← Chapters

သဘာဝကျင့်ကြံခြင်းလိုဏ်ဂူ

Vol. 2 Ch. 16

သဘာဝကျင့်ကြံခြင်းလိုဏ်ဂူ

Vol. 2 Ch. 16

အခန်း (၁၆) သဘာဝကျင့်ကြံခြင်းလိုဏ်ဂူ

ဟန်ကျွယ်က အောက်ကို ထိုးဆင်းသွားတဲ့အတွက် ချန်ယွီအာလည်း နောက်ကနေ ချက်ချင်း လိုက်သွားပါတယ် “ဂျူနီယာ... ဘာလုပ်မလို့လဲ?”

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ဒီသားရဲတွေရဲ့ အစိတ်အပိုင်းတွေက တန်ဖိုးရှိတယ် မလား? ကျွန်တော်က အဲဒါတွေကို ယူမလို့ပါ”

ဟန်ကျွယ်ဟာ သူ့ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို နောက်ဆုံးမှာတော့ သဘောပေါက် နားလည်သွားပါတယ်၊ သားရဲတွေက သူထင်ထားသလောက် ကြောက်စရာ ကောင်းမနေပါဘူး၊ ဒီအတွေးပေါ်လာတဲ့ ဟန်ကျွယ်ဟာ စိတ်ပြေလက်ပျောက် ဖြစ်သွားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အပြည့် ဖြစ်သွားပါတယ်။

“အို... ဟုတ်သားပဲ၊ ဂျူနီယာ... အစ်မ ကူညီပေးမယ်၊ အစ်မက သားရဲတွေကို ဘယ်လိုခွဲခြမ်းရမလဲဆိုတာ လေ့လာထားတယ်၊ ဒီနည်းနဲ့ပဲ အစ်မ မင်းကို ကျေးဇူးတင်ကြောင်း ပြောနိုင်မယ်” ချန်ယွီအာက စိတ်အားထန်စွာ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်ပါတယ်၊ ကူညီမဲ့လူရှိတာ အလုပ်ကို ပိုမို တွင်ကျယ်စေပါတယ်၊ ငါးမိနစ်အကြာမှာပဲ ဟန်ကျွယ်နဲ့ ချန်ယွီအာဟာ သူတို့လိုချင်တဲ့ သားရဲအစိတ်အပိုင်းတွေကို ဖြတ်တောက် ယူငင်ပြီး အဲဒီနေရာကနေ ခပ်သုတ်သုတ် ထွက်ခွာလာခဲ့ပါတယ်။

သူတို့တွေ ခရီးနှင်တဲ့အခါမှာ ချန်ယွီအာဟာ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်၊ ဒါပေမဲ့ မုန့်ဟယ်အကြောင်းကို သူတို့တွေ ပြောမိတဲ့အခါမှာတော့ ချန်ယွီအာဟာ အံကြိတ်လိုက်ပါတယ်။

“အစ်ကိုခုနစ်က လွန်လွန်းအားကြီးတယ်! မဟုတ်ဘူး! သူက ငါတို့ရဲ့ အစ်ကိုခုနစ်ဖြစ်ဖို့ မထိုက်တန်ဘူး! ကျောက်အေးတောင်ထိပ်ကို ပြန်ရောက်ရင် ဆရာသခင်ကို တိုင်ပစ်မယ်... သူ သားရဲတွေ စားတာ ခံရဖို့ ငါမျှော်လင့်တယ်!”

“ဂျူနီယာ ငါတို့တွေ ဘယ်ကိုသွားကြမှာလဲ?”

ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ် ‘ဒီနေရာက အန္တရာယ်အတော်လေး ကြီးလာပြီ၊ ထားလိုက်ပါတော့’

“ပြန်သွားကြမယ်၊ ကျောက်အေးတောင်ထိပ်ဆီ ပြန်ရောက်ရင် ဆရာသခင်ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ရမှာပဲ” ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ်၊ သာမန်သားရဲတွေက သူ့ကို ထိခိုက် ဒဏ်ရာရအောင် မလုပ်နိုင်ပေမဲ့ မိစ္ဆာဘုရင် ဒါမှမဟုတ် ချင်မင်ဂိုဏ်းကလူတွေ ပေါ်လာရင် သူ ဒုက္ခရောက်မှာပါ။

ချန်ယွီအာက တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ မေးလိုက်ပါတယ် “ဒီလိုလုပ်တာ အဆင်ပြေပါ့မလား?”

“ဒီလိုလုပ်တာ အဆင်မပြေဘူး ထင်ရင် နေခဲ့လေ!”

“မနေခဲ့ဘူး! ငါ နင်နဲ့ ပြန်သွားမယ်!”

သူတို့နှစ်ဦးဟာ ပေါ်တယ်ဖော်မေးရှင်းဆီကို အပြေးသွားလိုက်ပါတယ်၊ သိပ်မကြာခင်မှာပဲ ပေါ်တယ်ဖော်မေးရှင်းကို သူတို့နှစ်ယောက် ရှာတွေ့သွားပါတယ်။

ဟန်ကျွယ်နဲ့ ချန်ယွီအာဟာ ပေါ်တယ်ဖော်မေးရှင်းနားမှာ စုရုံးနေတဲ့ ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို တွေ့လိုက်ရပါတယ်၊ ဒီလူတွေထဲမှာ မုန့်ဟယ်ကိုလည်း အပါအဝင်ပါပဲ။

မုန့်ဟယ်ဟာ ဟန်ကျွယ်နဲ့ ချန်ယွီအာကို တွေ့လိုက်ရလို့ မျက်လုံးပြူးသွားပါတယ်၊ ဒါပေမဲ့ ချက်ချင်းပဲ အံအားသင့်တဲ့ အပြုံးမျိုး ပြုံးလိုက်ပြီး “ဂျူနီယာညီလေး! ဂျူနီယာညီမလေး! မင်းတို့တွေ အသက်ရှင်နေသေးတာပဲ၊ တကယ်ကောင်းတယ်!” လို့ ပြောလိုက်ပါတယ်၊

ချန်ယွီဟာ ဒေါသကြောင့် အံကြိတ်လိုက်ပြီး မုန့်ဟယ်ကို ကတ်ကတ်လန် ရန်တွေ့ဖို့ ပြင်လိုက်ပါတယ်၊ ဒါပေမဲ့ ဟန်ကျွယ်က လက်မြှောက်ပြီး စိတ်လိုက်မာန်ပါ မလုပ်ဖို့ အချက်ပြတဲ့အတွက် ချန်ယွီအာက သူ့ဒေါသကို ရင်ထဲမှာ မြိုသိပ်ထားလိုက်ပါတယ်။

ဟန်ကျွယ်ကို ကျင့်ကြံသူတွေထဲမှာ ရပ်နေတဲ့ မော့ဖူချိုက မြင်သွားပါတယ်။

“ညီအစ်ကိုဟန်... ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ?” ဖော့ဖူချိုက အပြုံးနဲ့ မေးလိုက်ပါတယ်၊ မော့ဖူချိုဟာ ချန်ယွီအာရဲ့ အမူအရာကို သတိထားမိတာကြောင့် မုန့်ဟယ်ကို တစ်ချက် ကြည့်လိုက်ပါတယ်။

မုန့်ဟယ်ဟာ မော့ဖူချိုရဲ့အကြည့်ကို မြင်သွားတာကြောင့် အလွန်တရာ အနေရခက်သွားပြီး အတင်းပြုံးလိုက်ပါတယ်။

“ဆရာသခင့်က ကျုပ်ကို ဒီလာဖို့ စီစဉ်ထားတာ၊ ဒါနဲ့ ခင်ဗျာညီမ မော့ကျူတော့ ဒုက္ခရောက်နေပြီ၊ သူက လီချန်းလုံရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို ရတနာရှာဖို့ သွားတယ်လေ၊ ကျုပ် သူ့ကို မသွားဖို့ ဖျောင်းဖျပါသေးတယ်၊ ဒါပေမဲ့ မရပါဘူး” ဟန်ကျွယ်ဟာ ပြောဆိုရင်းနဲ့ ပေါ်တယ် ဖော်မေးရှင်းဆီ လျှောက်သွားပါတယ်။

ချန်ယွီအာဟာ ဟန်ကျွယ်နောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားပါတယ်၊ သူတို့နှစ်ဦးဟာ စိတ်ဝိညာဉ်ကျောက်တုံး အချို့ကို ထုတ်ယူလိုက်ပြီး ဖော်မေးရှင်းကို အသက်သွင်းကာ ထွက်ခွာသွားပါတယ်။

မော့ဖူချိုဟာ မျက်မှောင်ကြုတ်ပြီး မျက်နှာအမူအရာ ပြောင်းလဲသွားပါတယ်။

သူ့ဘေးနားမှာ ရပ်နေတဲ့ လူတစ်ယောက်က မေးလိုက်ပါတယ် “သူက ဘယ်သူလဲ? ကျောက်အေးတောင်ထိပ်က တပည့်လား? ဘာလို့ အရင်က မတွေ့ဖူးရတာလဲ?”

မုန့်ဟယ်က ပြန်ဖြေလိုက်ပါတယ် “ဟုတ်တယ်၊ သူက ငါတို့ ကျောက်အေးတောင်ထိပ်က တပည့်ပဲ၊ သူ့နာမည်က ဟန်ကျွယ်၊ ဆရာသခင်က သူ့ကို အရမ်း အာရုံစိုက်တာ၊ ပြီးခဲ့တစ်ခေါက် ဆရာသခင်က သူ့ကို ဂိုဏ်းချုပ်ရဲ့ အဓိကတပည့်လောင်းတွေထဲ သွားစေချင်ပေမဲ့ သူက ငြင်းခဲ့တယ်”

ဒီစကားကို ကြားလိုက်ရတဲ့ လူတိုင်းဟာ မှင်သက်သွားကြပါတယ်။

မော့ဖူချိုရဲ့ မျက်လုံးတွေဟာ ဝင်းလက်တောက်ပသွားပြီး “သူက အသိအမှတ်ပြုခံရဖို့ အရည်အချင်း ရှိတယ်” လို့ ပြောလိုက်ပါတယ်။

…

အတွင်းဂိုဏ်းကို ပြန်ရောက်တဲ့အခါမှာ ဟန်ကျွယ်နဲ့ ချန်ယွီအာဟာ သားရဲတွေဆီက ရခဲ့တဲ့ပစ္စည်းတွေကို သွားရောင်းပါတယ်၊ အတွင်းဂိုဏ်းမှာ သားရဲတွေဆီကရတဲ့ ပစ္စည်းတွေကိုပဲ အရောင်းအဝယ်လုပ်တဲ့ သီးသန့်စျေးတစ်ခု ရှိပါတယ်၊ ဟန်ကျွယ်ကို အံဩသွားစေတာက သားရဲတွေဆီက ရခဲ့တဲ့ ပစ္စည်းတွေကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ၃၉၇ တုံးနဲ့ ရောင်းလိုက်ရတာကိုပါ။

“သားရဲတွေကို သတ်တာကာ ဒီလောက်တောင် အကျိုးအမြတ် ရတာလား?” ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်၊ ဟန်ကျွယ်ဟာ မိစ္ဆာတစ်သောင်းနယ်မြေကို ချက်ချင်း ပြန်ပြီး သားရဲတွေကို ဆက်သတ်ချင်စိတ် ပေါက်လာပါတယ်။

ချန်ယွီအာက ဟန်ကျွယ်ကို တားလိုက်ပါတယ် “ဂျူနီယာ... အဲဒါကို မတွေးနဲ့၊ မိစ္ဆာတစ်သောင်းနယ်မြေက သားရဲတွေ မွေးမြူလို့ရအောင် ဂိုဏ်းက အထူးတလည် ဒီဇိုင်းဆွဲထားတဲ့ လောကငယ်လေး၊ ဒီထဲက သားရဲတွေက အရမ်းတန်ဖိုးရှိတယ်၊ ပုံမှန် အခြေအနေမှာဆိုရင် တပည့်တွေကို သတ်ဖြတ်ဖို့ လုံးဝခွင့်မပြုထားဘူး၊ ဒီတစ်ခေါက် အခြေအနေက ထူးခြားအခြေအနေမို့လို့ ငါတို့တွေ ဘာတာဝန်မှ ယူစရာ မလိုဘူး၊ နောက်တစ်ခါဆိုရင်တော့ ငါတို့တွေ ပြဿနာအကြီးကြီး တက်လိမ့်မယ်”

ဟန်ကျွယ်ဟာ သူစိတ်ကူးယဉ်နေမှန်း သဘောပေါက်သွားပါတယ် ‘ငါ့ဘာသာ ပုံမှန်အတိုင်း ဆက်ကျင့်ကြံတာပဲ ကောင်းပါတယ်လေ’

သူတို့နှစ်ဦးဟာ ကျောက်အေးတောင်ထိပ်ကို ပြန်သွားပြီး နတ်မိမယ်ရှီရွှမ်ဆီ အရင်ဆုံးသွားတွေ့ပါတယ်၊ တံခါးပွင့်သွားတဲ့အခါ ဒူးထောက်နေတဲ့ ဟန်ကျွယ်နဲ့ ချန်ယွီအာဟာ ခန်းထဲကို ဝင်လိုက်ပါတယ်။

“မင်းတို့ ဘာလို့ ပြန်လာတာလဲ?” နတ်မိမယ်ရှီရွှမ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “မိစ္ဆာတစ်သောင်းနယ်မြေကို အရမ်းအန္တရာယ် ကြီးလာလို့ပါ၊ အဲဒီမှာ မိစ္ဆာဘုရင်တွေ ရှိတဲ့အပြင် ချင်မင်ဂိုဏ်းကလည်း စိမ့်ဝင်နေပါတယ်၊ ကျွန်တော်တို့တွေ သားရဲတွေ ဝိုင်းတိုက်တာကို ခံရတဲ့အပြင် ကျွန်တော်ကလည်း မိစ္ဆာဘုရင်ရဲ့သားကို ရန်စမိခဲ့လို့ ထပ်ပြီး မနေရဲဘဲ ပြန်လာခဲ့ရတာပါ”

“ဆရာသခင်... ကျွန်တော်ကို အပြစ်ပေးပါ၊ ကျွန်တော် နှစ်တစ်ရာလုံးလုံး ဂူပိတ်ပြီး ကျင့်ကြံဖို့ ဆန္ဒရှိပါတယ်!”

နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်စကားကြောင့် ဆွံအသွားပါတယ်။

ချန်ယွီအာကလည်း ဟန်ကျွယ်ကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ် ‘နှစ်တစ်ရာလား? ဒါက တော်တော်လေး ပြင်းထန်တာပဲ’

“နင့်ကို နှစ်တစ်ရာလုံးလုံး ကျင့်ကြံအားထုတ်ဖို့ ခွင့်မပြုဘူးဆိုရင်ရော?” နတ်မိမယ်ရှီရွှမ်က မေးလိုက်ပါတယ်။

ဟန်ကျွယ်မျက်နှာဟာ ခဲသွားပါတယ်။

ချန်ယွီအာက ချက်ချင်းပဲ “ဆရာသခင်... ကျွန်မတို့ သားရဲတွေ တိုက်ခိုက်တာ ခံရတုန်းက အစ်ကိုခုနစ် မုန့်ဟယ်က ကျွန်မတို့ကို စွန့်ပစ်ပြီး တစ်ယောက်တည်း ထွက်ပြေးသွားပါတယ်” လို့ တိုင်တန်းလိုက်ပါတယ်၊ ဒီကိစ္စကို ချန်ယွီအာကို တော်တော်လေး ဒေါသထွက်စေပါတယ်။

ဒါပေမဲ့ နတ်မိမယ်ရှီရွှမ်က ဒေါသမထွက်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ် “အဲဒါ နင်က အားနည်းလို့လေ၊ နင်က နင့်စီနီယာအစ်ကိုကို နင်နဲ့အတူ နေခဲ့ပြီး စေစေချင်လို့လား?”

“ဟမ်...” ချန်ယွီအာဟာ တစ်စုံတစ်ခု ပြောချင်သေးသော်လည်း ပါးစပ်မဟနိုင်ချေ၊ နတ်မိမယ်ရှီရွှမ်ရဲ့ စကားက ရက်စက်တဲ့အမှန်တရားပင် မဟုတ်ပါလော့၊ မုန့်ဟယ် သူတို့ကို ထားခဲ့တာက ဒုက္ခပေးချင်လို့ မဟုတ်ဘဲ သူ့ကိုယ်သူ ကာကွယ်ချင်ရုံ သက်သက်ပင်။

နတ်မိမယ်ရှီရွှမ်က “ယွီအာ... နင်အရင် သွားနှင့်” လို့ ပြောလိုက်ပါတယ်။

ချန်ယွီအာဟာ ဟန်ကျွယ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နတ်မိမယ်ရှီရွှမ်ကို ဦးညွှတ်ကာ ခန်းမထဲမှ ထွက်ခွာသွားပါတယ်။

ခန်းမထဲမှာ ဟန်ကျွယ်နဲ့ နတ်မိမယ်ရှီရွှမ်ပဲ ကျန်ရှိတော့တဲ့အခါ နတ်မိမယ်ရှီရွှမ်ဆီကနေ အလွန်လေးလံတဲ့ သတ်ဖြတ်ငွေ့တွေ ထွက်လာတဲ့အတွက် ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ် ‘ဆရာသခင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’ ဟန်ကျွယ်ဟာ ခေါင်းပင် မဖော်ဝံ့ဘဲ တပည့်လိမ္မာလေး တစ်ယောက်လို နေလိုက်ပါတယ်။

“ဟန်ကျွယ်... နင် ဘာအတွက် ကျင့်ကြံအားထုတ် နေတာလဲ?” နတ်မိမယ်ရှီရွှမ်က မေးလိုက်ပါတယ်၊ သူ့အသံက အေးစက်ပြီး ခံစားချက် ကင်းမဲ့နေပါတယ်။

“ထာဝရအသက် အတွက်ပါ”

“နင် ဒီလိုပဲ ဂူအောင်း ကျင့်ကြံနေမယ်ဆိုရင် ထာဝရအသက်ရှင်နိုင်မှာ မဟုတ်ဘူး၊ ကျင့်ကြံသူတွေ အရေးကြီးဆုံးအရာက အခွင့်အရေးကို ရှာဖွေပြီး အမိအရ ဖမ်းဆုပ်တာပဲ”

“ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြင့်မားအောင် အရင် ကျင့်ကြံပါရစေ၊ ကျွန်တော်မှာ လုံလောက်တဲ့ စွမ်းအားရှိလာတဲ့အခါ ကျွန်တော် ကံတရားကို စမ်းသပ်ကြည့်ပါ့မယ်”

‘ဆရာသခင်... ဆရာသခင် ကျွန်တော့်ကို နားမလည်ဘူး၊ ကျွန်တော့်မှာ ထိပ်တန်း ကျင့်ကြံခြင်းစွမ်းရည်နှင့် ပြိုင်ဘက်ကင်း ကျင့်စဉ်ရှိတယ်၊ ဘာမဟုတ်တဲ့ အခွင့်အရေးလေးတွေကို သူများတွေနဲ့ အချိန်ကုန်ခံပြီး ယှဉ်ပြိုင်စရာ မလိုဘူး’ ဟန်ကျွယ်က စိတ်ထဲမှာ တွေးတောလိုက်ပါတယ် ‘အရည်အချင်း မရှိတဲ့သူတွေပဲ အခွင့်အရေးရှာဖို့ လိုတာပါ၊ ကျွန်တော့်လို ပါရမီရှင်အတွက် အခွင့်အရေးဆိုတာ မလိုအပ်ပါဘူး’

နတ်မိမယ်ရှီရွှမ်က ဆက်ပြောပါတယ် “ငါက နင့်အတွက် အခွင့်အရေးတစ်ခုကို စီစဉ်ထားတာ၊ မိစ္ဆာတစ်သောင်းနယ်မြေမှာသာ နင်အောင်မြင်ခဲ့ရင် ကျိန်းသေပေါက် အဓိကတပည့် ဖြစ်လာမှာ၊ နင်ရမဲ့ ရင်းမြစ်တွေကလည်း ဒီထက်ပိုကောင်းလာမှာ၊ နှမြောဖို့ကောင်းတာက နင်က ဒီအခွင့်အရေးကို မယူဘဲ အလျှော့ပေးလိုက်တာပဲ”

“ဆရာသခင်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီကိစ္စအတွက် ကျွန်တော်ရဲ့ မကောင်းတဲ့ကံကိုပဲ အပြစ်တင်ရပါ့မယ်”

“နင်ကျင့်ကြံနေတဲ့ ကျင့်စဉ်က ခက်ခဲနက်နဲတယ်၊ ငါ့မှာ နင့်ကို သင်ပေးစရာ သိပ်မရှိဘူး၊ ဒီလိုဆိုရင် ဘယ်လိုလဲ၊ မိုးကြိုးစိတ်ဝိညာဉ်အိုင်နဲ့ တစ်တန်းတည်းရှိတဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို လိုချင်လား? အဲဒီလိုဏ်ဂူက မိုးကြိုးစိတ်ဝိညာဉ်ချီအပြင် တစ်ခြား စိတ်ဝိညာဉ်ချီတွေလည်း ရှိသေးတယ်”

ဒီစကားကို ကြားလိုက်ရတဲ့ ဟန်ကျွယ်ဟာ ချက်ချင်းခေါင်းမော့ပြီး “ဘယ်နေရာမှလဲ?” လို့ တအံတဩနဲ့ မေးလိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “မကြားသေးခင်က သဘာဝလိုဏ်ဂူ သုံးခုကို ယွီဂျင်ဂိုဏ်းက ရှာတွေ့ထားတယ်၊ ဒီလိုဏ်ဂူသုံးခုက ကျင့်ကြံသူတွေ ဖန်းတီးထားတာ မဟုတ်ဘဲ မိုးမြေရဲ့ ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာတာ၊ နောက်ပြီး ဒီလိုဏ်ဂူတွေက ဂိုဏ်းနဲ့ သိပ်မဝေးဘူး၊ နင် ဒီလိုဏ်ဂူသုံးခုထဲက တစ်ခုကို လိုချင်ရင် ဆယ်နှစ်တစ်ကြိမ် ကျင်းပတဲ့ အတွင်းဂိုဏ်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရလိမ့်မယ်၊ အဓိကတပည့်တွေကလွဲလို့ ကျန်တဲ့တပည့်တွေ အကုန်လုံး ပါဝင်ယှဉ်ပြိုင်နိုင်တယ်၊ နင် ဒီပြိုင်ပွဲမှာ ထိပ်တန်းသုံးယောက် စာရင်းဝင်ရင် လိုဏ်ဂူတစ်ခု ရလိမ့်မယ်၊ ပထမရတဲ့သူက အရင်ဆုံး ရွေးချယ်ခွင့်ရှိတယ်”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်ကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး “နင်က တိုက်ခိုက်ရမှာတောင် ကြောက်တယ်လို့တော့ ငါ့ကို မပြောနဲ့နော်၊ ဒီကျင့်ကြံခြင်းလောကမှာ တစ်ယောက်ယောက်ကတော့ နင့်ကို ရန်ရှာမှာပဲ!” လို့ မပျော်မရွှင် ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းနေပြီးမှ “ဆရာသခင်... ပုံမှန်အခြေအနေမှာ ရွှေဓာတ်လုံးအဆင့် တပည့်တွေက ဝင်ပြိုင်လား?” လို့ မေးလိုက်ပါတယ်။

“ရွှေဓာတ်လုံးအဆင့်ကို နင်က ဟင်းရွက်ကန်စွန်းများ မှတ်နေလား? ရွှေဓာတ်လုံးအဆင့်ကို ရောက်တဲ့ တပည့်မှန်သမျှ အဓိကတပည့်ဖြစ်ရင်ဖြင့် မဟုတ်ရင် အကြီးအကဲ၊ ကြီးကြပ်သူတွေ ဖြစ်ကြတာချည်းပဲ”

“ဆရာဆိုလိုတာက ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတွေ အကုန်လုံးက အခြေခံအဆင့် ကျင့်ကြံသူတွေချည်းပဲလား”

“ဟုတ်တယ်”

“အဲဒါဆိုရင် ရတယ်၊ ကျွန်တော် ဝင်ပြိုင်ပါ့မယ်”

“အင်း”

“ဆရာသခင်ရဲ့ အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျောက်အေးတောင်ထိပ် မျက်နှာရအောင် ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်!”

နောက်ဆုံးမှာတော့ နတ်မိမယ်ရှီရွမ်ဟာ ပြုံးလိုက်ပြီး ဟန်ကျွယ်ကို ရွတ်နောက်နောက် ကြည့်လိုက်ပါတယ် ‘ကောင်စုတ်လေး၊ မင်းကို မဖြားယောင်းနိုင်ဘူးဆိုတာ ငါမယုံဘူး!’

[နတ်မိမယ်ရှီရွှမ်ရဲ့ သင့်အပေါ် အကောင်းမြင်စိတ် တိုးလာပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်ခွဲ]

All Chapters