မင်း ဒါကို ဘာလုပ်ဖို့ မေးတာလဲ
Vol. 16 Ch. 156
ထိန်းသိမ်းရေးခန်းမမှ ထွက်လာပြီးနောက် ချူလျန်သည် အဂ္ဂိရတ်ခန်းမဆောင်သို့ ဝင်လိုက်ပြန်၏။ ကြည့်ရသည်မှာ သူသည် ခန်းမဆောင်လေးခုလုံးကို တစ်ရက်တည်းဖြင့် လှည့်လည်သွားလာမည့် အရှိန်အဟုန်မျိုး ရှိနေချေသည်။
အဂ္ဂိရတ်ခန်းမဆောင်ထဲတွင် ဝိညာဉ်ဆေးလုံးနှင့် ဆေးပင်များကို ချိတ်ဆွဲရောင်းချခြင်း၊ ကိုယ်စားဆေးဖော်စပ်ရန် ဆက်သွယ်ခြင်း စသည့်နေရာများအပြင် "ရတနာဆေးခန်းမ" အမည်ရသော သီးသန့်ခန်းမကြီးတစ်ခုလည်း ရှိလေ၏။ ထိုနေရာတွင် အမျိုးမျိုးသော သဘာဝရတနာပစ္စည်းများ၏ အချက်အလက်များကို မှတ်သားပြသထား၏။
နှစ်ပေါင်းများစွာကတည်းက ရှုတောင်တပည့်များသည် အပြင်ထွက်၍ သဘာဝရတနာပစ္စည်းတစ်ခုခုကို တွေ့ရှိလျှင်သော်လည်းကောင်း၊ သတင်းအချက်အလက်တစ်ခုခု ရရှိလျှင်သော်လည်းကောင်း အဂ္ဂိရတ်ခန်းမဆောင်သို့ ပြန်လာ၍ သတင်းပို့လေ့ရှိကြ၏။ ဤသို့ဖြင့် နောင်တစ်ချိန်တွင် ဂိုဏ်းတူညီအစ်ကိုများအနေဖြင့် ဤရတနာမျိုး လိုအပ်လာပါက ဤနေရာမှတစ်ဆင့် သဲလွန်စရနိုင်မည် ဖြစ်သည်။
ထိုသို့ သတင်းအချက်အလက်ပေးပို့ခြင်းအတွက် ဆုလာဘ်မရှိသော်လည်း ထုံးစံအရ တစ်စုံတစ်ယောက်သည် အထက်ပါအချက်အလက်များအတိုင်း ရတနာဆေးပင်ကို ရှာဖွေတွေ့ရှိပါက သတင်းချန်ထားခဲ့သူကို သွားရောက်ကျေးဇူးတင်ရသည်။
အထူးသဖြင့် ရွှေအမြုတေအဆင့်၊ ဓာတ်ကြီးငါးပါးအဆင့်နှင့် သာလွန်အဆင့်ဟူသော မြေကမ္ဘာနယ်ပယ်သုံးဆင့်တွင် အရင်းအမြစ်များ အလွန်အမင်း လိုအပ်လှရာ တစ်ဦးတည်းစွမ်းအားဖြင့် လိုအပ်သောပစ္စည်းများ စုဆောင်းရန် အလွန်ခက်ခဲ၏။ ထိုအချိန်မျိုးတွင် ဤသတင်းအချက်အလက်များဖလှယ်ရာ ရတနာဆေးခန်းမသည် အလွန်အရေးပါလှသည်။
ချူလျန်အနေဖြင့် ဤနေရာသို့ လာရောက်ခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။
အထဲသို့ ဝင်လိုက်ပြီးနောက် ရှုတောင်တပည့်များ မနည်းမနောရှိနေသည်ကို မြင်လိုက်ရ၏။ လူအများသည် အလယ်ဗဟိုရှိ ဧရာမချပ်ပြားဝိုင်းကြီးတစ်ခုကို ဝိုင်းရံထားကြပြီး ထိုချပ်ပြားဝိုင်းကြီးပေါ်တွင် ဝါးတံဆိပ်ပြားများကို အစီအရီ ချိတ်ဆွဲထားလေသည်။ ထိုအပေါ်တွင် ရတနာဆေးပင်၏ အမည်နှင့် ရှိနိုင်မည့်နေရာများကို ရေးမှတ်ထား၏။
အဆင့်မြင့် ရွှေအမြုတေနှစ်ခု ဖန်တီးရန် စီစဉ်ထားပါက ယင်နှင့်ယန် နှစ်မျိုးလုံးကို ကျင့်ကြံခြင်းက အကောင်းဆုံးဖြစ်မည်ဟု သူ ကြိုတင်တွက်ဆထားပြီး ဖြစ်၏။
ရင်ခွင်ထဲတွင် ထည့်ထားသော ငရဲပင်လယ်ရွှေကြာပန်းအပြင် ယန်ဓာတ်ပါသော သဘာဝရတနာပစ္စည်းတစ်ပင်လည်း လိုအပ်သေး၏။ ယခင်က အသုံးပြုနိုင်သည့် ရတနာဆေးပင်များ၏ အမည်များကို ဝမ်ယွဲ့လုံထံ ချူလျန် မေးမြန်းထားခဲ့ဖူးရာ ယခုအခါ ထိုချပ်ပြားဝိုင်းကြီးပေါ်တွင် လိုက်လံကြည့်ရှုကာ ရှာဖွေနေလေသည်။
အချက်အလက်များ အလွန်များပြားသော်လည်း ဝိညာဉ်အာရုံ၏ အထောက်အကူရထားသော ကျင့်ကြံသူများအတွက်မူ အားလုံးကို ခြုံငုံကြည့်ရှုရန် မခက်ခဲပေ။
ခဏအကြာ ကြည့်ရှုပြီးနောက် သတင်းအချက်အလက် သုံးခုကို ချူလျန် ရွေးချယ်သတ်မှတ်လိုက်၏။
"ဓားရွက်ရွှမ်ယန်ပန်း၊ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဝေလငါးမည်းတောင်တွင် ရှိနိုင်သည်။"
"သက်တမ်းသုံးရာရှိ ဝိညာဉ်ဂျင်ဆင်း၊ မြောက်ပိုင်းဒေသ ယင်းလုံတောင်ကြောတွင် ရှိနိုင်သည်။"
"ပူပြင်းယန် သမင်ဖြူနှင်းကြာပန်း၊ အနောက်ပိုင်းဒေသ နေပြင်းလွင်ပြင်တွင် ရှိနိုင်သည်။"
ထိုပစ္စည်းသုံးမျိုးမှာ သဘာဝရတနာပစ္စည်းများအားလုံးထဲမှ ချူလျန် မြင်တွေ့ခဲ့ရသည့် သူ၏အဆင့်မြင့် ရွှေအမြုတေဖန်တီးရန် အသုံးပြုနိုင်မည့် ယန်ဓာတ်ပစ္စည်းများ ဖြစ်ပေသည်။
ခေတ္တမျှစဉ်းစားပြီးနောက် သူသည် လက်ကိုမြှောက်ကာ ဓားရွက်ရွှမ်ယန်ပန်းဟု ရေးထားသော ဝါးတံဆိပ်ပြားကို အရင်ဆုံး ဖြုတ်ယူလိုက်၏။
ထိုသက်တမ်းသုံးရာ ဝိညာဉ်ဂျင်ဆင်းနှင့် ပူပြင်းယန် သမင်ဖြူနှင်းကြာပန်းတို့သည်ကား မကောင်းဟု မဆိုလိုသော်လည်း အလွန်ဝေးကွာလှသည်။ ယင်းလုံတောင်ကြောနှင့် နေပြင်းလွင်ပြင်ဆိုသည်မှာ မည်မျှခေါင်ဖျားသော နေရာပင် ဖြစ်ပါသည်လော။
ရွေးချယ်စရာရှိပါက သဘာဝကျစွာ အရှေ့ပိုင်းဒေသရှိ ဝေလငါးမည်းတောင်သို့ သွားရသည်က ပို၍ အဆင်ပြေပေလိမ့်မည်။
သူသည် ဝါးတံဆိပ်ပြားကို ကိုင်၍ ကျောဘက်သို့ လှန်ကြည့်လိုက်ရာ သတင်းချန်ထားခဲ့သူမှ ဤအချက်အလက်ရရှိခဲ့ပုံ အသေးစိတ်ကို ရေးသားထားသည်ကို တွေ့လိုက်ရ၏။
ဖြစ်ပုံမှာ သတင်းချန်ထားသူသည် ဝေလငါးမည်းတောင်တွင် တာဝန်ထမ်းဆောင်နေစဉ် အန္တရာယ်ရှိသောနေရာတစ်ခုသို့ မတော်တဆ ကျရောက်သွားခဲ့ပြီး ဓားရွက်ရွှမ်ယန်ပန်းကို တွေ့ရှိခဲ့ခြင်း ဖြစ်၏။ သို့သော် ထိုအချိန်က အစွမ်းထက်သော ရတနာစောင့်သားရဲ၏ မောင်းထုတ်ခြင်းကို ခံရသဖြင့် သူသည် မတတ်သာဘဲ အမြန်ထွက်ခွာလာခဲ့ရပြီး ထိုဓားရွက်ရွှမ်ယန်ပန်းကို ခူးဆွတ်နိုင်ခဲ့ခြင်း မရှိချေ။
အောက်ဘက်တွင်မူ သတင်းချန်ထားသူ၏ အချက်အလက်ကို ခပ်သေးသေး ရေးထိုးထားသည်။
ကျောက်စိမ်းဓားတောင်ထွတ်၊ လင်းပေ့။
"ဟင်..."
ထိုအမည်ကို မြင်လိုက်ရချိန်တွင် ချူလျန်၏ မျက်လုံးများ၌ အပြုံးရိပ်တစ်ခု ပေါ်လာလေ၏။
'ဒီကောင်က ဓားရွက်ရွှမ်ယန်ပန်းကို တွေ့ခဲ့တာလား…'
တိုက်ဆိုင်လိုက်သည့်ဖြစ်ခြင်း…။
သူသည် ထိုဝါးတံဆိပ်ပြားကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး အသေးစိတ်အခြေအနေများကို လင်းပေ့ထံ သွားရောက်မေးမြန်းရန် ပြင်ဆင်လိုက်၏။ ကြည့်ရသည်မှာ သူ ဟိုဟိုဒီဒီ အလုပ်များနေသည့် နေ့ရက်များတွင် လင်းပေ့လည်း အားမနေခဲ့သည်မှာ သေချာပေသည်။
အဂ္ဂိရတ်ခန်းမဆောင်မှ ထွက်လာပြီးနောက် နောက်ဘက်တွင်မူ စည်းကမ်းထိန်းသိမ်းရေးခန်းမဆောင် ရှိလေ၏။
စည်းကမ်းထိန်းသိမ်းရေးခန်းမဆောင်၏ ဝင်ပေါက်မှာ မှောင်မိုက်အေးစက်နေပြီး အအေးဓာတ်တစ်မျိုး ဖြာထွက်နေသည်။ ချူလျန် ကြည့်ရင်း နှုတ်ခမ်းမဲ့လိုက်မိ၏။
'ဒီနေရာကိုတော့ ချန်ထားခဲ့လိုက်တာ ကောင်းမယ်…'
'ဘယ်လို လူကောင်းမျိုးက ဒီနေရာကို ဝင်ချင်မှာလဲ…'
ဤနှစ်များအတွင်း ရှုတောင်၏ စည်းမျဉ်းများကို သူ ချိုးဖောက်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ဝိညာဉ်သားရဲ၏ စားနပ်ရိက္ခာများကို ခိုးယူခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။ ထိုစဉ်က ဖမ်းဆီးခံခဲ့ရသည်မှာလည်း ခေါင်းကြီးသာ ဖြစ်၏။ ထိုအရာမှလွဲ၍ သူသည် အလွန် ရိုးသားဖြောင့်မတ်ခဲ့သည် မဟုတ်ပါလော။
...
သို့သော် သူသည် ကျောက်စိမ်းဓားတောင်ထွတ်သို့ မသွားဘဲ ငွေဓားတောင်ထွတ်သို့ ပြန်လာပြီးနောက် လင်းပေ့အား လာရောက်တွေ့ဆုံရန် စက္ကူကြိုးကြာငှက်တစ်ကောင် လွှတ်လိုက်လေသည်။
ဤသည်မှာ လူပါးဝ၍ ခိုင်းစားခြင်းမဟုတ်ဘဲ တိနွီဖုန့်နှင့် ဝမ်ရွှမ်လင်းတို့ကြားတွင် ရန်ငြိုးဟောင်းများ ရှိနေသောကြောင့်ပင်။ သူသာ ကျောက်စိမ်းဓားတောင်ထွတ်သို့ သွားပါက မည်သည့်တပည့်က သူ၏အပြစ်ကို ရှာမည်မှန်း မပြောနိုင်ပေ။
လင်းပေ့သည်သာ ငွေဓားတောင်ထွတ်သို့ လာမည်ဆိုပါက မတူညီတော့ချေ။ သူသည် ဤနေရာတွင် လင်းပေ့ကို အပြည့်အဝ အကာအကွယ်ပေးနိုင်သည်။
မည်သို့ပင်ဖြစ်စေ သူသည် ငွေဓားတောင်ထွတ်၏ အငြင်းပွားဖွယ်မရှိသော ဂိုဏ်းတူအစ်ကိုကြီး မဟုတ်ပါလော...။
တစ်ယောက်၏အောက်၊ နှစ်ယောက်၏အထက်ဟုပင် ဆိုနိုင်သေး၏။
ချူလျန်သည် အပြင်ဘက်တွင် ဆော့ကစားနေကြသော ငါးလေးနှင့် ခေါင်းကြီးကို ကြည့်ကာ နှုတ်ခမ်းတစ်ဖက်တွန့်ရုံ ပြုံးလိုက်မိသည်။
စဉ်းစားနေစဉ်မှာပင် အပြင်ဘက်၌ ရွှေရောင်မိုးများ ရွာသွန်းလာပြန်သည်။ ရွှဲရွှဲစိုနေသော နဂါးချီများက ဖြည်းညင်းစွာ ကျဆင်းလာပြီး အသစ်ပွင့်လာသော ရွှေရောင်အစင်းကြား သစ်သီးများမှာလည်း အသွင်ပြောင်းလဲမှုကို ရရှိကြတော့မည် ဖြစ်သည်။
ယခုအခါတွင် နဂါးချီ ရွှေရောင်အစင်းကြား သစ်သီးများ၏ ထောက်ပံ့ရေးကွင်းဆက်မှာ အလွန်တည်ငြိမ်နေပြီ ဖြစ်၏။ ဟိုဘက်ရှိ သရဲသစ်ပင်မှ သီးလာသော အမွေးမည်းဘောလုံးများမှာလည်း အဆုံးအစမရှိ ပေါများနေသည်။
ချူလျန်သည် သုံးလေးရက်တစ်ကြိမ် သွားရောက်ရယူပြီးနောက် ပြန်လာကာ ပန်းခင်းလေးထဲတွင် စိုက်ပျိုးလေ့ရှိ၏။ ထို့နောက် နဂါးချီများ မိုးရွာကျလာမှုဖြင့် နဂါးချီကို ဖြည့်တင်းကာ ၎င်းတို့ကို အဆင့်မြှင့်တင်ပေးလေသည်။
ယခုအချိန်တွင် ပန်းခင်းအသေးလေးတစ်ခုသာ ဖြစ်သော်လည်း အနာဂတ်တွင် ရွှေရောင်အစင်းကြား ပန်းခင်းပြင်ကြီးအဖြစ် ချဲ့ထွင်လာမည် မြင်ကွင်းကို ချူလျန် ကြိုတင်မြင်ယောင်နိုင်နေပြီ ဖြစ်၏။
'ငါတောင်မှ ရွှေရောင်အစင်းကြား နဂါးချီ သစ်သီးစိုက်ခင်းကြီးတစ်ခု ပိုင်ဆိုင်လာနိုင်တယ်…'
'အဲဒီအချိန်ကျရင် ငါးလေးတစ်ကောင်တည်းနဲ့ မလောက်တော့ဘူး… ငါ့စိုက်ခင်းထဲမှာ အလုပ်လုပ်ပေးဖို့ မိစ္ဆာလေးတွေ ထပ်ရှာရမယ် ထင်တယ်…'
ထိုအရာက မည်မျှပင် ကြည်နူးဖွယ်ကောင်းသော မြင်ကွင်းဖြစ်လိုက်မည်နည်း...။
"ဟီးဟီးဟီး…"
ရွှင်လန်းသော ရယ်မောသံတစ်ခုက ချူလျန်၏ စိတ်ကူးယဉ်မှုများကို ဖြတ်တောက်လိုက်၏။
ထူထဲသောမျက်ခုံးနှင့် မျက်လုံးပြူးပြူး၊ ယန်စွမ်းအင်အပြည့်ရှိနေသော လူငယ်သိုင်းသမားတစ်ဦး တောင်ထိပ်သို့ ဆင်းသက်လာသည်ကို မြင်လိုက်ရ၏။ သူ ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် ဟိုဘက်မှ ရွှေမွေးဟူသည် ချက်ချင်း အသင့်အနေအထားဖြစ်သွားကာ မြေပြင်ပေါ်တွင် ဝပ်ချလိုက်လေသည်။
"မလန့်နဲ့၊ အကုန်လုံးက ညီအစ်ကိုတွေချည်းပဲ…"
ချူလျန်သည် တိနွီဖုန့်၏လေသံကို အတုခိုးကာ ခေါင်းကြီးကို လက်ရမ်းပြလိုက်၏။
ရွှေမွေးဟူသည် ထိုအချက်ပြမှုကို ချက်ချင်း နားလည်သွားကာ ခေါင်းလှည့်ပြီး ငါးလေးကို ပတ်ပြေးရန် ပြန်သွားတော့သည်။
"ဝိုး…”
လင်းပေ့က ထိုမြင်ကွင်းကို ကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်၏။
"မိုက်လှချည်လား… မတွေ့ရတဲ့ ဒီရက်ပိုင်းအတွင်းမှာ ပဉ္စမအဆင့် ဝိညာဉ်အိမ်မွေးသားရဲကိုတောင် ရထားပါလား…"
"ကံတိုက်ဆိုင်လို့ပါကွာ…"
ချူလျန်က ပြုံးကာ ပြောလိုက်သည်။
"ဒီခေါင်းကြီးက ကြည့်ရတာနဲ့တင် ဉာဏ်ကောင်းမယ့်ပုံပဲ…"
လင်းပေ့က အားကျစွာဖြင့် ချီးကျူးလိုက်ပြန်သည်။။
"မင်း အမြင်တော်တော်စူးရှတာပဲ…"
ချူလျန်က လက်မထောင်ပြလိုက်ပြီး ခေါင်းလှည့်ကာ ပြောလိုက်၏။
"ဒီအကြောင်းတွေ ထားလိုက်ပါဦး… ငါ မင်းကို ဘာလို့ ခေါ်လိုက်တာလဲ သိလား"
"သိတယ်လေ"
လင်းပေ့က ပြန်ဖြေလိုက်သည်။
"ဟင်..."
ချူလျန်မှာ မှင်သက်သွားရ၏။
"ငါ ဝိညာဉ်အသိအမြင်အဆင့် နှောင်းပိုင်းကို အဆင့်တက်လှမ်းသွားလို့ ဂုဏ်ပြုပေးဖို့ မဟုတ်ဘူးလား…"
လင်းပေ့က နှုတ်ခမ်းတစ်ဖက်တွန့်ကာ မာန်တက်စွာဖြင့် ပြုံးလိုက်၏။
"ဟမ်… မင်း ဘယ်လိုလုပ် အဲဒီလောက် မြန်မြန် ကျင့်ကြံနိုင်တာလဲ…"
ချူလျန်တစ်ယောက် တကယ်ပင် အနည်းငယ် အံ့အားသင့်သွားရသည်။
"ဒီကိစ္စပြောရရင်လည်း ကံတရားပါပဲ…"
လင်းပေ့က ဆို၏။
"ဟိုတလောက တာဝန်တစ်ခုရှိလို့ ငါ မင်းဆီ လာခဲ့သေးတယ်… ဒါပေမဲ့ ငါးလေးက မင်း တောက်ထျယ်မြို့ကို သွားတယ်ဆိုလို့ ငါလည်း တခြားလူတွေနဲ့ အဖွဲ့ဖွဲ့သွားလိုက်တာ…"
ချူလျန် ခေါင်းညိတ်လိုက်၏။ သူ တောက်ထျယ်မြို့မှ ပြန်ရောက်လာပြီးနောက်ပိုင်း လင်းပေ့ကို တကယ်ပင် မတွေ့ခဲ့ရချေ။
"အရှေ့ပင်လယ်ဘေးက ဝေလငါးမည်းတောင်အောက်ကို သွားရတာ။ အဲဒီမှာ ရေမိစ္ဆာတွေက ကုန်းပေါ်တက်ပြီး ရွာသားတွေကို ဒုက္ခပေးနေလို့လေ…"
လင်းပေ့က လက်ဟန်ခြေဟန်ဖြင့် ရှင်းပြလေ၏။
"ငါ ရေမိစ္ဆာကို လိုက်ဖမ်းပြီး ရင်တမမနဲ့ တိုက်ခိုက်နေရင်း ဝေလငါးမည်းတောင်က ချောက်ကမ်းပါးတစ်ခုအောက်ကို မတော်တဆ ပြုတ်ကျသွားတယ်။ အဲဒီမှာ သဘာဝရတနာပစ္စည်းအမျိုးအစား တော်တော်များများကို ရှိနေတာကွ…"
"ငါလည်း သက်တမ်းရာချီ မီးလင်ဇီးမှိုတစ်ပွင့်ကိုပဲ ခူးချိန်ရလိုက်တယ်။ တခြားဟာတွေ ထပ်ခူးဖို့ လုပ်နေတုန်း မျောက်အိုကြီးတစ်ကောင် ပြေးထွက်လာပြီး ငါ့ကို မောင်းထုတ်လိုက်လို့လေ"
လင်းပေ့က ပေါင်ကိုရိုက်ကာ သက်ပြင်းချလိုက်၏။
"နောက်တော့ ငါ ပြန်လာပြီး အဲဒီမီးလင်ဇီးမှိုကို စားသုံးပြီး ချေဖျက်လိုက်တာ တိုက်ရိုက်ကို ဝိညာဉ်အသိအမြင်အဆင့် နှောင်းပိုင်းကို ထိုးတက်သွားတာပဲ။ ဒါတောင် ဆေးစွမ်းအာနိသင်က ကျန်နေသေးတယ်…
ပြောမရဘူးနော်… ဟဲဟဲ၊ ငါ မင်းထက်တောင် အရင် ဝိညာဉ်အသိအမြင်အဆင့် အထွတ်အထိပ်ကို ရောက်သွားနိုင်တယ်…"
သူက နောက်ဆုံးတွင် ချူလျန်၏ပခုံးကို ပုတ်ကာ ရယ်မောလိုက်လေသည်။
"မီးလင်ဇီးမှိုက တကယ်ကို ဘေးထွက်ဆိုးကျိုးမရှိ ကျင့်ကြံခြင်းကို တိုးတက်စေနိုင်တဲ့ ရှားပါးရတနာဆေးပင်ပဲ…"
ချူလျန်က ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်လိုက်၏။
"ဒါက တကယ့်ကို အကောင်းဆုံး ကံတရားပါပဲ"
"ဟီးဟီး"
လင်းပေ့က ရယ်မောလိုက်ပြီး ထပ်မေးလိုက်၏။
"ကဲပါ၊ အခု မင်း ငါ့ကို ဘာကိစ္စရှာတာလဲဆိုတာ ပြောတော့…"
'ကောင်းပါလေစွ…'
'ငါ မင်းကို ရှာတာ အရေးကြီးကိစ္စရှိလို့ဆိုတာ သိနေသေးသကိုး…'
ချူလျန်သည် စိတ်ထဲမှ တိတ်တဆိတ် မကျေမနပ် ရေရွတ်လိုက်ပြီးနောက် စကားစလိုက်၏။
"ငါ အဂ္ဂိရတ်ခန်းမဆောင်မှာ မင်း ချန်ထားခဲ့တဲ့ သတင်းကို အမှတ်မထင် တွေ့လိုက်ရလို့လေ။ မင်း ဓားရွက်ရွှမ်ယန်ပန်းရဲ့ သဲလွန်စကို တွေ့ခဲ့ဖူးတယ်ဆိုတာ သိလိုက်ရလို့ အသေးစိတ် လာမေးတာ…"
"ဟီးဟီး၊ ဒါဆိုရင်တော့ မင်း လူမေးမှန်သွားပြီ။ အဲဒီဓားရွက်ရွှမ်ယန်ပန်းကလည်း အဲဒီချောက်ကမ်းပါးအောက်မှာပဲ ရှိတာ။ အဲဒီနေရာကို ငါ့ကလွဲရင် ရှာတွေ့နိုင်မယ့်သူ သိပ်မရှိပါဘူး..."
လင်းပေ့က ရင်ဘတ်ကိုပုတ်ကာ မာန်တက်စွာဖြင့် ပြုံးလိုက်ပြန်၏။
သို့သော် နောက်တစ်စက္ကန့်တွင် သူ၏မာန်ဝင့်နေသောအပြုံးက ရုတ်တရက် ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခုခုကို တွေးမိသွားပုံရ၏။
"ခဏလေး..."
"မင်း ဒါကို ဘာလုပ်ဖို့ မေးတာလဲ…"