← Chapters

ဆယ်ခါဆက်တိုက် မဲနှိုက်ခြင်း

Vol. 16 Ch. 160

ဆယ်ခါဆက်တိုက် မဲနှိုက်ခြင်း

Vol. 16 Ch. 160

နောက်တစ်နေ့တွင် ချူလျန်သည် ကောင်းကင်တက်လှမ်းတောင်ထွတ်မှ စာတစ်စောင်ကို လက်ခံရရှိလေ၏။

အကြမ်းဖျင်းအကြောင်းအရာမှာ ပိလော့တောင်ထွတ်မှ တပည့်ကျန်းယွဲ့ပိုင်သည် စတုတ္ထအဆင့်တွင် ပြီးပြည့်စုံသော စက်ဝန်းပုံရိပ်ကို ဖန်တီးနိုင်ခဲ့ပြီး ယနေ့မွန်းတည့်ချိန်တွင် အခြားတောင်ထွတ်များမှ တပည့်များအတွက် တာအိုဟောကြားမည်ဖြစ်ကြောင်း ပါရှိလေ၏။ ရှုတောင်ဂိုဏ်းမှ စိတ်ဝင်စားသူ မည်သူမဆို မိမိဘာသာ သွားရောက်နားထောင်နိုင်ပေသည်။

"အိုး..."

ချူလျန်မှာ အံ့သြသွားလေ၏။ ဤသည်ကား အတော်လေး ရှားပါးသော ကိစ္စရပ်တစ်ခုပင် ဖြစ်ပေသည်။

ထူးချွန်လွန်းသော တပည့်တစ်ဦးဦးက မိမိ၏အတွေ့အကြုံများကို ဂိုဏ်းတူအစ်ကိုမောင်နှမများကို မျှဝေပေးခြင်းမျိုးမှာ တစ်ခါတစ်ရံ ဖြစ်ပေါ်လေ့ရှိ၏။ သို့သော် အကန့်သတ်မဲ့နန်းတော်မှ တိုက်ရိုက်ဦးဆောင်ကာ တာအိုဟောပြောပွဲ ကျင်းပပေးခြင်းမှာကား အလွန်တရာ ခမ်းနားကြီးကျယ်လွန်းလှသည်။

ယခင်ကဆိုလျှင် တောင်စောင့်အကြီးအကဲလေးပါး သို့မဟုတ် တောင်ထွတ်သခင် အဆင့်ရှိသူများက တစ်စုံတစ်ရာကို တရားထိုင်ကျင့်ကြံပြီးနောက် ဉာဏ်အလင်းပွင့်သွားသည့် အချိန်မျိုးတွင်သာ ဤကဲ့သို့ တရားဟောကြားပွဲကို ကျင်းပလေ့ရှိကြ၏။

အမှန်စင်စစ်အားဖြင့် ခိုင်လုံသောအကြောင်းအရာတစ်ခုကို ပြောဆိုနိုင်ရန်အတွက် မိမိ၏ ကျင့်ကြံမှုအဆင့်က သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအထိ မရောက်ရှိပါက မဖြစ်နိုင်ပေ။

စတုတ္ထအဆင့် တပည့်တစ်ဦးကို တာအိုဟောကြားခွင့်ပေးခြင်းမှာ ရှုတောင်၏သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ပင် ဖြစ်လောက်၏။ အတွေ့အကြုံများကို မျှဝေသည်ဟု ဆိုခြင်းထက် စီနီယာအစ်မကျန်းအတွက် လမ်းခင်းပေးနေခြင်းဖြစ်ကြောင်း ချူလျန် ခံစားမိလေသည်။

သူမ၏ ပြီးပြည့်စုံသောစက်ဝန်းမှာ အလွန်စွမ်းအားကြီးမားသော်လည်း အဓိကအကျဆုံးအချက်မှာ အင်မော်တယ်ဝိညာဉ်ခန္ဓာကိုယ်ကြောင့်ပင် ဖြစ်ပေ၏။ သူမအနေဖြင့် ကောင်းမွန်စွာ ဈာန်ဝင်စားနိုင်သည့် အဆင့်မြင့်ဝင်စားခြင်း အတွေ့အကြုံများကို မျှဝေပေးနိုင်မည် မဟုတ်ချေ။

ချူလျန်က ကျိုးကြောင်းဆီလျော်စွာ ခန့်မှန်းကြည့်လိုက်သည်။

ယခင်က ကျန်းယွဲ့ပိုင်၏ နာမည်ကျော်ကြားမှုမှာ အောက်ခြေမှ အထက်သို့ တက်လာခြင်းသာ ဖြစ်ပေသည်။ ဤတာအိုဟောကြားပွဲက သူမ၏ ဂုဏ်သတင်းကို အထက်မှ အောက်သို့ တည်ဆောက်နိုင်စေမည် ဖြစ်၏။

ထိုသို့ဆိုလျှင် သူမသည် လက်ရှိခေတ် တပည့်များထဲတွင် ခေါင်းဆောင်တစ်ဦးအဖြစ် သဘာဝကျကျ ဖြစ်လာပေလိမ့်မည်။

အကယ်၍ နောင်တစ်ချိန်တွင် သူမက ခေါင်းဆောင်တပည့်နေရာကိုပါ ထပ်မံရယူနိုင်ခဲ့ပါက ရှုတောင်ဂိုဏ်း၏ ဂုဏ်ယူဝင့်ကြွားဖွယ် မျက်နှာစာတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုနေရာကို မရခဲ့လျှင်ပင် သူမထံတွင် အလွန်အားကောင်းသော သြဇာလွှမ်းမိုးမှု ရှိနေဆဲဖြစ်ပေမည်။

သစ်ရွက်တစ်ရွက် ကြွေကျသည်ကို မြင်ရုံဖြင့် ဆောင်းဦးပေါက်ပြီကို သိနိုင်သည်မဟုတ်ပါလော...။

ချူလျန်၏ အတွေးများက ဆက်လက်ပြန့်ကားသွား၏။ ယခုကဲ့သို့ ပြုလုပ်ရခြင်းမှာ ယခင်က ဖြစ်ပွားခဲ့သော 'မိစ္ဆာနတ်ဘုရား ပြန်လည်ရောက်ရှိလာခြင်း' နှင့် သေချာပေါက် ဆက်စပ်နေပေလိမ့်မည်။

အကယ်၍ ငြိမ်းချမ်းသော ခေတ်ကာလများတွင်သာဆိုလျှင် ရှုတောင်ဂိုဏ်းမှ အထက်လူကြီးများအနေဖြင့် တပည့်တစ်ဦးကို ဤမျှအထိ တမင်တကာ မြှင့်တင်ပေးစရာ အကြောင်းမရှိပေ။ သို့သော် ယခုအချိန်တွင် ဤသို့ပြုလုပ်နေခြင်းမှာ မျိုးဆက်သစ် ရှုတောင်ဂိုဏ်းအတွက် ခေါင်းဆောင်တစ်ဦး အလွန်အမင်း လိုအပ်နေသောကြောင့်ပင် ဖြစ်၏။

မည်းမှောင်သော တိမ်တိုက်များက မြို့ကို ဖုံးလွှမ်းလာနေချေပြီ။

ဤသည်ကား မည်သည့်အချိန်တွင် စတင်မည်၊ မည်မျှကြာအောင် ဖြစ်ပွားမည်၊ လူမည်မျှ သေဆုံးရမည်ကို မသိနိုင်သော စစ်ပွဲတစ်ပွဲပင် ဖြစ်ပေ၏။ ရှုတောင်အနေဖြင့် မျိုးဆက်ဟောင်းများဖြစ်စေ၊ မျိုးဆက်သစ်များဖြစ်စေ စည်းလုံးညီညွတ်မှု အပြည့်အဝရှိသော အင်မော်တယ်ဂိုဏ်းတစ်ခု ဖြစ်လာရန် လိုအပ်နေသည်။

ရှေ့ဆက်၍ ရှုတောင်မှ အထက်လူကြီးများသည် ယခင်ကကဲ့သို့ ဖြစ်သလိုမလုပ်တော့ဘဲ အဓိကတပည့်များအပေါ်သို့ ရင်းမြစ်များကို အမြောက်အမြား ပုံအောပေးလာလောက်သည်။

"ဟူး..."

ချူလျန် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ သဲလွန်စအချို့ကို ဆက်စပ်ကြည့်ရင်း လူ့လောကကြီး ရင်ဆိုင်ရတော့မည့် ကြီးမားလှသော ဘေးအန္တရာယ်ကြီးကို သူ မြင်ယောင်နေမိသကဲ့သို့ ရှိ၏။

သို့သော် ဤအရာများကို ဆက်စပ်တွေးတောနိုင်သူမှာ အလွန်နည်းပါးလှ၏။ ရှုတောင်ဂိုဏ်းတစ်ခုလုံးမှာမူ ဤကိစ္စကြောင့် ပျော်ရွှင်မြူးထူးနေကြသည်။ သူမ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ကား မည်သူကမျှ သံသယမဝင်ကြချေ။

မည်သို့ပင်ဖြစ်စေ ကျန်းနတ်မိမယ်လေးသာ စင်မြင့်ထက်သို့ တက်လာမည်ဆိုပါက သူမအနေဖြင့် ဝိညာဉ်သားရဲများ၏ မီးဖွားပြီးစ ပြုစုစောင့်ရှောက်နည်းများကို ဟောပြောမည်ဆိုလျှင်ပင် လူတိုင်းက သဘောကျကြမည်သာ။

...

အချိန်စောသေးသဖြင့် ချူလျန်သည် ဓားလဲလှယ်ရေးမဏ္ဍပ်သို့ အရင်သွားရန် ဆုံးဖြတ်လိုက်၏။

ယမန်နေ့ သန်းခေါင်ယံအချိန်တွင် ဝမ်ယွဲ့လုံထံမှ စက္ကူကြိုးကြာငှက်လေး ရုတ်တရက် ပျံသန်းလာခဲ့ပြီး အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ထိုမိစ္ဆာမြေသိုအရှင်ရုပ်တုကို ဖွင့်၍ရပြီဖြစ်ကြောင်း ချူလျန်အား အသိပေးခဲ့လေသည်။

ထိုစဉ်က ချူလျန်မှာ ပြတင်းပေါက်အပြင်ဘက်မှ အသံကြောင့် လန့်နိုးသွားခဲ့ပြီး ထိုသတင်းကို သိရှိလိုက်ရသောအခါ ခေါင်းကိုသာ တရစပ်ခါယမ်းနေမိတော့သည်။

‘သူတို့လို သုတေသနလုပ်သူတွေက အနားယူဖို့ မလိုဘူးလား’ဟုပင် သူ တွေးတောမိသွားသည်။

မနက်မိုးလင်းမှသာ ချူလျန် ထိုနေရာသို့ အမြန်သွားလိုက်သည်။

ဝမ်ယွဲ့လုံမှာ ထိုနေရာတွင် တက်ကြွလန်းဆန်းနေဆဲဖြစ်ကာ ထိုင်စောင့်နေသည်ကို မြင်လိုက်ရ၏။ သူ၏မျက်နှာပေါ်တွင် အိပ်ချင်မူးတူးဖြစ်နေသော အရိပ်အယောင် အနည်းငယ်မျှပင် မရှိချေ။

သူ မချီးကျူးဘဲ မနေနိုင်တော့။

"ဟီးဟီး... ဂိုဏ်းတူအစ်ကိုချူ၊ နောက်ဆုံးတော့ ရောက်လာပြီပဲ။ ကျွန်တော်တောင် မစောင့်နိုင်တော့ဘူး"

ဝမ်ယွဲ့လုံက ပြောလိုက်၏။

ထိုမိစ္ဆာမြေသိုအရှင်ရုပ်တုထဲတွင် မည်သည့်အရာများ ပါဝင်မည်ကို သူ အတော်လေး မျှော်လင့်နေပုံရပေသည်။

အမှောင်ဘုရင်ဂိုဏ်း၏ လမ်းပြသူတစ်ဦး၊ ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး၏ ကိုယ်ပိုင်ရတနာသိုက်ဆိုသည်မှာ သေချာပေါက် ရတနာသိုက်ငယ်လေးတစ်ခု ဖြစ်ပေလိမ့်မည်။

"ကောင်းပြီ... အမြန်စကြတာပေါ့"

ချူလျန်က ပြုံးကာ ပြောလိုက်လေသည်။

ဝမ်ယွဲ့လုံက မိစ္ဆာမြေသိုအရှင်ရုပ်တုကို စားပွဲခုံပေါ်တွင် တင်လိုက်ပြီးနောက် လက်သီးဆုပ်အရွယ်အစားရှိ အနက်ရောင် ရတနာပုလဲလုံးတစ်လုံးကို ထုတ်ယူလိုက်၏။

"ကျွန်တော် လေ့လာကြည့်တော့ ဒီမိစ္ဆာမြေသိုအရှင်ရုပ်တုမှာ ထူးခြားတဲ့ လက်ကွက်မန္တန်တွေ မရှိဘူးဆိုတာ တွေ့ရတယ်။ အမှောင်ဘုရင်ဂိုဏ်းရဲ့ ကျင့်စဉ်နဲ့ ကျင့်ကြံထားတဲ့ ယင်ဓာတ်ချီနဲ့မှ ဖွင့်လို့ရမှာ။ ဒါကြောင့် ယင်ဝိညာဉ်ပုလဲတစ်လုံးကို သွားရှာလာခဲ့တယ်။ အဲဒီပုလဲထဲကို ထည့်လိုက်တဲ့ ချီအကုန်လုံးက ယင်ဓာတ်အဖြစ် ပြောင်းလဲသွားပြီး ပြန်လည်ထုတ်လွှတ်ပေးမှာပါ"

သူက ချူလျန်အား အလုပ်လုပ်ပုံကို ရှင်းပြလိုက်လေသည်။

"ဂိုဏ်းတူညီလေးဝမ်က တကယ်ကို ဉာဏ်ကောင်းတာပဲ"

ချူလျန်က ချက်ချင်းပင် ချီးကျူးလိုက်၏။

အရာအားလုံး အဆင်သင့်ဖြစ်သွားချေပြီ။

ဝမ်ယွဲ့လုံက ယင်ဝိညာဉ်ပုလဲကို မိစ္ဆာမြေသိုအရှင်ရုပ်တုထံသို့ ကပ်လိုက်ပြီးနောက် ချီများ သွင်းပေးလိုက်သည်ကို မြင်လိုက်ရသည်။

မိစ္ဆာမြေသိုအရှင်ရုပ်တု၏ မျက်လုံးများက တစ်ချက်မျှ တောက်ပသွားပြီးနောက် ချက်ချင်းဆိုသလိုပင် များပြားလှသော ယင်စွမ်းအင်များနှင့် နာကြည်းချက်ဝိညာဉ်များ ထွက်ပေါ်လာကာ အခန်းတစ်ခုလုံးမှာ ရေခဲဂူတစ်ခုပမာ အေးစက်သွားတော့သည်။

ပြောစရာပင်မလို၊ မိစ္ဆာမြေသိုအရှင်ရုပ်တု၏ သိုလှောင်နေရာလွတ် ပွင့်သွားပြီဖြစ်ကြောင်း ချူလျန် ခံစားမိလိုက်သည်။

"အခု... အထဲမှာ ဘာရတနာတွေ ရှိလဲဆိုတာ ကြည့်ကြရအောင်"

ဝမ်ယွဲ့လုံက သူကိုယ်တိုင်ပင် အထဲမှ ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်၏။

သူ၏ မျက်လုံးများထဲရှိ စိတ်လှုပ်ရှားနေသော အလင်းရောင်ကို ကြည့်ရသည်မှာ ကံစမ်းသေတ္တာကို ဖွင့်ရသကဲ့သို့ ပျော်ရွှင်ကြည်နူးနေပုံရသည်။

ချလွင်...

သူ ပထမဆုံး ထုတ်ယူလိုက်သည့် အရာမှာ တံဆိပ်ပြားတစ်ခုဖြစ်ပြီး ချူလျန်အတွက် စိမ်းသက်မနေပေ။

"ဒါက ဝိညာဉ်ချုပ်တံဆိပ်ပြားပဲ"

ထို့ပြင် လမ်းပြသူအဆင့်ရှိ ဝိညာဉ်ချုပ်တံဆိပ်ပြားတစ်ခု ဖြစ်ပေသည်။ ဝမ်းနည်းစရာကောင်းသည်မှာ တောင်ပိုင်းလမ်းပြသူမှာ ဝိညာဉ်ကြေမွပျက်စီးသွားပြီဖြစ်၍ ဤဝိညာဉ်ချုပ်တံဆိပ်ပြားမှာလည်း အသုံးမဝင်တော့ချေ။

"အသုံးမဝင်တော့ဘူးပဲ"

ဝမ်ယွဲ့လုံက သက်ပြင်းချလိုက်လေ၏။ ပထမဆုံးအကြိမ် မဲနှိုက်ရသည့် ကံဇာတာမှာ သိပ်မကောင်းလှ။

"ငါ တစ်ခါလောက် လုပ်ကြည့်မယ်"

ချူလျန်ကလည်း မနေနိုင်ဘဲ လက်လှမ်းကာ ပြောလိုက်၏။

"အစ်ကိုချူပဲ လုပ်လိုက်"

ဝမ်ယွဲ့လုံက ချက်ချင်းပင် နေရာဖယ်ပေးလိုက်လေသည်။

ချူလျန်က သူ၏ဝိညာဉ်အာရုံကို ထည့်သွင်းလိုက်ပြီး ပစ္စည်းတစ်ခုကို ကျပန်းရွေးချယ်လိုက်ရာ ပိုးအိတ်ကလေးတစ်ခု ဖြစ်နေ၏။

ထုတ်ယူကာ ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် လက်ဝါးအရွယ်အစားခန့်ရှိသော စိမ်းပြာရောင်သစ်ရွက် သုံးရွက်ပါရှိပြီး ကိုင်ကြည့်လိုက်သည်နှင့် အလွန်အေးစက်ကာ ကြက်သီးထွေးဖွယ်ကောင်းလှပေသည်။

"ဒါက... မီလော့သစ်ရွက်စိမ်းလား"

ဝမ်ယွဲ့လုံက အနည်းငယ် စဉ်းစားပြီးနောက် မှတ်မိသွားလေသည်။

ထိုသို့ ပြောလိုက်သောအခါ ချူလျန်လည်း ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရပြီး ဤအရာသည် သရဲတစ္ဆေများကို ထည့်သွင်းရန် အသုံးပြုကြောင်း သိရှိသွား၏။

"ဒီလမ်းပြသူက သူ့ရဲ့ကိုယ်ပိုင် ထိန်းချုပ်ထားတဲ့ ဝိညာဉ်တွေကို ထည့်ထားတဲ့ ပစ္စည်းဖြစ်ဖို့ များတယ်။ နှမြောစရာကောင်းတာက သူ သေသွားတော့ သူ ထိန်းချုပ်ထားတဲ့ ဝိညာဉ်တွေလည်း သူနဲ့အတူ ကြေမွပျက်စီးသွားတာပဲ"

ဝမ်ယွဲ့လုံက ဆက်ပြောလိုက်လေသည်။

ဝိညာဉ်မွေးမြူခြင်းနှင့် ဝိညာဉ်ထိန်းချုပ်ခြင်းတို့ကြားတွင် အခြေခံကျသော ကွာခြားချက်ရှိသည်။

ဖေးချီကဲ့သို့ ကိစ္စရှိမှသာ အကူအညီတောင်းရပြီး နှစ်ဦးနှစ်ဖက် တန်းတူညီမျှ ဆက်ဆံရေးမျိုးကို ဝိညာဉ်မွေးမြူခြင်းဟု ခေါ်ဆိုနိုင်၏။

ဤကဲ့သို့သော ဝိညာဉ်ထိန်းချုပ်ခြင်းမှာမူ သရဲတစ္ဆေများကို မိမိ၏ ကျွန်အဖြစ် ပြောင်းလဲပစ်ခြင်းဖြစ်သည်။ ထိန်းချုပ်မှု သက်ရောက်စေရန်အတွက် သခင်ဖြစ်သူ သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် ထိုသရဲတစ္ဆေများအားလုံးလည်း အတူတကွ ပျောက်ကွယ်သွားမည်သာ ဖြစ်သည်။

ချူလျန်သည်လည်း ထိုအချက်ကြောင့် စောစောက မိစ္ဆာမြေသိုအရှင်ရုပ်တုကို ဖွင့်လိုက်ချိန်တွင် အဘယ်ကြောင့် ထိုမျှများပြားသော အေးစက်သည့် နာကြည်းချက်ဝိညာဉ်များ ထွက်ပေါ်လာရသည်ကို သဘောပေါက်သွားလေ၏။

ဤသည်ကား ထိုသရဲတစ္ဆေများ ပျောက်ကွယ်သွားချိန်တွင် ကျန်ရစ်ခဲ့သော အရာများသာ ဖြစ်ပေသည်။

"ဒါဆိုရင်လည်း အသုံးမဝင်တော့ဘူးပေါ့"

သူက ပြောလိုက်၏။

"ဒါပေမဲ့ မီလော့သစ်ရွက်စိမ်းကိုယ်တိုင်က အဖိုးတန်တဲ့ ပါဝင်ပစ္စည်းပါပဲ"

ဝမ်ယွဲ့လုံက နှစ်သိမ့်ပေးလိုက်လေသည်။

ချက်ချင်းပင် သူက မိစ္ဆာမြေသိုအရှင်ရုပ်တုထဲမှ ပစ္စည်းတစ်ခုကို ထပ်မံထုတ်ယူလိုက်ပြန်၏။ ၎င်းမှာ ရေနွေးအိုးအဝိုင်းလေးတစ်ခုဖြစ်ပြီး ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ဘောလုံးငယ် ငါးလုံး ပါရှိလေသည်။

ချူလျန်က မြင်လိုက်သောအခါ မျက်လုံးများ တောက်ပသွားကာ "ဒါ အရိပ်ကွဲမိုးကြိုးဗုံးတွေပဲ"

ဤသည်ကား ပစ္စည်းကောင်းပင်။ ယခင်အကြိမ်က သူသည် သုံးလုံးတည်း အသုံးပြုရုံဖြင့် ဒဏ်ရာပြင်းထန်စွာ ရနေသော ပဉ္စမအဆင့် ပုတ်သင်ကြီးတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့လေသည်။

"ဟုတ်ပါ့"

ဝမ်ယွဲ့လုံက အနည်းငယ် အကဲခတ်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏။

"အမှောင်ဘုရင်ဂိုဏ်းက ဖန်တီးထားတဲ့ အရိပ်ကွဲမိုးကြိုးဗုံးတွေပဲ။ အာနိသင်က တော်တော်လေး အားကောင်းတယ်"

ချူလျန်၏ အလှည့်ရောက်သောအခါ သူကလည်း အထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြန်၏။

၎င်းမှာ လုံးဝမည်းမှောင်နေသော ဓားရှည်တစ်လက်ဖြစ်ပြီး ပြင်းထန်လှသော သွေးရနံ့များနှင့် နာကြည်းချက်များက ရစ်ပတ်နေ၏။ တစ်ချက်မျှ ဆုပ်ကိုင်လိုက်ရုံဖြင့် ဦးနှောက်ထဲတွင် စူးရှသော နာကျင်မှုတစ်ရပ်ကို ခံစားလိုက်ရသည်။ လက်တစ်ချက် တုန်သွားပြီးနောက် ထိုဓားမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့၏။

ထိုဓားကို ထုတ်ယူလိုက်ချိန်တွင် စေတီတော်ဖြူ နေရာလွတ်ထဲရှိ ကြက်သွေးရောင်ကွပ်မျက်သူဓားပင်လျှင် တစ်ချက်မျှ လှုပ်ရှားသွားခဲ့လေသည်။ ဤသွေးရနံ့က မည်မျှအားကောင်းကြောင်း တွေးကြည့်နိုင်သည်။

"ဘုရားရေ... ငရဲဘုံဝိညာဉ်ဓားပဲ"

ဝမ်ယွဲ့လုံကလည်း လက်ဖြင့် မကောက်ယူရဲဘဲ အဝါရောင်အဝတ်စတစ်ခုကို ချက်ချင်းထုတ်ယူကာ ထိုဓားပေါ်သို့ ဖုံးအုပ်လိုက်သည်။

"ဒါက အမှောင်ဘုရင်ဂိုဏ်းရဲ့ သီးသန့် မှော်ဝင်ပစ္စည်းပဲ။ သက်ရှိလူတွေရဲ့ ဝိညာဉ်တွေကို ရိတ်သိမ်းပြီး ဓားပိုင်ရှင်ရဲ့ ကျင့်ကြံမှုအဖြစ် ပြောင်းလဲဖို့ သီးသန့် ဖန်တီးထားတာ။ လူသတ်လေလေ စွမ်းအားကြီးလေလေပဲ"

ဝမ်ယွဲ့လုံက ထပ်မံရှင်းပြလိုက်၏။

"သူ့ရဲ့ ဒီဓားက ဒီလောက် စွမ်းအားကြီးနေမှတော့ ဒီအထဲမှာ ဝိညာဉ်ဘယ်နှစ်ခုလောက်တောင် ဒုက္ခခံစားနေရမလဲ မသိနိုင်တော့ဘူး"

ချူလျန်က ခေါင်းညိတ်လိုက်၏။

ကြည့်ရသည်မှာ ငရဲဘုံကျမ်း၏ အခြားပုံစံတစ်မျိုးဖြစ်ပြီး အလွန်တရာ ဆိုးယုတ်လှသော မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်ပုံရသည်။

"ဒီအမှောင်ဘုရင်ဂိုဏ်းက မိစ္ဆာကျင့်ကြံသူတွေ တကယ်ကို သေတာတောင် နည်းသေးတယ်"

ငရဲဘုံဝိညာဉ်ဓားကို ဂရုတစိုက် ထုပ်ပိုးကာ ဘေးသို့ ဖယ်ထားလိုက်ပြီးနောက် ဝမ်ယွဲ့လုံက ထပ်မံ၍ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြန်၏။

သူ၏ လက်ထဲတွင် နှင်းဆီရောင်ပိုးသားတစ်စ၊ ၎င်းအပေါ်တွင် အနီရောင် ကြိုးအချို့နှင့် သေသပ်လှပစွာ ထိုးထားသော အနက်ရောင် ကြာပန်းတစ်ပွင့် ပါရှိနေသည်ကို မြင်လိုက်ရလေသည်။

"ဒါက..."

ချူလျန်မှာ အံ့သြသွား၏။

"ရင်ဖုံးအင်္ကျီနဲ့ တူတယ်နော်"

ဝမ်ယွဲ့လုံသည်လည်း အနည်းငယ် ကြောင်အမ်းသွားလေသည်။

ဒါက ရင်စေ့အင်္ကျီမှန်း ငါ မသိတာကျနေတာပဲ...။

ချူလျန်မှာ စကားစရပ်သွားရသည်။ တောင်ပိုင်းလမ်းပြသူ၏ သိုလှောင်မှုနယ်ပယ်ထဲတွင် ဤကဲ့သို့သော အရာမျိုး အဘယ်ကြောင့် ရှိနေရသနည်းဟု သူ စဉ်းစားမရဖြစ်နေခြင်းသာ ဖြစ်ပေသည်။

သူက ယောက်ျားကြီးတစ်ယောက်လေ…။

ချစ်သူရည်းစား ကောင်မလေး ရှိနေရင်တောင်မှ သူများတကာရဲ့ ဒီလိုပစ္စည်းမျိုးကို သိမ်းဆည်းထားခြင်းက နည်းနည်း ဖောက်ပြန်ရာကျလွန်းမနေဘူးလား...။

"ပစ္စည်းအသားကတော့ အဆင့်မြင့်ပိုးသားပဲ၊ မှော်စွမ်းအင် မရှိတာတော့ သေချာတယ်... ချုပ်ရိုးချုပ်သားက သေသပ်တယ်၊ အပ်ချည်ထိုးထားတဲ့ ပုံစံက ကျန်းနန်ဘက်က စတိုင်မျိုးပဲ... ပြီးတော့ နည်းနည်းလည်း ညစ်ပတ်နေသေးတယ်၊ ဝတ်ထားပြီး မလျှော်ရသေးဘူး ထင်တယ်..."

ဝမ်ယွဲ့လုံက သေသေချာချာ အကဲခတ်လိုက်ရင်း တစ်ဖက်မှ ခွဲခြမ်းစိတ်ဖြာကာ တစ်ဖက်မှလည်း ဇဝေဇဝါဖြစ်နေမိ၏။

ကြည့်ရသည်မှာ သူသည်လည်း ချူလျန်ကဲ့သို့ပင် အင်မတန်ကြီးကျယ်လှသော မိစ္ဆာခေါင်းဆောင်ကြီးတစ်ဦးက အဘယ်ကြောင့် ဤအရာကို ရတနာတစ်ပါးကဲ့သို့ သိမ်းဆည်းထားရသနည်းဟု နားမလည်နိုင်ဖြစ်နေပုံရသည်။

ဝမ်ယွဲ့လုံက ထပ်ပြောလိုက်ပြန်သည်။

"သိပ်မသေချာသေးဘူး၊ နောက်တစ်ခေါက်လောက် ထပ်ကြည့်လိုက်ဦးမယ်ဗျာ..."

All Chapters