← Chapters

မိစ္ဆာမြေသိုအရှင်

Vol. 16 Ch. 155

မိစ္ဆာမြေသိုအရှင်

Vol. 16 Ch. 155

နောက်တစ်နေ့ နံနက်စောစော…။

ချူလျန်သည် စောစီးစွာ နိုးထလာရာ စိတ်လက်ကြည်လင် လန်းဆန်းကာ ကိုယ်လက်သန့်စင်ခြင်းကို ဖြည်းဖြည်းမှန်မှန် အဆုံးသတ်လိုက်၏။

ထိုမိစ္ဆာဂိုဏ်းသားများနှင့်အတူ မြူခိုးဖုံးချိုင့်ဝှမ်းအတွင်း ကြာရှည်စွာ လှည့်လည်သွားလာခဲ့ရပြီးနောက် ယခုအခါ ရှုတောင်ပေါ်ရှိ သစ်ပင်ပန်းမန်များကို ပြန်လည်မြင်တွေ့ရသည်မှာ လူ့ပြည်လောကသို့ ပြန်ရောက်လာသကဲ့သို့ ခံစားရပြီး အလွန်ပင် ရင်းနှီးဖော်ရွေလှပေသည်။

ပန်းခင်းလေးထဲတွင် ယိမ်းနွဲ့နေသော ရွှေရောင်အစင်းကြား အသီးလေးများမှာ ချစ်စဖွယ်ကောင်းသလို ထိုနေရာ၌ အလုပ်ရှုပ်ကာ ရေလောင်းနေသည့် လျိုရှောင်ယွီလေးမှာလည်း ချစ်စဖွယ်ကောင်းလှ၏။

ဘေးနားတွင် မြေကျင်းတူးပြီး ဆော့ကစားနေသော ရွှေမွေးဟူမှာမူ...

ထိုဦးခေါင်းကြီးကိုတော့ ထားလိုက်ပါလေ။

ကြည့်လေလေ ပို၍ ထုံအအနိုင်လေ ဖြစ်နေတော့၏။

မနက်စာ စားသောက်ပြီးနောက် သူသည် ကောင်းကင်တက်လှမ်းတောင်ထွတ်ရှိ ဓားလဲလှယ်ရေးခန်းမသို့ ဝမ်ယွဲ့လုံကို ရှာရန် ထွက်လာခဲ့လေ၏။

အရင်က တောင်ပိုင်းလမ်းပြသူကို သတ်ဖြတ်ပြီးနောက် ဝိညာဉ်အိတ်ပါသော ရုပ်တုတစ်ခု ရရှိခဲ့၏။ လမ်းပြသူ၏ ရတနာအားလုံးမှာ ထိုအထဲတွင် ရှိနေတန်ရာ၏။ သို့သော် ချူလျန်သည် ထိုမှော်ဝင်ပစ္စည်းကို ဖွင့်၍မရသဖြင့် ကျွမ်းကျင်သူထံ အကူအညီတောင်းရန်သာ ရှိတော့သည်။

"ဂိုဏ်းတူအစ်ကိုချူ... ကျုပ် ခင်ဗျားကို စောင့်နေတာ ကြာပြီဗျ...”

ဓားလဲလှယ်ရေးခန်းမထဲတွင် ထိုလူငယ်လေးမှာ တက်ကြွလှုပ်ရှားစွာ ထိုင်နေ၏။

"မင်းရဲ့ စိတ်ပူပေးမှုကို ကျေးဇူးတင်ပါတယ် ညီလေးဝမ်...”

ချူလျန်ကလည်း ပြုံးလျက် ပြန်လည်နှုတ်ဆက်လိုက်သည်။

"ဒီတစ်ခါ အပြင်ထွက်တော့ ဘာကောင်းတာတွေ ရခဲ့လဲ...”

ဝမ်ယွဲ့လုံက မဆိုင်းမတွ မေးလိုက်၏။

ယခုဆိုလျှင် သူသည် အကျင့်တစ်ခုပင် ဖြစ်နေချေပြီ။ ချူလျန် အပြင်သွားပြီး ပြန်လာတိုင်း သူ့ကို သူ၏အရည်အချင်းများ ထုတ်ပြခွင့်ပေးတတ်သည် မဟုတ်ပါလော။

အမှန်စင်စစ် ချူလျန်မှာလည်း အကျင့်တစ်ခု ဖြစ်နေခဲ့ပြီဖြစ်၏။ ဝမ်ယွဲ့လုံသည် တစ်ခါတစ်ရံ မမျှော်လင့်ထားသည်များကို လုပ်ဆောင်တတ်သော်လည်း နောက်ဆုံးတွင်မူ 'တကယ်ကို တန်လှပေသည်' ဟု ရေရွတ်ရလောက်အောင်ပင် ရလဒ်ကောင်းများကို အမြဲပေးစွမ်းနိုင်လေသည်။

အစွန်းရောက်ပျံသန်းခြင်း၊ သစ်ရွက်ပျံဓားသွား၊ ထုပ်ပိုးခြင်းပုံစံ၊ ရတနာသစ်ရွက်မီးအိမ်၊ နတ်ဘုရားအလင်း သရဲသတ်ဓား၊ ရောင်စုံမီးလုံး ဓားသိုင်း...

အကယ်၍ အခြားသော သာမန်လက်နက်သွန်းလုပ်သည့် တပည့်များသာဆိုလျှင် သူစိတ်ကူးထားသည့်အတိုင်း ဖြစ်လာနိုင်သော်လည်း၊ ဤကဲ့သို့ ကုန်ကြမ်းပစ္စည်းများကို အသုံးပြုကာ အစွမ်းထက်သော အာနိသင်များကိုမူ ရရှိနိုင်မည်မဟုတ်ချေ။

တစ်နည်းအားဖြင့် ဆိုရသော် သာမန်ကာလျှံကာသာ ဖြစ်ပေလိမ့်မည်။

"ဒီတစ်ခါတော့ သွန်းလုပ်ဖို့ ဘာမှမပါဘူး... တခြားကိစ္စပါ..."

ချူလျန်က ထိုင်လိုက်ပြီး ထိုကြောက်မက်ဖွယ်ကောင်းသော ရုပ်တုကို ထုတ်လိုက်၏။

"ကျုပ် ဒီလို ဝိညာဉ်အိတ်ပါတဲ့ ရုပ်တုတစ်ခု ရလာတယ်... ဒါပေမဲ့ ဖွင့်လို့မရဘူး… မင်းမှာ ဒါကို ဖွင့်နိုင်မယ့် နည်းလမ်းရှိလား...”

"ကျုပ် ကြည့်ပါရစေ...”

ဝမ်ယွဲ့လုံသည် ထိုရုပ်တုကို ယူကာ အတန်ကြာအောင် သေချာစစ်ဆေးကြည့်နေပြီးနောက် မျက်မှောင်များမှာလည်း တဖြည်းဖြည်း ကြုတ်လာချေသည်။

ခဏအကြာတွင်မှ သူသည် ထိုရုပ်တုကို စားပွဲပေါ်တင်လိုက်ပြီး ဝေခွဲမရသော လေသံဖြင့် ဆိုလာသည်။

"ဂိုဏ်းတူအစ်ကိုချူ... ဒါက မိစ္ဆာမြေသိုအရှင်ပဲ...”

"အိုး..." ချူလျန်က မျက်ခုံးပင့်လိုက်၏။

မိစ္ဆာမြေသိုအရှင်ဆိုသည်ကို သူ အနည်းငယ် ကြားဖူးထားသည်။

ဗုဒ္ဓဘာသာတွင် မြေသိုအရှင်ဘုရားလောင်းဒဏ္ဍာရီရှိပြီး 'ငရဲမပျောက်ကွယ်မချင်း ငါဘုရားမဖြစ်စေရ' ဟူသော မဟာဓိဋ္ဌာန်ကို ချမှတ်ထားသည့် မွန်မြတ်သော ဘုရားလောင်းတစ်ပါး ဖြစ်၏။

သို့သော် ဤကမ္ဘာရှိ အမှောင်ဘုရင်ဂိုဏ်းတွင်လည်း မြေသိုအရှင်ကို ကိုးကွယ်ယုံကြည်မှု ရှိသော်လည်း သူတို့ ကိုးကွယ်သည်မှာ 'မိစ္ဆာမြေသိုအရှင်' သာ ဖြစ်သည်။

အမှောင်ဘုရင်ဂိုဏ်း၏ ဒဏ္ဍာရီထဲတွင် မြေသိုအရှင်သည် လှည့်စားတတ်သော နတ်ဘုရားများ၏ ငရဲ၌နှိပ်ကွပ်ခြင်းကို ခံထားရသော မိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်၏။

နတ်ဘုရားစွမ်းအားများ ကိန်းဝပ်နေသော သံကြိုးပေါင်း သန်းသုံးရာရှစ်ဆယ်ဖြင့် ဖမ်းဆီးချုပ်နှောင်ထားပြီး ငရဲဘုံတွင် နေ့စဉ်နှင့်အမျှ သောင်းနှင့်ချီသော ကလဲ့စားချေဝိညာဉ်များ၏ ကိုက်ခဲစားသောက်မှုကို ခံနေရသော်လည်း မသေဆုံးနိုင်ပေ။

ထို့ပြင် သူသည် လူ့ပြည်လောကသို့ ပြန်လည်ရောက်ရှိရန် အချိန်တိုင်း ကြိုးစားနေလေသည်။ ထိုကိုးကွယ်သူများကမူ တစ်နေ့တွင် မြေသိုအရှင်သည် ကလဲ့စားချေရန်အတွက် မိစ္ဆာအဖြစ် ပြန်လည်ရောက်ရှိလာမည်ဟု ယုံကြည်ကြ၏။

သို့သော် ဤမိစ္ဆာမြေသိုအရှင်၏ ပုံပန်းသဏ္ဌာန်နှင့် အသေးစိတ် အချက်အလက်များကိုမူ သူ နားမလည်ပေ။

"အမှောင်ဘုရင်ဂိုဏ်းထဲမှာ ကမ္ဘာမြေ ရတနာတစ်သောင်း မှတ်တမ်းရဲ့ နံပါတ် (၁၀) ချိတ်တဲ့ မိစ္ဆာလက်နက် 'မြေသိုအရှင်ကိုယ်ပွား' ဆိုတာ ရှိတယ်ဗျ… အဲဒီအရာက ငရဲဘုံထဲကနေ တကယ့်မြေသိုအရှင်ရဲ့ နတ်ဘုရားစွမ်းအားတွေကို ဆင့်ခေါ်နိုင်တယ်လို့ ပြောကြတယ်... အမှန်လားတော့ မသိဘူး...”

ဝမ်ယွဲ့လုံက ဆက်ပြောသည်။

"ခင်ဗျား ရလာတဲ့ ဒီရုပ်တုက အဲဒီ မြေသိုအရှင်ကိုယ်ပွားရဲ့ ပုံတူပဲ ဖြစ်ရမယ်။ တစ်စုံတစ်ခုကို လမ်းညွှန်ပေးနိုင်တဲ့ စွမ်းအားရှိတယ်...”

"အဲဒီဒဏ္ဍာရီထဲက မိစ္ဆာမြေသိုအရှင်က ဒါကို ရှာတွေ့နိုင်မလားလို့ ကျုပ် သံသယရှိတယ်...”

ဤစကားမှာ အနည်းငယ် ကြောက်စရာကောင်းလှ၏။

ချူလျန်က ကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းလိုက်ပြီး "ဒါဆိုရင် ဒီဟာကို လက်ထဲမှာ ကိုင်ထားတာက အန္တရာယ် မများဘူးလား...”

"ကျုပ် မမှားဘူးဆိုရင်တော့ ဒီပစ္စည်းရဲ့ စွမ်းအားက မြေသိုအရှင်ရဲ့ နတ်ဘုရားစွမ်းအား အချို့ကို ဆင့်ခေါ်နိုင်တာပဲ ဖြစ်ရမယ်...” ဝမ်ယွဲ့လုံက ဆိုသည်။

"ဒါပေမဲ့ အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး… လက်ထဲမှာ ကိုင်ထားရုံနဲ့ မိစ္ဆာတွေ ရောက်လာမှာ မဟုတ်ဘူး.. ဒါပေမဲ့ အထဲက ပစ္စည်းတွေ ထုတ်ပြီးရင်တော့ ဒါကို တစ်နည်းနည်းနဲ့ ဖျက်ဆီးပစ်ဖို့ ကျုပ် အကြံပေးချင်တယ်...”

"မင်း ဆိုလိုတာက အထဲက ပစ္စည်းတွေကို ထုတ်လို့ရတယ်ပေါ့...”

ချူလျန်က မေးလိုက်၏။

"နည်းနည်းတော့ အလုပ်ရှုပ်မယ်... ဒါပေမဲ့ ရနိုင်ပါတယ်..." ဝမ်ယွဲ့လုံက ပြုံးလိုက်သည်။

"ဒီမှာပဲ ခဏထားခဲ့ပါ… ကျုပ် ခဏလောက် လေ့လာကြည့်လိုက်ဦးမယ်… ဖွင့်ခါနီးကျရင် ခင်ဗျားကို အကြောင်းကြားလိုက်မယ်... ခင်ဗျား ရှေ့မှာပဲ ဖွင့်ပြမယ်...”

မိမိရှေ့တွင် ဖွင့်ပြရခြင်းမှာ အထဲမှ ရတနာများကို သူ ခိုးယူသည်ဟု သံသယမဝင်စေရန် ဖြစ်ကြောင်း ချူလျန် သိထား၏။ ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်အိတ်များအား ကိုယ်စားဖွင့်ပေးခြင်းမှာ ထုံးစံတစ်ခုပင် ဖြစ်သည်။

ဝမ်ယွဲ့လုံက ခိုးယူလိမ့်မည်ဟု သူ သံသယမရှိသော်လည်း ဤစည်းကမ်းရှိနေမှတော့ မလိုက်နာဘဲနေရန် မလိုပေ။

"ကောင်းပြီ... ဒါဆို ကျေးဇူးတင်ပါတယ်...”

"ကျေးဇူးတင်ဖို့ မလိုပါဘူး... ဒီတစ်ခေါက်အတွက် ဓားဒင်္ဂါး နှစ်ရာ ပေးရမယ်...”

ဝမ်ယွဲ့လုံက လက်ချောင်း နှစ်ချောင်း ထောင်ပြလိုက်၏။

"ဘာ..." ချူလျန် မျက်မှောင်ကြုတ်သွားရသည်။

"ဒါက မှော်ဝင်ပစ္စည်း သွန်းလုပ်တာထက် ပိုလွယ်ရမှာ မဟုတ်ဘူးလား... ဘာလို့ ဒီလောက် ပေးရတာလဲ...”

"ဟဲဟဲ..."

ဝမ်ယွဲ့လုံက ရယ်လိုက်ပြီး "ဒီလိုအလုပ်မျိုးက အထဲက ဝိညာဉ်အိတ်ရဲ့ တန်ဖိုးပေါ် မူတည်ပြီး သတ်မှတ်တာဗျ… ခင်ဗျားရဲ့ မိစ္ဆာမြေသိုအရှင်က အကြီးစားကြီးပဲ… ခင်ဗျား ဘယ်မိစ္ဆာကျင့်ကြံသူဆီက ရလာလဲတော့မသိပေမဲ့ အဆင့်ကတော့ မနိမ့်ဘူး။ အထဲက ရတနာတွေက ခင်ဗျားပေးရတဲ့ ဈေးထက် အများကြီး ပိုတန်မှာပါ။ ပြီးတော့ ဒါကို ဓားလဲလှယ်ရေးခန်းမက တပည့်တွေထဲမှာ ကျုပ် တစ်ယောက်ပဲ ဖွင့်နိုင်မှာ... မဟုတ်ရင်တော့ အကြီးအကဲအဆင့်ဆီ သွားရလိမ့်မယ်။ အဲဒီကျရင်တော့ ဒီဈေးနဲ့ ရမှာ မဟုတ်တော့ဘူး...”

"ဪ..."

...

ဓားလဲလှယ်ရေးခန်းမမှ ထွက်လာပြီးနောက် ချူလျန်သည် ဓားဒင်္ဂါးအချို့ ထပ်ရှာရန် နည်းလမ်းစဉ်းစားနေမိ၏။

သူသည် ရွှေအမြုတေအဆင့်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ဝယ်ရန် ငွေစုနေရသဖြင့် ဓားဒင်္ဂါးများမှာ မည်မျှရှိရှိ မလောက်ငှပေ။

အပြင်ထွက်လာချိန်တွင် ဘေးနားရှိ ထိန်းသိမ်းရေးခန်းမ တံခါးကြီးကို တွေ့လိုက်ရသဖြင့် သူသည် ထိုအထဲသို့ ဝင်သွားလိုက်၏။

မကြာသေးမီက သူ အပြင်တွင် နတ်ဘုရားစွမ်းရည်အသစ်အချို့ ရရှိထားရာ ဆုလာဘ်များ ရနိုင်မလားဟု ကြည့်ရန် ဖြစ်သည်။

ယခု သူ၏လက်ထဲတွင် ရှိနေသော နတ်ဘုရားစွမ်းရည်များထဲမှ 'အမျက်ဖြေမန္တန်' မှာ စေတီတော်ဖြူမှ ရရှိထားခြင်း ဖြစ်ပြီး ကျင့်စဉ်မှတ်တမ်း မရှိသဖြင့် အပ်နှံ၍မရပေ။

'ဆန်းကြယ်လက်နတ်ဘုရားအတတ်' မှာမူ သူခိုးအတတ်ဖြစ်ရာ ချူလျန်သည် ယင်းကို အခြားသူများ သိသွားရန် မလိုလားပေ။ တစ်ဖက်တွင်မူ ယင်းကို လူတိုင်းသိသွားပါက အကျိုးမရှိနိုင်သလို အလွဲသုံးစားလုပ်ခြင်းကိုလည်း သူ မကာကွယ်နိုင်ပေ။

ထို့ကြောင့် နောက်ဆုံးတွင် သူ အပ်နှံနိုင်သည်မှာ အသစ်ရရှိထားသော 'နတ်ဘုရားသတ်ဖြတ်ခြင်း သွေးသန့်စင်မဟာပညာရပ်' သာ ရှိတော့သည်။

ထိန်းသိမ်းရေးခန်းမအတွင်း၌ အမြဲတမ်းလိုလိုပင် တိတ်ဆိတ်ခြောက်ကပ်နေ၏။

ယွမ်ကျိုးဟုခေါ်သော ဆယ်ပြားစေ့မျက်နှာနှင့် လူငယ်မှာ ထိုနေရာတွင် ထိုင်ကာ စာဖတ်နေဆဲပင် ဖြစ်သည်။

ချူလျန်က ရှေ့သို့ လျှောက်သွားပြီး နှုတ်ဆက်လိုက်၏။

"စီနီယာအစ်ကိုဖန်း... အာ... ယွမ်..."

ယွမ်ကျိုးက ခေါင်းမော့ကြည့်လာပြီး ပြန်လည်ထူးလိုက်သည်။

"ဂိုဏ်းတူညီလေး ချူလျန်ပါ့လား...”

ချူလျန်သည် တစ်ဖက်လူက မိမိနှင့် တစ်ခါသာတွေ့ဖူးသော်လည်း ဤမျှကြာပြီးနောက် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနေခြင်းကို အံ့သြသွားရ၏။

"ကျုပ် မိစ္ဆာဂိုဏ်းရဲ့ ကျင့်စဉ်တစ်ခုရလာလို့... ဆုလာဘ်နဲ့ လဲလို့ရမလားဆိုတာ လာကြည့်တာပါ...” ချူလျန်က ဆိုသည်။

"ကျုပ်ကို ပေးကြည့်ပါဦး...” ယွမ်ကျိုးက လက်ကမ်းလိုက်၏။

ချူလျန်က 'နတ်ဘုရားသတ်ဖြတ်ခြင်း သွေးသန့်စင်မဟာပညာရပ်' ကို ကမ်းပေးလိုက်ရာ ယွမ်ကျိုးက ဝိညာဉ်အာရုံဖြင့် စစ်ဆေးပြီးနောက် ချက်ချင်းပင် ဆိုလာသည်။

"ဂိုဏ်းရဲ့ မှတ်တမ်းတိုက်ထဲမှာ မရှိသေးဘူး...”

"ကောင်းလိုက်တာ...” ချူလျန်က ပြုံးလိုက်၏။

ယွမ်ကျိုးက ခေတ္တတိတ်ဆိတ်သွားပြီးနောက် ဆက်ပြောသည်။

"ဂိုဏ်းတူညီလေးချူ... ကျုပ် စကားတစ်ခွန်းလောက်တော့ ပြောပါရစေ။ ဒီကျင့်စဉ်ကို မင်းကိုယ်တိုင် မကျင့်တာ အကောင်းဆုံးပဲ...”

"ဗျာ... ဘာလို့လဲ...” ချူလျန်က မေးလိုက်သည်။

အကယ်၍ ယွမ်ကျိုးသာ မပြောလျှင် သူသည် အမှန်တကယ်ပင် ကျင့်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

"ဒီမိစ္ဆာကျင့်စဉ်က သက်ရှိတွေ သေခါနီးမှာ ထွက်လာတဲ့ သွေးအဆီအနှစ်တွေကို သန့်စင်ယူပြီး မိမိကိုယ်ကိုယ် အားဖြည့်တဲ့ နည်းလမ်းပဲ...” ယွမ်ကျိုးက ရှင်းပြသည်။

"ဒီလိုလုပ်တာက မဟာတာအိုတရားနဲ့ ဆန့်ကျင်နေတယ်... ဝဋ်ကြွေးတွေ ခန္ဓာကိုယ်မှာ ကပ်ငြိလာတာကို ရှောင်လွှဲရခက်လိမ့်မယ်...”

"ပုံမှန်အားဖြင့် မိစ္ဆာဂိုဏ်းသားတွေက ဒီဝဋ်ကြွေးတွေကို ပြန်လည်ခြေဖျက်ဖို့ နည်းလမ်းတွေ ရှိတတ်ကြတယ်... ဒါမှမဟုတ် တချို့က ဝဋ်ကြွေးကိုပဲ အခြေခံပြီး ကျင့်ကြံကြတာမျိုး ရှိတယ်။ ဒါပေမဲ့... မိစ္ဆာပညာရပ်က မိစ္ဆာပညာရပ်ပဲ။ မကောင်းမှုလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတာ ဒီဝဋ်ကြွေးတွေရဲ့ အကျိုးဆက်ပဲ။

မင်းရဲ့ စိတ်ရင်းကို မင်း လိမ်လို့ရပေမဲ့ ကောင်းကင်ဘုံကိုတော့ လိမ်လို့မရဘူး။ သူတို့တွေ ဘယ်လောက်ပဲ ခြေဖျက်တဲ့ နည်းလမ်းတွေ ရှိပါစေ... နောက်ဆုံးမှာတော့ ကမ္ဘာဦး သံသရာစက်ဝန်းထဲကနေ ရှောင်လွှဲလို့ မရနိုင်ကြဘူး... အဲဒါကြောင့်ပဲ...”

သူ ဤသို့ပြောလိုက်ရာ ချူလျန် ချက်ချင်း နားလည်သွား၏။

အသိသာဆုံး ဥပမာမှာ 'ကြက်သွေးရောင်ကွပ်မျက်သူဓား' ဖြစ်သည်။ ယင်းတွင် ဝဋ်ကြွေးနှင့် ပတ်သက်သော စည်းမျဉ်းအချို့ ရှိနေတန်ရာပြီး သွေးအရှိန်အဝါများ ကပ်ငြိနေသူများကို တွေ့လျှင် ပို၍ အစွမ်းထက်လာခြင်းမျိုး ဖြစ်၏။

သူသည် ယခုရက်ပိုင်းအတွင်း သက်ရှိအများအပြားကို သတ်ဖြတ်ခဲ့သော်လည်း မိစ္ဆာများကို နှိမ်နင်းရန် ရည်ရွယ်ခြင်းကြောင့် ဝဋ်ကြွေးမတက်ရုံသာမက ကုသိုလ်များပင် ရရှိနိုင်သေးသည်။

သို့သော် နောင်တစ်ချိန်တွင် သွေးအဆီအနှစ်ကို စုပ်ယူရန် ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်မည်ဆိုပါက ဝဋ်ကြွေးများ ကပ်ငြိလာရန်မှာ မလွဲဧကန်ပင်။

မူလက ချူလျန် တွေးထားသည်မှာ မိစ္ဆာများကို နှိမ်နင်းရင်း တစ်ဖက်ကလည်း နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံရန် ဖြစ်၏။ သို့သော် ယခုကြည့်ရသည်မှာ သူ အလွန်အမင်း ရိုးရှင်းစွာ တွေးခဲ့ပုံရသည်။

"ဒီကျင့်စဉ်တစ်ခုတည်း ကျင့်ရုံနဲ့တော့ ဝဋ်ကြွေးတွေ အများကြီး မတက်နိုင်သေးပေမဲ့ ကျင့်ကြံသူတစ်ယောက်အတွက်တော့ သတိထားတာ အကောင်းဆုံးပဲ။ ဒီလို မလိုအပ်တဲ့ ဝဋ်ကြွေးတွေကိုတော့ အဝေးကနေ ရှောင်ရှားသင့်တယ်။ မဟုတ်ရင် နောင်တစ်ချိန်မှာ မင်းရဲ့ တက်လှမ်းမှုအတွက် အတားအဆီးတစ်ခု ဖြစ်လာလိမ့်မယ်...”

ယွမ်ကျိုးက ဆိုသည်။ "ပြီးတော့ မင်း သွေးသန့်စင်တဲ့ နတ်ဘုရားစွမ်းရည်ကို လိုချင်တယ်ဆိုရင် ထိန်းသိမ်းရေးခန်းမမှာ အခြားဟာတွေ ရှိပါသေးတယ်...”

"ထိန်းသိမ်းရေးခန်းမမှာ ရှိတယ် ဟုတ်လား...” ချူလျန်၏ မျက်လုံးများ လင်းလက်သွား၏။

"ဒါကတော့ သဘာဝပဲပေါ့ကွာ...” ယွမ်ကျိုးက ဆိုသည်။

"ဒီလို နတ်ဘုရားစွမ်းရည်က အမှန်တကယ်တော့ အလွန်အမင်း ရှားပါးတာမျိုး မဟုတ်ပါဘူး။ ဒါကို ကျင့်ကြံသူတွေ နည်းရတာက လူတစ်ယောက်ရဲ့ စွမ်းအင်က အကန့်အသတ် ရှိလို့ပဲ။

မိမိရဲ့ လျှို့ဝှက်စွမ်းအင်တွေကို အစွမ်းထက်တဲ့ စိတ်ဝိညာဉ်တွေအဖြစ် အကုန်ပြောင်းလဲဖို့က မလွယ်ဘူး။ ပုံမှန်အားဖြင့် ဆဌမအဆင့် ရောက်မှသာ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံအောင် လုပ်ဖို့ ပိုလျှံတဲ့ စွမ်းအင်တွေ ရှိလာတာမျိုးပါ...”

သူ၏ ဤစကားများက ချူလျန်ကို အသိအမြင် တစ်ခု ရစေခဲ့၏။

သူ လက်ရှိ ပိုင်ဆိုင်ထားသော နတ်ဘုရားစွမ်းရည်များမှာ ရှုတောင်၏ ဝိညာဉ်အသိအမြင်အဆင့် တပည့်များထဲတွင် မနည်းလှပေ။ အဆောင်လက်နက်များနှင့် ဓားသိုင်းများမှာပင် သာမန်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

မိမိကိုယ်ကို အားနည်းနေသည်ဟု ထင်နေခြင်းမှာ သူ၏ စွမ်းအင်အများစုကို ကျင့်ကြံမှုအဆင့် မြှင့်တင်ရန်အတွက် အသုံးမပြုခဲ့ခြင်းကြောင့်သာ ဖြစ်၏။

သူ၏ ဘဝမှာ အေးချမ်းသာယာနေရခြင်းမှာ သူ၏အစား ပင်ပန်းဆင်းရဲမှုကို ခံယူပေးနေသော 'ခေါင်းကြီးကောင်လေး' ကြောင့်ပင် မဟုတ်ပါလော။

သာမန် ကျင့်ကြံသူတစ်ယောက်မှာမူ ဤအဆင့်တွင် ကျင့်ကြံမှု တိုးတက်စေရန်နှင့် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် အလုပ်ရှုပ်နေကြရမည် ဖြစ်သည်။

ထို့နောက်တွင်လည်း ဓာတ်ကြီးငါးပါးနယ်ပယ်သို့ ဆက်လက် တက်လှမ်းရန် ကြိုးစားကြရမည်ဖြစ်ရာ ကျင့်ကြံမှုအဆင့်မှာသာ အဓိက ဖြစ်နေတတ်သည်။

ထိုကဲ့သို့သော များပြားလှစွာသော နတ်ဘုရားစွမ်းရည်များကိုမူ ရွေးချယ်စွန့်လွှတ်ကြရသည်သာ ဖြစ်၏။

သူကမူ ထိုအရာအတွက် စိုးရိမ်စရာမလိုသဖြင့်သာ မှော်ဝင်ပစ္စည်းများနှင့် နတ်ဘုရားစွမ်းရည်များ မြှင့်တင်ရန် အချိန်များစွာ ပေးနိုင်ခြင်း ဖြစ်သည်။

"မင်း လိုချင်တယ်ဆိုရင်တော့ ဒီတစ်ခါ အပ်နှံတဲ့ ဆုလာဘ်နဲ့ အစားထိုးကျင့်စဉ်တစ်ခု လဲလိုက်ပါ...” ယွမ်ကျိုးက ပြောရင်း နောက်သို့ ထွက်သွား၏။

ခဏအကြာတွင် သူသည် ကျောက်စိမ်းပြားတစ်ခုနှင့်အတူ ပြန်လာချေသည်။

"ဒီ 'ဝိညာဉ်အလင်း သွေးသန့်စင်ခြင်းပညာရပ်' က တိုးတက်မှုတော့ နည်းနည်းနှေးတယ်... ဒါပေမဲ့ ပိုပြီး တည်ငြိမ်တယ်။ ဒီလိုကျင့်ကြံတာကမှ ငါတို့ ဖြောင့်မတ်တဲ့ လမ်းစဉ်ရဲ့ လုပ်ရပ်ပဲ...” ယွမ်ကျိုးက မှာကြားလိုက်၏။

ချူလျန်က လက်ခံယူလိုက်ပြီး လေးနက်စွာ ကျေးဇူးတင်လိုက်သည်။ "စီနီယာအစ်ကိုယွမ်ရဲ့ သွန်သင်မှုကို ကျေးဇူးတင်ပါတယ်...”

"သွန်သင်မှုတော့ မဟုတ်ပါဘူး... အတွေ့အကြုံအရ ပြောပြတာပါ...”

ယွမ်ကျိုးသည်ကား အမြဲတမ်းလိုပင် တည်ငြိမ်အေးဆေးနေ၏။

ချူလျန်သည် ယွမ်ကျိုး၏ စကားများကို ပြန်လည်စဉ်းစားကြည့်ရာ ဤစီနီယာအစ်ကို၏ စကားများမှာ မဟာတာအိုတရားနှင့် အလွန်ပင်ကိုက်ညီလှသဖြင့် သူသည် သာမန် တာဝန်ကျတပည့်တစ်ယောက် မဟုတ်နိုင်ကြောင်း ခံစားလိုက်ရ၏။

မသိလိုက်မသိဘာသာပင် သူ့ကိုကြည့်သည့် အကြည့်များမှာ လေးစားမှုများဖြင့် ပြည့်နှက်သွားတော့သည်။

နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ယွမ်ကျိုးက ရုတ်တရက် လက်ကာပြလိုက်ပြီး ဆိုလိုက်ပြန်သည်။

"နေဦး... မင်းပေးတဲ့ ဆုလာဘ်က ဒီ 'ဝိညာဉ်အလင်း သွေးသန့်စင်ခြင်းပညာရပ်' ရဲ့ ဈေးနှုန်းနဲ့ မလောက်သေးဘူး။ မင်း ဈေးနှုန်းကွာဟချက်ကို ထပ်ဖြည့်ရမယ်...”

"ဘာ..." ချူလျန် မျက်လုံးပြူးသွား၏။

ဈေးနှုန်းကွာဟချက် ဖြည့်ရမယ်ဆိုတာလည်း ရှိသေးသည်လော…။

သူ ချက်ချင်း မေးလိုက်သည်။ "ဘယ်လောက် ထပ်ပေးရမလဲ...”

ယွမ်ကျိုးက ခဏလောက် တွက်ချက်ကြည့်ပြီးနောက် ပြန်ဖြေလိုက်သည်။

"ဓားဒင်္ဂါး ခုနစ်ဆယ်...”

"အင့်..."

ချူလျန်ခမျာ နှုတ်ခမ်းမဲ့သွားရ၏။

သူ့မျက်လုံးထဲက လေးစားမှုအလင်းတန်းများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။

All Chapters