အခန်း (၃၀၉-၃၁၀)
Vol. 17 Ch. 309-310
အခန်း(၃၀၉)
မီးလျှံတောင် မသေမျိုးမြို့တော်။
အကျဉ်းထောင်။
ဟန်မင်သည် ဖေးစီအား ကြည့်ရင်း ရင်ထဲတွင် စိမ့်ကနဲ အေးသွားသော်လည်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "နင် အိပ်မက်ယောင်နေတာပဲ" ဟု လှောင်ပြောင်လိုက်ချေသည်။
ဖေးစီ၏ မျက်ဝန်းအစုံတွင် မှေးမှိန်သော အလင်းရောင်တစ်ခု လက်သွားပြီး သူက လေသံကို ခပ်မှန်မှန်ဖြင့် "မင်းက ငါ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဖို့ ငြင်းဆန်နေမယ်ဆိုရင်တော့ ညှဉ်းပန်းနှိပ်စက်တဲ့ နည်းလမ်းတွေကို သုံးရတာ ငါ့ကို အပြစ်မတင်နဲ့တော့" ဟု ဆို၏။
"တံဆိပ်ခတ်တဲ့ အပြစ်ဒဏ် တစ်ခုတည်းတင် မင်း ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။"
"အခုကစပြီး မင်းရဲ့ မျက်နှာမှာ ရာဇဝတ်မှု မှတ်တမ်း တံဆိပ်ကပ်သွားတော့မှာ။ တမ်းတခြင်းပြည် နယ်နိမိတ်ထဲမှာ မင်း ဘယ်ကိုပဲ သွားသွား၊ လူတွေက ဒီတံဆိပ်ကို ကြည့်ပြီး မင်း ဘယ်နေရာမှာ ရှိနေလဲဆိုတာ အမြဲ သိနေကြလိမ့်မယ်။"
"ဒီရာဇဝတ်တံဆိပ်က မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကိုလည်း ဖိနှိပ်ထားမှာဆိုတော့ ကျင့်စဉ်တက်ဖို့ အတော်လေး ခက်ခဲသွားလိမ့်မယ်။"
"ဒီရာဇဝတ်မှတ်တမ်းကို ဖျောက်ချင်ရင်တော့ အနည်းဆုံး ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ရှိတဲ့သူကို ရှာရလိမ့်မယ်။"
"စမ်းကြည့်ချင်သေးလား။"
ဟန်မင်၏ ရင်ထဲတွင် အေးစိမ့်မှုတို့ ပိုမို နက်ရှိုင်းလာသော်လည်း အပြင်ပန်းတွင်မူ မကြောက်မရွံ့ဟန်ဖြင့် "ဒါတွေ ပြောနေလို့ ဘာထူးမှာလဲ" ဟု ရဲရဲဝံ့ဝံ့ပင် ဆိုလိုက်သည်။
"လာလေ၊ ဘာအပြစ်ဒဏ်ပဲ ရှိရှိ ပေးလိုက်စမ်းပါ။"
"ကိုယ့်ဘာသာကိုယ် လာပြီး အဖမ်းခံကတည်းက အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးသားပဲ။"
"ဖေးစီ... နင့်ကို အစေခံပြီး နင့်ကျင့်စဉ်အတွက် ကူညီပေးရမယ် ဟုတ်လား။ ဟင်း... အိပ်မက်မက်နေလိုက်"
ဖေးစီက ခပ်ဖွဖွ ရယ်မောလိုက်ပြီး "မင်းကို လော့ရှန်က အသုံးချခံ နယ်ရုပ်တစ်ခုလို စတေးခံခဲ့တာတောင် ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ" ဟု မေး၏။
"မင်းတို့ မိစ္ဆာလမ်းစဉ်ရဲ့ အလုပ်လုပ်ပုံတွေကို ငါ အကောင်းဆုံး သိတာပေါ့။"
"ဘာလဲ... မင်းက တကယ်ပဲ လော့ရှန်အတွက် အသေခံချင်တာလား။"
"ကဲ... မင်းအတွက် ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ပထမတစ်ခုက ငါ့ရဲ့ ဝိညာဉ်အနှစ်သာရ တိုးတက်ဖို့ ကူညီပေးရမယ်။ ဒုတိယတစ်ခုက လော့ရှန် ဘယ်မှာလဲဆိုတာ ပြောပြရမယ်။"
"သေချာ စဉ်းစားကြည့်ဦး။"
ခဏမျှတော့ ဟန်မင် တွန့်ဆုတ်သွားမိသည်။
သို့သော် ချက်ချင်းပင် စိတ်ကို ပြန်တင်းလိုက်ကာ "ဖေးစီ... နင့်ကိုယ်နင် တရားသောလမ်းစဉ် ကျင့်ကြံသူ၊ ရွှေအမြုတေအဆင့်လို့ ခေါ်နေတာမဟုတ်လား။ ငါကတော့ ဘယ်လမ်းကိုမှ မရွေးဘူး။ နင့်မှာ ဘာလှည့်ကွက်တွေ ရှိရှိ အကုန်သာ ထုတ်သုံးလိုက်တော့" ဟု ဆိုလေသည်။
ဖေးစီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ဝါးကို ဓားကဲ့သို့ လုပ်ကာ ခုတ်ချလိုက်၏။
ချက်ချင်းပင် ထက်မြက်သော ဓားသွားကဲ့သို့ မှော်ကျင့်စဉ်တစ်ခုက ဟန်မင်၏ လည်ပင်းဆီသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားချေသည်။
ဟန်မင်သည် ပြင်းထန်သော သေခြင်းတရား၏ အငွေ့အသက်ကို ချက်ချင်း ခံစားလိုက်ရပြီး စိတ်ထဲတွင် သတိပေးသံများ မြည်ဟည်းသွားသော်လည်း ချည်နှောင်ခံထားရသဖြင့် မလှုပ်သာပေ။
"ငါ သေရတော့မှာလား" ထိုအခိုက်အတန့်တွင် ဟန်မင်သည် စိတ်ထဲမှ ဟစ်အော်လိုက်မိသည်။
သူမ မသေဆုံးခဲ့ပေ။
အရေးကြီးသော အခိုက်အတန့်တွင် သူမ၏ ကိုယ်ထဲမှ သရဲလက်တစ်ဖက် ထွက်ပေါ်လာပြီး ဖေးစီ၏ ကျင့်စဉ်ကို ဖမ်းယူကာ ချေမှုန်းလိုက်ချေသည်။
ထို့နောက် သရဲစစ်သူကြီးသည် ဟန်မင်၏ ကိုယ်ထဲမှ ခွာထွက်လာပြီး လော့ရှန်၏ လေသံဖြင့် "တော်ပြီ ဖေးစီ၊ ဂျူနီယာလေးကို အဲဒီလောက်အထိ ခြောက်မနေနဲ့တော့" ဟု ပြောလိုက်၏။
"လော့ရှန် သူ ငါ့ကိုယ်ထဲမှာ ဘယ်တုန်းက အစီအမံတွေ လုပ်ထားတာလဲ" ဟန်မင် အလွန်တုန်လှုပ်သွားသည်။
တစ်ချိန်တည်းမှာပင် သူမ စိတ်အေးသွားရချေသည်။
သူမ ရွေးချယ်မှု မှန်ကန်ခဲ့ပေပြီ။
သူမသည် စောစောက ထွက်ပြေးရန် မကြိုးစားဘဲ မြို့စားမင်းဂေဟာသို့ လာရောက်ကာ ရလဒ်များကို ရင်ဆိုင်ခဲ့သည်။
ထို့ပြင် ဖေးစီ၏ အနိုင်ကျင့်မှုကိုလည်း အလျှော့မပေးခဲ့သဖြင့် လော့ရှန်အနေဖြင့် ဂိုဏ်းမှ သစ္စာဖောက်အား သုတ်သင်ရန် အခွင့်အရေး မရခဲ့ခြင်း ဖြစ်ပေသည်။
ဖေးစီသည် ရွှေအမြုတေအဆင့် သရဲစစ်သူကြီး ပေါ်လာသည်ကို မြင်သော်လည်း အံ့ဩပုံ မပြပေ။
ရွှေအမြုတေအဆင့် သရဲစစ်သူကြီးသည် လော့ရှန်၏ ကိုယ်စားလှယ်အဖြစ် ပြောဆိုရင်း လေထဲသို့ ခပ်ဖြည်းဖြည်း လွင့်တက်သွားကာ "ကဲ... ဖေးစီ၊ မင်း ဒီလိုပုံစံမျိုး လုပ်တယ်ဆိုကတည်းက ငါ့ကို ဝင်ပါအောင် ဖိအားပေးချင်လို့ ဖြစ်ရမယ်။ ဘာအလိုရှိတာလဲ" ဟု မေးလေသည်။
ဖေးစီသည်လည်း စောစောက အမူအရာကို ပြောင်းလဲလိုက်ကာ မုတ်ဆိတ်ကို ပွတ်ရင်း ပြုံးလိုက်ပြီး "လော့ရှန်... မင်းက ဟန်မင်ကို လွှတ်ပြီး သတင်းပေးခိုင်းတာဟာ ပြဿနာတွေရှုပ်အောင် ဖန်တီးပြီး အဲဒီကြားထဲကနေ အကျိုးအမြတ် ရချင်လို့ဆိုတာ ငါသိတာပေါ့" ဟု ဆို၏။
"မင်းကို ပြောလိုက်မယ်၊ ငါ့ဘက်နဲ့ ကျူးရွှမ်းကျိတို့ဘက်က လျှို့ဝှက် ပူးပေါင်းပြီးသား၊ မဟာမိတ် ဖွဲ့ပြီးသားပဲ။"
"ငါတို့ တမ်းတခြင်းပြည်က မင်းတို့လို ပြင်ပလူတွေရဲ့ အမြတ်ထုတ်မှုကို အလွယ်တကူ ခံမှာ မဟုတ်ဘူး။"
"ဒါပေမဲ့..."
"မင်းတို့ ဂိုဏ်းရဲ့ ရည်ရွယ်ချက်က ချော်ရည်နန်းတော် မဟုတ်ဘဲ မီးလျှံတောင် အောက်က ကြွယ်ဝတဲ့ ဝိညာဉ်သိုလှောင်ကန် ဖြစ်တယ်ဆိုတာလည်း ငါတို့ သိထားပါတယ်။ မင်းတို့သာ ချော်ရည်နန်းတော်ကိစ္စမှာ ဝင်မရှုပ်ဘူးဆိုရင် ငါတို့ကြားမှာ ပူးပေါင်းဆောင်ရွက်ဖို့ အခြေခံ ရှိနေတာပေါ့။"
ဤသတင်းအချက်အလက်မှာ ဝိညာဉ်ဝါးဂိုဏ်း၏ တပည့်နှစ်ဦးဖြစ်သော နှာခေါင်းကောက်ကောက်နှင့် မျက်လုံးတြိဂံပုံနှင့် ကျင့်ကြံသူတို့၏ ပါးစပ်ကို ဖွင့်ခိုင်းရာမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ဤအချက်အလက် မရှိလျှင်ပင် သူတို့၏ အတိတ်က လုပ်ရပ်များ၊ ရည်မှန်းချက်များနှင့် အစီအစဉ်များကို ခန့်မှန်းရန် မခက်ခဲလှပေ။
လော့ရှန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် "ဘယ်လို ပူးပေါင်းမှာလဲ" ဟု မေးလိုက်သည်။
"ပြီးတော့ ငါက မင်းကို ဘယ်လို ယုံရမှာလဲ။ မင်းတို့လို တရားသောလမ်းစဉ်လို့ ခေါ်တဲ့လူတွေက ငါ့လို မိစ္ဆာကျင့်ကြံသူနဲ့ ပူးပေါင်းချင်တယ် ဟုတ်လား။"
"ငါကတော့ မင်းတို့ရဲ့ အသုံးချခံ ကိရိယာ မဖြစ်နိုင်ဘူး။"
ဖေးစီက မုတ်ဆိတ်ကို ပွတ်သပ်ရင်း တည်ငြိမ်အေးဆေးသော အမူအရာဖြင့် "မင်းနဲ့ တခြား မိစ္ဆာကျင့်ကြံသူတွေကို စည်းရုံးဖို့ဆိုတာ မြို့စားမင်း မုန့်ခွေရဲ့ ဆန္ဒတင်မကဘူး၊ ကျူးရွှမ်းကျိရဲ့ သဘောထားလည်း ပါတယ်" ဟု ဆို၏။
"မင်းတို့အနေနဲ့ မြို့ကို ကာကွယ်တဲ့နေရာမှာ ငါတို့ကို စိတ်ရောကိုယ်ပါ ကူညီပေးမယ်ဆိုရင်၊ ငါတို့ကလည်း မီးလျှံတောင် အောက်က ဝိညာဉ်သိုလှောင်ကန်ကို အတူတူ အကျိုးခံစားခွင့်ရအောင် ဝိညာဉ်ဝါးဂိုဏ်းနဲ့ တိတ်တဆိတ် ပူးပေါင်းပေးဖို့ ဆန္ဒရှိပါတယ်"
လော့ရှန် တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင်မှ သူက "ဒီပူးပေါင်းဆောင်ရွက်မှုကို ငါ တကယ်ပဲ စိတ်ဝင်စားတယ်" ဟု နောက်ဆုံးတွင် ပြောလိုက်ချေသည်။
သူ ယခုတစ်ခေါက် မီးလျှံတောင် မသေမျိုးမြို့တော်သို့ လာခြင်းမှာ ဂိုဏ်းအတွက် တာဝန်များ ရှိနေ၍ ဖြစ်သည်။ တစ်ဖက်တွင် ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် ချီပိုင် သေဆုံးမှုအတွက် တရားမျှတမှု ရှာရန်ဖြစ်ပြီး၊ အခြားတစ်ဖက်တွင်မူ ချီပိုင်၏ မပြီးဆုံးသေးသော အလုပ်များကို ဆက်လုပ်ကာ မီးလျှံတောင် အောက်၌ ဝိညာဉ်သိုလှောင်ကန် မည်မျှ ရှိသည်ကို စူးစမ်းရန် ဖြစ်ပေသည်။
အကယ်၍ ယခုအချိန်တွင် မြို့စားမင်းဂေဟာ၊ ကျူးရွှမ်းကျိတို့ဘက်နှင့် ပူးပေါင်းနိုင်မည်ဆိုလျှင် ထိုတာဝန်နှစ်ခုလုံးကို ပြီးမြောက်အောင်မြင်ရန် များစွာ အထောက်အကူ ဖြစ်ပေလိမ့်မည်။
လော့ရှန်၏ သဘောထားကြောင့် ဟန်မင်သည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
သူမ အသက်ချမ်းသာရာ ရပြီဆိုသည်ကို သိလိုက်ရ၍ ဖြစ်သည်။
ချက်ချင်းပင် လော့ရှန်နှင့် ဖေးစီတို့သည် အကြိုညှိနှိုင်းမှုများကို စတင်လိုက်ကြတော့သည်။
ဤသတင်းမှာ မုန့်ခွေ၏ နားထဲသို့ ရောက်သွားပြီး လက်ရှိ မြို့စားမင်းကိုလည်း စိတ်အေးသွားစေခဲ့သည်။
လောလောဆယ်တွင် သူသည် မီးလျှံတောင်တန်း၏ ထိပ်ဆုံး၌ ရှိနေပြီး ကြီးမားသော ဖိအားကို ခံစားနေရသည်။
ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲ ဒီရေလှိုင်းများမှာ အဆုံးမရှိသကဲ့သို့ပင်။
ချော်ရည်နန်းတော်ကလည်း စမ်းသပ်မှုများကို ထုတ်ဖော်ပြသထားပြီး၊ ကျင့်ကြံသူ အမြောက်အမြားသည် နန်းတော်သခင် ဖြစ်လာရန်အတွက် ဟုန်းဟုန်းတောက်နေသော မီးကဲ့သို့ ပြိုင်ဆိုင်နေကြသည်။
ထို့အပြင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့သော မိစ္ဆာဂိုဏ်းကြီးဖြစ်သည့် ဗုဒ္ဓနှလုံးသားဂိုဏ်း၏ အကြောင်းကလည်း ပေါ်ပေါက်လာသေးသည်။
လွင့်မျောနေသော နဂါးလိပ် မီးလျှံဝိညာဉ်လည်း အပါအဝင်ပေါ့...။
မုန့်ခွေသည် သူ၏ အဓိက စွမ်းအင်နှင့် အချိန်များကို အထက်ပါ ကိစ္စရပ်များကို ဖြေရှင်းရန်အတွက်သာ အသုံးချနေရသည်။
အကယ်၍ ဝိညာဉ်ဝါးဂိုဏ်းကသာ ထပ်ပြီး ပြဿနာရှာမည်ဆိုပါက မုန့်ခွေ၏ ဖိအားမှာ ယခုထက်ပင် ပို၍ ကြီးမားသွားပေလိမ့်မည်။
တခြားသူများ မေ့နေနိုင်သော်လည်း မုန့်ခွေ ဘယ်တော့မှ မမေ့နိုင်သော အချက်တစ်ချက် ရှိသေးသည်—ယင်းမှာ ကျန်းတန်လျန် ရှုံးနိမ့်သွားပြီး ထျန်းချင်နန်းတော်၏ ရွှေအမြုတေအဆင့် စစ်မှန်သော တပည့်တစ်ဦးကို သတ်ဖြတ်ခဲ့မိသည့် အချက်ပင် ဖြစ်သည်။
ထျန်းချင်နန်းတော်သည် ပြဿနာလာရှာမှာ သေချာလှသည်။
သို့သော် ထျန်းချင်နန်းတော်က ယခုအချိန်အထိ တိတ်ဆိတ်နေဆဲပင်။
သူတို့ လက်မလှုပ်ချင်တော့တာလား။
ဟားဟား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
တွက်ချက်နေစရာပင် မလိုဘဲ၊ ထျန်းချင်နန်းတော် လှုပ်ရှားရန် အကောင်းဆုံးအချိန်မှာ ယခုအချိန်ပင် ဖြစ်ကြောင်း မုန့်ခွေ သိနေသည်။
အကြောင်းမှာ အင်အားစု အသီးသီးတို့သည် ချော်ရည်နန်းတော်ကို ဝိုင်းရံပြီး အပြိုင်အဆိုင် ဖြစ်နေကြ၍ပင်။
ထိုအင်အားစုများ အားကုန်သွားသည့် အခါမှ ထျန်းချင်နန်းတော်က ရုတ်တရက် ဝင်ပါလာမည်ဆိုပါက လူတိုင်းကို အလစ်အငိုက် မိသွားစေမည်မှာ အမှန်ပင် ဖြစ်သည်။
အရေးကြီးဆုံး အချက်မှာ ယခုတစ်ခေါက်တွင် ထျန်းချင်နန်းတော်ဘက်၌ ခိုင်လုံသော အကြောင်းပြချက် ရှိနေခြင်းပင်။
လူကို သတ်ခဲ့သည်မှာ မုန့်ခွေ မဟုတ်သော်လည်း၊ ကျန်းမျိုးနွယ်စုသည် မီးလျှံတောင် မသေမျိုးမြို့တော်၏ အဓိက ကျင့်ကြံသူ မျိုးနွယ်စုကြီး တစ်ခု ဖြစ်နေသဖြင့် သူတို့၏ တည်ရှိမှုနှင့် ဘေးကင်းမှုသည် မုန့်ခွေ၏ တာဝန်များနှင့် ဆက်စပ်နေပေသည်။
ထို့ကြောင့် ယခုတစ်ခေါက်တွင် မြို့စားမင်းဂေဟာက အောက်ကျခံကာ လော့ရှန်နှင့် ပူးပေါင်းရန် ကြိုတင် ကြိုးပမ်းခြင်း ဖြစ်သည်။ အခြေခံအားဖြင့် ယင်းမှာ ကြိုတင် ကာကွယ်ခြင်း ဖြစ်သလို နောက်ဆုံး လက်နက်လည်း ဖြစ်ပေသည်။
မုန့်ခွေအနေဖြင့် မိမိ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် လိုအပ်သည်။
သူသည် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ဖြစ်သော်လည်း၊ ဗုဒ္ဓနှလုံးသားဂိုဏ်း၊ ဝိညာဉ်ဝါးဂိုဏ်းနှင့် ထျန်းချင်နန်းတော်ကဲ့သို့သော ထိပ်တန်းဂိုဏ်းကြီးများကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရခြင်းမှာ အတော်လေး ဖိအားကြီးလှသည်။
အကယ်၍ ရန်သူအချို့ကို မိမိ၏ တိုက်ခိုက်ရေး အင်အားအဖြစ် ပြောင်းလဲနိုင်မည်ဆိုလျှင် ယင်း၏ အကျိုးသက်ရောက်မှုမှာ သိသာထင်ရှားလှပေသည်။
"ချော်ရည်နန်းတော်နဲ့ နဂါးလိပ် မီးလျှံဝိညာဉ် အတွက်ကတော့..."
"ဟွန်း"
မုန့်ခွေသည် တိမ်တိုက်များထဲတွင် တည်ငြိမ်စွာ ထိုင်နေပြီး သူ၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများဖြင့် ပြည့်နှက်နေ၏။
သူ့မှာ စက်မှုပညာရပ်နှင့် ပတ်သက်သည့် ကျွမ်းကျင်မှုများ မရှိသဖြင့် မသေမျိုးနန်းတော်ထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိပေ။
"ဒါပေမဲ့ အဲဒါက ဘာဖြစ်လဲ"
"ငါကတော့ ငါ့ရဲ့ ခွန်အားကို ထိန်းထားပြီး မိစ္ဆာသားရဲ ဒီရေလှိုင်းကိုပဲ ဆက်ထိန်းထားရုံပဲ။ ဒီရိုင်းစိုင်းတဲ့ မိစ္ဆာသားရဲလှိုင်းတွေကို မသေမျိုးနန်းတော်ကို ဆက်ပြီး တိုက်စား ပျက်စီးအောင် လွှတ်ထားလိုက်မယ်။"
"မသေမျိုးနန်းတော်ရဲ့ အစီအမံတွေ ပြိုလဲသွားမယ့် အချိန်တစ်ခု ရောက်လာမှာပဲ၊ အဲဒီကျမှ ငါ တိုက်ရိုက် ဝင်ပါတော့မယ်။"
မုန့်ခွေသည် မိမိကိုယ်ကို သူများ နှာခေါင်းကြိုးဆွဲရာ ပါလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။
တစ်နည်းအားဖြင့် သူသည် မိစ္ဆာသားရဲ ဒီရေလှိုင်းကို အသုံးချကာ ချော်ရည်နန်းတော်ကို တမင်တကာ ပျက်စီးစေခဲ့ခြင်း ဖြစ်သည်။
ချော်ရည်နန်းတော်၏ အင်အား လျော့နည်းသွားသည့် အချိန်တွင်၊ သူ၏ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် စွမ်းအားကို သုံးကာ စမ်းသပ်မှု စစ်ဆေးခြင်းကို တိုက်ရိုက် ဖျက်ဆီးပြီး နောက်ဆုံး အောင်နိုင်သူ ဖြစ်လာရန် ကြံစည်ထားခြင်း ဖြစ်ပေသည်။
မုန့်ခွေအနေဖြင့် ဘာမှ မလုပ်လျှင်သာ နေမည်၊ အကယ်၍ သူသာ တကယ်တမ်း အစွမ်းကုန် ထုတ်သုံးလိုက်မည်ဆိုပါက ကမ္ဘာကြီးပင် တုန်လှုပ်သွားပေလိမ့်မည်။
ချော်ရည်နန်းတော်။
နင်းကျော့သည် လက်တစ်ဖက်တွင် "ရေခဲပန်းပု လျှို့ဝှက်ကျမ်းစာ" ကျောက်စိမ်းပြားကို ကိုင်ထားရင်း၊ မိမိရှေ့ရှိ စားပွဲပေါ်တွင် ခုလေးတင် ထုဆစ်ထားသည့် ရေခဲပန်းပုလေးကို ကြည့်နေ၏။
သူ၏ မျက်ဝန်းများသည် တောက်ပပြီး စိတ်အားထက်သန်နေပုံ ရသည်။
"ဒီ ရေခဲပန်းပု စက်မှုပညာရပ်က တကယ့်ကို ထူးခြားပြီး တခြားစီပဲ။"
"ရေခဲပန်းပုတွေက ကုန်ကြမ်းအကြီးကြီး တစ်ခုတည်းကိုပဲ ပုံဖော်ထုဆစ်ရတာ၊ သာမန် စက်မှုအစိတ်အပိုင်းတွေကို တပ်ဆင်ရတာမျိုး မဟုတ်ဘူး။"
"အလိုရှိတဲ့ ပုံသဏ္ဌာန် ရလာဖို့ဆိုရင် ကျင့်ကြံခြင်းဆိုင်ရာ ပါရဂူအဆင့် ပညာရပ်တွေထဲက တစ်ခုဖြစ်တဲ့ ထုဆစ်ခြင်းပညာကို ကျွမ်းကျင်ဖို့ လိုတယ်။"
"အပြင်ပန်း ထုဆစ်ရုံတင်မကဘူး၊ ပိုအရေးကြီးတာက အတွင်းပိုင်းကိုပါ ထုဆစ်နိုင်ဖို့ပဲ။"
"ယင်းက ရေခဲပန်းပုရဲ့ အတွင်းပိုင်း ဟင်းလင်းပြင်ထဲမှာ အစီအရင် အင်းကွက်တွေနဲ့ အဆောင်လက်ဖွဲ့တွေ အကုန်လုံးကို ထွင်းထုထားဖို့ လိုအပ်တာကိုး။"
"စဉ်းစားကြည့်မယ်ဆိုရင်တော့..."
"ဒီ ရေခဲပန်းပု စက်မှုပညာနဲ့ ငါတို့ နင်းမျိုးနွယ်စုရဲ့ ရေခဲဓာတ်ဆိုင်ရာ အဆောင်လက်ဖွဲ့တွေက တကယ့်ကို အံကိုက်ပဲ။"
"ရေခဲပန်းပု လျှို့ဝှက်ကျမ်းစာ" ကို ခဏမျှ လေ့လာပြီးနောက်တွင်ပင် နင်းကျော့သည် အသိအမြင်များစွာ ရရှိခဲ့ပေပြီ။
ဤထူးခြားသော စက်မှုပညာရပ်သည် သူ၏ အမြင်ကို များစွာ ကျယ်ပြန့်စေခဲ့ပြီး၊ မိမိ အခုထိ ကျွမ်းကျင်ထားသော စက်မှုပညာရပ်များမှာ ကျယ်ပြောလှသော ကမ္ဘာကြီး၏ အစိတ်အပိုင်း အသေးလေးမျှသာ ရှိသေးကြောင်း သိလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ဤကျောက်စိမ်းပြားမှတစ်ဆင့် နင်းကျိုဖန်၏ ကျင့်ကြံခြင်းဆိုင်ရာ ရည်ရွယ်ချက်ကိုလည်း သူ သိမြင်လိုက်ရ၏။
"နင်းမျိုးနွယ်စုရဲ့ ဒီ ရွှေအမြုတေအဆင့် ဘိုးဘေးကတော့..."
နင်းကျော့ စဉ်းစားနေစဉ်မှာပင်၊ နန်းတွင်းစမ်းသပ်မှု၏ ဒုတိယအဆင့် တရားဝင် စတင်ပြီဟူသော သတင်းစကားတစ်ခု သူ၏ စိတ်ထဲသို့ ဝင်ရောက်လာချေသည်။
နင်းကျော့၏ ရှေ့မှောက်တွင် တောက်ပသော အလင်းရောင်များ ပေါ်ထွက်လာပြီး ချက်ချင်းပင် စက်ဝိုင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ထိုအလင်းစက်ဝိုင်းသည် နင်းကျော့ ဝင်သွားနိုင်လောက်သည်အထိ လျင်မြန်စွာ ကျယ်ပြန့်လာသည်။
မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ နင်းကျော့သည် မိမိ၏ ဝတ်စုံကို ချက်ချင်း ပြင်ဆင်လိုက်ကာ ရှေ့သို့ လှမ်းတက်လိုက်ရာ၊ အခန်းထဲမှ ပျောက်ကွယ်သွားပြီး ကွင်းပြင်ကျယ်ကြီးသို့ ချက်ချင်း ပြန်ရောက်သွားတော့သည်။
ချော်ရည်နန်းတော်၏ ပင်မကွင်းပြင်ကျယ်တွင် ယခုအခါ တိုက်ပွဲစင်မြင့် ဆယ်ခု မြင့်တက်နေပြီ ဖြစ်သည်။
အခြားသော ကျင့်ကြံသူ တစ်ဆယ့်ကိုးဦးကဲ့သို့ပင်၊ နင်းကျော့သည် စင်မြင့်တစ်ခုပေါ်သို့ တိုက်ရိုက် ရောက်ရှိသွား၏။
ကွင်းပြင်တွင် ကျန်ရှိနေသော ကျင့်ကြံသူ သုံးဦးသာ လက်ပိုက်ကြည့်နေကြသည်။
ဘာမှ ရှင်းရှင်းလင်းလင်း မရှိပေ။
စင်မြင့်ပေါ်မှ မြင်ကွင်းမှာ ဝေဝါးနေပြီး ပွဲကြည့်ပရိသတ်များ ကြည့်ရှုခြင်းကို တားဆီးထားပုံ ရသည်။
သတင်းအချက်အလက်အသစ်များသည် လူတိုင်း၏ စိတ်ထဲသို့ ဆက်တိုက် စီးဝင်လာပြီး ပြိုင်ပွဲ၏ အသေးစိတ် စည်းမျဉ်းများကို အသိပေးနေလေသည်။
ကျန်ရှိနေသော နေရာ ၂၃ ခုအတွက် စင်မြင့်များပေါ်တွင် တစ်ဦးချင်းစီ အလှည့်ကျ တိုက်ခိုက်ကြရမည် ဖြစ်သည်။ လူတိုင်း တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်ပြီးမှသာ နန်းတွင်းစမ်းသပ်မှု၏ ဒုတိယအဆင့် ပြီးဆုံးမည် ဖြစ်၏
နိုင်ပွဲ တစ်ပွဲစီအတွက် တိုက်ပွဲအကျိုးပြုမှု တစ်မှတ် ရမည် ဖြစ်သည်။ သရေကျလျှင် သုညမှတ်ဖြစ်ပြီး၊ ရှုံးနိမ့်ပါက အနှုတ်တစ်မှတ် ရရှိမည် ဖြစ်ပေသည်။
စင်မြင့်ပေါ်မှ ပြိုင်ပွဲ တစ်ခုစီတွင် အချိန်ကန့်သတ်ချက် ရှိသည်။
စင်မြင့်ပေါ်မှ ပြိုင်ပွဲများသည် စက်မှုပစ္စည်းများအကြား ယှဉ်ပြိုင်မှုကိုသာ အဓိကထားမည် ဖြစ်သည်။
အသေးစိတ် အချက်အလက်များမှာ အဆင့်တစ်ခုချင်းစီအလိုက် အနည်းငယ် ပြောင်းလဲသွားနိုင်သည်။
ကျင့်ကြံသူများသည် တစ်ဦးနှင့်တစ်ဦး တိုက်ရိုက် တိုက်ခိုက်ခွင့် မရှိဘဲ၊ ဖောက်ဖျက်ပါက ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည် ဖြစ်သည်။
စမ်းသပ်မှုအဆင့်မှ ရရှိထားသော ပစ္စည်းများကို နန်းတွင်းစမ်းသပ်မှု ဒုတိယအဆင့်တွင် တိုက်ရိုက် အသုံးပြုနိုင်သည်။
နောက်ဆုံးတွင် တိုက်ပွဲအကျိုးပြုမှုများကို စုပေါင်းကာ နန်းတွင်းစမ်းသပ်မှု ဒုတိယအဆင့်အတွက် အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်မည် ဖြစ်ပေသည်။
အဆင့်သစ်စာရင်းကို တိုက်ပွဲအကျိုးပြုမှု အဆင့်သတ်မှတ်ချက်များအပေါ် မူတည်၍ ပြင်ဆင်သွားမည်ဖြစ်ပြီး၊ အဆင့်အနိမ့်ဆုံး ကျင့်ကြံသူ ဆယ်ဦးမှာ ပြိုင်ပွဲမှ ထုတ်ပယ်ခံရမည် ဖြစ်ချေသည်။
အခန်း (၃၁၀)- ဓာတ်ငါးပါးရုပ်သေး
တိုက်ပွဲကွင်းပြင်အား အပိုင်းသုံးပိုင်း ပိုင်းခြားထားလေသည်။
စက်မှုပညာရပ်ဖြင့် ပစ္စည်းများ ဖန်တီးရန်အတွက် ပြိုင်ပွဲဝင် တစ်ဦးစီ၏ နယ်မြေ နှစ်ခု သတ်မှတ်ပေးထားပြီး အလယ်ပိုင်း နယ်မြေမှာမူ စက်မှုရုပ်သေးများ တိုက်ခိုက်ရန်အတွက် ဖြစ်ချေသည်။
နင်းကျော့၏ ရှေ့မှောက်တွင် စားပွဲရှည်ကြီးတစ်လုံး ရှိနေပြီး ၎င်းပေါ်တွင် ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို ခင်းကျင်းပြသထား၏။
နင်းကျော့သည် ထိုပစ္စည်းများကို အကဲခတ်ကြည့်ရာ အားလုံးမှာ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်မျှသာ ရှိပြီး အခြေခံကျသဖြင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေသည်ကို တွေ့ရလေသည်။
၎င်းတို့ထဲတွင် 'လက်သီးရွှေ'၊ 'မီးလျှံဓာတ်'၊ ဝိညာဉ်အင်းကွက်များ ပါရှိသည့် 'ရှေးဟောင်းသစ်သား'၊ ခဲနေသော 'နှင်းပွင့်' ရေစက်ကြီးတစ်စက်နှင့် 'မီးဖုတ်မြေစေး' တို့ ပါဝင်သည်။ နောက်ဆုံးတွင်မူ 'အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး' တစ်တုံးလည်း ရှိနေသေး၏။
"စက်မှုပစ္စည်းတွေ ဖန်တီးဖို့ ကိရိယာတွေရော မရှိဘူးလား" ဟု နင်းကျော့က စိတ်ထဲမှ တွေးတောနေမိသည်။
ယခုအချိန်အထိ မည်သည့်ကိရိယာကိုမျှ မတွေ့ရသေးပေ။
စက်မှုလုပ်ငန်းသုံး ကိရိယာများ မပါဘဲ စက်မှုရုပ်သေး တစ်ခုကို လက်ချည်းသက်သက်ဖြင့် ဖန်တီးရခြင်းမှာ ဆယ်ဆမက ပို၍ ခက်ခဲပေလိမ့်မည်။
သို့သော်လည်း စားပွဲပေါ်တွင် အစီအရင်အင်းကွက်များဖြင့် ဖုံးလွှမ်းနေသည်ကို နင်းကျော့ သတိပြုမိသွားသည်။ ထိုအရာက သူ့ကို ဆေးဝါးခန်းမများရှိ ခွဲစိတ်ကုသသည့် စားပွဲများကို ချက်ချင်း သတိရသွားစေ၏။
"ဒီစားပွဲကလည်း အဲဒီခွဲစိတ်စားပွဲတွေလိုပဲ စီစဉ်ထားတာ ဖြစ်နိုင်တယ်။ စားပွဲထဲမှာ စက်မှုပစ္စည်း ကိရိယာတွေ အများကြီး သိုလှောင်ထားတာမျိုး ဖြစ်မှာပါ"
နင်းကျော့က သူ၏ ထင်မြင်ချက်ကို အတည်ပြုရန် ကြိုးစားသော်လည်း သူ၏ ကိုယ်ခန္ဓာမှာ လှုပ်ရှား၍ မရဘဲ ဖြစ်နေသည်။ မမြင်ရသော အင်အားတစ်ခုက သူ့ကို ချုပ်နှောင်ထားခြင်းပင်။
နန်းတော်စမ်းသပ်ပွဲ အဆင့် စတင်ပြီဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်လာပြီးနောက်မှသာ ထိုမမြင်ရသော အင်အားမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး နင်းကျော့လည်း လွတ်လပ်စွာ လှုပ်ရှားနိုင်တော့သည်။
နင်းကျော့သည် ဦးစွာ သူ၏ ပြိုင်ဘက် ရှိနေမည့် တိုက်ရိုက် ရှေ့တည့်တည့်သို့ ကြည့်လိုက်၏။
သို့သော် အရာအားလုံးက ဝေဝါးနေပြီး ထင်ထင်ရှားရှား မရှိချေ။
နင်းကျော့သည် စားပွဲဆီသို့ ခြေလှမ်းအနည်းငယ် လှမ်းသွားလိုက်သည်။ သူက စားပွဲမျက်နှာပြင်ကို ထိကိုင်ကာ သူ၏ ဝိညာဉ်စွမ်းအားကို ပို့လွှတ်လိုက်ရာ စက်မှုလုပ်ငန်းသုံး ကိရိယာ အမြောက်အမြား ထွက်ပေါ်လာလေသည်။
၎င်းတို့ထဲတွင် မီးဂဟေစက်၊ ကျားခေါင်း ပလာယာ စသည်တို့ ပါဝင်၏။
သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုပြီးနောက် နင်းကျော့သည် တစ်ဖက်ခြမ်းသို့ မသိစိတ်ဖြင့် ထပ်မံ ကြည့်ရှုမိသော်လည်း ထိုနေရာမှာ ဝေဝါးမြဲ ဝေဝါးနေဆဲပင်။
ထို့ကြောင့် သူက စိတ်မပူတော့ဘဲ စမ်းသပ်ပွဲအတွက် ပေးထားသည့် ကုန်ကြမ်းများကိုသာ အာရုံစိုက် စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
'လက်သီးရွှေ' တုံးများသည် ကြည့်လိုက်သည်နှင့် ဆုပ်ထားသော လက်သီးဆုပ်နှင့် တစ်ထေရာတည်း တူညီနေပြီး အနည်းဆုံး အတုံးပေါင်း သုံးဆယ်ခန့် ရှိသည်။ ထိုသို့ တူညီခြင်းကြောင့်ပင် 'လက်သီးရွှေ' ဟု အမည်တွင်ခြင်း ဖြစ်၏။
နင်းကျော့၏ စိတ်ထဲတွင် သိနေသည်မှာ ဤအရာသည် ခိုင်ခံ့မှုနှင့် တောင့်တင်းမှု အားကောင်းသော သတ္တုရိုင်းတစ်မျိုး ဖြစ်သည်ဟူ၍ပင်။
"ဒါကို စက်မှုရုပ်သေးရဲ့ အရိုးစု တည်ဆောက်ဖို့ သုံးလို့ရတာပဲ"
ဈေးကွက်ထဲတွင် အတွေ့ရများသော သာမန်အရည်အသွေးရှိ 'လက်သီးရွှေ' များကို စစ်ဆေးပြီးနောက် နင်းကျော့က ဆက်လက် ကြည့်ရှုပြန်သည်။
နောက်တစ်ခုမှာ 'မီးလျှံဓာတ်' ဖြစ်၏။
ဤကုန်ကြမ်းမှာ မီးလျှံတောင် မသေမျိုးမြို့တော်၏ ထင်ရှားသော ထွက်ကုန်တစ်ခုဖြစ်သဖြင့် နင်းကျော့အတွက် အလွန် ရင်းနှီးနေပြီး အမြန်ဆုံး စစ်ဆေးနိုင်ခဲ့သည်။
ဝိညာဉ်အင်းကွက်များ ပါရှိသည့် ရှေးဟောင်းသစ်သား...
နင်းကျော့သည် ထိုသစ်တုံးကြီးကို မကာ သူ့ရှေ့တွင် ထား၍ အကဲခတ်လေသည်။
သစ်သားမှာ အပိုင်းပိုင်း ဖြတ်တောက်ခံထားရသော်လည်း အသက်ဓာတ် အနည်းငယ် ကျန်ရှိနေသေး၏။
သစ်သား၏ မျက်နှာပြင်တစ်ခုလုံးတွင် ဝိညာဉ်အင်းကွက်များ ပြည့်နှက်နေလေသည်။
မည်သည့် အပင်မဆို ဝိညာဉ်စွမ်းအားကို အချိန်ကြာမြင့်စွာ စုပ်ယူခဲ့လျှင် ထိုကဲ့သို့ အင်းကွက်များ ဖြစ်ပေါ်လာလေ့ရှိ၏။ အချိန်ကြာလေလေ အင်းကွက်များက ပို၍ များပြား ထူထပ်လေလေ ဖြစ်သည်။
ထို့အပြင် ဝိညာဉ်အင်းကွက် များလေလေ ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်စွမ်း ပို၍ မြင့်မားလေလေ ဖြစ်ချေသည်။
"ဒီသစ်ပင်က သူ ရှင်သန်နေတုန်းက ဝိညာဉ်ပင် တစ်မျိုး ဖြစ်ခဲ့မှာ အသေအချာပဲ"
ဤကုန်ကြမ်းကို စစ်ဆေးရာတွင် နင်းကျော့သည် ဝိညာဉ်အင်းကွက်များ၏ ပျံ့နှံ့ပုံနှင့် ဦးတည်ချက်ကို အထူးတလည် အာရုံစိုက် ကြည့်ရှုလေသည်။
"ဒါကို ဝိညာဉ်ကျောက်တုံးတွေ သိုလှောင်ဖို့နဲ့ ဝိညာဉ်စွမ်းအား စီးဆင်းမယ့် လမ်းကြောင်းတွေ တည်ဆောက်ဖို့ သုံးလို့ရတယ်။ ဝိညာဉ်ကျောက်တုံးက တစ်တုံးတည်း ရှိတာဆိုတော့ အဲဒီသစ်သားရဲ့ အစိတ်အပိုင်း တစ်ချို့ကို ဝိညာဉ်ဒီရေ အစီအရင်အတွက် အစီအရင်ချပ် လုပ်ဖို့ ချန်ထားရမယ်"
နင်းကျော့က ဆက်လက်၍ စစ်ဆေးပြန်သည်။
'နှင်းပွင့်' ရေစက်ကြီးမှာ ရေကန်ငယ်တစ်ခုစာခန့် ကြီးမားလှ၏။
ထိုရေစက်မှာ ကြီးမားပြီး လုံးဝန်းသော အပြာရောင် ပေါက်စီကြီးနှင့် တူနေသည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် လူကြီးတစ်ယောက်၏ လက်ဖဝါးခန့် ရှိသော 'နှင်းပွင့်' အကြီးကြီးများ ဖုံးလွှမ်းနေလေသည်။
နင်းကျော့၏ လက်ဖဝါး အနီးသို့ ရောက်သွားသည့်အခါ ရေစက်၏ မျက်နှာပြင်ပေါ်ရှိ 'နှင်းပွင့်' များမှာ လျင်မြန်စွာ အရည်ပျော်သွား၏။
"ဒါကို လက်နက် အစိတ်အပိုင်းတွေ ဒါမှမဟုတ် အအေးခံတဲ့ အကူပစ္စည်းတွေ လုပ်ဖို့ သုံးလို့ရနိုင်တယ်" ဟု နင်းကျော့က အဓိက အသုံးဝင်ပုံ နှစ်ခုကို တွေးတောမိလိုက်သည်။
နောက်တစ်ခုမှာ 'မီးဖုတ်မြေစေး' ဖြစ်သည်။
ထိုမြေစေးမှာ မွဲပြာရောင် ရှိ၏။
၎င်းသည် အပူချိန်နှင့်အမျှ သိသိသာသာ ပြောင်းလဲတတ်သည်။
အပူချိန် မြင့်မားလျှင် မာကျောသော အခဲဖြစ်သွားပြီး အပူချိန် နိမ့်ပါးလျှင်မူ စေးကပ်သွားကာ ပုံဖော်ရန် လွယ်ကူသွားသည်။
ထို့အပြင် ၎င်းသည် မီးဓာတ်ကို ခံနိုင်ရည်ရှိသည့် ဂုဏ်သတ္တိလည်း ရှိ၏။
တစ်ခါတစ်ရံတွင် ၎င်းကို ကျောက်မီးသွေးကဲ့သို့ အသုံးပြုနိုင်ပြီး စက်မှုပစ္စည်းများအတွက် အပူဓာတ် ထွက်ပေါ်စေရန် လောင်စာအဖြစ် အသုံးပြုနိုင်သည်။
နောက်ဆုံးတွင်မူ တစ်တုံးတည်းသော 'အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး' ဖြစ်ချေသည်။
"အရည်အသွေးကတော့ သာမန်ပါပဲ"
"ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းနဲ့တော့ တိုက်ပွဲကို အကြာကြီး ဆင်နွှဲဖို့ မလုံလောက်ဘူး။ ဒါကြောင့် စက်မှုရုပ်သေးထဲမှာ ဝိညာဉ်ဒီရေ အစီအရင် ထည့်သွင်းဖို့က မဖြစ်မနေ လိုအပ်တာပဲ"
"ဒီဝိညာဉ်ကျောက်တုံးကို အစပျိုးပေးတဲ့ ကျောက်တုံးအဖြစ်ပဲ သုံးလို့ရလိမ့်မယ်"
ကုန်ကြမ်းပစ္စည်းများကို စစ်ဆေးနေစဉ်အတွင်း နင်းကျော့၏ စိတ်ထဲတွင် အကြံဉာဏ်များစွာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
သူသည် အချိန်မဖြုန်းဘဲ အချိန်နှင့်အမျှ အပြေးအလွှားပင် စက်မှုပစ္စည်း ဖန်တီးခြင်းကို တရားဝင် စတင်လိုက်တော့သည်။
ပထမဆုံး အဆင့်မှာ အရိုးစု တည်ဆောက်ခြင်း ဖြစ်၏။
နင်းကျော့သည် 'မီးဖုတ်မြေစေး' ကို စတင် ကိုင်တွယ်လေသည်။
သူသည် မြေစေးကို ပုံဖော်ရ လွယ်ကူစေရန် ဦးစွာ အအေးခံလိုက်၏။
သူ၏ ကျွမ်းကျင်လှသော လက်အစုံအောက်တွင် မြေစေးပုံကြီးမှာ စားပွဲပေါ်တွင် မတ်တပ်ရပ်နေသည့် ရေတွင်းငယ်လေးသဏ္ဌာန် ခွက်အနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
နင်းကျော့သည် မီးဂဟေစက်ကို ယူကာ 'လက်သီးရွှေ' ကို စတင် အရည်ကျိုလေသည်။ ပြင်းထန်သော မီးလျှံအောက်တွင် 'လက်သီးရွှေ' များမှာ ရွှေရောင် အရည်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွား၏။
စီးဆင်းနေသော ရွှေရည်များကို 'မီးဖုတ်မြေစေး' ဖြင့် ပြုလုပ်ထားသော ရေတွင်းငယ်လေးထဲသို့ ထည့်လိုက်သည်။
ထို့နောက် နင်းကျော့သည် 'ရွှေဓာတ်စုစည်းခြင်း ပညာရပ်' ကို အသုံးပြုလိုက်၏။
ဤပညာရပ်မှာ စမ်းသပ်မှု အဆင့်များမှ ရရှိခဲ့ခြင်းဖြစ်ပြီး ကျင့်ကြံသူတစ်ဦးအနေဖြင့် မိမိအလိုရှိသလို သတ္တုများကို ထုတ်ယူနိုင်စေသည်။
ပုံမှန်အားဖြင့် ခဲနေသော 'လက်သီးရွှေ' ကို ရွှေအဖြစ် သန့်စင်ရန်မှာ အလွန် ခက်ခဲပြီး အချိန်ကြာမြင့်တတ်သော်လည်း အရည်ပုံစံ ဖြစ်နေသည့် အခါတွင်မူ ပို၍ ထိရောက်လေသည်။
"ဘယ်နှစ်ကြိမ်လောက် သန့်စင်ရင် အကောင်းဆုံး ဖြစ်မလဲ" ဟု နင်းကျော့ စဉ်းစားမိသည်။
သီအိုရီအရမူ အကြိမ်ရေ များလေလေ ပိုကောင်းလေ ဖြစ်သော်လည်း လက်တွေ့တွင်မူ အချိန်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။
သတ်မှတ်ချိန် ပြည့်သွားပါက စက်မှုပစ္စည်းများကို ဆက်လက် မဖန်တီးနိုင်တော့ပေ။ သန့်စင်သည့် အကြိမ်ရေ များလွန်းပါကလည်း နောက်ဆုံးထွက်လာမည့် ပစ္စည်းကို ထိခိုက်နိုင်လေသည်။
သန့်စင်မည့် အကြိမ်ရေကို ဆုံးဖြတ်ခြင်းမှာ စက်မှုပစ္စည်း ဖန်တီးခြင်း လုပ်ငန်းစဉ် တစ်ခုလုံးအပေါ် မည်မျှ ထိန်းချုပ်နိုင်စွမ်း ရှိသနည်းဟူသော အချက်ပင် ဖြစ်သည်။
အကယ်၍ အဆင့်တိုင်းအတွက် အချိန်ကို တိတိကျကျ စီစဉ်နိုင်ပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
ဤပြဿနာက နင်းကျော့အတွက် အခက်အခဲ မရှိလှပေ။
သူ့စိတ်ထဲတွင် ရှင်းလင်းသော အစီအစဉ် ရှိပြီးသားဖြစ်ရာ ဤအဆင့်တွင် သုံးကြိမ် သန့်စင်ခြင်းမှာ အသင့်တော်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်လိုက်သည်။
ဤကဲ့သို့ သေးငယ်သော အချက်အလက်များကပင် စက်မှုကျင့်ကြံသူ တစ်ဦးမှာ မည်မျှ ထူးချွန်ကြောင်း သက်သေပြနေခြင်း ဖြစ်၏။
ထိုသေးငယ်သော အချက်အလက်များ စုစည်းမိသွားသည့်အခါ နောက်ဆုံးထွက်ပေါ်လာမည့် ပစ္စည်းအပေါ် ကြီးမားသော သက်ရောက်မှု ရှိလာမည် ဖြစ်သည်။
နင်းကျော့သည် ဤအဆင့်ကို လျင်မြန်စွာ ကျော်ဖြတ်ပြီး နောက်ထပ် အဆင့်တစ်ခုသို့ ကူးပြောင်းလိုက်သည်။
သူသည် ရွှေရည်များကို အရိုးစု ပုံစံများအဖြစ် ပုံဖော်လိုက်၏။
ထူးခြားသည်မှာ ထိုအရိုးစုများမှာ အတွင်းတွင် အခေါင်းပွများ ဖြစ်နေခြင်းပင်။
ဤအဆင့်ပြီးနောက် နင်းကျော့သည် ဝိညာဉ်အင်းကွက်များ ပါရှိသည့် ရှေးဟောင်းသစ်သားကို စတင် ကိုင်တွယ်လေသည်။
ဝိညာဉ်ကျောက်တုံးမှာ တစ်တုံးတည်းသာ ရှိသဖြင့် နင်းကျော့သည် ရှေးဟောင်းသစ်သားကို အသုံးပြုကာ အစီအရင်ချပ်တစ်ခုကို ဦးစွာ ဖြတ်ထုတ်ပြီး ဝိညာဉ်ဒီရေ အစီအရင်ကို ရေးဆွဲလိုက်၏။
ထို့နောက်တွင်မူ ရှေးဟောင်းသစ်သားကို ဝိညာဉ်အင်းကွက်များအတိုင်း လိုက်၍ ဖြတ်တောက်ပြီး ဆလင်ဒါပုံစံ သစ်သားချောင်းလေးများကို ရွှေရောင်အရိုးစုများအတွင်းသို့ အရိုးအနှစ်အဖြစ် ထည့်သွင်းလိုက်သည်။
နင်းကျော့သည် စမ်းသပ်မှု အဆင့်များမှ ရရှိထားသော အခြား ပညာရပ်တစ်ခုကို အသုံးပြုလိုက်ပြန်သည်။ သုံးလက်မခန့်ရှိသော ဆလင်ဒါပုံ ရှေးဟောင်းသစ်သားချောင်းကို အများဆုံး ငါးလက်မအထိ ဆွဲဆန့်နိုင်၏။
ထို့ထက် ပို၍ ဆွဲဆန့်ပါက သစ်သားချောင်းလေးမှာ ညှိုးနွမ်းခြောက်သွေ့သွားမည် ဖြစ်သည်။
ဤအဆင့်ကို ပြီးမြောက်ပြီးနောက် နင်းကျော့သည် အသက်အနည်းငယ်မျှ ခေတ္တ အနားယူလိုက်၏။
ကျွမ်းကျင်သော စက်မှုကျင့်ကြံသူများမှာ အမြဲတမ်း အလုပ်ရှုပ်မနေဘဲ အလုပ်နှင့် အနားယူခြင်းကို မျှတအောင် ပြုလုပ်တတ်သည့် အလေ့အကျင့်ကောင်း ရှိကြသည်။
အဘယ်ကြောင့်ဆိုသော် နောက်တစ်ဆင့်တွင် နင်းကျော့သည် 'မီးလျှံဓာတ်' ကို ကိုင်တွယ်ရမည်ဖြစ်ရာ သူ၏ စိတ်ရောကိုယ်ပါ အခြေအနေ ကောင်းမွန်နေရန် လိုအပ်သောကြောင့်ပင်။
သူသည် 'မီးလျှံဓာတ်' ကို စတင် ကိုင်တွယ်တော့သည်။
သူသည် ဤကုန်ကြမ်းနှင့် အလွန်တရာ ရင်းနှီးလှ၏။
နင်းကျော့သည် 'မီးလျှံဓာတ်' ကို 'မီးလျှံပေါက်ကွဲမျောက်' စက်မှုရုပ်သေးတွင် အသုံးပြုလေ့ရှိသည့် မီးရှူးမီးပန်းများကဲ့သို့ အစိတ်အပိုင်းများအဖြစ် ဖန်တီးလိုက်သည်။
ဤအရာမှာ သူ အလွန် ကျွမ်းကျင်သော အစိတ်အပိုင်း တစ်ခုလည်း ဖြစ်၏။
'နှင်းပွင့်' ရေစက်နှင့် ပတ်သက်လာလျှင်မူ နင်းကျော့သည် အစီအရင်များအပေါ် သူ၏ ကျွမ်းကျင်မှုကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်တော့သည်။
သူသည် 'နှင်းပွင့်' ရေစက်အတွင်းတွင် အနည်းဆုံး အစီအရင် သုံးခုကို လျင်မြန် တည်ငြိမ်စွာ ထည့်သွင်းလိုက်၏။
ထို့အပြင် အစီအရင်၏ အချက်အချာနေရာတွင် သူ ကိုယ်တိုင် ချက်ချင်း ပြုလုပ်ထားသော နှင်းအဆောင်လက်ဖွဲ့ အချို့ကိုလည်း ထည့်သွင်းလိုက်သေးသည်။
နောက်ဆုံးတွင် ဤရေစက်ကြီးမှာ နင်းကျော့၏ စိတ်အလိုအတိုင်း ပုံသဏ္ဌာန် အမျိုးမျိုးသို့ လွတ်လပ်စွာ ပြောင်းလဲနိုင်သွားတော့သည်။
ထို့နောက် နင်းကျော့သည် ၎င်းကို အရိုးစုပေါ်တွင် ချိတ်ဆွဲလိုက်၏။
၎င်းနောက် 'မီးဖုတ်မြေစေး' ကို တစ်ဖန် ပြန်လည် ပုံဖော်ကာ အရိုးစုတစ်ခုလုံးကို လုံခြုံစွာ ဖုံးအုပ်နိုင်မည့် ကိုယ်ထည်တစ်ခုအဖြစ် ပြုလုပ်လိုက်သည်။
ကျန်ရှိနေသော အချိန်အတွင်းတွင် သူသည် မီးရှူးမီးပန်း အမြောက်အမြားကို ထပ်မံ ထုတ်လုပ်လိုက်၏။
နောက်ဆုံးတွင် ထွက်ပေါ်လာသည့် စက်မှုရုပ်သေးကို နင်းကျော့က 'ဓာတ်ငါးပါးရုပ်သေး' ဟု အမည်ပေးလိုက်လေသည်။
၎င်း၏ အဓိက တိုက်ခိုက်မှုမှာ စက်မှုမီးရှူးမီးပန်းများ ဖြစ်ပြီး ကာကွယ်ရေးအတွက်မူ 'နှင်းပွင့်' ရေစက်ကို အသုံးပြုထားရာ အရေးကြီးသော အချိန်များတွင် ကိုယ်ထည်အတွင်းမှ ထွက်ပေါ်လာပြီး ချပ်ဝတ်တန်ဆာ သို့မဟုတ် ဒိုင်းလွှားအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပေတော့သည်။