← Chapters

Chapter 1366 - 1367

Vol. 92 Ch. 1366 - 1367

Chapter 1366 - 1367

Vol. 92 Ch. 1366 - 1367

Chapter 1366 လာကြ လာကြ

တစ်ဖက်တွင်မူ ဖျင်အန်းမြို့နှင့် အခြားနေရာများ၌ သတင်းဆိုးများ တစ်ခုပြီးတစ်ခု ထွက်လာလေသည်။ တောင်ဘီလူး စစ်တပ်က နိုင်ငံတွင်းသို့ ကြမ်းတမ်းစွာ ကျူးကျော်လာပြီး ဖျင်အန်းမြို့သို့ ဝင်ရောက်ကာ စတင် ဖျက်ဆီးသဖြင့် အကြီးအကျယ် ကကောင်းကနင်း ဖြစ်ကုန်သည်။

မျက်စိနှင့် မြင်နိုင်သည့် အရာအားလုံး ပြာဖြစ်သွားသည်။ အဆောက်အဦးများ ပြိုကျပျက်စီးကာ သက်ရှိများ ထိခိုက်သေကြေကြပြီး ဖျင်အန်းမြို့သည် ညတွင်းချင်း မြို့ပျက်အဖြစ်သို့ ရောက်ရှိသွားသည်။

သို့သော် အင်ပါယာက ဖျင်အန်းမြို့တွင်း၌ ဖြစ်ပျက်သမျှကို မသိချင်ယောင်ဆောင်ထားသည်။ တောင်ဘီလူး ဘုရင်က ရက်စက်စွာ ကြေငြာလေသည်။

“တစ်ရက်အတွင်း ယဲ့ဘုရင် ပေါ်မလာခဲ့ရင် ဖျင်အန်းမြို့ တစ်ရက်တောင် မငြိမ်းချမ်းစေဘူး”

ထိုစဉ် ယဲ့မိသားစု၏ ဒုတိယဘိုးဘေးကလည်း လူမြင်ကွင်းသို့ ထွက်လာပြီး တစ်နိုင်ငံလုံး သိအောင် ပြောကြား လိုက်သည်။

“ယဲ့ဘုရင်က ရှုကျိုးမှာ”

ချက်ချင်းဆိုသလိုပင် လေ့ယန် မြက်ခင်းလွင်ပြင် ဒေသ၏ ဘုရင်ဖြစ်သူ နေဘုရင်က သံမဏိ စစ်သည် သုံးသောင်းကို ဦးဆောင်၍ ရှုကျိုးသို့ ချီတက်လာသည်။ သူ၏ ရည်ရွယ်ချက်က ယဲ့ဘုရင်ကို သတ်ရန် ဖြစ်ကြောင်း သိသာလှသည်။

တောင်ဘီလူး စစ်တပ်ကမူ ဖျင်အန်း၌ အခြေချရန် ရွေးချယ်ထားမြဲဖြစ်ပြီး ယဲ့ဘုရင် ပေါ်လာမည်ကို စောင့်ဆိုင်း နေ၏။ အကြောင်းမှာမူ သူ့လက်အောက်ငယ်သားများ အပြင်သို့ မထွက်ရသည်မှာ အတော်ကြာနေပြီ ဖြစ်သဖြင့် ပျော်ပါးစေရန် ဖြစ်လေသည်။

နေဘုရင်၏ သုံးသောင်းနီးပါးသော သံမဏိစစ်သည်များ ရှုကျိုးသို့ ရောက်လာပြီးနောက် ရှုကျိုး နယ်မြေတစ်ခုလုံးမှ သိုင်းပညာရှင်များကို သုတ်သင်ရန် တစ်ရက်မျှသာ အချိန်ယူလိုက်ရသည်။

သူ၏ စစ်သည်တော်များက မည်မျှ သန်မာပြီး သူ့အား အနည်းငယ်မျှ မလေးမစား လုပ်လျင်ပင် ကပ်ဆိုက် နိုင်ကြောင်း ရှုကျိုး တစ်ခုလုံး နားလည်အောင် ပြလိုခြင်း ဖြစ်လေသည်။ ထို့အပြင် ယဲ့ဖန်အားလည်း ထွက်လာပြီး အသေခံရုံမှလွဲ၍ အခြားရွေးစရာ မရှိကြောင်း သိရှိစေလိုခြင်း ဖြစ်ပေသည်။

ထိုည၌ နေဘုရင်ကလည်း ကြေငြာလာ၏။

“ယဲ့ဘုရင် တစ်ရက်အတွင်း ပေါ်မလာရင် ကျုပ် ရှုကျိုးက လူတစ်သောင်းကို သတ်ပစ်ပြီး ရှုကျိုးနယ်‌မြေက လူဦးရေအားလုံးကို ရှင်းပစ်မယ်”

အင်ပါယာက တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ပိုင်ကျန့်ချင်းကလည်း ယဲ့ဖန်ကို ထိုအင်အားစု နှစ်ခု၏ လက်ထဲ၌ သေသွားရန် မျှော်လင့်နေသောကြောင့် ဖြစ်သည်။

ရှုကျိုးနယ်မြေတစ်ခုလုံး ဆောက်တည်ရာမရ မျှော်လင့်ချက်မဲ့ခြင်းများ ဖုံးလွှမ်းလာသည်။ ထိုစဉ် ယဲ့ဖန်သည် ရှုကျိုး နယ်မြေတစ်ခုလုံးကို ကောင်းကောင်းမြင်နိုင်သည့် အိမ်တော်၏ အပေါ်ဆုံးထပ်၌ ထိုင်နေသည်။

သူသည် မတ်တပ်ထရပ်ပြီး လက်နောက်ပစ်ကာ အပြုံးနှင့်အတူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“တစ်လောကလုံးက ငါ့ရန်သူပဲနဲ့တူတယ်၊ ဟုတ်တယ်မလား”

ဤသည်မှာ သူ့ပုံစံပင်။ ယခင်ကလည်း ဤအတိုင်းပဲ ဖြစ်ကာ နောင်လည်း ယခုအတိုင်း ဆက်ဖြစ်နေမှာပင်။ အကြောင်းရင်းမှာ သူသည် နတ်ဆိုးတစ်ကောင် ဖြစ်နေသောကြောင့်ပင်။ လောက၌ အရက်စက်ဆုံး နတ်ဆိုးဖြစ်ပြီး လောကက သူ့ကို သည်းမခံနိုင်တော့သဖြင့် ဖျက်ဆီးလေသည်။

ထို့ကြောင့် သူ လူသတ်ရပေသည်။ လူသတ်၍ သွေးစွန်းသောလမ်းကို ခင်းခဲ့ရသည်။ သို့မှသာ သူ ရှေ့ဆက် လျှောက်နိုင်မည် ဖြစ်သည်။ ဘုံကိုးပါး ဧကရာဇ်ဘဝကလည်း ရန်သူများ ရှိခဲ့ပြီး ဘဝတိုင်း၌ ခြွင်းချက်မရှိ သတ်ဖြတ်ခဲ့ရသည်ပင်။

“လမ်းတစ်လျှောက် အလောင်းတွေနဲ့ ပြည့်နေခဲ့သလို အနိုင်ကျင့် လှောင်ပြောင်ချင်တဲ့သူတွေကလည်း မကုန်သေးပဲကိုး”

ယဲ့ဖန်၏ အပြုံးက တဖြည်းဖြည်း သွေးဆာသော အပြုံးမျိုး ဖြစ်လာပြီး သူသည်လည်း ဆာလောင်နေသော သားရဲတစ်ကောင်နှင့် တူလာသည်။

“လာကြ လာကြ”

အောက်ထပ်မှ မိန်းကလေးများမှာမူ လက်ရန်းကိုမီ၍ လကိုမော့ကြည့်နေသော ယဲ့ဖန်ကို ကြည့်ပြီး စိတ်နှလုံး ကြေကွဲနေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အမျိုးသားက ထာဝရ တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်နေရသောကြောင့်ပင်။ သို့သော် မည်သူမှ သူ့ကို မကူညီနိုင်ပေ။ သူတို့ အကူအညီမပေးနိုင်၍ စိတ်ဓာတ် ကျရသည်။ ဤခံစားချက်က သူတို့ကို နာကျင်စေသည်။

“ငါ ကျမ်းဂန်ခန်းမကို သွားလိုက်ဦးမယ်”

ထိုသို့သောအချိန်၌ ပိုင်ရွှယ်က လက်ထဲမှ ပန်းကန်ကို ချ၍ ကျမ်းဂန်ခန်းမသို့ ထွက်သွားသည်။

“ငါလည်း ယန်ဝူထန်ကို သွားလိုက်ဦးမယ်”

ဟွမ်ယွီလင်းကလည်း ထရပ်၍ နှုတ်ဆက်သွားသည်။

“သူတို့နှစ်ယောက်က”

ကျုံးလီအာ စဉ်းစားရခက်သွားလေသည်။ ကျုံးဝမ်က မချိတရိပြုံး၍ ပြောလိုက်သည်။

“ပိုင်ရွှယ်က အင်အားမသုံးရဘဲ သူ့ဦးနှောက်ကို အသုံးချတဲ့နေရာမှာ တော်တယ်လေ၊ အဲ့ဒါကြောင့် သူ ကျမ်းဂန် ခန်းမကိုမှာ စာဖတ်ဖို့ သွားတာ၊ သူ စစ်ဗျူဟာ နည်းပရိယာယ်တွေကို သင်ယူဖို့ ဖြစ်နိုင်တယ်”

“ပြီးတော့ ဟွမ်ယွီလင်းရဲ့ ပါရမီက သိပ်ကောင်းတယ်၊ အနာဂတ်မှာ သူက သိပ်ကောင်းတဲ့ လက်နက် ဖြစ်လာနိုင်တယ်၊ သူလည်း လေ့ကျင့်ဖို့ လိုတယ်လေ၊ သူတို့နှစ်ယောက်လုံးက ယဲ့ဖန်အတွက် ကြိုးစားနေကြတာ”

“ငါတို့က အသုံးမကျဆုံး ဖြစ်မနေဘူးလား”

ကျုံးလီအာ အနည်းငယ် လမ်းပျောက်သလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ပိုင်ရွှယ်လို ဉာဏ်မကောင်းသလို ဟွမ်ယွီလင်းကဲ့သို့လည်း ပါရမီ မပါပေ။

“အရူးမလေး နင့်လူကို ကူညီချင်တယ်ဆိုရင် အင်အားရှိပြီး ဉာဏ်ကောင်းမှ ကူညီလို့ရတာမှ မဟုတ်တာ၊ သူ့အတွက် ဖိအားတွေ လျော့နည်းအောင် လုပ်ပြီး သူ ပျော်အောင် လုပ်ပေးတာလည်း ကူညီရာ ရောက်တာပဲလေ”

ကျုံးဝမ်က ပြုံး၍ နှစ်သိမ့်လိုက်သည်။ ကျုံးလီအာ တစ်ခဏမျှ စဉ်းစားနေပြီးနောက် လက်ခုပ်ထတီးလေသည်။

“ဟုတ်ပြီ”

“ဘာကိုလဲ”

“ငါ ယဲ့ဖန်နဲ့ အိပ်ချင်တယ်”

“ဖွီး”

လေ့ယန် မြက်ခင်းလွင်ပြင်ဒေသမှ စစ်သည်တော်များ ရှုကျိုးနယ်စပ်သို့ ကျူးကျော်လာချိန်တွင် ဒေသခံ သိုင်းပညာရှင်များက စုပေါင်း၍ လူတစ်သောင်းနီးပါး ပါဝင်သော တော်လှန်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းကာ ရှုကျိုး၏ ဖုန်းချီတောင်၌ စုဝေးကြလေသည်။

ဖုန်းချီတောင်နှင့် ကီလိုမီတာ တစ်ရာအကွာ၌ ဖန်ရွှေမြို့ဟူသော မြို့လေးတစ်ခု ရှိသည်။ ထိုမြို့မှ ဒေသခံများမှာ ရိုးရှင်းကြသည်။ လူများသည် ချမ်းသာကြပြီး ဒေသခံအများစုက စီးပွားရေးလုပ်ငန်းများ လုပ်ကြသည်။ ထို့ကြောင့် ဖန်ရွှေမြို့သည် အချမ်းသာဆုံးနေရာဖြစ်သည်ဟု ဆိုရပေမည်။

ယနေ့ ထိုနေရာတွင် သိုင်းပညာရှင်တစ်ဖွဲ့ ရောက်နေပြီး ခြိမ်းခြောက်အကျပ်ကိုင်နေ၏။

“မတွေ့ရတာ ကြာပြီနော် ရွာသူကြီး”

ထိုသူသည် ဆိုးယုတ်သော အပြုံးမျိုး ပြုံးနေပြီး လေသံက ယောက်ျားသံနှင့် မိန်းမသံပါ ပေါက်နေသည်။ ရွာသူကြီးက ထိုသူကိုမြင်သောအခါ မျက်နှာ မည်းမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

“ကျောက်လင်းရွှမ်ပါလား”

သူ့ရှေ့မှလူသည် လူကောင်းမဟုတ်ပေ။ ရှုကျိုးနယ်မြေ၌ ဆိုးယုတ်သော ဓားပြအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး သိုင်းပညာရှင်တစ်ဖွဲ့ကို ဦးဆောင်ကာ မကောင်းသော ရည်ရွယ်ချက်ဖြင့် ရှုကျိုး၌ မီးရှို့သတ်ဖြတ်ကာ ဓားပြတိုက်သူ ဖြစ်သည်။

သူတို့က ဝူချီဖုန်းနှင့် ပတ်သက်မှုရှိပြီး သူတို့ လုယက်၍ ရသည့် ငွေတစ်ဝက်အား လတိုင်း ဝူချီဖုန်းကို ပေးသည်။ ထို့ကြောင့် ဝူချီဖုန်းက သူတို့ကို မသိချင်ယောင်ဆောင်ထားသည်။

ယခု ရှုကျိုး၌ ရုတ်ရုတ်သဲသဲ ဖြစ်နေသဖြင့် ဤလူများက အခွင့်ကောင်းယူ၍ ရှုကျိုး၌ အချမ်းသာဆုံးမြို့ကို ဓားပြတိုက်ရန် စီစဉ်လေသည်။

ထို့အပြင် ဤကျောက်လင်းရွှမ်သည် ဤဓားပြများ၏ ခေါင်းဆောင်ဖြစ်ကာ သိုင်းအဆင့်က ဘုရင်အဆင့် ဖြစ်သော်လည်း မကောင်းသော စိတ်ရှိပြီး မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံသည်။ သူသည် မကြာခဏ အပျိုစင် မိန်းမပျိုလေးများကို ကစားစရာသဖွယ် အသုံးချပြီး သေသည်အထိ နှိပ်စက်တတ်သည်။ ထို့ကြောင့် ရှုကျိုး၌ သူတို့ကို အလွန်ကြောက်ကြသည်။

“ဆရာ ကျောက်လင်းရွှမ် ဘာလို့ ဒီကိုလာလဲ သိလို့ရမလား”

ရွာသူကြီးက နှိမ့်ချသည်လည်းမဟုတ် တင်စီးသည်လည်း မဟုတ်သော လေသံဖြင့် မေးလိုက်သည်။ ဤသို့သော လူကို အလွန် ယဉ်ကျေးပြနေစရာ မလိုပါ။ အကြောင်းမှာမူ ဘယ်လိုနေနေ ဘာကမှ မပြောင်းလဲသွားသောကြောင့် ဖြစ်သည်။

တစ်ဖက်လူက ဤနေရာသို့ ရောက်နေပြီဖြစ်သဖြင့် ရည်ရွယ်ချက်က သိသာလွန်းသည်။

“ခင်ဗျားလည်း သိတဲ့အတိုင်း အခု လေ့ယန် မြက်ခင်းလွင်ပြင်ဒေသက လူတွေက ကျုပ်တို့ ရှုကျိုးနယ်မြေကို ကျူးကျော်နေတယ်လေ၊ ကျုပ်က ကျုပ်မိသားစုနဲ့ နိုင်ငံကို ကာကွယ်ရမှာပေါ့၊ အဲ့ဒါကြောင့် ကျုပ်လူတွေကို ဦးဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့ထဲ ဝင်ပြီးတော့ လေ့ယန်ကလူတွေကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတယ်”

ကျောက်လင်းရွှမ်က အလွန်‌ ဖြောင့်မတ်တည်ကြည်ဟန်ဖြင့် ပြောလိုက်သည်။ သို့သော် သူ၏ ဖြောင့်မတ် တည်ကြည်ဟန် အပြုအမူက သူ၏ ပင်ကို ရက်စက်သော စရိုက်နှင့် မတူသဖြင့် လူအများအား မကောင်းသော ခံစားချက်နှင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိလိမ့်မည်ဟု ခံစားမိစေသည်။

“သူရဲကောင်းစိတ်ဓာတ်၊ ဖြောင့်မတ်တည်ကြည်တယ်၊ ကျုပ် လေးစားမိပါတယ်”

ရွာသူကြီးက အေးအေးလူလူ ပြောသော်လည်း စိတ်ထဲ၌ သရော်နေမိသည်။ ကျောက်လင်းရွှမ်က မည်သို့သော လူစားမျိုးလဲ သူ မသိပါက ယုံမိလောက်သည်။ သူ့စကားကို ကြားသော် ကျောက်လင်းရွှမ်က ရယ်လေသည်။ သို့သော် သူ့အပြုံးက ပို၍ ကြောက်စရာ ကောင်းလာ၏။

“ဒါပေမဲ့ လေ့ယန်က လူတွေကို တိုက်တာက ရှုကျိုးတစ်ခုလုံးနဲ့ ဆိုင်တဲ့ကိစ္စပဲ၊ လူတိုင်း ပါဝင်သင့်တယ်၊ ခင်ဗျားရော ဘယ်လိုထင်လဲ ရွာသူကြီး”

ရွာသူကြီးနှင့် မြို့ငယ်လေးထဲမှ ရွာသားများအားလုံး ရုတ်တရက် မျက်နှာပျက်သွားကြသည်။ တစ်ဖက်လူ ဘာလုပ်ချင်နေသလဲ သူတို့ ချက်ချင်း နားလည်သွားကြသည်။

သို့သော် သူတို့ ဘာမှမပြောနိုင်ခင်မှာပင် ကျောက်လင်းရွှမ်က လိုရင်းကို ပေါ်တင် ပြောလာ၏။

“မြို့က ပိုက်ဆံအားလုံးကို ထုတ်ပေးပြီး ကျုပ် လေ့ယန်လူတွေကို တိုက်နိုင်အောင် လှူဒါန်းပါ”

“ချွင် ချွင်”

သူ့အနောက်မှ ဓားပြများက လက်နက်များကို ပြိုင်တူထုတ်လာပြီး သူတို့ရှေ့မှ ရွာသားများအား ညစ်ကျယ်ကျယ် အပြုံးနှင့် ကြည့်လာကြသည်။ လူသတ်ချင်သော အငွေ့အသက်များ ချက်ချင်း ပျံ့လွင့်လာသည်။

ခြိမ်းခြောက်ခြင်းပင်။ အကယ်၍ သူတို့ရှေ့မှ ရွာသားများက ပွင့်လင်းနာခံစိတ် မရှိလျင် ကျောက်လင်းရွှမ်၏ ပုံစံအမှန်နှင့် ရင်ဆိုင်ရပေမည်။

“မင်း ဒီကို ပိုက်ဆံလုဖို့ လာတာလား”

ရွာသူကြီး၏ မျက်နှာက ချက်ချင်း သုန်မှုန်လာပြီး တစ်ဖက်လူက နေ့ခင်းကြောင်တောင် အတင့်ရဲ၍ မဆင်မခြင် လုပ်ရဲလိမ့်မည်ဟု ထင်ထားမိပုံ မရချေ။

ကျောက်လင်းရွှမ်က အခွင့်အရေးကို အသုံးချခြင်းပင်။ ယခု ရှုကျိုးက ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး ဝူချီဖုန်းလည်း သေသွားလေပြီ။ အင်ပါယာကလည်း ရှုကျိုး၌ ဖြစ်ပျက်သမျှကို မသိချင်ယောင် ဆောင်နေ၏။ ယခု မည်သူမှ သူ့ကို မထိန်းချုပ်နိုင်ပါ။ ထို့ကြောင့် အခွင့်အရေးယူနိုင်မည့် အချိန်အခါကောင်းပင်။

ယခုမှ မလှုပ်ရှားလျင် ဘယ်အချိန်ထိ စောင့်နေရဦးမည်နည်း။ လေ့ယန်မှ လူများနှင့် တိုက်ခိုက်ခြင်းမှာမူ စကားအဖြစ် ပြောခြင်းသာ ဖြစ်သည်။ ရန်သူသည် ရဲရင့်၍ အတိုက်အခိုက် ကောင်းသော စစ်သည်တော် သုံးသောင်းပါသည့် စစ်တပ် ဖြစ်သည်။ ဘယ်လိုလုပ် သူက လူရာဂဏန်းလေးနှင့် တိုက်ခိုက်ရဲပါမည်နည်း။

*ကျောက်တုံးကို ကြက်ဥနဲ့‌ပေါက်ချင်တာလား*

*ဒါ သေတွင်းတူးနေတာလေ*

ကျောက်လင်းရွှမ် ထိုမျှ မမိုက်မဲပါ။

“မတည်ငွေ ထည့်တယ်လို့ ခေါ်သင့်တယ်”

ကျောက်လင်းရွှမ်က ရွာသူကြီးကို ခြိမ်းခြောက်သော မျက်လုံးများနှင့် ခပ်မာမာ ကြည့်လိုက်သည်။ အချိန်မရွေး လူထသတ်တော့မည့်ပုံပင်။

“စိတ်မကောင်းပါဘူး ငါတို့ ယင်းလုံအဖွဲ့အစည်းကို လှူဖို့ ဆုံးဖြတ်ပြီးပြီ၊ ငါ အခြားဘယ်သူ့ကိုမှ လှူဒါန်းမှာ မဟုတ်ဘူး”

ရွာသူကြီးက အေးစက်စွာ ပြောလိုက်သည်။ ယင်းလုံ အဖွဲ့အစည်းသည် ရှုကျိုး၌ အတော်လေး နာမည်ကြီးသော အင်အားစု ဖြစ်သည်။ ကျောက်လင်းရွှမ် လက်အောက်မှ လူဆိုးများနှင့် မတူဘဲ သူတို့၌ ညှာတာ ထောက်ထား တတ်သော လူများ ရှိလေသည်။

“ဘာ”

ယင်းလုံ အဖွဲ့အစည်းဟူသော နာမည်ကို ကြားသောအခါ ကျောက်လင်းရွှမ်၏ မျက်လုံးတွင် ခက်ထန်သော အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူ့မျက်နှာက ကြောက်စရာ ကောင်းလာသည်။

ယင်းလုံအဖွဲ့အစည်းသည် ကျောက်လင်းရွှမ်နှင့် နှစ်ခါမက ထိပ်တိုက် တွေ့ဖူးပြီး ကျောက်လင်းရွှမ်ကြောင့် အတော်လေး ထိခိုက်ခဲ့ဖူးသည်။ နှစ်ဖွဲ့လုံးက သေစေနိုင်လောက်‌သော ရန်ငြှိုး ရှိခဲ့ပြီး ဖြစ်သဖြင့် ယခု တစ်ဖက်က ယင်းလုံ အဖွဲ့အစည်းကို ထုတ်ပြောလာသဖြင့် သူတို့ကို ခြိမ်းခြောက်နေခြင်းသာ ဖြစ်သည်။

“လောဘကြီးပြီး နံဟောင်နေတဲ့လူတွေက သူတို့ရဲ့ အပျော်ကိုပဲ ဂရုစိုက်ပြီး တစ်လောကလုံးရဲ့ အခြေအနေကို မသိဘူးပဲ၊ ဒီလိုဆိုမှတော့ ခင်ဗျားတို့အားလုံး သေလိုက်တော့”

ကျောက်လင်းရွှမ်က အော်ဟစ်လိုက်ပြီးနောက် ရွာသူကြီးနှင့် ရွာသားများကို လက်ညှိုးထိုးကာ အမိန့်ပေး လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဓားပြများက သူတို့ရှေ့မှ ရွာသားများထံ ပြေးဝင်၍ သတ်ဖြတ်လေတော့သည်.

“သူတို့ကိုတား”

ရွာသူကြီး အော်ဟစ်လိုက်သည်။ ရွာသားများအားလုံးသည် စီးပွားရေးသမားများ ဖြစ်ကြပြီး အားလုံး၌ သက်တော်စောင့်အဖြစ် သိုင်းပညာရှင် သုံးယောက်မှ ငါးယောက်အထိ ရှိကြသဖြင့် စုစုပေါင်း လူတစ်ရာမျှ ရှိလေသည်။ ဤဓားပြများကို ရှုံးလိမ့်မည်ဟု သူတို့ မထင်ပါ။

အစမှအဆုံးတိုင် မီတာတစ်ရာအကွာရှိ သစ်ပင်ထိပ်၌ လူတစ်ယောက် ထိုင်၍ အဖြစ်အပျက်ကို အေးစက်စွာ ကြည့်နေ၏။ ထိုသူမှာ ယဲ့ဖန်ဖြစ်ပြီး ဤနေရာမှ ဖြတ်သွားရင်း ခဏနားနေခြင်း ဖြစ်သည်။ သို့သော် သူ ပွဲကြီး ပွဲကောင်းနှင့် တိုးလိမ့်မည်ဟု ထင်မထားမိပါ။

သို့သော် သူများကိစ္စကို ဝင်မရှုပ်ရန် သူ ဆုံးဖြတ်ထားသည်။ လောက၌ ဆူညံစရာ ကိစ္စများစွာ ရှိပြီး သူ ဆန္ဒရှိလျင် တောင်မှ အားလုံးကို လိုက်မလုပ်နိုင်ပါ။

ထိုစဉ် ရင်ဘတ်၌ နဂါးသင်္ကေ ရေးထွင်းထားသော ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်စု အလျင်အမြန် ပြေးတက်လာသည်။

ယင်းလုံ အဖွဲ့အစည်း။

“ဟေ့ နင် ဓားပြတစ်ဖွဲ့ ဒီလမ်းက သွားတာ မြင်လိုက်လား”

ဦးဆောင်လာသော အမျိုးသမီးက ဆိုးသွမ်းသော အကျင့်စရိုက်ရှိပြီး မောက်မာသော မျက်နှာထားနှင့် ယဲ့ဖန်ကို မေးလိုက်သည်။

ထို့ကြောင့် ယဲ့ဖန်က သူမကို အသာကြည့်လိုက်ပြီး အကြည့်ပြန်ရုတ်ကာ မကြားသကဲ့သို့ စားစရာရှိသည်ကို ဆက်စားနေ၏။

“နင်”

တစ်ဖက်လူ၏ အပြုအမူကြောင့် ရဲ့ရှောင်ရှောင် စိတ်တိုသွားသည်။

*ဒီကောင်က ငါတို့ကို မသိချင်ယောင်ဆောင်တာလား*

*ငါတို့က ယင်းလုံ အဖွဲ့အစည်းကမှန်း သူ မသိတာလား*

“ဟဲ့ကောင် နင့်ကို သတိပေးလိုက်မယ်၊ ငါတို့က ယင်းလုံ အဖွဲ့သားတွေပဲ၊ နင် မှန်မှန် မဖြေရင် ငါ့ကို ရိုင်းတယ်လို့ အဆိုးမဆိုနဲ့”

ရဲ့ရှောင်ရှောင် ကြိမ်းမောင်းလိုက်သည်။ အဖွဲ့ခေါင်းဆောင်၏ ညီမဖြစ်သောကြောင့် သူမ အမြဲတမ်း မာနကြီးကာ မောက်မာတတ်သည်။ ယခုကဲ့သို့ မသိချင်ယောင်ဆောင်ခံရသည်ကို စိတ်တိုသည်က ဖြစ်လေ့ရှိသော အရာပင်။

ယင်းလုံ အဖွဲ့အစည်း၏ အခြားအဖွဲ့ဝင်များကလည်း ယဲ့ဖန်ကို စိုက်ကြည့်နေကြသည်။ သူတို့ မကျေမနပ် ဖြစ်နေကြသည်။

“ယင်းလုံ အဖွဲ့အစည်း ဟုတ်လား”

ယဲ့ဖန် တစ်ခဏမျှ မှင်တက်သွားပြီးနောက် သူမကို သရော်ဟန်ဖြင့် ပြန်ကြည့်လိုက်သည်။

“ဘာသောက်ရေးပါလို့လဲ”

Chapter 1367 ယင်းလုံ အဖွဲ့အစည်း

“ဘာ”

ထိုစကားကိုကြားသော် ရဲ့ရှောင်ရှောင်နှင့် အခြားသူများ ဆွေ့ဆွေ့ခုန်ကာ ဒေါသူပုန် ထသွားကြသည်။ ရှုကျိုး၏ မျိုးဆက် လူငယ်များတွင် မည်သူမျှ သူတို့ကို ဤသို့ မစော်ကား ရဲကြပါ။

“ကောင်းပြီလေ၊ ငါ့အထင်တော့ နင်က ကျောက်လင်းရွှမ်ရဲ့ သူလျှိုပဲ ဖြစ်ရမယ် ဟုတ်လား၊ အဲ့ဒါကြောင့် နင် ခွတီးခွတ လုပ်နေတာ၊ ဒီလိုဆိုမှတော့ ငါ့ကို ရိုင်းတယ်လို့ အပြစ်မတင်နဲ့”

ရဲ့ရှောင်ရှောင်က ချက်ချင်း သူမဓားကို ဆွဲထုတ်၍ ယဲ့ဖန်ထံ ရန်မူစွာ လျှောက်လာသည်။ ယဲ့ဖန်က လက်ဘက်ရည်ခွက်ကို ချ၍ အေးစက်စက် တစ်ချက်ကြည့်ကာ ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

“ရှေ့ထပ်တိုးမလာနဲ့”

“ဘာလဲ နင် ကြောက်သွားတာလား၊ ပြောရမှာတော့ စိတ်မကောင်းပါဘူး၊ နောက်ကျသွားပြီ၊ ဒီအန်တီကြီးကို နင် ရန်စပြီးမှတော့ သေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး”

ရဲ့ရှောင်ရှောင်၏ မျက်လုံးတွင် ခက်ထန်မှုများနှင့် ပြည့်နှက်ကာ အေးစက်စက် အလင်းတန်းများ ဖြတ်ပြေးနေသည်။ တစ်ဖက်လူ၏ မောက်မာမှုက သူမကို အလွန်အမင်း ဒေါပွစေသည်။

“မဟုတ်ဘူး ငါ မိန်းမတွေကို သတ်ရတာ မကြိုက်ဘူးဆိုတာကို မင်းကို သတိပေးချင်ရုံပဲ ရှိတာ၊ ဒါပေမဲ့ အဲ့ဒါက ငါ မသတ်ဘူးလို့ မဆိုလိုဘူး”

ယဲ့ဖန်က လက်ကိုစု၍ ရှေ့သို့လွှဲယမ်း၍ မျဉ်းဖြောင့်တစ်ခု ဖန်တီးလိုက်သည်။

“ဒီစည်းကိုကျော်ရင် အသတ်ခံရမယ်”

ထိုစကားက ရက်စက်ခက်ထန်ပြီး လူဆန်မှု မရှိပေ။ လူတိုင်း ထိုစကားကို ကြားသောအခါ နောက်တွန့် သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားမှ ရန်လိုသော ခံစားချက်ကို သူတို့ ခံစားမိသောကြောင့်ပင်။

သူတို့အရှေ့မှလူက အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် ဖြစ်နေပြီး သူ့အား မတော်တဆ ရန်သွားစမိလျင် တန်းသတ်မည့်ပုံပင်။

သူ့စကားကိုကြားသောအခါ ရဲ့ရှောင်ရှောင် မှင်တက်သွားပြီးနောက် သူ့၌ အခြားလူများ ရှိနေသည်ဟု တွေးမိကာ အားပါးတရ ရယ်မောလိုက်သည်။

“နင်ကလား၊ ငါ ထင်တာ မမှားရင် နင်က ဈာန်ဝင်စားခြင်းအဆင့်ပဲ ရှိသေးတာလေ ဟုတ်တယ်မလား”

“နင့်လိုလူက ငါ့လို ဘုရင်အဆင့်ရှေ့မှာ လာငေါက်ငမ်းရဲတယ်ပေါ့လေ”

“ငါ ဘုရင်အဆင့်ဆိုတာရော နင် သိရဲ့လား”

ရဲ့ရှောင်ရှောင်က သူ့ကို အထင်သေးစွာ ကြည့်နေပြီး ယဲ့ဖန်၏ ကြောက်လန့်သွားမည့် အမူအရာကို မြင်ယောင်ကာ မထီမဲ့မြင် မျက်နှာပေးမျိုး ပြုလုပ်နေသည်။

“ဆေးဝါးအကူအညီနဲ့ ဘုရင်အဆင့် ရောက်လာတဲ့လူကို ဘုရင်အဆင့်လို့ ခေါ်လို့ရတာလား”

ယဲ့ဖန် ပြန်ခနဲ့လိုက်သည်။

“နင် ဘာပြောလိုက်တာလဲ”

ရဲ့ရှောင်ရှောင်၏ အမူအရာက ချက်ချင်း အေးခဲသွားပြီး ယဲ့ဖန်ကို အလန့်တကြား ကြည့်လိုက်မိသည်။

“အစောပိုင်းနှစ်တွေက မင်းရဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံမွမ်းမံတယ်မလား ဒါပေမဲ့ မင်းခန္ဓာကိုယ်က တဖြည်းဖြည်း ဆိုးရွားလာပြီး ကျင့်ကြံတာကို ရပ်လိုက်ရတယ်၊ နောက်တော့ မင်းမှာ ကျင့်ကြံနိုင်တဲ့ အရင်းအမြစ် မရှိဘူးဆိုတာကို သိလိုက်ရပြီးတော့ ထပ်လက်လျှော့လိုက်တယ်၊ မင်းရဲ့ သွေးကြော နည်းနည်းလေးတွေကိုပဲ ပြုပြင်နိုင်တာမလို့ အကျိုးသက်ရောက်မှုကလည်း နည်းနည်းပဲ ရှိတယ်”

“ဒါပေမဲ့ မင်းက မြန်မြန် အောင်မြင်ဖို့ စိတ်အားထက်သန်နေလို့ အတင်း ဆေးတွေကိုသုံးပြီး မင်းရဲ့ ကျင့်ကြံခြင်းကို ဘုရင်အဆင့် ရောက်အောင် လုပ်ခဲ့တယ်၊ ဒါက အားဆေးနဲ့ အပင်ကို ပျိုးထောင်တဲ့အဖြစ်နဲ့ အတူတူပဲလေ”

“တကယ့် တိုက်ပွဲဝင်ခွန်အားအကြောင်း ပြောရမယ်ဆိုရင် ဘယ်ဘုရင်အဆင့်မဆိုက မင်းကို သတ်နိုင်တယ်”

“ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ် စွမ်းရည်က ခမ်းခြောက်သွားတာမို့လို့ မင်း တစ်သက်လုံး ဘုရင်အဆင့်မှာပဲ နေရတော့မှာ၊ ငါ ပြောတာ ဟုတ်တယ်မလား”

ယဲ့ဖန် အထင်သေးသော အပြုံးနှင့် ကြည့်နေလိုက်သည်။ သူ့စကားတိုင်းက ဓားသွားများသဖွယ် ရဲ့ရှောင်ရှောင်၏ နှလုံးသားကို ထိုးစိုက်နေသလိုပင်။ သူမ မယုံနိုင်လောက်အောင် ဖြစ်နေ၏။

*ဒီလူက အားလုံးကို သိနေတာပဲ*

*ဘာလို့ ဒီလိုဖြစ်ရတာလဲ၊ ငါက သူ့ကို လုံးဝ သေချာခန့်မှန်းလို့ မရတာကို*

*ထူးဆန်းလွန်းလိုက်တာ၊ ဒီလူက တစ်ချက်လေး ကြည့်လိုက်ရုံနဲ့ ငါ့ခန္ဓာကိုယ်ရဲ့ အသေးစိတ်ကို မြင်နိုင်တာလား*

အခြားသူများသည်လည်း မယုံနိုင် ဖြစ်နေကြသည်။

*ဒီလူက နည်းနည်း နတ်ဆိုးဆန်သလိုပဲ*

ထိုစဉ် ယဲ့ဖန်က အေးစက်စွာ ပြန်ပြောလိုက်သည်။

“ငါ အခုမှ အေးချမ်းတဲ့ နေ့လယ်ခင်းလေး ရလာတာမို့လို့ အေးအေး ပျော်ရွှင်ချင်တယ်၊ အဲ့ဒါကြောင့် ငါ့ကို မပျော်မရွှင် ဖြစ်အောင် လာမလုပ်နဲ့၊ မင်းကိုယ်တိုင်လည်း မပျော်ရွှင်မှုကို မရှာနဲ့”

သတိပေးခြင်း၊ ခြိမ်းခြောက်ခြင်းပင်။ ထို့အပြင် ယဲ့ဖန်၏ အသံက ပို၍ အထင်သေးကာ ဂရုမစိုက်ဟန် ပေါ်နေသည်။ သူ့ရှေ့မှ ရာချီသော လူများကို အမှိုက်ကောင်ဟုပင် မြင်နေပုံရပြီး စကားထဲပင် ထည့်ပြောရန် မထိုက်တန်သလိုပင်။

ထို့ကြောင့် ဤအဖြစ်က ယင်းလုံ အဖွဲ့ဝင်များကို ဒေါသထွက်သွားစေသည်။ သူတို့ တစ်ခါမှ ဤမျှ အထင်သေး မခံရဖူးပါ။

ထို့အပြင် သူတို့သည် ဘာမဟုတ်သော ဈာန်ဝင်စားခြင်းအဆင့်လေး၏ အထင်သေးခြင်း ခံရ သောကြောင့် သည်းမခံနိုင် ဖြစ်သွားရသည်။

“မမလေး ကျွန်တော့်အထင် သူနဲ့ အရေးမပါတာတွေ ပြောနေဖို့ မလိုဘူး ထင်တယ်၊ ဘာမဟုတ်တဲ့ ဈာန်ဝင်စားခြင်း အဆင့်လေးက ကျွန်တော်တို့ ယင်းလုံ အဖွဲ့အစည်းကို ရန်စနေတာ၊ အဲ့ဒါကြောင့် ကျွန်တော် ဒီကောင့်ကို သတ်ချင်တယ်”

စိတ်လိုက်မာန်ပါ လုပ်တတ်သော လူတစ်ယောက်က ဝင်ပြောလေသည်။

“ကျုပ် သူ့ကို လွယ်လွယ်သေခွင့် မပေးနိုင်ဘူး၊ သူက ကျောက်လင်းရွှမ်ရဲ့ လက်ပါးစေ ဖြစ်ကိုဖြစ်ရမယ်၊ သူ့ကိုဖမ်းပြီး နှိပ်စက်ရမယ်၊ ပြီးမှ ကျောက်လင်းရွှမ် ဘယ်မှာလဲဆိုတာကို စစ်မေးရမယ်”

သူ့ခါးမှ ဓားကို ဆွဲထုတ်၍ ဆက်ပြောလိုက်သည်။

“သူ မပြောဘဲ နေမယ်လို့ ကျုပ် မယုံဘူး”

ယင်းလုံ အဖွဲ့ဝင်များသည် တင်းမာသော မျက်နှာထားများဖြင့် မာန်မဲနေကြပြီး ယဲ့ဖန်၏ စကားကို အလေးအနက် မထားဘဲ သတ်ချင်နေသည့်ပုံပင်။

ရဲ့ရှောင်ရှောင် ဆိုးယုတ်စွာ ပြုံးလိုက်ပြီးနောက် မကြည်ကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဟဲ့ကောင် အခု ငါ နင့်ကို မသတ်ရင် မဖြစ်တော့ဘူးနဲ့ တူတယ်၊ ငါက ကျိုးကြောင်းမသိတတ်တဲ့လူ မဟုတ်ဘူး၊ နင် ဒူးထောက်ပြီး လူတိုင်းကို တောင်းပန်သရွေ့ ငါ သူတို့ကို ဖျောင်းဖျပေးမယ်”

ယဲ့ဖန် မျက်မှောင်ကြုတ်၍ အေးစက်စွာ ပြောလိုက်သည်။

“မင်း နားကန်းနေလား၊ ငါ ပြောတာကို မကြားလိုက်ဘူးလား”

“နင် …”

ရဲ့ရှောင်ရှောင် ချက်ချင်း ဒေါသထွက်သွားသည်။ ယဲ့ဖန်က ဆက်၍ မောက်မာလွန်း နေလိမ့်မည်ဟု မျှော်လင့် မထားမိကြပါ။ သူတို့ကို လုံးဝ လျစ်လျူရှုထားခြင်းပင်။

“ကောင်းပြီလေ နင်က သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရမှာပေါ့”

ရဲ့ရှောင်ရှောင် ခေါင်းညိတ်၍ လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

“သူ့ကို ရိုက်ချိုးပစ်လိုက်စမ်း”

“ရပ်လိုက်”

သို့သော် ထိုသို့သောအချိန်၌ လူအုပ်ထဲမှ အမိန့်ပေးသံ ထွက်ပေါ်လာသည်။ လူတိုင်း တအံ့တဩ လှည့်ကြည့် လိုက်သောအခါ ချောမောသော လူငယ်တစ်ယောက် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူသည် တစ်မူထူးခြားပြီး တောင်ပေါ်မှ ကျားတစ်ကောင် ဆင်းလာ သောမာန်ဖြင့် လျှောက်လာနေသည်။

သူသည် ရဲ့ရှောင်ရှောင်နှင့် မတူဘဲ စစ်မှန်သော ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပေသည်။

“အစ်ကိုကြီး”

ထိုသူ ပေါ်လာသည်ကို မြင်သောအခါ ရဲ့ရှောင်ရှောင်က သူမ၏ မောက်မာဝင့်ကြွားသော ဟန်ပန်ကို ဘေးချိတ်၍ တလေးတစား ခေါင်းငုံ့လိုက်သည်။

ထိုသူသည် ယင်းလုံ အဖွဲ့အစည်း၏ ခေါင်းဆောင် ရဲ့ဝူထျန်း ဖြစ်ပြီး ရှုကျိုးမှ သိုင်းပညာရှင်များ လေးစားရသူ ဖြစ်သည်။

“သောက်ရေးမပါတာတွေ မင်း ဒီလိုလုပ်မယ်ဆိုရင် မင်းက ငါတို့ ယင်းလုံ အဖွဲ့အစည်းကို အရှက်ရအောင် လုပ်နေတာပဲ၊ ဒီလိုဆိုရင် ငါတို့က ကျောက်လင်းရွှမ်တို့တွေနဲ့ ဘာများ ကွာသွားမှာလဲ”

ရဲ့ဝူထျန်းက မာမာထန်ထန် ဆူပူလေသည်။

“မောက်မာလွန်းတာ အဲ့ကောင်လေ”

ရဲ့ရှောင်ရှောင်က လက်မခံနိုင်သေးဟန်ဖြင့် စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

“မင်း ပြန်ပြောရဲတယ်လား”

ရဲဝူထျန်းက သူ့ညီမကို စူးစိုက်ကြည့်လေသည်။

“မပြောရဲပါဘူး”

ရဲ့ရှောင်ရှောင် အလျင်အမြန် ခေါင်းငုံ့လိုက်ပြီး ဒေါသမထွက်တော့ချေ။ သူမ အခြားသူများကို မကြောက် သော်လည်း သူမအစ်ကိုကို ကြောက်ပါသည်။

ရဲ့ဝူထျန်း အေးစက်စွာ ခနဲ့သံပေးလိုက်ပြီး ယဲ့ဖန်ဘက် လှည့်ကြည့်ကာ ချက်ချင်း ချိုသာသော အပြုံးမျိုး ပြုံးလိုက်သည်။

“ဒီကညီလေး မင်းကို ဘယ်လိုပဲ ရန်စမိသွားပါစေ ခွင့်လွှတ်ပေးဖို့ ကျုပ် တောင်းဆိုပါတယ်”

ဈာန်ဝင်စားခြင်းအဆင့်နှင့် ရင်ဆိုင်ရသော်လည်း ယဉ်ယဉ်ကျေးကျေး ပြောဆိုခြင်းက လွယ်ကူသော ကိစ္စ မဟုတ်ချေ။ ထိုအခိုက်တွင် ရဲ့ဝူထျန်း၏ ပုံရိပ်က လူတိုင်းရှေ့၌ ပိုမို မြင့်မား လာသည်။

သို့သော် ယဲ့ဖန်က သရော်လိုက်သည်။ ဤသို့သော ဉာဏ်များသူများကို သူ တစ်ခါမှ မမြင်ဖူးသဖြင့် စကားလေး နည်းနည်းလောက်နှင့် အရူးလုပ်ခံမည်ဟု တစ်ဖက်လူက ထင်နေလေ သလော။

အကယ်၍ တစ်ဖက်လူက သူ့ကို တားလိုလျင် ရဲ့ရှောင်ရှောင် သူ့ကို အရှက်ခွဲသည့် အစကတည်းက အဘယ်ကြောင့် ဝင်မပါရသနည်း။

ရဲ့ဝူထျန်းက သူ၏ လှုပ်ရှားမှုကို မြင်၍ ရုတ်တရက် အပြုအမူ ပြောင်းသွားခြင်း ဖြစ်နိုင်သည်။ တကယ်တမ်း တွင်လည်း ရဲ့ဝူချန်းသည် ယဲ့ဖန် လက်ချောင်းဖြင့် မြေကြီး၌ စည်းထားလိုက်စဉ်က တာအိုစွမ်းအင် အရိပ်အငွေ့ကို သတိထားမိခဲ့သည်။ လှုပ်ရှားမှုက သိမ်မွေ့သော်လည်း သူ့မျက်လုံးမှ မလွတ်နိုင်ပါ။

*ဈာန်ဝင်စားခြင်းအဆင့်လေးက ဘယ်လိုလုပ် လှုပ်ရှားမှုမှာ တာအိုစွမ်းအင် ပါအောင် လုပ်နိုင်ရတာလဲ*

ထို့ကြောင့် သူ့အထင်တွင် တစ်ဖက်လူ၌ ဖုံးကွယ်ထားသော ခွန်အား ရှိကိုရှိရပေမည်။

“ဒီညီလေးရဲ့ မျိုးရိုးနာမည်ကို သိခွင့်ရှိမလား”

ရဲ့ဝူထျန်း ဆက်မေးလိုက်သည်။ သူ့အပြုအမူက အလွန် ယဉ်ကျေးလှသည်။ သို့သော် ယဲ့ဖန် အေးစက် တင်စီးသော အမူအရာနှင့် ပြန်ပြောလေသည်။

“ကျုပ်တို့က မထင်မှတ်ဘဲ တွေ့ခဲ့ကြတာမို့လို့ ယဉ်ကျေးနေစရာ မလိုပါဘူး၊ ကျုပ်နာမည်ကို မင်း သိဖို့ မထိုက်တန်ဘူး”

“နင်”

ထိုစကားက ရဲ့ရှောင်ရှောင်နှင့် အခြားသူများအား ဒေါပွသွားစေသည်။

*ငါတို့ အဖွဲ့အစည်း ခေါင်းဆောင်က ဒီလောက်အထိ ယဉ်ကျေးနေတာတောင် ဒီကောင်က မောက်မာနေတုန်းလား*

ထိုစကားကိုကြားသော် ရဲ့ဝူထျန်း တစ်ခဏမျှ အံ့ဩသွားပြီးနောက် မချိတရိ ပြုံးလိုက်သည်။

“စိတ်မရှိပါနဲ့၊ ဒါဆို ဒီနေရာမှ လူမိုက်တစ်စုကို တွေ့မိသွားလား”

ယဲ့ဖန်က အေးအေးဆေးဆေးနှင့် တစ်နေရာကို လက်ညှိုးထိုးပြလေသည်။

“ကျေးဇူးတင်ပါတယ် ငါ့ညီ”

ရဲ့ဝူထျန်း အလျင်အမြန် ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းလိုက်သည်။

“မြန်မြန်လာ၊ ငါနဲ့လိုက်ခဲ့”

“ချီးပဲ ဒီကိစ္စ မပြီးသေးဘူးနော်”

ရဲ့ရှောင်ရှောင်က ယဲ့ဖန်ကို မကြည်သလို ကြည့်ကာ သူမအစ်ကိုနောက်သို့ ခပ်သွက်သွက် လိုက်သွားလေသည်။

ထိုအချိန်တွင် ကျောက်လင်းရွှမ်က ရွာသားများအပေါ် စိတ်လိုက်မာန်ပါ နိုင်ထက်စီးနင်း ပြုလုပ်နေသည်။ သို့သော် ရွာသားများက တုံးအကြလေသည်။ သူတို့၏ သက်တော်စောင့်များက အထိုက်အလျောက် သန်မာပါသော်လည်း ဓားသွားပေါ် လျှောက်လှမ်းကြသည့် ဤလူမိုက် များနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

သူတို့သည် ပိုက်ဆံအတွက် အသက်မွေးဝမ်းကြောင်း ပြုခြင်း ဖြစ်သော်လည်း ဤလူမိုက်များက သေခြင်းရှင်ခြင်း အခြေအနေကို ဖြတ်ကျော်ကာ ရှင်သန်ကြသူများ ဖြစ်လေသည်။

ဘယ်သူက အသာစီးရ၍ ရှုံးနေသလဲက သိသာလှသည်။ မကြာခင်မှာပင် ထိုသက်တော် စောင့်များက ထွက်ပြေးသူက ထွက်ပြေးကာ အသတ်ခံရသူများက အသတ်ခံရသဖြင့် လုံးဝ ရှုံးနိမ့် သွားကြသည်။

“အဘိုးကြီး ငါ့ကို အာခံရဲတယ်ပေါ့လေ၊ သူ့ကို သတ်ကြ”

ကျောက်လင်းရွှမ်က မာထန်သော မျက်နှာထားနှင့် ခနဲ့လိုက်သည်။ လူမိုက်တစ်စုက ရွာသူကြီးထံသို့ မကောင်းသော အကြံဖြင့် လျှောက်လာကြပြီး လက်ထဲမှ ဓားကို ဝှေ့ယမ်းနေသည်။

“ရပ်လိုက်”

ထိုအခိုက်တွင် ရဲ့ဝူထျန်းက ရာချီသောလူများနှင့်အတူ လျင်မြန်စွာ ရောက်ရှိလာသည်။

“ရဲ့ဝူထျန်းပါလား”

သူတို့ကို မြင်သောအခါ ရန်သူများ ဒေါသထွက်လာသည်။ ရဲ့ဝူထျန်း ပေါ်လာသည်နှင့် ကျောက်လင်းရွှမ်၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး ရဲ့ဝူထျန်းအား ဓားတစ်ထောင်ဖြင့် နုတ်နုတ်စင်း ချင်သကဲ့သို့ အံကြိတ်လေသည်။

“ခေါင်းဆောင်ရဲ့ ကယ်ပါဦးဗျာ”

ရဲ့ဝူထျန်းကို မြင်သောအခါ ရွာသားများသည် အသက်ကယ် ကောက်ရိုးမျှင်ကို တွေ့လိုက် ရသကဲ့သို့ စိတ်လှုပ်ရှားကာ မျက်ရည်ကျလာသည်။

“စိတ်မပူပါနဲ့ ရဲ့လင်းချန်ဆိုတဲ့ ကျုပ်က ဒီနေ့ ဒီလူတွေကို အသက်ရှင်လျက် ထွက်သွားခွင့် မပေးနိုင်ဘူး”

ရဲ့ဝူထျန်းက မာန်ပါပါ ပြောလိုက်ပြီး ကျောက်လင်းရွှမ်ကို စိုက်ကြည့်လိုက်သည်။

“ကျောက်လင်းရွှမ် မင်းက တော်တော် အမှတ်မရှိတာပဲ၊ ငါ မင်းကို သင်ခန်းစာ ပေးပြီးတာတောင် မင်းက မောက်မာနေသေးတာပဲ၊ ရှုကျိုးတစ်ခုလုံး မိုးမီးလောင်နေတာတောင် မင်းက အခွင့်ကောင်း ယူချင်နေသေးတယ်၊ ဒီနေ့ ငါ မင်းကို ရှင်းပစ်မယ်ကွ”

“ငါ့ကို ရှင်းမယ်ဟုတ်လား၊ မင်းကလေ”

ကျောက်လင်းရွှမ်က သရော်၍ ပြောလိုက်သည်။

“ရဲ့ဝူထျန်း ငါ သတိမပေးဘူးလို့တော့ မပြောနဲ့၊ ဒီတစ်ခေါက် ငါ ပြင်ဆင်ထားပြီးသား၊ မင်း သေရမှာ မကြောက်ရင် တက်လာခဲ့လိုက်”

ယခုတစ်ခေါက် သူ နေ့ခင်းကြောင်တောင် လုယက်ရဲရသည့် အကြောင်းရင်းမှာ သူ့၌ ကျောထောက်နောက်ခံ အချို့ ရှိနေ၍ ဖြစ်သည်။

“မကောင်းမှုကို တားရမှာပဲ၊ မင်း ဘာနည်းလမ်းပဲသုံးသုံး ငါဆိုတဲ့ ရဲ့ဝူထျန်းက တားဆီးမှာပဲ”

ရဲ့ဝူထျန်းက ရင်ဘတ်ကိုပုတ်ကာ အော်ဟစ်လေသည်။

“ဒီအပြစ်မရှိတဲ့လူကို မထိခိုက်နဲ့”

“ငါက မလုပ်ဘူးဆိုရင်ရော”

ကျောက်လင်းရွှမ်က ထီမထင်ဟန် ပြုံးလိုက်သည်။ ထို့နောက် သူ့လူများသည် ဘာဖြစ်နေသလဲ သဘောပေါက်ကာ ချက်ချင်း လှောင်ရယ်၍ ရွာသားများကို သတ်လေတော့သည်။

“ရွှစ် ရွှစ်”

များစွာသော ခေါင်းပြတ်များက ဖရဲသီးသဖွယ် မြေကြီးပေါ် လိမ့်ကျလာကြသည်။ ထိုခေါင်းပြတ်များကြားတွင် ရွာသူကြီး၏ ဦးခေါင်းလည်း ပါနေသည်။

“မင်း … မျိုးမစစ်ကောင်”

ရဲ့ဝူထျန်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ရူးတော့မတတ် ဖြစ်သွားလေသည်။ အဝေးမှ ယဲ့ဖန်ကမူ လက်ဘက်ရည်ခွက်ကို ကိုင်၍ မချိုမချဉ် ပြုံးလိုက်သည်။

“အကြံကောင်းပဲ”

All Chapters