အရိပ်ဓားဖြင့် သားရဲများကို သတ်ဖြတ်ခြင်း
Vol. 1 Ch. 15
အခန်း (၁၅) အရိပ်ဓားဖြင့် သားရဲများကို သတ်ဖြတ်ခြင်း
ဟန်ကျွယ်ဟာ အရိပ်သုံးပါးဓားသိုင်းကို သင်ယူပြီးတဲ့နောက် သူ့ကိုယ်သူ ပိုပြီး ယုံကြည်မှု ရှိလာပါတယ်၊ အခုဆိုရင် သူဟာ သဘောသဘာဝ မတူညီတဲ့ အရိပ်ဓားသုံချောင်းကို ထုတ်နိုင်ပြီး အဲဒီဓားတွေကိုလည်း အလွယ်တကူ ထိန်းချုပ်စေစားနိုင်ပါတယ်၊ ဟန်ကျွယ်ဟာ ဒီဓားသိုင်းကို ဆက်တိုက် ထုတ်သုံးနိုင်ပါတယ်၊ ဆိုလိုတာက သူ ဆင့်ဆိုလိုက်တဲ့ ဓားတွေ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်သွားမယ်ဆိုရင် နောက်ထပ် ဓားသုံးချောင်းကို သူ့စိတ်ဝိညာဉ်ချီ မကုန်မချင်း ထပ်ပြီး ဆင့်ဆိုနိုင်ပါတယ်၊
ဟန်ကျွယ်ရဲ့ စိတ်ဝိညာဉ်ချီဟာ အဆင့်တူတွေထက် အများကြီး သာလွန်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က အမတဧကရာဇ်ဆီက ဆက်ခံလို့ရခဲ့တဲ့ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ် ကြောင့်ပါပဲ၊ ဟန်ကျွယ် လေ့ကျင့်တဲ့ စိတ်ဝိညာဉ်ချီ ခြောက်မျိုးစလုံးမှာ စိတ်ဝိညာဉ်ချီတစ်ခုချင်းစီကိုက သာမန်အဆင့်တူ ကျင့်ကြံသူတွေထက် ပိုပြီး အားကောင်းနေတာပါ။
“ဒီနေ့ကစပြီး ငါဟာ အားနည်းသူ မဟုတ်တော့ဘူး” ဟန်ကျွယ်ဟာ ဝင့်ကြွားစွာ တွေးတောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အဆောင်ထဲကို စိတ်အား ထက်သန်စွာ ပြန်သွားပြီး ဆက်လက်ကျင့်ကြံပါတယ်၊ ဒီကမ္ဘာမှာ ကျင့်ကြံအားထုတ်တာက အရေးကြီးဆုံးပါပဲ၊ ကျင့်ကြံခြင်းအဆင့် မြင့်မားလေ သူ့ပညာက အစွမ်းထက်လေပါပဲ၊ ဟန်ကျွယ်သာ ကနဦးဝိညာဉ်အဆင့် ရောက်သွားမယ်ဆိုရင် သူ့ရဲ့ အရိပ်ဓားသုံးချောင်းက ကမ္ဘာပျက်လောက်တဲ့အထိကို စွမ်းအားကြီးသွားမှာပါ၊ ဟန်ကျွယ်ဟာ အဲဒီလိုနေ့မျိုးကို စောင့်မျှော်နေတာပါ။
…
ရက်အတန်ကြာတဲ့အခါမှာ ကျောက်အေးတောင်ထိပ်က နောက်ထပ် တပည့်နှစ်ယောက်ကို စေလွှတ်လိုက်ပါတယ်၊ တစ်ဦးက ချန်ယွီအာ ဖြစ်ပြီးတော့ နောက်တစ်ဦးကတော့ မု့န်ဟယ် ဖြစ်ပါတယ်၊ မုန့်ဟယ်ဟာ ကျောက်အေးတောင်ထိပ်ရဲ့ ခုနစ်ယောက်မြောက်တပည့် ဖြစ်ပြီး သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အခြေခံအဆင့် နဝမတန်းမှာ ရှိတဲ့အတွက် အင်အားကြီးတယ်လို့ ပြောလို့ရပါတယ်။
“အပြင်ဘက်က သစ်တောက ဘာလို့ ပြတ်နေတာလဲ?” ဘာတွေဖြစ်လို့လဲ?” မုန့်ဟယ်က နားမလည်သောကြောင့် မေးလိုက်ပါတယ်။
ဟန်ကျွယ်က “အဲဒါလား၊ သားရဲတွေက ကျွန်တော့်ကို ဝိုင်းတိုက်ဖို့ ကြိုးစားလို့ အကြီးအကဲ တစ်ယောက် ကူညီသွားတာပါ” လို့ ပြန်ပြောလိုက်ပါတယ်။
ချန်ယွီအာဟာ အခွင့်အရေးယူပြီး “ဂျူနီယာ အဆင်ပြေရဲ့လား?” ဟု မေးကာ အိုက်လန်ကို လှမ်းထိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပါတယ်။
ချန်ယွီအာဟာ ဒေါသထွက်သွားပြီး “ဂျူနီယာမောင်လေး ငါ အတည်ပြောနေတာ?” ဟု ကြိမ်းမောင်းလိုက်၏။
ဟန်ကျွယ်ဟာ လည်ချောင်းရှင်းပြီး ပြောလိုက်ပါတယ် “ဆရာသခင်က ကျောက်အေးတောင်ထိပ်မှာ ရှိတဲ့ တပည့်တွေက ခွင့်မပြု...”
“ဟင်း... အဲဒါက နင့်ဘာသာ ထင်နေတာ၊ ငါက နင် ဒဏ်ရာရလားလို့ ကြည့်ရုံပါ”
ဒီမြင်ကွင်းကြောင့် မု့န်ဟယ်က ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်၊ ဒီမြင်ကွင်းဟာ သူ့အတွက် အထူးတဆန်းတော့ မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က လူသိမခံအောင် ကျင့်ကြံအားထုတ်ပေမဲ့ သူရဲ့ ချောမောတဲ့ ရုပ်ရည်အကြောင်းကတော့ နေရာတော်တော်များများကို ပျံ့နှံ့သွားပါတယ်၊ အတွင်းဂိုဏ်းရဲ့ အမျိုးသမီး ကျင့်ကြံသူ တော်တော်များများက ကျောက်အေးတောင်ထိပ်မှာရှိတဲ့ ချောမောတဲ့ တပည့်တစ်ဦးအကြောင်းကို အသက်ရှူမရပ်တမ်း ပြောနေကြပါတယ်၊ ဒါပေမဲ့ ဒီအမျိုးသမီး ကျင့်ကြံသူတွေဟာ ဟန်ကျွယ်ရဲ့ နာမည်ကိုတော့ သိရှိခြင်း မရှိပါဘူး။
ကောလဟာလတွေကို ကြားတာနဲ့ ဒီအမျိုးသမီး ကျင့်ကြံသူတွေ ပြောနေကြတာက ဟန်ကျွယ်ပဲလို့ မုန့်ဟယ်က ကောက်ချက်ချလိုက်ပါတယ်၊ ကျောက်အေးတောင်ထိပ် မပြောနှင့် အတွင်းဂိုဏ်း တစ်ခုလုံးမှာတောင် ဟန်ကျွယ်ထက် ချောမောတဲ့ အမျိုးသားကျင့်ကြံသူ မရှိပါဘူး၊ ချန်ယွီအာက လှပတဲ့ဆိုပေမဲ့ အလှပဆုံး အမျိုးသမီးကျင့်ကြံသူ ဖြစ်ဖို့တော့ အဝေးကြီးလိုပါသေးတယ်၊ ဟန်ကျွယ်သာ အဖော်လိုချင်တယ်ဆိုရင် ချန်ယွီအာထက် လှပတဲ့ အမျိုးသမီးကျင့်ကြံသူတွေက ဟန်ကျွယ် လိုဏ်ဂူရှေ့မှာ တန်းစီနေမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။
“ဆရာသခင်က မင်းအန္တရာယ်ထဲ ကျမှာစိုးလို့ ငါတို့ကို ကူညီဖို့ လွှတ်လိုက်တာ၊ ချင်မင်ဂိုဏ်းက မိစ္ဆာတစ်သောင်း နယ်မြေထဲကို ထိုးဖောက်ဝင်ရောက် ထားတယ်လို့ ငါကြားထားတယ်၊ ငါတို့တွေ ဂရုစိုက်ရမယ်” မုန့်ဟယ်က သတိပေး ပြောကြားလိုက်ပါတယ်။
ချင်မင်ဂိုဏ်း? ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပါတယ် ‘ကျားနဂါးဖြူကို ယဉ်ပါးအောင်လုပ်ရင် ချင်မင်ဂိုဏ်းရဲ့ ဂရုစိုက်မှုကို ခံရမယ်ဆိုတာ အံဩစရာ မရှိတော့ပါဘူး၊ ဒီလိုဆိုရင် သူတို့တွေက မိစ္ဆာတစ်သောင်းနယ်မြေထဲကို စိမ့်ဝင်နေပြီပေါ့၊ ဒါကြောင့် လီချင်းဇဲ့က ဒီကို ရောက်လာတာပဲ ဖြစ်ရမယ်၊ အန္တရာယ် တော်တော်များတာပဲ’ ဟန်ကျွယ်ဟာ မိစ္ဆာတစ်သောင်းနယ်မြေကနေ ရုတ်တရက် ထွက်ခွာချင်လာပါတယ်။
“ဂျူနီယာချန်... အရင်အနားယူချည်၊ ငါ လျှောက်ကြည့်လိုက်အုန်းမယ်” မုန့်ဟယ်ဟာ ဒီလို ပြောဆိုပြီးနောက် အဆောင်အပြင်ဘက်ကို ထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ ချန်ယွီအာကို စကားစဖို့ အခွင့်အရေး လုံးဝမပေးဘဲ ဘေးဘက်ဆီ လျှောက်သွားပြီး ဆက်တရားထိုင်ပါတယ်၊ ချန်ယွီအာဟာ နှုတ်ခမ်းတွန့်လိုက်ပြီး စတင် ကျင့်ကြံလိုက်ပါတယ်၊ ချန်ယွီအာဟာ ဟန်ကျွယ်က အခြေခံအဆင့် နဝမတန်းကို ရောက်နေပြီလို သိကတည်းက သူ့အချိန် အများစုကို ကျင့်ကြံအားထုတ်တာနဲ့ ကုန်ဆုံးပါတယ်၊ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင်နဲ့ ပတ်သတ်လို့ နတ်မိမယ်ရှီရွှမ်က ဘယ်သူကိုမှ မပြောခိုင်းတဲ့အတွက် ကျောက်အေးတောင်ထိပ်ရဲ့ တစ်ခြားတပည့်တွေဟာ ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းအဆင့် အမှန်ကို မသိကြပါဘူး။
နှစ်ရက်ကြာတဲ့အခါမှာ မုန့်ဟယ် ပြန်ရောက်လာပါတယ်၊ ဒါပေမဲ့ မုန့်ဟယ်ဟာ ပြဿနာ တက်လာပုံ ပေါ်ပါတယ်၊ ဟန်ကျွယ်နဲ့ ချန်ယွီအာဟာ ကျင့်ကြံရာက ထလိုက်ကြပါတယ်။
မုန့်ဟယ်ဟာ သူ့ပါးစပ်ထောင့်မှာ ပေကျံနေတဲ့ သွေးတွေကို သုတ်လိုက်ပြီး အကြောက်မပြေသေးဘဲ ပြောလိုက်ပါတယ် “ငါ ရွှေဓာတ်လုံး အဆင့်ရှိတဲ့ သားရဲတစ်ကောင်နဲ့ တိုးလာတာ၊ ဒီကောင်က အရမ်း စွမ်းအားကြီးတော့ ငါသေခါနီး ဖြစ်သွားတယ်”
ဟန်ကျွယ်က “အနီးအနားမှာ သားရဲတွေ တော်တော်များလို့လား?” ဟု မေးလိုက်ပါတယ်။
“ဒီကနေ ၇ ကီလိုမီတာ အကွာအဝေးမှာ သားရဲအုပ်စုတစ်စု ရှိတယ်၊ ဒါပေမဲ့ သူတို့တွေကို တစ်ယောက်ယောက် ဖော်မေးရှင်းနဲ့ ချုပ်ထားတော့ ငါတို့အတွက် အန္တရာယ်မရှိပါဘူး၊ ငါတွေ့ခဲ့တဲ့ စွမ်းအားကြီး သားရဲကလည်း ဒီနေရာနဲ့ အတော်လေး အလှမ်းဝေးတော့ ငါတို့ကို အန္တရာယ်မပေးနိုင်ဘူး” မုန့်ဟယ်က ပြန်ပြောလိုက်ပါတယ်။
“ဒါဆိုရင် မြန်မြန် ဒဏ်ရာကုသလေ”
“အင်း” မုန့်ဟယ်ဟာ သူ့ဒဏ်ရာတွေကို ကုသဖို့အတွက် တရားထိုင်ပြီး သူ့စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်လိုက်ပါတယ်၊ မကြာမီမှာပဲ မုန့်ဟယ်ဟာ သွေးနက်တွေကို အန်ထုတ်ပစ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ သွေးနက်တွေကို ကြည့်ပြီး အလွန်တရာ ကြောက်လန့်သွားပါတယ် ‘သူ အဆိပ်မိလာတာလား? တော်သေးတာပေါ့ ငါလျှောက်မသွားလို့၊ မဆင်မခြင် မလုပ်ရဘူးဆိုတဲ့ စကားကို တကယ်မှန်တာပဲ’ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း တစိမ့်စိမ့် တွေးတောလိုက်ပါတယ်။
ချန်ယွီအာလည်း မသက်မသာ ခံစားလိုက်ရပါတယ် ‘နှစ်ရက်ပဲ ရှိသေးတယ်၊ စီနီယာခုနစ်က ဒဏ်ရာရသွားပြီ၊ ဒီမိစ္ဆာတစ်သောင်းနယ်မြေကို တကယ် ကြောက်စရာကောင်းတဲ့ နယ်မြေပဲ၊ ဒါနဲ့ ဂျူနီယာဟန်က ဒီလောက်နှစ်အကြာကြီး ဘာလို့ ပွန်းပဲ့ရှနာတောင် မရှိရတာလဲ?’ ချန်ယွီအာဟာ ဟန်ကျွယ်ကို သံသယအကြည့်နှင့် ကြည့်လိုက်ပါတယ် ‘သူက စီနီယာခုနစ်ထက် ပိုပြီး စွမ်းအားကြီးနေလို့လား’
…
မုန့်ဟယ်ဟာ ဒဏ်ရာရပြီးတဲ့နောက်မှာ အပြင်ဘက်ကို လျှောက်မသွားရဲတော့ပါဘူး၊ ဟန်ကျွယ်ကလည်း ကျင့်ကြံခြင်းနဲ့ပဲ အလုပ်ရှုပ်နေတဲ့အတွက် အပြင်ဘက်ကို မထွက်ပါဘူး၊ မုန့်ဟယ်နဲ့ ဟန်ကျွယ်က အပြင်ဘက် မထွက်တဲ့အတွက် ချန်ယွီအာလည်း တစ်ယောက်တည်း အပြင်ဘက်ကို မထွက်ရဲပါဘူး။
တစ်နှစ်ကြာပြီးတဲ့နောက် နေ့တစ်နေ့မှာ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေပါတယ်၊ မုန့်ဟယ်က “အနီးအနားမှာရှိတဲ့ သားရဲတွေက ပိုပိုပြီး များလာတယ်၊ သူတို့က မြန်မြန်ဆန်ဆန် ရွေ့လျားနေကြတယ်၊ သူတို့ရဲ့ ပစ်မှတ်က... ငါတို့ပဲ” လို့ ရုတ်တရက် ထပြောလိုက်ပါတယ်။
ဟန်ကျွယ်နဲ့ ချန်ယွီအာဟာ မုန့်ဟယ်ရဲ့ စကားကြောင့် သူတို့မျက်လုံးတွေကို ဖွင့်လိုက်ကြပါတယ်၊ ဟန်ကျွယ်က “ဒါဆိုရင် ကျွန်တော်တို့တွေ ဘာလို့ မပြေးတာလဲ?” လို့ ပြောလိုက်ပါတယ်၊ ချန်ယွီအာက မျက်မှောင်ကြုတ်ပြီး “ဒါပေမဲ့ ဒီနေရာက ကျောက်အေးတောင်ထိပ်ရဲ့ စောင့်ကြပ်ရမဲ့နေရာလေ၊ ကျွန်မတို့တွေ အခုသွားမယ်ဆိုရင် ခွင့်ပြုချက်မရှိဘဲ ထွက်သွားတာ ဖြစ်သွားလိမ့်မယ်” လို့ ပြောလိုက်ပါတယ်။
“ဒါဆိုရင် အစ်မပဲ သေဖို့ ထိုင်စောင့်နေတော့၊ ကျွန်တော် အစ်မရဲ့ ရဲစွမ်းသတ္တိရှိစွာ စွမ်းဆောင်မှုကို ဆရာသခင်သိအောင် မခြွင်းမချန် ပြောပြလိုက်ပါ့မယ်” ဟန်ကျွယ်ဟာ ပြောပြောဆိုဆို မတ်တတ်ရပ်လိုက်ပါတယ်။
“ဂျူနီယာဟန် ပြောတာ မှန်တယ်၊ တောင်ထိပ် ၁၈ ထိပ်က နေရာတစ်ခုစီကို စောင့်ကြပ်ရတာ၊ ဒီသားရဲတွေက ငါတို့ကိုပဲ တိုက်ခိုက်တာ မဖြစ်လောက်ဘူး၊ အခြားသူတွေလည်း ကျိန်းသေပေါက် ထွက်ပြေးမှာပဲ” လို့ မုန့်ဟယ်က ပြောလိုက်ပါတယ်။
မုန့်ဟယ်ဟာ ပြီးခဲ့တဲ့အခေါက် စွမ်းအားကြီးတဲ့ သားရဲကို ရှုံးနိမ့်ပြီးကတည်းက သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့ပါဘူး။
“ကျွန်တော်တို့တွေ အသက်ရှင်နေသမျှ အခွင့်အရေး ရှိပါတယ်၊ သွားကြရအောင်” ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ အဆောင်ထဲက ပြေးထွက်သွားပါတယ်၊ ချန်ယွီအာနဲ့ မုန့်ဟယ်ဟာလည်း ဟန်ကျွယ် နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားပါတယ်။
သူတို့သုံးဦးစလုံးဟာ ဓားများထုတ်ပြီး ကောင်းကင်ပေါ် ပျံတက်လိုက်ပါတယ်၊ အတော်လေး အမြင့်ကို ရောက်သွားတဲ့ သူတို့သုံးဦးဟာ ခေါင်းငုံ့ပြီး အောက်ကို ကြည့်လိုက်တဲ့အခါမှာ အဆောင်ကို ဗဟိုထားပြီး အရပ်ရှစ်မျက်နှာက သားရဲတွေ ပြေးလာတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ် နဖူးမှာ ဇောချွေး စို့သွားပါတယ် ‘သားရဲတွေက များလှချည်လား၊ ကြည့်ရတာ ငါရဲ့ အာရုံခံအစွမ်းကို တော်တော်လေး သုံးစားမရတာပဲ၊ မဖြစ်ဘူး... ငါရဲ့ အာရုံခံအစွမ်းကို ထက်မြက်ကို လေ့ကျင့်ရမယ်၊ မုန့်ဟယ်ရဲ့ သတိပေးမှုကြောင့်သာ ဒီတစ်ခေါက် တကယ်မလွယ်ဘူး’
“ဝှစ်!”
လေထုကို ခွင်းလာတဲ့အသံကို ရှေ့ကနေ ကြားလိုက်ရပါတယ်၊ ဟန်ကျွယ်တို့ သုံးဦးဟာ အသံလာရာဆီကို လှည့်ကြည့်လိုက်တဲ့အခါမှာ တောင်ပံတစ်လျား ပေသုံးဆယ်ရှိတဲ့ အနက်ရောင် သိမ်းငှက်တစ်ကောင်ကို တွေ့လိုက်ရပါတယ်၊ ဒီအနက်ရောင် သိမ်းငှက်ရဲ့ ငှက်တောင်က သတ္တုမြားတွေလိုပါပဲ။
“ဂရုစိုက်ကြ”
မုန့်ဟယ်ဟာ လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်ပြီး မန္တန်တစ်ပုဒ်ကို အလျင်အမြန် ရွတ်ဆိုလိုက်ပါတယ်၊ မီးလုံးသုံးလုံးဟာ လက်ဖွဲ့ထဲကနေ ထွက်ပေါ်လာပြီး အနက်ရောင်သိမ်းငှက်ဆီ ပျံသန်းသွားပါတယ်။
အနက်ရောင် သိမ်းငှက်ဟာ မီးလုံးသုံးလုံးကို အလျင်အမြန် ရှောင်တိမ်းကာ လေထဲမှာ တစ်ပတ်လှည့်ပြီးမှ ဟန်ကျွယ်တို့ သုံးယောက်နောက်ကို ဆက်လိုက်ပါတယ်၊ တစ်ချိန်တည်းမှာပဲ တစ်ခြား ပျံသန်းနိုင်တဲ့ သားရဲတွေဟာ ဟန်ကျွယ်တို့ သုံးဦးဆီ ရောက်လာပါတယ်။
ဟန်ကျွယ်ဟာ သူတို့ဆီ ပျံသန်းလာတဲ့ သားရဲတွေကို ကြည့်လိုက်တဲ့အခါမှာ ခုနစ်ကောင် ရှိတာကို တွေ့လိုက်ရပါတယ်၊ ဒီသားရဲခုနစ်ကောင်လုံးက အလွန်လျင်မြန်တဲ့ အလျင်နဲ့ သူတို့ဆီကို လာနေတာပါ။
ချန်ယွီအာဟာ အလွန်အမင်း ကြောက်လန့်သွားပြီး ဖြူဖတ်ဖြူရော် ဖြစ်ကာ လက်နက်ကိုင်ထားတဲ့ လက်ကလည်း တုန်ယင်လာပါတယ်၊ တုန်လှုပ်ချောက်ချားနေပြီ ဖြစ်တဲ့ မုန့်ဟယ်က “ငါတို့တွေ လူစုခွဲပြီး ပြေးကြရအောင်” လို့ အော်ပြောလိုက်ပါတယ်။
ဟန်ကျွယ်က စိတ်ထဲမှ ကျိန်ဆဲလိုက်ပါတယ် ‘ဒီခွေးမသားက တစ်ယောက်တည်း ထွက်ပြေး လွတ်မြောက်ချင်တာပဲ’ သာမန်အနေနဲ့ ကြည့်မယ်ဆိုရင် ဟန်ကျွယ်နဲ့ ချန်ယွီအာရဲ့ ကျင့်ကြံခြင်းအဆင့်က မုန့်ဟယ်ထက် နိမ့်ကျပါတယ်၊ ဒါကြောင့် မုန့်ဟယ်က ဟန်ကျွယ်နဲ့ ချန်ယွီအာကို ဝန်ထုတ်ဝန်ပိုးလို သဘောထားပြီး စွန့်ပစ်လိုက်တာပါ။
မုန့်ဟယ်က ချက်ချင်းပဲ လမ်းကြောင်းပြောင်းပြီး ထွက်ပြေးပါတယ်၊ သူဟာ မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ပြီး လေလိုလျင်မြန်တဲ့ အလျင်နဲ့ အလွန်လျင်မြန်စွာ ထွက်ပြေး လွတ်မြောက်သွားပါတယ်။
ချန်ယွီအာဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး၊ ဒါဟာ သူ့အတွက် ပထမဦးဆုံး အန္တရာယ် ကြီးကြီးမားမားနဲ့ ရင်ဆိုင်မိခြင်းပါပဲ။
အလွန်လျင်မြန်စွာ နီးကပ်လာတဲ့ သားရဲခုနစ်ကောင်ကို တွေ့လိုက်ရတာကြောင့် ဟန်ကျွယ်ဟာ ချက်ချင်းပဲ အရိပ်ဓားသုံးပါးသိုင်းကို အသုံးပြုလိုက်ပါတယ်၊ အရိပ်ဓားသုံးချောင်းဟာ လျင်မြန်စွာ ပေါ်လာပြီး မိစ္ဆာသားရဲ ခုနစ်ကောင်ဆီ အားမာန်ပြင်းစွာ ပျံသန်းထွက်သွားပါတယ်။
ချန်ယွီအာဟာ သူ့မျက်စိရှေ့က ဖြတ်သန်းသွားတဲ့ အလင်းရောင်ကို ဖျပ်ခနဲ မြင်လိုက်ရပြီး ပျံသန်းနေတဲ့ သားရဲခုနစ်ကောင်က လေးငါးပိုင်း ပြတ်ကာ တစ်ချက်တည်း သေဆုံးသွားတာကို မြင်လိုက်ရပါတယ်။
ချန်ယွီအာဟာ မျက်လုံးပြူးသွားပြီး ဟန်ကျွယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါတယ်၊ ဟန်ကျွယ်ရဲ့ ရှည်လျားတဲ့ ဆံပင်ဟာ လေအတိုက်မှာ လွင့်ပျံနေပြီး သူ့မျက်လုံးတွေက အေးစက်စူးရှကာ ခန့်ညားတဲ့ ရောင်ဝါတွေ ထွက်ပေါ်နေပါတယ်။
[ချန်ယွီအာသည် သင့်အပေါ် အကောင်းမြင်မှု တိုးလာပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု : ကြယ်လေးပွင့်]
ဟန်ကျွယ်ဟာ မျက်နှာအမူအရာ ချက်ချင်း ပြောင်းသွားပြီး နောက်ကို လှည့်ကြည့်လိုက်တဲ့အခါမှာ သူ့ကို မမှိတ်မသုန် စိုက်ကြည့်နေတဲ့ ချန်ယွီအာရဲ့ မျက်လုံးတွေကို တွေ့လိုက်ရပါတယ်၊ မုန့်ဟယ်ကတော့ ထွက်ပြေးသွားတာ အရိပ်တောင် မတွေ့ရတော့ပါဘူး။
ချန်ယွီအာက “ဂျူနီယာမောင်လေး… မောင်လေးက တကယ် စွမ်းတာပဲ” လို့ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ်။
“စီနီယာချန်... ဒီနေ့မြင်တာကို ဘယ်သူကိုမှ မပြောပါနဲ့၊ ကျွန်တော် လူသိမခံဘဲ အေးအေးဆေးဆေး ဆက်ကျင့်ကြံချင်ပါသေးတယ်၊ ဒီကိစ္စသာ ပျံ့နှံ့သွားရင် ကျွန်တော်က အဓိကတပည့်ဖြစ်သွားမှာ၊ အဲဒီအချိန်ကျရင် စီနီယာချန် ကျွန်တော်ကို မြင်ရတော့မှာ မဟုတ်ဘူး”
ချန်ယွီအာဟာ ချက်ချင်းပဲ ခေါင်းညိတ်ပြီး သဘောတူလိုက်ပါတယ်။