လူထူးဆန်းများ
Vol. 16 Ch. 154
'အိမ်ပေါ်က ဆင်းလာတာလား...'
ချူလျန်သည် နောက်သို့လှည့်ကာ ပေတစ်ရာပင် မဝေးတော့သည့် ရွှမ်ယွမ်စံအိမ်၏ ဝင်ပေါက်မကြီးကို လှမ်းကြည့်လိုက်၏။ ဆိုင်းဘုတ်ပေါ်ရှိ စာလုံးကြီးလေးလုံးမှာ အလွန်ပင် ထင်ရှားနေလေသည်။
ထို့နောက် ကျီလင်ယွီကို ပြန်ကြည့်ကာ သူ မနေနိုင်ဘဲ ပြောလိုက်၏။
"ဒီလောက်အဝေးကြီး လမ်းလျှောက်လာရတာဆိုတော့ တော်တော်လေး ပင်ပန်းနေလောက်ပြီ..."
"ဟီးဟီး..." ကျီလင်ယွီသည် ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်ပြီး
"ရှင် နားမလည်ပါဘူး... ကျွန်မက အဝေးကြီးကို မသွားချင်လို့ မဟုတ်ဘူး… ကျွန်မတို့အိမ်က လူတွေ အပြင်ထွက်တာကို တော်တော်လေး တင်းကျပ်ထားတာ… အရင်ကလည်း ကျွန်မ အိမ်ပေါ်ကနေ အကြိမ်ကြိမ်ဆင်းဖူးပေမယ့် လူကြီးတွေက ကောင်းကင်မြေပြင်ကို ရှာဖွေတဲ့နည်းလမ်းတွေ သုံးပြီး ကျွန်မရဲ့ လှုပ်ရှားမှုတွေကို တွက်ချက်ရှာဖွေနိုင်ခဲ့တယ်…
ဒါကြောင့် ဒီတစ်ခါတော့ ကျွန်မက ပြောင်းပြန်လုပ်လိုက်တာပဲ ရွှမ်ယွမ်စံအိမ်ရဲ့ အပြင်ဘက်မှာပဲ နေနေလိုက်တယ်… တိဟုန်ချိုင့်ဝှမ်းထဲမှာ ကောင်းကင်လျှို့ဝှက်ချက်တွေကို ကာကွယ်ပေးထားတဲ့ ဝင်္ကပါရှိတယ်လေ… အဲ့ဒါကြောင့် သူတို့တွေ တွက်ချက်လို့ မရနိုင်တော့ဘူး… ဒီလိုဆိုရင်တော့ ရှာဖွေဖမ်းဆီးတာကို ရှောင်လွှဲလို့ရပြီပေါ့..."
"မိန်းကလေးကျီက တကယ်ကို ဉာဏ်ကောင်းတာပဲ..."
ချူလျန်က ချီးကျူးလိုက်၏။ ထို့နောက် သူက ဆက်၍ မေးလိုက်၏။
"ဒါပေမဲ့ မင်းဒီလိုလုပ်နေရင် ရှာဖွေတာကို ရှောင်ဖို့ အဝေးကြီး သွားလို့မရဘူးလေ… အဝေးကြီးသွားရင်လည်း ရှာဖွေတာကို မရှောင်နိုင်ဘူး… နောက်ဆုံးတော့လည်း အိမ်ကနေ မခွာနိုင်သေးဘူးပဲ... ဒီလို အိမ်ပေါ်ကဆင်းတာက ဘာအဓိပ္ပာယ်ရှိတော့လို့လဲ..."
"..."
ကျီလင်ယွီသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် "အာ... ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ရက်အနည်းငယ်လောက် ရှောင်ပုန်းနိုင်ရင်ကို ရပြီ… ရှင့်ကို ဆက်ပြီး ရှင်းမပြတော့ဘူး..."
"ကောင်းပါပြီ..."
ချူလျန်သည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို များများစားစား စူးစမ်းလေ့မရှိပေ။ သူသည် ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး "ဒါဆိုရင်လည်း မိန်းကလေးကျီရဲ့ ဒီခရီးစဉ် ချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်..."
ကျီလင်ယွီကိုယ်တိုင်လည်း ဒေါ်လေးဆယ့်သုံး ဘယ်မှာရှိနေသည်ကို မသိသောကြောင့် သူမနှင့် ဆက်စကားပြောနေခြင်းက အကျိုးမရှိတော့ချေ။ ယခုမူ ရှုတောင်သို့ ပြန်ရန်သာ ရှိတော့၏။
ထွက်ခွာလာချိန်တွင် ကျီလင်ယွီက "ဒီတစ်ခါတော့ အစ်ကိုရှစ်ကို ငါသေချာပေါက် အနိုင်ရမှာပဲ..." ဟု တစ်ယောက်တည်း ရေရွတ်နေသံကို ကြားလိုက်ရသေး၏။
ကျီလင်ယွီနှင့် နှုတ်ဆက်ပြီးနောက် သူသည် ရွှေမွေးပွဟူပေါ်သို့ ခုန်တက်ကာ စီးနင်းလိုက်၏။ ခေါင်းကြီးနှင့် ခြေလေးချောင်းသည် အပြင်းအထန် ပြေးလွှားသွားပြီး တိဟုန်ချိုင့်ဝှမ်းထဲမှ လေတိုက်ခတ်သကဲ့သို့ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။
အမှန်စင်စစ်အားဖြင့် ရွှေမွေးပွဟူ၏ ကျောပေါ်တွင် စီးနင်း၍ ပျံသန်းရသည်မှာ အလွန်မြန်ဆန်လှသည်ဟု မဆိုနိုင်သော်လည်း မျက်နှာပန်းလှသည်ဟုတော့ ခံစားရသည်။ မြေပြင်ပေါ်ရှိ လူများ မြင်တွေ့နိုင်စေရန်အတွက် နိမ့်နိမ့်လေး ပျံသန်းချင်စိတ်များ ဖြစ်ပေါ်နေတော့၏။
ပဉ္စမအဆင့် ဝိညာဉ်သားရဲကို စီးတော်ယဉ်အဖြစ် အသုံးပြုခြင်းမှာ သာမန်ကျင့်ကြံသူများ ရရှိနိုင်သော အခွင့်အရေးမျိုး မဟုတ်ပေ။ ၎င်းက အဆင့်အတန်းကို ဖော်ပြနေခြင်းပင် ဖြစ်ချေသည်။
သာမန်ကျင့်ကြံသူများဆိုလျှင် ဖမ်းဆီးနိုင်ရန် သို့မဟုတ် ဝယ်ယူနိုင်ရန်ဆိုသည်မှာ မဖြစ်နိုင်သကဲ့သို့ ၎င်းက နောက်မှလိုက်လာလျှင်ပင် ကျွေးမွေးနိုင်မည် မဟုတ်ချေ။
ဖုန်လိုင်ကျွန်းသုံးကျွန်း၊ တောက်ထျယ်မြို့တော် သို့မဟုတ် ယွီမြို့တော်ကဲ့သို့သော ကျင့်ကြံသူများ စုဝေးရာနေရာများတွင် အဆင့်မြင့် စီးတော်ယဉ်များကို အငှားချသော စီးပွားရေးလုပ်ငန်းများပင် ရှိကြောင်း ကောလာဟလများ ထွက်ပေါ်နေ၏။ လူအများအပြားက အတွေ့အကြုံသစ်တစ်ခု ရရှိရန်အတွက် ငွေအနည်းငယ် အကုန်အကျခံရန် ဆန္ဒရှိကြလေသည်။
အချို့သော သူများဆိုလျှင် ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့် စီးတော်ယဉ်များကို ငှားရမ်းကာ မြင့်မြတ်သော မိသားစုဝင်များ သို့မဟုတ် အင်မော်တယ်ဂိုဏ်းမှ မျိုးဆက်များအဖြစ် ဟန်ဆောင်ပြီး ဆန့်ကျင်ဘက်လိင် ကျင့်ကြံသူများ၏ သံယောဇဉ်ကို လှည့်စားယူကြသေး၏။ အကြိမ်ကြိမ် အောင်မြင်သူများလည်း မနည်းမနော ရှိကြပေသည်။
သို့သော်ငြား မကြာမီမှာပင် ချူလျန်သည် မသင်္ကာဖွယ်ရာ တစ်ခုခုကို သတိပြုမိသွား၏။
ရွှေမွေးပွဟူ၏ ကျောပေါ်တွင် ထိုင်နေစဉ် ကျောဘက်မှနေ၍ ဆူးနှင့်ထိုးခံနေရသကဲ့သို့ ခံစားနေရ၏။ ယင်းမှာ ဝိညာဉ်အာရုံကျင့်ကြံမှု အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားချိန်တွင်သာ ဖြစ်ပေါ်လာတတ်သော သူတစ်ပါး၏ ချောင်းမြောင်းကြည့်ရှုခံရသည့် ခံစားချက်မျိုး ဖြစ်ပေသည်။
တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသည်လော။
ဤခံစားချက်ကြောင့် ချူလျန်မှာ ဆက်၍ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ချေ။
သို့သော်ငြား ဤကျယ်ပြောလှသော ကောင်းကင်ယံအထက်တွင် ရှေ့နောက်ဝဲယာ မည်သည့်အရိပ်အယောင်မျှ မရှိဘဲ မည်သူက သူ့နောက်သို့ အမြဲတစေ လိုက်နေနိုင်မည်နည်း။
သူသည် ခေတ္တမျှ စဉ်းစားခန်းဖွင့်လိုက်ပြီးနောက် ဆက်လက် သည်းမခံနိုင်တော့ဘဲ ဝူချန်ဓားကို ထုတ်ယူကာ ဓားတစ်ရာတံဆိပ်ကို အသုံးပြု၍ မိမိကိုယ်ကို ဝန်းရံလိုက်လေသည်။
ရွှစ်... ရွှစ်... ရွှစ်...
ဓားအလင်းတန်းများက ခန္ဓာကိုယ်ကို ကာကွယ်ပေးထားမှသာ သူ၏စိတ်ထဲတွင် အနည်းငယ် တည်ငြိမ်သွားတော့၏။ ထို့နောက် ရတနာသစ်ရွက်မီးအိမ်ကို ထုတ်ယူကာ ကြာနီနတ်မီးတောက်ကို ထွန်းညှိပြီး ပတ်ဝန်းကျင်ကို လင်းထိန်စေလိုက်သည်။
ဝုန်း...
နတ်မီးတောက် လင်းလက်သွားချိန်တွင် ဝေဝါးဝါး အရိပ်တစ်ခုကို အဆုံးတွင် မြင်တွေ့လိုက်ရသည်။
ထိုအရိပ်က ရွှေမွေးပွဟူ၏ အမြီးပိုင်း၊ ချူလျန်၏ အနောက်ဘက် မလှမ်းမကမ်းတွင် ထိုင်နေခြင်း ဖြစ်ချေသည်။
"ဘယ်သူလဲ..."
ချူလျန်က ရုတ်တရက် အော်ဟစ်လိုက်ပြီး ဓားအလင်းတန်းတစ်ရာ၏ အသွားများက ထိုအရိပ်ဆီသို့ တညီတညွတ်တည်း ချိန်ရွယ်သွားကြ၏။
“ညီအစ်ကို... ဓားမထုတ်ပါနဲ့… ကျွန်တော်က လူဆိုးမဟုတ်ပါဘူး..."
ထိုကဲ့သို့ တုံ့ပြန်သံ ထွက်ပေါ်လာပြီးနောက် ဝေဝါးနေသော အရိပ်သည် ဖြည်းညှင်းစွာ ပီပြင်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်နှာဖြူဖြူနှင့် လူငယ်လေးတစ်ယောက်၏ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုလူငယ်လေးသည် အဝါနုရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်လုံးများက ကျဉ်းမြောင်းကာ မျက်ခုံးနှင့် မျက်လုံးများက သေသပ်လှပ၏။ အသားအရေမှာ အလွန်ဖြူစင်ပြီး သူ၏ ရုပ်ရည်သွင်ပြင်က အစောပိုင်းက ကျီလင်ယွီနှင့် အနည်းငယ် ဆင်တူနေပေသည်။
သို့သော်လည်း သူ၏ မျက်ဝန်းအိမ်များကမူ အပြာရောင် ဖြစ်နေလေသည်။
ချူလျန်က သူသည်လည်း ကျီမိသားစုဝင် ဖြစ်မည်ဟု ခန့်မှန်းလိုက်သော်လည်း သတိမပေါ့ဘဲ လေးနက်သောလေသံဖြင့် "နာမည်ပြောစမ်း..." ဟု မေးလိုက်၏။
"ကျွန်တော်က ကျီမိသားစု ပင်မအိမ်တော်ရဲ့ အဆင့်ရှစ် ကျီလင်ဖုန်းပါ..."
လူငယ်လေးက လက်ယှက်ကာ အရိုအသေပေးလိုက်ပြီးနောက် ပြုံး၍ ဆက်ပြောသည်။
"ခင်ဗျားနဲ့ ရှောင်ယွီတို့ စကားပြောနေတာကို ကျွန်တော် အစောက မြင်ခဲ့တယ်… သူမက ကျွန်တော့်ရဲ့ ညီမအရင်းပါ..."
"ကျီမိသားစုရဲ့ သခင်လေးရှစ်ကိုး..."
ချူလျန်က ခေါင်းညိတ်လိုက်ပြီး ဆက်၍ မေးလိုက်၏။
"သခင်လေးရှစ်က ဒီရွှေမွေးပွဟူပေါ်တက်ပြီး ကျွန်တော့်နောက်ကို ဘာလို့ တစ်လမ်းလုံး လိုက်လာရတာလဲဆိုတာ သိပါရစေ..."
"ဟားဟား... ဒီလိုပါ..."
ကျီလင်ဖုန်းက ချူလျန်၏ သတိထားနေမှုကို အတော်လေး နားလည်ပေးဟန်ဖြင့် လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ အညံ့ခံသည့်ဟန်ကို ထိန်းထားရင်း စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
"ကျွန်တော်နဲ့ ညီမကိုးကြားထဲမှာ အလောင်းအစားလေးတစ်ခု ရှိတယ်… ဒီတစ်ခါ အိမ်ကနေ ဘယ်သူပိုပြီး အချိန်ကြာကြာ ထွက်ပြေးနိုင်မလဲဆိုတာလေ… ကျွန်တော်က ကိုယ်ဖျောက်တဲ့စွမ်းရည်သုံးပြီး ခိုးထွက်လာခဲ့ပေမယ့် လေပေါ်ပျံလိုက်တာနဲ့ ချီအငွေ့အသက်တွေကျန်နိုင်လို့ မိသားစုထဲက လူကြီးတွေလိုက်ရှာရင် အဖမ်းခံရနိုင်တယ်… ဒါကြောင့်မလို့ ကျွန်တော်က ခင်ဗျားရဲ့ စီးတော်ယဉ်ကို အခမဲ့ ကပ်စီးပြီး ခရီးတစ်ထောက် လိုက်ချင်ရုံလေးပါ…
တကယ်လို့ ခင်ဗျားသာ သတိမထားမိခဲ့ရင် ကျွန်တော်လည်း ခဏနေရင် တိတ်တိတ်လေး ဆင်းသွားတော့မှာပါ… ခင်ဗျားကို အနှောင့်အယှက်ဖြစ်သွားစေမယ်လို့ မထင်ထားမိဘူး… တကယ်ကို တောင်းပန်ပါတယ်..."
ကျီလင်ဖုန်းက ထပ်၍ တောင်းပန်လိုက်၏။
"ဒါပေမဲ့ ကောင်းကင်နဲ့ မြေပြင်ကို ရှာဖွေတဲ့နည်းလမ်းတွေ၊ လျှို့ဝှက်ချက်တွေကို တွက်ချက်တဲ့နည်းလမ်းတွေ ရှိသေးတယ် မဟုတ်ဘူးလား။ ဒီလိုနဲ့ ရှောင်လွှဲလို့ရနိုင်ပါ့မလား..."
ချူလျန်က အနည်းငယ် သံသယဝင်သွား၏။
"ဟီး... ကျွန်တော့်ဆီမှာ ဒါရှိတယ်လေ..."
ကျီလင်ဖုန်းက လက်ကိုမြှောက်ကာ ဟောင်းနွမ်းနေသော ကြေးဒင်္ဂါးသုံးပြားကို ထုတ်ပြလိုက်ပြီး
"ဒါက ကောင်းကင်လျှို့ဝှက်ချက်တွေကို သုံးရက်ကြာ ကာကွယ်ပေးနိုင်တယ်။ သုံးရက်ကြာလို့ ဖမ်းခေါ်ခံရရင်တောင် ညီမကိုးကိုတော့ အနိုင်ရနိုင်လောက်ပါတယ်..."
"မင်းရဲ့ ဒီကိုယ်ဖျောက်တဲ့ မှော်စွမ်းရည်ကရော ချီအငွေ့အသက် လှိုင်းဂယက်တွေကို မထွက်ပေါ်စေဘူးလား..."
ချူလျန်က ထပ်မေးလိုက်၏။
တကယ်တမ်း သူက ကျီလင်ဖုန်း လိမ်ညာနေခြင်း မရှိဟု ယူဆထားပြီးဖြစ်၏။ သို့သော်ငြား တစ်ဖက်လူ၏ ရောက်ရှိလာပုံက အလွန် ထူးဆန်းနေသောကြောင့် သူ၏စကားထဲမှ သံသယဖြစ်ဖွယ် အချက်အလက်အားလုံးကို သတိထား၍ စဉ်းစားတွက်ချက်နေခြင်း ဖြစ်ပေသည်။
"ဒါက ရွှမ်ယွမ်မျက်ဝန်းရဲ့ မွေးရာပါ ထူးခြားစွမ်းရည်ပါ။ မှော်စွမ်းရည်တစ်မျိုးမျိုး မဟုတ်ပါဘူး..."
ကျီလင်ဖုန်းက ရှင်းပြလိုက်ပြီး "အစ်ကိုကြီး နားလည်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကျီမိသားစုရဲ့ ရွှမ်ယွမ်မျက်ဝန်းတွေက အရောင်တစ်မျိုးစီတိုင်းမှာ မတူညီတဲ့ ထူးခြားစွမ်းရည်တွေ ရှိကြတယ်။ ကျွန်တော်ပိုင်ဆိုင်ထားတာကတော့ ကိုယ်ဖျောက်တာပါပဲ..."
"ဪ... ဒီလိုကိုး..."
ထိုအခါမှသာ ချူလျန်သည် စိတ်အေးသွားဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
ရွှမ်ယွမ်မျက်ဝန်း၏ မတူညီသော အရောင်များတွင် မတူညီသော ထူးခြားစွမ်းရည်များ ရှိသည်ဆိုသည့် အကြောင်းကို သူလည်း ကြားဖူးသော်လည်း အသေးစိတ်တော့ လေ့လာထားခြင်း မရှိပေ။ ကြည့်ရသည်မှာ ဤကျီလင်ဖုန်း၏ အပြာရောင် ရွှမ်ယွမ်မျက်ဝန်းက ခန္ဓာကိုယ်ကို ဖုံးကွယ်ခြင်းနှင့် သက်ဆိုင်ပုံရပေသည်။
ချီအငွေ့အသက် လှိုင်းဂယက်များကို မပေါက်ကြားစေသော ကိုယ်ဖျောက်သည့် နည်းစနစ်...။
တွေးကြည့်ရုံဖြင့် အတော်လေး ကြောက်စရာကောင်းလှသည်။
"ကဲပါ... အခု ရှင်းပြပြီးပြီဆိုတော့ ကျွန်တော် သွားလိုက်ပါဦးမယ်..."
ကျီလင်ဖုန်းက လက်ကိုဝှေ့ယမ်းကာ "အစ်ကိုကြီး... ကျွန်တော်တို့ ရေစက်ရှိရင် ပြန်ဆုံကြသေးတာပေါ့..."
စကားသံပင် မဆုံးသေးခင်မှာပင် သူ၏ခန္ဓာကိုယ်က နောက်သို့ လန်ကျသွားပြီး ကောင်းကင်ထက်မှ လွင့်စဉ်ကျသွားသည်ကို မြင်လိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်း တိမ်တိုက်များကြားထဲသို့ ဝင်ရောက်သွားကာ အရိပ်အယောင်များ ပျောက်ကွယ်သွားတော့သည်။
"ဟေး..."
ချူလျန်က လှမ်းခေါ်လိုက်သော်လည်း အချိန်မမီတော့ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျီလင်ဖုန်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
"ဟူသားရဲကို စီးတာ ပိုက်ဆံပေးစရာ မလိုဘူးလားကွာ..."
သူက ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ပြန်ထိုင်လိုက်၏။ ဤတစ်ကြိမ်တွင်မူ သူတစ်ပါး၏ ချောင်းမြောင်းကြည့်ရှုခံရသည့် ခံစားချက်မှာ လုံးဝပျောက်ကွယ်သွားပြီဖြစ်၍ နောက်ဆုံးတွင် သူ၏စိတ်ထဲ၌ တည်ငြိမ်သွားတော့သည်။
သို့သော်လည်း အစောပိုင်းက တွေ့ခဲ့ရသော ကျီမိသားစု မောင်နှမနှစ်ယောက်ကို ပြန်တွေးကြည့်မိသောအခါ ရယ်ချင်စရာကောင်းသည်ဟု ခံစားမိသေး၏။
ဤနှစ်ယောက်သည် သာမန် မြင့်မြတ်သော မိသားစုဝင်များ မဟုတ်ကြ၊ လူ့လောကတွင် ထိပ်တန်းအဆင့်ရှိသော ကျင့်ကြံသူ ဒုတိယမျိုးဆက်များ ဖြစ်သည်ဟုပင် ဆိုနိုင်၏။ သို့တိုင် အခြားအရာများကို မကစားဘဲ အိမ်ပေါ်မှ ဆင်းပြေးသည့် ပြိုင်ပွဲကိုသာ ကစားနေကြခြင်း ဖြစ်ချေသည်။
'တကယ်ကို ထူးဆန်းတဲ့လူတွေပဲ...'
...
ဝုန်း...
မှောင်မိုက်နေသော ခန်းမဆောင်ကြီးအတွင်းရှိ စင်မြင့်တစ်ခုပေါ်တွင် အနက်ရောင် ဖယောင်းတိုင် တစ်ရာကျော်ခန့်ကို ချထားရာ အချို့မှာ လင်းလက်နေပြီး အချို့မှာမူ ငြိမ်းသတ်နေပြီ ဖြစ်၏။
လွန်ခဲ့သည့် ခဏလေးကပင် ဖယောင်းတိုင် နောက်တစ်တိုင် ထပ်မံ ငြိမ်းသွားခဲ့၏။ တောင်ဘက်နှင့် အနောက်တောင်ဘက် အရပ်တွင် ထားရှိသော ဖယောင်းတိုင်များမှာ လုံးဝနီးပါး ငြိမ်းသတ်သွားပြီဖြစ်ပြီး အလင်းရောင် မှိန်မှိန်လေးလင်းနေသော ဖယောင်းတိုင် သုံးတိုင်သာ ကျန်ရှိတော့သည်။
"မြို့စားမင်း... တောင်ဘက်လမ်းကြောင်း လမ်းပြသူနဲ့ အနောက်တောင်ဘက် လမ်းပြသူတွေက ကျန်းနန်နယ်မြေတောင်တန်းမှာ သေဆုံးသွားပုံရတယ်။ သူတို့ရဲ့ လက်အောက်ခံ မြေကမ္ဘာမိစ္ဆာတမန်တော်တွေနဲ့ ဝိညာဉ်ချုပ်သူတွေလည်း အကုန်လုံးနီးနီး သေဆုံးသွားကြပါပြီ..."
အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ခန်းမအောက်တွင် ရပ်ကာ တည်ငြိမ်စွာ သတင်းပို့လိုက်၏။
ခန်းမဆောင်ကြီး၏ ထိုင်ခုံပေါ်တွင်မူ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုက ထိုင်နေလေသည်။
၎င်းမှာ ခေါင်းဆောင်းအမြင့်နှင့် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ မူလက ထောင်မတ်သော ခန္ဓာကိုယ်ရှိရမည် ဖြစ်သော်လည်း ယခုအခါတွင်မူ သူသည် ထိုင်ခုံပေါ်တွင် ခွေခွေလေးဖြစ်နေကာ မျက်နှာတစ်ခုလုံး နာကျင်မှုများ ပြည့်နှက်နေ၏။
သေချာကြည့်လိုက်ပါက သူ၏ ရင်ဘတ်နှင့်ဝမ်းဗိုက် တစ်ဝက်ကျော်ခန့်မှာ ဟာလာဟင်းလင်း ဖြစ်နေသည်ကို မြင်တွေ့ရပေမည်။
မှန်ပေသည်၊ ထိုသူ၏ ဘယ်ဘက်ခန္ဓာကိုယ်တစ်ခြမ်းလုံး ပျောက်ဆုံးနေပြီး စက်ဝိုင်းခြမ်းပုံစံ အပေါက်ကြီးတစ်ခု ဖြစ်နေသော်လည်း အသက်ရှင်နေဆဲ ဖြစ်ချေသည်။ ကျန်ရှိနေသော အသားစများက အဆက်မပြတ် ကြီးထွားလာရန် ကြိုးစားနေသော်လည်း အသားစအသစ်များ ထွက်ပေါ်လာတိုင်း ရွှေရောင်မီးတောက်ကဲ့သို့သော စွမ်းအားတစ်ခုက ပေါ်ထွက်လာပြီး ထိုအသားစအသစ်များကို အားလုံး ဖျက်ဆီးပစ်လေသည်။
ထိုလုပ်ငန်းစဉ်တစ်ခုလုံးက "ရှဲ… ရှဲ..." ဟူသော ကြောက်မက်ဖွယ်ကောင်းသည့် အသံများကို ထွက်ပေါ်လာစေ၏။
"အား..."
ထိုလုပ်ငန်းစဉ်က သိသာစွာပင် လွန်စွာ နာကျင်လှသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားသည် နာကျင်စွာ ညည်းတွားလိုက်ပြီး သွားများကို တင်းတင်းကြိတ်ထားကာ
"သူတို့က ငါ့အပေါ် အတော်လေး သစ္စာရှိတဲ့ လက်အောက်ငယ်သားတွေလို့ ဆိုလို့ရတယ်။ အကုန်လုံး သေကုန်ကြပြီ။ ကြည့်ရတာ ငါ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာတဲ့အခါ ငါ့အနားမှာ အသုံးချလို့ရတဲ့သူ သိပ်မကျန်တော့ဘူး ထင်တယ်..."
"မြို့စားမင်း... စိတ်ချပါ။ ဂိုဏ်းထဲမှာ အရှင်ရဲ့ ဂုဏ်သတင်းက ကြီးမားဆဲပါ။ အရှင် ဒဏ်ရာသက်သာပြီး ပြန်လာတာနဲ့ တစ်ပြိုင်နက် တစ်ခွန်းခေါ်လိုက်တာနဲ့ အကုန်လုံး ပြေးလာကြမှာပါ..."
အနက်ရောင်ဝတ်စုံနှင့် လူက ခေါင်းငုံ့၍ ပြောလိုက်၏။
"ခက်တယ်..."
သက်လတ်ပိုင်းအရွယ် အမျိုးသားက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး
"အရင်တုန်းက ငါနဲ့ ငွေဖြူဘုရင်တို့ ပူးပေါင်းပြီးတော့ ခန်းမလေးခုကို အနိုင်နိုင် ရင်ဆိုင်ခဲ့ရတာ။ အခု ငွေဖြူဘုရင်လည်း သေသွားပြီဆိုတော့ ငါဒီလက်ယာအစောင့်အရှောက်က အဖော်မပါဘဲ တစ်ယောက်တည်း ကျန်ခဲ့ပြီ။ ငါ့ရဲ့ အဆင့်အတန်းက အရင်လို ပြန်ဖြစ်လာဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲ..."
အနက်ရောင်ဝတ်စုံနှင့် လူမှာမူ တိတ်ဆိတ်နေလေသည်။
ခေတ္တအကြာတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားက စင်မြင့်ပေါ်ရှိ ဖယောင်းတိုင်မီးများကို လှမ်းကြည့်လိုက်ပြီး
"အသေးလေး သုံးကောင်တောင် ကျန်နေသေးတာလား... ကျန်းနန်နယ်မြေတောင်တန်းကနေ လွတ်မြောက်လာနိုင်တယ်ဆိုတော့ အသက်ပြင်းတယ်လို့ ဆိုရမှာပဲ..."
"ဝိညာဉ်ချုပ်သူတွေထဲမှာလည်း ရွက်ပုန်းသီးပါရမီရှင်တွေ ရှိပါတယ်..."
အနက်ရောင်ဝတ်စုံနှင့် လူက ပြောလိုက်၏။
"အရင်က ခန်းမလေးခုထဲကို အခွင့်ကောင်းယူပြီး လူတွေထည့်ထားဖို့ ပြောထားတယ် မဟုတ်လား။ အဲ့ဒီကောင်တွေကို လွှတ်လိုက်။ ဒါမှမဟုတ်ရင်လည်း အလင်းရောင်မရှိတော့တဲ့ ဖယောင်းတိုင် အစအနလေးတွေကို သိမ်းထားလို့လည်း ဘာမှအသုံးဝင်မှာ မဟုတ်ဘူး..."
သက်လတ်ပိုင်းအရွယ် အမျိုးသားက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ကောင်းပါပြီ..."
အနက်ရောင်ဝတ်စုံနှင့် လူက ခေါင်းငုံ့ကာ အမိန့်ခံယူလိုက်၏။
"အား..."
နောက်ထပ် အသားစများ ထပ်မံ ဖျက်ဆီးခံလိုက်ရသောကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ နာကျင်စွာ ထပ်မံအော်ဟစ်လိုက်ပြန်၏။ သို့သော် သူ၏ မျက်ဝန်းများထဲတွင်မူ တည်ငြိမ်နေပြီး ဤကဲ့သို့သော ပြင်းထန်သည့် နာကျင်မှုမျိုးကို ထုံကျဉ်နေပြီ ဖြစ်ပုံရလေသည်။
"ပါကွရှစ်ပါး တန်ခိုးရှင်ကြေးမုံရဲ့ စွမ်းအားက ဘယ်လောက်ရှိလဲဆိုတာ ဒီတစ်ကြိမ်တော့ ငါကောင်းကောင်းကြီး သိသွားပြီ..."
သူက ကောင်းကင်ကို မော့ကြည့်ကာ ရိုင်းစိုင်းကြမ်းတမ်းသော လေသံဖြင့် ကြိမ်းဝါးလိုက်လေသည်။
"ကျူးရီ... ငါ ခရမ်းရွှေမြို့စား ပြန်လာနိုင်မယ့်နေ့ ရှိခဲ့ရင် ဒီနာကျင်မှုတွေကို မင်းဆီကနေ အဆတစ်ရာ ပြန်ဆပ်ခိုင်းမယ်..."
"အား..."