← Chapters

တချုံကျင့်ကြံသူ လူဝင်စားကျိုးဖန်

Vol. 2 Ch. 17

တချုံကျင့်ကြံသူ လူဝင်စားကျိုးဖန်

Vol. 2 Ch. 17

အခန်း(၁၇) တချုံကျင့်ကြံသူ လူဝင်စားကျိုးဖန်

ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူကို မပြန်တော့ဘဲ အတွင်းဂိုဏ်းထဲမှာရှိတဲ့ စိတ်ဝိညာဉ်အိုင်တွေဆီကို ဦးတည်လိုက်ပါတယ်၊ အတွင်းဂိုဏ်းပြိုင်ပွဲမှာ ဝင်ပြိုင်မှာ ဖြစ်တဲ့အတွက် ထိပ်ဆုံးသုံးနေရာထဲက တစ်ခုကို အရယူဖို့ လိုအပ်ပါတယ်၊ ဒါမှ သဘာဝကျင့်ကြံခြင်းလိုဏ်ဂူကို ရရှိမှာပါ၊ သဘဝကျင့်ကြံခြင်းလိုဏ်ဂူသာ ရှိမယ်ဆိုရင် စိတ်ဝိညာဉ်ချီ မလုံလောက်မှာကို ဟန်ကျွယ် စိုးရိမ်စရာ မလိုတော့ဘဲ သူ့စိတ်ကြိုက် ကျင့်ကြံအားထုတ်လို့ ရပါပြီ။

အဲဒီမတိုင်ခင်တော့ ဟန်ကျွယ်ဟာ သူ့ကျင်ကြံခြင်းအဆင့်ကို ရနိုင်သလောက် တိုးမြှင့်ဖို့ လိုအပ်ပါတယ်၊ နတ်မိမယ်ရှီရွှမ်ဆီက သူသိခဲ့ရတာတော့ အတွင်းဂိုဏ်းပြိုင်ပွဲ ကျင်းပဖို့ ရှစ်နှစ်တောင် လိုသေးတယ် ဆိုတာပါပဲ။

ဟန်ကျွယ်ဟာ မီးစိတ်ဝိညာဉ်အိုင်ဆီ အရင်ဆုံးသွားပြီး တစ်နှစ်စာ ပေးလိုက်ပါတယ်၊ မီးစိတ်ဝိညာဉ်အိုင်ထဲမှာ လူအယောက်နှစ်ဆယ်ကျော် သုံးဆယ်နီးပါး ရှိနေပါတယ်၊ ဟန်ကျွယ်ဟာ ထောင့်တစ်နေရာကို ရှာပြီး တင်ပလ္လင်ခွေထိုင်ကာ စတင် ကျင့်ကြံပါတော့တယ်၊ ထုံးစံအတိုင်း သူ့ရုပ်ရည်က အမျိုးသမီးကျင့်ကြံသူတွေကို ဆွဲဆောင်လိုက်ပါတယ်။

“ဒီလူက ချောလိုက်တာ”

“ကျောက်အေးတောင်ထိပ်က အရမ်းချောမောပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အဲဒီတပည့်လား မသိဘူး?”

“ဖြစ်နိုင်တယ်၊ ငါလည်း ဒီလောာက် ကြည့်လို့ကောင်းတဲ့ ယောက်ျားမျိုး တစ်ခါမှ မမြင်ဖူးဘူး”

“ငါ သူနဲ့ ခင်မင်ချင်လိုက်တာ”

ဟန်ကျွယ်ဟာ အမျိုးသမီးကျင့်ကြံသူတွေရဲ့ အသံတွေကို ကြားပေမဲ့ မကြားချင်ယောင် ဆောင်နေလိုက်ပါတယ် ‘ငါ့စိတ်ထဲမှာ မိန်းမတစ်ယောက်မှ မရှိရင် ကျင့်ကြံရတာ ပိုမြန်တယ်’

…

တစ်နှစ်ကြာပြီးနောက် ဟန်ကျွယ်ရဲ့ မီးစွမ်းရည်ဟာ အခြေခံအဆင့် အဋ္ဌမတန်းကို ရောက်ရှိသွားပါတယ်၊ သူရဲ့ မိုးကြိုးစွမ်းရည်က အခြေခံအဆင့် နဝမတန်းကို ရောက်ရှိသွားတဲ့အတွက် တစ်ခြားစွမ်းရည်တွေကို အရင်ကထက် ပိုပြီးတော့ မြန်မြန်ဆန်ဆန် ကျင့်ကြံလို့ရတာ ဖြစ်နိုင်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ရေစိတ်ဝိညာဉ်အိုင်ဆီ ချက်ချင်းသွားပါတယ်၊ ဒီလိုနဲ့ နောက်ထပ်လေးနှစ်တာ အချိန်ကာလာဟာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပါတယ်၊ ဟန်ကျွယ်ရဲ့ ကျန်တဲ့စွမ်းရည်တွေ အကုန်လုံးဟာ အခြေခံအဆင့် အဋ္ဌမတန်းကို ရောက်ရှိသွားပါပြီ၊ ဒါပေမဲ့ အတွင်းဂိုဏ်းပြိုင်ပွဲစဖို့ သုံးနှစ်ကျန်သေးတဲ့အတွက် ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊  အတွင်းဂိုဏ်းပြိုင်ပွဲမတိုင်ခင် သူ့စွမ်းရည်တွေ အကုန်လုံးက အခြေခံအဆင့် နဝမတန်းကို ရောက်ရှိနေရင် ပိုပြီးကောင်းမွန်တယ် မဟုတ်ပါလော့။

လေစိတ်ဝိညာဉ်အိုင်ထဲကို ဟန်ကျွယ် ဝင်လိုက်တဲ့အခါမှာ စုစုရုံးရုံး ဖြစ်နေတဲ့ တပည့်တွေကို တွေ့လိုက်ရပါတယ်။

“ကျိုးဖန်... မင်းက ငါတို့ကို လာမဲ့အတွင်းဂိုဏ်းပြိုင်ပွဲမှာ အနိုင်ယူပြမယ်လို့ မပြောခဲ့ဘူးလား? ဘာလို့ အခုအချိန်ထိ အခြေခံအဆင့် ပထမတန်းမှာပဲ ရှိနေသေးရတာလဲ?”

“ဟား..ဟား... ဒီကောင်ရဲ့ ကျင့်ကြံခြင်းစွမ်းရည်နဲ့ ငါတို့ကို ဘယ်လိုလုပ်ပြီး အနိုင်ယူနိုင်မှာလဲ?”

“ဒီနေ့ မင်းသာ ငါတို့ကို ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင် ငါတို့ မင်းကို ပြဿနာမရှာတော့ဘူး”

“စီနီယာ... ဒီကောင်စုတ်က ဂျူနီယာလူကို မှီခိုနေတာကြာပြီ၊ ဒါပေမဲ့ အခု ဂျူနီယာလူက ဓားတောင်ထိပ် ပထမတပည့်ရဲ့ လက်တွဲဖော်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ နောက်ကျရင် သူက ဒီကောင်နဲ ဆက်ဆံရေးတွေ အကုန်ဖြတ်တောက်တော့မှာ၊ ကျွန်တော်တို့သာ ဒီကောင်ကို ပညာပေးလိုက်ရင် ဂျူနီယာလူ ပျော်ရွှင်သွားမှာ ကျိန်းသေတယ်”

ဟန်ကျွယ်ဟာ ဒီလူတွေရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာ ခေါင်းခါလိုက်ပြီး ထောင့်တစ်နေရာရှာကာ ထိုင်လိုက်ပါတယ်၊ ဒီလိုရန်ပွဲတွေက ယွီဂျင်ဂိုဏ်းမှာ မရှားပါဘူး၊ ယွီဂျုင်ဂိုဏ်းက အမှန်တရား ဘက်တော်သား ဂိုဏ်းတစ်ခုဆိုပေမဲ့ လူတွေရှိမှတော့ သဘောထားကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေ၊ ရန်ပွဲတွေကတော့ ရှိနေအုန်းမှာပါပဲ၊ ဟန်ကျွယ်ဟာ ဒီလိုပွဲတွေကို တစ်ခါထက်မက မြင်ဖူးပြီးပါပြီ။

“ဟင်း... မင်းတို့လို့ အမှိုက်ကောင်တွေက ငါ့ကို ဒီနေရာမှာ တိုက်ခိုက်ရဲလို့လား? မင်းတို့တွေ စည်းကမ်းထိန်းသိမ်းရေးက အပြစ်ပေးမှာကို မကြောက်ဘူးလား? ဒီရက်ပိုင်း ချင်မင်ဂိုဏ်းက ဂနာမငြိမ် ဖြစ်နေတာကို မင်းတို့က ပြဿနာ လာရှာနေတယ်၊ မင်းတို့က သစ္စာဖောက်လို့ ငါ သံသယရှိတယ်၊ အကြီးအကဲတွေဆီ သတင်းပို့အုန်းမှာပဲ” အေးစက်လာသော ဟွန်းခနဲ နှာခေါင်းရှုံ့သံဟာ စကားအဆုံးမှာ လိုက်ပါလာပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး လှမ်းကြည့်လိုက်ပါတယ်၊ စောစောက စကားပြောလိုက်တဲ့သူဟာ လူလေးငါးယောက် ဝိုင်းရံခြင်း ခံထားရတဲ့ ကျိုးဖန်ပါပဲ။

[ကံတရားအထောက်အပံ့ပါသူကို ရှာတွေ့သည်၊ မူလဇစ်မြစ်ကို စုံစမ်းနေသည်။]

သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာတဲ့ စာကြောင်းတစ်ကြောင်းကြောင့် ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘ကံတရားအထောက်အပံ့ပါသူလား?’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။

[တချုံကျင့်ကြံသူ ပြန်လည်ဝင်စားသော ကျိုးဖန်သည် မော်တယ်မြို့ငယ်လေး၌ ဖွားမြင်ခဲ့သည်၊ ငယ်ရည်းစားနှင့်အတူ စိတ်ဝိညာဉ်အမြစ်ရှိကြောင်း ယွီဂျင်ဂိုဏ်းက ရှာတွေ့ခဲ့သည်၊ နတ်လက်နက်တစ်ပါးသည် သူ့ဝိညာဉ်၏ နက်နဲသောအပိုင်းတွင် ပုန်းကွယ်နေသည်၊ ထိုလက်နက်သည် သူ့ကို ကာကွယ်လိုက်သောကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည်၊ အခုအချိန်၌ သူ့ကိုယ်သူ ပြန်ပြင်ရန်အတွက် နတ်လက်နက်သည် ကျိုးဖန်ကျင့်ကြံသော စိတ်ဝိညာဉ်ချီကို စုပ်‌ယူနေသောကြောင့် ကျိုးဖန်၏ ကျင့်ကြံခြင်းသည် အလွန်တရာ နှေးကွေးနေခြင်း ဖြစ်သည်၊ လက်ရှိ၌ နတ်လက်နက်သည် အောင်မြင်စွာ ပြင်ဆင်လုနီးပါး ဖြစ်နေပါပြီ။]

ဟန်ကျွယ်ဟာ ထူးဆန်သွားပါတယ် ‘ဒီကောင်က အထင်ကြီးစရာ နောက်ခံကောင်းကောင်း ရှိတာပဲ၊ ဝတ္ထုထဲမှာဆိုရင် ဇာတ်လိုက်ပဲ’

ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းပြီး လူလေးငါးယောက် အဝိုင်းခံထားရတဲ့ ကျိုးဖန်ကို လှမ်းကြည့်လိုက်ပါတယ်၊ ကျိုးဖန်ဟာ လူလေးငါးယောက် အဝိုင်းခံထားရပေမဲ့ တည်တည်ငြိမ်ငြိမ် ရှိနေပြီး သူတို့စကားတွေကြောင့် ဒေါသထွက်ပုံ မပေါ်ပါဘူး၊ သူက သိပ်ပြီး မချောမောပေမဲ့ ရင့်ကျက်တဲ့ ပုံပန်းသဏ္ဌာန် ရှိပါတယ်။

‘ငါ ဇတ်လိုက်ကို ကူညီသင့်လား? ငါ ကူညီလိုက်ရင် ပြဿနာတက်လိမ့်မယ်၊ မကူညီတာပဲ ကောင်းပါတယ်လေ’ ဟန်ကျွယ်ဟာ မျက်လုံး ပြန်မှိတ်လိုက်ပါတယ်၊ ကျိုးဖန်မှာ ဘာတွေရှိရှိ သူ့နဲ့ မသက်ဆိုင်ပါဘူး၊ အဲဒီအစား ဟန်ကျွယ်ဟာ သူ့ဘေးနားမှာ ကံတရားအထောက်အပံ့ပါသူတွေ ရှိတာကို သိသွားတဲ့အတွက် ပိုကြိုးစားပြီး ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ ရည်မှန်းချက်က ထာဝရအသက်ရှင်ဖို့နဲ့ ပြိုင်ဘက်ကင်းဖို့ပါပဲ၊ သူ ပြိုင်ဘက်ကင်းသွားရင် သူလုပ်ချင်တာ အကုန်လုံး လုပ်လို့ရပါပြီ၊ ဒါပေမဲ့ အခုအချိန်မှာတော့ ပြဿနာတွေကနေ ဝေးဝေးရှောင်နေတာ အကောင်းဆုံးပါပဲ။

တပည့်လေးငါးယောက်ဟာ ကျိုးဖန်နဲ့ ကတောက်ကဆတ် ဖြစ်ပေမဲ့ ကျိုးဖန်စကားကြောင့် ကြောက်လန့်ပြီး ဘာမှမလုပ်ရဲပါဘူး၊ သူတို့တွေ ဒီထဲကို ရောက်လာဖို့က စိတ်ဝိညာဉ်ကျောက်တုံးတွေ အတော်လေး သုံးခဲ့ရတာပါ၊ မကျင့်ကြံဘဲ စကားပဲ များနေမယ်ဆိုရင် သူတို့အတွက် အကျိုးယုတ်မှာပါ၊ ဒါကြောင့် လေစိတ်ဝိညာဉ်အိုင်ဟာ ပြန်လည် တိတ်ဆိတ်သွားပါတယ်။

တစ်နှစ်ကြာတဲ့အခါမှာ ဟန်ကျွယ်ရဲ့ လေစွမ်းရည်က အခြေခံအဆင့် နဝမတန်းကို ရောက်ရှိသွားပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ထိုင်ရာကနေထပြီး ပေါ်တယ်ဖော်မေးရှင်းဆီ လျှောက်သွားလိုက်ပါတယ်။

ဟန်ကျွယ် လေစိတ်ဝိညာဉ်အိုင် အဆောင်ကို ပြန်ရောက်တဲ့အခါမှာ ကျိုးဖန်ကို ထပ်တွေ့လိုက်ရပါတယ်၊ ကျိုးဖန်ဟာ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ မိန်းမလှလေးတစ်ဦးနဲ့ စကားပြောနေပါတယ်၊ ကျိုးဖန်ဟာ သူ့လက်သီးကို တင်းကြပ်စွာဆုပ်ပြီး သူ့ခံစားချက်တွေ မပေါက်ကွဲအောင် ထိန်းချုပ်နေတာကို ဟန်ကျွယ် သတိထားမိလိုက်ပါတယ်။

အစိမ်းရောင်ဝတ်စုံနဲ့ မိန်းမလှလေးဟာ ကျိုးဖန်နဲ့ နှိုင်းယှဉ်ရင် ပိုမိုတည်ငြိမ်နေပြီး စကားပြောပြီးတာနဲ့ မြန်မြန်ဆန်ဆန် ထွက်ခွာသွားပါတယ်၊ ကျိုးဖန်ကတော့ အဲဒီနေရာမှာပဲ တုန်ယင်နေတဲ့ ပခုံးတွေနဲ့ မတ်တတ်ရပ် ကျန်ရစ်နေခဲ့ပါတယ်၊ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက် ဘာဖြစ်တာလဲဆိုတာကို အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါတယ်။

ဟန်ကျွယ်ဟာ ကျိုးဖန်ကို ဖြတ်ကျော်လိုက်တဲ့အခါမှာ ဒေါသထွက်နေတုန်းဖြစ်တဲ့ ကျိုးဖန်ဟာ ဟန်ကျွယ်ကို မြင်သွားပြီး မျက်မှောင်ကြုတ်ကာ “အဲဒီနေရာမှာ ရပ်နေ” လို့ အော်ဟစ်လိုက်ပါတယ်။

ဒီစကားကို ကြားလိုက်ရတဲ့ ဘေးနားက တပည့်တွေဟာ ရပ်တန့်လိုက်ကြပေမဲ့ ဟန်ကျွယ်ကတော့ တစ်စက္ကန့်တောင် မရပ်ပါဘူး၊ ဟန်ကျွယ်ဟာ အဆောင်ထဲကနေ ခပ်သုတ်သုတ် ထွက်သွားပြီး တစ်ခြားစိတ်ဝိညာဉ်အိုင်တွေဆီ သွားဖို့ ဦးတည်လိုက်ပါတယ်၊ ဒါပေမဲ့ ကျိုးဖန်က ဟန်ကျွယ်ရှေ့ကို ရုတ်တရက် ရောက်လားပြီး လမ်းပိတ် ရပ်လိုက်ပါတယ်။

ဟန်ကျွယ်က မျက်ခုံးပင့်ပြီး မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့လဲ ရောင်းရင်း?”

“ခင်ဗျားက ဟန်ကျွယ်လား?”

“ဟုတ်ပါတယ်၊ ခင်ဗျားက ကျုပ်ကို သိနေတာလား?”

“ကျုပ်က ကောင်းကင်မိုးကြိုးတောင်ထိပ်က ကျိုးဖန်ပဲ၊ စီနီယာမော့က ခင်ဗျားအကြောင်း ပြောဖူးလို့ပါ၊ ခင်ဗျားက ယွီဂျင်ဂိုဏ်းရဲ့ အစွမ်းထက်တဲ့ ကျင့်ကြံသူ ဖြစ်လာမှာလို့ စီနီယာမော့က ပြောဖူးတယ်”

ဟန်ကျွယ်ဟာ ချွေးစို့သွားပါတယ်၊ မော့ဖူချိုက သူ့အကြောင်းကို နေရာတိုင်းမှာ အမွှမ်းတင်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

ဟန်ကျွယ်က ယဉ်ယဉ်ကျေးကျေးပဲ မေးလိုက်ပါတယ် “ဘာကိစ္စရှိလို့ပါလဲ?”

စိတ်ရှုပ်ပုံပေါက်နေတဲ့ ကျိုးဖန်ဟာ အသက်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “ကျုပ်ကြားရသလောက် ခင်ဗျားက မိန်းကလေးတွေကြားမှာ အတော်လေး နာမည်ကြီးတယ်၊ ဂျူနီယာမော့ကျူ ခင်ဗျားအကြောင်း ပြောတုန်းက သူ့မျက်လုံးတွေက ဝင်းလက်ပြီး တောက်ပနေတာပဲ၊ ကျုပ် ခင်ဗျားကို မေးချင်တာက... မိန်းကလေးတစ်ယောက်ကို ဘယ်လိုလိုက်ရမလဲဆိုတာပါ”

ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပါတယ် ‘ဘာလဲဟ? မင်းက ငါ့ကို တိုက်ခိုက်ချင်တာ မဟုတ်ဘူးလား?’

ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “ကျုပ်တို့လို ကျင့်ကြံသူတွေက အချစ်ရေယဉ်ကြောမှာ မျောမပါသင့်ဘူး၊ မိန်းမ မရမှာကို စိတ်မပူနဲ့၊ ခင်ဗျား ကြီးမြတ်တဲ့တာအိုကို ရရှိမယ်ဆိုရင် လောကတစ်ခုလုံးကို အမိန့်ပေးနိုင်လိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းလိုချင်မှန်တာသမျှကို အလွယ်လေး ရလိမ့်မယ်၊ မိန်းကလေးတွေနဲ့ ငါ အချိန်ဖြုန်းနေတာကို မင်းမြင်ဖူးလို့လား?”

ဟန်ကျွယ်ဟာ ပြောဆိုပြီးတာနဲ့ ကျိုးဖန်ကို ဖြတ်လျှောက်ပြီး ခပ်မြန်မြန် ထွက်ခွာလာခဲ့ပါတယ် ‘အရူး... မင်းရုပ်ရည်နဲ့ ငါ့ကို နှိုင်းယှဉ်လို့ရမလားကွ?’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ လှောင်ပြောင်လိုက်ပါတယ်။

ကျိုးဖန်ဟာ မျက်စိကို ကျဉ်းလိုက်ပြီး ဟန်ကျွယ်ပုံရိပ်ကို တအံတဩနဲ့ ကြည့်လိုက်ပါတယ် ‘မြန်လိုက်တဲ့ ကိုယ်ဖော့သိုင်း၊ ဒီလူက တကယ် အထင်ကြီးစရာ ကောင်းတာပဲ’ ကျိုးဖန်ဟာ ဟန်ကျွယ် ပြောခဲ့တဲ့ စကားတွေကို သေချာစဉ်းစားလိုက်ပါတယ်၊ ဖော့ဖူချိုက သူ့ကိုပြောဖူးပါတယ်၊ ဟန်ကျွယ်က သူတွေ့ဖူးတဲ့ ကျင့်ကြံသူတွေထဲမှာ ကျင့်ကြံခြင်းကို အလေးထားဆုံးသူပါတဲ့၊ ကျိုးဖန်ဟာ တစ်ခဏ ချီတုံချတုံ ဖြစ်ပြီးမှ ဟန်ကျွယ်နောက်ကို ဆက်လိုက်ပါတယ်။

[ကျိုးဖန်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါပြီ၊ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်]

ဟန်ကျွယ်ဟာ ဒီစာကြောင်းကို မြင်တဲ့ခါမှာ ရယ်ချင်စိတ် ပေါက်သွားပါတယ်၊ ကျိုးဖန်က သူ့နောက် လိုက်လာတာကို သိပေမဲ့လည်း ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။

ကျန်တဲ့နှစ်တွေမှာတော့ ဟန်ကျွယ်ဟာ မီးစိတ်ဝိညာဉ်အိုင်မှာ နေပြီး သူ့မီးစွမ်းရည်ကို အခြေခံအဆင့် နဝမတန်းအထိ ရောက်အောင် ကျင့်ကြံအားထုတ်ပါတယ်၊ ကျိုးဖန်ထွက်သွားတာကတော့ နှစ်လရှိပါပြီ၊ သူကြည့်ရတာ တော်တော်လေး မထွက်ခွာချင်ပုံပဲ၊ ဖြစ်နိုင်တာကတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ကုန်သွားလို့နဲ့ တူပါတယ်၊ ဒီလူ့မှာ ကြွယ်ဝမှုလည်း မရှိသလို လက်တွဲဖော်က ထားပစ်တာကိုလည်း ခံခဲ့ရပါတယ်၊ တော်တော်လေး သနားဖို့ကောင်းတယ်လို့ ဟန်ကျွယ်က တွေးလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ သစ်သားစိတ်ဝိညာဉ်အိုင်ဆီသွားပြီး တစ်နှစ်တာ လေ့ကျင့်ကာ သူ့သစ်သားစွမ်းရည်ကို အခြေခံအဆင့် နဝမတန်းရောက်အောင် မြှင့်တင်လိုက်ပါတယ်၊ ဒီအချိန်မှာ ဟန်ကျွယ်ရဲ့ စွမ်းရည်ခြောက်မျိုးအနက် ရေနဲ့မြေပဲ အခြေခံအဆင့် အဋ္ဌမတန်းမှာ ရှိပါတော့တယ်။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံခြင်း ရလဒ်ကို အတော်လေး နှစ်သက် သဘောကျသွားပါတယ်၊ အတွင်းဂိုဏ်းပြိုင်ပွဲက စခါနီးပြီမို့ ဟန်ကျွယ်ဟာ ဆက်မကျင့်ကြံတော့ဘဲ သူ့လိုဏ်ဂူကို ပြန်ကာ စောင့်နေလိုက်ပါတယ်။

ဟန်ကျွယ် သူ့လိုဏ်ဂူကို ပြန်ရောက်ပြီး ဆယ်ရက်ကျော်အကြာမှာ ကျောက်အေးတောင်ထိပ်ရဲ့ ခေါင်းလောင်းက တစ်ဖန်မြည်ဟိန်းလာပါတယ်၊ တပည့်အားလုံးဟာ ကျောက်အေးတောင်ထိပ်ခန်းမ ရှေ့မှာ စုရုံးလိုက်ကြပါတယ်။

အကြီးအကဲသံမဏိလည်း ရောက်လာပါတယ်၊ သူ့ကျင့်ကြံခြင်းအဆင့်က အခြေခံအဆင့် ပထမတန်းကို မတက်သေးပါဘူး၊ ဒါကို ကြည့်ခြင်းအားဖြင့် သူ့ကျင့်ကြံခြင်းစွမ်းရည်က ဘယ်လောက်ထိ ညံလဲဆိုတာ သိနိုင်ပါတယ်။

ဟန်ကျွယ်တောင် အကြီးအကဲသံမဏိကို ကရုဏာ သက်သွားပါတယ်။

တပည့်အားလုံး ခန်းမရှေ့မှာ ဒူးထောက်နေချိန် လျိုစန့်ရှင်က ဟန်ကျွယ်ဆီ ရုတ်တရက် အသံလွှင့်ပြီး စကားပြောလိုက်ပါတယ် “ဂျူနီယာဟန်... မင်း ရှင်းဟုန်ရွှမ်ဆိုတဲ့ အမျိုးသမီးကို သိလား?”

All Chapters