ကျုပ် သိပ်မစွမ်းဆောင်နိုင်မှာကို စိုးရိမ်မိတယ်
Vol. 16 Ch. 157
အနည်းငယ်တော့ အားနာစရာကောင်းလှ၏။
ချူလျန်က ပြုံးလျက် "ဒါက နတ်မိုးကြိုးယန် ရွှေအမြုတေဖန်တီးဖို့အတွက် လိုအပ်တဲ့ အဓိကဆေးဖက်ဝင်ပစ္စည်းပဲ… အဲဒါကို သွားရှာမလို့ စဉ်းစားထားလို့"
လင်းပေ့သည်လည်း သဘာဝကျကျ ထိုအကြောင်းကို သိရှိထားပေသည်။
ကျောက်စိမ်းဓားတောင်ထွတ်တွင် ဂိုဏ်းတူညီအစ်ကိုများစွာရှိပြီး ဂိုဏ်းတူအစ်ကိုကြီး ရွှီဇီယန် တက်လှမ်းခဲ့သည်မှာလည်း နတ်မိုးကြိုးယန် ရွှေအမြုတေပင် ဖြစ်၏။
ထို့ကြောင့် ထိုဆေးပင်သည် မည်သည့်နေရာတွင် အသုံးဝင်သည်ကို သူက အစောကတည်းက သိရှိထားခြင်းဖြစ်ပြီး အဂ္ဂိရတ်ခန်းမဆောင်သို့ ထိုအချက်အလက်ကို ကိုယ်တိုင် သွားရောက်ချန်ထားခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့်ပင် ချူလျန်က ထိုဆေးပင်အမည်ကို ပြောလိုက်သည့်အခါ သူ၏ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားကာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။
"မင်း... ဝိညာဉ်အသိအမြင်အဆင့် အထွတ်အထိပ်ကို ရောက်သွားပြီလား..."
သူက တုန်ရီသောအသံဖြင့် မေးလိုက်၏။
"မတော်တဆ အဆင့်တက်သွားတာပါဗျာ..."
ချူလျန်က အနည်းငယ် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြုံးလိုက်ရင်း "တကယ်တော့ ကျုပ် သိပ်ပြီး ကြိုးကြိုးစားစားတောင် မကျင့်ကြံရသေးပါဘူး..."
ဤစကားမှာ အမှန်တရားပင် ဖြစ်ပေသည်။
"မင်းလည်း မီးလင်ဇီးမှိုကို စားလိုက်တာလား..."
လင်းပေ့က မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် ကြည့်နေတော့သည်။
"မဟုတ်ပါဘူး..." ချူလျန်က ရှင်းပြရန် ကြိုးစားလိုက်၏။
"ဒါပေမဲ့ တိုက်ဆိုင်မှုတချို့ ရှိနေလို့ထင်တယ်… ဒီအတောအတွင်း အဆင့်တက်တာက နည်းနည်း မြန်နေသလိုပဲ…"
လင်းပေ့က ခေါင်းကုတ်လိုက်မိသည်။
သာမန်အားဖြင့် ဝိညာဉ်အသိအမြင်အဆင့် နှောင်းပိုင်းအဆင့်မှ အထွတ်အထိပ်သို့ ရောက်ရန်ကြာမြင့်ချိန်မှာ အလယ်အလတ်အဆင့်မှ နှောင်းပိုင်းအဆင့်သို့ ရောက်ရန် ကြာမြင့်ချိန်ထက် ပို၍ ရှည်လျားသင့်ပေသည်။
သို့သော် ချူလျန်ထံတွင်မူ အရာအားလုံးက လုံးဝ ပြောင်းပြန်ဖြစ်နေသလိုပင်။
သူသည် နှောင်းပိုင်းအဆင့်သို့ ရောက်သည်မှာ အလယ်အလယ်အဆင့်သို့ ရောက်သည်ထက် ပိုမြန်နေပြီး ယခု အထွတ်အထိပ်သို့ ရောက်သည်မှာလည်း နှောင်းပိုင်းအဆင့်သို့ ရောက်သည်ထက် ပို၍ပင် မြန်ဆန်နေချေပြီ။
ဤလူက အဘယ်ကြောင့် ဤမျှပင် မြန်နေရပါသနည်း…။
အကယ်၍ ချူလျန်သည် ဝိညာဉ်အသိအမြင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်ကြောင်းသာ သူသိသွားပါက ပို၍ပင် စိတ်ပျက်သွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ယခင်နှင့် နှိုင်းယှဉ်ပါက ချူလျန်၏ ကိုယ်ပိုင်ပါရမီက တိုးတက်မလာသော်လည်း ခေါင်းကြီးရုပ်သေး၏ အလုပ်လုပ်ပုံမှာမူ အဆက်မပြတ် တိုးတက်နေသောကြောင့် ဖြစ်၏။
၎င်းက ပိုမိုကြိုးစားလာလေ သူ၏ဘဝက ပို၍ ကောင်းမွန်လာလေပင် ဖြစ်လေသည်။
"မင်းက ကျုပ်ထက်အရင် ဝိညာဉ်အသိအမြင်အဆင့် အထွတ်အထိပ်ကို ရောက်ဖို့တော့ အခွင့်အရေး မရှိတော့ဘူး... ဒါပေမဲ့ မင်းသာ ကြိုးကြိုးစားစား လုပ်ရင် ကျုပ်ထက်အရင် ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်ဦးမှာပါ…"
ချူလျန်က အားပေးစကား ဆိုလိုက်၏။
လင်းပေ့က လက်ကိုဝေ့ယမ်းလိုက်ပြီး ရုတ်တရက် အလွန်တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... ကျုပ်ကို အခွင့်အရေး ပေးနေစရာ မလိုဘူး…"
သူက သက်ပြင်းတစ်ချက် ချလိုက်၏။
သူ သဘောပေါက်သွားချေပြီ…။
အရာအားလုံးသည်ကား မိမိသည် ချူလျန်နှင့် ပထမဆုံးအကြိမ် စတင်တွေ့ဆုံချိန်၌ နှစ်ယောက်လုံးမှာ ဝိညာဉ်အသိအမြင်အဆင့် အစောပိုင်းတွင်သာ ရှိကြပြီး မိမိက အနည်းငယ်ပင် ရှေ့ရောက်နေခဲ့သေးသောကြောင့် ဖြစ်၏။
ထို့ကြောင့် ချူလျန်၏ ပါရမီသည် မိမိနှင့် အတူတူပင်ဖြစ်သည်ဟု သူ အထင်မှားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤအတောအတွင်း မိမိ အစောပိုင်းတွင်ရှိနေစဉ် သကောင့်သားမှာမူ အလယ်အလတ်အဆင့်၊ မိမိက အလယ်အလတ်အဆင့်သို့ ရောက်ချိန်တွင် ထိုငနဲက နှောင်းပိုင်းအဆင့်။
ယခု မိမိ နှောင်းပိုင်းအဆင့်သို့ ရောက်ချိန်တွင်မူ ဒင်းကား အထွတ်အထိပ်ဟူသည်လော…။
ကြားထဲ၌ မိမိသည် ကောင်းကင်ရတနာများကိုပင် စားသုံးဖြည့်တင်းခဲ့သော်လည်း တစ်လှမ်း နောက်ကျနေဆဲပင် ဖြစ်၏။ ၎င်းက သူတို့နှစ်ဦးမှာ လုံးဝ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပြိုင်ဘက်များ မဟုတ်ကြောင်းကိုသာ သက်သေပြနေသည် မဟုတ်ပါလော။
မိမိအနေဖြင့် ဂိုဏ်းတူအစ်ကိုကြီးနှင့် ယှဉ်ပြိုင်ရမည်လော။ သို့မဟုတ် ဂိုဏ်းတူအစ်မကြီးကျန်းနှင့် ယှဉ်ပြိုင်ရမည်လော။
မည်သူနှင့်မျှ ယှဉ်ပြိုင်မည် မဟုတ်ချေ။
သို့ဆိုပါက မိမိအနေဖြင့် အဘယ်ကြောင့် ချူလျန်နှင့် ယှဉ်ပြိုင်နေရပါမည်နည်း။
"ကျုပ်ညီအစ်ကို ပိုတော်လေလေ ကျုပ် ပိုပျော်လေလေပဲ ဖြစ်ရမှာပေါ့… မင်း တစ်ကြိမ်တည်းနဲ့ ရွှေအမြုတေ အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ဖို့ ကြိုးစားစမ်းပါ… အမြန်ဆုံး ရွှေအမြုတေအဆင့် ပညာရှင်တစ်ယောက် ဖြစ်လာအောင်ပေါ့..."
လင်းပေ့၏ မျက်နှာတွင် အပြုံးများ ပြန်လည်ဝေဆာလာ၏။
"တကယ်လို့ တခြားသူတွေကသာ အဲဒီ ဓားရွက်ရွှမ်ယန်ပန်းအကြောင်း လာမေးမယ်ဆိုရင် ကျုပ်က တည်နေရာလောက်ပဲ ညွှန်ပြပေးလိုက်မှာ… ဒါပေမဲ့ အခုက မင်းကိုယ်တိုင် အသုံးပြုမှာဆိုတော့ ကျုပ်ကိုယ်တိုင်ပဲ လိုက်ပို့ပေးမယ်..."
သူက ခေတ္တစဉ်းစားပြီးနောက် ဆက်ပြောပြန်သည်။
"အဲဒီနေရာက နည်းနည်းတော့ အန္တရာယ်ရှိတယ်လေ… နှစ်ယောက်သွားတော့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့…"
"အန္တရာယ်ရှိတယ်လား..."
ချူလျန်က သူ၏မေးစေ့ကို ပွတ်သပ်ရင်း ဤရွှေအမြုတေအတွက် ဆေးဖက်ဝင်ပစ္စည်း ရှာဖွေရာတွင် ဆရာသခင်ကို တစ်ခေါက်လောက် အကူအညီတောင်းသင့်သည်လောဟု တွေးတောနေမိတော့သည်။
မည်သို့ပင်ဖြစ်စေ သူ၏ကြီးပြင်းလာမှု လမ်းကြောင်းတစ်လျှောက်တွင် ဆရာသခင်က အကူအညီများများစားစား ပေးခဲ့သည်တော့ မဟုတ်ချေ။ ထို့ကြောင့် ဘာမှအားနာနေစရာမလိုဘဲ သူမအား တိုက်ခိုက်ရေးသမားအဖြစ် အသုံးပြုခြင်းမှာလည်း မလွန်လှဟု ယူဆမိသည်။
အထူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဆရာသခင်ကို ခေါ်ဆောင်ကာ အရှေ့အနောက် တိုက်ပွဲပေါင်းစုံ ဆင်နွှဲခဲ့ရသည်မှာလည်း အတော်လေး လက်ပန်းကျနေပြီ မဟုတ်ပါလော။
သို့သော် ပြန်စဉ်းစားကြည့်ပြန်လျှင်မူ…
ထားလိုက်ပါတော့လေ...။
ကိုယ်တိုင် ဆေးပင်ရှာဖွေသည့်ဖြစ်စဉ်သည်လည်း လေ့ကျင့်မှုတစ်ခုပင် ဖြစ်သည်။ အရာရာတိုင်းကို ဆရာသခင်အပေါ်တွင်သာ မှီခိုနေမည်ဆိုပါက ရွှေအမြုတေဖွဲ့စည်းသွားနိုင်လျှင်ပင် အသုံးမကျသည့် ရွှေအမြုတေသာ ဖြစ်ပေလိမ့်မည်။
သို့သော်ငြား သူသည် ပြတင်းပေါက်အပြင်ဘက်တွင် မြေကြီးများကို တူးဆွကာ ကစားနေသည့် ခေါင်းကြီးကောင်ထံသို့ အကြည့်ကို ပို့လွှတ်လိုက်၏။
ထိုကောင်လေးအား ခေါ်သွားလျှင်မူ အဆင်ပြေနိုင်လောက်ပေသည်။
အမှန်အတိုင်းဆိုရလျှင် ၎င်းက မိမိထက်ပင် ပို၍ တိုက်ခိုက်နိုင်စွမ်းရှိပြီး အန္တရာယ်ရှိသော အချိန်မျိုးတွင် လုံခြုံမှုအတွက် အာမခံချက်ပေးနိုင်သည်။
စိတ်ထဲတွင် ထိုသို့ တွက်ချက်နေစဉ်မှာပင် ရုတ်တရက် သူ၏ရင်ခွင်ထဲမှ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသဖြင့် ချူလျန်မှာ အံ့သြသွားရ၏။
ဝိညာဉ်ချုပ်တံဆိပ်ပြားလား...။
...
[ အရှေ့ပိုင်းလမ်းပြသူ ] : "မင်းတို့ သုံးယောက်စလုံး နေကောင်းကြရဲ့လား..."
မည်သို့ပင်ဆိုစေ ကိစ္စရပ်များ ပြောဆိုပြီးသွားပြီဖြစ်၍ ချူလျန်က လင်းပေ့ကို ပြန်လွှတ်လိုက်ပြီး ဆေးပင်ရှာထွက်ခွာမည့်အချိန်ကို နောက်မှ ထပ်မံဆွေးနွေးရန် ဆုံးဖြတ်လိုက်ကာ ဝိညာဉ်ချုပ်တံဆိပ်ပြားကို ချက်ချင်းပင် ဖွင့်ကြည့်လိုက်၏။
မြေကမ္ဘာတမန်တော် သေဆုံးသွားပြီးနောက် ဤရှုထောင့်ကြား ဝိညာဉ်ဘုံအတွင်းတွင် သူတို့သုံးဦးသာ ကျန်ရှိတော့သည်ဖြစ်ရာ မည်သည့်အချိန်က အဖွဲ့ဝင်အသစ်တစ်ယောက် ထပ်တိုးလာရသနည်း။
နောက်ထပ် လမ်းပြသူတစ်ယောက်လား...။
ခရမ်းရွှေမြို့စား၏ လက်အောက်ရှိ ဝိညာဉ်မီးလျှံတစ်စစီတိုင်းကို သူကိုယ်တိုင် ထိန်းချုပ်ထားခြင်းဖြစ်ရာ ယခုအချိန်တွင် သူကိုယ်တိုင်လှုပ်ရှားလာပြီး ဤရှုထောင့်ကြား ဝိညာဉ်ဘုံကို ပြန်လည် စုစည်းလိုက်ခြင်းမှာ ထင်ရှားလှသည်။
ဤအရှေ့ပိုင်းလမ်းပြသူကို ဆွဲထည့်လိုက်ခြင်းပင် ဖြစ်၏။
[ ၅၉ ] : "လမ်းပြသူ အရှင်ကြီးလား... တကယ်ပဲ လမ်းပြသူ အရှင်ကြီးလား... တကယ့်အရှင်လတ်လတ် လမ်းပြသူ အရှင်ကြီးကို တွေ့ရတာလား... ဘုရားရေ... ဒီနေရာကို လမ်းပြသူ အရှင်ကြီး ရောက်လာတယ်ဆိုတော့ ကျုပ်တို့တွေ အဆင့်တိုးတော့မှာလား... ကျုပ် မြေကမ္ဘာတမန်တော် ဖြစ်တော့မှာလား..."
[ ၆၀ ] : "နေကောင်းပါတယ်..."
ချူလျန်သည် အကျင့်ပါနေသည့်အလား ခေတ္တစောင့်ဆိုင်းပြီး ဘုန်းတော်ကြီးပုရှန်နှင့် လော့ယောင်တို့၏ အဖြေကို ကြည့်ပြီးမှသာ အသံပြုလိုက်၏။
ဤအဖွဲ့ဝင်အသစ်အား ဤရှုထောင့်ကြား ဝိညာဉ်ဘုံထဲတွင် ပုံမှန်လူတစ်ယောက်မျှ မရှိဟု ခံစားရစေပြီးမှ မိမိကစကားပြောပါက သူ့အပေါ် အထင်အမြင်အနည်းငယ် ပိုကောင်းလာနိုင်ပေသည်။
[ ၅၈ ] : "လမ်းပြသူ အရှင်ကြီးရဲ့ စိတ်ပူပေးမှုအတွက် ကျေးဇူးတင်ပါတယ်... လက်အောက်ငယ်သားလည်း နေကောင်းပါတယ်..."
ထို့နောက် အရှေ့ပိုင်းလမ်းပြသူက ချက်ချင်းပင် ပြန်လည်ဖြေကြားလာ၏။
[ အရှေ့ပိုင်းလမ်းပြသူ ] : "တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်း လမ်းကြောင်းနှစ်ခုလုံးနီးပါး ချေမှုန်းခံလိုက်ရပြီး မင်းတို့ သုံးယောက်ပဲ ကျန်တော့တာကို မြို့စားမင်းက သိရှိပြီးသွားပြီ… မြို့စားမင်းက ဒီအတွက် အတော်လေး စိတ်မကောင်း ဖြစ်နေရတယ်..."
[ အရှေ့ပိုင်းလမ်းပြသူ ] : "မင်းတို့တွေ အသက်ဘေးကနေ လွတ်မြောက်လာတဲ့အတွက် ဆုလာဘ်အနေနဲ့ မြို့စားမင်းက တစ်ယောက်ကို ကောင်းကင်ရတနာတစ်ပါးစီ ဆုချဖို့ ဆုံးဖြတ်လိုက်တယ်။ မင်းတို့တွေ ရွှေအမြုတေအဆင့် အထွတ်အထိပ်ကို ရောက်တာနဲ့ ဒီဆေးပင်တွေကို သုံးပြီး ဓာတ်ကြီးငါးပါးနယ်ပယ်ကို ချက်ချင်း တက်လှမ်းနိုင်လိမ့်မယ်..."
[ အရှေ့ပိုင်းလမ်းပြသူ ] : "မင်းတို့နဲ့ အနီးဆုံးမှာရှိတဲ့ တောက်ထျယ်ခန်းမရဲ့ တည်နေရာကို ပေးပို့လိုက်ပါ။ ကျုပ် မင်းတို့ဆီကို ချက်ချင်း ပို့ပေးဖို့ စီစဉ်လိုက်မယ်..."
"ဟင်..."
ဤသတင်းစကားကို မြင်လိုက်ရသည့်အခါ ဝိညာဉ်ချုပ်တံဆိပ်ပြားရှေ့မှ လူငယ်သုံးဦးစလုံး တစ်ပြိုင်နက်တည်း ကြောင်အမ်းသွားကြ၏။
ဒီလို ကောင်းမွန်တဲ့ ကိစ္စမျိုး ရှိသေးတာလား...။
ကိစ္စရပ်များမှာ ပျက်စီးသွားပြီး အဖော်များအားလုံး သေဆုံးသွားခဲ့သော်လည်း ကျန်ရှိနေသည့် သူတို့အား အပြစ်ပေးခြင်း မရှိသည့်အပြင် ဆုလာဘ်များပင် ပေးနေသေးသည်လား...။
ဤကဲ့သို့သော လုပ်ရပ်မျိုးသည် ရက်စက်လှသော မိစ္ဆာလမ်းစဉ်ဂိုဏ်းအတွင်းတွင် အလွန်ပင် နွေးထွေးလွန်းနေသလို ဖြစ်နေသည်မဟုတ်လော။
အကယ်၍သာ စစ်မှန်သော အမှောင်ဘုရင်ဂိုဏ်းတပည့်များ ဖြစ်ကြပါက ဤစကားသုံးခွန်းကို မြင်ရုံနှင့်ပင် တစ်နေ့ကုန် စိတ်လက်နွေးထွေးနေကြပေလိမ့်မည်။
သို့သော် ကံဆိုးစွာပင် သူလျှိုအချို့နှင့် လာဆုံနေခြင်း ဖြစ်ချေသည်။
သူတို့သည် အားနာခြင်းအလျဉ်းမရှိဘဲ အနီးဆုံး တောက်ထျယ်ခန်းမ၏ လိပ်စာများကို အသီးသီး ပေးပို့လိုက်ကြပြီးမှ ကျေးဇူးတင်စကား စတင်ပြောဆိုလိုက်ကြ၏။
[ ၅၉ ] : "မြို့စားမင်းရဲ့ ကျေးဇူးတရားကတော့ အတိုင်းအထက်အလွန်ပါပဲ... လက်အောက်ငယ်သား မြို့စားမင်းအပေါ် ကြည်ညိုတဲ့ စိတ်ကတော့ တလဟော စီးဆင်းနေတဲ့ မြစ်ရေတွေလိုပါပဲ..."
[ ၆၀ ] : "ကျေးဇူးတင်ပါတယ် မြို့စားမင်း..."
[ ၅၈ ] : "ကျေးဇူးတင်ပါတယ် မြို့စားမင်း..."
ခေတ္တမျှ ကြာပြီးနောက် အရှေ့ပိုင်းလမ်းပြသူက ထပ်မံပြန်ကြားလာ၏။
[ အရှေ့ပိုင်းလမ်းပြသူ ] : "ကျေးဇူးတင်စကားတွေ အများကြီး ပြောမနေပါနဲ့... ဒါ မြို့စားမင်းက မင်းတို့ကို ဆုချတာပဲ။ မြို့စားမင်းအပေါ်မှာသာ ဆက်ပြီး သစ္စာရှိနေမယ်ဆိုရင် မြို့စားမင်းဆီက မင်းတို့အတွက် ကောင်းကျိုးတွေ အများကြီးရဦးမှာပါ..."
[ အရှေ့ပိုင်းလမ်းပြသူ ] : "မြို့စားမင်းအတွက် အလုပ်လုပ်ပေးတဲ့အခါ ကျရှုံးတဲ့သူတောင် ဒီလောက်ရရင် အောင်မြင်တဲ့သူက ဘယ်လောက်တောင် ရမလဲဆိုတာ မင်းတို့ တွေးကြည့်လို့ ရပါတယ်..."
[ ၅၉ ] : "လက်အောက်ငယ်သား မြို့စားမင်းအတွက်ဆိုရင် မီးပင်လယ်ထဲပဲဖြစ်ဖြစ် ဓားတောင်ထဲပဲဖြစ်ဖြစ် ဆင်းရဲခံဖို့ အသင့်ပါပဲ..."
တစ်ခုခုတော့ မှားနေချေပြီ…။
ချူလျန်သည် ဤအရှေ့ပိုင်းလမ်းပြသူ၏ ပြောဆိုပုံကို ကြည့်ရင်း ရုတ်တရက် သဘောပေါက်သွားကာ တစ်ခုခု မှားယွင်းနေကြောင်း သေချာသွားလေ၏။
မှန်ပေသည်၊ ထို့နောက်တွင် အရှေ့ပိုင်းလမ်းပြသူ၏ စစ်မှန်သော ရည်ရွယ်ချက်က ပေါ်လာချေတော့သည်။
ချူလျန်မှာ မနေနိုင်ဘဲ လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိတော့သည်။
[ အရှေ့ပိုင်းလမ်းပြသူ ] : "ဒါဆိုရင်တော့ သိပ်ကောင်းတာပဲ။ အခု မြို့စားမင်းကိုယ်စား လုပ်ပေးရမယ့် ခက်ခဲတဲ့ တာဝန်တစ်ခု ရှိနေတယ်။ မင်းတို့ လုပ်ချင်ကြလား..."
[ ၅၈ ] : "ဘယ်လို တာဝန်မျိုးပါလဲ..."
[ အရှေ့ပိုင်းလမ်းပြသူ ] : "မြို့စားမင်းက မင်းတို့ကို အရိုးနန်းတော်ရဲ့ အတွင်းပိုင်းထဲကို သူလျှိုအဖြစ် စေလွှတ်ချင်တာ..."
[ ၆၀ ] : "အရိုးနန်းတော်လား..."
[ အရှေ့ပိုင်းလမ်းပြသူ ] : "မှန်တယ်။ ငရဲဘုံနန်းတော်လေးခုက ဒီအတောအတွင်းမှာ မြို့စားမင်းရဲ့ အင်အားစုတွေကို အဆက်မပြတ် ဝါးမြိုနေတယ်။ မြို့စားမင်းက မင်းတို့ကို အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူတို့ထဲကို တိုက်ရိုက် ဝင်ရောက်စေချင်တာ။ ဒါမှ မြို့စားမင်း ပြန်လာပြီး တန်ပြန်တိုက်ခိုက်တဲ့အခါ မင်းတို့က အတွင်းလူအဖြစ် ကူညီပေးနိုင်မှာ..."
[ ၅၉ ] : "သူလျှို လုပ်ရမှာလား... ဒါက သိပ်ကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ... ကျုပ်တို့ရဲ့ ကျင့်စဉ်အဆင့်နဲ့ အဆင်ပြေပါ့မလား..."
[ ၅၈ ] : "ဟုတ်ပါတယ်... ကျုပ် သိပ်မစွမ်းဆောင်နိုင်မှာ စိုးရိမ်မိတယ်..."
[ အရှေ့ပိုင်းလမ်းပြသူ ] : "စိတ်မပူပါနဲ့... မြို့စားမင်းက မင်းတို့ကို ယုံကြည်တယ်။ မင်းတို့ ဒီတာဝန်ကို သေချာပေါက် အကောင်းဆုံး လုပ်နိုင်မှာပါ..."
[ အရှေ့ပိုင်းလမ်းပြသူ ] : "လောလောဆယ်တော့ စိတ်ရှည်လက်ရှည် ငြိမ်နေပြီး အခွင့်ကောင်းကို စောင့်ကြ။ ဘယ်အချိန်မှာ စတင်လှုပ်ရှားရမလဲဆိုတာကို ကျုပ် ထပ်ပြီး အကြောင်းကြားပေးမယ်..."
[ ၆၀ ] : "လက်ခံရရှိပါတယ်..."