နောက်တစ်ခေါက် ပြန်ပြောပေးပါ့လား
Vol. 16 Ch. 158
“ဟူး...”
ဝိညာဉ်ချုပ်တံဆိပ်ပြားထဲမှ ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ချူလျန်သည် သက်ပြင်းဖွဖွ ချလိုက်၏။
ကံကြမ္မာဆိုသည်မှာ ပြောပြ၍မရနိုင်အောင်ပင် ဆန်းကြယ်လှသည်။
အစပိုင်းက တိုက်ဆိုင်မှုတစ်ခုကြောင့် ဤဝိညာဉ်ချုပ်တံဆိပ်ပြားကို သိမ်းပိုက်မိခဲ့ခြင်းသာ ဖြစ်သော်လည်း သူ၏သူလျှိုဘဝက ဒုတိယနွေဦးကာလကို ထပ်မံဖန်တီးနိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
အမှောင်ဘုရင်ဂိုဏ်းအတွင်းပိုင်းသို့ ဝင်ရောက်နိုင်မည့် ဤကဲ့သို့သော အခွင့်အရေးမျိုးကို ငြင်းဆန်စရာ အကြောင်းအရင်းမရှိပေ။ သူ၏ဆရာသခင် သို့မဟုတ် ရှုတောင်ဂိုဏ်း၏ ထိပ်ပိုင်းခေါင်းဆောင်များထံ သတင်းပို့မည်ဆိုလျှင်ပင် ဤလှုပ်ရှားမှုကို ထောက်ခံကြမည်သာ ဖြစ်၏။
သို့သော် ထိုအရာများကား နောက်မှစဉ်းစားရမည့်ကိစ္စများသာ ဖြစ်၏။ ခရမ်းရွှေမြို့စားအနေဖြင့် အရိုးဖြူနန်းဆောင်ထဲသို့ လူသွင်းပေးရန်အတွက် ပြင်ဆင်ချိန်အတန်ကြာ ယူရဦးမည်ဖြစ်၏။
မည်သို့သော အန္တရာယ်များနှင့် ကြုံတွေ့ရသည်ဖြစ်စေ မိမိစွမ်းဆောင်ရည်ကို မြှင့်တင်ရန်ကသာ အမြဲတစေ အရေးအကြီးဆုံးဖြစ်သည့်အတွက် ရွှေအမြုတေအဆင့်သို့ အမြန်ဆုံး တက်လှမ်းနိုင်ရန် ကြိုးစားရပေမည်။
မုန်တိုင်းသစ်တစ်ခုက ပေါ်ပေါက်လာခဲ့ပြီဖြစ်ရာ ရှေ့မဆက်ဘဲ ဒီအတိုင်းရပ်တန့်နေ၍ လုံးဝမဖြစ်ချေ။
သို့ရာတွင် အစောပိုင်းကရရှိခဲ့သော သတင်းက သူ့ကို အခြားကိစ္စတစ်ခုအား သတိရသွားစေခဲ့သည်။
မြူခိုးချိုင့်ဝှမ်းထဲတွင် ရှိနေစဉ်က မြေကမ္ဘာတမန်တော်တစ်ဦးထံမှ ကျောက်စိမ်းကရားတစ်လုံးထဲ၌ ထည့်သွင်းထားသော ဝိညာဉ်တစ်ခုကို သူ ရရှိခဲ့ဖူးသည်။ ထိုအချိန်က လော့ယောင်သည် အပြင်ရောက်လျှင် အခြားပစ္စည်းများဖြင့် ပြန်လည်လဲလှယ်ပေးမည်ဟု ပြောခဲ့သောကြောင့် အဆိုပါ ကျောက်စိမ်းကရားကို ဘာမှမလုပ်ဘဲ ထိုအတိုင်းသာ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏။
နောက်ပိုင်းတွင် ကမန်းကတန်း လမ်းခွဲခဲ့ရသဖြင့် ထိုကိစ္စကို မေ့လျော့သွားခဲ့ကြ၏။ လော့ယောင်က သူ့ကို နောက်မှဆက်သွယ်လာနိုင်သော်လည်း ယခုအခါတွင်မူ ကြိုတင်၍ စစ်ဆေးကြည့်နိုင်သည် မဟုတ်ပါလော။
ချူလျန်၏ စိတ်ကူးမှာ...။
အကယ်၍ သူလျှိုအဖြစ် ဆက်လက်နေထိုင်သွားမည်ဆိုပါက သူ၏ လက်ရှိအခြေအနေတွင် အမှောင်ဘုရင်ဂိုဏ်းနှင့် ဆင်တူသော မှော်နည်းစနစ်များ အလွန်တရာ လိုအပ်နေခြင်းပင်။
မြူခိုးချိုင့်ဝှမ်းထဲတွင်လည်း ဤအတိုင်းသာ ဖြစ်ခဲ့သည် မဟုတ်ပါလော။ အခြားလူများရှေ့တွင် သူ့အနေဖြင့် ဝင်ရောက်တိုက်ခိုက်ရန် လုံးဝ မဝံ့ရဲခဲ့ပေ။ သို့မဟုတ်ပါက ချက်ချင်းပင် သူ၏အထောက်အထား ပေါ်လွင်သွားပေမည်။
သို့သော် သူ့အနေဖြင့် မိစ္ဆာဂိုဏ်းများ၏ ရက်စက်ယုတ်မာသော မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံရန်လည်း မဖြစ်နိုင်ချေ။ အကယ်၍ စွမ်းအားကြီးမားသော ဝိညာဉ်တစ်ခုက သူ့ကို ကာကွယ်ပေးထားနိုင်မည်ဆိုလျှင်မူ ဝိညာဉ်ထိန်းချုပ်သည့် နည်းစနစ်အဖြစ် ဟန်ဆောင်နိုင်ပေလိမ့်မည်။
ထိုသို့ တွေးတောရင်း သူသည် အဆိုပါ ကျောက်စိမ်းကရားကို ထုတ်ယူကာ မြေပြင်ပေါ်၌ ချထားလိုက်ပြီးနောက် လှမ်းခေါ်လိုက်၏။
"ဗျို့... အဘိုး..."
မည်သည့် တုံ့ပြန်မှုမှ ထွက်ပေါ်မလာချေ။
ချူလျန်သည် လက်ကို ကပ်ထားလိုက်ပြီး အစစ်အမှန်ချီစွမ်းအင်များကို ထည့်သွင်းကြည့်သော်လည်း ဤကျောက်စိမ်းကရားတွင် လှုံ့ဆော်နိုင်သည့် မန္တန်အစီအရင်များဟူ၍ မရှိပေ။ ဝိညာဉ်များကို အားဖြည့်ပေးသည့် သိုလှောင်ရေး မှော်ဝင်ပစ္စည်းတစ်ခုသာ ဖြစ်ပုံရ၏။
ထိုအဘိုးကြီးကို မည်သို့ ခေါ်ထုတ်ရမည်နည်း…။
ထိုနေ့က မြေကမ္ဘာတမန်တော်သည် သူ့ကို ခေါ်ထုတ်ရန်အတွက် အမွှေးတိုင်အချို့ကို ထွန်းညှိခဲ့ပုံရသည်။ သို့သော် ၎င်းတို့မှာ သာမန်အမွှေးတိုင်များမဟုတ်ဘဲ အလွန် တန်ဖိုးကြီးမားသော ဝိညာဉ်အားဖြည့်နံ့သာတိုင်များ ဖြစ်ကြ၏။
လွန်စွာဈေးကြီးလွန်းသောကြောင့် ချူလျန်အနေဖြင့်လည်း ငွေအမြောက်အမြား အကုန်အကျခံကာ ဝယ်ယူစမ်းသပ်နိုင်ခြင်း မရှိပေ။
သူသည် ဘယ်ညာ လှုပ်ခါကြည့်လိုက်သော်လည်း မည်သို့မျှ တုံ့ပြန်မှုမရှိကြောင်း တွေ့ရသဖြင့် ပြန်လည်ချထားလိုက်ရပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။
"ဒီထဲကို သေးပန်းထည့်ပြီး စမ်းကြည့်မှ ရတော့မယ် ထင်တယ်…"
"ရိုင်းစိုင်းလှချည်လား ကောင်စုတ်လေး…"
ကျောက်စိမ်းကရားထဲမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီးနောက် မီးခိုးစိမ်းများ လွင့်ပျံလာကာ အပြာရောင်သန်းနေသော အဘိုးအိုဝိညာဉ်တစ်ခုက ချက်ချင်း ထွက်ပေါ်လာလေသည်။
ဝိညာဉ်ခန္ဓာကိုယ်မှာ အတော်လေး သိပ်သည်းခိုင်မာပြီး လက်စကျယ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားကာ ဆံပင်နှင့် မုတ်ဆိတ်များမှာလည်း အစစ်အမှန်ကဲ့သို့ ရှိနေ၏။ သူသည် ချူလျန်ကြောင့် ဒေါသထွက်ကာ မုတ်ဆိတ်မွေးများပင် လှုပ်ခါနေပြီး မျက်လုံးပြူးကာ စိုက်ကြည့်နေတော့၏။
"ဟီးဟီး... အဘိုးကြီး ထွက်လာမှတော့ ကျွန်တော်ကလည်း မရိုင်းပြဝံ့ပါဘူး…"
ချူလျန်က ယဉ်ကျေးဟန်မျက်နှာပေးဖြင့် ပြောလိုက်၏။
တစ်ချိန်တည်းမှာပင် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
'ဒီသောက်အဘိုးကြီးက တကယ်ကို အကုန် ကြားနေရတာပဲ။ စောစောက သေမတတ်ခေါ်နေတာတောင် ထွက်မလာတာက သက်သက်မဲ့ ငါ့ကို အကဲစမ်းနေတာ…'
"အဟမ်း…"
အဘိုးအိုက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီးနောက် မောက်မာသော ဟန်ပန်ကို ပြန်လည်ဖမ်းယူကာ အသံကိုနှိမ့်၍ ပြောလိုက်သည်။
"ဒီအဘိုးကြီးရဲ့ မျိုးရိုးနာမည်က ဖေးပဲ။ မင်း ငါ့ကို ဆရာဖေးလို့ ခေါ်နိုင်တယ်…"
"ဆရာဖေး…"
ချူလျန်က ခေါင်းညိတ်ပြလိုက်သည်။
"မင်းလို လူငယ်လေးက ငါနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာဆိုတော့ ငါ့ရဲ့ စည်းကမ်းတွေကို နားမလည်တာက ပုံမှန်ပါပဲ။ ငါလည်း မင်းကို အပြစ်မတင်ပါဘူး။ အခု မင်းကို ငါ ပြောပြမယ်…"
ဆရာဖေးက ပြောလိုက်၏။
"ကောင်းပါပြီ... သွန်သင်မှုကို ခံယူပါ့မယ်…"
ချူလျန်က ယခင်အတိုင်း ယဉ်ယဉ်ကျေးကျေးပင် တုံ့ပြန်လိုက်၏။
အဘိုးအိုက ချူလျန်ကို ကြည့်နေရင်း ရင်ထဲ၌ မကျေမနပ် ဖြစ်နေချေသည်။
ထိုနေ့က ချူလျန်၏ အရှိန်အဝါကို အထပ်ထပ် ဖုံးကွယ်ထားသောကြောင့် အကဲခတ်ရန် ခက်ခဲခဲ့ပြီး မြေကမ္ဘာတမန်တော်ကို ခုတ်သတ်လိုက်သော ထိုဓားကလည်း အလွန်အမင်း အစွမ်းထက်လွန်းနေခဲ့သည်။ ထို့ကြောင့်သာ သူ့ခမျာ အလွန်အမင်း ထိတ်လန့်သွားပြီး မည်သို့မျှ ပြန်လည်ခုခံခြင်းမရှိဘဲ ချူလျန်၏ သုံ့ပန်းအဖြစ် ခံယူခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ယခုအခါ ချူလျန်ကို ပြန်လည်စစ်ဆေးကြည့်လိုက်ချိန်တွင် သူသည် ဝိညာဉ်အသိအမြင်အဆင့်ရှိ အရေးမပါသူလေးတစ်ဦးသာ ဖြစ်နေမှန်း သိသာထင်ရှားနေ၏။ ယခင်က ထုတ်သုံးခဲ့သောဓားချက်မှာ သူ၏ကိုယ်ပိုင်စွမ်းအားမဟုတ်ဘဲ တစ်စုံတစ်ရာသော ပြင်ပအင်အားကို အသုံးပြုထားခြင်းသာ ဖြစ်ရပေမည်။
ဤကဲ့သို့သော မျိုးဆက်သစ်လေးတစ်ယောက်၏ ခြောက်လှန့်ခြင်းခံခဲ့ရသည်ကို တွေးမိလေလေ သူ ဒေါသထွက်လာလေဖြစ်ပြီး မျက်နှာပူစရာကောင်းလွန်းသည်ဟု ခံစားနေရသည်။ ထို့ကြောင့် ချူလျန်အပေါ် ပြောဆိုဆက်ဆံသည့် လေသံတွင်လည်း အလွန်တရာ အေးစက်မာကြောမှုများ ပါဝင်နေလေသည်။
"ပထမအချက်... ကျုပ်ကို ခေါ်ထုတ်ချင်တယ်ဆိုရင် တစ်ကြိမ်ကို ဝိညာဉ်အားဖြည့်နံ့သာတိုင် သုံးတိုင် လိုအပ်လိမ့်မယ်" ဆရာဖေးက ပြောလိုက်၏။
"အဲဒီလိုမှ မဟုတ်ရင်တော့ ကျုပ်ကိုယ်ထင်ပြမှာ မဟုတ်ဘူး..."
"ဒုတိယအချက်... မင်းကိုယ်စား ကျုပ်ကို တိုက်ခိုက်ပေးစေချင်တယ်ဆိုရင် ကူညီပေးရမယ့် အတိုင်းအတာအပေါ် မူတည်ပြီး ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ သဘာဝရတနာတွေနဲ့ ပြန်ပြီး လဲလှယ်ပေးရမယ်..."
ချူလျန်သည် နားထောင်ရင်းဖြင့် လိမ္မာရေးခြားရှိစွာ ခေါင်းညိတ်ပြနေ၏။
"တတိယအချက်... ကျုပ်က ဘာမှမလုပ်ဘဲနေရင်တောင် ဝိညာဉ်ကို ထိန်းသိမ်းဖို့အတွက် နေ့စဉ် ဝိညာဉ်အားဖြည့်နံ့သာတိုင် တစ်တိုင်လိုအပ်တယ်။ မင်းလို ဝိညာဉ်အသိအမြင်အဆင့်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ တတ်နိုင်ပါ့မလားတော့ မသိဘူး..."
"အင်း..."
ချူလျန်က မျက်မှောင်ကြုတ်ကာ စဉ်းစားဟန်ပြလိုက်၏။
"စတုတ္ထအချက်... အကယ်၍ မင်းက ကျုပ်ကို မကျွေးမွေးနိုင်ဘူးဆိုရင် အခြားထိုက်တန်တဲ့ သခင်တစ်ယောက်ကို အမြန်ဆုံး ရှာဖွေပေးရမယ်။ အခု စည်းကမ်းချက်တွေကို သေသေချာချာ ပြောပြပြီးသွားပြီဆိုတော့ နောက်နောင် ဒီအတိုင်း မလိုက်နာနိုင်ဘူးဆိုရင် ဒီအဘိုးကြီးက မျက်နှာပြောင်တိုက်တယ်လို့ အပြစ်မတင်နဲ့..."
သူက နောက်ဆုံးတွင် အေးစက်စက်လေသံဖြင့် ခြိမ်းခြောက်ပြောဆိုလိုက်သည်။
သူ၏စကားထဲတွင် ခြိမ်းခြောက်လိုသည့် အဓိပ္ပာယ်များ အလွန်အမင်း ပြည့်နှက်နေချေသည်။
မည်သို့ပင်ဖြစ်စေ သူ၏ဝိညာဉ်စွမ်းအားက ဆဋ္ဌမအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်ပေသည်။ ရုပ်ခန္ဓာမရှိသဖြင့် အားနည်းချက်ရှိနေသော်လည်း ပဉ္စမအဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်နေဆဲ ဖြစ်၏။
ဤဝိညာဉ်အသိအမြင်အဆင့် တပည့်လေး၏ ရှေ့တွင် သူ့အနေဖြင့် ယဉ်ကျေးနေစရာမလိုသည်မှာ အမှန်ပင် ဖြစ်လေသည်။
"ဒီမျိုးဆက်သစ်လေး မှတ်သားထားပါ့မယ်... အခု သေချာစဉ်းစားကြည့်လိုက်ပါဦးမယ်။ စီနီယာအရင် ပြန်နားလိုက်ပါဦး..."
ချူလျန်က ပြုံးကာ ပြောလိုက်၏။
"ဟမ့်..."
ဆရာဖေးက လက်စကို ဝှေ့ယမ်းလိုက်ပြီး ခန္ဓာကိုယ်အား မီးခိုးငွေ့စိမ်းများအဖြစ် ပြောင်းလဲကာ ကျောက်စိမ်းကရားထဲသို့ ပြန်လည်ဝင်ရောက်သွားလေတော့သည်။
ချူလျန်က မတ်တတ်ထလိုက်၏။
မြေပြင်ပေါ်ရှိ ကျောက်စိမ်းကရားကို ကောက်ယူကာ အပြင်ဘက်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့ပြီး တောင်ကုန်းကိုပတ်၍ တိနွီဖုန့်၏ အဆောက်အအုံဆီသို့ ရောက်လာခဲ့တော့သည်။
"ဆရာသခင်..." သူက ခပ်တိုးတိုး ခေါ်လိုက်၏။
"တပည့်ကို တွေ့ခွင့်ပြုပါ..."
"ဘာကိစ္စလဲ..."
တိနွီဖုန့်က ပျင်းရိပျင်းတွဲဖြင့် တစ်ရေးတစ်မောအိပ်စက်နေရာမှ မျက်လုံးဖွင့်ကာ မေးလိုက်သည်။
"အရင်က ကောက်ရထားတဲ့ ဝိညာဉ်တစ်ကောင်ပါ။ သူ့ကို စကားနည်းနည်းလောက် ပြောကြည့်မလို့..."
ချူလျန်က ခန်းမအလယ်သို့ လျှောက်လာပြီး ကျောက်စိမ်းကရားကို ချထားကာ ခေါ်လိုက်၏။
"ဆရာဖေး..."
ရှူး...
ကျောက်စိမ်းကရားထဲမှ မီးခိုးငွေ့စိမ်းများ ထပ်မံထွက်ပေါ်လာပြီး အဘိုးအိုက မှောင်မိုက်နေသော မျက်နှာထားဖြင့် ပေါ်လာ၏။
"ကျုပ်ကို ခေါ်ထုတ်ချင်ရင် ဝိညာဉ်အားဖြည့်နံ့သာတိုင် သုံးတိုင်လိုတယ်လို့ ခုလေးတင် ပြောထားတာကို မင်းနားမလည်တာလား..."
"ဟုတ်ပါတယ်... ဒီမျိုးဆက်သစ်လေးက မှတ်ဉာဏ်သိပ်မကောင်းလို့ပါ…"
ချူလျန်က ယဉ်ကျေးပျူငှာစွာ ပြုံးလိုက်၏။
"အဘိုးကို ဒုက္ခပေးသလို ဖြစ်ပေမယ့် ခုနက စကားတွေကို နောက်တစ်ခေါက်လောက် ပြန်ပြောပြပေးပါလား..."
"ဟမ့်..."
ဆရာဖေးက အေးစက်စက် နှာမှုတ်လိုက်ပြီး ဒေါသပေါက်ကွဲတော့မည့်ဟန် ရှိနေ၏။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိထားမိသွားလေသည်။
'ပတ်ဝန်းကျင်အနေအထားက နည်းနည်း ပြောင်းနေသလိုပဲ...'
'အရှိန်အဝါကလည်း မတူတော့ဘူး...'
သူက နောက်သို့ လှည့်ကြည့်လိုက်သောအခါ ခြေတံရှည်များကိုယှက်ကာ ထိုင်ခုံပေါ်တွင် ထိုင်နေသည့် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးက သူ့ကို မျက်လုံးမှေးကာ ကြည့်နေသည်ကို မြင်လိုက်ရတော့၏။
သောက်ကျိုးနည်း...။
...
"ကျွန်တော်မျိုးရဲ့ မျိုးရိုးက ဖေးပါ... ကျွန်တော်မျိုးကို ဖေးလေးလို့ပဲ ခေါ်ပါ"
အဘိုးအို၏ ဝိညာဉ်သည် ခေါင်းကို ငုံ့ထားကာ အနည်းငယ် ကိုင်းညွတ်ထားပြီး သူ၏ အမူအရာတိုင်းတွင် နှိမ့်ချမှုအပြည့်အဝဖြင့် တိနွီဖုန့်ရှေ့၌ ရိုသေကျိုးနွံစွာ လွင့်မျောနေ၏။
တိနွီဖုန့်သည် သူ့ကို ပျင်းရိပျင်းတွဲဖြင့် အကဲခတ်လိုက်သည်။
"ငါ့တပည့်ပြောတာတော့ မင်းမှာ စည်းမျဉ်းတွေ အများကြီးရှိတယ်ဆို... ပြောစမ်းပါဦး ငါနားထောင်ကြည့်ရအောင်"
"မဟုတ်ရပါဘူး... မဟုတ်ရပါဘူး... အဲဒါတွေက မရင့်ကျက်သေးတဲ့ အကြံပြုချက်လေးတွေပါ"
ဆရာဖေးက မျက်နှာချိုသွေးကာ ပြုံးပြလိုက်၏။
"အသေးစိတ် ဘယ်လိုလုပ်ရမလဲဆိုတာကို အရှင်ကပဲ ဆုံးဖြတ်ပေးပါ... အရှင့်ရဲ့ စည်းမျဉ်းတွေကသာ အဓိကစည်းမျဉ်းတွေပါပဲ"
"ငါက ဆုံးဖြတ်ရမယ်ဆိုရင်တော့ ဒီနေ့ကစပြီး ငါ့တပည့်စကားကို သေချာနားထောင်ရမယ်... သူက အရှေ့သွားခိုင်းရင် မင်းက အနောက်ကို မသွားရဘူး... သူက ဘယ်သူ့ကိုချဆိုရင် မင်းက ချရမယ်... သူ့ကို သေချာလေး ကာကွယ်စောင့်ရှောက်ပေးမယ်ဆိုရင်တော့ မင်းအတွက် စားစရာ တစ်လုတ်တစ်ဆုပ်ရလိမ့်မယ်... ဒါပေမဲ့ သူသာ အမှားအယွင်း တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင်တော့..."
တိနွီဖုန့်က မျက်ခုံးတစ်ချက် ပင့်လိုက်လေသည်။
ဂျစ်...
သူမ၏ လက်ချောင်းထိပ်များဆီမှ ခရမ်းရွှေရောင် မီးတောက်ငယ်တစ်ခု ထွက်ပေါ်လာ၏။
သမာဓိမီးတောက်စစ်…။
ဆရာဖေးသည် ထိုမီးပွင့်လေးကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် လေဟာနယ်ထဲတွင် ချက်ချင်း ဒူးထောက်ချလိုက်ပြီး အနည်းငယ်မျှပင် မာန်မတက်ဝံ့တော့ချေ။
သတ္တမအဆင့်ဖြစ်နေခြင်းကို ထားလိုက်ပါတော့...။
ဤသမာဓိမီးတောက်စစ်သည် သူတို့ကဲ့သို့ ယင်ဝိညာဉ်တစ္ဆေများကို အထိရောက်ဆုံး နှိမ်နင်းနိုင်သည့်အရာ ဖြစ်ပေသည်။ အနည်းငယ်မျှ ထိမိသွားလျှင်ပင် သူသည် အစအနမရှိ ပြာကျသွားရမည်သာ ဖြစ်၏။
"မရဲပါဘူး... မရဲပါဘူး... ကျွန်တော်မျိုးက အရှင့်အလိုကျ အားလုံးကို လုပ်ဆောင်ပေးပါ့မယ်... အမှားအယွင်း နည်းနည်းလေးတောင် မရှိစေရပါဘူး"
သူ့ခမျာ ကပျာကယာ အော်ပြောလိုက်ရသည်။
"သိရင် ပြီးတာပဲ…"
တိနွီဖုန့်က ထိုမှသာ ကျေနပ်သွားပုံရပြီး မီးပွင့်လေးကို ရုပ်သိမ်းလိုက်လေသည်။
"ဟူး..."
ဆရာဖေးက ခေါင်းမော့လာကာ သနားစရာကောင်းသော အမူအရာဖြင့် ထပ်ပြောလိုက်ပြန်၏။
"တကယ်တော့ ကျွန်တော်မျိုးက လောဘကြီးတာ မဟုတ်ရပါဘူး... အခု ကျွန်တော်မျိုးရဲ့ ခန္ဓာကိုယ်က ပြည့်စုံတဲ့ ဝိညာဉ်ခန္ဓာဖြစ်နေတဲ့အတွက် သာမန်တစ္ဆေတွေနဲ့ မတူတော့ပါဘူး...
သူတို့က ယင်စွမ်းအင်တွေထဲကနေ စွမ်းအားတွေကို စုပ်ယူဖြည့်တင်းနိုင်ပေမဲ့ ကမ္ဘာလောကရဲ့ ယင်စွမ်းအင်တွေထဲမှာ ရှုပ်ထွေးနေတဲ့ နာကြည်းမှုတွေ၊ ဒေါသတွေ၊ နာကျင်မှုတွေနဲ့ တခြား အဆိုးမြင်စိတ်ခံစားချက်တွေ အပြည့်ပါနေပါတယ်...
ကျွန်တော်မျိုးသာ အဲဒီ ယင်စွမ်းအင်တွေကို အချိန်ကြာကြာ ရှူရှိုက်မိမယ်ဆိုရင် အစစ်အမှန် လေလွင့်တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားမှာ အသေအချာပါပဲ..."
"ဒါပေမဲ့ ကျွန်တော်မျိုးက ဒီကျောက်စိမ်းကရားထဲကနေ ထွက်လာပြီး လှုပ်ရှားရတိုင်း ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို ကုန်ဆုံးစေပါတယ်... တကယ်လို့ တစ်ပါးသူနဲ့ တိုက်ခိုက်ရမယ်ဆိုရင်တော့ ကုန်ဆုံးမှုက ပိုပြီး ကြီးမားလှပါတယ်... အဲဒီလိုမျိုး ပြန်လည်ဖြည့်တင်းမှုမရှိဘဲ ခဏခဏသာ တိုက်ခိုက်နေရမယ်ဆိုရင်တော့ ကျွန်တော်မျိုးရဲ့ ဝိညာဉ်က လွင့်စင်ပျောက်ကွယ်သွားရပါလိမ့်မယ်..."
"ဒါကြောင့်မလို့ ကျွန်တော်မျိုးက ပုံမှန်ဆိုရင် ဒီကျောက်စိမ်းကရားထဲမှာပဲ အိပ်စက်ပြီး ဝိညာဉ်ကို ပြုစုပျိုးထောင်နေရတာပါ... ထွက်လာရတိုင်း ဒါမှမဟုတ် တိုက်ခိုက်ရတိုင်းမှာ မဖြစ်မနေ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေတာကလည်း မတတ်သာတဲ့အဆုံး အသက်ဆက်ရှင်ဖို့အတွက် ကြိုးစားနေရုံလေးပါပဲ..."
သူ ဤစကားများကို ပြောဆိုနေချိန်တွင် လေသံမှာ အလွန်ရိုးသားလှိုက်လှဲလှသဖြင့် ဟန်ဆောင်နေပုံနှင့် လုံးဝမတူပေ။
တကယ်တမ်းတွင် ချူလျန်သည်လည်း ဤအဘိုးအို၏ ဝိညာဉ်မှာ အခြားတစ္ဆေများနှင့် အဘယ်ကြောင့် ကွဲပြားနေရသနည်းဆိုသည်ကို အစောကြီးကတည်းက သံသယဖြစ်နေခဲ့ခြင်း ဖြစ်၏။ ယခု သူပြောသည်ကို ကြားလိုက်ရသောအခါ မေးလိုက်လေသည်။
"ဆရာဖေး... ခင်ဗျားရဲ့ လက်ရှိအခြေအနေက တကယ်တော့ ဘယ်လိုမျိုးလဲ…"
ဆရာဖေးက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်၏။
"အဲဒါက ပြောရရင်တော့ ဇာတ်လမ်းက ရှည်ပါတယ်..."
"ဒါဆိုလည်း တိုတိုပဲပြောစမ်း…"
တိနွီဖုန့်က စိတ်မရှည်စွာဖြင့် ဝင်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
ဆရာဖေးက ချက်ချင်းပင် ရိုသေစွာ တုံ့ပြန်လိုက်၏။
ထို့နောက်တွင် သူက သူ၏ အတွေ့အကြုံများကို ပြောပြလေတော့သည်။
သူ၏ နာမည်မှာ ဖေးချီဖြစ်၏။ မူလက ယွီမင်းဆက်မြောက်ပိုင်းဒေသတွင် နာမည်အနည်းငယ်ရထားသော ကွန်ဖြူးရှပ်ကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်ပြီး နဂါးပျံကျောင်းတော်မှ ဆင်းသက်လာခဲ့ကာ မျိုးဆက်ဟောင်း ကွန်ဖြူးရှပ်ပညာရှင်ကြီး အတော်များများနှင့်လည်း ကျောင်းနေဖက်များ ဖြစ်ခဲ့ဖူး၏။
သို့သော်ငြား သူ၏ကျင့်ကြံမှုအဆင့်မှာ ဆဋ္ဌမအဆင့်တွင် ရပ်တန့်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီဖြစ်ပြီး သတ္တမမြောက် တာအိုသိရှိခြင်းအဆင့်၏ တံခါးဝကို မည်သို့မျှ တက်လှမ်းနိုင်ခဲ့ခြင်း မရှိချေ။
ထိုအဆင့်သည် အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေနိုင်သော်လည်း သက်တမ်းကို အများကြီး ရှည်ကြာအောင်တော့ မစွမ်းဆောင်နိုင်ပေ။ နှစ်တစ်ရာကျော် အချိန်ကာလများက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး သူ၏သက်တမ်းမှာလည်း နောက်ဆုံးတွင် အဆုံးသတ်သို့ ရောက်ရှိလာခဲ့လေ၏။
ထိုအချိန်တွင် သူသည် စိုးရိမ်ပူပန်လာခဲ့ပြီး တဖြည်းဖြည်းနှင့် လမ်းစဉ်လွဲအချို့ကို စတင်လေ့လာခဲ့၏။ အချိန်ကြာမြင့်စွာ ခက်ခက်ခဲခဲ သုတေသနပြုလုပ်ပြီးနောက် သူ၏ ဝိညာဉ်က အလွန်ပြည့်စုံနေသေးသော်လည်း ရုပ်ခန္ဓာ၏ အိုမင်းရင့်ရော်မှုကိုသာ တားဆီး၍မရနိုင်ကြောင်းကို တွေ့ရှိခဲ့ရ၏။ ရုပ်ခန္ဓာပျက်စီးသွားပြီး ဝိညာဉ်က ၎င်း၏မှီခိုရာကို လက်လွတ်ဆုံးရှုံးသွားချိန်မှသာလျှင် လောကကြီးထဲ၌ တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွားမည် ဖြစ်ပေသည်။
ထို့ကြောင့် သူက သူ၏ဝိညာဉ်ကို ရုပ်ခန္ဓာမှ ခွဲထွက်စေပြီး လွတ်လပ်စွာ တည်ရှိနေနိုင်စေမည့် ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်မည်လားဟု တွေးတောခဲ့တော့သည်။
သို့သော်ငြား လူသေလျှင် မီးငြိမ်းသွားသည်ကား ကောင်းကင်နှင့်မြေကြီး၏ နိယာမတရားပင် ဖြစ်ပေသည်။ ဖယောင်းတိုင်လောင်ကျွမ်းသွားပြီးနောက် မီးတောက်က မည်သည့်နေရာတွင် မှီခိုရမည်နည်း။
သူသည် ဝိညာဉ်အသိအမြင်၏ တာအိုကို သုတေသနပြုရန်အတွက် အမည်နာမကို ဖုံးကွယ်ကာ မိစ္ဆာဂိုဏ်းအချို့သို့ပင် ဝင်ရောက်ခဲ့ပြီး ထိုဆိုးယုတ်သော ဝိညာဉ်ပညာရပ်များကို လေ့လာခဲ့လေ၏။ နောက်ဆုံးတွင် သူသည် ယခင်က မရှိခဲ့ဖူးသော ထူးကဲစွမ်းရည်တစ်ခုကို စမ်းသပ်ဖန်တီးနိုင်ခဲ့သည်။
ဖေးချီက ၎င်းကို "ဝိညာဉ်အင်မော်တယ်တာအို" ဟု ခေါ်ဆိုခဲ့၏။
ဝိညာဉ်ကို ရုပ်ခန္ဓာမှ ခွဲထုတ်ကာ လောကကြီးထဲတွင် ပြည့်စုံစွာ ရှင်သန်နေထိုင်ခြင်းပင်။
၎င်းမှာ ယခင်က မရှိခဲ့ဖူးသော ကျင့်ကြံခြင်းနည်းလမ်းဖြစ်သဖြင့် သူသည်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။ သို့ရာတွင် မစမ်းသပ်လျှင် သေချာပေါက် သေဆုံးရမည်ဖြစ်ပြီး စမ်းသပ်ကြည့်လျှင် အသက်ရှင်နိုင်ကောင်း ရှင်သန်နိုင်ပေမည်။ ဤအခြေအနေမျိုးတွင် သူသည် ကျင့်ကြံခြင်းကို ချက်ချင်း စတင်ခဲ့တော့၏။
ရုပ်ခန္ဓာမှ ခွဲထွက်ကာ ဝိညာဉ်သက်သက်ရှင်သန်ခြင်းပင် ဖြစ်လေ၏။
သူ၏ဝိညာဉ်ကို ပြည့်ပြည့်စုံစုံ ထိန်းသိမ်းထားနိုင်ခဲ့ပြီး သူမျှော်လင့်ထားသည့်အတိုင်း သဘာဝနိယာမတရား၏ ချုပ်နှောင်မှုကို အမှန်တကယ်ရှောင်ကွင်းနိုင်ခဲ့ကာ အလိုအလျောက် ပျောက်ကွယ်သွားခြင်းမျိုး မရှိခဲ့ပေ။
သို့သော် ထိုအချိန်၌ သေရေးရှင်ရေးတမျှ အရေးကြီးသော ပြဿနာတစ်ခုကို သူ ရှာဖွေတွေ့ရှိသွားသည်။ ၎င်းမှာ သူသည် ကျင့်ကြံခြင်းကို ဆက်လက် မပြုလုပ်နိုင်တော့ခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူသည် ဝိညာဉ်တစ်ခုမျှသာ ဖြစ်နေပြီဖြစ်ရာ အစစ်အမှန်ချီစွမ်းအင်ကို ရှူရှိုက်နိုင်ခြင်း မရှိတော့ဘဲ ယင်စွမ်းအင်များကိုသာ စုပ်ယူနိုင်တော့သောကြောင့် ဖြစ်ပေသည်။
သို့သော် သူပြောခဲ့သလိုပင်၊ ယင်စွမ်းအင်ထဲတွင် ရောထွေးရှုပ်ထွေးပြီး ရူးသွပ်ဖွယ်ကောင်းသော အဆိုးမြင်စိတ်ခံစားချက်များ အလွန်အမင်း ပါဝင်နေသည်။
ယခု သူနှင့် တစ္ဆေသရဲများအကြား တစ်ခုတည်းသော ကွာခြားချက်မှာ လုံးဝ ကြည်လင်နေသော သူ၏အသိစိတ်သာ ဖြစ်၏။ အကယ်၍ သူသာ ယင်စွမ်းအင်များကို စုပ်ယူ၍ ကျင့်ကြံမည်ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ တကယ့်သရဲအစစ်အဖြစ် ပြောင်းလဲသွားမည် မဟုတ်ပါလော။
ထိုသို့ဆိုလျှင် ဝိညာဉ်အင်မော်တယ်တာအိုဟူသည်က အမည်ခံကျင့်ကြံခြင်းသာဖြစ်ပြီး တကယ်တမ်းတွင်မူ မိမိကိုယ်ကို သတ်သေခြင်းပင် ဖြစ်နေပေလိမ့်မည်။
မြူခိုးချိုင့်ဝှမ်းထဲရှိ ယခင်မင်းဆက်မှ ဝန်ကြီးချုပ်၏ဝိညာဉ်ကဲ့သို့ပင်။
ထိုဝိညာဉ်၏ စွမ်းအားက သူ့ထက် အဆပေါင်းများစွာ သာလွန်နေစေကာမူ တစ်နေ့ကုန် တွေဝေငေးမောနေပြီး စွဲလမ်းမှုသက်သက်သာ ကျန်ရှိတော့သည်ဖြစ်ရာ ၎င်းကို အသက်ရှင်နေသည်ဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။
ထိုသို့မဖြစ်ချင်ပါက သူ၏စွမ်းအားများကို ဖြည့်တင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ကောင်းကင်နှင့်မြေကြီး၏ ရတနာများမှတစ်ဆင့်သာ ဖြစ်လေ၏။ ဥပမာအားဖြင့် ဝိညာဉ်အားဖြည့်နံ့သာတိုင် သို့မဟုတ် အခြားသော ယင်သဘာဝရှိသည့် ဆေးဘက်ဝင်ရတနာများ ဖြစ်ကြသည်။
သူ၏ လူမကျတစ္ဆေမကျ ပုံစံဖြင့် အရင်းအမြစ်များကို ရယူနိုင်ရန်မှာ အလွန် ခက်ခဲလှသည်။ ထို့ကြောင့် သူသည် ကျောက်စိမ်းကရားထဲတွင် ဝင်ရောက်ခိုအောင်းနေခဲ့ပြီး ပိုင်ရှင်ကိုယ်စား တိုက်ပွဲဝင်ဝိညာဉ်အဖြစ် ယာယီတိုက်ခိုက်ပေးကာ ၎င်းနှင့်ထိုက်တန်သော အရင်းအမြစ်များကို လဲလှယ်ရယူခဲ့ရခြင်း ဖြစ်ပေသည်။
ဤနှစ်များတစ်လျှောက်တွင် သူသည် ပိုင်ရှင်ဆယ်ယောက်ကျော်ထံသို့ လှည့်လည်ပြောင်းရွှေ့ခဲ့ရပြီး ကောင်းသူရော ဆိုးသူပါ ပါဝင်ခဲ့လေသည်။ နောက်ဆုံးတွင်မှ ချူလျန်ထံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူ၏ အကွေ့အကောက်များလှသော အတိတ်အကြောင်းကို နားထောင်ပြီးနောက် ဆရာနှင့်တပည့်နှစ်ယောက်လုံး အတန်ကြာ တိတ်ဆိတ်သွားကြ၏။
အတန်ကြာမှ တိနွီဖုန့်က နားမလည်နိုင်စွာဖြင့် "ဒီလောက်အကြာကြီး ပြောနေတာ… မင်းက သရဲတစ်ကောင်ပဲ မဟုတ်ဘူးလား…"
"မတူဘူးလေလို့…"
ဆရာဖေးက အသံကျယ်ကျယ်ဖြင့် "ကျုပ်ရဲ့ အသိစိတ်က လုံးဝ ကြည်လင်နေတာ…"
တိနွီဖုန့်က "ဉာဏ်ကောင်းတဲ့ သရဲလား…"
ဆရာဖေး "ကျုပ်ဆီမှာ ဘာအဆိုးမြင်စိတ်မှလည်း မရှိဘူး…"
တိနွီဖုန့်က "ပျော်တတ်တဲ့ သရဲလား…"
"..."
ဆရာဖေး၏ မျက်လုံးများတွင် နာကြည်းမှုနှင့် ဒေါသတို့ ပြည့်နှက်သွားသော်လည်း ဒေါသထွက်ဝံ့ရုံသာ ရှိပြီး ပြန်မပြောရဲရှာတော့ပေ။
ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ချူလျန်က ပြုံး၍ "ဆရာဖေး... နောင်မှာ ဒီမျိုးဆက်သစ်က ခင်ဗျားကို အများကြီး အကူအညီတောင်းရဦးမှာမို့ သဘာဝကျကျ ခင်ဗျားကို အနစ်နာခံခိုင်းမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ထင်ပြတာလေး တစ်ခါအတွက်ကို ဝိညာဉ်အားဖြည့်နံ့သာတိုင် သုံးတိုင်ဆိုတာက တကယ်ကို ဈေးကြီးလွန်းပါတယ်။
လက်တွေ့မှာလည်း ခင်ဗျား ဒီလောက်အများကြီး မကုန်နိုင်ဘူးဆိုတာ ယုံကြည်ပါတယ်။ ဒီလိုလုပ်ရင်ကော... နောင်ဆိုရင် ကျွန်တော်တို့ သဘောတူညီချက်တစ်ခု လုပ်ကြမယ်။ ခင်ဗျားရဲ့ ဝိညာဉ်စွမ်းအား ဘယ်လောက်ကုန်သွားလဲ၊ အဲ့ဒီလောက်ပဲ ဒီမျိုးဆက်သစ်က ပြန်ဖြည့်တင်းပေးမယ်။
နောက်တစ်ချိန် ကျွန်တော့်မှာ စွမ်းအားတွေ ပိုလျှံလာခဲ့ရင် ခင်ဗျားရဲ့ ဝိညာဉ်အင်မော်တယ်တာအိုကို ပြီးမြောက်အောင်လည်း သေချာပေါက် ကူညီပေးပါ့မယ်။ ဘယ်လိုလဲ…"
"အေးပါ… ကောင်းပါပြီ"
ဆရာဖေးက တိနွီဖုန့်ကို မျက်စိစွေကြည့်ကာ မကျေမနပ်ဖြစ်နေသော မျက်နှာပေးဖြင့် သဘောတူလိုက်၏။
ကုန်သွားသလောက် ပြန်ဖြည့်ပေးမည်ဆိုသည်ကား စားစရိတ်နှင့်နေစရိတ်ကိုသာ တာဝန်ယူပေးပြီး လုပ်အားခမပေးခြင်းနှင့် အတူတူပင်ဖြစ်ရာ သူ့အတွက် အမြတ်ဟူ၍ တစ်စက်ကလေးမှ ရှိလာမည် မဟုတ်ပေ။
နောင်တွင် ချူလျန်အနား၌ လိုက်ပါရခြင်းက အလကား အလုပ်လုပ်ပေးရသလိုပင် ဖြစ်နေတော့သည်။
သူ မျှော်လင့်နိုင်သမျှသည်ကား ချူလျန်ကတိပေးထားသည့် ကြီးကျယ်မြင့်မြတ်လာမည့် နေ့ရက်၌ သူလည်း တစ်ပါတည်းလိုက်ပါမြင့်မားခွင့်ရရန်သာ ရှိတော့၏။
သို့သော် ချူလျန်တွင်လည်း အခြားရွေးချယ်စရာ မရှိပေ။ ဆဋ္ဌမအဆင့်နှင့် ယှဉ်နိုင်သော ဝိညာဉ်တစ်ခုသည် သာမန်အချိန်များတွင်ပင် ကုန်ခမ်းသွားသော စွမ်းအားက နည်းပါးမည်မဟုတ်ပေ။
ထိုစွမ်းအားများကို ပြန်လည်ဖြည့်တင်းပေးရန်ကပင် သူ့အပေါ် ဖိအားများစွာ ကျရောက်နေပြီ ဖြစ်သည်။ နောင်တွင် မလိုအပ်ပါက သူ သေချာပေါက် ဆင့်ခေါ်မည် မဟုတ်ချေ။
သူတို့ သဘောတူညီမှု ရသွားသည်ကို မြင်သောအခါ တိနွီဖုန့်က အချိန်ကိုက် ခြိမ်းခြောက်လိုက်ပြန်၏။
"သဘောတူပြီးပြီဆိုမှတော့ စကားပြန်ရုတ်သိမ်းလို့ မရဘူးနော်။ နောင်ကို ငါ့တပည့်လေး တစ်ခုခုဖြစ်ခဲ့ရင် မင်းကို ကမ္ဘာမြေအဆုံးထိအောင် လိုက်ဆွဲထုတ်ပစ်မယ်..."
"ငါက အဘိုးကြီးတွေကို ရိုက်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တာ"