ဆန်းကြယ်သော သားရဲ၊ ဂိုဏ်းချုပ် ပျောက်ဆုံးခြင်း
Vol. 1 Ch. 13
အခန်း (၁၃) ဆန်းကြယ်သော သားရဲ၊ ဂိုဏ်းချုပ် ပျောက်ဆုံးခြင်း
ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူကို မပြန်ခင် ပုံရိပ်ယောင် ခြေခုနစ်လှမ်းကို ပထမဆုံး ဆက်ခံလိုက်ပါတယ်၊ သူနေနဲ့ မတော်တဆတို့ ကံခေတာတို့ မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကို သန်မာအောင် လုပ်ဖို့ လိုပါတယ်၊ ဟန်ကျွယ်ဟာ ရွေ့လျားခြင်း ပညာရပ်မှာ ထိပ်တန်းပါရမီ ရှိတဲ့အတွက် ပုံရိပ်ယောင် ခြေခုနစ်လှမ်းကို နှစ်နာရီအတွင်း အလုံးစုံ တတ်မြောက်သွားပါတယ်။
ဒီရွေ့လျားခြင်း ပညာရပ်မှာ အဆင့် ၇ ဆင့် ရှိပါတယ်၊ အဆင့်တစ်ဆင့်ကို တတ်မြောက်တိုင်း ကိုယ့်ရဲ့အရိပ်ပွား တစ်ခုကို ဖန်တီးနိုင်ပါတယ်၊ အဆင့် ၇ ဆင့် ပါရှိတဲ့အတွက် အရိပ်ကိုယ်ပွား ၇ ခုကို ဖန်တီးနိုင်ပါတယ်၊ ဒီအရိပ်ပွား ၇ ခုကြောင့် ရန်သူဟာ ဘယ်ဟာ အစစ်အမှန်လဲ မသိဘဲ မျက်စိရှုပ်သွားမှာပါ၊ ဒီခြေလှမ်းပညာရပ်ကို သုံးတဲ့သူဟာ သူရဲ့ လွတ်မြောက်နိုင်စွမ်းကို များစွာ အထောက်အကူပြုစေမှာ ကျိန်းသေပါပဲ။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင် ခြေခုနစ်လှမ်းကို တတ်မြောက်ပြီးနောက် သူ့လိုဏ်ဂူကို ပြန်ကာ သူ့ပစ္စည်းများကို သိမ်းဆည်းပြီး အတွင်းဂိုဏ်းမြို့ဆီကို ဦးတည်လိုက်ပါတယ်၊ ဟန်ကျွယ်ဟာ သားရဲအဆောင်ကို မသွားခင် တာဝန်ပေးတဲ့ အဆောက်အဦးဆီ သွားပြီး တာဝန်ကို လက်ခံယူလိုက်ပါတယ်။
…
ကျောက်အေးတောင်ထိခန်းမ
နတ်မိမယ်ရှီရွှမ်ဟာ အကြီးအကဲ သံမဏိကို ခံစားချက် ကင်းမဲ့စွာ စိုက်ကြည့်ပြီး ပြောလိုက်ပါတယ်။
“မင်းနဲ့ ဟန်ကျွယ်ကြားမှာ ဘာဖြစ်ခဲ့လည်းဆိုတာ ငါ စိတ်မဝင်စားဘူး၊ ဒါပေမဲ့ အခုအချိန်ကစပြီး မင်းက သူရဲ့ ဂျူနီယာပဲ၊ သူ့ကို လေးလေးစားစား ဆက်ဆံပါ၊ သူ့အကြောင်းကို ငါ ကောင်းကောင်းသိတယ်၊ သူ့က မင်းကို အတိတ်မှာ ဖြစ်ခဲ့တာတွေအတွက် ဘာမှလုပ်မှာမဟုတ်ဘူး၊ အဲဒါကြောင့် စိတ်ချလက်ချသာနေ”
အကြီးအကဲ သံမဏိဟာ ဒူးထောက်လိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်ကာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပါတယ်။
“နောက်ကျရင် ဟန်ကျွယ်က ငါရဲ့ ကိုယ်ပိုင်တပည့် ဖြစ်လာမှာ၊ မင်း သူနဲ့ ဆက်ဆံရေး ကောင်းကောင်း တည်ဆောက်နိုင်မယ်ဆိုရင် မင်းအတွက် အကျိုးကျေးဇူးပဲ ရှိလိမ့်မယ်၊ သူသေငါရှင် ငါသေသူရှင် ရန်ငြိုးမျိုး မဟုတ်ရင် ဖြေဖျောက်လိုက်တော့” နတ်မိမယ်ရှီရွှမ်ရဲ့ စကားက အကြီးအကဲ သံမဏိကို အံဩတုန်လှုပ်သွားစေပါတယ်။
‘ကိုယ်ပိုင်တပည့်! နတ်မိမယ်ရှီရွှမ်က ဟန်ကျွယ်ကို ဒီလောက်တောင် တွေးထားတာလား?’ အကြီးအကဲ သံမဏိဟာ ဟန်ကျွယ်ရဲ့ ရူးသွပ်လောက်တဲ့ အဆင့်တက်မှုကို ပြန်တွေးမိပြီး လက်ခံလိုက်ရပါတယ် ‘ဒီကောင်လေးက နတ်မိမယ်ရှီရွှမ်ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်သင့်ပါတယ်လေ’
…
ပေါ်တယ်လ် ဖော်မေးရှင်းကနေ ထွက်လိုက်တဲ့အခါမှာ ဟန်ကျွယ်ဟာ မိစ္ဆာတစ်သောင်းနယ်မြေကို ရောက်ရှိသွားပါတယ်၊ မိစ္ဆာတစ်သောင်းနယ်မြေရဲ့ ကောင်းကင်ဟာ အချိန်မရွေး မိုးရွာတော့မဲ့အတိုင်း မှောင်မည်းနေပါတယ်။
ဟန်ကျွယ်ဟာ သူ့ဓားပျံကို ထုတ်ယူပြီး ကောင်းကင်ပေါ် ပျံသန်းလိုက်ပါတယ်၊ အဲဒီနောက် သားရဲအဆောင်က တပည့်တွေရဲ့ ညွှန်ကြားချက်အတိုင်း ကျောက်အေးတောင်ထိပ် အဆောင်ကို ပထမဆုံး လိုက်ရှာပါတယ်၊ ဒီအဆောင်မှာ မန္တာန်တွေ စီရင်ထားတဲ့အတွက် သားရဲတွေ အနားမကပ်ရဲပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ အဆောင်ထဲမှာ အမြဲတမ်း ပုန်းနေလို့ မရပါဘူး၊ သားရဲတွေ စိတ်ရိုင်းဝင်ပြီး တိုက်ခိုက်ကြရင် ယွီဂျင်ဂိုဏ်း ဆုံးရှုံးမှု လျော့နည်းအောင် သူက သားရဲတွေကို ဆုံးမပေးရမှာပါ၊ ယွီဂျင်ဂိုဏ်းဟာ မိစ္ဆာတစ်သောင်း နယ်မြေထဲမှာရှိတဲ့ သားရဲတွေကို ဝယ်ယူဖို့ ပိုက်ဆံအများကြီး သုံးထားရပါတယ်၊ ဒါအပြင့် ဒီသားရဲတွေကို ကြီးပြင်းလာအောင် မွေးဖို့အတွက်လည်း ရင်းမြစ်တွေ အများကြီး လိုအပ်ပါတယ်။
ကျောက်အေးတောင်ထိပ်ရဲ့ အဆောင်ဟာ ပေါ်တယ်လ် ဖော်မေးရှင်းနဲ့ သိပ်မဝေးတာမို့ ဟန်ကျွယ်ဟာ ခဏလေးနဲ့ ရှာတွေ့သွားပါတယ်၊ ဒီအဆောင်က နှစ်ထပ်ရှိပြီး သိပ်ပြီး မကြီးလှပါဘူး၊ အဆောင်ထဲမှာလည်း လူသူကင်းမဲ့နေပါတယ်၊ ဟန်ကျွယ်ဟာ အဆောင်ထဲမှာ ထားရှိတဲ့ မန္တန်တွေကို ဘယ်လို နိုးရမလဲဆိုတာ အကျွမ်းတဝင်ဖြစ်အောင် လုပ်ပြီးနောက် တရားစထိုင်ပြီး ကျင့်ကြံအားထုတ်ပါတော့တယ်၊ ရှည်လျားပြီး ပျင်းရိဖွယ်ကောင်းတဲ့ ကျင့်ကြံခြင်းနေ့ရက်တွေက ထပ်ပြီး စတင်ပါတော့တယ်။
အချိန် တစ်နှစ်ခွဲ ကုန်ဆုံးသွားတဲ့အခါ ဟန်ကျွယ်ဟာ အသက် ၅၀ ပြည့်သွားပါပြီ။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၅၀ / ၁၉၆]
[ မျိုးနွယ်စု: မော်တယ်]
[ ကျင့်ကြံခြင်းအဆင့်: အခြေခံအဆင့် နဝမတန်း]
[ ကျင့်စဉ်: ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် (အမွေဆက်ခံ၍ ရသည်)]
[ မှော်ပညာပညာ: ပြိုင်ဘက်ဓားလက်ညိုးသိုင်း၊ ပုံရိပ်ယောင် ခြေခုနစ်လှမ်း]
[ ဆန်းကြယ်စွမ်းအား: မရှိ]
[ အသုံးအဆောင်: မရှိ]
[ကျင့်ကြံခြင်းစွမ်းရည်: စိတ်ဝိဉာဉ်ခြောက်သွယ် ခန္ဓာကိုယ်၊ ထိပ်တန်း မီး, ရေ, လေ, မြေ, သစ်သား, မိုးကြိုး ကျင့်ကြံခြင်းစွမ်းရည်၊ ကံတရားကို အနည်းငယ် ကောင်းစေသည်]
[ကံတရားများမှာ အောက်ပါအတိုင်း ဖြစ်သည်]
[ပြိုင်ဘက်ကင်း စစ်သည်တော်: အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု]
[ကံကြမ္မာဓားရူး: ထိပ်တန်း ဓားပညာပါရမီ၊ ထိပ်တန်း ဓားပညာနားလည်မှု]
[ကိုယ်ဖော့သိုင်း: ထိပ်တန်း ကိုယ်ဖော့သိုင်းပါရမီ]
[အမတဧကရာဇ် မျိုးဆက်: ဂိမ်းကို စတင်ပြီး၍ ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အဆင့်မြင့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပြီး ဖြစ်သည်။]
[လူမှုဆက်ဆံရေးကို စစ်ဆေးမည်]
…
ဟန်ကျွယ်ဟာ လေစွမ်းရည်ကို အခြေခံအဆင့် ဆဋ္ဌမတန်းထိ ရောက်အောင် ကျင့်ကြံလိုက်ပါပြီ၊ မိုးကြိုးစွမ်းရည်က လွဲလို့ ဟန်ကျွယ်ရဲ့ ကျန်တဲ့စွမ်းရည်တွေဟာ အခြေခံအဆင့် ပဥ္စမတန်းမှာပဲ ရှိနေပါသေးတယ်။
ဟန်ကျွယ်ဟာ ဘာမှလုပ်စရာ မရှိတာနဲ့ သူ့ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်၊ ရှင်းဟုန်ရွှမ်က ချီသန့်စင်ခြင်း နဝမအဆင့်ကို ရောက်ရှိသွားပြီး အကြီးအကဲ သံမဏိကတော့ အခြေခံအဆင့် ပထမတန်းမှာပဲ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်၊ ဟန်ကျွယ်ဟာ စာအိပ်ပုံလေးကို တွေ့လိုက် နှိပ်လိုက်ပါတယ်။
[သင့် သူငယ်ချင်းကောင်း မော့ကျူသည် မိစ္ဆာကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရလုနီးပါး ဖြစ်သွား၏]
[သင့် သူငယ်ချင်းကောင်း မော့ကျူသည် ယွီဂျင်ဂိုဏ်း တပည့်များ၏ တိုက်ခိုက်ခြင်းကို ခံရပြီး ချောက်ကမ်းပါးအောက်သို့ ပြုတ်ကျသွားသည်]
ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်၊ သူထင်ထားသလို လီချန်းလုံရဲ့ ကျင့်ကြံခြင်းဂူက ထောက်ချောက်တစ်ခု ဖြစ်နေပါတယ်၊ ကံကောင်းထောက်မပြီး သူမသွားခဲ့ပေလို့ပဲ၊ ဟန်ကျွယ်ဟာ ကံဆိုးရှာလေသူ မော့ကျူအတွက် တိတ်တဆိတ် ဆုတောင်းပေးရုံကလွဲပြီး ဘာမှ မတက်နိုင်ပါဘူး။
“ဝေါင်း”.
ရုတ်တရက် ဟိန်းဟောက်သံ တစ်သံကို ကျောက်အေးတောင်ထိပ် အဆောင်ရဲ့ အပြင်ဘက်ကနေ ကြားလိုက်ရပါတယ်၊ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ်၊ တံခါးဝဆီ သူ လျှောက်သွားတဲ့အခါ သစ်ကိုင်းပေါ်မှာ ရပ်နေတဲ့ ကြောင်ဖြူတစ်ကောင်ကို တွေ့လိုက်ရပါတယ်။
ကြောင်ဖြူဟာ သေးသွယ်ပြီး သူ့ကိုယ်ပေါ်မှာ ကျားဖြူ အမှတ်အသားတွေ ရှိနေပါတယ်၊ ဒီကြောင်ဖြူရဲ့ မျက်လုံးတွေက ခရမ်းနုရောင် သမ်းနေတဲ့အတွက် သူ့ကို ပိုပြီးမိစ္ဆာဆန်သွားစေပါတယ်၊ ဟန်ကျွယ်ဟာ အန္တရာယ် အငွေ့အသက်ကို မခံစားရတဲ့အတွက် ကြောင်ဖြူလေးကို လျစ်လျူရှုလိုက်ပါတယ်။
ဒီအချိန်မှာပဲ ကြောင်ဖြူက ဟန်ကျွယ်ကို ခုန်အုပ်လိုက်ပါတယ်၊ ဟန်ကျွယ်ဟာ ဝသီအတိုင်း ပုံရိပ်ယောင် ခြေခုနစ်လှမ်းကို အသုံးပြုပြီး ရှောင်တိမ်းလိုက်တဲ့အတွက် ကြောင်ဖြူဟာ အဆောင်ရဲ့ နံရံကို အုပ်မိသွားပါတယ်၊ ကြောင်ဖြူဟာ ချက်ချင်းပဲ ပြန်လှည့်ပြီး ဟန်ကျွယ်ပေါ် ခုန်အုပ်လိုက်ပြန်ပါတယ်၊ ဟန်ကျွယ်ဟာ အဆောင်မှာစီရင်ထားတဲ့ မန္တန်က အစွမ်းမပြတဲ့အတွက် မျက်မှောင်ကြုတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ရှင်းလင်းတဲ့နေရာကို ခုန်ထွက်လိုက်ပါတယ်၊ ကြောင်ဖြူကလည်း အရင်ကထက် ပိုမိုလျင်မြန်စွာ ဟန်ကျွယ်ဆီ ခုန်အုပ်လိုက်ပါတယ်။
“မြန်လှချည်လား!”
ဟန်ကျွယ်ဟာ ပုံရိပ်ယောင် ခြေခုနစ်လှမ်းကို အသုံးပြုပြီး အရိပ်ကိုယ်ပွား ခုနစ်ခု ဖန်တီးကာ ကြောင်ဖြူကို ဝိုင်းလိုက်ပါတယ်၊ ဟန်ကျွယ် ခုနစ်ယောက်ဟာ သူတို့လက်တွေကို တစ်ပြိုင်တည်း မြှောက်ပြီး ပြိုင်ဘက်ကင်းဓားလက်ညိုးသိုင်းကို တစ်ချိန်တည်း ထုတ်ဖော်လိုက်ပါတယ်။
ကြောင်ဖြူဟာ ဟန်ကျွယ် ခုနစ်ယောက်ကို ကြည့်ပြီး အငိုက်မိသွားတာကြောင့် ဓားစွမ်းအားထိကာ ညောင်ကနဲ အော်မြည်လိုက်သလို သွေးတွေလည်း လွှင့်စဉ်ထွက်သွားပါတယ်၊ အဲဒီနောက် အလျင်အမြန်ပဲ ခုန်ထွက်လိုက်ပြီး တောအုပ်ထဲတိုးဝင် ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်လည်း သူ့လက်ကို ပြန်သိမ်းလိုက်ပြီး အဆောင်ထြ ပြန်ဝင်လိုက်ပါတယ်၊ ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ့နဖူးက ချွေးစချွေးနတွေကို သုတ်လိုက်ပါတယ်၊ ပုံရိပ်ယောင် ခြေခုနစ်လှမ်းကြောင့် ဟန်ကျွယ် ကံကောင်းသွားတာပါ၊ မဟုတ်ရင် ဒီလောက်လျင်မြန်တဲ့ ကြောင်ဖြူကို သူ ယှဉ်တိုက်နိုင်မှာ မဟုတ်ပါဘူး။
‘ဒီကြောင်ဖြူက ဘယ်နားကနေ ရောက်လာတာလဲ? မြန်လိုက်တာမှ လွန်ရော၊ ဒီကောင်က တစ်ခြား တိုက်ခိုက်ရေး နည်းလမ်းတွေ မရှိလို့ ငါ ကံကောင်းသွားတာ… နောက်ကျရင် ဒီထက် ပိုဂရုစိုက်ရမယ်’ ဟန်ကျွယ်က တိတ်တဆိတ် တွေးတောလိုက်ပါတယ်၊ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ အတွေးများကို ရှင်းထုတ်ပြီး ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
…
နန်းတော်တစ်ခုအတွင်း၌ တောင်ထိပ် ၁၈ ခုမှ အကြီးအကဲများသည် စုဝေးနေကြ၏။
“ဂိုဏ်းချုပ်က ဒီမှာမရှိတော့ မကြာသေးခင်ကမှ ဖြစ်ခဲ့တဲ့ မိစ္ဆာတစ်သောင်း နယ်မြေမှာ သားရဲတွေရဲ့ စိတ်ရိုင်းဝင်မှုကို ငါတို့ကို စုံစမ်းစစ်ဆေး ရလိမ့်မယ်” အကြီးအကဲတစ်ဦးက ပြောလိုက်ပါတယ်။
ဒီအကြီးအကဲက ကောင်းကင်မိုးကြိုးတောင်ထိပ်ရဲ့ တောင်ထိပ်အကြီးအကဲ မိုးကြိုးအင်မော်တယ်ပဲ ဖြစ်ပါတယ်။
“ဒီဟာက မသင်္ကာစရာကောင်းတယ်၊ ငါ့စိတ်ထဲမှာ ဒီကိစ္စက ချင်မင်ဂိုဏ်းနဲ့ ဆက်စပ်နေလိမ့်မယ်လို့ ခံစားမိနေတယ်”
“ငါလည်း အဲဒီလိုပဲ ထင်တယ်၊ ချင်မင်ဂိုဏ်းက မိစ္ဆာကျင့်ကြံသူတွေက လီချန်းလုံရဲ့ ကျင့်ကြံခြင်း လိုဏ်ဂူနားမှာ ပေါ်လာတယ်၊ ငါတို့လို အကြီးအကဲတွေထဲမှာ သစ္စာဖောက်ရှိနေပြီလို့ ငါ သံသယရှိတယ်၊ ဂိုဏ်းချုပ် ထွက်သွားလို့ သူတို့က စလှုပ်ရှားလာတာ”
“ချင်မင်ဂိုဏ်းက မိစ္ဆာတစ်သောင်း နယ်မြေထဲမှာရှိတဲ့ သားရဲတွေကို အသုံးချချင်နေတာလား?”
“အရမ်းဖြစ်နိုင်တယ်၊ ယွီဂျင်ဂိုဏ်းက မိစ္ဆာတစ်သောင်း နယ်မြေကို နှစ်နှစ်ရာကျော် လေ့ကျင့်ထားတာ အထင်သေးလို့မရတဲ့ အင်အားတစ်ခု ဖြစ်လာပြီ”
“မိစ္ဆာတစ်သောင်း နယ်မြေကို တပည့်တွေ ပိုလွှတ်ရအောင်”
အကြီးအကဲတွေက အချင်းချင်း စကားပြောဆိုနေကြပါတယ်၊ ဒါပေမဲ့ နတ်မိမယ်ရှီရွှမ်ကတော့ တစ်ခွန်းမျှ ဝင်မပြောဘဲ တိတ်ဆိတ်စွာ ထိုင်နေပါတယ်၊ အချိန်အကြာကြီး ဆွေးနွေးပြီးတဲ့အခါမှာ တောင်ထိပ်အကြီးအကဲတွေက တပည့်နှစ်ယောက် ထပ်လွှတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဆွေးနွေးပွဲ ပြီးတာနဲ့ အကြီးအကဲတွေက ထွက်ခွာသွားကြပါတယ်၊ နတ်မိမယ်ရှီရွှမ် ပြန်ခါနီးမှာ မိုးကြိုးအင်မော်တယ်က သူ့ကို ရုတ်တရက် ခေါ်လိုက်ပါတယ်၊ ခန်းမထဲမှ နှစ်ယောက်ထဲ ကျန်ရှိတော့မှ မိုးကြိုးအင်မော်တယ်က “ဂျူနီယာ… ဘာလို့ တစ်ခွန်းမှ ဝင်မပြောတာလဲ?” လို့ မေးလိုက်ပါတယ်။
“နတ်မိမယ်ရှီရွှမ်က “ဒီကိစ္စတွေကို ရှင် ကြိုက်သလို ဆုံးဖြတ်နိုင်တယ်” လို့ တည်ငြိမ်စွာ ပြန်ပြောလိုက်ပါတယ်။
မိုးကြိုးအင်မော်တယ်ဟာ သူ့မျက်စိကို မှေးလိုက်ပြီး “ဂိုဏ်းချုပ်က အဓိကတပည့် ၁၈ ဦးကို ဘယ်ခေါ်သွားလဲ နင် သိလား?” လို့ မေးလိုက်ပါတယ်။
နတ်မိမယ်ရှီရွှမ်က ဘာမှ ပြန်ဖြေပါဘူး။
တကယ်လို့များ အကြီးအကဲတွေထဲမှာ သစ္စာဖောက် ရှိနေခဲ့ရင် ငါ ယုံကြည်လို့ရတာ နင်ပဲရှိတယ်၊ ငါတို့တွေ အတူတူ အလုပ်လုပ်ရလိမ့်မယ်” လို့ မိုးကြိုးအင်မော်တယ်က လေးနက်စွာ ပြောကြားလိုက်ပါတယ်။
နတ်မိမယ်ရှီရွှမ်က “လုပ်ရမှာပေါ့၊ ငါတို့က ဆရာတစ်ယောက်တည်းဆီမှာ ပညာသင်ကြားခဲ့တာပဲ” လို့ ပြန်ဖြေလိုက်ပါတယ်။
မိုးကြိုးအင်မော်တယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။
…
မိစ္ဆာတစ်သောင်းနယ်မြေ
ကြောင်ဖြူထွက်သွားတာ နှစ်နှစ်တောင် ရှိနေပါပြီ၊ ဟန်ကျွယ်ရဲ့ စွမ်းရည်ငါးမျိုးကလည်း အခြေခံအဆင့် ဆဋ္ဌမတန်းကို ရောက်ရှိသွားပါပြီ၊ ဟန်ကျွယ်ဟာ ရွှေဓာတ်လုံးအဆင့်ကို ရောက်ရှိဖို့ သိပ်မဝေးတော့ပါဘူး။
“ငါရဲ့ သူငယ်ချင်းလေး… မင်းက မိစ္ဆာတစ်သောင်းနယ်မြေကို မင်းရဲ့ လေ့ကျင့်ကွင်းအနေနဲ့ သုံးနေတာလား?”
လှောင်ရယ်သံကို ကြားလိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ တံခါးဝမှာရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်ရပါတယ်၊ အဘိုးအိုဟာ ကြမ်းတမ်းတဲ့ အဝတ်အစားကို ဝတ်ဆင်ထားပြီး လက်ကလည်း အရက်ဘူးသီးတောင်းကို လှုပ်ရမ်းနေပါတယ်၊ သူ့နှာခေါင်းကလည်း အရက်သောက်တာ များလွန်းတာကြောင့် နီရဲနေပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး “ခင်ဗျားက ဘယ်သူလဲ?” လို့ မေးလိုက်ပါတယ်၊ ဟန်ကျွယ်ဟာ ဒီအဘိုးကြီး ချဉ်းကပ်လာတာကို ခံစာလို့မရတဲ့အတွက် အန္တရာယ်ရှိမှန်း တန်းသိလိုက်ပါတယ်။