← Chapters

အခန်း (၁၄၂၄-၁၄၂၆)

Vol. 97 Ch. 1424-1426

အခန်း (၁၄၂၄-၁၄၂၆)

Vol. 97 Ch. 1424-1426

အခန်း ၁၄၂၄ စူပါ MP3

နောက်တစ်နေ့တွင် ကျန်းဝမ်မုန့်နှင့် ရှုလိဟွာတို့သည် အတူတကွ ရောက်ရှိလာကြပြီး သူတို့ အသစ်ဖော်ဆောင်ထားသော ထုတ်ကုန်ကို ပြသခဲ့ကြသည်။ ၎င်းကို Super MP3ဟု အမည်ပေးထားကြသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းမှာ ဗီဒီယိုဖွင့်နိုင်သော MP3သာ ဖြစ်ပြီး၊ အရင်ဘဝက ပြည်တွင်း၌ ဤကဲ့သို့သော ထုတ်ကုန်မျိုးကို MP4 ဟု ခေါ်ဆိုခဲ့ကြသည်။

"မန်နေဂျာဖုန်း... ဒီပစ္စည်းလေးကို ကျွန်တော်တို့ အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ခဲ့ပါပြီ။ ဒီလို ပစ္စည်းသေးသေးလေးနဲ့ နောက်ဆိုရင် ဗီဒီယိုတွေ ကြည့်လို့ရတော့မှာပါ” ကျန်းဝမ်မုန့်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

"အော်... သတ်မှတ်ထားတဲ့ ဖိုင်အမျိုးအစား တစ်ခုတည်းကိုပဲ ဖွင့်လို့ရတာလား” ဖုန်းယွီက မေးမြန်းလိုက်သည်။

"အဲဒါကတော့... ဟုတ်ပါတယ်။ လောလောဆယ်မှာတော့ ဗီဒီယို အမျိုးအစား တစ်မျိုးတည်းကိုပဲ ထောက်ပံ့ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဗီဒီယို အမျိုးအစား ပြောင်းလဲပေးတဲ့ ဆော့ဖ်ဝဲလ်တစ်ခုကို တစ်ပါတည်း ထည့်ပေးထားပါတယ်။ တခြား အမျိုးအစားဖြစ်တဲ့ ဗီဒီယိုတွေကို MPEG-4 အမျိုးအစားအဖြစ် ပြောင်းလဲနိုင်မှာပါ"

ဖုန်းယွီက ခေါင်းခါလိုက်ရင်း "ပြောင်းလဲတဲ့ အမြန်နှုန်းကကော။ တော်တော်လေး နှေးမှာပဲ မဟုတ်လား။ အဲဒီလို ပြောင်းလဲနေမယ့် အချိန်မျိုး ရှိနေရင် ကွန်ပျူတာပေါ်မှာပဲ တိုက်ရိုက် ကြည့်လိုက်တာက ပိုမဆိုးဘူးလား။ ဒါပေမဲ့ ဒါကလည်း မဆိုးပါဘူး၊ နည်းပညာပိုင်းဆိုင်ရာ ဖောက်ထွက်နိုင်မှု တစ်ခုလို့ပဲ ဆိုရမှာပေါ့။ နောက်ပိုင်းကျရင်တော့ ဗီဒီယို အမျိုးအစား အမျိုးမျိုးကို ဖွင့်နိုင်အောင် ခင်ဗျားတို့ ကြိုးစားရလိမ့်မယ်"

အကယ်၍ ဗီဒီယို အမျိုးအစားတစ်ခုကို ပြောင်းလဲရန် ဆယ်မိနစ်ကျော် သို့မဟုတ် မိနစ်အတော်များများ ကြာမြင့်နေမည်ဆိုပါက အလွန်ပင် နှေးကွေးလွန်းလှပေသည်။ ထို့အပြင် မျက်နှာပြင် အရွယ်အစားကိုလည်း ထည့်သွင်းစဉ်းစားရဦးမည်ဖြစ်ရာ အရွယ်အစား ကြီးမားလွန်းနေပါကလည်း အဆင်ပြေမည် မဟုတ်ပါချေ။

ထို့ကြောင့်ပင် ဖုန်းယွီက ဤထုတ်ကုန်မျိုးသည် Super MP3အဆင့်သာရှိပြီး ကြားကာလ ထုတ်ကုန်တစ်ခုမျှသာ ဖြစ်သည်ဟု ဆိုခြင်းပင်။

အဘယ်ကြောင့်ဆိုသော် ဤနည်းပညာ အလုံးစုံ ရင့်ကျက်လာသည့် အခါတွင် ၎င်းကို ဖုန်းများ၌ အသုံးချနိုင်မည် ဖြစ်သောကြောင့်ပင်။ ထိုအချိန်ကျလျှင် ဖုန်းများ၌ပင် ဤလုပ်ဆောင်ချက် ပါဝင်လာမည်ဖြစ်ရာ၊ ဤလုပ်ဆောင်ချက် တစ်ခုတည်းအတွက်နှင့် Super MP3တစ်လုံးကို သီးသန့် ဝယ်ယူမည့်သူ မည်မျှရှိပါတော့မည်နည်း။

"ကျွန်တော်တို့ရဲ့ ဒီထုတ်ကုန်က ပုံတွေကိုလည်း ကြည့်လို့ရသလို၊ E-book တွေကိုလည်း ဖတ်လို့ရပါတယ်"

"အင်း... ဒါကတော့ ကောင်းပါတယ်"

မည်သို့ပင်ဖြစ်စေ ဤထုတ်ကုန်၏ အဓိက လုပ်ဆောင်ချက်မှာ MP3ဖွင့်ရန်နှင့် သီချင်းနားထောင်ရန်သာ ဖြစ်သည်။ ဗီဒီယိုကြည့်နိုင်သည်၊ ပုံကြည့်နိုင်သည်၊ စာအုပ်ဖတ်နိုင်သည် ဆိုစေဦးတော့၊ မျက်နှာပြင်မှာ အလွန် သေးငယ်သဖြင့် ကြည့်ရသည်မှာ မျက်စိညောင်းလှပေလိမ့်မည်။ ထို့ကြောင့် နားထောင်ခြင်းသည်သာ အဓိက ဖြစ်နေဆဲပင်။

"ဒါပေမဲ့ ခင်ဗျားတို့ စိတ်မပျက်ပါနဲ့ဦး။ ငါတို့မှာ ဝဘ်ဆိုဒ်တွေ ရှိနေတာကို မမေ့ပါနဲ့။ ငါတို့ရဲ့ ဝဘ်ဆိုဒ်တွေမှာ MP4 အမျိုးအစား ဗီဒီယိုအတိုလေးတွေကို အခပေး ဒေါင်းလုဒ် ဆွဲနိုင်အောင် လုပ်ပေးလို့ ရတာပဲ။ ဒါဆိုရင် သူတို့အတွက် အမျိုးအစား ပြောင်းလဲနေရတဲ့ ဒုက္ခကနေ ကင်းဝေးသွားမှာပေါ့။ တစ်နည်းအားဖြင့် အမျိုးအစား ပြောင်းလဲတဲ့ အလုပ်ကို ငါတို့ကပဲ လုပ်ပေးလိုက်ရမှာပေါ့"

ရှုလိဟွာက ချက်ချင်းပင် "ဒါကတော့ ပြဿနာ မရှိပါဘူး၊ ကျွန်တော်တို့ အခုပဲ လုပ်ဆောင်နေပါပြီ။ Sohuရဲ့ လိုင်းခွဲတွေကတစ်ဆင့် သူတို့မှာ ဗီဒီယိုအတိုလေးတွေရဲ့ မူပိုင်ခွင့် အများကြီး ရှိပါတယ်။ ပြီးတော့ အသုံးပြုသူတွေ ကိုယ်တိုင် တင်ထားတာတွေလည်း အများကြီး ရှိသလို၊ အဲဒီဗီဒီယိုတွေကို အခြားသူတွေ လွတ်လပ်စွာ ဒေါင်းလုဒ် ဆွဲနိုင်တယ်လို့လည်း စာချုပ်မှာ ဖော်ပြထားပြီးသားပါ။ ဒါကြောင့် ငါတို့ဆီမှာ အခပေး ဗီဒီယိုအတိုလေးတွေရော၊ အခမဲ့တွေရော ရှိနေမှာမို့ သုံးစွဲသူ အများစုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာပါ” ဆိုလိုက်သည်။

"ဒါဆို အီလက်ထရွန်နစ် စာအုပ်တွေရဲ့မူပိုင်ခွင့်ကော။ ခင်ဗျားတို့ စဉ်းစားပြီးပြီလား”

"အဲဒါကိုလည်း ကျွန်တော်တို့ Yuandian တရုတ်ဝဘ်ဆိုဒ်နဲ့ ဆက်သွယ်ထားပြီးပါပြီ။ သူတို့က ငါတို့ရဲ့ အမျိုးအစားနဲ့ ကိုက်ညီတဲ့ ဗားရှင်းတွေကို ဒေါင်းလုဒ် ဆွဲနိုင်အောင် လုပ်ပေးမှာပါ။ အဲဒီထဲမှာ အခပေး စာအုပ်တွေရော၊ အခမဲ့ စာအုပ်တွေရော ပါဝင်သလို တခြားသော ဝတ္ထု ဝဘ်ဆိုဒ်တွေနဲ့လည်း ဆက်သွယ်နေပါတယ်"

"ပုံတွေနဲ့ ပတ်သက်ရင်တော့ ပိုပြီးလွယ်ကူပါတယ်။ ကျွန်တော်တို့ ထောက်ပံ့ပေးထားတာက အသုံးများတဲ့ အမျိုးအစားတွေဖြစ်လို့ ပြောင်းလဲနေဖို့ မလိုပါဘူး"

ဖုန်းယွီသည် ဤ Super MP3ကို ကြည့်လိုက်သည်။ အပြင်ပန်း ဒီဇိုင်းမှာ အစဉ်အမြဲပင် ကောင်းမွန်လှပြီး၊ ခလုတ်များမှာလည်း မများလှသော်လည်း လက်တွေ့ အသုံးဝင်လှသည်။ အသုံးပြုရသည်မှာလည်း လွယ်ကူလှပြီး လက်တစ်ဖက်တည်းဖြင့်ပင် ခိုင်းစေနိုင်သည်။

မျက်နှာပြင်မှာ ၂.၈ လက်မရှိသဖြင့် အတော်ပင် ကြီးမားလှသည်။ ခလုတ်များကိုပါ ပေါင်းစပ်လိုက်သည့်အခါ ဤထုတ်ကုန်မှာ အနည်းငယ် ကြီးမားနေသည်ဟု ထင်ရသော်လည်း၊ လက်တစ်ဖက်တည်းဖြင့် စီးစီးပိုင်ပိုင် ကိုင်တွယ်နိုင်ဆဲ ဖြစ်သဖြင့် ပြဿနာ မရှိပါချေ။

ခလုတ်များ၏တုံ့ပြန်မှုမှာလည်း ကောင်းမွန်လှသည်။ ဖုန်းယွီက မေးမြန်းကြည့်ရာတွင် စမ်းသပ်ချက်များအရ ဤခလုတ်များကို သုံးနှစ်ခန့်အထိ အေးအေးဆေးဆေး အသုံးပြုနိုင်ကြောင်း၊ အီလက်ထရွန်နစ် စာအုပ်ဖတ်ပြီး စာမျက်နှာများကို ခဏခဏ လှန်နေသူများအတွက်ပင် အဆင်ပြေကြောင်း သိရသည်။

ဤထုတ်ကုန်တွင်လည်း External speaker မပါဝင်သေးဘဲ နားကြပ်ဖြင့်သာ နားထောင်နိုင်သည်။

ဖုန်းယွီက ဗီဒီယိုတစ်ခုကို ဖွင့်လိုက်ပြီး နားကြပ်တပ်ကာ ကိုယ်တိုင် စမ်းသပ်ကြည့်လိုက်သည်။ အသံအရည်အသွေးမှာ မဆိုးလှပါချေ။ နားကြပ်ကို ဖြုတ်လိုက်ပြီး အသံကို အဆုံးအထိ မြှင့်လိုက်သော်လည်း နောက်ခံဆူညံသံများကို မကြားရပါချေ။

ရုပ်ထွက်မှာလည်း ကြည်လင်ပြတ်သားမှု ရှိသလို၊ မျက်နှာပြင်၏ Resolution ကိုလည်း ဖုန်းယွီအတော်ပင် ကျေနပ်နေခဲ့သည်။

သို့သော်လည်း ဖုန်းယွီသည် အားနည်းချက် အချို့ကို တွေ့ရှိသွားခဲ့သည်။ သူသည် နားကြပ်ကို ဖြုတ်လိုက်ပြီး "ဖုန်း..." ခနဲ အသံမြည်အောင် Super MP3ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

ရှုလိဟွာနှင့် ကျန်းဝမ်မုန့်တို့မှာ လန့်ဖျပ်သွားကြရသည်။ မန်နေဂျာဖုန်း ဘာဖြစ်သွားတာလဲ၊ မကျေနပ်လို့လား။ မန်နေဂျာဖုန်း ပစ္စည်းတွေကို ပစ်ပေါက်တာမျိုး သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြပါချေ။

"မန်နေဂျာဖုန်း... ဒီထုတ်ကုန်မှာ တစ်ခုခု ပြဿနာ ရှိနေလို့လား” ရှုလိဟွာက မဝံ့မရဲ မေးမြန်းလိုက်သည်။

ဖုန်းယွီက ပြန်လည် ဖြေကြားလိုက်သည်။ "အာ... မဟုတ်ပါဘူး၊ ဒီပစ္စည်းက အမြင့်က ကျရင် ခံနိုင်ရည် ရှိမရှိ ကျွန်တော် စမ်းကြည့်တာပါ”

ရှုလိဟွာ "..."

ကျန်းဝမ်မုန့် "..."

စမ်းကြည့်မယ်ဆိုရင်လည်း ကြိုပြောပါဦး၊ တစ်ခုခု ပြဿနာ ရှိလို့လားဆိုပြီး တကယ်ကို လန့်သွားတာပဲ။

"မဆိုးပါဘူး၊ ကြည့်ရတာတော့ တစ်စုံတစ်ရာ ပျက်စီးသွားတာမျိုး မရှိဘူး။ ဒါပေမဲ့ ဒီထုတ်ကုန်မှာ တခြားအားနည်းချက် အချို့တော့ ရှိနေသေးတယ်။ ကျွန်တော် ပြောပြမယ်၊ ခင်ဗျားတို့ ပြင်ဆင်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့"

ရှုလိဟွာနှင့် ကျန်းဝမ်မုန့်တို့မှာ ချက်ချင်းပင် ကိုယ်ကို မတ်လိုက်ကြပြီး၊ ဆရာ့ထံမှ သင်ခန်းစာ နာယူနေသော ကျောင်းသားငယ်များကဲ့သို့ပင် ရှိနေကြသည်။

"ပထမအချက်ကတော့... ဒီထုတ်ကုန်ဟာ သာမန် MP3တွေလိုပဲ External speakerမပါဘူး။ ဒီလောက်အထိ သေးငယ်တဲ့ ပစ္စည်းမှာ External speakerပါ ထည့်လိုက်မယ်ဆိုရင် အသံအရည်အသွေး သိပ်မကောင်းနိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ စဉ်းစားကြည့်ပါဦး၊ ဖုန်းတွေမှာတောင် လုပ်ဆောင်ချက်တွေ အများကြီး ပါဝင်နေတာတောင် External speaker ပါနိုင်သေးရင်၊ ဒီပစ္စည်းမှာ ဘာလို့ မပါနိုင်ရမှာလဲ။ အထူးသဖြင့် ခင်ဗျားတို့က အခု ဗီဒီယိုတွေ ဖွင့်လို့ရနေပြီလေ၊ ဗီဒီယိုဆိုတာ တစ်ခါတလေကျရင် လူအများကြီး စုပြီး ကြည့်ရတဲ့ အရာမျိုး မဟုတ်လား"

"ဒုတိယအချက်ကတော့... ခင်ဗျားတို့က MPEG-4 အမျိုးအစား ဗီဒီယို တစ်ခုတည်းကိုပဲ ထောက်ပံ့ပေးထားတာက အဆင်မပြေပါဘူး။ စနစ်ပိုင်းမှာ ကြိုးစားပြီး ဗီဒီယို အမျိုးအစား အမျိုးမျိုးကို ဖွင့်နိုင်အောင် လုပ်ရမယ်၊ ဒီကိုက်ညီမှု ဆိုတာက အရမ်းကို အရေးကြီးတယ်"

ဗီဒီယို ကြည့်နေတဲ့ အချိန်မှာ ဤဗီဒီယို အမျိုးအစားကို မထောက်ပံ့ပါဟု ပေါ်လာခြင်းက အလွန်ပင် စိတ်ပျက်စရာ ကောင်းလှသည် မဟုတ်ပါလား။

"နောက်တစ်ခုက... ခင်ဗျားတို့က ဒီလောက်အထိ ကြီးအောင် လုပ်ထားမှတော့ မျက်နှာပြင်ကိုလည်း ကြီးအောင် လုပ်ထားသလို ဘက်ထရီကိုလည်း တိုးမြှင့်ထားတာ မဟုတ်လား။ ကျွန်တော် မေးမယ်... အကယ်၍ အထဲမှာ ရှိတဲ့ ဗီဒီယိုတွေရော၊ သီချင်းတွေရော အကုန်လုံး ကြည့်ပြီးသွားပြီ၊ နားထောင်ပြီးသွားပြီ ဆိုရင် ဘာလုပ်ကြမလဲ”

"အသစ်တွေ ပြန်ထည့်ရမှာပေါ့" ရှုလိဟွာက ဖုန်းယွီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ဤသည်မှာ နားမလည်နိုင်စရာ ကိစ္စ မဟုတ်ပါချေ။

"ခင်ဗျားတို့က ဒီထုတ်ကုန်ကို တခြားသော ထုတ်ကုန်တွေနဲ့ ပေါင်းစပ်ပြီး ဆန်းသစ်မှုအသေးစားတွေ လုပ်ဖို့ မစဉ်းစားမိကြဘူးလား။ CD နဲ့ ပေါင်းမလား၊ ဒါမှမဟုတ် ကက်ဆက် Walkman နဲ့ ပေါင်းမလား”

"ကျွန်တော် ဥပမာ နှစ်ခုလောက် ပေးမယ်။ အကယ်၍ ဒီထုတ်ကုန်ကို အသံဖမ်းစက်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ဒါဟာ အသံဖမ်းနိုင်တဲ့ Super MP3 ဖြစ်သွားမှာပေါ့။ အကယ်၍ ရေဒီယိုနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ အချက်ပြလှိုင်း ရှိတဲ့ နေရာတိုင်းမှာ ဘာအသစ်တွေ နားထောင်ရမလဲဆိုတာ ပူနေစရာ မလိုတော့ဘူးလေ"

"ဖုန်းတွေမှာတောင် ဓာတ်ပုံရိုက်လို့ ရနိုင်ရင်၊ ဒီ Super MP3 မှာ ဘာလို့ မရနိုင်ရမှာလဲ။ အထဲမှာ သိမ်းထားတဲ့ ပုံတွေဟာ ကိုယ်တိုင် ရိုက်ထားတဲ့ ပုံတွေ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ မဟုတ်ရင် ဘယ်နှယောက်ကများ MP3ထဲမှာ ဓာတ်ပုံတွေ သိမ်းထားကြမှာလဲ”

"နောက်ပြီး... မျက်နှာပြင်ကို ဒီလောက်အထိ ကြီးအောင် လုပ်ထားမှတော့ ဘာလို့ Touch screen မလုပ်တာလဲ။ ဖုန်းတွေမှာတောင် Touch screenပါနိုင်တယ်၊ Laptop တွေမှာလည်း ပါနိုင်တယ်၊ အီလက်ထရွန်နစ် အဘိဓာန်တွေနဲ့ သင်ကြားရေးစက်တွေမှာတောင် ပါနိုင်တာပဲလေ။ ဒီ MP3မှာကော ဘာလို့ မရနိုင်ရမှာလဲ”

"အကယ်၍ Touch screenလုပ်နိုင်မယ်ဆိုရင် ခလုတ်တွေကို လျှော့ချပစ်လို့ ရမယ်၊ ဒါဆိုရင် ထုထည်ကတော့ ဒီလောက်ပဲ ရှိပေမဲ့ မျက်နှာပြင်ကိုတော့ ဒီထက် ပိုပြီး ကြီးအောင် လုပ်လို့ ရတာပေါ့။ ဗီဒီယို ကြည့်လို့ ရနေပြီဆိုမှတော့ မျက်နှာပြင် ကြီးလေလေ ပိုပြီးကြည်လင်လေလေ မဟုတ်လား။ နောက်ပြီး ကျွန်တော် ကြည့်လိုက်တော့ ဒီပုံတွေနဲ့ အီလက်ထရွန်နစ် စာအုပ်တွေရဲ့ စာလုံးအရွယ်အစားက သုံးမျိုးပဲ ရတာပဲ။ ငါတို့ရဲ့ Touch screenဖုန်းတွေမှာ ပုံတွေကို ကြည့်သလိုမျိုး လက်ချောင်း နှစ်ချောင်းတည်းနဲ့ ချဲ့တာ၊ ချုံ့တာ လုပ်လို့ ရမယ်ဆိုရင် ဒါဟာ ပိုပြီးအဆင်မပြေသလို၊ ကြည့်ရတာလည်း ပိုပြီး အဆင့်မမြင့်ဘူးလား”

ဖုန်းယွီ၏ စကားများကို ကြားရသည့်အခါ ကျန်းဝမ်မုန့်နှင့် ရှုလိဟွာတို့မှာ အတော်ပင် စိတ်ဓာတ်ကျသွားခဲ့ရသည်။ သူတို့အနေဖြင့် အလွန်ကောင်းမွန်သော ထုတ်ကုန်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဟု ယူဆထားသော်လည်း၊ အမှန်တကယ်တွင်မူ ပြင်ဆင်ရန် အချက်များစွာ ရှိနေသေးသည် မဟုတ်ပါလား။

"ဒါနဲ့... လောင်ရှု၊ ခင်ဗျား ပြောတော့ ဒစ်ဂျစ်တယ် ကင်မရာတွေမှာ ဗီဒီယိုအတိုလေးတွေ ရိုက်တဲ့ နည်းပညာက အတော်လေး ရင့်ကျက်နေပြီ ဆို”

******

အခန်း ၁၄၂၅ ကင်မရာဖြင့် ဗီဒီယိုရိုက်ကူးခြင်း

ဒစ်ဂျစ်တယ် ဗီဒီယိုကင်မရာ နှင့် ဒစ်ဂျစ်တယ် ကင်မရာတို့သည် လွန်ခဲ့သော အချိန်များကတည်းက ဒစ်ဂျစ်တယ် ဗီဒီယိုကင်မရာများတွင် ဒစ်ဂျစ်တယ် ကင်မရာများ၏ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားနိုင်ခဲ့သော်လည်း၊ ဤသို့သော လုပ်ဆောင်ချက်မှာ စစ်မှန်သော ဓာတ်ပုံရိုက်ကူးသည့် နည်းပညာမျိုးတော့ မဟုတ်ပါချေ။

အဘယ်ကြောင့်ဆိုသော် ဒစ်ဂျစ်တယ် ဗီဒီယိုကင်မရာများတွင် ပါဝင်သော ဓာတ်ပုံရိုက်ကူးသည့် လုပ်ဆောင်ချက်မှာ အမှန်စင်စစ်အားဖြင့် ဗီဒီယိုထဲမှ ပုံရိပ်ကိုသာ ဖမ်းယူခြင်းသာ ဖြစ်သောကြောင့်ပင်။ ဤသည်မှာ စစ်မှန်သော ဓာတ်ပုံရိုက်ကူးခြင်းနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။

သို့သော်လည်း ဤလုပ်ဆောင်ချက်မှာ များစွာလူကြိုက်များခဲ့သည်ကိုမူ ငြင်းပယ်၍ မရနိုင်ပါချေ။

သို့သော်လည်း ဖုန်းယွီမှာမူ ဤအချက်ကို များစွာ အားရကျေနပ်ခြင်း မရှိပါချေ။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ဆောင်ချက်မှာ ကောင်းမွန်လှသည်ဆိုစေဦးတော့၊ ဖုန်းနှင့် ဒစ်ဂျစ်တယ် ဗီဒီယိုကင်မရာတို့ကိုမူ တစ်သားတည်း ဖြစ်အောင် ပေါင်းစပ်နိုင်စွမ်း မရှိသေးသောကြောင့်ပင်။ အနည်းဆုံးတော့ လောလောဆယ်တွင် မဖြစ်နိုင်သေးပါချေ။

ဖုန်းနှင့် ဒစ်ဂျစ်တယ် ကင်မရာတို့ကိုမူ အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီ ဖြစ်သလို၊ ရရှိလာသော ရလဒ်မှာ ဒစ်ဂျစ်တယ် ကင်မရာ အစစ်အမှန်၏ အရည်အသွေးကို မမီနိုင်သေးစေဦးတော့၊ အနည်းဆုံးအားဖြင့် ဖုန်းပေါ်တွင် ထိုလုပ်ဆောင်ချက်ကို ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည့်အပြင် အမြဲမပြတ်လည်း တိုးတက်အောင် ပြုပြင်နေခဲ့ပြီ ဖြစ်သည်။

အရင်ဘဝတုန်းကမူ ဖုန်းယွီသည် ဒစ်ဂျစ်တယ် ကင်မရာဖြင့် ဗီဒီယိုအတိုလေးများ ရိုက်ကူးနိုင်သည်ကို မြင်တွေ့ခဲ့ဖူးသည်။ ဖုန်း၏ ဗီဒီယိုရိုက်ကူးသည့် လုပ်ဆောင်ချက်မှာလည်း ထိုကဲ့သို့ပင် ဖြစ်ပြီး ဒစ်ဂျစ်တယ် ဗီဒီယိုရိုက်ကူးခြင်း၏ ရိုးရှင်းသော ဗားရှင်းတစ်ခုအဖြစ် ဆိုနိုင်ပေသည်။

ဤကဲ့သို့သော ပေါင်းစပ်မှုမျိုးသည် ဈေးကွက်အတွင်း များစွာရေပန်းစားလာမည်မှာ အမှန်ပင်။ ဒစ်ဂျစ်တယ် ကင်မရာဖြင့်သာ ဗီဒီယိုရိုက်ကူးနိုင်မည်ဆိုပါက ဝယ်ယူသူ အရေအတွက်မှာ ပိုမို များပြားလာမည်မှာ သေချာလှသည်။ ဖုန်းဖြင့်သာ ဗီဒီယိုရိုက်ကူးနိုင်မည်ဆိုပါကလည်း နောက်ထပ်တစ်ကြိမ် သမိုင်းသစ်ကို ရေးထိုးနိုင်မည် ဖြစ်သည်။

ဤနည်းပညာကို ဖော်ဆောင်ခြင်းအားဖြင့် ကုမ္ပဏီအတွက် ဧရာမ အမြတ်အစွန်းများ ရရှိစေနိုင်မည်ဖြစ်သဖြင့် ဖုန်းယွီသည် ရှုလိဟွာတို့အား ဤအချက်ကို လွန်ခဲ့သော အချိန်များကတည်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်ကပင် ရှုလိဟွာက ဤနည်းပညာမှာ ထူးခြားသော တိုးတက်မှုများ ရရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သလို၊ ယခုအခါတွင်မူ နည်းပညာမှာ အလုံးစုံ ရင့်ကျက်သွားပြီ ဖြစ်သည်။

"မန်နေဂျာဖုန်း... ကြည့်ပါဦး၊ ဒါကတော့ ကျွန်တော်တို့ ဖန်တီးထားတဲ့ ဗီဒီယိုရိုက်ကူးနိုင်စွမ်းပါတဲ့ ဒစ်ဂျစ်တယ် ကင်မရာ နမူနာစက် ပါ။ ဒီမှာကြည့်ပါ... ဒီခလုတ်လေးကို ဘယ်ဘက်ကို လှည့်လိုက်ရင် ဓာတ်ပုံရိုက်တာ ဖြစ်ပြီး၊ ညာဘက်ကို လှည့်လိုက်ရင်တော့ ဗီဒီယိုရိုက်တာပါ။ ကျွန်တော်တို့က ဗီဒီယိုထဲက ပုံကို ဖြတ်ယူတာမျိုး မဟုတ်ပါဘူး၊ ဓာတ်ပုံရိုက်တဲ့ လုပ်ဆောင်ချက်ကတော့ အရင်အတိုင်းပဲ စွမ်းအားကြီးနေဆဲဖြစ်ပြီး၊ ဗီဒီယိုကတော့ သိပ်ပြီးမကြည်လင်သေးတာပဲ ရှိတာပါ” ရှုလိဟွာက ဆိုလိုက်သည်။

ဖုန်းယွီက လက်တွေ့ စမ်းသပ်ကြည့်လိုက်သည်။ သူသည် ဓာတ်ပုံအချို့ကို ရိုက်ကူးလိုက်ပြီး၊ အခန်းအတွင်း၌လည်း ဗီဒီယိုအတိုတစ်ခုကို ရိုက်ကူးလိုက်သည်။ ထိုအချိန်တွင် ဖုန်းယွီသည် ပြဿနာတစ်ခုကို တွေ့ရှိသွားခဲ့သည်။

"ခင်ဗျားတို့ရဲ့ ဒီဗီဒီယို ရိုက်ကူးမှုက တစ်မိနစ်ပဲ ရတာလား” ဖုန်းယွီက မေးမြန်းလိုက်သည်။ တစ်မိနစ်ဆိုသည်မှာ အလွန်ပင် တိုတောင်းလွန်းလှသည် မဟုတ်ပါလား။

"ဒီနည်းပညာကို ဆက်ပြီး ပြုပြင်နေပါတယ်။ အဓိကကတော့ ဒီစက်ရဲ့ Storage spaceက မလုံလောက်တာကြောင့် အချိန်ကန့်သတ်ချက် ထားလိုက်ရတာပါ။ ဒါပေမဲ့ တကယ် ဈေးကွက်တင်မယ့် ထုတ်ကုန်မှာတော့ အချိန်ကန့်သတ်ချက် ရှိမှာ မဟုတ်ပါဘူး၊ ဘက်ထရီ ပမာဏနဲ့ သိမ်းဆည်းနိုင်စွမ်း ရှိသလောက်ပဲ အချိန်ကို ကန့်သတ်နိုင်ပါတော့မယ်” ရှုလိဟွာက အလျင်အမြန်ပင် ပြန်လည် ရှင်းပြလိုက်သည်။

ဖုန်းယွီက ထိုအခါမှ ခေါင်းညိတ်လိုက်သည်။ အကယ်၍ တစ်မိနစ်သာ ရိုက်ကူးနိုင်မည်ဆိုပါက ဤပစ္စည်းမှာ အသုံးမဝင်သလို ဖြစ်နေပေလိမ့်မည်။

ဒေတာကြိုးကို ချိတ်ဆက်ကာ ဖုန်းယွီသည် ဗီဒီယိုနှင့် ဓာတ်ပုံများကို ကွန်ပျူတာပေါ်သို့ လွှဲပြောင်းလိုက်သည်။ ဓာတ်ပုံများကို ဖွင့်ကြည့်ပြီးနောက် ချဲ့လိုက်၊ ချုံ့လိုက်ဖြင့် အကြိမ်အနည်းငယ် စမ်းသပ်ကြည့်သည့်အခါ ဖုန်းယွီသည် ပုံရိပ် ကြည်လင်ပြတ်သားမှုအပေါ် အတော်ပင် ကျေနပ်နေခဲ့သည်။ သို့သော်လည်း ဗီဒီယိုကို ကြည့်ရှုသည့်အခါတွင်မူ ဖုန်းယွီမှာ အားမရ ဖြစ်သွားခဲ့ရသည်။

"ဒီမှာ တုန်ခါမှု ထိန်းချုပ်တဲ့ လုပ်ဆောင်ချက် မပါဘူးလား”

"အဲဒါက... ဓာတ်ပုံရိုက်တဲ့ နေရာမှာတော့ ပါပါတယ်၊ ဗီဒီယိုရိုက်တဲ့ နေရာမှာတော့ မပါသေးပါဘူး"

"နောက်ကျရင် နည်းလမ်းရှာပြီး ဒါကိုလည်း ထည့်နိုင်အောင် သုတေသန လုပ်ရမယ်။ နောက်တစ်ခုက... အကယ်၍ ဗီဒီယိုကို အဆက်မပြတ် ရိုက်မယ်ဆိုရင် ဘက်ထရီက ဘယ်လောက်အထိ ခံမလဲ”

"မိနစ် နှစ်ဆယ် ဝန်းကျင်လောက်ပါပဲ။ မန်မိုရီကိုတော့ ကတ်တွေနဲ့ တိုးမြှင့်လို့ ရပေမဲ့၊ ဘက်ထရီကတော့ အဲဒီလောက်ပဲ ခံမှာပါ” ရှုလိဟွာက ရှင်းပြလိုက်သည်။

"အဲဒါကိုတော့ စိတ်မပူပါနဲ့။ Taihua Battery ရဲ့ နည်းပညာကလည်း အမြဲတမ်း တိုးတက်နေတာမို့၊ အခုထွက်လာတဲ့ ဘက်ထရီတွေက အရင်ကထက် အားထိန်းနိုင်စွမ်း ပိုပြီးများပြားလာပေမဲ့ ထုထည်ကတော့ ထူမလာပါဘူး"

ရှုလိဟွာ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်ထွက်လာခဲ့သည်။ "ဒါဆိုရင်တော့ တကယ်ကောင်းတာပေါ့၊ ဒါပေမဲ့ သူတို့က ကျွန်တော့်ကို ဘာလို့ လာမပြောကြတာပါလိမ့်။ အဲဒီလိုဆိုရင်တော့ 2GB မန်မိုရီကတ်က မလုံလောက်နိုင်တော့ဘူး၊ ငါတို့ရဲ့ ထုတ်ကုန်မှာ ဈေးကြီးတဲ့ 4GB မန်မိုရီကတ်ကိုပဲ စံနှုန်းအတိုင်း တစ်ခါတည်း ထည့်ပေးလိုက်ရင် ကောင်းမလား”

"ဒါတွေက သိပ်ပြီး အရေးမကြီးပါဘူး။ ဒါနဲ့... ဒီဒစ်ဂျစ်တယ် ကင်မရာက တော်တော်လေး ကြီးသလို၊ မျက်နှာပြင်ကလည်း ဗီဒီယိုရိုက်တဲ့ လုပ်ဆောင်ချက်ကြောင့် ပိုပြီး ကြီးလာတာပဲ။ ဒါပေမဲ့ ဒီမျက်နှာပြင်ကို Touch screenဘာလို့ မလုပ်တာလဲ။ အဲဒီလိုဆိုရင် ဘေးနားက ခလုတ်အတော်များများကို လျှော့ချပစ်လို့ ရမယ်မဟုတ်လား၊ ဒါဆိုရင် ဒီကင်မရာက ပိုပြီးတော့တောင် သေးငယ်သွားနိုင်တာပေါ့"

"မန်နေဂျာဖုန်း... ကျွန်တော်တို့လည်း ဒါကို စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အခုရှိနေတဲ့ Touch screenနည်းပညာအရဆိုရင် မျက်နှာပြင်မှာ အစင်းရာတွေ အများကြီး ထင်ကျန်ရစ်မှာ ဖြစ်သလို၊ သိပ်မကြာခင်မှာပဲ မျက်နှာပြင်က အစင်းရာတွေနဲ့ ဝေဝါးသွားမှာပါ။ ငါတို့ အရင်က ထုတ်ခဲ့တဲ့ Touch screenဖုန်းတွေမှာလည်း အဲဒီအတိုင်းပဲလေ။ မျက်နှာပြင် အသစ်တစ်ချပ် လဲဖို့ကလည်း ဈေးနှုန်းက အရမ်းကြီးမားတာမို့ သာမန်လူတွေကတော့ ဝန်လေးကြမှာပါ"

"အကယ်၍ မျက်နှာပြင်ကို မလဲဘူးဆိုရင်လည်း အစင်းရာတွေ များလွန်းလို့ ကိုယ်ရိုက်ထားတဲ့ ပုံက ကောင်းမကောင်းကိုတောင် မြင်ရမှာ မဟုတ်ပါဘူး။ ဒါဟာ သုံးစွဲသူတွေအတွက်တော့ နစ်နာသလို ခံစားရစေမှာဖြစ်သလို၊ ဒီလုပ်ဆောင်ချက်ကလည်း အသုံးမဝင်တဲ့ ဟန်ပြသက်သက်ပဲလို့ အထင်ခံရမှာပါ"

မျက်နှာပြင်မှာ အစင်းရာတွေ အလွယ်တကူ ထင်ကျန်ရစ်နိုင်သည် ဟုတ်လား။ ဤပြဿနာကို ဖုန်းယွီတစ်ခါမျှ မစဉ်းစားခဲ့မိပါချေ။ သို့သော်လည်း အရင်ဘဝကဆိုလျှင် ဤပြဿနာအတွက် အလွန်ကောင်းမွန်သော ဖြေရှင်းနည်းတစ်ခု ရှိခဲ့သည်။ ၎င်းမှာ Screen protector ကပ်ခြင်းပင် ဖြစ်သည်။

လက်ရှိအချိန်တွင်လည်း ထိုကဲ့သို့သော ပစ္စည်းအမျိုးအစားများ ရှိနေခဲ့ပြီ ဖြစ်သည်။ ဥပမာအားဖြင့် ကားမှန်ပေါ်တွင် ကပ်သော အကာအကွယ် စတစ်ကာမျိုး သို့မဟုတ် Laptop မျက်နှာပြင်ပေါ်တွင် ကပ်သော အကာအကွယ် စတစ်ကာမျိုးမှာ အတော်ပင် ကောင်းမွန်လှသည်။

"မျက်နှာပြင်က အလွယ်တကူ ထိခိုက်နိုင်တယ်ဆိုရင် Screen protector ကပ်လို့ မရဘူးလား။ Laptop မျက်နှာပြင်တွေမှာ ကပ်တဲ့ အကာအကွယ် စတစ်ကာတွေအကြောင်း ခင်ဗျားတို့ သိမှာပါ။ ဒစ်ဂျစ်တယ် ကင်မရာ ဒါမှမဟုတ် ဖုန်းမျက်နှာပြင်ပေါ်မှာ ကပ်မယ့် စတစ်ကာလေး တစ်ခုရဲ့ ကုန်ကျစရိတ်က သိပ်ပြီး များမှာ မဟုတ်ပါဘူး။ စတစ်ကာကို အချိန်တစ်ခုအထိ သုံးပြီးလို့ အစင်းရာတွေ ထင်လာရင် ဖြုတ်လိုက်ပြီး အသစ်တစ်ခု ပြန်ကပ်လိုက်ရင် မပြီးဘူးလား”

Screen protector စတစ်ကာ ကပ်ခြင်းမှာ ဖုန်းမျက်နှာပြင် တစ်ခုလုံးကို လဲလှယ်ခြင်းထက်စာလျှင် ငွေကုန်ကြေးကျ များစွာသက်သာလှပေသည်။ Touch Screenပါသော ဖုန်း သို့မဟုတ် ဒစ်ဂျစ်တယ် ကင်မရာကို ဝယ်ယူနိုင်သောသူ မည်သူမဆို ဤစရိတ်လေးကိုတော့ သေချာပေါက် အကုန်အကျ ခံနိုင်ကြမည်သာ ဖြစ်သည်။ အရင်ဘဝတုန်းက အကာအကွယ် စတစ်ကာ တစ်ခု၏ ကုန်ကျစရိတ်မှာ တစ်ယွမ်ပင် မပြည့်သော်လည်း၊ လမ်းဘေးရှိ စတစ်ကာ ကပ်ပေးသူများမှာမူ ယွမ် တစ်ဆယ်၊ နှစ်ဆယ် အထိ ရောင်းချခဲ့ကြခြင်း ဖြစ်သည်။ ဤသည်မှာ လက်ရာခစရိတ် ပါဝင်နေသည်ဆိုစေဦးတော့၊ စတစ်ကာ ကပ်ခြင်းမှာ တကယ်တမ်းတွင် ထိုမျှအထိ စေ့စပ်သေချာသော နည်းပညာမျိုး လိုအပ်ပါသလော။ စိတ်ရှည်ပြီး လက်ငြိမ်သူ မည်သူမဆို ဤအလုပ်ကို လုပ်ဆောင်နိုင်ကြသည်သာ ဖြစ်သည်။

ထိုအချိန်တုန်းက လမ်းထောင့်တစ်နေရာတွင် ဇနီးမောင်နှံ နှစ်ဦးက စတစ်ကာ ကပ်ပေးခြင်းဖြင့် တစ်လလျှင် ယွမ် သောင်းနှင့်ချီ၍ ဝင်ငွေ ရရှိနေကြပြီး၊ သာမန် ဝန်ထမ်းများထက်ပင် များစွာ ပိုမိုချမ်းသာနေကြသည်ဟု ကြားသိခဲ့ဖူးသည်။

"ဒါပေမဲ့ အကာအကွယ် စတစ်ကာ ကပ်လိုက်ရင် Touch Screenရဲ့ အာရုံခံမှုကို မထိခိုက်နိုင်ဘူးလား။ ဒါမှမဟုတ် အလင်းပြန်တာမျိုးနဲ့ မျက်နှာပြင်ကို သေချာ မမြင်ရတာမျိုးကော။ ထပ်ပြောရရင် စတစ်ကာမှာ ကော်တွေ ပါနေမှာဆိုတော့၊ စနစ်တကျ မလုပ်နိုင်ရင် မျက်နှာပြင်ကြီးက စုတ်ပြတ်သတ်သွားမှာ မဟုတ်လား” ကျန်းဝမ်မုန့်က မေးမြန်းလိုက်သည်။

IPS သို့မဟုတ် LCD မျက်နှာပြင်ပေါ်တွင် ကပ်သော အကာအကွယ် စတစ်ကာများမှာ Touch Screenတွင် အသုံးပြု၍ မရနိုင်ပါချေ။ ထို့အပြင် စတစ်ကာတစ်ခု ထပ်ကပ်ရုံနှင့် မန်နေဂျာဖုန်း ပြောသကဲ့သို့ လွယ်ကူလိမ့်မည်ဟု သူတို့ မထင်ပါချေ။

"ခင်ဗျားတို့ မေးတဲ့ မေးခွန်းတွေက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ပြဿနာကို တွေ့ရှိနိုင်မှတော့ ဖြေရှင်းနည်းကလည်း ရှိနေမှာပဲလေ။ ငါတို့ အလိုရှိတဲ့ အကာအကွယ် စတစ်ကာရဲ့ အရည်အသွေးကတော့... ပွန်းပဲ့မှုကို ခံနိုင်ရည် ရှိရမယ်၊ အစင်းရာ မထင်ရဘူး၊ အလင်းပေါက်မှု ကောင်းရမယ်၊ အလင်းမပြန်ရဘူး၊ ကပ်တဲ့ အချိန်မှာလည်း လေပူဖောင်းတွေ မကျန်ရစ်စေရသလို ဖြုတ်လိုက်တဲ့ အခါမှာလည်း အစွန်းအထင်းတွေ မရှိစေရဘူး။ သေချာတာပေါ့... ဈေးနှုန်းကလည်း အရမ်း မကြီးစေရဘူး"

"အဲဒီအတွက် ဘယ်လို ပစ္စည်းအမျိုးအစားကို သုံးရမလဲဆိုတာကိုတော့ ခင်ဗျားတို့ကိုယ်တိုင် ရှာဖွေကြရမှာပေါ့။ အကယ်၍သာ အဲဒီလို စတစ်ကာမျိုးကို ဖန်တီးနိုင်မယ်ဆိုရင်တော့ ငါတို့ရဲ့ Touch screenဖုန်းတွေရော၊ ဒစ်ဂျစ်တယ် ကင်မရာတွေပါ သေချာပေါက် အကြီးအကျယ် ရောင်းထွက်သွားမှာဖြစ်သလို၊ ဒါကို LCD မျက်နှာပြင်တွေကို ကာကွယ်တဲ့ နေရာမှာလည်း အသုံးပြုလို့ ရနိုင်တာပေါ့"

ခေါင်းဆောင်ကြီး တစ်ဦးဖြစ်ရခြင်း၏ အားသာချက်မှာ ဤအချက်ပင် ဖြစ်သည်။ ပြဿနာကို တွေ့ရှိလျှင် ထောက်ပြရုံသာဖြစ်ပြီး ကိုယ်တိုင် ဖြေရှင်းနေရန် မလိုအပ်ပါချေ။ နည်းလမ်းရှာဖွေခြင်းမှာ လက်အောက်ငယ်သားများ၏ အလုပ်သာ ဖြစ်ပြီး၊ ခေါင်းဆောင်၏ စစ်မှန်သော တာဝန်မှာ ဆုံးဖြတ်ချက် ချပေးရန်သာ ဖြစ်တော့သည်။

"ဒါနဲ့... ဒီနည်းပညာကို ငါတို့ရဲ့ ကင်မရာဖုန်းတွေမှာကော အသုံးပြုလို့ ရနိုင်မလား”

"လောလောဆယ်တော့ မရသေးပါဘူး။ အကယ်၍ ဒါကို ဖုန်းမှာသာ အသုံးပြုမယ်ဆိုရင် ဖုန်းက အကြီးကြီးနဲ့ လေးလံသွားပါလိမ့်မယ်။ ကျွန်တော်တို့ဘက်က ဒါကို ပိုပြီး သေးငယ်အောင် လုပ်ဆောင်နေပါတယ်၊ နောက်ထပ် လအနည်းငယ်လောက်တော့ ကြာဦးမှာပါ"

ဖုန်းယွီက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ ဝမ်းသာသွားမိသည်မှာ အလကား ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း ဒစ်ဂျစ်တယ် ကင်မရာပေါ်တွင် အသုံးပြုနိုင်သည်မှာပင် အလွန်ကောင်းမွန်လှပေပြီ။ ဖုန်းပေါ်တွင် အသုံးပြုနိုင်ရန်အတွက် လအနည်းငယ် စောင့်ဆိုင်းရမည်မှာလည်း ပြဿနာ မဟုတ်ပါချေ။

မည်သို့ပင်ဖြစ်စေ ဤနည်းပညာတွင် ၎င်းတို့သည် ကမ္ဘာ့ထိပ်တန်း အဆင့်မှာ ရှိနေသည် မဟုတ်ပါလား။ ငွေကြေးအမြောက်အမြား အကုန်အကျခံခဲ့ရသည်မှာလည်း အလဟဿ မဖြစ်ခဲ့ပါချေ။

******

အခန်း ၁၄၂၆ အယ်လီနာ ဖျော်ဖြေပွဲကျင်းပရန် လာရောက်ခြင်း

နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကို အခြားသူများထံ လွှဲအပ်ပြီးနောက် ဖုန်းယွီတစ်ယောက် ပြန်လည်၍ အားလပ်သွားခဲ့သည်။

နှစ်သစ်ကူးကာလသို့ နီးကပ်လာသည့်အချိန်ဝယ် ဖုန်းယွီ၏ လက်ကိုင်ဖုန်းဆီသို့ စိမ်းနေသော ဖုန်းနံပါတ်တစ်ခုမှ ခေါ်ဆိုမှု ရောက်ရှိလာခဲ့သည်။

ဖုန်းလက်ခံလိုက်သည်နှင့် တစ်ဖက်မှ ကြောက်ရွံ့အားနာနေဟန်ရှိသော အသံလေးတစ်ခုက မေးမြန်းလာခဲ့သည်။ "မစ္စတာဖုန်း... ဒါ ရှင်လားဟင်"

ဤအသံသည် ဖုန်းယွီအား တစ်ဖက်သားမှာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းပင် သိရှိသွားစေသည်။ "အယ်လီနာ... မင်း ငါ့ကို သတိရနေတာလား?"

ဖုန်းလိုင်းတစ်ဖက်ခြမ်းတွင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် တိုးညှင်းလွန်းလှသော "အင်း" ဆိုသည့် အသံလေး ထွက်ပေါ်လာခဲ့သည်။

"သတိရနေရင်လည်း ဘာလို့ ငါ့ဆီကို စောစောစီးစီး ဖုန်းမဆက်တာလဲ? နောက်ပြီး ငါ မင်းကို အကြိမ်ကြိမ် ပြောဖူးတယ်မဟုတ်လား... ငါ့ကို မစ္စတာဖုန်း လို့ မခေါ်ပါနဲ့လို့။ 'ဖုန်း' ဒါမှမဟုတ် 'ယွီ' ၊ အဲဒါမှမဟုတ်ရင်လည်း 'ဖုန်းယွီ'လို့ပဲ ခေါ်ပါ" ဟု သူက ဆိုလိုက်သည်။ ဤသည်မှာ အယ်လီနာထံမှ ဖုန်းယွီဆီသို့ ပထမဆုံးအကြိမ် တိုက်ရိုက်ခေါ်ဆိုခြင်းပင် ဖြစ်သည်။

"ဖုန်း... ရှင့်အတွက် အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ။ ဒါက ကုမ္ပဏီက ကျွန်မကို ပေးထားတဲ့ Global Roaming နံပါတ်အသစ်လေ၊ အရင်နံပါတ်ကိုတော့ နောက်ဆို သုံးတော့မှာမဟုတ်ဘူး။ ဒါနဲ့ နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်မ ရှန်ဟိုင်းကို ဖျော်ဖြေပွဲအတွက် လာဦးမယ်" အယ်လီနာ၏ အသံတွင် စိတ်လှုပ်ရှားမှုများ ဖုံးဖိမရအောင် ပေါ်လွင်နေခဲ့သည်။

"အော်... မင်း ရှန်ဟိုင်းကို ဖျော်ဖြေဖို့ လာမယ် ဟုတ်လား။ ကမှာလား၊ ဒါမှမဟုတ် သီချင်းဆိုမှာလား။ သီချင်းဆိုဖို့ ဖြစ်ဖို့များတယ် မဟုတ်လား" အယ်လီနာသည် ကကွက်အဖွဲ့မှ နုတ်ထွက်ပြီးပြီဖြစ်ရာ ယခုကဲ့သို့ ဖျော်ဖြေပွဲဆိုလျှင် သီချင်းဆိုရန်သာ ဖြစ်နိုင်ခြေ ပိုများပေသည်။

"အင်း... သီချင်းဆိုမှာပါ။ ကျွန်မရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲအတွက် ကုမ္ပဏီက စီစဉ်ပေးတာ။ ကျွန်မရဲ့ဖျော်ဖြေပွဲကို ရှင် လာကြည့်ပေးနိုင်မလားဟင်" အယ်လီနာ၏ လေသံတွင် မျှော်လင့်ချက်များ အပြည့်ပါဝင်နေခဲ့သည်။

ဖုန်းယွီအနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ အယ်လီနာသည် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပနိုင်သည့် အဆင့်အထိ ရောက်ရှိနေသည်ကို သူ အစောပိုင်းက သတိမထားမိခဲ့ပါချေ။ ကြည့်ရသည်မှာ သူသည် အယ်လီနာအပေါ် ဂရုစိုက်မှု အတော်လေး အားနည်းခဲ့ပုံရသည်။

"ငါ သေချာပေါက် လာမှာပါ။ မင်း ဘယ်အချိန်လောက် ရောက်မလဲ၊ ငါ လေဆိပ်ကို လာကြိုပါ့မယ်"

အယ်လီနာနှင့် အချိန်အတော်ကြာ စကားပြောပြီးနောက် ဖုန်းယွီ၏ မျက်နှာတွင် အပြုံးတစ်ခုက အစဉ်တစိုက် စွဲထင်နေခဲ့သော်လည်း သူကိုယ်တိုင်ပင် ထိုအချက်ကို သတိမမူမိခဲ့ပါချေ။

အယ်လီနာနှင့် မတွေ့ရသည်မှာ အတန်ကြာခဲ့ပြီ ဖြစ်သည်။ နှစ်ဦးသားအကြား အီးမေးလ်များ အပြန်အလှန် ပေးပို့လေ့ရှိသော်လည်း ဖုန်းယွီသည် အယ်လီနာကို အမှန်တကယ်ပင် လွမ်းဆွတ်နေမိကြောင်း တွေ့ရှိလိုက်ရသည်။ အယ်လီနာလာရောက်မည့် ကိစ္စအပေါ်တွင်လည်း သူ များစွာ မျှော်လင့်စောင့်စားနေမိခဲ့သည်။( စာစစ်_ အကျိုးနည်း ယောက်ျားတွေများ)

အယ်လီနာရောက်ရှိလာသည့်နေ့ နံနက်ပိုင်းတွင် ဖုန်းယွီသည် ရှန်ဟိုင်းသို့ လေယာဉ်ဖြင့် ပျံသန်းလာခဲ့ပြီး လေဆိပ်၌ ခေတ္တစောင့်ဆိုင်းနေခဲ့သည်။ မကြာမီမှာပင် မော်စကိုမှ ပျံသန်းလာသော လေယာဉ်တစ်စင်းမှာ မလှမ်းမကမ်းတွင် ဆင်းသက်လာခဲ့ပြီး ဖုန်းယွီသည်လည်း ယာဉ်မောင်းအား ကားကို ထိုဘက်သို့ မောင်းနှင်သွားရန် ခိုင်းစေလိုက်သည်။

ကားအနားတွင် ရပ်နေရင်း ဖုန်းယွီသည် ဟိုဟိုဒီဒီ လိုက်လံရှာဖွေနေသော အယ်လီနာကို လက်ဝှေ့ယမ်း ပြလိုက်သည်။ အယ်လီနာသည်လည်း ချက်ချင်းပင် အပြေးကလေး ရောက်ရှိလာကာ ကားတံခါးကို ဖွင့်၍ အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

အယ်လီနာ၏ အနောက်ဘက် မလှမ်းမကမ်းရှိ အသက်လတ်ပိုင်း အမျိုးသမီးကြီးတစ်ဦးမှာ အကြီးအကျယ် ထိတ်လန့်သွားပြီး ရုရှားဘာသာစကားဖြင့် အော်ဟစ်လိုက်သည်။ "အယ်လီနာ... မြန်မြန် ဆင်းခဲ့စမ်း! အဲဒါ ကုမ္ပဏီက စီစဉ်ပေးတဲ့ ကားမဟုတ်ဘူး!"

အယ်လီနာက ကားမှန်ကို ချလိုက်ပြီး ဆိုလိုက်သည်။ "ကီနီယဲ့ဗ်... ဒါ ကျွန်မရဲ့သူငယ်ချင်းပါ၊ ကျွန်မကို လာကြိုတာ။ ရှင်တို့ကတော့ တခြားသူတွေနဲ့အတူ ဟိုတယ်ကိုပဲ သွားလိုက်ကြပါ၊ မနက်ဖြန်ကျမှ ကျွန်မ ဟိုတယ်ကို လာခဲ့ပြီး ဇာတ်တိုက် လုပ်ပါ့မယ်"

အယ်လီနာ၏ မန်နေဂျာဖြစ်သူ ကီနီယဲ့ဗ် သည် အပြေးအလွှား ရောက်ရှိလာပြီး ကားပြတင်းမှန်မှတစ်ဆင့် အတွင်းသို့ အကဲခတ်ရန် ကြိုးပမ်းလိုက်သည်။ အယ်လီနာ၏ သူငယ်ချင်းဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိလိုသောကြောင့်ပင်။ အကယ်၍ ကုမ္ပဏီဘက်မှ အယ်လီနာကို လွတ်လပ်ခွင့် အတိုင်းအတာတစ်ခုအထိ ပေးရန် မပြောထားခဲ့ပါက သူမသည် ဤကိစ္စကို လုံးဝ သဘောတူမည် မဟုတ်ပါချေ။

အယ်လီနာသည် ပုံမှန်အားဖြင့် အလွန်ပင် လိမ္မာယဉ်ကျေးသူဖြစ်ပြီး သူမ၏စကားကို တစ်ခါမျှ ပြန်မပြောခဲ့ဖူးပါချေ။ ယနေ့တွင်မူ သူမ၏ ဆန္ဒကို ဆန့်ကျင်ကာ မည်သည့်သူငယ်ချင်းက ဤမျှအထိ ဆွဲဆောင်နိုင်စွမ်း ရှိနေသနည်းဟု သူမ တွေးတောနေမိသည်။

ဝမ်းနည်းစရာမှာ သူမ ဘာကိုမျှ မမြင်လိုက်ရမီမှာပင် အယ်လီနာက မှန်ကို ပြန်တင်လိုက်ခြင်းပင်။ ကားမှန်မှာ အထဲမှသာ အပြင်ကို မြင်ရသောအမျိုးအစားဖြစ်သဖြင့် အတွင်း၌ မည်သူရှိနေသည်ကို သူမ လုံးဝ မသိရှိနိုင်ပါချေ။ ကားထွက်ခွာသွားသည့်အခါ သူမသည် ဤဒေသရှိ ဆက်သွယ်ရေး တာဝန်ခံထံသို့ ချက်ချင်း ဖုန်းဆက်ကာ ကားနံပါတ်ကို သိရှိခြင်း ရှိမရှိ မေးမြန်းတော့သည်။

"ဖုန်း... ရှင် ကိုယ်တိုင် လာကြိုပေးတာ တကယ်ပဲ ကောင်းတာပဲနော်" ပြောရင်းဖြင့် အယ်လီနာသည် ဖုန်းယွီ၏ လက်မောင်းကို ဖက်တွယ်လိုက်ပြီး ခေါင်းလေးကို သူ၏ ပုခုံးပေါ်သို့ အသာအယာ မှီထားလိုက်သည်။

ယာဉ်မောင်းနှင့် အနောက်ခန်းအကြားတွင် ကာရံထားသော အကန့် ရှိသဖြင့် ယာဉ်မောင်း မြင်တွေ့သွားမည်ကို အယ်လီနာမစိုးရိမ်ပါချေ။ ထို့အပြင် ယာဉ်မောင်းမှာလည်း ဖုန်းယွီ၏ လူယုံသာဖြစ်သဖြင့် သူမအနေဖြင့် တစ်စုံတစ်ရာ စိုးရိမ်ပူပန်နေရန် မလိုအပ်ဟု ယူဆထားသည်။

ဖုန်းယွီက အယ်လီနာ၏ နူးညံ့လှသော ဆံနွယ်လေးများကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း ဆိုလိုက်သည်။ "ငါ လာကြိုမယ်လို့ ပြောခဲ့ရင် သေချာပေါက် လာမှာပါ"

"အယ်လီနာ တကယ်ပဲ ဝမ်းသာပါတယ်၊ တကယ်ကို ဝမ်းသာမိတာပါ" သူမက အလေးအနက် ဆိုလိုက်သည်။ ဖုန်းယွီကိုယ်တိုင် လာကြိုသည်ကို မြင်တွေ့ရခြင်းက သူမအား အမှန်တကယ်ပင် ပျော်ရွှင်စေခဲ့သည်မှာ ထင်ရှားလှပေသည်။(စာစစ်_ မိန်းမတွေလည်း အတူတူပဲဟ အကျိုးနည်း မိန်းမတွေ)

ဖုန်းယွီအနေဖြင့် သူမထံ သွားရောက်ကြည့်ရှုရန် မစဉ်းစားခဲ့သည် မဟုတ်ပါချေ။ သို့သော်လည်း ဤတစ်နှစ်အတွင်း အယ်လီနာသည် လှုပ်ရှားမှုအမျိုးမျိုး၊ ဖျော်ဖြေပွဲများ သို့မဟုတ် ဆုပေးပွဲ တက်ရောက်ခြင်းများဖြင့် တစ်နေရာမှ တစ်နေရာသို့ အစဉ်တစိုက် ပျံသန်းနေခဲ့ရသဖြင့် နှစ်ဦးသား ဆုံတွေ့ရန် အကြိမ်ကြိမ် လွဲချော်ခဲ့ရခြင်း ဖြစ်သည်။

ပုံမှန်ပေးပို့လေ့ရှိသော အီးမေးလ များအရ အယ်လီနာသည် လက်ရှိ ဘဝအခြေအနေကို များစွာနှစ်သက်နေကြောင်း သိနိုင်သည်။ အလုပ်များလှသည်ဆိုစေဦးတော့ အလွန်ပင် အနှစ်သာရ ရှိနေခဲ့သည်။ သူမသည် စင်မြင့်ထက်ကို မြတ်နိုးသလို၊ စင်မြင့်ထက်တွင် ဖျော်ဖြေရခြင်းကိုလည်း နှစ်သက်လှသူဖြစ်ရာ စင်မြင့်ထက်မှ မည်သည့်အခါမျှ ခွာလိုစိတ် မရှိပါချေ။

အရင်တုန်းကတော့ သူမသည် ဘဲလေးကချေသည် တစ်ဦး၏ သက်တမ်းမှာ မရှည်ကြာလှသဖြင့် စင်မြင့်နောက်ကွယ်သို့ စောစီးစွာ ရောက်ရှိသွားရမည်ကို စိုးရိမ်ခဲ့ဖူးသည်။ သို့သော်လည်း ယခုမူ မတူတော့ပါချေ။ သူမ၏ အဆိုတော် ဘဝမှာ စတင်ရုံသာ ရှိသေးပြီး၊ အဆိုတော် တစ်ဦးအနေဖြင့် အသက် လေးဆယ်၊ ငါးဆယ် သို့မဟုတ် ခုနစ်ဆယ်၊ ရှစ်ဆယ်အထိပင် သီချင်းဆိုနိုင်သည် မဟုတ်ပါလား။

တစ်နည်းအားဖြင့်ဆိုသော် သူမ၏ စင်မြင့်ထက် ဘဝသက်တမ်းမှာ များစွာပိုမိုရှည်ကြာသွားခဲ့ပြီ ဖြစ်သည်။

ဤအရာအားလုံးမှာ ဖုန်းယွီကြောင့် ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်ကို သူမ ကောင်းစွာ သိရှိထားသည်။ သူမ ဘဲလေးနယ်ပယ်တွင် အောင်မြင်မှု ရရှိခဲ့ခြင်းမှာလည်း ဖုန်းယွီ၏ အကူအညီနှင့် ကင်းကွာ၍ မရပါချေ။

မူလကတော့ သူမသည် ဖုန်းယွီအပေါ် ကျေးဇူးသိတတ်စိတ် တစ်ခုတည်းသာ ရှိခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ သူမနှင့် အတူတူ ကခဲ့ကြသော သူငယ်ချင်းများနှင့် နှိုင်းယှဉ်ပါက သူမ၏ဘဝမှာ များစွာပိုမိုသာယာလှပနေသောကြောင့် ဖြစ်သည်။ သူမသည် အရိုက်အနှက် အဆဲအဆို မခံရသလို၊ စွန့်ပစ်ခြင်းကိုလည်း မခံခဲ့ရပါချေ။

ထို့အပြင် ဖုန်းယွီသည် သူမ၏ အိပ်မက်များကို အကောင်အထည်ဖော်ပေးခဲ့သည်။ သူမအား အကောင်းဆုံးသော ဘဲလေး ကကွက်အဖွဲ့အတွင်းသို့ ဝင်ရောက်စေခဲ့သလို၊ အကောင်းဆုံး ဆရာများဖြင့်လည်း သင်ကြားပေးစေခဲ့သည်။ ထို့အပြင် သူမအား သူမ၏ မိခင်ဖြစ်သူထံသို့လည်း ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

ဤကဲ့သို့သော ဘဝမျိုးသည် အရင်က သူမ၏ အိပ်မက်များထဲတွင်သာ ရှိခဲ့ဖူးသည်။ မဟုတ်ပါ... အိပ်မက်ထဲတွင်ပင် ယခုကဲ့သို့သော ဘဝမျိုးကို သူမ မက်ဖူးခဲ့ပါချေ။

မည်သည့်အချိန်မှစ၍မှန်း မသိသော်လည်း ဖုန်းယွီအပေါ် ထားရှိသော သူမ၏ ခံစားချက်မှာ ကျေးဇူးတင်ရှိမှုထက် ပိုမိုနက်ရှိုင်းလာခဲ့သည်။ ညဘက် အိပ်စက်ချိန်တွင်ဖြစ်စေ သို့မဟုတ် တစ်ဦးတည်း ကကွက်လေ့ကျင့်နေချိန်တွင်ဖြစ်စေ သူမသည် ဖုန်းယွီကို အမြဲတစေ သတိရနေမိတတ်သည်။

သူမ ပထမဆုံးအကြိမ် ကိုယ်ကို ဆက်သရန် ကြိုးပမ်းခဲ့သော်လည်း ဖုန်းယွီဘက်မှ ငြင်းဆန်ခဲ့ပုံကို သူမ အမြဲ မြင်ယောင်နေမိသည်။ ထိုအချိန်က ဖုန်းယွီသူမအား ကြည့်ခဲ့သော ကြင်နာသနားမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများကိုလည်း သူမ သတိရနေမိသည်။

သူမက အခြားသူများကို မေးမြန်းကြည့်သည့်အခါ သူမ၏ သူငယ်ချင်းများက ဤသည်မှာ သူမ အချစ်နွံထဲသို့ ကျရောက်သွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

သို့သော်လည်း ဖုန်းယွီအနေဖြင့် သူမအား အိမ်ထောင်ပြုမှုကို ပေးအပ်နိုင်လိမ့်မည် မဟုတ်ကြောင်း သူမ ကောင်းစွာ သိရှိထားသည်။ ဤအချက်ကပင် သူမအား တစ်ခါတစ်ရံတွင် များစွာ ဝေခွဲမရ ဖြစ်စေခဲ့သည်။

နောက်ပိုင်းတွင် သူမ၏ မိခင်နှင့် စကားပြောဖြစ်သည့်အခါ သူမ၏အမေက မေးမြန်းခဲ့ဖူးသည်။ "သမီး... မစ္စတာဖုန်းနဲ့ အတူရှိနေရတဲ့ အချိန်မှာ ပျော်ရဲ့လား၊ စိတ်ချမ်းသာရဲ့လား? သူ့ကို ခဏခဏ သတိရနေတတ်သလား?"

သူမ၏ နှလုံးသားထဲမှ အဖြေမှာ သေချာပေါက် "ဟုတ်ကဲ့" ဆိုသည့် အဖြေပင် ဖြစ်သည်။

သူမသည်လည်း အခြားသော သူငယ်ချင်းများကဲ့သို့ပင် များမကြာမီမှာ ဖုန်းယွီ၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်ဟု ထင်မှတ်ခဲ့ဖူးသည်။ သို့သော်လည်း မထင်မှတ်ဘဲ ဖုန်းယွီက သူမအား "အကယ်၍ မင်းသာ ငါ့နောက်ကို ဆက်ပြီး လိုက်ချင်တယ်ဆိုရင်၊ ငါ မင်းကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး" ဟု ပြောကြားခဲ့ဖူးသည်။

ထိုအခိုက်အတန့်တွင် အယ်လီနာတစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် ငိုပင် ငိုချင်သွားခဲ့သည်။

ဤကဲ့သို့သော ကတိကဝတ်မျိုးသည် သူမအတွက် အလွန်ပင် အရေးကြီးလှသည်။ ဤသည်မှာ အိမ်ထောင်ပြုခြင်းထက်ပင် ပို၍အဓိပ္ပာယ် ရှိလှပေသည်။

ထိုနေ့မှစ၍ အယ်လီနာအတွက် ဘဝတွင် ပျော်ရွှင်စရာ အကြောင်းအရာတစ်ခု ပိုမိုတိုးပွားလာခဲ့သည်။

ထို့ကြောင့် သူမသည် တရုတ်ဘာသာစကားကို စတင် သင်ယူခဲ့သည်။ ဤသည်မှာ များစွာ ခက်ခဲလှစေဦးတော့၊ ဖုန်းယွီပင်လျှင် ရုရှားဘာသာစကားကို တတ်မြောက်အောင် သင်ယူနိုင်ခဲ့လျှင် သူမလည်း တရုတ်ဘာသာစကားကို တတ်မြောက်နိုင်ရမည်ဟု ယူဆထားခဲ့သည်။ အချိန်အတော်ကြာ ကြိုးစားပြီးနောက်တွင် သူမ၏ တရုတ်ဘာသာစကား အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ အသံထွက်မှာ မမှန်သေးစေဦးတော့၊ တရုတ်ဘာသာစကားဖြင့် အခြားသူများနှင့် အခြေခံအားဖြင့် ဆက်သွယ် ပြောဆိုနိုင်နေပြီ ဖြစ်သည်။

သတိပြုရမည့် အချက်မှာ သူမသည် ကမ္ဘာအနှံ့ ဖျော်ဖြေရေး ခရီးစဉ်များအတွက် အင်္ဂလိပ်ဘာသာစကားကိုလည်း တစ်ပြိုင်နက်တည်း သင်ယူနေခဲ့ခြင်းပင်။

သူမသည် ဖုန်းယွီ၏ နေထိုင်မှုဘဝကို မနှောင့်ယှက်မိစေရန် မိမိကိုယ်မိမိ အမြဲတစေ သတိပေးနေတတ်သည်။ ဖုန်းယွီအားလပ်သည့် အချိန်တွင် သူမထံ ဖုန်းတစ်ချက် ဆက်ပေးခြင်း သို့မဟုတ် အီးမေးလ် တစ်စောင် ပေးပို့ခြင်းဖြင့်ပင် သူမအတွက် လုံလောက်လှပေပြီ။

ထို့ကြောင့်ပင် သူမသည် ဖုန်းယွီဆီသို့ တစ်ခါမျှ ဖုန်းမဆက်ခဲ့ဖူးခြင်း ဖြစ်ပြီး၊ ယခုတစ်ကြိမ်မှာ ပထမဆုံးသော ဖုန်းခေါ်ဆိုမှုပင် ဖြစ်တော့သည်။

ဤကဲ့သို့သော မိန်းကလေးမျိုးကို မည်သူကများ မကြင်နာဘဲ နေနိုင်ပါမည်နည်း။

ဤကဲ့သို့သော မိန်းကလေးမျိုးကို ဖုန်းယွီအနေဖြင့် သေချာပေါက် ထာဝရ ပျော်ရွှင်အောင် ထားရှိသွားမည်သာ ဖြစ်သည်။

******

All Chapters