ဒါက ဘယ်လိုကောင်းမှုလဲ
Vol. 16 Ch. 152
သောက်ကျိုးနည်း…။
တိနွီဖုန့်၏ ရိုင်းပျသောစကားကို ကြားလိုက်ရသဖြင့် ချူလျန်၏ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေသည်။
သူ မလာမီက အဂ္ဂိရတ်အကြီးအကဲမှာ စကားပြောရလွယ်ကူသော လူကြီးတစ်ဦးဖြစ်ပါစေရန် ဆုတောင်းခဲ့ပြီး တောင်းပန်စကား အနည်းငယ်ဆိုရုံဖြင့် ရွှေမွေးဟူကောင်ကို ပြန်လွှတ်ပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့မိ၏။
ယခုမူ အဂ္ဂိရတ်အကြီးအကဲ၏ စိတ်နေစိတ်ထားက ဒေါသကြီး၊ မကြီးကို တွေးတောပူပန်နေရန် မလိုတော့၊ သေချာပေါက် ဒေါသကြီးပေလိမ့်မည်။
"ဟားဟား...” တိနွီဖုန့်၏ ကြိမ်းမောင်းမှုကို ရင်ဆိုင်ရသော်လည်း အဂ္ဂိရတ်အကြီးအကဲမှာ အတော်လေး သည်းခံနိုင်စွမ်းကို ပြသနေဆဲဖြစ်၏။ သူက ခပ်ဖွဖွရယ်မောလိုက်ပြီး "ဒီဝိညာဉ်သားရဲက မင်းတို့ ငွေဓားတောင်ထွတ်ကဆိုတာ သိကတည်းက မင်းလို ခေါင်းမာတဲ့ကောင်မလေး လာပြီး ပြဿနာရှာမယ်ဆိုတာကို ငါခန့်မှန်းမိပြီးသားပါ"
"ကျုပ်အိမ်က ဟူကောင်မှန်း သိလျက်နဲ့ ဖမ်းသေးတယ်ပေါ့...”
တိနွီဖုန့်က "ဒါက ကျုပ်ကို အထင်သေးတာပဲ...” ဟု ပြန်ပြောလိုက်လေသည်။
"သူက ဂိုဏ်းစောင့်နတ်သားရဲရဲ့ စားနပ်ရိက္ခာကို ခိုးစားလို့ ဖမ်းရတာဟာ သဘာဝကျပါတယ်...” အဂ္ဂိရတ်အကြီးအကဲက ရှင်းပြလေသည်။
"သူက ဝိညာဉ်သားရဲဆေးလုံးတွေကို ဘယ်လောက်တောင် ခိုးစားခဲ့လဲဆိုတာ ထည့်တွက်ရင် တောင်းတဲ့ဒဏ်ကြေးက မများလှပါဘူး… မင်း ထပ်ပြီး ပြဿနာရှာနေမယ်ဆိုရင်တော့ သဘာဝမကျတော့ဘူးနော်...”
"ကောင်းပြီလေ၊ သဘာဝမကျရင်လည်း ဘာမှပြောမနေနဲ့တော့..." တိနွီဖုန့်မှာ အင်္ကျီလက်စကို ပင့်တင်နေချေပြီ။
"ဆရာသခင်... အရင်ဆုံး ယဉ်ကျေးပြပြီးမှ လက်ပါရမယ်… အရင်ဆုံး ယဉ်ကျေးပြပြီးမှ လက်ပါရမယ်လေ...” ချူလျန်မှာ သူမ၏အင်္ကျီလက်စကို အမြန်ဆွဲထားကာ တီးတိုးပြောလိုက်ရ၏။
တိနွီဖုန့်က နောက်သို့ လှည့်ကြည့်လာပြီး "ငါ ခုနက ယဉ်ကျေးပြပြီးပြီ မဟုတ်ဘူးလား...”
'ခုနက အပြုအမူကိုများ ယဉ်ကျေးတယ်လို့ ခေါ်တာလား...’
ချူလျန်၏မျက်နှာမှာ မည်းမှောင်သွားပြီး အလျင်အမြန် ပြောလိုက်ရ၏။ "တပည့်ကိုပဲ အရင်ဆုံး ဝင်ပြောခွင့်ပြုပါ...”
"မင်းက ရွှေမွေးဟူကောင်ကို ပြန်တောင်းနိုင်မှာမို့လို့လား...” တိနွီဖုန့်က သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်လာသည်။
"စမ်းကြည့်ရတာပေါ့...” ချူလျန်က ဆိုလေသည်။
'ဒီလိုမှမဟုတ်ရင်လည်း ဘာလုပ်ရမှာလဲ… ဆရာက တောင်စောင့်အကြီးအကဲနဲ့ တကယ် သွားချတော့မလို့လား… အဘိုးကြီးတစ်ယောက်ကို ရိုက်နှက်တာက နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ဘယ်လိုနည်းနဲ့မှ ဂုဏ်ယူစရာ မဟုတ်ဘူးလေ...’
ချူလျန်သည် ဖြည်းညင်းစွာ ရှေ့သို့တက်သွားပြီး ဦးစွာအရိုအသေပေးကာ "ငွေဓားတောင်ထွတ်တပည့် ချူလျန်က အဂ္ဂိရတ်အကြီးအကဲကို ဂါရဝပြုပါတယ်...” ဟု ပြောလိုက်သည်။
"မင်းက သူ့ရဲ့ တစ်ဦးတည်းသောတပည့်ဆိုတာလား…၊ ဟူး... အရည်အချင်းရှိမယ့်ပုံပါပဲ..." အဂ္ဂိရတ်အကြီးအကဲက ခေါင်းခါ၍ သက်ပြင်းချလိုက်ရာ ချူလျန်၏ဘဝအတွက် အလွန်နှမြောတသဖြစ်နေသည့်ပုံ ပေါ်လေသည်။
"ဟုတ်ပါတယ်… ကျွန်တော်တို့ ငွေဓားတောင်ထွတ်က လူအင်အားနည်းပါးပြီး တပည့်ကလည်း အပြင်ဘက်ကို အမြဲတမ်း အတွေ့အကြုံရှာထွက်နေရတော့ တောင်ပေါ်မှာ ဆရာ့ကို အဖော်ပြုပေးဖို့ ဒီရွှေမွေးဟူကောင်လေးပဲ ရှိတာပါ… ဒါကြောင့် ဆရာက သူ့အပေါ် သံယောဇဉ်ကြီးပြီး စိတ်ပူနေလို့ ပြစ်မှားမိတာတွေရှိခဲ့ရင် အကြီးအကဲက နားလည်ခွင့်လွှတ်ပေးပါ...” ချူလျန်သည် ဆရာဖြစ်သူကိုယ်စား အလျင်အမြန် တောင်းပန်စကား ဆိုလိုက်၏။
"မင်းကတော့ တော်တော်လေး ယဉ်ကျေးသားပဲ...” အဂ္ဂိရတ်အကြီးအကဲက ရယ်မောရင်း "ဒါပေမဲ့ မင်း ဒါတွေ ပြောနေစရာ မလိုပါဘူး။…မင်းဆရာ ကြီးပြင်းလာတာကို ငါကိုယ်တိုင် မြင်တွေ့ခဲ့ရတာဆိုတော့ သူ့အကျင့်စရိုက်ကို မင်းထက်တောင် ငါက ပိုသိသေးတယ်...”
"ကျုပ်အကျင့်စရိုက်က ဘာဖြစ်နေလို့လဲ...” တိနွီဖုန့်က အနောက်ဘက်မှနေ၍ ခါးထောက်ကာ မေးလေသည်။
နှစ်ဦးလုံးက သူမကို လျစ်လျူရှုထားလိုက်ပြီး စကားဆက်ပြောနေကြ၏။
ချူလျန်က ရိုသေလေးစားစွာဖြင့် "တပည့်က အဆင့်အတန်းနိမ့်ပါးတဲ့အတွက် ဆရာနဲ့ အဂ္ဂိရတ်အကြီးအကဲတို့ကြားက ကိစ္စတွေကို ဝင်မစွက်ဖက်သင့်ပါဘူး… ဒါပေမဲ့ နားမလည်တာလေး တစ်ခုရှိနေလို့ အကြီးအကဲက ရှင်းပြပေးပါဦး...” ဟု ပြောလိုက်လေသည်။
"ဘာများလဲ...” အဂ္ဂိရတ်အကြီးအကဲက စိတ်ဝင်တစားဖြင့် သူ့ကို ကြည့်လာသည်။
"အကြီးအကဲက ရွှေမွေးဟူကောင်ရဲ့ အပြစ်ဟာ နတ်သားရဲရဲ့ ရိက္ခာကို ခိုးယူတာလို့ ပြောခဲ့ပါတယ်… ဒါပေမဲ့ 'ခွင့်မတောင်းဘဲ ယူတာကိုမှ ခိုးတယ်လို့ ခေါ်တာ' မဟုတ်လား… တပည့် သိထားသလောက်ဆိုရင် ရွှေမွေးဟူကောင်နဲ့ ပိုင်ဇယ်လေးက သူငယ်ချင်းကောင်းတွေပါ… ရွှေမွေးဟူကောင် ဝိညာဉ်သားရဲဆေးလုံး သွားစားတိုင်း ပိုင်ဇယ်လေးရဲ့ ခွင့်ပြုချက်ကို ရထားပြီးသားဆိုတော့ ဒါကို ဘယ်လိုလုပ်ပြီး ခိုးတယ်လို့ ခေါ်လို့ရမှာလဲ...”
ချူလျန်က ဆင်ခြေပေးလေသည်။
"ဟားဟား...” အဂ္ဂိရတ်အကြီးအကဲက ထပ်မံ၍ ခပ်ဖွဖွရယ်မောလိုက်ပြီး "မင်းပြောတာလည်း အကြောင်းပြချက် ခိုင်လုံပါတယ်… တကယ်လို့ ဒီဝိညာဉ်သားရဲဆေးလုံးတွေသာ ပိုင်ဇယ်ပိုင်တာဆိုရင် ဒါကို ခိုးတယ်လို့ သတ်မှတ်လို့ မရပါဘူး….
ဒါပေမဲ့ ဒီဝိညာဉ်သားရဲဆေးလုံးတွေကို ရှုတောင်က ထုတ်ပေးထားတာ… ပိုင်ဇယ်ကို ကျွေးမွေးရတဲ့ အကြောင်းရင်းက သူဟာ ရှုတောင်အပေါ်မှာ ကျေးဇူးကြီးမားလို့ပဲ… အခြားဝိညာဉ်သားရဲတွေက ရှုတောင်အပေါ်မှာ ဘာကောင်းမှုမှ မရှိတဲ့အတွက် စားခွင့်မရှိဘူးလေ… စားမိခဲ့ရင်လည်း ပြန်ပေးဆပ်ရမယ်… ဒါကမှ မှန်ကန်တဲ့ တရားသဘောပဲ...” ဟု တုံ့ပြန်လိုက်၏။
ရှီး…။
ချူလျန်တစ်ယောက် တစ်ခဏမျှ တိတ်ဆိတ်သွားရချေသည်။
ဤအဂ္ဂိရတ်အကြီးအကဲမှာ စဉ်းစားတွေးခေါ်ပုံ ရှင်းလင်းပြီး စကားပြောဆိုရာတွင်လည်း ပညာသားပါလှသည်။ အကျိုးအကြောင်း ဆင်ခြင်ပြောဆိုသည့်နေရာတွင် လုံးဝကို အသာစီးရနေတော့၏။
တိနွီဖုန့်မှာလည်း ချူလျန်တစ်ယောက် 'အကျိုးအကြောင်းပြ ပြောဆိုရာတွင်' အောက်စီးမှ ရောက်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ထို့ကြောင့် ချက်ချင်းပင် အင်္ကျီလက်စကို ပင့်တင်ကာ ရှေ့သို့ထွက်လာပြီး ပြောလိုက်လေသည်။ "မရရင်လည်း ငါပဲ ရှင်းလိုက်တော့မယ်...”
"မလိုပါဘူး...” ချူလျန်က လက်ကာပြလိုက်ပြီး "တပည့်မှာ ဖြေရှင်းစရာ နည်းလမ်းရှိပါတယ်...”
ထိုသို့ပြောရင်း သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ ပြတ်သားစွာ မေးလိုက်၏။ "အကြီးအကဲက ရွှေမွေးဟူကောင်ဟာ ရှုတောင်အပေါ်မှာ ဘာကောင်းမှုမှ မလုပ်ဖူးလို့ ရှုတောင်ရဲ့ ဝိညာဉ်သားရဲဆေးလုံးတွေကို မစားသင့်ဘူးလို့ ပြောခဲ့တယ်နော်… ဒါဆို သူသာ ရှုတောင်အပေါ်မှာ ကောင်းမှုတစ်ခုခု ရှိခဲ့မယ်ဆိုရင် စားခွင့်ရှိတယ် မဟုတ်လား...”
အဂ္ဂိရတ်အကြီးအကဲက ပြုံးလိုက်ပြီး ပြန်ဖြေ၏။ "ဘယ်လိုကောင်းမှုမျိုးလဲဆိုတာကိုတော့ ကြည့်ရဦးမှာပေါ့...”
"ဒါဆိုရင်လည်း အကြီးအကဲကပဲ အကဲဖြတ်ပေးပါ။ အကြီးအကဲ... ဒါက ဘာလဲဆိုတာ ကြည့်လိုက်ပါဦး...” ချူလျန်သည် လက်တစ်ဖက်ကို မြှောက်လိုက်ရာ သိုလှောင်အိတ်ထဲမှ ကျောက်စာတိုင်တစ်ခု ထွက်ပေါ်လာလေသည်။
ဘုန်း…
ဂူဗိမာန်ထိန်းကျောက်စာတိုင်မှာ မြေပြင်ပေါ်သို့ ကျလာသဖြင့် ဖုန်မှုန့်များ လွင့်စင်သွားပြီး တုန်ခါမှုကြောင့် ချူလျန်၏အင်္ကျီစများမှာ လေထဲတွင် လွင့်ဝဲသွားကာ သူ၏မျက်လုံးများမှာလည်း တောက်ပနေ၏။
"ရွှေမွေးဟူကောင်က ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဒီပစ္စည်းကို ရှာတွေ့ခဲ့တာပါ။ အစောပိုင်းနှစ်တွေက ပျောက်ဆုံးသွားခဲ့တဲ့ ဂူဗိမာန်ထိန်းကျောက်စာတိုင်လို့ ကြားဖူးပါတယ်။ ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ အာဇာနည်တွေကို အောက်မေ့ဖွယ်အနေနဲ့ ထားရှိခဲ့တဲ့ပစ္စည်းဖြစ်ပြီး နောက်ပိုင်းမှာ မိစ္ဆာဂိုဏ်းက လူယုတ်မာတွေ လုယူသွားခဲ့တာပါ။ ဒီပစ္စည်းကို ပြန်ရှာတွေ့ခဲ့တာက ဘယ်လိုကောင်းမှုမျိုးလဲဆိုတာ သိချင်ပါတယ်...” ချူလျန်က မေးလိုက်တော့သည်။
...
ချူလျန်သည် ရွှေမွေးဟူကောင်ကို စီးလျက် ငွေဓားတောင်ထွတ်သို့ ပြန်လာခဲ့၏။
လမ်းတစ်လျှောက်လုံး ခေါင်းကြီးမှာ ခုန်ပေါက်နေပြီး အလွန်ပျော်ရွှင်နေပုံပေါ်၏။ ၎င်းတို့က လှောင်ချိုင့်ထဲမှ ကယ်တင်ပေးခဲ့သည်မှာ ဒုတိယအကြိမ်ရှိနေပြီဖြစ်ရာ ၎င်း၏အမြင်တွင် ဤအရာမှာ သခင်ဖြစ်သူက မိမိကို ချစ်ခင်ကြောင်း သက်သေပြခြင်း ဖြစ်နိုင်ပေသည်။
ချူလျန်၏ စိတ်အခြေအနေမှာလည်း မဆိုးလှ။ အဂ္ဂိရတ်အကြီးအကဲက နောင်တွင် ရွှေမွေးဟူကောင်နှင့် ပိုင်ဇယ်လေးတို့ကို အတူတူ အစာစားခွင့်ပြုလိုက်သဖြင့် ဟူကောင်ကို အစာကျွေးရာတွင် ခိုးကြောင်ခိုးဝှက် လုပ်နေစရာ မလိုတော့ချေ။
ဂူဗိမာန်ထိန်းကျောက်စာတိုင်၏ အဓိပ္ပာယ်မှာ ကြီးမားလှသည်။ ကိုယ်တိုင်က အစွမ်းထက်သော မှော်ဝင်ကိရိယာတစ်ခုဖြစ်သည့်အပြင် လူသားမျိုးနွယ်အာဇာနည်များကို ပူဇော်ခြင်းဟူသည့် အဓိပ္ပာယ်လည်း ပါဝင်နေ၏။
ရှုတောင်၏ သာမန်တပည့်လေးတစ်ယောက်က ဂူဗိမာန်ထိန်းကျောက်စာတိုင်ကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းမှာ သံသယဖြစ်စရာမလို အလွန်ကြီးမားသော ကောင်းမှုတစ်ခု ဖြစ်သည်။
ယခုအခါ ထိုကောင်းမှုအားလုံးကို ရွှေမွေးဟူကောင်၏ ခေါင်းပေါ်သို့ ပုံချပေးလိုက်ရခြင်းသာ ဖြစ်ပေသည်။
သို့သော် ၎င်းမှာ ချူလျန်၏ မူလအစီအစဉ်ပင် ဖြစ်၏။ အကြောင်းမှာ ထိုဂူဗိမာန်ထိန်းကျောက်စာတိုင်သည် ယခင်က အနောက်တောင်ပိုင်း လမ်းပြသူ၏ လက်ထဲတွင် ရှိခဲ့သောကြောင့် ချူလျန်ကသာ ၎င်းကို ဂိုဏ်းသို့ လူသိရှင်ကြား ဆက်သလိုက်ပါက အမှောင်ဘုရင်ဂိုဏ်း၏ ဒေါသအား ဆွဲဆောင်မိသလို ဖြစ်သွားနိုင်သည်။ ထို့ပြင် ယခင်က သူလျှိုလုပ်ခဲ့သည့် ကိစ္စများပင် ပေါ်ပေါက်သွားနိုင်ခြေ ရှိလေသည်။
ထို့ကြောင့် ချူလျန်မှာ မူလကတည်းက ဤပစ္စည်းကို အမည်မဖော်ဘဲ လှူဒါန်းရန် ရည်ရွယ်ထားပြီး အပြင်ဘက်သို့ လူသိရှင်ကြား ကြေညာရန် ရည်ရွယ်မထားခဲ့ပေ။
ဤတစ်ကြိမ်တွင် အမှတ်မထင် လွဲချော်မှုကြောင့် ရွှေမွေးဟူကောင်က ဤပစ္စည်းကို ရှာတွေ့ခဲ့သကဲ့သို့ ဖြစ်သွားပြီး အကျိုးအမြတ် ကြီးကြီးမားမား ရရှိသွားခဲ့သည်မှာလည်း ကောင်းမှုလုပ်လျှင် ကောင်းကျိုးခံစားရသည်ဟု ဆိုရပေမည်။
"မဆိုးဘူး...” တိနွီဖုန့်ကလည်း ဝမ်းသာအားရဖြင့် ချူလျန်၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"တောင်စောင့်အကြီးအကဲ လေးယောက်ထဲမှာ ငါ အမြင်အကပ်ဆုံးက သူပဲ။ ကိုယ်တိုင် ဆေးဖော်စပ်တတ်တာကို အားကိုးပြီး တိုက်ခိုက်ဖို့ပဲသိတဲ့ ငါတို့ကို အမြဲတမ်း အထင်သေးနေတာ။ သူတစ်ယောက်တည်းမှာပဲ ဦးနှောက်ရှိနေတဲ့အတိုင်းပဲ။
ငါ ငယ်ငယ်တုန်းက သူနဲ့ အကြိမ်ကြိမ် ချခဲ့ဖူးတယ်။ နောက်ပိုင်း ငါ့ကျင့်ကြံခြင်းအဆင့်က သူ့ထက် မနိမ့်တော့တဲ့ အချိန်ကျမှ သူက ငါနဲ့ ဆက်မချချင်တော့ဘဲ မျိုးဆက်သစ်တွေကို အနိုင်မကျင့်ချင်ဘူးဆိုပြီး နာမည်ကောင်း ယူသွားတာ။
ဟဲဟဲ... ဒါပေမဲ့ ဒီနေ့ မင်းက ဦးနှောက်သုံးပြီး သူ့ကို အရှက်ခွဲလိုက်တာကို မြင်ရတာ ငါကိုယ်တိုင် သူ့ကို အနိုင်ရတာထက်တောင် ပိုပြီး ကျေနပ်စရာ ကောင်းသေးတယ်...”
ဆရာဖြစ်သူက အဂ္ဂိရတ်အကြီးအကဲနှင့် သူမ၏ ရန်ငြိုးများအကြောင်းကို ပြောပြနေသည်ကို နားထောင်ရင်း ချူလျန်မှာ ပြဿနာတစ်ခုကို လျစ်လျူရှုထားမိသလို ရုတ်တရက် ခံစားလိုက်ရသည်။
တိနွီဖုန့်မှာ ရှုတောင်၏ ဗိုလ်ကျသူတစ်ဦးဖြစ်သော်လည်း ရှုတောင်၏ ငတုံးတစ်ဦးတော့ မဟုတ်ပေ။
နေ့စဉ်လုပ်ရပ်များကြောင့် သူသည် ဆရာဖြစ်သူအား ခွန်အားကိုသာ အားကိုးသောသူဟု ထင်မြင်ကာ ပြဿနာရှာမည်ကို အမြဲတမ်း စိုးရိမ်နေခဲ့မိ၏။
သို့သော်...
သူမသည် နေရာတကာတွင် ဗိုလ်ကျလွှမ်းမိုးနေသည်ဟုသာ ကြားဖူးသော်လည်း၊ မည်သည့်နေရာတွင် အရိုက်ခံခဲ့ရသည်ဟူ၍မူ တကယ်ကို မကြားဖူးခဲ့ပေ။
ဒီနေ့လိုမျိုးဆိုလျှင်လည်း သူမနှင့် အဂ္ဂိရတ်အကြီးအကဲတို့ တိုက်ခိုက်ကြမည်ကို သူက အမြဲတမ်း စိုးရိမ်နေခဲ့၏။ သို့သော် သူမက လက်ပါရဲသည်ဆိုမှတော့ သေချာပေါက် ကျောထောက်နောက်ခံ ရှိနေ၍သာ ဖြစ်ပေလိမ့်မည်။
အကယ်၍ သူမသည် ထစ်ခနဲရှိ အပြစ်ပေးခံရမည့်သူမျိုးဆိုလျှင် ရှုတောင်၏လူကြီးများကလည်း သူမကို ယခုအရွယ်အထိ အလိုလိုက်ထားမည် မဟုတ်ပေ။
သူ မသိသော လျှို့ဝှက်ချက်တစ်ခုခုတော့ သေချာပေါက် ရှိနေရပေမည်။
အချုပ်အားဖြင့် ဆိုရလျှင်...
'ဆရာ့အတွက် ငါ စိုးရိမ်ပေးနေဖို့ မလိုဘူးပဲ...’
ထိုသို့ တွေးလိုက်မိသည်နှင့် ချူလျန်မှာ ရုတ်တရက် စိတ်သက်သာရာ ရသွားတော့၏။ ဤသို့ဆိုလျှင် နောင်တွင် သူသည်လည်း ရှုတောင်၌ ပို၍ပင် မောက်မာခွင့် ရှိနေပြီ မဟုတ်ပါလား။
'မဖြစ်သေးဘူး...’
'ငါနဲ့ ဆရာက လုံးဝ အတူတူမှ မဟုတ်တာပဲ...’
သူက တီးတိုးရေရွတ်လိုက်၏။
"ငါလေးကတော့ မျက်နှာပန်းလှဖို့ လိုသေးတယ်...”
...
ငွေဓားတောင်ထွတ်သို့ ပြန်ရောက်သောအခါ ယာယီအားဖြင့် အခြေကျသွားလေ၏။ သို့သော် ချူလျန်မှာ အနားမယူနိုင်သေးဘဲ လုပ်စရာကိစ္စများ ရှိနေသေး၏။
သူတစ်ပါးက အကူအညီတောင်းလာလျှင် မိမိတာဝန်အဖြစ် သစ္စာရှိရှိ ဆောင်ရွက်ပေးရမည် ဖြစ်၏။
ယခင်က လျှို့ဝှက်နယ်မြေထဲတွင် စာပေပညာရှင်အတွက် စာပို့ပေးရန် ကတိပေးခဲ့သဖြင့် ယခု လျှို့ဝှက်နယ်မြေထဲမှ ထွက်လာသည်နှင့် ထိုကိစ္စကို အမြန်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်ပေးရပေမည်။
စာပေပညာရှင်က ထိုစာကို ကျီမိသားစု၏ ဆယ့်သုံးယောက်မြောက် သခင်မလေးထံ ပို့ပေးရန် ပြောခဲ့၏။
ကျင့်ကြံခြင်းလောကတွင် ကျီမိသားစုဟုဆိုလျှင် ဒုတိယမြောက် မရှိပေ။ ချူလျန်သည် တောင်ပေါ်တွင် အနည်းငယ် စုံစမ်းလိုက်ရုံဖြင့် ကျီမိသားစု၏ တည်နေရာကို သိရှိသွားပြီး ရွှေမွေးဟူကောင်ကို စီးလျက် တိုက်ရိုက် ပျံသန်းသွားတော့သည်။
ဤလမ်းခရီးမှာ အတော်လေး ဝေးကွာလှပြီး ညနေစောင်းအချိန်သို့ ရောက်မှသာ ချူလျန်သည် ဤရှေးဟောင်းမိသားစုဆီသို့ ရောက်ရှိသွားတော့၏။
တိဟုန်တောင်ကြား၊ ရွှမ်ယွမ်စံအိမ်။