အခန်း (၁၄၃၀-၁၄၃၂)
Vol. 97 Ch. 1430-1432
အခန်း ၁၄၃၀ ချေးငွေယူလိုက်ပါလား
"ဟဲလို... လောင်ကျန့်၊ ဘာကိစ္စရှိလို့ ငါ့ဆီ ဖုန်းဆက်တာလဲ? ရုံးမှာ အလုပ်တွေ အရမ်းပျင်းဖို့ကောင်းနေလို့ ငါနဲ့ စကားပြောချင်တာလား?" ဖုန်းယွီက ဖုန်းကို ကိုင်ကာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။ တစ်ဖက်တွင်လည်း သူ၏ညာဘက်လက်က မောက်စ်ကို လှုပ်ရှားကာ၊ မှန်ပြောင်းဖွင့်၊ ပစ်မှတ်ကို ချိန်ရွယ်ကာ ခေါင်းကို တည့်တည့် ပစ်ခတ်လိုက်လေသည်။
ကျန့်ရွေ့ချန်ကမူ "...မင်းကို ငါ ဖုန်းဆက်တာက ရုံးကိစ္စရှိလို့ကွ"
"ရုံးကိစ္စ အော်... ဟုတ်သားပဲ၊ ငါက အကြံပေးပုဂ္ဂိုလ် တစ်ယောက်ပဲလေ မဟုတ်ဘူးလား။ ကဲ... ပြောပါဦး ခေါင်းဆောင်ကြီး ဘာတွေများ ညွှန်ကြားချင်လို့လဲ?" တိုက်တိုက်ဆိုင်ဆိုင်ပင် ယနေ့ ကစားနေသည့် ဂိမ်းမှာ သိပ်ပြီး အနှစ်သာရ မရှိလှပါချေ။ အွန်လိုင်းပေါ်ရှိ လူများမှာ အလွန်ပင် တော်လွန်းသဖြင့် ဖုန်းယွီတစ်ယောက် ယှဉ်မကစားနိုင် ဖြစ်နေရသည် သို့မဟုတ် အလွန်ပင် ညံ့လွန်းလှသဖြင့် ဖုန်းယွီ၏ လက်ဖျားနှင့်ပင် မထိနိုင်ဘဲ ရှိနေသည်။ အင်အားချင်း တူညီသော ပြိုင်ဘက်မျိုးနှင့် မတွေ့ဆုံရသေးပါချေ။
"မင်းကို ငါ မေးမယ်၊ လွန်ခဲ့တဲ့ ရက်ပိုင်းက ဝန်ကြီးဌာန လက်အောက်ခံ ကော်မတီက Microsoft ကို လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲပြီး ကြီးမားတဲ့ ဒဏ်ငွေတွေ ရိုက်ဖို့ လုပ်နေတာက မင်းရဲ့လက်ချက် မဟုတ်လား"
ထိုအချိန်တွင် ဖုန်းယွီ၏ဇာတ်ကောင်မှာ အသတ်ခံလိုက်ရသဖြင့် သူသည် မောက်စ်ကို လွှတ်လိုက်ကာ ဖုန်းကို ညာဘက်လက်သို့ ပြောင်းကိုင်လိုက်သည်။ ဘယ်ဘက်လက်ဖြင့် လက်ဖက်ရည်ခွက်ကို ယူကာ ယွမ်လီလက်ဖက်ရည်ကို နှစ်ငုံခန့် သောက်လိုက်ပြီးနောက် ကျေနပ်အားရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဘာဖြစ်လို့လဲ၊ ဒါက ကောင်းတဲ့ကိစ္စပဲလေ။ လွန်ခဲ့တဲ့ နှစ်ရက်က ဝီလ်ဆင်ကို ငါ မေးကြည့်တော့ သူက အနိုင်ရတော့မယ်လို့ ပြောတယ်လေ။ ဒဏ်ငွေ ရိုက်တယ်ဆိုတာ ခင်ဗျားတို့အတွက် ငွေရတာပဲ၊ ဒါကို ဘာတွေ မကျေမနပ် ဖြစ်နေတာလဲ?"
"မကျေမနပ် ဖြစ်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒဏ်ငွေ ပမာဏက အရမ်း များနေတာကို ငါ သတိထားမိလို့လေ။ ယွမ် ဘီလီယံ နှစ်ဆယ်ကျော်ဆိုတော့... မင်းက တကယ့်ကို ရဲရဲတင်းတင်း တောင်းခိုင်းလိုက်တာပဲ!"
"ဒါက များတယ်လို့ ခေါ်သလား။ အမေရိကမှာဆိုရင် Microsoftက ဒေါ်လာ ဘီလီယံနဲ့ချီပြီး ပေးခဲ့ရတာ။ ဥရောပမှာလည်း ယူရို သန်း ငါးရာလောက် ပေးခဲ့ရတယ်။ ဂျပန်၊ တောင်ကိုရီးယားတွေမှာလည်း ဒဏ်ငွေနဲ့ နစ်နာကြေးတွေက မနည်းလှဘူး၊ ရုရှားဘက်ကလည်း အမြောက်အမြား တောင်းထားတာပဲ။ ငါတို့ တရုတ်ပြည်ကျမှ ဘာလို့ နည်းနည်းပဲ တောင်းရမှာလဲ"
"လောင်ကျန့်ရယ်... ခင်ဗျားရဲ့ရန်သူကို မိတ်ဆွေလို သဘောထားတတ်တဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို ပြင်သင့်နေပြီ"
ကျန့်ရွေ့ချန်က ဒေါသတကြီးဖြင့် - "ဘယ်သူက ရန်သူကို မိတ်ဆွေလို့ သဘောထားလို့လဲ။ Microsoftက ဥရောပနဲ့ အမေရိကမှာ ရောင်းအားတွေ ဘယ်လောက် ကောင်းလဲ၊ ငါတို့ဆီမှာကျတော့ ရောင်းဈေးကလည်း နိမ့်တဲ့အပြင် ရောင်းအားကလည်း သိပ်မကောင်းလှဘူးလေ။ ဒါကို တစ်ပုံစံတည်း သွားနှိုင်းလို့ ဘယ်ရပါ့မလဲ?"
"ဒါကြောင့်လည်း ဝီလ်ဆင်ကို ငါ သေသေချာချာ မှာထားတာပေါ့၊ မိုက်ခရိုဆော့ဖ် မခံနိုင်လောက်တဲ့အထိ ဒဏ်ငွေတွေ အများကြီး မတောင်းဖို့လေ။ အခု တောင်းထားတာက ဒေါ်လာ သန်း သုံးရာတောင် မပြည့်ပါဘူး၊ ဒါက အများကြီးလား။ ငါတို့ရဲ့ ဈေးကွက်က အမေရိကထက်တောင် အများကြီး ပိုကြီးတာလေ။ လောင်ကျန့် ... ခင်ဗျားက Microsoft ဘက်ကနေ စည်းရုံးပေးဖို့ လာတာတော့ မဟုတ်ပါဘူးနော်?"
"လောင်ကျန့် ... အကယ်၍ ခင်ဗျားက တကယ်ပဲ အဲဒီဘက်က ဆိုရင်တော့ ဝီလ်ဆင်ကို တိုက်ရိုက်သာ ပြောလိုက်ပါ၊ သူက Microsoftကို ဒဏ်ငွေ လျှော့ပေးဖို့ နည်းလမ်းရှာပေးပါလိမ့်မယ်။ ကိစ္စမရှိပါဘူး၊ ငါ နားလည်ပေးနိုင်ပါတယ်"
ကျန့်ရွေ့ချန်တစ်ယောက် အသက်ရှူပင် ကျပ်သွားရသည်။ "မင်းက ဘာတွေကို နားလည်ပေးတာလဲ၊ ဘယ်သူက Microsoft ဘက်က လာတာလဲ။ Microsoft က တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ထားတယ်ဆိုပေမဲ့၊ ရင်းနှီးမြှုပ်နှံမှုတွေက မြေပြင်ပေါ် ရောက်နေပြီပဲ၊ သူတို့က ဘာတတ်နိုင်ဦးမှာလဲ? ငါ့ရဲ့ဆိုလိုရင်းက မင်းက ဒဏ်ငွေကို ဒီလောက် အမြင့်ကြီး သတ်မှတ်ထားပြီးမှ၊ တကယ်တမ်းကျတော့ ယွမ် သန်း နှစ်ရာ သုံးရာလောက်ပဲ ရခဲ့ရင် ကြည့်ရတာ အတော်လေး အရုပ်ဆိုးမှာ စိုးလို့ပါ"
"ဟဲဟဲ... အဲဒါကို စိုးရိမ်နေတာလား။ စိတ်ချပါ၊ ဝီလ်ဆင် ငါ့ကို ပြောပြထားတာကတော့ အစောပိုင်း ရုံးချိန်း နှစ်ကြိမ်မှာတင် ငါတို့က အပြတ်အသတ် အသာစီး ရထားတယ်တဲ့။ အခုက နောက်ထပ် ရုံးချိန်းဖို့ပဲ လိုတော့တာ၊ အဲဒီကျရင် စီရင်ချက် ချတော့မှာပဲ။ အနည်းဆုံး ရမယ့် ဒဏ်ငွေ ပမာဏကတောင် ယွမ် ၁.၅ ဘီလီယံထက် မနည်းစေရဘူး"
"တကယ်ပဲ အဲဒီလောက်အထိ ရနိုင်မှာလား?"
"သေချာပေါက် ရမှာပေါ့၊ ဝီလ်ဆင်ဆိုတာ ကမ္ဘာ့ထိပ်တန်း ရှေ့နေကြီး တစ်ယောက်လေ။ အရင်တုန်းက ဗြိတိန် တော်ဝင်မိသားစုရဲ့ ရှေ့နေအဖြစ် လုပ်ခဲ့တာဆိုတော့ သူ ဘယ်လောက် တော်မလဲဆိုတာ စဉ်းစားသာ ကြည့်တော့" ဖုန်းယွီက ပုံကြီးချဲ့ကာ ပြောဆိုလိုက်သည်။
"၁.၅ ဘီလီယံ... အင်း… အဲဒါဆိုရင်တော့ လုံလောက်လောက်ပါပြီ"
"ဘာက လုံလောက်တာလဲ။ လောင်ကျန့် ... ဒဏ်ငွေက လက်ထဲတောင် မရောက်သေးဘူး၊ ခင်ဗျားက ဘယ်လို သုံးရမလဲဆိုတာကို ကြိုပြီး စဉ်းစားနေတာလား?" ဖုန်းယွီတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ အရာရှိတွေက နောင်ရေးကို ကြိုတွေးပြီး သုံးစွဲတတ်ကြတာကို သူ သိထားစေဦးတော့၊ ဒါပေမဲ့ ဒီသုံးစွဲမှု ပုံစံကတော့ ခေတ်ရှေ့ပြေးလွန်းနေသည် မဟုတ်ပါလား။
"ငါက ရာထူးတက်လာခါစဆိုတော့ ဝန်ကြီးဌာနမှာ အရင်းအနှီး သိပ်မရှိသေးဘူး။ လက်အောက်ခံ ဒေသတွေမှာလည်း လုပ်ဆောင်ရမယ့် စီမံကိန်းတွေ အများကြီး ရှိနေတော့ ငွေလိုတာပေါ့။ ငါလည်း အထက်လူကြီးတွေကို အစီရင်ခံစာ တင်ထားတယ်၊ Microsoft ဆီက ရမယ့် ဒဏ်ငွေတွေကို ဝန်ကြီးဌာနကပဲ ခွဲဝေသုံးစွဲခွင့် ပေးဖို့ပေါ့။ ၁.၅ ဘီလီယံဆိုတာ များသလို ထင်ရပေမဲ့၊ အောက်ကို ခွဲဝေပေးလိုက်ရင်တော့ သိပ်ပြီး ကျန်မှာ မဟုတ်ပါဘူး"
ကျန့်ရွေ့ချန်လည်း အခက်တွေ့နေရခြင်း ဖြစ်သည်။ သူ၏ ရာထူးနေရာကို လူအများက မနာလို ဖြစ်နေကြသလို၊ အထက်လူကြီးတွေကလည်း သူ့ကို အရည်အချင်းရှိသူအဖြစ် ယုံကြည်ထားကြသည်။ သို့သော်လည်း "ငွေမရှိဘဲ အလုပ်ဖြစ်ရန် ခဲယဉ်းလှသည်" မဟုတ်ပါလား။ အရည်အချင်း မည်မျှပင် ရှိစေဦးတော့၊ ငွေမရှိလျှင် ဘာမှ လုပ်၍ မရပါချေ။
ဒေသအသီးသီးမှ တင်ပြလာသော အစီရင်ခံစာ အတော်များများကို သူ ဖတ်ကြည့်သည့်အခါ အလွန်ပင် ကောင်းမွန်လှသလို၊ အကောင်အထည်ဖော်နိုင်မည့် အခွင့်အလမ်းလည်း များစွာရှိနေသည်ကို တွေ့ရသည်။ သို့သော် တစ်ခုတည်းသော ပြဿနာမှာ ငွေမရှိခြင်းပင် ဖြစ်သည်။
အောက်ခြေက လူတွေက ဝန်ကြီးဌာနက ငွေထုတ်ပေးဖို့ မျှော်လင့်နေကြသော်လည်း ဝန်ကြီးဌာနမှာလည်း ထိုမျှလောက်သော ငွေကြေး မရှိပါချေ။ ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတော်ကောင်စီထံမှ ငွေတောင်းခံရဦးမည် မဟုတ်ပါလား။ နိုင်ငံတော်ကလည်း ယခုနှစ်တွင် လုပ်ဆောင်ရမည့် အစီအစဉ်ကြီးများ ရှိနေသဖြင့် အရင်းအနှီးများစွာ လိုအပ်နေခဲ့သည်။ ထို့အပြင် ဝန်ကြီးဌာန လက်အောက်ရှိ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများသည်လည်း အမှန်တကယ်ပင် အမြတ်ထွက်နေကြဆဲ ဖြစ်သည်။
သို့သော်လည်း ဖုန်းယွီက သူ့ကို ပြောပြထားဖူးသည်မှာ ဤနှစ်နှစ် သုံးနှစ်အတွင်းတွင် ရွှေကို ဝယ်ထားသည်ဖြစ်စေ၊ သို့မဟုတ် နယူးယောက်ရှိ ကုမ္ပဏီကြီးများ၏ ရှယ်ယာများကို ဝယ်ထားသည်ဖြစ်စေ သေချာပေါက် ငွေရမည်ဟု ဖြစ်သည်။
ကျန့်ရွေ့ချန်သည် ထိုရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများမှ ငွေများကို ပြန်လည် ထုတ်ယူလိုစိတ် မရှိပါချေ။ ထို့ကြောင့်လည်း ဤဒဏ်ငွေကို အသုံးချကာ အချို့သော ကိစ္စရပ်များကို လုပ်ဆောင်လိုခြင်း ဖြစ်သည်။ သူ ရာထူးတက်လာခါစတွင် မိမိ၏ အရည်အချင်းကို သက်သေပြနိုင်မည့် အောင်မြင်မှုများကို အလျင်အမြန် လိုအပ်နေခဲ့သည်။
"တကယ်တော့ ခင်ဗျား စဉ်းစားကြည့်ဖူးလား။ ဒီငွေတွေက ခွဲဝေပေးဖို့ မလုံလောက်ဘူးဆိုရင်၊ လူတိုင်းကို ပေးနေမယ့်အစား အချို့သောသူတွေကိုပဲ ပေးလိုက်ပေါ့။ ကျန်တဲ့သူတွေကိုတော့ မပေးနဲ့ဦး။ ဒါဆိုရင် အရင်းအနှီးတွေကို စုစည်းနိုင်မှာဖြစ်လို့ စီမံကိန်းအချို့ကိုတော့ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မှာပေါ့" ဖုန်းယွီက အကြံပြုလိုက်သည်။
"ငါလည်း အဲဒီလိုပဲ စီစဉ်ထားပါတယ်။ ဒီငွေတွေကို သုံးခုကနေ ငါးခုလောက် ရှိမယ့် စီမံကိန်းတွေမှာပဲ သုံးမယ်။ မဟုတ်လို့ စီမံကိန်းတိုင်းကိုသာ ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် ဘယ်သူမှ လုံလုံလောက်လောက် သုံးရမှာ မဟုတ်ဘဲ၊ နောက်ဆုံးကျရင် ဒီငွေတွေက ဘယ်လို ကုန်သွားမှန်း မသိဘဲ ဘာမှလည်း အောင်မြင်မှာ မဟုတ်ဘူး"
ကျန့်ရွေ့ချန်က စိတ်ထဲမှ ကျိတ်၍ ပြောနေမိသည်။ ဒါတွေကို မင်းက ငါ့ကို သင်ပေးနေစရာ လိုလို့လား။ အောက်ခြေကလူတွေ ဘယ်လို လုပ်ဆောင်တတ်သလဲဆိုတာကို မင်းထက် ငါက ပိုသိတာပေါ့။
"ခင်ဗျားက စီမံကိန်း အတော်များများကို လုပ်မယ်ဆိုရင်တော့ ဒီငွေကလည်း လုံလောက်မှာ မဟုတ်ဘူးလေ။ ဘာလဲ... ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဘက်က အမြတ်တွေ မကောင်းလို့လား" ဖုန်းယွီက အံ့အားသင့်စွာ မေးမြန်းလိုက်သည်။ ရွှေအနာဂတ်ဈေးကွက်မှာသာ အစဉ်တစိုက် ရင်းနှီးမြှုပ်နှံထားမည်ဆိုပါက အမြတ်အစွန်းများစွာ ရရှိနေရမည် မဟုတ်ပါလား။ ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံထားသည်ဆိုလျှင်ပင်၊ ယခုအခါ စတော့ဈေးကွက် ပြန်လည် နာလန်ထူလာသည်နှင့်အမျှ ငွေရနေရမည် ဖြစ်သည်။
စတော့ဈေးကွက် မြင့်တက်မှုမှာ မများလှစေဦးတော့၊ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ၏ အရင်းအနှီးမှာ အလွန် ကြီးမားလှသဖြင့် အမြတ်အစွန်းမှာလည်း သေချာပေါက် များပြားနေရမည် မဟုတ်ပါလား။
ကျန့်ရွေ့ချန်က ဖုန်းယွီအား ရှင်းပြလိုက်သည်။ လောလောဆယ်တွင် ထိုဘက်မှ အရင်းအနှီးများကို မထုတ်ယူလိုသေးကြောင်း၊ ထိုငွေများကို ဆက်လက် တိုးပွားအောင် လုပ်ဆောင်ခြင်းဖြင့် နောင်တွင် ဝန်ကြီးဌာန၌ ပိုမို များပြားသော အရင်းအနှီးများ ရှိလာစေရန်နှင့် စီမံကိန်းများ ပိုမိုတည်ဆောက်နိုင်ရန် ရည်ရွယ်ထားကြောင်း ဆိုလိုက်သည်။
အဓိကပြဿနာမှာ အောက်ခြေရှိ ဌာနအတော်များများမှာ အစီအစဉ် တိတိကျကျ မရှိသေးမီမှာပင် ရန်ပုံငွေကို အရင်လိုချင်နေကြခြင်း ဖြစ်သည်။ ရန်ပုံငွေ ရရှိသွားသော်လည်း နောက်တစ်နှစ်တွင် စီမံကိန်းကို စတင်နိုင်ခြင်း ရှိမရှိမှာ မသေချာလှပါချေ။ ထို့ကြောင့် ကျန့်ရွေ့ချန်အနေဖြင့် ရန်ပုံငွေကို ချက်ချင်း မချပေးဘဲ၊ အောက်ခြေက လူများကိုယ်တိုင် အရင်စတင် လုပ်ဆောင်စေလိုကာ၊ စီမံကိန်း ထက်ဝက်ခန့် ရောက်ရှိပြီး ငွေလိုသည့် အချိန်ကျမှသာ ဝန်ကြီးဌာနဘက်မှ ဖြည့်ဆည်းပေးလိုခြင်း ဖြစ်သည်။
"ဒါလေးများ၊ ချေးငွေ ယူလိုက်ပါလား"
ကျန့်ရွေ့ချန်တစ်ယောက် မှင်တက်သွားရသည်။ "မင်း ဘာပြောလိုက်တယ်၊ ချေးငွေ… မင်းက ဝန်ကြီးဌာနကို ချေးငွေ ယူခိုင်းနေတာလား"
"ဒါက ဘာဆန်းလို့လဲ၊ ခင်ဗျား အရင်တုန်းက အစိုးရအဖွဲ့မှာ ရှိစဉ်တုန်းက အစိုးရ ချေးငွေ ယူတာမျိုး တစ်ခါမှ မမြင်ဖူးဘူးလား" ဖုန်းယွီက စိတ်ထဲမှ ကျိတ်၍ ဆိုလိုက်သည်။ နောင်နှစ်အနည်းငယ် ကြာရင် ခင်ဗျားအနေနဲ့ အစိုးရအဖွဲ့တွေ ဒေဝါလီခံတာကိုတောင် မြင်တွေ့ရဦးမှာပါ။
"မြို့နယ် အစိုးရနဲ့ ဝန်ကြီးဌာနနဲ့က တူလို့လားကွ… တစ်ခုက ဒေသန္တရ အဆင့်၊ နောက်တစ်ခုက နိုင်ငံတော် အဆင့်လေ" ကျန့်ရွေ့ချန်တစ်ယောက် ဆွံ့အသွားရသည်။ ဖုန်းယွီဆီမှ ဤကဲ့သို့သော ထူးဆန်းသည့် အကြံဉာဏ်များ မည်သို့ ထွက်ပေါ်လာသနည်း။
"ဝန်ကြီးဌာနက တိုက်ရိုက်ချေးငွေ ယူလို့ မရရင်တောင်မှ ခင်ဗျားတို့ လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေက ချေးငွေ ယူလို့ မရဘူးလား။ သူတို့က အရင်ဆုံး ချေးငွေ ယူလိုက်မယ်၊ ဒါဆိုရင် ခင်ဗျားအတွက် သုံးစွဲဖို့ အရင်းအနှီးတွေ ပိုပြီး ရှိလာမှာပေါ့။ ပြီးတော့ သူတို့ဘက်က စတော့ဈေးကွက် ဒါမှမဟုတ် အနာဂတ်ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေအတွက်လည်း စိုးရိမ်စရာ မလိုတော့ဘူးလေ။ ပုံမှန်အတိုင်းပဲ စီမံခန့်ခွဲသွားပြီး၊ လတိုင်း အမြတ်ထွက်နေတာကို ကြည့်နေရုံပဲပေါ့"
ဖုန်းယွီက သက်ပြင်းတစ်ချက် ချလိုက်သည်။ တကယ့်ကို ခေါင်းမာလွန်းသူကြီးပါလား။
အရပ်ဘက်မှာ ကြည့်ပါဦး၊ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ဘဏ္ဍာရေး အရင်းအနှီး ရှာဖွေသူတွေ ဘယ်လောက်တောင် များသလဲ။ အချို့ဆိုရင် ရုတ်တရက် သူဌေးကြီး ဖြစ်သွားကြသလို၊ အချို့ဆိုရင်လည်း အထိနာသွားကြတာပေါ့။ အရပ်သားတွေတောင်မှ ဘဏ်ကငွေကို အသုံးချပြီး မိမိအတွက် အမြတ်ရှာရမယ်ဆိုတာ သိကြသေးတာပဲ၊ ခင်ဗျားတို့ကျမှ ဘာလို့ မရနိုင်ရမှာလဲ။
ကျန့်ရွေ့ချန်၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ ဟုတ်သားပဲ၊ လက်အောက်ခံ ကုမ္ပဏီတွေက ချေးငွေ ယူလို့ ရတာပဲ။ လုပ်ငန်းဆိုင်ရာ ချေးငွေဆိုရင်တော့ ဘာမှပြဿနာ မရှိနိုင်ပါချေ။ သူတို့က အထက်အဖွဲ့အစည်းအနေနဲ့ အရင်းအနှီးတွေကို ထုတ်ယူသုံးစွဲခြင်းကလည်း လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်နေတာပဲလေ။
ဒီလောက် လွယ်ကူတဲ့ နည်းလမ်းကို သူ ဘာကြောင့် အရင်က မတွေးမိခဲ့ပါလိမ့်။
အကယ်၍သာ ဖုန်းယွီက တွန်းအားမပေးခဲ့ဘူးဆိုလျှင် လက်အောက်ငယ်သား တစ်ယောက်ယောက်က ဤနည်းလမ်းကို လာပြောပြလျှင်ပင် သူ သဘောတူပါ့မလား။ သဘောတူလောက်ပါ့မလား။
******
အခန်း ၁၄၃၁ လောင်ကျန့် အရှိန်အဝါပြခြင်း
ဖုန်းလိုင်း ချလိုက်သည်နှင့် တပြိုင်နက် ကျန့်ရွေ့ချန်သည် သူ၏ လက်အောက်ခံ လုပ်ငန်းအသီးသီးမှ ဥက္ကဋ္ဌများကို ချက်ချင်းပင် ဆင့်ခေါ်လိုက်သည်။ နှစ်သစ်ကူးကာလ ကုန်ဆုံးပြီးနောက်တွင် ဝန်ကြီးဌာနအနေဖြင့် ဒေသန္တရ စီမံကိန်းအချို့ကို ပံ့ပိုးကူညီရန် ရှိနေသဖြင့် အရင်းအနှီးများ လိုအပ်နေကြောင်း သူက အသိပေးလိုက်သည်။
ထိုဥက္ကဋ္ဌများသည်လည်း အသစ်တက်လာသော ခေါင်းဆောင်ကြီးထံတွင် မျက်နှာရစေရန်အတွက် မိမိတို့ စီမံခန့်ခွဲနေသော လုပ်ငန်းများမှာ မည်မျှအထိ အမြတ်ထွက်နေကြောင်းနှင့် အမြတ်ငွေ မည်မျှအထိ ဝန်ကြီးဌာနသို့ ပေးသွင်းနိုင်ကြောင်း အပြိုင်အဆိုင် သစ္စာခံ ပြောဆိုကြတော့သည်။ သို့သော်လည်း ကျန့်ရွေ့ချန်ကမူ ထိုအမြတ်ငွေများကို ပေးသွင်းရန် မလိုဘဲ၊ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် လုပ်ဆောင်ရန်အတွက်သာ ချန်ထားခိုင်းခဲ့သည်။
သို့သော်လည်း ဝန်ကြီးဌာနက အသုံးပြုရန်အတွက် ကုမ္ပဏီတစ်ခုလျှင် ယွမ် သန်းနှစ်ရာစီ ဘဏ်ချေးငွေ ယူကာ ပေးသွင်းရန် သူက အမိန့်ပေးလိုက်သည်။
ထိုလုပ်ငန်း ခေါင်းဆောင်များမှာ ကြောင်တောင်တောင် ဖြစ်သွားကြရသည်။ ဤသည်မှာ မည်သို့သော အဓိပ္ပာယ်နည်း။ အမြတ်ငွေကိုတော့ မယူဘဲ ဆက်လက် ရင်းနှီးမြှုပ်နှံခိုင်းပြီးမှ ချေးငွေယူကာ ပေးသွင်းခိုင်းသည်ဆိုတာက ဘယ်လို လုပ်ရပ်ပါလိမ့်။
"ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ခင်ဗျားတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ကုမ္ပဏီအတွက် ငွေတွေ အများကြီး ရှာပေးနိုင်ခဲ့တာကိုတော့ ငါ သိပါတယ်။ ဒါပေမဲ့ အဲဒီအတွက်နဲ့တင် ရောင့်ရဲမနေကြပါနဲ့၊ အထူးသဖြင့် စည်းမျဉ်းတွေကို ချိုးဖောက်ပြီး နှစ်ကုန် အပိုဆုကြေးငွေတွေကို အထိန်းအကွပ်မရှိ ပေးတာမျိုးကိုတော့ လုံးဝခွင့်မပြုနိုင်ဘူး။ နိုင်ငံတော်က ဖွံ့ဖြိုးဆဲ အခြေအနေမှာပဲ ရှိနေသေးတာမို့၊ ငွေသုံးရမယ့် နေရာတွေက အများကြီး ရှိနေသေးတယ်။ နေရာတိုင်းမှာ ချွေတာဖို့ လိုအပ်တယ်"
"ကျန့်ဝန်ကြီး... လုပ်ဖော်ကိုင်ဖက်တွေလည်း တစ်နှစ်ပတ်လုံး ပင်ပန်းခဲ့ကြတာပဲလေ၊ ကုမ္ပဏီကလည်း ငွေတွေ အများကြီး မြတ်နေတာဆိုတော့ အပိုဆုကြေးငွေ နည်းနည်း ပိုပေးတာက ဘာမှ မဖြစ်လောက်ပါဘူး မဟုတ်လား?" တစ်စုံတစ်ဦးက ပြန်လည် ချေပလိုက်သည်။
ကျန့်ရွေ့ချန်သည် စကားပြောသူအား စိုက်ကြည့်လိုက်ရင်း - "နည်းနည်း ဟုတ်လား… ဒါကို မင်းက နည်းနည်းလို့ ခေါ်တာလား။ နှစ်ကုန်မှာ ၁၈ လစာ ထပ်တိုးပေးမယ်ဆိုတာက ဘာကို ဆိုလိုတာလဲ။ အများပိုင် ပစ္စည်းတွေကို ခင်ဗျားတို့ရဲ့ အိတ်ကပ်ထဲကို ပြောင်ပြောင်တင်းတင်း ထည့်ယူနေကြတာ မဟုတ်လား"
အကယ်၍ နှစ်ကုန်တွင် တစ်လစာမှ သုံးလစာအထိ အပိုဆုကြေး ပေးမည်ဆိုပါက ကျန့်ရွေ့ချန်အနေဖြင့် သေချာပေါက် သဘောတူမည် ဖြစ်သည်။ တစ်နှစ်ပတ်လုံး ပင်ပန်းခဲ့သမျှ ငွေပိုလေးရမှသာ အားလုံး နှစ်သစ်ကူးမှာ ပျော်ရွှင်နိုင်ကြမည် မဟုတ်ပါလော။ သို့သော် ၁၈ လစာအထိ ပေးမည်ဆိုခြင်းမှာမူ ကြီးမားသော ပြဿနာပင် ဖြစ်သည်။
အထူးသဖြင့် ထို ၁၈ လစာ ရရှိမည့်သူများမှာ ခေါင်းဆောင်ပိုင်းများသာ ဖြစ်နေခြင်းပင်။ ခေါင်းဆောင်များသည် သာမန်ဝန်ထမ်းများထက် လစာပိုရသလို၊ အပိုဆုကြေးမှာလည်း အဆပေါင်းများစွာ ပိုနေသည်မှာ မည်သို့မျှ မဖြစ်သင့်ပါချေ။
ရုံးခန်းထဲမှာ နေ့တိုင်း လက်ဖက်ရည် သောက်နေတဲ့သူတွေက၊ စတော့ဈေးကွက်ကို နေ့တိုင်း မျက်တောင်မခတ် စောင့်ကြည့်နေရတဲ့သူတွေထက် ပိုပြီး ပင်ပန်းလို့လား။
အကယ်၍ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များကို သူတို့ကိုယ်တိုင် ချမှတ်ခဲ့ခြင်း ဖြစ်မည်ဆိုပါက ငွေပိုရခြင်းမှာ ကျိုးကြောင်းဆီလျော်ပေသည်။ သို့သော် လက်ရှိ ရင်းနှီးမြှုပ်နှံမှုများမှာ ယခင် ခေါင်းဆောင်ပိုင်းက ဖုန်းယွီ၏ အကြံဉာဏ်ကိုယူကာ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။
ထိုခေါင်းဆောင် အတော်များများမှာ ဘဏ္ဍာရေးအကြောင်းကိုပင် ကောင်းစွာ နားမလည်ကြပါချေ၊ ထိုမျှလောက် များပြားသော ငွေများကို မည်သည့်အတွက်ကြောင့် ရယူချင်နေကြပါသနည်း။
ကျန့်ရွေ့ချန်သည် ယနေ့ ၎င်းတို့ကို ဆင့်ခေါ်လိုက်ခြင်းမှာ၊ တစ်ဖက်တွင် ယခုနှစ် အမြတ်အစွန်းများကို မည်သို့ ကိုင်တွယ်ရမည်နှင့် ဝန်ကြီးဌာနသို့ မည်မျှ ပေးသွင်းရမည်ကို အသိပေးရန်ဖြစ်သလို၊ အခြားတစ်ဖက်တွင်မူ ထိုသူများအနေဖြင့် အတင့်ရဲမနေကြရန် သတိပေး နှိမ်နင်းလိုခြင်းလည်း ဖြစ်သည်။
"ကျန့်ဝန်ကြီး... ဒီလိုတော့လည်း မပြောသင့်ပါဘူး။ ငါတို့ရဲ့ ဒီနှစ် အမြတ်အစွန်းက မနှစ်ကထက် အများကြီး ပိုများတာလေ။ ပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေလည်း တကယ် ပင်ပန်းခဲ့ကြတာပါ။ ငါတို့ ပေးတဲ့ အပိုဆုကြေးက များသလို ထင်ရပေမဲ့ တခြား ကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။ Lenovo Group ကိုပဲ ကြည့်ဦးမလား၊ အဲဒီမှာဆိုရင် သန့်ရှင်းရေး ဝန်ထမ်းတောင် ခြောက်လစာ အပိုရတာလေ။ သူတို့ရဲ့ အဆင့်မြင့် အရာရှိတွေဆိုရင် စတော့ရှယ်ယာတွေပါ ဆုအဖြစ် ရကြတာဆိုတော့၊ တစ်နှစ်စာ လစာထက် အဆပေါင်းများစွာ ပိုများနေတာပေါ့"
"ဟုတ်ပါတယ် ကျန့်ဝန်ကြီး... ခင်ဗျားက အခြေအနေကို နားမလည်သေးလို့ပါ။ ငါတို့ ကုမ္ပဏီတွေက အစိုးရ ဌာနတွေနဲ့ မတူဘူးလေ၊ ခံစားခွင့်တွေကလည်း အဲဒီလောက် မကောင်းပါဘူး။ ငါတို့ ဝန်ထမ်းတွေဆိုရင် လူမှုဖူလုံရေးကြေးတွေရော၊ အခွန်တွေပါ ပေးနေရတာပါ"
"ဝန်ကြီး... ငါတို့ များများပေးတာကလည်း များများ မြတ်လို့လေ။ အကယ်၍ လုပ်ဖော်ကိုင်ဖက်တွေ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း လုပ်ပြီးမှ အပိုဆုကြေးက နည်းနည်းလေးပဲ ရမယ်ဆိုရင် ဘယ်သူက အလုပ်လုပ်ချင်တော့မှာလဲ?"
ကုမ္ပဏီ ဥက္ကဋ္ဌ အသီးသီးက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး၊ သူတို့၏ ဆိုလိုရင်းမှာ ကျန့်ရွေ့ချန်သည် စီးပွားရေး လုပ်ငန်းများအကြောင်းကို နားမလည်ပါဟု ဆိုခြင်းပင်။
ကျန့်ရွေ့ချန်သည် တစ်ခွန်းမျှ ပြန်မပြောဘဲ ထိုသူများကို အေးစက်စွာသာ စိုက်ကြည့်နေခဲ့သည်။ အစပိုင်းတွင် ၎င်းတို့က တတွတ်တွတ် ပြောဆိုနေကြသော်လည်း၊ တဖြည်းဖြည်းနှင့် ကျန့်ရွေ့ချန်၏ အကြည့်အောက်တွင် ငြိမ်ကျသွားကြတော့သည်။
ကျန့်ရွေ့ချန်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သည်မဟုတ်ပါလော။ အကယ်၍ သူတို့အနေဖြင့် ကျန့်ရွေ့ချန်ကို အထင်မကြီးဘဲ ဆက်လက် ပြုမူနေမည်ဆိုပါက၊ သူတို့ထဲမှ တစ်ဦးဦးမှာ အခြားသူများအတွက် သင်ခန်းစာအဖြစ် အရေးယူခံရမည်မှာ အသေအချာပင်။
ကျန့်ရွေ့ချန်သည် လူတိုင်းကို တစ်ပြိုင်တည်း အရေးမယူနိုင်သေးစေဦးတော့၊ တစ်ဦးချင်းစီကို အပြတ်အသတ် နှိမ်နင်းရန်မှာမူ ခဲယဉ်းလှသည် မဟုတ်ပါချေ။
"ပြောကြဦးလေ... ဘာလို့ အကုန်လုံး တိတ်သွားတာလဲ။ ခင်ဗျားတို့ရဲ့ ကုသိုလ်ကံတွေကပဲ ကောင်းကင်ပြိုမတတ် ကြီးမားနေတယ်လို့ ထင်နေကြတာလား။ ခင်ဗျားတို့ပဲ ကုမ္ပဏီမှာ လုပ်ဖူးတယ်လို့ ထင်နေတာလား? ဒါဆိုရင် ငါ အရင်တုန်းက Beidacang Group မှာ ဥက္ကဋ္ဌရော၊ အထွေထွေ မန်နေဂျာပါ လုပ်ခဲ့ဖူးတယ်ဆိုတာကိုကော ခင်ဗျားတို့ သိကြရဲ့လား"
"ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် အောင်မြင်မှုတွေ ကြီးမားလှတယ်လို့ ပြောနေကြတာဆိုတော့၊ ငါ မေးမယ်... ပြီးခဲ့တဲ့နှစ်က ခင်ဗျားတို့ ဘာတွေ ရင်းနှီးမြှုပ်နှံခဲ့ကြသလဲ။ ရွှေလား၊ အမေရိကန် ရှယ်ယာတွေလား၊ ဟောင်ကောင် ရှယ်ယာတွေလား၊ ဒါမှမဟုတ် တခြား ဘာတွေရှိသေးလဲ?"
"ဒီရင်းနှီးမြှုပ်နှံမှုတွေကို ခင်ဗျားတို့ ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာလား။ အဲဒါတွေက ဖုန်းယွီက ခေါင်းဆောင်ပိုင်းကို အကြံပေးခဲ့လို့၊ခေါင်းဆောင်ပိုင်းကနေတစ်ဆင့် ခင်ဗျားတို့ကို ပြန်ပြောခဲ့တာလေ။ အဲဒီမတိုင်ခင်တုန်းကကော.. အရင်တုန်းက ခင်ဗျားတို့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ငွေဘယ်လောက် မြတ်ခဲ့လို့လဲ"
"ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ကုမ္ပဏီက ငွေတွေ ပိုမြတ်လာတာကို ကြည့်ပြီး၊ ခင်ဗျားတို့ရဲ့ မျက်နှာတွေကိုယ်တိုင် ရွှေချဖို့ ကြိုးစားနေကြတာ တကယ်ကို ရှက်ဖို့ကောင်းပါတယ်။ ငါ လုံကျန်းမှာ ရှိတုန်းက ငါတို့ ပြည်နယ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ရှာပေးတဲ့ငွေက ခင်ဗျားတို့ထက်တောင် အများကြီး ပိုများသေးတယ်"
"Lenovo Groupနဲ့ နှိုင်းယှဉ်ရအောင် သူတို့က ဘယ်လို အမျိုးအစား ကုမ္ပဏီလဲ၊ ခင်ဗျားတို့ စီမံနေတာကကော ဘယ်လို ကုမ္ပဏီလဲ။ ခင်ဗျားတို့လို ခေါင်းဆောင်ပိုင်း အရာရှိတွေ... အိမ်တွေ ရကြပြီလား? ကားတွေ ပေးထားသလား? တစ်လကို အသုံးစရိတ် ပြန်တင်လို့ရတဲ့ ပမာဏကော ဘယ်လောက်လဲ? ဒါတွေကိုကျတော့ Lenovo Groupနဲ့ ဘာလို့ မနှိုင်းယှဉ်ကြတာလဲ?"
"တခြားသူတွေက Lenovoကနေ အလုပ်ထွက်ရင် အခြား ကုမ္ပဏီတွေက လုပြီး ခေါ်ချင်နေကြတာ။ ခင်ဗျားတို့ကော အလုပ်ထွက်ကြည့်ပါလား၊ ဘယ်နှစ်ယောက်ကများ ခင်ဗျားတို့ကို အခု ခံစားခွင့်မျိုးတွေ ပေးမှာလဲ? ခင်ဗျားတို့ ကိုယ်တိုင်က လစာတွေ အများကြီး ရနေပြီးသားကို၊ အခုလို အပိုဆုကြေးတွေပါ အများကြီး ထပ်ယူချင်နေကြတာပဲ။ အောက်ခြေက လုပ်ဖော်ကိုင်ဖက်တွေကျတော့ ဘယ်လိုလုပ်မလဲ။ သူတို့ရဲ့ အပိုဆုကြေးက ဘာလို့ သုံးလစာပဲ ရှိနေရတာလဲ?"
"ငါ အခု ရှင်းရှင်းလင်းလင်း ပြောမယ်။ နှစ်ကုန် အပိုဆုကြေးဆိုတာ ခေါင်းဆောင်ပိုင်း အရာရှိတွေအတွက် သုံးလစာထက် လုံးဝမကျော်ရဘူး။ အောက်ခြေ ဝန်ထမ်းတွေအတွက်တော့ အခြေအနေအရ ခြောက်လစာအထိ ခွင့်ပြုပေးမယ်။ အခု ယူလာတဲ့ အပိုဆုကြေး ခွဲဝေမှု အစီအစဉ်တွေကို အကုန်ပြန်ယူသွားပြီး အသစ် ပြန်လုပ်ခဲ့ကြ။ အကယ်၍ ဘယ်သူမဆို အခု စီစဉ်ထားတဲ့အတိုင်းသာ ဆက်ပြီး ပေးဝေခဲ့မယ်ဆိုရင်တော့၊ ခင်ဗျားတို့ အားလုံး ရာထူးကနေ ဆင်းပေးရမယ်လို့သာ မှတ်လိုက်ကြ!"
ကျန့်ရွေ့ချန်၏ ဤစကားများကြောင့် ၎င်းတို့အားလုံးမှာ မကျေမနပ် ဖြစ်သွားကြရသည်။ သူတို့အနေဖြင့် အကောင်းဆုံး လုပ်ဆောင်ခဲ့သည်ဟု ယူဆထားသော်လည်း၊ ကျန့်ရွေ့ချန်၏ အပြောအရဆိုလျှင် ဘာမှ မလုပ်ဆောင်ခဲ့ရသလို ဖြစ်နေသည် မဟုတ်ပါလော။
"ကျန့်ဝန်ကြီး... ကျွန်တော်တို့မှာ ကုသိုလ်မရှိရင်တောင်မှ၊ ပင်ပန်းဆင်းရဲခဲ့တဲ့ အကျိုးကျေးဇူးတော့ ရှိပါတယ်"
"ပင်ပန်းတယ် ဟုတ်လား။ ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ် ပင်ပန်းတယ်လို့ ထင်ရင် ငါ ခင်ဗျားတို့ကို နုတ်ထွက်ခွက် ပေးမယ်။ ရာထူးရှိရင် တာဝန်ကျေရမယ်။ အောင်မြင်မှု မရှိရင် ဒါဟာ တာဝန်ပျက်ကွက်မှုပဲ!"
ကျန့်ရွေ့ချန်၏လေသံမှာ ပိုမို ပြင်းထန်လာသဖြင့် ထိုသူများမှာ ထပ်မံ၍ တစ်ခွန်းမျှ မဟဝံ့ကြတော့ပါချေ။ သူတို့သည် ကျန့်ရွေ့ချန်တစ်ယောက် အဘယ်ကြောင့် ရုတ်တရက် သူတို့ကို စတင် ကိုင်တွယ်ရသနည်းဆိုသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။
"ခင်ဗျားတို့ မရှိရင် ဒီကုမ္ပဏီတွေကို စီမံမယ့်သူ မရှိတော့ဘူးလို့ ထင်နေကြတာလား။ ငါ ခင်ဗျားတို့ကို ပြောပြမယ်၊ ဖုန်းယွီကို ငါတို့ ဝန်ကြီးဌာနရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ငါကိုယ်တိုင် ဖိတ်ခေါ်ထားပြီးပြီ။ သူက ပါးစပ်လေး လှုပ်ရုံနဲ့တင်၊ လက်အောက်က လူတွေက အရာရာကို ခင်ဗျားတို့ထက် ပိုပြီးကောင်းအောင် လုပ်နိုင်သလို၊ ငွေလည်း ပိုရှာပေးနိုင်တယ်ဆိုတာကိုကော ခင်ဗျားတို့ ယုံသလား?"
ထိုသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရင်း၊ သူတို့၏ မျက်ဝန်းများတွင် အံ့အားသင့်မှုနှင့် ဝေခွဲမရမှုများ ပြည့်နှက်နေခဲ့သည်။ ဖုန်းယွီက အကြံပေး ဖြစ်လာခဲ့ပြီ ဟုတ်လား။
သူတို့အားလုံး သိရှိထားသည်မှာ အရင်တုန်းက အထက်လူကြီးများက သူတို့၏ ကုမ္ပဏီများကို ပေါင်းစည်းကာ ဖုန်းယွီအား စီမံခန့်ခွဲခိုင်းလိုခဲ့သလို၊ ပုဂ္ဂလိက ကုမ္ပဏီများကဲ့သို့ပင် ဖုန်းယွီအား စတော့ရှယ်ယာများ ဆုအဖြစ် ပေးရန်အထိ စဉ်းစားခဲ့ကြသော်လည်း ဖုန်းယွီက ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကျန့်ဝန်ကြီးသည် ဖုန်းယွီအား အကြံပေးအဖြစ် ဖိတ်ခေါ်နိုင်ခဲ့သည်မှာ အမှန်တကယ်ပင် စွမ်းဆောင်ရည် ကြီးမားလှပေသည်။ အကယ်၍သာ သူတို့အနေဖြင့် ဤမျှလောက် အားလပ်နေသော အလုပ်မျိုးကို ဆက်လက် လုပ်ဆောင်နေဦးမည်ဆိုပါက ရာထူးမှ ဖယ်ရှားခံရရန်မှာ အလှမ်းမဝေးတော့ပါချေ။
"ပြန်သွားပြီး အလုပ်တွေကို ဘယ်လို လုပ်ရမလဲဆိုတာ သေသေချာချာ ပြန်စဉ်းစားကြစမ်း! နောက်ပြီး... နှစ်မကူးခင်မှာ ချေးငွေကိစ္စကို အပြီးလုပ်ပါ။ ကုမ္ပဏီ တစ်ခုကို ယွမ် သန်းနှစ်ရာစီနော်၊ အကုန် ထွက်သွားကြတော့"
******
အခန်း ၁၄၃၂ Microsoft အရေးနိမ့်ခြင်း
လောင်ကျန့် တစ်ယောက် ဒေါသတကြီး ဖြစ်နေချိန်တွင်၊ ဖုန်းယွီမှာမူ ဝီလ်ဆင်ထံသို့ ဖုန်းဆက်ကာ Microsoft အား တရားစွဲဆိုထားသည့် အမှုမှာ မည်သည့်အချိန်တွင် အပြီးသတ်နိုင်မည်နည်းဟု မေးမြန်းနေခဲ့သည်။
ဤအချိန်တွင် Microsoft အား ထိုးနှက်ချက်အချို့ ပေးနိုင်ခြင်းက Lenovo-Kingsoft အတွက် အနှောင့်အယှက်များကို လျော့နည်းသွားစေမည် မဟုတ်ပါလား။
လွန်ခဲ့သော ရက်ပိုင်းက Microsoft သည် ၎င်းတို့၏ XP စနစ်ကို ရုတ်တရက် ဈေးနှုန်းလျှော့ချခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် XOS စနစ်၏ ရောင်းအားကို ထိခိုက်စေနိုင်မည်ဟု ၎င်းတို့ ယူဆခဲ့သော်လည်း၊ Lenovo-Kingsoft ၏ ကြေညာချက်တစ်ခုတည်းနှင့်တင် Microsoft၏ လှည့်ကွက်ငယ်လေးမှာ ပျက်ပြားသွားခဲ့ရသည်။
Lenovo-Kingsoft က ၎င်းတို့၏ XOS စနစ်သည် အနည်းဆုံး ငါးနှစ်ထက်မနည်းသော စနစ်အဆင့်မြှင့်တင်မှုနှင့် ထိန်းသိမ်းမှု ဝန်ဆောင်မှုများကို အာမခံပေးမည်ဖြစ်ကြောင်း ကြေညာလိုက်ခြင်းပင်။
ဤလုပ်ရပ်၏ဆိုလိုရင်းမှာ မည်သူ့ကို ရည်ရွယ်နေသနည်းဆိုသည်ကို လူတိုင်းက တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်သွားခဲ့ကြသည်။
Microsoft ကို ပြန်လည် မြင်ယောင်ကြည့်ပါ။ နှစ်နှစ် သုံးနှစ်လျှင် စနစ်တစ်ခု အသစ်ထွက်လေ့ရှိသည်။ ၂၀၀၀ ထွက်လာသည့်အခါ ၉၅ ကို ဝန်ဆောင်မှု ရပ်ဆိုင်းခဲ့သလို၊ XP ထွက်လာသည့်အခါတွင်လည်း ၂၀၀၀ ကို ဝန်ဆောင်မှု ရပ်ဆိုင်းခဲ့သည် မဟုတ်ပါလား။
ယခုအခါ Microsoft က VISTA ကို မကြာမီ ဖြန့်ချိတော့မည်ဟု ကြေညာထားရာ၊ ဤသည်မှာ XPစနစ်သည်လည်း များမကြာမီ ဝန်ဆောင်မှုများ ရပ်ဆိုင်းသွားတော့မည်ဟု ဆိုလိုခြင်းပင် ဖြစ်တော့သည်။
တစ်နည်းအားဖြင့်ဆိုသော် သုံးစွဲသူများသည် ငွေအနည်းငယ်ဖြင့် မူရင်း XPစနစ်ကို ဝယ်ယူနိုင်မည်ဆိုစေဦးတော့ တစ်နှစ်ပင် မကြာမီမှာပင် စနစ်အတွင်းရှိ ချို့ယွင်းချက်များကို ပြင်ဆင်ပေးမည့်သူ ရှိတော့မည် မဟုတ်ပါချေ။ ထိုသို့ဆိုလျှင် စနစ်၏လုံခြုံရေးကို မည်သို့ အာမခံနိုင်ပါမည်နည်း။ ပြဿနာအမျိုးမျိုး ပေါ်ပေါက်လာပါကကော မည်သို့ ဖြေရှင်းကြပါမည်နည်း။
ရလဒ်အနေဖြင့် Microsoft ၏ XPစနစ်မှာ ဈေးနှုန်းများစွာ လျော့နည်းသွားခဲ့သော်လည်း ဝယ်ယူသူမှာမူ ထင်သလောက် ရှိမနေခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် Microsoftဘက်မှ တာဝန်ရှိသူတစ်ဦးတစ်ယောက်ကမျှ XPစနစ်အား မည်မျှအထိ ဆက်လက် ဝန်ဆောင်မှုပေးမည်ကို တရားဝင် ထွက်မပြောခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ VISTA ပေါ်လာသည်နှင့် XPကို စွန့်ပစ်မည်ဟု ဝန်ခံလိုက်ခြင်းနှင့် အတူတူပင်။
လအနည်းငယ်သာ အသုံးပြုနိုင်မည့် စနစ်ကို မည်သူက ဝယ်ယူလိုပါမည်နည်း။ VISTA မှာလည်း XPနှင့် များစွာ ကွာခြားသည်ဟု သတင်းများ ထွက်နေသည် မဟုတ်ပါလား။ ထို့ကြောင့် XPဈေးလျှော့ခြင်းမှာ ရောင်းအားကို မြင့်တက်စေခြင်း မရှိသည့်အပြင်၊ ပိုမို၍ပင် ရောင်းအား ကျဆင်းသွားခဲ့ရသည်။
ထို့အပြင် Lenovo Groupကလည်း Microsoft စနစ်များကို ကြိုတင်ထည့်သွင်းပေးခြင်း မပြုတော့သလို၊ အခြားသော ထုတ်လုပ်သူ အမြောက်အမြားကလည်း Lenovo-Kingsoft နှင့် စာချုပ်များ ချုပ်ဆိုခဲ့ကြသည်။ ပိုမိုဈေးချိုသော စနစ်သည် ၎င်းတို့၏ ထုတ်ကုန် ရောင်းဈေးကို လျှော့ချပေးနိုင်သလို၊ ပြိုင်ဆိုင်မှု စွမ်းအားကိုလည်း မြင့်တက်စေသဖြင့် ၎င်းတို့အနေဖြင့် ငြင်းပယ်စရာ အကြောင်းမရှိပါချေ။
ထို့အပြင် Lenovo-Kingsoft ဘက်မှလည်း အမြတ်ဝေစုအချို့ကို ထိုထုတ်လုပ်သူများဘက်သို့ ခွဲဝေပေးထားသဖြင့်၊ လက်ရှိတွင် ထုတ်လုပ်သူ အမြောက်အမြားမှာ XOS စနစ်သုံး ကွန်ပျူတာများကို ထုတ်လုပ်လာကြပြီ ဖြစ်သည်။
ဘီလ် ဂိတ်စ်သည် ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် အကြီးအကျယ် ဒေါသထွက်ခဲ့ရပြီး၊ အရောင်းနှင့် ထုတ်ကုန် ဖော်ဆောင်ရေး တာဝန်ခံများကို ပြင်းထန်စွာ ကြိမ်းမောင်းခဲ့သည်။ ထုတ်ကုန်သစ်ကို အမြန်ဆုံး အချောသတ်ကာ ဈေးကွက်သို့ တင်ပို့ရန် အမိန့်ပေးခဲ့သလို၊ အခြားသော PC ထုတ်လုပ်သူများကိုလည်း XOS စနစ်သုံး ကွန်ပျူတာများ ရောင်းချမှုကို ကန့်သတ်ရန် စည်းရုံးခိုင်းခဲ့သည်။ Microsoft ၏ VISTA စနစ်သည် ၎င်းတို့အား ပိုမိုကြီးမားသော အံ့အားသင့်မှုများကို ပေးစွမ်းနိုင်လိမ့်မည်ဟုလည်း ဆိုခဲ့သည်။
အမှန်စင်စစ် ထိုထုတ်လုပ်သူများသည် Microsoft ၏ မောက်မာမှုများကို စိတ်ကုန်နေကြသည်မှာ ကြာခဲ့ပြီဖြစ်ရာ၊ Microsoft ကို ယှဉ်ပြိုင်နိုင်မည့် စနစ်တစ်ခု ပေါ်ထွက်လာသည်ကိုသာ မြင်တွေ့လိုနေကြခြင်း ဖြစ်သည်။ ကွန်ပျူတာတစ်လုံး ရောင်းရလျှင် ၎င်းတို့က မည်မျှ မြတ်ပါသနည်း၊ Microsoftက စနစ်တစ်ခုတည်းနှင့် မည်မျှ မြတ်ပါသနည်း။
အမြတ်နှုန်းအရ ကြည့်မည်ဆိုပါက ကွန်ပျူတာတစ်လုံး ရောင်းရတိုင်း Microsoft ကသာ အမြတ်အများဆုံး ရရှိနေခြင်းဖြစ်ရာ၊ PC ထုတ်လုပ်သူများအနေဖြင့် မည်သို့ စိတ်ကျေနပ်နိုင်ပါမည်နည်း။
ထို့အပြင် Lenovo-Kingsoft ပေးထားသော စည်းကမ်းချက်များက သူတို့၏ အမြတ်အစွန်းကို ပိုမိုမြင့်မားစေသည်ဖြစ်ရာ သူတို့ အဘယ်ကြောင့် မထောက်ပံ့ဘဲ နေပါမည်နည်း။ စီးပွားရေး လောကတွင် ထာဝရ မိတ်ဆွေဟူသည် မရှိဘဲ၊ ထာဝရ အကျိုးစီးပွားသာ ရှိသည် မဟုတ်ပါလား။ ၎င်းတို့နှင့် Microsoft ဆိုသည်မှာလည်း တစ်ခါမျှ မိတ်ဆွေ မဖြစ်ခဲ့ဖူးပါချေ။
အထူးသဖြင့် XPစနစ်မှာ များမကြာမီ ဝန်ဆောင်မှုများ ရပ်ဆိုင်းတော့မည်ဟု သိရှိသွားကြသည့်အခါ၊ XPတပ်ဆင်ထားသော ကွန်ပျူတာများ၏ ရောင်းအားမှာလည်း ကျဆင်းသွားခဲ့ရသဖြင့် ထိုထုတ်လုပ်သူများမှာ Microsoft အပေါ် များစွာ မကျေမနပ် ဖြစ်လာကြသည်။
၎င်းတို့သည် Microsoft အား XPစနစ်ကို အနည်းဆုံး သုံးနှစ်ခန့်အထိ ဆက်လက် ဝန်ဆောင်မှုပေးရန် တရားဝင် ကြေညာပေးဖို့ တောင်းဆိုလာကြသည်။ သို့သော်လည်း Microsoft ဘက်မှ သဘောမတူခဲ့ပါချေ။
စနစ်ရောင်းအား ကျဆင်းမှုထက်စာလျှင် Microsoft အနေဖြင့် ပိုမိုစိုးရိမ်နေသည်မှာ ကမ္ဘာအနှံ့တွင် ၎င်းတို့အား လက်ဝါးကြီးအုပ်မှုဖြင့် တရားစွဲဆိုထားသည့် ကိစ္စပင် ဖြစ်သည်။ ၎င်းတို့သည် ပူးတွဲရောင်းချမှု ပုံစံကို လက်လွှတ်မခံလိုကြပါချေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့၏ ဆော့ဖ်ဝဲလ်များအတွက် အကြီးမားဆုံးသော ပြိုင်ဆိုင်မှု နည်းလမ်း ဖြစ်သောကြောင့်ပင်။
သေချာတာပေါ့... ဒဏ်ငွေ မဆောင်ရလျှင်တော့ ပို၍ကောင်းမွန်ပေလိမ့်မည်။ လက်ရှိတွင် နိုင်ငံအတော်များများမှာ ဤကဲ့သို့ ပူးတွဲရောင်းချခြင်းအပေါ် ဆိုးဝါးသည်ဟု မယူဆကြသေးပါချေ။ သူတို့ ပူးတွဲပေးနေသည်မှာ အများအားဖြင့် အခမဲ့ ဆော့ဖ်ဝဲလ်များသာ မဟုတ်ပါလော။
အထူးသဖြင့် Lenovo-Kingsoft ၏ ရုံးသုံးဆော့ဖ်ဝဲလ်သည် ကမ္ဘာအနှံ့ ဖြန့်ချိနေပြီဖြစ်ရာ၊ Microsoft အနေဖြင့် ဤအားသာချက်ကို အဆုံးရှုံး မခံနိုင်ပါချေ။ သို့မဟုတ်ပါက သူတို့အနေဖြင့် ဈေးနှုန်းလျှော့ချရမည်ဖြစ်ပြီး၊ အမြတ်အစွန်းများစွာ လျော့နည်းသွားပေလိမ့်မည်။
၎င်းတို့သည် တရုတ်ပြည်ကပင် သူတို့အား လက်ဝါးကြီးအုပ်မှုဖြင့် တရားစွဲဆိုလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးပါချေ။ သူတို့ စုံစမ်းသိရှိရသည်မှာ တရုတ်ပြည်၏ လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးဥပဒေကို အတည်ပြုပြီးနောက်၊ ပထမဆုံးသော တရားစွဲဆိုခြင်းခံရသည့် ကုမ္ပဏီမှာ သူတို့ Microsoft ဖြစ်နေခြင်းပင်။ ဤသည်မှာ တမင်တကာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သိသာလှပေသည်။
အစောပိုင်း ရုံးချိန်း နှစ်ကြိမ်တွင် သူတို့၏ ရှေ့နေများက အစွမ်းကုန် ချေပခဲ့သော်လည်း အကျိုးသက်ရောက်မှုမှာ အလွန်ပင် နည်းပါးခဲ့သည်။
တရုတ်ပြည်၏ဥပဒေစနစ်သည် အင်္ဂလိပ်နှင့် အမေရိကန် ဥပဒေစနစ်များနှင့် အနှစ်သာရပိုင်းတွင် များစွာကွာခြားလှပေသည်။ တရုတ်ပြည် တွင် ဥပဒေက ပြဋ္ဌာန်းထားပြီးဖြစ်ပါက၊ ပြဋ္ဌာန်းချက်အတိုင်းသာ စီရင်ချက်ချလေ့ရှိသည်။ စည်းကမ်းချက်များမှာ အလွန်ပင် အသေးစိတ်လှပြီး တရားသူကြီးချုပ်၏ ဆုံးဖြတ်ချက်ကသာ အဓိက ဖြစ်သည်။
ဥရောပနှင့် အမေရိကတို့တွင်မူ ဥပဒေမှာ အကြမ်းဖျင်းသာ ရှိပြီး၊ စီရင်ချက်များမှာ အစဉ်အလာများအပေါ် အခြေခံကာ ဂျူရီအဖွဲ့၏ မဲပေးမှုကသာ အဓိက ဖြစ်သည်။ ထို့အပြင် ၎င်းတို့ဆီတွင် မီဒီယာနှင့် လူထု၏ သဘောထားသည် စီရင်ချက်အပေါ် လွှမ်းမိုးမှု ရှိနေတတ်သည်။
တရုတ်ပြည်၏ ဥပဒေစနစ်တွင်မူ မီဒီယာနှင့် လူထု၏ သဘောထားသည် လွှမ်းမိုးမှု ရှိနိုင်စေဦးတော့ အလွန်ဆုံးရှိလှ ပြစ်ဒဏ်၏ အနိမ့်အမြင့်ကိုသာ သက်ရောက်မှု ရှိနိုင်ပြီး၊ အပြစ်ရှိမရှိ သို့မဟုတ် ဥပဒေ ချိုးဖောက်ခြင်း ရှိမရှိအပေါ်တွင်မူ လွှမ်းမိုးနိုင်ခြင်း မရှိပါချေ။
ထို့ကြောင့် Microsoftအနေဖြင့် ဥပဒေ ချိုးဖောက်ကြောင်း ဆုံးဖြတ်ချက်ချခံရပြီး အပြစ်ပေးခံရမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာနေခဲ့ပြီ ဖြစ်သည်။ ဒဏ်ငွေ ပမာဏနှင့် ပတ်သက်လျှင်လည်း၊ တရုတ်ပြည် ၏ လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေးဥပဒေ မူကြမ်းတွင် အနိမ့်ဆုံး ဒဏ်ငွေကို ယွမ် ငါးသန်းဟုသာ သတ်မှတ်ထားသဖြင့် အမြင့်ဆုံး ပမာဏမှာ မည်မျှအထိ ရှိမည်နည်းဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်နေသည်။
၎င်းတို့ ယခုအခါ အငြင်းပွားနေကြသည်မှာ ဒဏ်ငွေ ပမာဏ အနည်းအများ ကိစ္စပင် ဖြစ်သည်။ လက်ရှိ အခြေအနေအရ Microsoft မှာ များစွာ အားနည်းနေခဲ့သည်။
တရုတ်ပြည် ဘက်မှ ကိုယ်စားလှယ် ရှေ့နေမှာ ဖုန်းယွီ၏ လက်ယုံတော် ဝီလ်ဆင်ပင် ဖြစ်သည်။ သူသည် ဥပဒေ၏ ဟာကွက်ကို အသုံးချကာ ဥရောပနှင့် အမေရိကတို့ရှိ ဒဏ်ငွေ ပမာဏများအတိုင်း စီရင်ချက်ချရန် တောင်းဆိုခဲ့ပြီး၊ များပြားလှသော ဒဏ်ငွေ ပမာဏကို တင်ပြခဲ့သည်။
Microsoft အား ပိုမိုဒေါသထွက်စေသည်မှာ တရုတ်ပြည် ဘက်မှ အရာရှိများမှာ သိသိသာသာပင် ဘက်လိုက်နေကြခြင်း ဖြစ်သည်။ လူအများစုကလည်း ဤဒဏ်ငွေမှာ ကျိုးကြောင်းဆီလျော်သည်ဟု ယူဆနေကြသည်။ ဝီလ်ဆင်ကလည်း တရားရုံးပြင်ပတွင် Microsoft သည် ဈေးကွက်များကို ခွဲခြား ဆက်ဆံနေကြောင်း ဝါဒဖြန့်ခဲ့သဖြင့် ဘီလ် ဂိတ်စ်တစ်ယောက် ဆဲရေးတိုင်းထွာချင်စိတ်ပင် ပေါက်သွားရသည်။
ငါတို့က ခွဲခြား ဆက်ဆံတယ် ဟုတ်လား။ အရင်တုန်းက ငါတို့ရဲ့ ထုတ်ကုန်တွေကို တရုတ်ပြည်မှာ တစ်ကမ္ဘာလုံးထက် ဈေးအနည်းဆုံးနဲ့ ရောင်းချခဲ့တာလေ။ အဲဒီလို ခွဲခြား ဆက်ဆံတာကျတော့ ခင်ဗျားတို့ ဘာလို့ မပြောကြတာလဲ။ အခု ငါတို့ ဈေးနှုန်းတွေ တက်လာတာဟာ မဖြစ်သင့်ဘူးလား။ ခင်ဗျားတို့ တရုတ်ပြည်ရဲ့ GDPဟာ အခုဆိုရင် ကမ္ဘာ့ထိပ်တန်း အဆင့်မှာ ရှိနေပြီလေ။
ငါတို့က အခု ဈေးကွက်တိုင်းကို ခွဲခြားဆက်ဆံခြင်း မပြုလိုတော့ဘဲ တန်းတူ ထားချင်လို့ အခုလို အခြေအနေတွေ ဖြစ်ရတာလေ၊ ငါတို့ကော မနစ်နာဘူးလား။
ယနေ့တွင်မူ တတိယအကြိမ်မြောက် ရုံးချိန်းသို့ ရောက်ရှိလာခဲ့ပြီး၊ နှစ်ဖက် ရှေ့နေများမှာ ဒဏ်ငွေ ပမာဏနှင့် ပတ်သက်၍ ပြင်းထန်စွာ အပြန်အလှန် စောဒက တက်ခဲ့ကြပြန်သည်။
ဝီလ်ဆင်သည် အသာစီးမှနေ၍ စကားလုံး ထောင်ချောက်များကို အဆက်မပြတ် ဆင်မြန်းခဲ့ရာ၊ Microsoft၏ ရှေ့နေများမှာ တုံ့ပြန်ရန်ပင် မစွမ်းသာ ဖြစ်ခဲ့ရသည်။
Microsoft ၏ ကိုယ်စားလှယ်များမှာလည်း မျက်နှာများ ပျက်ယွင်းလာခဲ့သည်။ အခြေအနေများမှာ အဆိုးရွားဆုံး ဘက်သို့ ဦးတည်နေပြီဖြစ်ကြောင်း ၎င်းတို့ သတိပြုမိလိုက်ကြသည်။ ၎င်းတို့သည် တရုတ် အစိုးရ၏ "မျောက်ကို ခြောက်ရန် ကြက်ကို သတ်ပြခြင်း"ဟူသော မူဝါဒတွင် သတ်ပြခြင်း ခံရမည့် ကြက်ကလေး ဖြစ်နေပြီ မဟုတ်ပါလား။
Microsoft ၏ ရှေ့နေများမှာ မည်မျှပင် ဆင်ခြေပေးခဲ့စေဦးတော့၊ အကျိုးမထူးခဲ့ပါချေ။ တရားရုံးက Microsoft အား လက်ဝါးကြီးအုပ်မှု ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး၊ ဒဏ်ငွေ ယွမ် ၁.၈၃၆ ဘီလီယံ ပေးဆောင်ရန်နှင့်၊ ထုတ်ကုန်အချို့၏ အခြေခံကုဒ်များကို ဖွင့်ပြရန် စီရင်ချက် ချမှတ်လိုက်သည်။ ဤကိန်းဂဏန်းသည် တရုတ်အစိုးရ၏ ဒဏ်ငွေရိုက်မှု သမိုင်းတွင် စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပြီး၊ နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ချိုးဖျက်နိုင်မည့်သူ ရှိလိမ့်မည် မဟုတ်ပါချေ။
တရားရုံးမှ ထွက်လာသည့်အခါ ပြည်တွင်းပြည်ပ သတင်းထောက် အမြောက်အမြားမှာ ဝိုင်းအုံလာခဲ့ကြသည်။ တရုတ်ပြည် ဘက်မှ ဤမျှအထိ ပြတ်သားစွာ လုပ်ဆောင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပါချေ။ တရားရုံးပြင်ပ ကျေအေးမှုကို တိုက်ရိုက် ငြင်းပယ်ခဲ့သလို၊ ရုံးချိန်း သုံးကြိမ်တည်းနှင့်ပင် အပြီးသတ် စီရင်ချက် ချနိုင်ခဲ့သည် မဟုတ်ပါလား။ Microsoftအနေဖြင့် သတ်မှတ်ထားသော အချိန်အတွင်း ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်ပြီး၊ မလိုက်နာပါက တရုတ်ပြည် အတွင်းရှိ ၎င်းတို့၏ ကုမ္ပဏီ ဘဏ်စာရင်းများကို ချိပ်ပိတ် သိမ်းဆည်းသွားမည် ဖြစ်သည်။
လက်ဝါးကြီးအုပ်မှု ပြဿနာနှင့် ပတ်သက်၍ Microsoft သည် နောက်တစ်ကြိမ် ထပ်မံ၍ အရေးနိမ့်ခဲ့ရပြန်ပါတော့သည်။
******