။"
အားလုံးက မဆိုင်းမတွပင် အစီအရင်ထဲသို့ ဝင်ရောက်လိုက်ကြသည်။ နောက်တစ်ခဏတွင် ၎င်းတို့သည် ကြီးမားသော ရင်ပြင်ကျယ်ကြီး တစ်ခုသို့ ရောက်ရှိသွားကြ၏။
ရင်ပြင်ပေါ်တွင် စားပွဲများနှင့် ထိုင်ခုံများ စီစဉ်ထားပြီး စားပွဲတိုင်းပေါ်တွင် ကျောက်စိမ်းပြား ဆယ်ချပ်ကျော်ခန့်စီ တင်ထားပေသည်။
ကျင့်ကြံသူ တစ်ဦးစီကို စားပွဲတစ်လုံးစီ သတ်မှတ်ပေးထား၏။ ၎င်းတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် အချို့က စိတ်မရှည်စွာပင် နေရာယူလိုက်ကြတော့သည်။
သတင်းအချက်အလက်သစ်များ ထပ်မံ ထွက်ပေါ်လာရာ ယခုအဆင့်မှာ မေးခွန်းများကို ဖြေဆိုခြင်းဖြင့် အမှတ်ယူရမည့် အဆင့်ဖြစ်ကြောင်း အားလုံး သိလိုက်ကြရသည်။
အမှတ်အပေါ် မူတည်၍ အဆင့်သတ်မှတ်ချက်များကို ပြောင်းလဲသတ်မှတ်မည် ဖြစ်ပြီး အောက်ဆုံးမှ ၁၀ ဦးမှာ ဖယ်ထုတ်ခံရမည် ဖြစ်သည်။
အခြားသူများကို နှောင့်ယှက်ခြင်း သို့မဟုတ် မသမာသော နည်းလမ်းများကို အသုံးပြုပါက ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးမည် ဖြစ်ပေသည်။
ချက်ချင်းပင် အားလုံးမှာ တင်းမာသွားကြ၏။ နင်းကျော့မှာမူ ပို၍ တင်းမာနေမိသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ လက်ရှိအဆင့်မှာ အောက်ဆုံးတွင် ရှိနေသောကြောင့် ဖြစ်၏။
"ဟေး၊ နင် ဒါကို ဖြေနိုင်ရဲ့လား" ဟု ယန်ချန်ယွီက စွန်းလင်ထုံအား အော်ပြောလိုက်သည်။
"နင်က အဆင့်အောက်ဆုံးမှာနော်။"
သူမ၏ အော်ဟစ်သံကြောင့် အားလုံး၏ အာရုံမှာ ၎င်းတို့ဆီသို့ ရောက်ရှိသွားတော့သည်။
မုန့်ချုံသည် စွန်းလင်ထုံကို ဒေါသတကြီး စိုက်ကြည့်နေမိ၏။ ထိုကလေးပုံစံနှင့် မိစ္ဆာကျင့်ကြံသူက သူ့အား အရှက်ရအောင် လုပ်ခဲ့ခြင်း မဟုတ်လော။ စွန်းလင်ထုံမှာမူ နင်းကျော့အတွက် စိုးရိမ်နေသော်လည်း နင်းကျော့ဘက်သို့ မကြည့်မိအောင် သတိထားနေရသည်။
သူသည် ယုံကြည်မှုအပြည့်ရှိသည့် ပုံစံဖြင့် ဟားဟားတိုက် ရယ်မောနေလိုက်၏။
နန်းတွင်းစာမေးပွဲ တရားဝင် စတင်လေပြီ။
နင်းကျော့သည် ရင်ခုန်သံ အနည်းငယ် မြန်လာသော်လည်း ကျောက်စိမ်းပြား တစ်ချပ်ကို အမြန်ကောက်ယူကာ နဖူးပေါ်တင်၍ စစ်ဆေးလိုက်သည်။
မေးခွန်းများစွာ ရှိနေပြီး သူ၏ အဖြေများကို စိတ်ဝိညာဉ်အာရုံဖြင့် ကျောက်စိမ်းပြားထဲသို့ တစ်ခုချင်းစီ ရိုက်နှိပ်ထည့်သွင်းရမည် ဖြစ်သည်။
နင်းကျော့၏ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားပြီး စိတ်အခြေအနေမှာ ပို၍ ကောင်းမွန်လာချေသည်။
မေးခွန်း (၁) - "မှန်တစ်ချပ်သည် ယင်းနှင့်ယန်ကို ပေါင်းစည်းပေးကာ အတွင်းအပြင် နှစ်ဖက်လုံးကို မြင်စေသည်။" မှန်ဝိညာဉ် ဆက်သွယ်ခြင်းပညာရပ်သည် မှန်များကို အသုံးပြု၍ ကိစ္စရပ်များကို စစ်ဆေးသော်လည်း ယင်းနှင့်ယန်ကို ပေါင်းစည်းကာ အမှန်တရားကို မည်သို့ ဖော်ထုတ်နိုင်သနည်း။ ယင်းနှင့်ယန် သဘောတရားများကို ပေါင်းစပ်လျက် မှန်ဝိညာဉ် ဆက်သွယ်ခြင်း နည်းလမ်းကို ရှင်းပြပါ။
မေးခွန်း (၂) - "အကြောများကို ဆေးဆိုးပါက အရိုးများလည်း ခိုင်မာလာမည်။" မိစ္ဆာသွေးကြောကျင့်စဉ်တွင် အကြောနှင့် အရိုးများကို သွေးဖြင့် ဆေးဆိုးသည့် နည်းလမ်း ပါဝင်သည်။ သို့သော် ယင်းက အကြောနှင့် အရိုးများကို မည်သို့ ခိုင်မာစေကာ ခွန်အားကို နှစ်ဆ တိုးပွားစေသနည်း။ အကြောနှင့် အရိုးတို့၏ ဆက်စပ်မှုကို ဆွေးနွေးပြီး ကျင့်ကြံသူများအပေါ် သက်ရောက်မှုကို ရှင်းပြပါ။
မေးခွန်း (၃) - ဓာတ်ငါးပါးဝိညာဉ်စွမ်းအား ပြောင်းလဲခြင်းချပ်ပြားတွင် ဓာတ်တစ်ခုစီအတွက် ဝိညာဉ်စွမ်းအား သဲလွန်စများ ရှိသည်။ ကျင့်ကြံသူ တစ်ဦးအနေဖြင့် မီးဓာတ်ဆိုင်ရာ ဂါထာသုံးခုကို ပယ်ဖျက်ပြီး ရေဓာတ်နှင့် သစ်သားဓာတ် ဝိညာဉ်စွမ်းအား နှစ်ခုစီကို ချန်ထားနိုင်မည့် နည်းလမ်း မည်မျှ ရှိသနည်း။
လူအများမှာ တွေးတောနေကြ၏။ "မိစ္ဆာသွေးကြောကျင့်စဉ်က တကယ်ပဲ ထိပ်တန်းဂိုဏ်းကြီး သုံးခုရဲ့ ပညာရပ် ဖြစ်နေတာလား။ ဒါပေမဲ့ ဝိညာဉ်စွမ်းအား သန့်စင်ခြင်း ပဉ္စမအဆင့်မှာ အကြောနဲ့ အရိုးကို သွေးနဲ့ ဆေးဆိုးတဲ့အကြောင်း မပါဘူးလေ။"
"ပြီးတော့ ဓာတ်ငါးပါးဝိညာဉ်စွမ်းအား ပြောင်းလဲခြင်းချပ်ပြားဆိုတာကရော ဘာကြီးလဲ။"
"မှန်ဝိညာဉ် ဆက်သွယ်ခြင်းပညာရပ်ဆိုတာကရော ဘာလဲ။ ဒါကလည်း ထိပ်တန်းဂိုဏ်းကြီး သုံးခုရဲ့ ပညာရပ်နဲ့ တူပေမယ့် ငါ တစ်ခါမှ မမြင်ဖူးပါလား။"
"သွားပြီ၊ ငါတို့တော့ သွားပြီ။"
"မကြောက်နဲ့၊ စိတ်အေးအေးထား။ ငါ မသိရင် တခြားလူတွေလည်း သိမှာ မဟုတ်ဘူး မဟုတ်လား။"
"ဟုတ်တယ်၊ ဟုတ်တယ်။ ဘယ်သူမှ မသိရင် အဆင့်သတ်မှတ်ချက်က သိပ်ပြောင်းမှာ မဟုတ်ဘူး။"