မဟာအကြီးအကဲအား ဖိနှိပ်ခြင်း!
Vol. 2 Ch. 20
အခန်း (၂၀) မဟာအကြီးအကဲအား ဖိနှိပ်ခြင်း!
စိတ်ဝိညာဉ်ရတနာလား? ဟန်ကျွယ်မျက်လုံးတွေဟာ တောက်ပသွားပါတယ်၊ စိတ်ဝိညာဉ်ရတနာတွေက သာမန်ရတနာတွေထက် ပိုပြီးစွမ်းအားကြီးတယ်လို့ ဟန်ကျွယ် ကြားဖူးပါတယ်။
“ငါ့မှာ အမြဲတမ်း ကုပ်ကုပ်လေးနေဖို့ ရွေးချယ်ခွင့်ရှိတယ်၊ ဒါက ငါပထမဦးဆုံး ရွေးချယ်မှုနဲ့ သက်ဆိုင်တာပဲ ဖြစ်ရမယ်” ဟန်ကျွယ်က တိတ်တဆိတ် တွေးတောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဂိမ်းဘဝ စတင်တုန်းက ကုပ်ကုပ်လေးနေပြီး ကျင့်ကြံဖို့ ရွေးချယ်ခဲ့တဲ့အတွက် သူ့ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်နိုင်တဲ့ အရည်အချင်းကိုတောင် ရရှိခဲ့ပါတယ်။
‘ဒါက အရမ်းကောင်းတယ်၊ ငါကြိုက်တယ်၊ ဝက်ယောင်ဆောင်ပြီး ကျားသားစားတာပဲ၊ မဟုတ်သေးဘူး... ငါ ပြိုင်ဘက်ကင်းတဲ့အထိ ဒီအတိုင်းဆက်ပြီး ကုပ်ကုပ်လေး နေသွားရမယ်’ ဟန်ကျွယ်က ပျော်ရွှင်စွာ တွေးတောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းရဲ့ လျှို့ဝှက်မာစတာဖြစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ သူဟာ ဒုတိယရွေးချယ်မှုကို တန်းရွေးလို့မရပါဘူး၊ ပြိုင်ပွဲပြီးတဲ့အထိ စောင့်ပြီးမှ နှိပ်လို့ရမှာပါ၊ ဟန်ကျွယ်ဟာ အတွေးစတွေကို ဖြတ်တောက်လိုက်ပြီး ထျန်းကျူးတောင်ထိပ်ကို အမြန်ခရီးနှင်လိုက်ပါတယ်။
…
ထျန်းကျူးတောင်ထိပ်မှာ တပည့်အချို့ဟာ ပြိုင်ကွင်းကို ဝိုင်းရံနေကြပါတယ်၊ ဒီအထဲမှာ မော့ဖူချိုနဲ့ မော့ကျူးတို့လည်း ပါပါတယ်၊ သူတို့နှစ်ဦးဟာ စင်မြင့်ပေါ်က တိုက်ပွဲကိုကြည့်ပြီး နားမလည်နိုင်အောင် ဖြစ်သွားရပါတယ်။
ဟန်ကျွယ်နဲ့ သူ့ပြိုင်ဘက်ဟာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေပါတယ်၊ အချိန်အများစုမှာ ဟန်ကျွယ်ဟာ ခုခံလိုက် ရှောင်တိမ်းလိုက် လုပ်နေတာကြောင့် လုံးဝအရေးနိမ့်နေတဲ့ အနေအထားပါပဲ။
ဟန်ကျွယ်ပြိုင်ဘက် ထျန်းကျူးတောင်ထိပ်ရဲ့ တပည့်ဟာ ပထမပွဲမှာတင် အားနည်းသူကို တွေ့လိုက်ရလို့ စိတ်လှုပ်ရှားလာပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါတယ်၊ သူဟာ တိုက်ပွဲအတွင်းမှာ စိတ်ဝိညာဉ်ချီအချို့ကို အသုံးပြုပြီးတော့ သူ့ဟန်ပန်ကိုတောင် ထိန်းသိမ်းထားလိုက်ပါတယ်။
ဟန်ကျွယ်ကတော့ ခက်ခက်ခဲခဲ တိုက်ခိုက်နေရပါတယ်၊ ဒီလိုဖြစ်အောင်လည်း ဟန်ကျွယ်က တမင်ဟန်ဆောင်ထားတာပါ၊ ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ခြေခုနစ်လှမ်းကို အသုံးပြုပြီး အလွယ်တကူ ရှောင်တိမ်းနေပေမဲ့ ခက်ခဲတဲ့ပုံ ပေါက်စေချင်တဲ့အတွက် ပွတ်ကာသီကာလေး လွတ်လောက်ရုံ ရှောင်တိမ်းပါတယ်၊ ပြီးတော့ အံကြိတ်ပြီး အားတင်းထားရဟန် ဆောင်ပါတယ်။
သူတို့နှစ်ဦးရဲ့တိုက်ပွဲဟာ တဖြည်းဖြည်း ကြာလာတာကြောင့် ပွဲကြည့်တပည့်တွေဟာ ပျင်းရိငြီးငွေ့လာပြီး တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြပါတယ်၊ မော့ဖူချိုနဲ့ မော့ကျူးကတော့ တိုက်ပွဲကို ဆက်ကြည့်နေတုန်းပါပဲ?
“သူက အဲဒီလောက်ထိ အင်အားမနည်းဘူးမလား?” မော့ကျူက မနေနိုင်ဘဲ မေးလိုက်ပါတယ်။
မော့ဖူချိုက အေးအေးဆေးဆေး ပြန်ဖြေလိုက်ပါတယ် “သူက တမင်လုပ်နေတာ”
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းဓားလက်ချောင်းသိုင်းကို ရုတ်တရက် အသုံးပြုလိုက်ပါတယ်၊ သူ့လက်ညိုးနဲ့ ပြိုင်ဘက်ကို လှမ်းထိုးလိုက်တဲ့အခါမှာ သူ့လက်ချောင်းထဲက ထွက်ပေါ်လာတဲ့ ဓားချီဟာ ပြိုင်ဘက်ရဲ့ ပခုံးကို ဖောက်ထွင်းသွားပါတယ်၊ အဲဒီနောက် ပုံရိပ်ယောင် ခြေခုနစ်လှမ်းကို အသုံးပြုပြီး ရှေ့တက်သွားကာ ပြိုင်ဘက်ကို စင်ပေါ်ကနေ ကန်ချလိုက်ပါတယ်။
ဒီလိုနဲ့ ပြိုင်ပွဲဟာ ပြီးဆုံးသွားပါတယ်၊
ပြိုင်ပွဲကို တာဝန်ယူထားရတဲ့ စောင့်ကြပ်သူသုံးဦးဟာ ဒီတိုက်ပွဲကိုကြည့်ပြီး တအံတဩ ဖြစ်သွားကြပါတယ်၊ သူတို့အာရုံတွေ လွင့်ပါးနေချိန်မှာ ပြိုင်ပွဲက ရုတ်ခြည်း ပြီးဆုံးသွားလိမ့်မယ်လို့ သူတို့တွေ မမျှော်လင့်ထားခဲ့ကြပါဘူး။
ဟန်ကျွယ်ဟာ သူ့လက်ကို ဆုပ်ကိုင်ပြီး “ကျေးဇူးတင်ပါတယ်” လို့ ပြောလိုက်ပါတယ်၊ အဲဒီနောက် စင်အောက်က ပြိုင်ပွဲကို တာဝန်ယူထားရသူ စောင့်ကြပ်သူသုံးဦးဆီသွားပြီး သူအနိုင်ရတာကို မှတ်တမ်းတင်လိုက်ပါတယ်။
ထျန်းကျူးတောင်ထိပ် တပည့်ကတော့ စိတ်ပျက်အားလျော့စွာ ထွက်ခွာသွားပါတယ်၊ မော့မောင်နှမနှစ်ယောက်ဟာ ဟန်ကျွယ်ဆီ ချက်ချင်း ရောက်လာပါတယ်။
“ရောင်းရင်းဟန်၊ ဘာလို့ တစ်ခါတည်း အနိုင်မယူတာလဲ?” မော့ဖူချိုက မေးလိုက်ပါတယ်၊ သူ့အမြင်မှာ ဟန်ကျွယ်က ယွီဂျင်ဂိုဏ်းရဲ့ ပါရမီအရှိဆုံးတပည့်ပါ၊ ဒါပေမဲ့ ဟန်ကျွယ်က ခပ်ကုပ်ကုပ်နေတဲ့အတွက် သူ့အရည်အချင်းကို လူအများစုက မယုံကြည်ကြပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “ကျုပ်က သူ့အားနည်းချက်ကို ခုနကမှ ရှာတွေ့သွားလို့ပါ” အဲဒီနောက် ဟန်ကျွယ်ဟာ စကားပြောတဲ့ အကြောင်းအရာကို ပြောင်းလဲလိုက်ပါတယ် “မိန်းကလေးမော့ ဒီရက်ပိုင်း အဆင်ပြေရဲ့လား”
ဟန်ကျွယ် မေးလိုက်မှ မော့ကျူဟာ သူကြုံတွေ့ခဲ့ရတာတွေကို ပြန်သတိရသွားပြီး ဒေါသထွက်သွားပါတယ်။
“ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် ကျွန်မ အစ်ကိုစကားကို နားထောင်ခဲ့မှာ၊ ကျွန်မ လီချန်းလုံလိုဏ်ဂူကို သွားတာ ဘာမှမရတဲ့အပြင် မိစ္ဆာကျင့်ကြံသူတွေနဲ့ တစ်ဂိုဏ်းတည်းသားတွေ ဝိုင်းတိုက်တာ ခံလိုက်ရပါတယ်၊ ကျွန်မမှာ ရွေးချယ်စရာမရှိတာနဲ့ ချောက်ထဲ ခုန်ချလိုက်ရတယ်၊ ကံကောင်းထောက်မပြီး အကြီးအကဲတစ်ဦးက ကယ်တင်ခဲ့ပေလို့ပဲ” မော့ကျူက ဒေါသတကြီး ပြောလိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “အဲဒီအကြီးအကဲက ဘယ်သူလဲ?”
“ကျွန်မလည်း မသိဘူး၊ သူက ကျွန်မကို ကယ်တင်ပြီးတာနဲ့ ထွက်သွားတာပါ၊ ယွီဂျင်ဂိုဏ်းက ထိပ်တန်းကျင့်ကြံသူတစ်ဦးဦး ဖြစ်နိုင်တယ်”
“အို”
ဟန်ကျွယ်ဟာ ဒီလောက်နဲ့ပဲ စကားစဖြတ်ပြီး မော့မောင်နှမနှစ်ယောက်ကို နှုတ်ဆက်ကာ ခပ်သုတ်သုတ် ထွက်ခွာလာခဲ့ပါတယ်။
မော့ကျူးဟာ ထွက်ခွာသွားတဲ့ ဟန်ကျွယ်ကို ကြည့်ရင်း မည်းမှောင်နေတဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ် “အစ်ကိုကြီး၊ သူက ကျွန်မကို ရှောင်နေတယ်လို့ ဘာလို့ခံစားရတာလဲ? သူက ကျွန်မနဲ့ စကားမပြောချင်လို့လား”
မော့ဖူချိုက ပြုံးပြီး ပြောလိုက်ပါတယ် “နင်က အရမ်းကြီး ထင်ရှားအောင် လုပ်ပြနေတာကိုး၊ ရောင်းရင်းဟန်က ခြိုးခြံစွာ ကျင့်ကြံသူလေ၊ သူက အချစ်ကြောင့် သူ့ကျင့်ကြံခြင်း နှောင့်နှေးမှာကို မလိုချင်ရုံပါ”
“ဒီလိုသာ အမြဲတမ်းကျင့်ကြံနေရင် ဘဝကြီးက ပျော်စရာဘယ်ကောင်းတော့မလဲ?”
“လူတိုင်းမှာ ရည်ရွယ်ချက် အမျိုးမျိုးရှိတယ်၊ သူ့ရည်ရွယ်ချက်က ထာဝရအသက်ရှင်နိုင်ဖို့နဲ့ ကြီးမြတ်တဲ့တာအိုကို ရရှိဖို့ပဲ”
“သူနဲ့အစ်ကိုက လူတစ်မျိုးတည်းပဲ”
“ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး”
…
ဟန်ကျွယ်ဟာ သူ့လိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာ နတ်ဆိုးနှင် နဂါးကိုကောင်းတံဆိပ်ကို ဆက်လေ့ကျင့်ပါတယ်၊ ဟန်ကျွယ်ဟာ ပြိုင်ပွဲမှာ ပုံရိပ်ယောင်ခြေခုနစ်လှမ်းကိုပဲ တစ်ချိန်လုံးသုံးနေတာ ဖြစ်တဲ့အတွက် ပင်ပန်းတယ်လို့တောင် ပြောမရပါဘူး။
နောက်ရက်တွေမှာလည်း ဒီအတိုင်းပဲ ဆက်ဖြစ်ပျက်ပါတယ်။
အကြိမ်တိုင်းမှာ ဟန်ကျွယ်ဟာ သူ့ပြိုင်ဘက်ကို ပွဲကြည့်တပည့်တွေ ထွက်ခွာသွားမှာ အနိုင်ယူပါတယ်၊ ရှုံးနိမ့်သွားတဲ့သူတွေကလည်း အရေးသာသလိုရှိပြီးမှ ရှုံးနိမ့်သွားတာကြောင့် ဒီအကြောင်းကို ဘယ်သူဆီမှ လိုက်မပြောပါဘူး၊ ဒီလိုနည်းနဲ့ ဟန်ကျွယ်ဟာ တဖြည်းဖြည်း အဆင့်တက်သွားပေမဲ့ ဘယ်သူကမှ သိပ်ပြီး သတိမထားမိပါဘူး။
ဒါပေမဲ့ တချုံကျင့်ကြံသူ လူဝင်စားကျိုးဖန်ကတော့ ဒီပွဲမှာ ဆက်တိုက်အစွမ်းပြပါတယ်၊ သူဟာ ထိပ်ဆုံးဆယ်ယောက် စာရင်းဝင်တဲ့အထိ ပြိုင်ပွဲတိုင်းမှာ ဆက်တိုက် အနိုင်ရတာကြောင့် အတွင်းဂိုဏ်းတစ်ခုလုံးက သူ့အကြောင်းကို ဆွေးနွေးပြောဆိုနေကြပါတယ်။
လက်တွဲဖော်တစ်ယောက်အတွက် ဓားတောင်ထိပ်က ပထမတပည့်ကို စိန်ခေါ်တာဟာ ကျိုးဖန် ရူးနေလို့ပဲလို့ လူအများအပြားက တွေးတောကြပါတယ်၊ ကျိုးဖန်နိုင်မှာ မဟုတ်ဘူးလို့ လူတိုင်းက တွက်ထားကြပါတယ်။
ဓားတောင်ထိပ်ရဲ့ ပထမတပည့်က အတွင်းဂိုဏ်းပြိုင်ပွဲမှာ ဝင်မပြိုင်ပါဘူး၊ ဒါပေမဲ့ ကျိုးဖန်က ထိပ်ဆုံးသုံးယောက်စာရင်းကို ဝင်မယ်ဆိုရင် စိန်ခေါ်မှုကို လက်ခံမယ်လို့ ကြော်ငြာထားပါတယ်၊ ဒီကိစ္စက အတွင်းဂိုဏ်းတစ်ခုလုံးကို ပွတ်လောညံသွားစေပါတယ်၊ ဒါပေမဲ့ ဟန်ကျွယ်ကတော့ ဒီလိုကိစ္စတွေကို လုံးဝ စိတ်မဝင်စားပါဘူး၊ ဒီလိုအတွက်တွေကို ဟန်ကျွယ် ဝတ္ထုထဲမှာ ဖတ်ဖူးတာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။
အဲဒီညမှာ ဟန်ကျွယ်ဟာ ထုံးစံအတိုင်း နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်ကို လေ့ကျင့်နေပါတယ်၊ ဟန်ကျွယ်ဟာ ဒီအကွက်ကို ပြီးခဲ့တဲ့တိုက်ပွဲတွေမှာ အသုံးမပြုခဲ့ပါဘူး၊ ဒါပေမဲ့ ဒီရက်တွေမှာ သူဟာ ဒီအကွက်ကိုပဲ ထပ်ခါထပ်ခါ လေ့ကျင့်ခဲ့တဲ့အတွက် အခုအချိန်မှာ ဟန်ကျွယ်ဟာ နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်ကို ကောင်းကောင်းကြီး ကိုင်တွယ် အသုံးပြုနိုင်နေပါပြီ။
ဟန်ကျွယ်ဟာ တစ်စက္ကန့်အတွင်း ဒီမန္တန်ကို ထုတ်ဖော်နိုင်ပါပြီ၊ မန္တန်အများစုက လက်ပုံစံလုပ်ရတာကြောင့် အဲဒီမန္တန်တွေကို အသုံးပြုမယ်ဆိုရင် အချိန်ကြာပါတယ်၊ သူတို့က ရုပ်ချည်းသက်သက် သိုင်းတွေလို ချက်ချင်း ထုတ်ဖော်ဖို့ မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ လေ့ကျင့်မှု များလာတာနဲ့ တစ်ခဏချင်း ထုတ်ဖော်နိုင်မှာပါ။
“ဝှစ်” လေတိုက်သံကို လိုဏ်ဂူအပြင်ဘက်ကနေ ကြားလိုက်ရပါတယ်၊ ပထမတော့ ဟန်ကျွယ်ဟာ ဒီလေတိုက်တာကို ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဟန်ကျွယ်ဟာ မသက်မသာ ခံစားလိုက်ရပါတယ်၊ ဟန်ကျွယ်ဟာ လေ့ကျင့်နေတာကို ရပ်လိုက်ပြီး သူ့ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်ပါတယ်၊ အဲဒီအခါ လိုဏ်ဂူအပြင်ဘက်မှာ လူမပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရှိတာကို တွေ့လိုက်ရပါတယ်၊ လခြမ်းကွေးလေးအောက်မှာ ကျောက်အေးတောင်ထိပ်က ကြောက်မက်ဖွယ် ကောင်းနေပါတယ်။
“ဘာတွေ ဖြစ်နေတာလဲ?” ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပါတယ်၊ အပြင်က သစ်ပင်တွေဟာ မလှုပ်ရှားတဲ့အတွက် လေမတိုက်ဘူးဆိုတာ သိသာပါတယ် ‘ဘယ်သူမှလည်းမရှိဘဲ လေလည်းမတိုက်ဘဲနဲ့ ငါဘာလို့ လေတိုက်သံကို ကြားလိုက်ရတာလဲ? ငါ့ကို တစ်ကောင်ကောင်က ဝင်ပူးထားလို့များလား?’ ဟန်ကျွယ် ကျောရိုးတစ်လျှောက် စိမ့်တက်သွားပါတယ်။
ပြန်လည်မွေးဖွားပြီးနောက် ဒီလိုအခြေအနေမျိုး ကြုံတွေရတာ ဟန်ကျွယ်အတွက် ပထမဆုံးပါပဲ၊ ဒီလောကမှာ ကျင့်ကြံသူတွေ မိစ္ဆာတွေရှိတဲ့အတွက် သရဲဆိုတာကလည်း ရှိနိုင်ပါတယ်၊ ဟန်ကျွယ်ဟာ ရင်ထိတ်လာပြီး သူ့အသက်ရှူသံကို ထိန်းထားလိုက်ပါတယ် ‘ဒါက သရဲဆိုရင် တော်တော်စွမ်းအားကြီးမှာပဲ၊ နတ်မိမယ်ရှီရွှမ်တောင် ဒီသရဲကို ရှာမတွေ့သေးဘူး’
‘သရဲတွေ... သရဲတွေ... ကျေးဇူးပြုပြီး ထွက်သွားပါ၊ ကျေးဇူးပြုပြီး ထွက်သွားပါ...’ ဟန်ကျွယ်ဟာ သူ့ဘာသာ ထပ်ခါထပ်ခါ ရွတ်ဆိုလိုက်ပါတယ်။
ဒီအချိန်မှာပဲ အနက်ရောင် အမျှင်အတန်းတွေဟာ ကျောက်တုံးတံခါးကနေ ဖြတ်ပြီး လိုဏ်ဂူထဲ ဝင်လာတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ် ‘ဘာကြီးလဲဟ! တကယ်ပဲ သရဲလား?’
ဟန်ကျွယ်ဟာ ဆက်မတွေးတော့ဘဲ သူ့လက်ကို ချက်ချင်းမြှောက်ပြီး နတ်ဆိုးနှင် နဂါးကိုးကောင်တံဆိပ်ကို ထုတ်သုံးလိုက်ပါတယ်၊ ရွှေရောင်တံဆိပ်ဟာ အနက်ရောင် အခိုးအငွေ့နဲ့ ထိပ်တိုက် သွားတွေ့ပါတယ်၊ ဒီရွှေရောင်တံဆိပ်မှာ နဂါးကိုကောင်ပါရှိတဲ့အတွက် ကြီးမြတ်တဲ့ရောင်ဝါတွေ ထွက်ပေါ်နေပါတယ်၊ ဒီတံဆိပ်ဟာ အနက်ရောင် အခိုးအငွေ့တွေကို ပြိုကွဲသွားစေပြီး လေထဲမှာ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ စွမ်းအားကြီးတဲ့ တွန်းအားတစ်ခုကို ခံစားလိုက်ရတာကြောင့် မျက်မှောင်ကြုတ်လိုက်ပါတယ်၊ ပုံမှန်အခြေအနေမှာဆိုရင် နတ်ဆိုးနှင် နဂါးကိုကောင်တံဆိပ်ကာ ကျောက်တုံးတံခါးဆီကို ဆက်သွားရမှာပါ။
ဟန်ကျွယ်ဟာ သေချာကြည့်လိုက်တဲ့အခါမှာ ပြိုကွဲသွားတဲ့ အခိုးအငွေ့တွေက နောက်တစ်ခါထပ်ပြီး စုစည်းနေတာကို တွေ့လိုက်ရပါတယ်၊ ဟန်ကျွယ်ဟာ ချက်ချင်းပဲ နတ်ဆိုးနင် နဂါးကိုးကောင်တံဆိပ်ကို အသုံးပြုလိုက်ပါတယ်။
“ဝုန်း...” ‘ကြည့်ရတာ မရသေးဘူးပဲ’
“ဝုန်း’ ‘ဒါလည်း မရသေးဘူးလား! မရသေးရင် နောက်တစ်ခေါက်ကွာ’
‘ဝုန်း’
ဟန်ကျွယ်ဟာ အနက်ရောင် အခိုးအငွေ့ရှေ့မှာရပ်ပြီး ထပ်ခါထပ်ခါ ရိုက်ချတဲ့အတွက် မြေကြီးမှာ တွင်းပေါက်ကြီး ဖြစ်သွားပါတယ်၊ လိုဏ်ဂူနံရံဟာလည်း ပြိုကွဲလုနီးပါးပါပဲ။
ဒါတောင် ဟန်ကျွယ်က သေချာထိန်းချုပ်ထားလို့ပါ၊ နို့မဟုတ်ရင် လိုဏ်ဂူတစ်ခုလုံးက လက်ဝါးတစ်ချက်တည်းနဲ့ ပြိုကျသွားမှာ ဖြစ်ပါတယ်။
“ဟေ့... နေအုန်း! ရပ်လိုက်! ရပ်လိုက်!” အော်သံတစ်ခုဟာ ရုတ်တရက် ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး အနက်ရောင်အခိုးအငွေ့တွေကို ငုံ့ကြည့်လိုက်ပါတယ်။
“ငါက ဒီယွီဂျင်ဂိုဏ်းရဲ့ မဟာအကြီးအကဲပဲ၊ မင်းလိုတပည့်တစ်ယောက်က ငါ့ကို ဒီလို မရိုမသေ ဆက်ဆံရလား?” အနက်ရောင်အခိုးအငွေ့ရဲ ဒေါသတကြီး အော်ဟစ်သံကြောင့် ဟန်ကျွယ်ဟာ မှင်သက်သွားပါတယ်။
‘မဟာအကြီးအကဲလား’
အနက်ရောင်အခိုးအငွေ့တွေဟာ စုစည်းပြီး လူသားတစ်ယောက်အသွင် ဖြစ်ပေါ်လာပါတယ်၊ ဒီလူသားပုံစံက မီတာဝက်လောက်ပဲ ရှိတဲ့အတွက် လူပုထက်တောင် အရပ်ပုနေပါသေးတယ်၊ ဒီလူဟာ ကြုံလှီပြီး ပွပွယောင်းယောင်းရှိတဲ့ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပါတယ်၊ သူ့ဆံပင်တွေက တစ်ခေါင်းလုံး ဖြူဖွေးနေပြီး ဟန်ကျွယ်ကို ဒေါသတကြီး ကြည့်နေပါတယ်။
ဟန်ကျွယ်က မတတ်နိုင်ဘဲ ပြောလိုက်ပါတယ် “လူကြီးမင်းက သန်းခေါင်ယံကြီးကျမှ ကျွန်တော့်လိုဏ်ဂူထဲကို ဘာလို့ ခိုးဝင်တာလဲ?”
မဟာအကြီးအကဲက မှုန်တေတေနဲ့ ပြောလိုက်ပါတယ် “ငါက နတ်သိုင်းကို လေ့ကျင့်နေလို့ ငါစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေခွာပြီး လျှောက်သွားနေတာ၊ မင်းလိုဏ်ဂူကနေ အသံတွေကြားနေရလို့ သိချင်စိတ်နဲ့ ငါလာကြည့်တာ”
မဟာအကြီးအကဲဟာ ဟန်ကျွယ်ကို ပြစ်တင်ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ အတာ်လေး လန့်သွားပါတယ် ‘ဒါက ဘယ်လိုပညာမျိုးလဲ၊ ငါ့ကို သတ်လုနီးပါးပဲ၊ နောက်ပြီး ဒီကောင်လေးရဲ့ စိတ်ဝိညာဉ်ချီက ရွှေဓာတ်လုံး ပဥ္စမအဆင့်လောက်ရှိတယ်၊ ယွီဂျင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေက အဲဒီလောက်တောင် ထူးချွန်ထက်မြက်လာပြီလား’