ကျီမိသားစုမှာ တစ်ဆယ့်သုံးမရှိဘူးလား
Vol. 16 Ch. 153
ကျင့်ကြံခြင်းလောက၏ ရှေးအကျဆုံး မိသားစုကြီးသုံးခု။
ရှမိသားစုသည် ယခုအခါ ယွီဧကရာဇ်မင်းဆက်၏ တော်ဝင်မိသားစုအဖြစ် မြင့်မြတ်စွာ တည်ရှိနေပြီး ၎င်းတို့၏ စွမ်းအားကြီးမားမှုမှာ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ကျန်းမိသားစုမှာမူ မျိုးနွယ်စုလိုက် သုတ်သင်ခံရသည့် ဘေးဒုက္ခကို ကြုံတွေ့ခဲ့ရပြီးနောက် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်လေ၏။ သို့သော် ကျီမိသားစုကမူ လျှို့ဝှက်ဆန်းကြယ်လျက် အမြဲတစေ စွမ်းအားကြီးမားနေဆဲပင် ဖြစ်၏။
သမိုင်းကြောင်းကို အသေးစိတ် တွက်ဆကြည့်မည်ဆိုလျှင် ကျီမိသားစုသည် မိသားစုကြီးသုံးခုအနက် အစောဆုံးပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပေ၏။ အစောပိုင်းနှစ်များက ကျီမိသားစုသည်သာ မိသားစုကြီးသုံးခုတွင် အင်အားအကြီးဆုံးဖြစ်သည်ဟု အမြဲပြောဆိုလေ့ရှိကြ၏။
ရှမိသားစုက ဧကရာဇ်အဖြစ် ကြေညာပြီးနောက်တွင်ပင် ဤအဆိုအမိန့်မှာ လုံးဝတိတ်ဆိတ်မသွားခဲ့ပေ။ အခြေခံအကြောင်းရင်းမှာ ကျီမိသားစုသည် လွန်စွာ လျှို့ဝှက်ဆန်းကြယ်လွန်းသောကြောင့် ဖြစ်၏။ သူတို့သည် တိဟုန်တောင်ကြားတွင် နှစ်ပေါင်းများစွာ ပုန်းကွယ်နေလေ့ရှိပြီး မိသားစုဝင်များမှာ လောကီရေးရာများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိသလို အခြားသောအင်အားစုများနှင့်လည်း အငြင်းပွားမှုများ ဖြစ်ပွားလေ့မရှိချေ။
ထင်ပေါ်ကျော်ကြားမှုကို ရှောင်ရှားတတ်သည့် အသွင်အပြင်ပင် ဖြစ်လေ၏။
သို့သော် မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း (၁၀)ဂိုဏ်းကဲ့သို့သော အင်မော်တယ်ဂိုဏ်းကြီးများကမူ ကျီမိသားစုအကြောင်းကို ပိုမိုသိရှိထားကြ၏။ ကျီမိသားစုအပေါ် သူတို့၏ အနက်ရှိုင်းဆုံးအထင်အမြင်မှာ ထင်ပေါ်ကျော်ကြားမှုကို ရှောင်ရှားခြင်းမဟုတ်ဘဲ မောက်မာဝင့်ကြွားခြင်းပင် ဖြစ်ချေသည်။
ကျီမိသားစု၏ မောက်မာမှုမှာ အရိုးထဲစွဲနေသော အမွေအနှစ်တစ်ခု ဖြစ်၏။ သူတို့က ပြင်ပလောကနှင့် အဆက်အသွယ်နည်းပါးခြင်းမှာ မနှစ်သက်၍ဟုဆိုခြင်းထက် အထင်အမြင်သေး၍ဟု ဆိုခြင်းက ပို၍ မှန်ကန်ပေမည်။
မှန်ပေသည်၊ ဤအရာအားလုံးက ချူလျန်အပေါ် မည်သည့်သက်ရောက်မှုမှ မရှိချေ။ သူက စာပို့သမားတစ်ဦးမျှသာ မဟုတ်ပါလော။
အဝေးမှ ကြည့်လိုက်လျှင် တောင်ကြားထဲရှိ 'ရွှမ်ယွမ်စံအိမ်' ဟု ခေါ်ဆိုသောနေရာသည် မြူခိုးများ ဖုံးလွှမ်းနေမှုအောက်တွင် တဆက်တည်းဖြစ်နေသော အဆောက်အအုံကြီးများကို တွေ့မြင်နိုင်၏။ ထိုနေရာသည် တောင်တန်းများကြားတွင် ပုန်းကွယ်နေသော မြို့ငယ်လေးတစ်မြို့နှင့် တူလှသည်။
'ဒါက မိသားစုတစ်ခုတည်းနဲ့ တည်ဆောက်ထားနိုင်တဲ့ အတိုင်းအတာမျိုး တကယ်ပဲ ဟုတ်ရဲ့လား…' ချူလျန်မှာ အနည်းငယ် အံ့အားသင့်သွားမိလေသည်။
ဤသည်မှာ သူ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး ရှေးဟောင်းမိသားစုကြီး၏ ကြီးကျယ်ခမ်းနားမှုနှင့် လေးနက်မှုကို ခံစားလိုက်ရသည်။
သူသည် လေပိုင်နက်ထဲသို့ မရောက်မီမှာပင် ရွှေမွေးဟူကောင်ကို စောစီးစွာ ဆင်းသက်စေလိုက်၏။ မည်သည့် အင်အားကြီးအဖွဲ့အစည်းအတွက်မဆို ၎င်းတို့၏လေပိုင်နက်အထက်မှ ထင်သလို ဖြတ်သန်းပျံသန်းခြင်းသည် ရန်စသည့်အဓိပ္ပာယ်သက်ရောက်သော လုပ်ရပ်မျိုး ဖြစ်သည်။ အကယ်၍ ဒေါသကြီးသူများနှင့် တွေ့ဆုံရပါက တိုက်ရိုက်ပစ်ချခံရမည်ဆိုလျှင်ပင် အပြစ်ဆိုဖွယ်ရာ မရှိချေ။
သူသည် ဝင်ပေါက်အနီးသို့ ရောက်ရှိလာသောအခါ အရှေ့ဘက်တွင် မြင့်မားသော ကျောက်စိမ်းဖြူတိုင်ကြီးနှစ်တိုင်ကို မြင်တွေ့လိုက်ရ၏။ ထိုတိုင်ကြီးများအပေါ်တွင် ရွှေရောင်စာလုံးများဖြင့် ထွင်းထုထားသော 'ရွှမ်ယွမ်စံအိမ်' ဟူသည့် စာလုံးကြီးလေးလုံးကို မြင့်မားစွာ ချိတ်ဆွဲထားပြီး ခမ်းနားကြီးကျယ်လှချေသည်။
ရွှေမွေးဟူကောင်ကို တံခါးဝရှိ မြေကွက်လပ်တွင် သေချာစွာ ရပ်နားလိုက်ပြီးနောက် တံခါးစောင့်တစ်ဦးက ချက်ချင်းဆိုသလို ထွက်ကြိုလေသည်။
ချူလျန်က ရှေ့သို့တက်ကာ အရိုအသေပေးလိုက်ပြီးနောက် ပြောလိုက်သည်။ "ကျုပ်က ရှုတောင်ဂိုဏ်းတပည့် ချူလျန်ပါ… ကျီမိသားစုရဲ့ ဆယ့်သုံးယောက်မြောက် သခင်မလေး ကျီလျန်ဟွာဆီကို စာပို့ပေးဖို့ လူတစ်ယောက်ရဲ့ အကူအညီတောင်းခံရလို့ ရောက်လာတာပါ…"
ကျီမိသားစုမှ တံခါးစောင့်သည် သူ၏အမည်ကို ကြားသောအခါ အနည်းငယ် အရိုအသေပြန်ပေးလိုက်ပြီးမှ ပြန်ပြောလေ၏။
"လက်ရှိမျိုးဆက် ကျုပ်တို့မိသားစုမှာ ဆယ့်သုံးယောက်မြောက် သခင်မလေးဆိုတာ မရှိပါဘူး… ရှုတောင်ဂိုဏ်းက သူရဲကောင်းလေးပဲ တစ်ခုခု မှားယွင်းနေတာလား…"
"ဗျာ…"
ချူလျန် အနည်းငယ် သံသယဝင်သွားချေသည်။
ထိုစာပေပညာရှင်က သူ့အား ကျီမိသားစုထံသို့ လာရောက်ကာ ဆယ့်သုံးယောက်မြောက် သခင်မလေးထံ စာပို့ခိုင်းခြင်းမှာ သူ့အား နောက်ပြောင်နေခြင်းတော့ မဖြစ်နိုင်ပေ။
'ဒီကြားထဲမှာ ဘာအမှားအယွင်းများ ရှိနေလို့ပါလိမ့်…'
သူက ထပ်မံ၍ မေးလိုက်ပြန်သည်။ "ဆွေမျိုးအဝေးက တစ်ယောက်ယောက်များ ဖြစ်နေမလား… ဒီစာက တော်တော်လေး အရေးကြီးလို့ ကျေးဇူးပြုပြီး သေချာလေး ပြန်စဉ်းစားပေးပါဦးဗျာ…"
ကျီမိသားစု၏ တံခါးစောင့်သည် မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြန်လည်ဖြေကြားလေ၏။
"မိသားစုထဲမှာ ဆွေမျိုးအဝေးတွေ အများကြီးရှိပေမဲ့ ဆယ့်သုံးယောက်မြောက်အထိတော့ မရှိပါဘူး… ခင်ဗျားကို ဘယ်သူက စာပို့ခိုင်းတာလဲဆိုတာ ပြောပြပြီး စာကို ခဏထားခဲ့လိုက်ပါလား… ကျုပ် သွားပြီး အုပ်ချုပ်ရေးမှူးကို မေးကြည့်ပေးပါ့မယ်"
"အင်း... ဘယ်သူလဲဆိုတာကိုတော့ ပြောပြဖို့ အဆင်မပြေဘူးဗျ… ဒါပေမဲ့ ဒီကိစ္စက တကယ်ကို အရေးကြီးလို့ပါ..."
ချူလျန်မှာ တုံ့ဆိုင်းသွားပြီးနောက် "ကျုပ်ကို အုပ်ချုပ်ရေးမှူးနဲ့ တွေ့ခွင့်ပေးပြီး ကိုယ်တိုင်မေးမြန်းခွင့် ပြုနိုင်မလား…"
တံခါးစောင့်က ခေါင်းညိတ်ပြလိုက်ပြီး "ဒါလည်း ကောင်းတာပါပဲ"
ထိုသို့ပြောပြီးနောက် သူသည် ချူလျန်အား ဝင်ပေါက်မှ ဧည့်ခံဆောင်တစ်ခုဆီသို့ ခေါ်ဆောင်သွားလေ၏။ မြို့တစ်မြို့နှင့်တူသော ဤစံအိမ်ကြီးကို အတွင်းစံအိမ်နှင့် အပြင်စံအိမ်ဟူ၍ နှစ်ပိုင်းခွဲခြားထားပြီး ဤကဲ့သို့သော စံအိမ်၏ အပြင်ဘက်ဆုံးအပိုင်းသို့ အပြင်လူများ ဝင်ရောက်လာမည်ကိုမူ စိုးရိမ်စရာ မရှိချေ။
ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် ပိုးသားဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းတစ်ဦး ဝင်ရောက်လာပြီး ချူလျန်အား မေးလိုက်၏။ "မင်းက ရှုတောင်ဂိုဏ်းက သူရဲကောင်းလေးလား…"
"ငယ်သား ချူလျန်ပါ… အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
ချူလျန်က မတ်တတ်ရပ်ကာ ခရီးဦးကြိုပြုလိုက်၏။
"ဟဲဟဲ၊ ကိစ္စမရှိပါဘူး…"
လူလတ်ပိုင်းက လက်ခါပြကာ ချူလျန်အား ထိုင်ရန် အချက်ပြလိုက်ပြီးနောက် မေးမြန်းလေသည်။
"မင်းက ဆယ့်သုံးယောက်မြောက် သခင်မလေးကို ရှာနေတယ်လို့ ခုနလေးတင် ကြားလိုက်ရတယ်… ဒါပေမဲ့ ငါတို့ ကျီမိသားစုမှာ အခု ကျီလျန်ဟွာဆိုတဲ့ နာမည်နဲ့ သခင်မလေး မရှိဘူး… မင်းအနေနဲ့ ပိုပြီး တိတိကျကျလေး ပြောပြလို့ ရနိုင်မလား…”
"ဟူး၊ အမှန်တကယ်တော့ ကျုပ်သိထားတာလည်း သိပ်မရှိပါဘူး…"
ချူလျန်က သက်ပြင်းချကာ "လူတစ်ယောက်ရဲ့ အကူအညီတောင်းခံရလို့ ဒီစာကို ဆယ့်သုံးယောက်မြောက် သခင်မလေးလက်ထဲ ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးမှသာ ကျုပ်ဘက်က တာဝန်ကျေပြီလို့ စိတ်အေးနိုင်မှာမို့ပါ"
"ဒါပေမဲ့ မင်းက စာကိုလည်း မထားခဲ့နိုင်သလို စာပေးလိုက်တဲ့သူရဲ့ သရုပ်မှန်ကိုလည်း မပြောပြနိုင်ဘူးဆိုတော့ ငါတို့ဘက်က ရှာဖွေပေးဖို့ တကယ်ကို ခက်ခဲနေတယ်… အဲဒီလိုဆိုရင်တော့ ကျီလျန်ဟွာဆိုတဲ့ နာမည်ကိုသုံးပြီး လောကထဲကို သွားလာခဲ့ဖူးတဲ့သူ မိသားစုထဲမှာ ရှိမရှိကိုပဲ ငါ ထပ်ပြီး စုံစမ်းကြည့်ပေးလို့ ရနိုင်လိမ့်မယ်…" လူလတ်ပိုင်းက ပြောလေ၏။
"ကောင်းပါပြီ၊ ဒါဆိုရင် အနှောင့်အယှက်ပေးမိပြီဗျာ…" ချူလျန်က ကျေးဇူးတင်စကား ဆိုလိုက်၏။
ကာယကံရှင်ကို မတွေ့ရသရွေ့ သူက စာကို ချန်ထားရစ်ခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် နေရာမှထကာ ထွက်ခွာလာခဲ့လိုက်တော့သည်။
ကျီမိသားစုတွင် ဤသို့သောလူ မရှိသည်မှာ သူ တာဝန်မကျေပွန်ခြင်း မဟုတ်တော့ပေ။ ဤကြားထဲတွင် မည်သို့သော အကြောင်းရင်းများ ရှိနေသည်ကိုမူ ထိုစာပေပညာရှင်ကိုယ်တိုင် လာရောက်မေးမြန်းမှသာ ရှင်းလင်းပေတော့မည်။
...
ပင်မတံခါးကြီးမှ ထွက်လာပြီးနောက် ချူလျန်သည် ရွှေမွေးဟူပေါ်သို့ ပြန်လည်တက်စီးလိုက်ကာ မိုးမမှောင်မီ အပြန်ခရီးနှင်ရန် ပြင်ဆင်လိုက်သည်။
ထိုစဉ် အနောက်ဘက်မှ "ဟေး... ဟူစီးထားတဲ့လူ" ဟူသော ခေါ်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေ၏။
"ဟင်…"
ချူလျန်က ဘေးဘယ်ညာသို့ လှည့်ကြည့်လိုက်သည်။
ဟူကို စီးနင်းထားသည့် လူချောလေးဆို၍ သူတစ်ယောက်သာ ရှိသည်မှာ သေချာလှပေသည်။
ထို့ကြောင့် သူသည် မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ရာ မြေကွက်လပ်အပြင်ဘက်ရှိ သစ်ပင်တစ်ပင်နောက်တွင် ပုန်းကွယ်နေသော မြစိမ်းရောင်ပုံရိပ်လေးတစ်ခုက သူ့အား လက်ယပ်ခေါ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ချူလျန်မှာ အနည်းငယ် ထူးဆန်းသွားရပြီး သွားရောက်ကြည့်ရှုလိုက်၏။
ထိုအခါ ကျောက်စိမ်းရောင်ဂါဝန်ကို ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦးမှာ ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်လျက်သား ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
ညနေဆည်းဆာ နေရောင်ခြည်က ကျဆင်းနေပြီး သူမ၏ အသားအရေမှာ သိုးဆီကဲ့သို့ ဖြူဝင်းနူးညံ့နေသလို ကိုယ်လုံးကိုယ်ပေါက်မှာ သေးသွယ်လှပလှသည်။ သူမ၏ မျက်ခုံးမျက်လုံးများမှာ သွယ်လျနေပြီး မျက်လုံးအိမ်အတွင်းရှိ သူငယ်အိမ်မှာ ရွှေရောင်တလက်လက် တောက်ပနေချေသည်။
လူတိုင်းသိကြသည့်အတိုင်း ကွဲပြားသောအရောင်ရှိသည့် မျက်လုံးများမှာ ကျီမိသားစု၏ နတ်ဘုရားဆန်သော သွေးဆက်ဖြစ်သည့် ရွှမ်ယွမ်မျက်လုံးများ၏ အမှတ်အသားပင် ဖြစ်ပေသည်။
ဤမိန်းမပျိုလေးသည် ကျီမိသားစု၏ အဓိကမျိုးဆက်တစ်ဦးဖြစ်မည်မှာ သေချာလှ၏။
"မိန်းကလေး ကျုပ်ကို ခေါ်လိုက်တာလား…" ချူလျန်က မေးလိုက်သည်။
"ဟုတ်တယ်… ခုနက ဆယ့်သုံးယောက်မြောက် သခင်မလေးဆီကို စာလာပို့တာ ရှင်လား…" မိန်းမပျိုလေးက ပြန်မေးသည်။
"ဟုတ်ပါတယ်"
ချူလျန်က ခေါင်းညိတ်လိုက်သည်။
"ပေးလေ၊ ကျွန်မက သူပဲ…"
မိန်းမပျိုလေးက သူမ၏လက်ကို ဆန့်တန်းကာ လက်ဖဝါးကို ဖြန့်ပြလိုက်၏။
ချူလျန်သည် ထိုမိန်းမပျိုလေး၏ မျက်နှာကို စူးစိုက်ကြည့်ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ပြုံးလိုက်ရင်း ပြောလိုက်သည်။
"မိန်းကလေး နောက်မနေပါနဲ့… ခင်ဗျား မဟုတ်ပါဘူးဗျာ… ကျုပ်က အစစ်အမှန်ဖြစ်တဲ့ ဆယ့်သုံးယောက်မြောက် သခင်မလေးကိုပဲ ပေးရမှာပါ…”
"ဟင်…"
မိန်းမပျိုလေးမှာ အနည်းငယ် သံသယဝင်သွားကာ မေးလိုက်၏။ "ကျွန်မက အစစ်မဟုတ်ဘူးဆိုတာ ရှင် ဘယ်လိုလုပ် သိတာလဲ"
"ဟဲဟဲ"
ချူလျန်က ရယ်မောလိုက်ပြီး "အစကတော့ ကျုပ်လည်း မသိပါဘူး… ဒီအတိုင်း အလွယ်ပြောလိုက်ရုံလေးပါ… မိန်းကလေးက ဝန်ခံလိုက်ပြီဆိုတော့ အခု ကျုပ် တကယ်ကို သိသွားပါပြီ…”
"ဟွန့်…"
မိန်းမပျိုလေးက နှာခေါင်းရှုံ့လိုက်ကာ ပြောလိုက်၏။ "ရှင်က တော်တော် ကောက်ကျစ်တဲ့လူပဲ…”
"သူတစ်ပါးရဲ့ တောင်းဆိုမှုဆိုတော့ သတိမထားဘဲ မနေရဲလို့ပါ… မိန်းကလေး ခွင့်လွှတ်ပေးပါ" ချူလျန်က ပြောလေ၏။
ဤမိန်းမပျိုလေးသည် သူ စာပို့ရမည့်သူ မဟုတ်သော်လည်း အစစ်အမှန်ဖြစ်သော ကျီမိသားစု၏ ရွှမ်ယွမ်မျက်လုံး သွေးဆက်တစ်ဦး ဖြစ်ပေသည်။ ချူလျန်အနေဖြင့် သူမနှင့် ရန်မဖြစ်လိုသောကြောင့် ပြုံးရုံသာ ပြုံးလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်တော့သည်။
လှည့်ထွက်သွားရန် ပြင်လိုက်စဉ် ထိုမိန်းမပျိုလေးက ထပ်မံပြောလိုက်သည်ကို ကြားလိုက်ရသည်။
"ရှင် ရှာနေတဲ့လူက ဘယ်သူလဲဆိုတာ ကျွန်မ သိတယ်…”
"ဟမ်…”
ချူလျန်က လှည့်ထွက်မည့် အမူအရာကို ရပ်တန့်လိုက်ပြီး မိန်းမပျိုလေးကို ကြည့်ကာ မေးလိုက်ရသည်။ "မင်း သိတယ်လား…”
သူ၏ မျက်လုံးအဓိပ္ပာယ်မှာ အလွန်သိသာထင်ရှားနေချေသည်။
‘အသေးစိတ် ပြောစမ်းပါဦး…' ဟူ၍ပင်။
"ကျွန်မနာမည်က ကျီလင်ယွီ…. ကျီမိသားစုရဲ့ ကိုးယောက်မြောက် သခင်မလေးပါ…"
မိန်းမပျိုလေးက ဦးစွာ မိတ်ဆက်လိုက်ပြီး ရှင်းပြလိုက်သည်။
"ခုနက ဧည့်ခံဆောင်ဘက်က ဖြတ်သွားတုန်း ဆယ့်သုံးယောက်မြောက် သခင်မလေးကို လာရှာတဲ့သူ ရှိတယ်ဆိုတာ ကြားလို့ ရှင့်ကို အမြန်ထွက်လာရှာတာ…”
"အဲဒီ ကျီလျန်ဟွာဆိုတာက မင်းရဲ့ ညီမလေးလား…" ချူလျန်က မေးလိုက်၏။
"မဟုတ်ဘူး"
ကျီလင်ယွီက ခေါင်းခါပြလိုက်ပြီး "သူက ကျွန်မရဲ့ အဒေါ်ပါ" ဟု ဖြေလေ၏။
"ဟမ်…"
ချူလျန်ခမျာ မျက်မှောင်ကြုတ်သွားရချေသည်။
ထို့နောက် သူထပ်မံတွေးလိုက်မိသည်။
ဒီလိုလူ မရှိရတဲ့အကြောင်းရင်းက အဲဒီ ဆယ့်သုံးယောက်မြောက် သခင်မလေးက အရင်မျိုးဆက်ထဲက ဖြစ်နေလို့များလား…။
သို့သော် အဓိပ္ပာယ်တော့ မရှိလှ။ သူက နာမည်အတိအကျတပ်၍ လာရှာခြင်းဖြစ်ရာ သူတို့အနေဖြင့် နာမည်ကိုတော့ သိသင့်သည် မဟုတ်ပါလော။
ကျီလင်ယွီက ဆက်လက်၍ ပြောပြန်သည်။
"ရှင်က ကျီလျန်ဟွာကို လာရှာတာဆိုတော့ နောက်မှရောက်လာတဲ့ ဒီမိသားစုဝင်တွေက သိမှာမဟုတ်ဘူး… ဘာလို့လဲဆိုတော့ ကျွန်မအဒေါ်က လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကတည်းက ကျီမိသားစုနဲ့ အဆက်အသွယ် ဖြတ်ထားခဲ့လို့ပဲ…”
"ဒါက ဘာဖြစ်လို့လဲ" ချူလျန်က ထပ်မေးလိုက်၏။
သူသည် သစ်ပင်ကြီး၏ အနောက်ဘက်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ကျီလင်ယွီအား အသေးစိတ်ပြောပြစေလိုသော အမူအရာကို ပြသလိုက်၏။
ကြည့်ရသည်မှာ ဤကိစ္စတွင် အတွင်းရေးတစ်ခုခု ရှိနေပုံရသည်။
"ဟူး…"
"ကျွန်မလည်း လူကြီးတွေ တီးတိုးပြောနေတာကို ကြားဖူးတာပါ… အဲဒီတုန်းက ကျွန်မရဲ့ ဆယ့်သုံးယောက်မြောက် အဒေါ်က မိသားစုထဲမှာ အချစ်ခံရဆုံး သမီးတစ်ယောက်ပါ… သူ့မှာ မြင့်မားတဲ့ ပါရမီနဲ့ ထူးချွန်တဲ့ ဉာဏ်ပညာတွေ ရှိတာကြောင့် သာယာတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်သင့်တာပေါ့…" ကျီလင်ယွီက ပြောလေ၏။
"ဒါပေမဲ့ နှမြောစရာကောင်းတာက တစ်နှစ်မှာ သူ အပြင်ထွက်ပြီး အတွေ့အကြုံရှာဖွေရင်းနဲ့ သာမန်နောက်ခံတစ်ခုကနေ ဆင်းသက်လာပြီး ဘယ်ဂိုဏ်းကမှ မဟုတ်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ချစ်မိသွားခဲ့တယ်လို့ ပြန်ရောက်လာတဲ့အခါ ပြောခဲ့တယ်…" ကျီလင်ယွီက ဆက်ပြောလေ၏။
ဇာတ်လမ်းအသွားအလာက ခန့်မှန်းရမခက်ပေ။ ဤကဲ့သို့သော သာမန်ကျင့်ကြံသူတစ်ဦးမှာ ကျီမိသားစုမှ လူကြီးများ၏ မျက်စိထဲသို့ ဝင်လာစရာအကြောင်း မရှိသည်မှာ သဘာဝပင် ဖြစ်သည်ဟု ချူလျန် တွေးလိုက်မိသည်။
'ဒီဇာတ်လမ်းက တော်တော်လေး စိတ်ပျက်ဖို့ကောင်းတာပဲ…'
"လူကြီးတွေက ဆယ့်သုံးယောက်မြောက်အဒေါ်နဲ့ အဲဒီလူရဲ့ လက်ထပ်ပွဲကို သဘောမတူကြဘူး… အဒေါ်ကလည်း အဲဒီလူမှမဟုတ်ရင် ဘယ်သူ့ကိုမှ မယူဘူးဆိုပြီး ပြဿနာတွေ အကြီးအကျယ် ဖြစ်ခဲ့ကြတယ်"
"အဲဒီအချိန်မှာပဲ အဲဒီကျင့်ကြံသူက အိမ်တံခါးဝအထိ ရောက်လာပြီး ကျီမိသားစုက တူညီတဲ့မျိုးဆက်ထဲက ထူးချွန်တဲ့သူတွေကို စိန်ခေါ်မယ်လို့ ပြောခဲ့တယ်… တကယ်လို့ သူသာ အနိုင်ရခဲ့ရင် မိသားစုက လူကြီးတွေအနေနဲ့ သူတို့ရဲ့ လက်ထပ်ပွဲကို ထပ်ပြီး မတားဆီးဖို့ တောင်းဆိုခဲ့တယ်…"
"အဲဒီနေ့က သူက ကျီမိသားစုက တူညီတဲ့မျိုးဆက်ထဲက သူရဲကောင်းခုနစ်ယောက်ကို စိန်ခေါ်ခဲ့ပြီး အကုန်လုံးကို အနိုင်ရသွားခဲ့တယ်… ဒါပေမဲ့ ဒီလုပ်ငန်းစဉ်မှာ သူက မသမာတဲ့ နည်းလမ်းတချို့ကို သုံးခဲ့ပုံရတယ်… ဒါကြောင့် သူ အနိုင်ရခဲ့ပေမဲ့ လူကြီးတွေကတော့ သဘောမတူခဲ့ကြဘူး… နောက်ဆုံးတော့ သူတို့က ဆယ့်သုံးယောက်မြောက် အဒေါ်ကို လက်ထပ်ချင်ရင် ရတယ်၊ ဒါပေမဲ့ သူက သတ္တမအဆင့် စွမ်းအားရှင်တစ်ယောက် ဖြစ်လာမှသာ လက်ထပ်ခွင့်ပေးမယ်လို့ ပြောခဲ့တယ်…"
"အဲဒီလူက အဲဒီနေ့ ရွှမ်ယွမ်စံအိမ်မှာ သုံးနှစ်အတွင်း တာအိုသိရှိခြင်းအဆင့်ကို ရောက်အောင်လုပ်ပြီး ဆယ့်သုံးယောက်မြောက်အဒေါ်ကို ပြန်လာလက်ထပ်မယ်ဆိုပြီး ရဲရဲဝင့်ဝင့် ကြွေးကြော်သွားခဲ့တယ်…"
ဤနေရာသို့ ရောက်သောအခါ ကျီလင်ယွီ၏ မျက်လုံးများမှာ အရောင်လက်သွားလေ၏။
"မြစ်အနောက်ဘက်မှာ အနှစ်သုံးဆယ်၊ မြစ်အရှေ့ဘက်မှာ အနှစ်သုံးဆယ်၊ လူငယ်တစ်ယောက်ရဲ့ နိမ့်ကျမှုကို မထီမဲ့မြင်မလုပ်နဲ့..." ချူလျန်က မသိမသာ ရေရွတ်လိုက်မိ၏။
"ဟမ်… အဲဒီတုန်းက သူပြောခဲ့တဲ့စကားကို ရှင်က ဘယ်လိုလုပ် သိနေတာလဲ" ကျီလင်ယွီက အံ့အားသင့်စွာ မေးလိုက်၏။
"အာ..."
ချူလျန်က ပြုံးလိုက်ပြီး ပြန်ဖြေလိုက်ရသည်။ "အဟီး… သုံးနှစ်ကတိဆိုတာ အဲဒီလိုချည်းပဲ ပြောလေ့ရှိတာလေ... ကိစ္စမရှိပါဘူး၊ မင်း ဆက်ပြောပါ…”
"ဒါပေမဲ့ နှမြောစရာကောင်းတာက နောက်ပိုင်းအဆုံးသတ်က သိပ်မကောင်းခဲ့ဘူး… သုံးနှစ်ကတိပေးပြီးနောက်မှာ သူက အနှစ်သုံးဆယ်လုံးလုံး ပြန်မလာခဲ့တော့ဘူး"
ကျီလင်ယွီမှာ အနည်းငယ် အထီးကျန်သွားဟန်ဖြင့် "ကျန်းနန်တောင်တန်းနယ်မြေထဲကို အခွင့်အရေးတစ်ခုခုရှာဖို့ ဝင်သွားတယ်လို့ ကြားရတယ်… ဒါပေမဲ့ အဲဒီနေရာမှာ အန္တရာယ်များတဲ့နေရာတွေ အများကြီးရှိပြီး နှစ်စဉ်နှစ်တိုင်း လူဘယ်လောက်များများ အဲဒီမှာ သေဆုံးနေရလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး..."
ဟူး…။
ချူလျန်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ လက်တွေ့ဘဝတွင် ထိုသို့သော ကံကြမ္မာအား ပြောင်းပြန်လှန်နိုင်မှုများသည်ကား အများကြီး မရှိနိုင်ပေ။
"သူ့ရဲ့ သုံးနှစ်ကတိပြည့်တဲ့နေ့မှာပဲ ဆယ့်သုံးယောက်မြောက်အဒေါ်က မိသားစုဘိုးဘေးကျောင်းဆောင်ထဲကို ခိုးဝင်ခဲ့တယ်… ဆွေစဉ်မျိုးဆက်မှတ်တမ်းကို ယူပြီးတော့ လူအများရှေ့မှာ သူ့နာမည်ကို ဖျက်ပစ်ခဲ့တယ်…"
ကျီလင်ယွီက ဆက်ပြောလေ၏။
"သူမက 'ကူချင်းယွမ်က ငါ့ကို လာမလက်ထပ်ဘူးဆိုရင် ငါကိုယ်တိုင် ကျီမိသားစုကနေ ထွက်သွားမယ်… ဒီဘဝ ဒီတစ်သက် ဘယ်တော့မှ ပြန်မလာတော့ဘူး' လို့ ပြောခဲ့တယ်…"
"အဲဒီနေ့ကစပြီး ဆယ့်သုံးယောက်မြောက်အဒေါ် ကျီလျန်ဟွာရဲ့ နာမည်ဟာ မိသားစုထဲမှာ တားမြစ်ချက်တစ်ခု ဖြစ်လာခဲ့တယ်… လူကြီးတွေက ဘယ်သူ့ကိုမှ ထုတ်မပြောဖို့ တားမြစ်ထားပြီး ဆွေစဉ်မျိုးဆက်မှတ်တမ်းထဲကနေ ဖယ်ရှားလိုက်တာကြောင့် နောက်လူတွေလည်း သူ့အကြောင်းကို အလိုလို မသိကြတော့တာပဲ…"
ကျီလင်ယွီက ပြောလေ၏။ "ကျွန်မလည်း သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး… ဒါပေမဲ့ မထင်မှတ်ဘဲ သူ့အကြောင်းကို ကြားလိုက်ရပြီးတဲ့နောက် ကျွန်မ အရမ်းကိုလေးစားသွားပြီး သူ့ကို ကျွန်မရဲ့ စံပြအဖြစ် သတ်မှတ်လိုက်တယ်…"
"တကယ်ကို လေးစားစရာကောင်းတာပဲ…"
ချူလျန်က ထောက်ခံလိုက်ပြီး မေးလိုက်၏။ "ဒါဆိုရင် အဲဒီ ဆယ့်သုံးယောက်မြောက်အဒေါ်က အခု ဘယ်မှာရှိလဲဆိုတာကို မင်း သိလား…"
"မသိဘူး…"
"ကျွန်မသာ သိရင် သူ့ကို သွားရှာတာ ကြာပြီပေါ့… ဒါပေမဲ့ ကျွန်မ ခန့်မှန်းရသလောက်တော့ သူ ကူချင်းယွမ်ကို သွားရှာတာ ဖြစ်ရမယ်… သူ့လို မိန်းမမျိုးက ကိုယ့်ချစ်သူကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး…" ကျီလင်ယွီက ပြန်ဖြေလေ၏။
"ဒီလိုကိုး..."
ချူလျန်မှာ တော်တော်လေး စိတ်ပျက်သွားရချေသည်။
'သူ့ကို စာပို့ခိုင်းတဲ့ စာပေပညာရှင်က ကူချင်းယွမ်များ ဖြစ်နေမလား…’
အချိန်အတန်ကြာ ဆောင့်ကြောင့်ထိုင်နေပြီးနောက် သူ၏ ခြေထောက်များလည်း အနည်းငယ် ထုံကျင်လာသည်ဟု ခံစားလိုက်ရသဖြင့် မေးလိုက်၏။
"ကျီမိန်းကလေး၊ မင်းက ဘာဖြစ်လို့ ဒီမှာပုန်းပြီး ငါ့ကို ပြောပြနေရတာလဲ…"
"သူတို့ ကျွန်မကို တွေ့သွားမှာ စိုးလို့..."
ကျီလင်ယွီက မျက်လုံးလေးများ တောက်ပစွာဖြင့် ပြောလိုက်သံကို ကြားလိုက်ရလေသည်။
"ကျွန်မ အိမ်ကနေ ထွက်ပြေးလာတာလေ…”