အခန်း (၃၂၃-၃၂၄)
Vol. 17 Ch. 323-324
အခန်း (၃၂၃) - ကဗျာနှစ်ပုဒ် (အပိုင်း ၂)
"ဘယ်ဘက်ကပဲ ရရ၊ ဒါကို ပြန်ပြင်ဖို့အတွက် ကြီးမားတဲ့ အဖိုးအခ ပေးရပါလိမ့်မယ်"
"နင်းမျိုးနွယ်စုအတွက် ဆိုရင်တော့ အကြီးအကဲကို ကျွန်တော်တို့ ကူညီပြီး အဆုံးသတ်အောင်ပွဲ ရယူပေးတာက အကောင်းဆုံးနဲ့ အမျှော်အမြင်အရှိဆုံး ဖြစ်မယ်လို့ ယုံကြည်ပါတယ်၊ ဒါမှလည်း နန်းတွင်းမိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်မှာပါ"
ကျူးရွှမ်းကျိသည် ခေါင်းညိတ်ပြရုံသာ ပြုလုပ်ပြီး ဘာမှထပ်မပြောတော့ပေ။
နင်းကျော့သည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။
နန်းတော်သခင် ရာထူးကို ကျူးရွှမ်းကျိက တကယ်တမ်း စွန့်လွှတ်လိုခြင်း မရှိသည်ကို သူသိနေသည်။
တစ်ကယ်တမ်း စွန့်လွှတ်လိုသည့်တိုင် ဒုတိယအဆင့် စမ်းသပ်မှုပြီးလျှင် တတိယအဆင့် ကျန်ရှိနေသေးသဖြင့် ကျူးရွှမ်းကျိတွင် စွန့်လွှတ်ပိုင်ခွင့် မရှိသေးပေ။
နင်းကျော့အနေဖြင့် နန်းတော်သခင် ရာထူးကို စိတ်ဝင်စားဟန်ပြလျှင် အလွန်မိုက်မဲရာ ကျပေလိမ့်မည်။
ယခုကဲ့သို့ ကျူးရွှမ်းကျိက ပြောဆိုနေခြင်းမှာ နင်းကျော့အနေဖြင့် မျိုးနွယ်စုခွဲတစ်ခု၏ ခေါင်းဆောင် ဖြစ်လာရုံမျှဖြင့် မိမိ၏ အဆင့်အတန်းနှင့် မထိုက်တန်သော လောဘဇောများ မတက်ကြွစေရန် သတိပေးနေခြင်းပင် ဖြစ်သည်။
ထို့အပြင် နင်းကျော့အား နင်းကျိုဖန်က အခန်းထဲတွင် ပြောခဲ့သကဲ့သို့ မပိုင်ဆိုင်သင့်သည်ကို မမက်မောရန် သတိပေးနေခြင်းလည်း ဖြစ်သည်။
"ပြောသင့်တာရှိသလို၊ မပြောဘဲ ချန်ထားသင့်တာလည်း ရှိတယ်၊ မင်းဟာ အခုဆို နင်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီဆိုတာ မှတ်ထားပါ" ဟု နင်းကျိုဖန်က ဆိုခဲ့ဖူးသည်။
ဤစကားများမှာ နင်းကျော့ကို ရည်ရွယ်ပြောဆိုခြင်း ဖြစ်သော်လည်း ဝန်းထဲရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ကျူးရွှမ်းကျိကိုလည်း သိစေလိုဟန် ရပါ၏။
အထက်လူကြီးများကြား ဆက်သွယ်ပြောဆိုမှု အများစုမှာ ဤကဲ့သို့ပင် နူးညံ့သိမ်မွေ့ပြီး သွယ်ဝိုက်၍ အဓိပ္ပာယ်ဖော်ဆောင်လေ့ ရှိကြသည်။
နင်းကျော့၏ သဘောထားကို ကျူးရွှမ်းကျိက ကျေနပ်သွားပြီးနောက် လိုရင်းကို ရောက်လာတော့သည်။
"ငါ မင်းကို လာရှာတဲ့ အကြောင်းရင်းကို မင်းသိမှာပါ"
နင်းကျော့သည် သက်ပြင်းတစ်ချက်ကို အားပါးတရ ချလိုက်ပြီး ကျူးရွှမ်းကျိကို တစ်ဖန် ဦးညွှတ်လိုက်ပြန်သည်။
ယခုအခါတွင်မူ သူသည် ယုံကြည်မှု ရှိနေပြီဖြစ်သဖြင့် ပွင့်ပွင့်လင်းလင်းပင် ပြောဆိုလိုက်တော့သည်။ "အကြီးအကဲကျူး၊ ကျွန်တော့်ဘက်က အရင်က ဖုံးကွယ်ထားခဲ့တာတွေ ရှိတာ မှန်ပါတယ်၊ တကယ်တော့ တိုက်ရိုက်ထုတ်ပြောဖို့ ခက်ခဲတဲ့ အကြောင်းအရာတွေ အများကြီး ရှိနေလို့ပါ"
"ဒီနေ့လို အခြေအနေမျိုး ဖြစ်လာမယ်ဆိုတာကို ကျွန်တော် ကြိုတင်တွေးဆမိခဲ့ပါတယ်၊ အဲဒါကြောင့် အသေအချာ စဉ်းစားပြီး တစ်ခုခု ပြင်ဆင်ထားခဲ့ပါတယ်"
"ဒါဟာ ကျွန်တော် လုပ်ပေးနိုင်တဲ့ အတိုင်းအတာရဲ့ အကန့်အသတ်ပါပဲ"
ပြောပြောဆိုဆိုဖြင့် နင်းကျော့သည် သူ၏ရင်ဘတ်အတွင်းမှ စာရွက်တစ်ရွက်ကို ထုတ်ယူကာ ကျူးရွှမ်းကျိထံသို့ ကမ်းပေးလိုက်သည်။
ကျူးရွှမ်းကျိက ထိုစာရွက်ကို ယူ၍ ချက်ချင်းပင် ဖြန့်ကြည့်လိုက်ရာ ကဗျာတစ်ပုဒ် ရေးသားထားသည်ကို တွေ့လိုက်ရ၏။
ဝိညာဉ်ဖြူတိမ်တိုက် ထက်ကောင်းကင်၌ တစ်ကိုယ်တည်းရပ်တည်၊
အဝေးက တောင်တန်းတွေပေါ်မှာ တိမ်တိုက်တွေက လကွယ်တဲ့အထိ လွင့်မျောနေပြီ။
လမင်းနဲ့အတူ ရာစုနှစ်ပေါင်းများစွာ သစ္စာပြုထားပေမဲ့၊
လူတွေ ဘယ်လိုပဲ အကွက်ချပါစေ၊ ကောင်းကင်ဘုံကပဲ အဆုံးအဖြတ် ပေးပါလိမ့်မယ်။
သူသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်သော်လည်း မကြာမီပင် ပြန်လည်ဖြေလျှော့ကာ နင်းကျော့ကို ခေါင်းညိတ်ပြလိုက်သည်။
နင်းကျော့အနေဖြင့် ဗုဒ္ဓနှလုံးသားဂိုဏ်းနှင့် ထုတ်ဖော်ပြော၍မရသော ကတိကဝတ် ရှိနေသည်ဖြစ်စေ၊ သို့မဟုတ် မိမိအကျိုးအတွက် သတင်းအချက်အလက်အချို့ကို ဆက်လက်ဖုံးကွယ်ထားသည်ဖြစ်စေ၊ ကျူးရွှမ်းကျိကတော့ လက်ခံရန် ဆုံးဖြတ်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ကျူးရွှမ်းကျိက လက်ညှိုးတစ်ချောင်းကို မြှောက်ကာ ဝိညာဉ်စွမ်းအား အနည်းငယ်ဖြင့် မီးတောက်ကို ဖန်တီးလိုက်သည်။
လေထဲသို့ ပစ်တင်လိုက်သော စာရွက်မှာ ချက်ချင်းပင် မီးစွဲလောင်သွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ကျူးရွှမ်းကျိသည် လှည့်ထွက်သွားလေတော့၏။
နဂါးလိပ် မီးလျှံဝိညာဉ်သည် မကြာသေးမီက ကျူးရွှမ်းကျိအပေါ် အထူးစိတ်ဝင်စားနေခဲ့သည်။
ကျူးရွှမ်းကျိ တစ်ယောက် နင်းကျော့၏ ဂေဟာသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် နဂါးလိပ်၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။
နင်းကျော့နှင့် ကျူးရွှမ်းကျိတို့ကြား ပြောဆိုသမျှ အပြန်အလှန် ဆက်ဆံမှုအားလုံးကို နဂါးလိပ် မီးလျှံဝိညာဉ်က စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် စာရွက်ပေါ်ရှိ ကဗျာကိုလည်း ၎င်းက သဘာဝအတိုင်း တွေ့မြင်သွားလေသည်။
၎င်းက ဇဝေဇဝါ ဖြစ်သွားပြီး "ဒါတွေက ဘာကို ဆိုလိုတာလဲ" ဟု တွေးတောနေမိသည်။
နဂါးလိပ် မီးလျှံဝိညာဉ်သည် စိတ်မရှည်ဖြစ်လာပြီး အတန်ကြာ စဉ်းစားပြီးနောက် နင်းကျော့ကို စတင်ဆက်သွယ်လိုက်တော့သည်။
"သခင်လေး၊ အဆင်ပြေရဲ့လား" ဟု အစချီကာ ဟန်ဆောင်ပန်ဆောင် မေးမြန်းရင်း စာရွက်ထဲရှိ ကဗျာ၏ အဓိပ္ပာယ်ကို စူးစမ်းရှာဖွေလေတော့သည်။
"စိတ်ချပါ၊ ငါက နည်းဗျူဟာ တစ်ခုကို အသုံးပြုလိုက်တာပါ၊ သူ့ကို တစ်ခါပြန်ပြီး မောင်းထုတ်လိုက်နိုင်ပြီ"
နဂါးလိပ် မီးလျှံဝိညာဉ်က ကဗျာ၏ အဓိပ္ပာယ်ကို ဆက်လက်နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းနေပြန်သည်။
နင်းကျော့က ရယ်မောရင်း "ဟားဟား၊ အဲဒါကတော့ ပြောလို့မဖြစ်ဘူး၊ ပြောလို့မရဘူး" ဟု ဆိုလိုက်လေသည်။
ထို့နောက် သူက စကားလမ်းကြောင်းကို ချက်ချင်း လွှဲပြောင်းလိုက်သည်။ "မင်းက ဘူးသီးပုံစံ ဆေးဖိုတောအုပ်ကို ဗုံးကြဲပြီး ရွှေမီးဖို အပျက်အစီးတွေကို တိုက်ရိုက်ဖျက်ဆီးချင်နေတာ မဟုတ်လား၊ အဲဒါကို လုပ်ဖို့ ငါ ဆုံးဖြတ်လိုက်ပြီ၊ မကြာခင်မှာ လုပ်တော့မှာ၊ မင်းဘက်က ငါ့ခေါ်သံကို အချိန်မရွေး နားစွင့်ထားဖို့ အသင့်ပြင်ထားပါ"
နဂါးလိပ် မီးလျှံဝိညာဉ်သည် အလွန်အမင်း ဝမ်းသာသွားတော့သည်။ မကြာသေးမီက ဤအစီအစဉ်ကို လုပ်ဆောင်ရန် နင်းကျော့အား မည်သို့ နားချရမည်ကို ၎င်းက စိုးရိမ်နေခဲ့ရခြင်း ဖြစ်သည်။
နင်းကျော့သည် ဖိအားများကို ဆက်လက်မတောင့်ခံနိုင်တော့ဘဲ ထိုအခြေအနေများကို သဘောတူလိုက်လေသည်။
ကျူးရွှမ်းကျိကို ပြန်လွှတ်ပြီး နဂါးလိပ် မီးလျှံဝိညာဉ်ကိုလည်း အချိန်ဆွဲထားနိုင်ပြီးနောက် နင်းကျော့သည် သူ၏ လက်အောက်ငယ်သားများကို စတင်စုစည်းလိုက်တော့သည်။
မကြာမီပင် နင်းရှန့်ကော်၊ နင်းရှန့်ချန်၊ နင်းချန်၊ နင်းယုံနှင့် အခြားသူများ ရောက်ရှိလာကြသည်။
နင်းကျော့သည် သူရရှိထားသော နင်းမျိုးနွယ်စု အမှတ်တံဆိပ်နှင့် ပူဇော်မှုဆိုင်ရာ အမှတ်တံဆိပ်တို့ကို သူတို့ရှေ့တွင် ထုတ်ပြလိုက်သည်။
လူအများမှာ အလွန်ဝမ်းသာသွားကြ၏။
"အောင်မြင်သွားပြီ၊ ပင်မမျိုးနွယ်စုကနေ ခွဲထွက်နိုင်ပြီ"
"ခေါင်းဆောင်၊မင်းက တကယ့်ကို အံ့ဩစရာကောင်းတာပဲ"
"မျိုးနွယ်စုခေါင်းဆောင်၊ အခုဆိုရင် ကျွန်တော်တို့ ကိုယ်ပိုင်မျိုးနွယ်စုခွဲကို တည်ထောင်နိုင်ပြီပေါ့"
ခန်းမဆောင်အတွင်းရှိ အခြေအနေမှာ အလွန်ပင် တက်ကြွလှိုက်လှဲနေတော့သည်။
နင်းကျော့သည် ပြုံးလျက်ပင် လူတိုင်း၏ ပျော်ရွှင်မှုကို ဖော်ပြနိုင်ရန် အချိန်အလုံအလောက် ပေးထားလိုက်သည်။
ဆူညံသံများ ငြိမ်သက်သွားသည့်အခါ သူက ခန်းမထဲရှိ လူတစ်ယောက်ကို လှည့်ကြည့်ကာ "လိပ်သက်ရှူဂိုဏ်းချုပ်၊ မင်းစုဆောင်းထားတဲ့ သတင်းအချက်အလက်တွေ အကုန်စုံပြီလား" ဟု မေးလိုက်သည်။
လိပ်သက်ရှူဂိုဏ်းချုပ်သည် ထောက်လှမ်းရေးတွင် ကျွမ်းကျင်သူဖြစ်ပြီး နင်းကျော့က သူ့ကို နန်းတော်အတွင်းသို့ စိမ့်ဝင်ထောက်လှမ်းရန် အထူးတာဝန် ပေးထားခဲ့ခြင်း ဖြစ်သည်။
လိပ်သက်ရှူဂိုဏ်းချုပ်က ချက်ချင်းပင် ပြန်လည်ဖြေကြားသည်။ "ဒီအတောအတွင်း နင်းမျိုးနွယ်စုဝင်တွေရဲ့ ပြောဆိုလှုပ်ရှားမှု အတော်များများကို ကျွန်တော် စုဆောင်းထားပြီးပါပြီ၊ အချို့ ကျန်ရှိနေတာမျိုး ရှိနိုင်ပေမဲ့ သတင်းအမှားတွေကို ယုံကြည်နေသူတွေ ဒါမှမဟုတ် သခင်လေးကို တိတ်တဆိတ် သွေးထိုးလှုံ့ဆော်ပြီး နှိမ့်ချပြောဆိုနေသူ အားလုံးကို ကျွန်တော် မှတ်တမ်းတင်ထားပါတယ်"
ခန်းမဆောင်အတွင်းရှိ အခြေအနေမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
နင်းကျော့သည် လက်ဖက်ရည်ကို အသာအယာ တစ်ငုံသောက်ကာ လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ ပြန်ချလိုက်ပြီးမှ စကားစပြောသည်။
"ကောင်းပြီ၊ သိပ်ကောင်းတယ်"
သူသည် ခန်းမအတွင်းရှိ လူတိုင်းကို ကြည့်လိုက်ပြီး "ငါ့ရဲ့ ဦးလေးကတော့ သူ့သားကို ဆုံးရှုံးလိုက်ရလို့ ဒီလိုလုပ်တာဟာ တစ်ဖက်ကကြည့်ရင် မှန်သင့်သလောက် မှန်ပါတယ်၊ သူက လူထုရဲ့ ထင်မြင်ချက်ကို အသုံးချပြီး သူ့သားအတွက် လက်စားချေချင်နေတာပါ" ဟု ဆိုသည်။
"ဒါပေမဲ့ သူ့နောက်ကိုလိုက်ပြီး သူသွေးထိုးသမျှ ကခုန်နေတဲ့ မျိုးနွယ်စုခွဲဝင်တွေ အများကြီးမှာတော့ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိနေကြတယ်"
"သူတို့က မိုက်မဲရုံသက်သက် ဆိုရင်တောင်မှ၊ အဲဒါဟာ ငါတို့နဲ့အတူ လက်တွဲခေါ်ယူဖို့ မသင့်တော်တဲ့ လူစားမျိုးတွေ ဖြစ်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်နေပါပြီ"
"မင်းတို့ရော ဘယ်လိုထင်လဲ"
လူတိုင်းမှာ စကားမဆိုနိုင်ဘဲ ဆိတ်ဆိတ်သာ နေကြတော့သည်။
နင်းကျော့သည် အနည်းငယ် ပြုံးပြလိုက်သော်လည်း သူတို့အပေါ်တွင် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိအားများကို ပေးနေလေသည်။
ခဏအတွင်းမှာပင် နင်းချန်၏ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် စိုရွှဲသွားတော့သည်။
နင်းကျော့က ဆက်လက်ပြောကြားသည်မှာ "ငါတို့ မျိုးနွယ်စုခွဲထွက်ပြီး အသစ်တည်ထောင်မယ့် ကိစ္စကို လျှို့ဝှက်ထားရမယ်၊ ငါတို့နဲ့ တကယ် စိတ်တူကိုယ်တူ မရှိတဲ့လူတွေက ဘယ်သူတွေလဲဆိုတာ ငါ သေချာကြည့်ဖို့ အချိန်ယူရဦးမယ်"
လူတိုင်းကလည်း ချက်ချင်းပင် နားလည်ကြောင်း ပြသကြသည်။
သူတို့သည် မျိုးနွယ်စုခွဲကို ချက်ချင်းတည်ထောင်လိုစိတ် ပြင်းပြနေကြသော်လည်း နင်းကျော့၏ အကျိုးအကြောင်းပြချက်မှာ ခိုင်လုံနေသဖြင့် ကန့်ကွက်ရန် အကြောင်းမရှိပေ။
"မင်းတို့အတွက် ငါ့မှာ တာဝန်အချို့ ရှိတယ်" ဟု ဆိုကာ နင်းကျော့သည် ကျောက်စိမ်းတုံး တစ်တုံးကို ထုတ်လိုက်သည်။
ဒါဟာ ကျူးရွှမ်းကျိက သူ့ကို ပေးခဲ့တဲ့ အထွတ်အထိပ်အဆင့် ကျောက်စိမ်းတုံး ဖြစ်ပြီး ၎င်းအတွင်းရှိ ရေခဲဓာတ်ဆိုင်ရာ ဝိညာဉ်စွမ်းအားများမှာ ကုန်ဆုံးနေပြီဖြစ်သည်။
နင်းကျော့သည် သူ၏ လက်အောက်ငယ်သားများကို အစီအရင်တစ်ခု ပြုလုပ်စေပြီး၊ သူတို့၏ ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ ရေခဲဓာတ်အဖြစ် သန့်စင်ကာ ထိုကျောက်စိမ်းတုံးအတွင်းသို့ ပြန်လည်ဖြည့်သွင်းရန် အမိန့်ပေးလိုက်သည်။
လက်အောက်ငယ်သားများမှာလည်း အမိန့်ကို လက်ခံပြီး စိတ်လှုပ်ရှားစွာ ထွက်ခွာသွားကြသည်။
မျိုးနွယ်စု ခွဲထွက်တော့မည့် အလားအလာကြောင့် သူတို့မှာ စိတ်ဓာတ်တက်ကြွနေကြပြီး၊ နင်းကျော့ပေးအပ်သော တာဝန်များကို အကောင်းဆုံး ပြီးမြောက်အောင် ဆောင်ရွက်ကာ မျိုးနွယ်စုခွဲအသစ်တွင် ရာထူးကောင်းကောင်း ရရှိရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
နင်းကျော့သည် လိပ်သက်ရှူဂိုဏ်းချုပ်ကို နောက်ဆုံးအထိ ချန်ထားခဲ့ပြီး ကျူးရွှမ်းကျိ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်ရန် အထူးညွှန်ကြားချက် ပေးလိုက်သည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးကို စောင့်ကြည့်ရန် တာဝန်ပေးအပ်ခံရသဖြင့် လိပ်သက်ရှူဂိုဏ်းချုပ်မှာ ဖိအားများ ခံစားရသော်လည်း နာခံရန်မှတစ်ပါး အခြားမရှိပေ။
နင်းကျော့ တစ်ယောက်တည်း ကျန်ရှိတော့မှသာ သူသည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်လေသည်။
သူသည် မျိုးနွယ်စု ခွဲထွက်နိုင်ရန် ကြိုးစားနေခြင်းမှာ အားနည်းချက်များကို ဖယ်ရှားပစ်ရန်သာ ဖြစ်သည်။
အခြေအနေကို စောင့်ကြည့်ဦးမည်ဟု အကြောင်းပြကာ မျိုးနွယ်စုခွဲ တည်ထောင်ခြင်းကို ရွှေ့ဆိုင်းနေခြင်းမှာလည်း နင်းချန်နှင့် နင်းယုံတို့ကဲ့သို့သော လူများကို အမှုပတ်သက်ခြင်း မရှိစေရန် ရှောင်ရှားခြင်း ဖြစ်သည်။
သူလျှိုတစ်ယောက်ဖြစ်သည့် နင်းရှန့်ကော် အပေါ်တွင်ပင် နင်းကျော့သည် အချိန်အတော်ကြာ ပေါင်းသင်းခဲ့ပြီးနောက် သံယောဇဉ် အနည်းငယ် ရှိနေခဲ့ပြီ ဖြစ်သည်။
နင်းကျော့သည် သူ၏ နောက်ထပ်လှုပ်ရှားမှုမှာ အောင်မြင်မည်၊ မအောင်မြင်မည်ကို မသိနိုင်သေးပေ။
အကယ်၍ နောင်တွင် အခြေအနေများ ဆိုးဝါးသွားပြီး သူသည် ဝရမ်းပြေး ရာဇဝတ်သား တစ်ဦး ဖြစ်လာခဲ့ပါက သူတို့ပါ အတူတူ ဆွဲနှစ်ခြင်း မခံရစေရန် ယခုကတည်းက လူတိုင်းနှင့် ခပ်ကင်းကင်း နေရန် လိုအပ်နေခြင်းပင် ဖြစ်တော့သည်။
အခန်း (၃၂၄)- ချစ်ခြင်းဟူသည် စွန့်လွှတ်ခြင်း
ပြင်းပြလှသော မီးလျှံတို့သည် တဟုန်းဟုန်းတောက်လောင်နေကြပြီး အပူရှိန်ပြင်းထန်လွန်းလှသဖြင့် ပတ်ဝန်းကျင်လေထုပင် ရှုံ့တွတွန့်လိမ်နေချေသည်။
ချော်ရည်တို့ ပွက်ပွက်ဆူနေစဉ်မှာပင် တောင်ငယ်တစ်မျှကြီးမားသော မီးလျှံနတ်ဆိုး သားရဲ တစ်ကောင်ဖြစ်သည့် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် မီးလျှံနင်း ပုတ်သင်ညိုကြီးသည် ရုတ်ချည်းဆိုသလို ထွက်ပေါ်လာတော့သည်။
၎င်းသည် တောင်ဘက်အရပ်မှနေ၍ အလစ်အငိုက် စီးနင်းတိုက်ခိုက်လိုက်ရာ ချော်ရည်နန်းတော်ကို အားပြင်းစွာ ဆောင့်တိုက်မိလေသည်။
တစ်ချိန်တည်းမှာပင် မြောက်ဘက်မျက်နှာချင်းဆိုင်အရပ်၌လည်း မီးလျှံတို့ရစ်ပတ်နေသော ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် မီးလျှံမြွေကြီးတစ်ကောင်သည် ပါးစပ်ကို ဟစိလျက် မီးလျှံအလျဉ်တို့ကို မှုတ်ထုတ်လိုက်တော့၏။
သည်းခံနိုင်စွမ်းမရှိလောက်အောင် ပူပြင်းလှသော မီးလျှံတို့သည် ချော်ရည်နန်းတော်၏ လုံးဝန်းသော အလင်းတံတိုင်းကို ဝိုင်းရံပိတ်ဆို့လျက် မြှိုက်ကန်နေကြချေသည်။
အလင်းတံတိုင်းမှာ ယခင်ကပင် ပျက်စီးယိုယွင်းနေခဲ့ရာ အဆိုပါ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ မိစ္ဆာသားရဲနှစ်ကောင်၏ နှစ်ဖက်ညှပ်တိုက်ခိုက်မှုအောက်တွင် အက်ကြောင်းများ အလုအယက် ထွက်ပေါ်လာတော့ရာ အခြေအနေမှာ အလွန်ပင် စိုးရိမ်ဖွယ်ရာ ဖြစ်နေတော့သည်။
“မိစ္ဆာသားရဲတွေပါလား” ဟု မုန့်ခွေက အေးစက်စွာ အော်ဟစ်လိုက်၏။
ထို့နောက် ကျင့်စဉ်တစ်ခုဖြစ်သော လျှို့ဝှက်လက်ဝါးကို ထုတ်ဖော်လိုက်လေသည်။
ကြီးမားလှသော လက်ဝါးရိပ်တို့သည် အရပ်မျက်နှာအနှံ့မှ စုစည်းလာကြပြီး တောင်ဘက်နှင့် မြောက်ဘက်ရှိ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ မိစ္ဆာသားရဲတစ်ကောင်စီထံသို့ တစ်စုံစီ ဦးတည်သွားကြတော့သည်။
မီးလျှံမြွေကြီးသည် တရှူးရှူးမြည်ဟိန်းလျက် ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကို တွန့်လိမ်ကာ တိုက်ခိုက်မှုကို ရှောင်တိမ်းသွားချေသည်။
သို့သော် မီးလျှံနင်း ပုတ်သင်ညိုကြီးမှာမူ တုံ့ဆိုင်းခြင်းလည်းမရှိ၊ ရှောင်တိမ်းခြင်းလည်းမပြုဘဲ လက်ဝါးရိပ်ကြီး၏ အရှိန်ပြင်းလှသော ရိုက်ချက်ကို အတင်းအဓမ္မ ကြံ့ကြံ့ခံလျက် လုံးဝန်းသော အလင်းတံတိုင်းကိုသာ ဆက်လက်၍ ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်နေတော့၏။
မသေမျိုးနန်းတော်ကြီး တစ်ခုလုံး တုန်ခါသွားရချေပြီ။
မီးလျှံနင်း ပုတ်သင်ညိုကြီး၏ ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် အနီးနားရှိ စက်မှုအဆောက်အအုံများမှာ တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးသွားကြရသည်။
မြေပြင်မှာလည်း အက်ကွဲသွားပြီးနောက် နန်းတော်၏ ထောင့်တစ်နေရာသည် ပင်မကိုယ်ထည်ကြီးမှ ပြတ်ထွက်သွားကာ အောက်ဘက်ရှိ ချော်ရည်များအတွင်းသို့ လွင့်စင်ကျဆင်းသွားတော့သည်။
နန်းတော်၏ အစိတ်အပိုင်းတစ်ခု ပြိုကျပျက်စီးသွားသဖြင့် လှုပ်ခတ်သွားသော ချော်ရည်တို့သည် နန်းတော်အပြင်ဘက်ရှိ ပျက်စီးနေသော တံတိုင်းများနှင့် အကြွင်းအကျန်များဆီသို့ ကြီးမားသော လှိုင်းလုံးကြီးများသဖွယ် ဒလဟော စီးဝင်သွားကြချေသည်။
အစွမ်းကုန် မပိတ်ဆို့နိုင်သေးသော လုံးဝန်းသည့် အလင်းတံတိုင်း၏ ဟာကွက်များမှတစ်ဆင့် ချော်ရည်အမြောက်အမြားသည် ချော်ရည်နန်းတော်အတွင်းသို့ ပျံ့နှံ့ဝင်ရောက်လာကာ အဆောက်အအုံများကို ပိုမိုလောင်ကျွမ်းစေခဲ့ရာ တစ်ပြင်လုံးတွင် ပျက်စီးဆုံးရှုံးမှုများဖြင့်သာ ပြည့်နှက်နေတော့သည်။
မီးခိုးလုံးကြီးများ၏ အနက်ရှိုင်းဆုံးနေရာတွင် မုန့်ခွေသည် မျက်နှာသေဖြင့် စူးစိုက်ကြည့်နေလေသည်။
ထိုစဉ်မှာပင် ဝုန်းကနဲ မြည်ဟိန်းသံများနှင့်အတူ ချော်ရည်နန်းတော်၏ အတွင်းစည်းထဲတွင် တိုက်ပွဲတစ်ခု ရုတ်ချည်းဖြစ်ပွားလာတော့သည်။
အရိပ်နက် မိစ္ဆာကျင့်ကြံသူသည် တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး ယန်ချန်ယွီကို နောက်မှလိုက်လံ တိုက်ခိုက်နေခြင်းပင် ဖြစ်၏။
ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုဒဏ်ကြောင့် နန်းတော်အတွင်းရှိ ကျင့်ကြံသူအားလုံးနီးပါးမှာ နိုးကြားလာခဲ့ကြပြီ ဖြစ်သည်။
ထို့ကြောင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူနှင့် ယန်ချန်ယွီတို့၏ တိုက်ပွဲမှာ ကျင့်ကြံသူများ၏ အာရုံစိုက်မှုကို ချက်ချင်းပင် ရရှိသွားတော့သည်။
ထိုစဉ် သက်တံ့ရှည်ကြီးတစ်ခုသဖွယ် ရွှေရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းလျက် ယန်ချန်ယွီနှင့် အရိပ်နက် မိစ္ဆာကျင့်ကြံသူတို့ တိုက်ခိုက်နေသည့် စစ်တလင်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေလေသည်။
ထိုရင်းနှီးနေသော ပျံသန်းမှုအလင်းတန်းကို မြင်ရသည်နှင့် ၎င်းမှာ အခြားသူမဟုတ်ဘဲ ကျူးရွှမ်းကျိပင် ဖြစ်ကြောင်း လူတိုင်းက သံသယကင်းစွာ သိရှိလိုက်ကြ၏။
ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်နှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိ မီးလျှံနတ်ဆိုး သားရဲတို့မှာလည်း လှိုင်းလုံးကြီးများသဖွယ် တစ်ဖန်ပြန်လည် စုစည်းလာကြပြီး ချော်ရည်နန်းတော်၏ အတွင်းစည်းသို့ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်လာကြတော့သည်။
“အခွင့်အရေး ရောက်လာပြီ” ဟု ကျူးရွှမ်းကျိက တိတ်တဆိတ် အမိန့်ပေးလိုက်လေသည်။
ထို့ကြောင့် အမိန့်ပေးစင်မြင့်နှင့် ဓာတ်ငါးပါး အမြောက်မျှော်စင်တို့တွင် နေရာယူထားကြသော ပြင်ဆင်ရေးအဖွဲ့ သုံးဖွဲ့မှ အဖွဲ့ဝင်များသည် ထိုအမိန့်ကို စုပေါင်းအကောင်အထည်ဖော်ကြတော့၏။
၎င်းတို့၏ စီစဉ်မှုအောက်တွင် စက်မှုပစ္စည်းအနည်းငယ်သာ ရှေ့တန်း၌ ကျန်ရစ်တော့ရာ မိစ္ဆာသားရဲတို့သည် ဘူးသီးပုံစံ ဆေးဖိုတောအုပ်သို့ ချဉ်းကပ်လာခြင်းကို မဟန့်တားနိုင်တော့ချေ။
နဂါးလိပ် မီးလျှံဝိညာဉ်သည် အလွန်အမင်း စိုးရိမ်ပူပန်သွားကာ နင်းကျော့ထံသို့ အသည်းအသန် ဆက်သွယ်လိုက်လေသည်။ နင်းကျော့မှာ ဒုတိယအဆင့် ရာထူးကို ဆုပ်ကိုင်ထားဆဲဖြစ်သဖြင့် သူ၏ အမိန့်ပေးနိုင်စွမ်းမှာ ပြင်ဆင်ရေးအဖွဲ့ သုံးဖွဲ့မှ လူအားလုံးကို လွှမ်းမိုးထားနိုင်ဆဲပင် ဖြစ်၏။
သို့ဖြစ်ပါ၍ စက်မှုပစ္စည်းအမြောက်အမြားသည် ဆေးဖိုတောအုပ်ရှိရာအရပ်သို့ ပြန်လည်စုစည်းလာကြပြီး ဓာတ်ငါးပါး အမြောက်ကျည်ဆန်တို့မှာလည်း ပြင်းထန်သော မိုးသက်မုန်တိုင်းအလား မိစ္ဆာသားရဲလှိုင်းလုံးကြီးများအပေါ်သို့ အဆက်မပြတ် ကျဆင်းလာတော့သည်။
သို့သော်လည်း နင်းကျော့၏ တမင်ရည်ရွယ်သော ပေါ့လျော့မှုအောက်တွင် မီးလျှံနတ်ဆိုး သားရဲတစ်ကောင်သည် ခံစစ်ကို ထိုးဖောက်သွားကာ ရွှေမီးဖို အကြွင်းအကျန်များအတွင်းသို့ ဝင်ရောက်သွားလေသည်။
ထိုအခါ အစစ်အမှန် ကျူးရွှမ်းကျိသည် ရုတ်ချည်းထွက်ပေါ်လာပြီး နဂါးလိပ် မီးလျှံဝိညာဉ်၏ စိုးရိမ်တကြီး အော်ဟစ်သံများကြားမှပင် ရွှေမီးဖို အကြွင်းအကျန်များအတွင်းသို့ နောက်မှလိုက်လံ ဝင်ရောက်သွားတော့၏။
ယခင်က မြင်တွေ့ခဲ့ရသော ကျူးရွှမ်းကျိမှာ အစစ်အမှန်မဟုတ်ဘဲ ကျူးကျန်းက အသွင်ပြောင်း၍ ဟန်ဆောင်ထားခြင်းသာ ဖြစ်ပေသည်။
နဂါးလိပ် မီးလျှံဝိညာဉ်မှာ မသေမျိုးနန်းတော်၏ ကြီးမားလှသော ခံစစ်ကို တာဝန်ယူထားရပြီး မကုန်ဆုံးနိုင်သော မိစ္ဆာသားရဲတို့၏ တိုက်ခိုက်မှုကို တွန်းလှန်နေရသဖြင့် ကျူးရွှမ်းကျိကို အမြဲမပြတ် စောင့်ကြည့်မနေနိုင်ခဲ့ချေ။
ထို့ကြောင့် ကျူးကျန်းနှင့် ကျူးရွှမ်းကျိတို့ တိတ်တဆိတ် လူစားလဲခဲ့ကြသည်ကို ကြိုတင်၍ မရိပ်မိခဲ့ခြင်းပင် ဖြစ်၏။
“သခင်လေး... သခင်လေး”
“အခုပဲ တိုက်ခိုက်ပါတော့... မြန်မြန်လုပ်ပါ”
“ကျူးရွှမ်းကျိကို ဘယ်သဲလွန်စမှ ရှာမတွေ့စေနဲ့နော်”
ထိုအချိန်တွင် နဂါးလိပ် မီးလျှံဝိညာဉ်မှာ နှလုံးသားမရှိသော်ငြားလည်း နှလုံးတုန်ရင်နေသကဲ့သို့ ခံစားနေရရှာသည်။
နင်းကျော့သည် သွားကိုတင်းတင်းကြိတ်လျက် ပြတ်သားစွာပင် “ကျူးရွှမ်းကျိ... မင်းပဲ ငါ့ကို အကျပ်ကိုင်တာနော်” ဟု ဆိုလိုက်တော့၏။
နဂါးလိပ် မီးလျှံဝိညာဉ်၏ ပူးပေါင်းမှုဖြင့် သူသည် ဓာတ်ငါးပါး အမြောက်မျှော်စင်၏ တိုက်ခိုက်မှုများကို အစွမ်းကုန် ဖွင့်ချလိုက်ရာ ဓာတ်ငါးပါး အမြောက်ကျည်ဆန်တို့သည် ပြင်းထန်သော မုန်တိုင်းသဖွယ် ရွှေမီးဖို အကြွင်းအကျန်များပေါ်သို့ တစ်ပြင်လုံး လွှမ်းခြုံကျဆင်းလာတော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
ထိုပြင်းထန်လှသော ဗုံးကြဲတိုက်ခိုက်မှုများကြားတွင် ကျူးရွှမ်းကျိမှာ အတင်းအဓမ္မ တောင့်ခံထားရလေသည်။ သူသည် ယခုအချိန်တွင် အချိန်နှင့်အမျှ လုနေရကြောင်း သိထား၏။
အချိန်မှာ အလွန်ပင် ကန့်သတ်ချက်ရှိနေသဖြင့် သူသည် စုံစမ်းစစ်ဆေးရန်အတွက် ဆေးဖိုတစ်လုံးကိုသာ ရွေးချယ်နိုင်တော့မည် ဖြစ်သည်။
ဒုတိယ ရွှေမီးဖို၊ တတိယ ရွှေမီးဖိုနှင့် စတုတ္ထ ရွှေမီးဖိုတို့မှာ အားလုံး ပျက်စီးနေခဲ့ပြီဖြစ်သော်လည်း ၎င်းတို့အတွင်း၌ အလွန်တန်ဖိုးရှိသော သဲလွန်စများ ရှိနေနိုင်ပေသည်။
ကျူးရွှမ်းကျိသည် ခဏမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ဒုတိယ ရွှေမီးဖိုကိုသာ ရွေးချယ်လိုက်တော့၏။
ထိုသို့ရွေးချယ်ရခြင်းမှာ နင်းကျော့ပေးခဲ့သော ပဟေဠိကဗျာကြောင့်ပင် ဖြစ်သည်။
အဆိုပါကဗျာကို တစ်ကြိမ်မျှ မြင်ရုံဖြင့် ကျူးရွှမ်းကျိသည် အဖြေမှာ “နှစ်” ဖြစ်ကြောင်း တွက်ချက်နိုင်ခဲ့သည်။ ထို့ကြောင့် နင်းကျော့သည် ဒုတိယ ရွှေမီးဖိုကို ရည်ညွှန်းနေခြင်းဖြစ်သည်ဟု သူက ယုံကြည်လိုက်ခြင်းပင်။
သူသည် ဒုတိယ ရွှေမီးဖို၏ အပျက်အစီးများဆီသို့ အပြေးသွားကာ လက်ဝါးဖြင့် ထိတွေ့လျက် အခက်အခဲများကြားမှပင် အရင်းအမြစ် ရှာဖွေခြင်း ပညာရပ်ကို အသုံးပြုလိုက်တော့သည်။
သူ၏ ပင်ကိုပါရမီဖြစ်သော ရွှေမျက်စိအောက်တွင် အောက်ပါမြင်ကွင်းကို သူမြင်တွေ့လိုက်ရချေသည်။
ဒုတိယ ရွှေမီးဖို၏ တံခါးမှာ ပွင့်နေပြီး နေရာပြောင်းအစီအရင်မှနေ၍ ရေတွက်၍မရနိုင်သော ကုန်ကြမ်းပစ္စည်းများစွာ ပန်းထွက်နေလေသည်။
အဆိုပါ ကုန်ကြမ်းပစ္စည်းများမှာ အလွန်ထူးခြားသော အရည်အသွေးများရှိကြပြီး အနိမ့်ဆုံးမှာ ရွှေအမြုတေအဆင့်ဖြစ်ကာ အမြင့်ဆုံးမှာ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်အထိပင် ရှိကြချေသည်။
ထိုအထဲတွင် မျက်စိကို ချက်ချင်းပင် ဆွဲဆောင်သွားစေသည်မှာ နဂါးတစ်ကောင်၏ ခန္ဓာကိုယ်ပင် ဖြစ်၏။ ၎င်းမှာ အလွန်ပင် ခန့်ညားထည်ဝါပြီး တောက်ပလှကာ တစ်ကိုယ်လုံး ကျောက်စိမ်းကဲ့သို့ ဖန်တီးထားခြင်း ဖြစ်ပေသည်။
ကျောက်စိမ်းသားအတွင်း၌ အနီရောင်နှင့် လိမ္မော်ရောင် မီးလျှံတို့မှာ တိတ်ဆိတ်စွာပင် တလက်လက်တောက်ပနေကြပြီး အန္တရာယ်ရှိပုံရသော်လည်း ယုံကြည်နိုင်စဖွယ်မရှိလောက်အောင် လှပနေချေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျူးရွှမ်းကျိ၏ မျက်စိသူငယ်အိမ်တို့မှာ သိသိသာသာပင် ကျုံ့သွားတော့၏။
ထို့နောက် အဆိုပါ ကုန်ကြမ်းပစ္စည်းအားလုံး ရွှေမီးဖိုအတွင်းသို့ ပစ်ထည့်ခံလိုက်ရသည်ကို သူမြင်လိုက်ရပြန်သည်။ ရွှေမီးဖို၏ တံခါးပိတ်သွားကာ သန့်စင်ရန်အတွက် မီးစတင်တောက်လောင်လာပြီးနောက် မီးဖိုအတွင်းမှ နဂါး၏ တရှူးရှူးမြည်သံများ ထွက်ပေါ်လာတော့၏။
သန့်စင်ခြင်းလုပ်ငန်းစဉ်မှာ ကြာမြင့်လှသည်တော့ မဟုတ်ပေ။
မကြာမီမှာပင် ရွှေမီးဖို၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ အရှိန်အဟုန်ဖြင့် ပွားများလာခဲ့ပြီး သန့်စင်ခြင်းပြီးဆုံး၍ မီးလျှံများ ငြိမ်းသွားချိန်တွင်မူ ၎င်းမှာ အမှိုက်ပုံတစ်ခုသဖွယ် ပြိုကျပျက်စီးသွားတော့လေသတည်း။