အခန်း (၁၄၃၃-၁၄၃၅)
Vol. 97 Ch. 1433-1435
အခန်း ၁၄၃၃ ခါမီဒါ နုတ်ထွက်ခြင်း
Microsoft အနေဖြင့် ဤစီရင်ချက်အပေါ် ကျေနပ်ခြင်းမရှိဘဲ အယူခံဝင်ရန် ပြင်ဆင်နေသော်လည်း၊ အယူခံရလဒ်မှာ ထူးခြားပြောင်းလဲလာမည် မဟုတ်ကြောင်းကို လူတိုင်း သိရှိထားကြသည်။ ပြစ်မှုထင်ရှားပြီးသား ကိစ္စရပ်တစ်ခုအတွက် ထပ်မံအယူခံဝင်ခြင်းမှာ အချိန်ကြာမြင့်သွားသည်နှင့်အမျှ ဒဏ်ငွေ ပိုမိုများပြားလာရန်သာ ရှိတော့သည်။
အစိုးရက လုပ်ငန်းစုကို တရားစွဲဆိုခြင်းဖြစ်ပြီး၊ အစိုးရဘက်ကလည်း ကျိုးကြောင်းခိုင်လုံမှု ရှိနေသည်ဖြစ်ရာ မည်သို့လျှင် ရှုံးနိမ့်နိုင်ပါမည်နည်း။ တရုတ်ပြည်တွင် အစိုးရနှင့် တရားရုံး၏ လုပ်ပိုင်ခွင့်အာဏာများကို သီးခြားစီ ခွဲခြားထားသည်ဟု ဆိုစေဦးတော့၊ တစ်စုံတစ်ရာ သက်ရောက်မှု မရှိဟု ဆိုပါက မည်သူက ယုံကြည်ပါမည်နည်း။
နောက်တစ်ကြိမ် ရုံးချိန်းသည် အပြီးသတ် စီရင်ချက်အတွက်သာ ဖြစ်ပေလိမ့်မည်။
Microsoftသည် တရုတ်ပြည်တွင် အရေးနိမ့်ပြီးနောက်၊ အရှေ့ဥရောပတွင်လည်း ထပ်မံ၍ အရေးနိမ့်ခဲ့ရပြန်သည်။ ထို့နောက် တောင်ကိုရီးယားနှင့် ဂျပန်တို့ကလည်း အရှိန်အဟုန်ဖြင့် စတင်ကိုင်တွယ်လာကြရာ၊ တစ်ကမ္ဘာလုံးက Microsoftကို ဝိုင်းဝန်း ပစ်မှတ်ထားနေကြသည့်နှယ် ရှိနေတော့သည်။
ထိုအချိန်တွင် XOS ၏ ရောင်းအားမှာမူ အရှိန်အဟုန်ဖြင့် တက်လှမ်းနေခဲ့သည်။ Lenovo Groupက Microsoft စနစ်များကို ကြိုတင်ထည့်သွင်းပေးခြင်း မပြုတော့ကြောင်း ကြေညာပြီးနောက်၊ အခြားသော PC ထုတ်လုပ်သူ နှစ်ဦးကလည်း သူတို့၏ ထုတ်ကုန်သစ်များတွင် Microsoft စနစ်များကို ထည့်သွင်းပေးတော့မည် မဟုတ်ကြောင်း ကြေညာလိုက်သဖြင့်၊ ဤသည်မှာ Microsoft အတွက် မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်ခဲ့ရသည်။
အပြင်းထန်ဆုံးသော ထိုးနှက်ချက်မှာ Softbankက XOS ကို ထောက်ပံ့မည့် အသုံးချ ဆော့ဖ်ဝဲလ် အမြောက်အမြားကို ထုတ်လုပ်လိုက်ခြင်းပင် ဖြစ်သည်။ ထိုဆော့ဖ်ဝဲလ် အတော်များများမှာ Microsoft၏ XPစနစ်တွင် အသုံးပြု၍ မရနိုင်ပါချေ။
Softbank၏ ဆော့ဖ်ဝဲလ်သစ်များသည်လည်း ရောင်းအား ကောင်းမွန်နေခဲ့သဖြင့် ၎င်းတို့မှာ မူလကပင် အင်အားတောင့်တင်းသော အနေအထားတွင် ရှိနေခဲ့သည်။ သို့သော်လည်း ၎င်းတို့တွင် မကျေနပ်မှုများစွာ ရှိနေဆဲပင်။ ဥပမာအားဖြင့် ခါမီဒါဒါရိုက်တာသည် Softbank၏ ထုတ်ကုန်များ သို့မဟုတ် ဒါရိုက်တာများ၏ ထုတ်ကုန်များကို တရုတ်ဈေးကွက်အတွင်းသို့ အမြောက်အမြား တင်ပို့ပေးမည်ဟု ကတိပေးခဲ့သော်လည်း၊ လက်တွေ့တွင်မူ တစ်စုံတစ်ရာ ဖြစ်မြောက်လာခြင်း မရှိပါချေ။
ထိုသို့မဟုတ်ဘဲ Wind-Rain Holdings လက်အောက်ရှိ ထုတ်ကုန်များမှာမူ Softbankနှင့် ၎င်း၏ ဒါရိုက်တာများ၏ အရောင်းလမ်းကြောင်းများကို အသုံးချကာ ဂျပန်ဈေးကွက်အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့ကြသည်။
အကယ်၍ Softbankဘက်မှ XOS ကို ထောက်ပံ့ပေးရန် လူသိရှင်ကြား မကြေညာခဲ့ပါက၊ XOS သည် ဤမျှအထိ မြန်ဆန်စွာ ပြန့်နှံ့နိုင်လိမ့်မည် မဟုတ်ပါချေ။ IT လုပ်ငန်းနယ်ပယ်တွင် Softbankရင်းနှီးမြှုပ်နှံမထားသော ကဏ္ဍဟူ၍ မရှိသလောက်ပင်။
"ခါမီဒါဒါရိုက်တာ... ကျွန်တော့်ရဲ့အဝတ်အထည် အမှတ်တံဆိပ်နဲ့ Taihua Supermarket Group ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စက ဘယ်လို အခြေအနေ ရှိနေပြီလဲ?" Softbankမှ ဒါရိုက်တာ တစ်ဦးက မေးမြန်းလိုက်သည်။
"အဲဒီကိစ္စက လုပ်ရကိုင်ရ အတော်လေး ခက်နေတယ်။ Taihua Supermarket Group ဆိုတာက Wind-Rain Holdings ရဲ့ လက်အောက်မှာ ရှိတာ မဟုတ်တဲ့အတွက် ကျွန်တော့်ရဲ့ သြဇာအာဏာက အကန့်အသတ် ရှိနေပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က Softbankအတွက် ငွေတွေ အများကြီး ရှာပေးခဲ့တဲ့ ကိစ္စအပေါ်မှာလည်း ကျုံးချင်းရှန်က ကျွန်တော့်အပေါ် အတော်လေး မကျေမနပ် ဖြစ်နေတာ" ခါမီဒါ မာဆာအိုက ဆင်ခြေပေးကာ စတင် လမ်းလွှဲလိုက်သည်။
"မဖြစ်နိုင်တာ။ လီဟဟရဲ့ ထုတ်ကုန်တွေဆိုရင် ကျွန်တော်တို့ ဂျပန် ဈေးကွက်ထဲကို အလုံးစုံ ဝင်ရောက်နေပြီပဲ။ ဒီဘက်က အရောင်းလမ်းကြောင်းတွေကိုတောင် ကျွန်တော်ကိုယ်တိုင် မိတ်ဆက်ပေးခဲ့တာလေ"
"လီဟဟက လီဟဟပဲလေ၊ Taihua Supermarket Group ကို ကိုယ်စားမပြုပါဘူး"
"ခါမီဒါဒါရိုက်တာ... ဒါဆိုရင် Yahooနဲ့ တရုတ်ပြည်က အခြားသော ဝဘ်ဆိုဒ်တွေ ပေါင်းစည်းမယ့် ကိစ္စကော… ခင်ဗျား ပြောတော့ Baiduကုမ္ပဏီရဲ့ ရှယ်ယာတွေနဲ့ လဲလှယ်ပေးနိုင်တယ်ဆို…" Yahoo ဂျပန်၏ CEO ဖြစ်သလို Softbank၏ ဒါရိုက်တာလည်းဖြစ်သူ မူရာတာ ဆန်ဘာရိုက မေးမြန်းလိုက်သည်။
"Baiduကုမ္ပဏီမှာကတော့ အဲဒီလီရန့်ဟုန်ဆိုတဲ့ လူကပဲ အရာရာကို ဆုံးဖြတ်တာ၊ သူက ကျွန်တော့်စကားကို နားမထောင်ဘူး"
"ဒါဆိုရင် Google)ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ကော မရနိုင်ဘူးလား?"
"Googleကို တည်ထောင်သူ နှစ်ဦးက Yahoo)အပေါ်မှာ အတော်လေး အမြင်မကြည် ဖြစ်နေကြတာ။ အရင်တုန်းက သူတို့က Yahoo ဆီကို ရောင်းချချင်ခဲ့ပေမဲ့၊ Yahooဘက်က ငြင်းပယ်ခဲ့တာလေ။ ခင်ဗျားသာ သူတို့ နေရာမှာဆိုရင် လမ်းဟောင်းကို ပြန်လျှောက်ပါ့မလား" ခါမီဒါ မာဆာအိုသည် အမှားအားလုံးမှာ Yahooကြောင့်သာ ဖြစ်သည်ဟူသော အမူအရာမျိုး ပြုလုပ်လိုက်သည်။
"ဒါဆိုရင် ကျွန်တော်တို့ လက်အောက်ခံ ဗိုင်းရပ်စ်နှိမ်နင်းရေး ဆော့ဖ်ဝဲလ် ကုမ္ပဏီတွေ တရုတ်ပြည် ဈေးကွက်ထဲကို ဝင်ရောက်ဖို့ ကိစ္စကော… ကျွန်တော်တို့က ကမ္ဘာပေါ်မှာ လုပ်ငန်းသုံး လုံခြုံရေးပိုင်းမှာ အတော်ဆုံး ကျွမ်းကျင်သူတွေပဲလေ"
"အဲဒါကိုလည်း ကျွန်တော် မိတ်ဆက်ပေးခဲ့တာပဲ။ ဒါပေမဲ့ သူတို့က ပြောကြတယ်... ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်တော်တို့ ဂျပန်လုပ်ငန်းတွေဟာ အမေရိကက ဟက်ကာတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာကြောင့်၊ ကျွန်တော်တို့ဟာ အင်အားအရှိဆုံး မဟုတ်ဘဲနဲ့ ကုစားလို့မရတဲ့ ဟာကွက်တွေ ရှိနေတယ်ဆိုတာ သက်သေပြလိုက်သလိုပဲတဲ့။ ဒါကြောင့် သူတို့အနေနဲ့ ထပ်ပြီး စဉ်းစားဦးမယ်တဲ့လေ။ ဒါဟာလည်း လူ့သဘာဝပဲ မဟုတ်လား။ တရုတ်ပြည်မှာ စကားပုံတစ်ခု ရှိတယ်၊ 'သံတို သံခဲကို ထုရိုက်ဖို့ဆိုတာ ကိုယ်တိုင်က အရင်ဆုံး မာကျောနေဖို့ လိုတယ်' တဲ့လေ"
"ခါမီဒါဒါရိုက်တာ... ခင်ဗျားကတော့ အကြောင်းပြချက်တွေ တစ်ခုပြီးတစ်ခု ပေးနေတာပဲ။ တကယ်တမ်းကျတော့ ခင်ဗျားက ကျွန်တော်တို့ကို ကူညီချင်စိတ် မရှိတာ မဟုတ်လား?" မူရာတာ ဆန်ဘာရိုက ဒေါသတကြီး ဆိုလိုက်သည်။
"ဒါ ဘယ်လို စကားမျိုးလဲ။ ကျွန်တော်သာ ခင်ဗျားတို့ကို မကူညီချင်ဘူးဆိုရင်၊ အခုလိုမျိုး ဒီမှာ ထိုင်ပြီး ဆွေးနွေးနေပါ့မလား"
"ဒါပေမဲ့ ခင်ဗျားက ပါးစပ်ကပဲ ပြောနေတာလေ၊ လက်တွေ့မှာ ဘာမှ ဖြစ်မြောက်အောင် မလုပ်ပေးခဲ့ဘူး" ကန်ဖုဒါရိုက်တာက ဖြည့်စွက်လိုက်သည်။
ဘန်း… ခါမီဒါ မာဆာအိုသည် စားပွဲကို အားပါပါ တစ်ချက် ပုတ်လိုက်ရင်း "ခင်ဗျားက ကျွန်တော့်ကို အပြစ်တင်နေတာလား? ခင်ဗျား တော်တယ်ဆိုရင်လည်း ကိုယ်တိုင် လုပ်ကြည့်ပါလား။ ကျွန်တော် အကြိမ်ကြိမ် ပြောပြီးပြီပဲ၊ ဒီကိစ္စတွေက အလျင်စလို လုပ်လို့ မရဘူးဆိုတာကို၊ ခင်ဗျား နားမလည်တာလား?"
ခါမီဒါ မာဆာအို၏ ရုတ်တရက် ပေါက်ကွဲသွားမှုကြောင့် သူတို့အားလုံးမှာ မှင်တက်သွားကြရသည်။ ထို့နောက်တွင်မူ သူတို့လည်း ဒေါသထွက်လာကြတော့သည်။ မင်းက ဘာမှလည်း မလုပ်ပေးဘဲနဲ့ ငါတို့က မင်းအတွက် ဒီလောက်အထိ လုပ်ပေးခဲ့တာကို၊ အခုတော့ စားပွဲကိုတောင် ပုတ်ရဲတယ် ဟုတ်လား၊
သူတို့သည်လည်း စားပွဲကို ပြန်ပုတ်ကာ အော်ဟစ် ဆဲဆိုကြတော့သည်။ မည်သို့ပင်ဖြစ်စေ ခါမီဒါမာဆာအိုသည် သူတို့ကို တစ်စုံတစ်ရာ ပြုလုပ်နိုင်လိမ့်မည်မဟုတ်ဟု ယူဆထားသောကြောင့် ဖြစ်သည်။
ရန်ဖြစ်နေကြစဉ်မှာပင် ခါမီဒါ မာဆာအိုက ရုတ်တရက် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "ခင်ဗျားတို့က ကျွန်တော်က Softbankဆီကနေ အခွင့်ကောင်း ယူနေတယ်လို့ ထင်နေကြတာလား။ ကောင်းပြီလေ... ဒါဆိုရင် ကျွန်တော် ရာထူးကနေ နုတ်ထွက်မယ်။ အခု အချိန်ကစပြီး ကျွန်တော်ဟာ Softbankရဲ့ ဒါရိုက်တာ မဟုတ်တော့ဘူး!"
"ဟွန့်... Softbankကနေ ထွက်သွားလို့လည်း ငါ ခါမီဒါ မာဆာအိုတစ်ယောက် ငွေမရှာနိုင်ဘဲ ရှိမှာ မဟုတ်ပါဘူး။ ငါက Wind-Rain Holdings ရဲ့ ဥက္ကဋ္ဌ တစ်ယောက် ဖြစ်နေတုန်းပဲ"
"ခါမီဒါ မာဆာအို ... ခင်ဗျား သေသေချာချာ ပြန်စဉ်းစားပါဦး။ ပြီးခဲ့တဲ့လကပဲ Wind-Rain Holdingsရဲ့ CEO နေရာကို အမေရိကန် လူမျိုးဖြစ်တဲ့ ရဲလ်ဖ်နဲ့ လဲလှယ်လိုက်တာ မဟုတ်လား။ ဤသည်မှာ ဖုန်းယွီက ခင်ဗျားအပေါ် လုံးဝ မယုံကြည်တော့ဘဲ၊ ခင်ဗျားကို ထိန်းချုပ်ဖို့အတွက် လူတစ်ယောက် ထည့်လိုက်တာပဲလေ" မူရာတာ ဆန်ဘာရိုက လှောင်ပြုံးဖြင့် ဆိုလိုက်သည်။
ခါမီဒါ မာဆာအိုသည် စိတ်ထဲမှ ကျိတ်၍ ရယ်မောနေမိသည်။ ထိုသို့ လုပ်ဆောင်ရန် အလုပ်ရှင်အား သူကိုယ်တိုင်ပင် အကြံပြုခဲ့ခြင်း ဖြစ်သည်။ အလုပ်ရှင်၏ လုပ်ငန်းများမှာ များပြားလှသဖြင့် သူတစ်ဦးတည်းအနေဖြင့် မကိုင်တွယ်နိုင်တော့ပါချေ။ မည်သို့ပင်ဖြစ်စေ CEO ရာထူးကို မယူတော့သော်လည်း သူ ရရှိသည့် ငွေကြေးမှာ လျော့နည်းသွားခြင်း မရှိသည့်အပြင်၊ အလုပ်ရှင်၏ သူအပေါ် ယုံကြည်မှုမှာလည်း ပိုမိုခိုင်မာလာခဲ့သည်။
ထို့အပြင် သူသည် မိမိ၏အိမ်နှင့်လည်း ပိုမို နီးကပ်သွားသလို၊ အလုပ်ရှင်နှင့်လည်း ပိုမိုနီးကပ်သွားခဲ့ရသည်။ ဤအခြေအနေမှန်များကို ထိုလူများမှာ လုံးဝ သိရှိထားကြခြင်း မရှိပါချေ။
စိတ်ထဲမှ အတွေးများကိုတော့ ထုတ်ဖော် မပြောကြားပါချေ။ ခါမီဒါ မာဆာအိုသည် မူရာတာ ဆန်ဘာရိုအား ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်သည်။ "ငါသာ Softbankရဲ့ ဒါရိုက်တာ ရာထူးကို မယူခဲ့ရင်၊ CEO ရာထူးကနေ ဖယ်ရှားခံရပါ့မလား။ Wind-Rain Holdingsရဲ့ CEO တစ်ယောက်ရဲ့ တစ်နှစ်စာ လစာက ဘယ်လောက်ရှိလဲဆိုတာ ခင်ဗျား သိလို့လား။ Wind-Rain Holdings လက်အောက်က လုပ်ငန်း အမြောက်အမြားဟာ စတော့ဈေးကွက် တင်တော့မှာဆိုတာကိုကော ခင်ဗျား သိရဲ့လား?"
"ငါဟာ Wind-Rain Holdings ရဲ့ ဥက္ကဋ္ဌ တစ်ဦး ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ Softbankမှာတော့ ငါဟာ သာမန် ဒါရိုက်တာ တစ်ယောက်ပဲလေ။ ခင်ဗျားတို့ ငါ့ကို ဘယ်လောက်အထိ လုပ်ပိုင်ခွင့် ပေးခဲ့လို့လဲ။ ဒီ Softbankက အရမ်းကောင်းလှတယ်လို့ ခင်ဗျားတို့ ထင်နေကြပေမဲ့၊ ငါကတော့ အဲဒီလို မယူဆပါဘူး"
ထိုအချိန်တွင် ကန်ဖုက အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။ "ကောင်းပြီလေ... မင်း နုတ်ထွက်လိုက်ပေါ့။ ဒါဆိုရင် ငါတို့ အမြတ်ငွေတွေကို ပိုပြီးခွဲဝေယူလို့ ရတာပေါ့"
ခါမီဒါ မာဆာအိုသည် တစ်ခွန်းမျှ ထပ်မံ မပြောတော့ဘဲ ချက်ချင်းပင် လှည့်ထွက်သွားခဲ့သည်။ သူသည် သင့်တော်သော နုတ်ထွက်ခွင့် အကြောင်းပြချက်ကို ရရှိသွားခဲ့ပြီ ဖြစ်သလို၊ ဤလုပ်ရပ်ကြောင့် Softbankဘက်မှလည်း Lenovo-Kingsoft ၏ XOS အပေါ် ပြင်းထန်သော တုံ့ပြန်မှုများ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပါချေ။
ဘာပဲဖြစ်ဖြစ် ပြီးခဲ့သည့်နှစ်အတွက် သူ ရရှိမည့် လစာများကိုမူ မနေ့ကပင် သူ ရရှိထားပြီး ဖြစ်သည်။ သူသည် စတော့ရှယ်ယာများကို မယူဘဲ လက်ငင်းငွေသားကိုသာ ရွေးချယ် ရယူခဲ့ခြင်း ဖြစ်သည်။ သူသည် Softbankအား တရုတ်ပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်စေခဲ့ပြီး Microsoft ၏ နယ်ပယ်ချဲ့ထွင်မှုကြောင့် ကြီးမားသော အမြတ်အစွန်းများ ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့သဖြင့် ခါမီဒါ မာဆာအိုယခုတစ်ကြိမ် ရရှိသော လစာ ပမာဏမှာ အလွန်ပင် မြင့်မားလှပေသည်။
မူလကတည်းက ခါမီဒါ မာဆာအိုသည် အမြတ်အစွန်း အချို့ကို ရယူကာ ထွက်ခွာရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ တစ်ဆက်တည်းမှာပင် Wind-Rain Holdings နှင့် Taihua Holdings လက်အောက်ရှိ ထုတ်ကုန်များအား ဂျပန် ဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့သလို၊ Lenovo-Kingsoft၏ စနစ်ကိုလည်း သတင်းဖြန့်ပေးနိုင်ခဲ့သည်။
ယခုအခါ သူသည် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သဖြင့် ဖုန်းယွီမှာ များစွာ ကျေနပ်အားရ ဖြစ်ခဲ့ရသည်။ သူသည် Wind-Rain Holdings ၏ CEO ရာထူးတွင် မရှိတော့စေဦးတော့၊ ဖုန်းယွီက သူ၏ ဥက္ကဋ္ဌ လစာကို တိုးမြှင့်ပေးခဲ့သည့်အပြင်၊ Wind-Rain Holdings ၏ ရှယ်ယာအချို့ကိုလည်း ဆုအဖြစ် ဝယ်ယူခွင့် ပေးခဲ့သည်။
စွန်းကျန့်ယိတစ်ယောက် ဘာမှ မသိသေးမီမှာပင်၊ နောက်တစ်နေ့တွင် ခါမီဒါ မာဆာအိုသည် ဂျပန်မီဒီယာများရှေ့တွင် သူသည် Softbankထံသို့ နုတ်ထွက်စာ တင်ပြလိုက်ပြီဖြစ်ကြောင်းနှင့်၊ ယနေ့မှစ၍ Softbank၏ ဒါရိုက်တာအဖြစ် ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ကြောင်းကို ပေါ်ပေါ်ထင်ထင် ကြေညာလိုက်တော့သည်။
အကြောင်းပြချက်မှာမူ အခြားသော ဒါရိုက်တာများနှင့် အလုပ်လုပ်ပုံချင်း မတူညီသည့်အတွက်ကြောင့်ဖြစ်ပြီး၊ ပူးပေါင်းဆောင်ရွက်ရန် လုံးဝ မဖြစ်နိုင်တော့ခြင်းကြောင့်ပင်။ ပြီးခဲ့သည့်နှစ်က Softbankအတွက် အကြီးမားဆုံးသော အမြတ်အစွန်းများကို သူက ရှာဖွေပေးနိုင်ခဲ့စေဦးတော့၊ ထိုဒါရိုက်တာများမှာမူ သူ၏လုပ်ဆောင်ချက်များအပေါ် အပြစ်တင်နေကြဆဲ ဖြစ်သည်။ ထိုသို့သော သူများ၏ စီမံခန့်ခွဲမှုအောက်တွင် Softbankသည် သေချာပေါက် ဆုတ်ယုတ်သွားပေလိမ့်မည်ဖြစ်ရာ၊ သူအနေဖြင့် ထိုကဲ့သို့သော ကုမ္ပဏီတွင် ဆက်လက် လုပ်ကိုင်ရန် စိတ်ဝင်စားမှု မရှိတော့ပါချေ။
ဤပြောကြားချက်များ ထွက်ပေါ်လာပြီးနောက်တွင်မူ Softbankလက်အောက်ရှိ စတော့ဈေးကွက် တင်ထားသော ကုမ္ပဏီအတော်များများ၏ ရှယ်ယာဈေးများမှာ ပြင်းထန်စွာ ထိုးကျသွားခဲ့ရတော့သည်။
******
အခန်း ၁၄၃၄ ကူညီဖေးမမှု
Softbankအနေဖြင့် ခါမီဒါ မာဆာအို၏ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့မှုမှာ အစမှအဆုံးတိုင်အောင် ပရိယာယ်တစ်ခု ဖြစ်နေခဲ့သည်ကို လုံးဝ ရိပ်မိခြင်း မရှိခဲ့ပါချေ။ အပေါ်ယံကြည့်လျှင် Softbankအနေဖြင့် အကျိုးအမြတ်များစွာ ရရှိခဲ့သည်ဟု ထင်ရသော်လည်း၊ ထိုအကျိုးအမြတ်များမှာ Microsoft ထံမှ ရယူခဲ့ခြင်းသာ ဖြစ်သည်။
တစ်ဖက်တွင်မူ Wind-Rain Holdings နှင့် Taihua Holdings တို့သည် Softbank၏ သြဇာအာဏာကို အသုံးချ၍ ၎င်းတို့၏ ထုတ်ကုန်အမြောက်အမြားကို ဂျပန်ဈေးကွက်အတွင်းသို့သာမက အခြားသော နိုင်ငံတကာ ဈေးကွက်များအတွင်းသို့ပါ အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့ကြသည်။
တရုတ်ပြည် ဈေးကွက်နှင့် ပတ်သက်၍မူ၊ တရုတ်ပြည်တွင်းရှိ ဆော့ဖ်ဝဲလ်လုပ်ငန်းများကို ရောင်းချပြီးနောက်တွင် Softbank၏ တရုတ်ပြည်တွင်း လုပ်ငန်းလည်ပတ်မှု ပမာဏမှာ ပိုမို၍ပင် ကျုံ့ဝင်သွားခဲ့ရသည်။
စွန်းကျန့်ယိသည် ဤကိစ္စနှင့် ပတ်သက်၍ Softbankဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် ဒေါသတကြီး ပေါက်ကွဲခဲ့သော်လည်း၊ အခြေအနေကို ပြောင်းလဲနိုင်ခြင်း မရှိတော့ပါချေ။ သူသည် ခါမီဒါ မာဆာအိုတစ်ယောက် စိတ်ဆိုးမာန်ဆိုးဖြင့် နုတ်ထွက်သွားသည်ဟုသာ ထင်မှတ်နေခဲ့ပြီး၊ ခါမီဒါအနေဖြင့် အကြောင်းပြချက်ရှာကာ ရာထူးမှ ခွာရန် အစောကတည်းက ကြံစည်ထားသည်ကိုမူ လုံးဝ မသိရှိခဲ့ပါချေ။
ပြင်ပအခြေအနေများမှာ ခဲခဲယဉ်ယဉ်နှင့် တည်ငြိမ်စပြုလာသည့် အချိန်ဝယ်၊ တရုတ်ပြည်ဘက်၌ နောက်ထပ် အခက်အခဲတစ်ခု ပေါ်ပေါက်လာခဲ့ပြန်သည်။ ဤအခက်အခဲမှာ Lenovo Groupထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
"လောင်လျူ... ဘယ်လို အခြေအနေမျိုးလဲဆိုတာ ရှင်းပြပါဦး" ဖုန်းယွီက ပေါ့ပေါ့ပါးပါး ထိုင်ရင်း မေးမြန်းလိုက်သည်။ အင်တာနက်ပေါ်တွင်လည်း Lenovo Groupအပေါ် ပြင်းထန်သော အပျက်သဘောဆောင် ဝေဖန်မှုမျိုးကို သူ မတွေ့ရှိခဲ့ပါချေ။
လျူချွမ်းကျစ်သည် စီးကရက်ကို နှစ်ချက်ခန့် ပြင်းပြင်းရှူလိုက်ပြီးနောက်၊ စီးကရက်တိုကို ပြာခွက်အတွင်း၌ ဖိခြေ၍ ငြှိမ်းသတ်လိုက်ကာ ဆိုလိုက်သည်။ "ယွမ်ချင်း... မင်းပဲ ရှင်းပြလိုက်ပါတော့"
ရန်ယွမ်ချင်းက ခေါင်းညိတ်၍ အကျိုးအကြောင်းကို တင်ပြလာသည်။ "မန်နေဂျာဖုန်း၊ ကျုံးဥက္ကဋ္ဌ... ကျွန်တော်တို့ မကြာသေးမီက ဖြန့်ချိခဲ့တဲ့ အင်တာနက်သုံး Netbook တွေက ပရိသတ်အကြိုက် တွေ့နေကြသလို ရောင်းအားလည်း အလွန်ကောင်းမွန်ပါတယ်။ ပြီးတော့ ဒီအချက်ကပဲ ဈေးချိုတဲ့ လပ်တော့ပ်ကွန်ပျူတာ ဈေးကွက်သစ်ကို ထိုးဖောက်နိုင်ဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်"
"အခုဆိုရင် PC ထုတ်လုပ်သူ အားလုံးနီးပါးက ဒီဈေးကွက်ကို မျက်စိကျနေကြပြီး၊ ဈေးချိုတဲ့ Netbook တွေကို ထုတ်လုပ်ဖို့ ကြံစည်နေကြသလို သုတေသနတွေလည်း လုပ်နေကြပါပြီ။ အဲဒီအထဲမှာ ကျွန်တော်တို့ ပြည်တွင်းက ထုတ်လုပ်သူအချို့လည်း ပါဝင်နေတယ်"
"ဒီနေ့ မနက်ပိုင်းမှာပဲ ကျွန်တော်နဲ့ လျူဥက္ကဋ္ဌတို့ဟာ သိပ္ပံအကယ်ဒမီက ခေါင်းဆောင်တွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ကို ပြည်တွင်း PC အမှတ်တံဆိပ်တွေကို ကူညီဖေးမပေးဖို့ ပြောလာကြတယ်၊ ဒါဟာ အထက်လူကြီးတွေရဲ့ဆန္ဒလို့လည်း ဆိုပါတယ်"
ကျုံးချင်းရှန်က မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။ " Hasee ဘက်က အထက်လူကြီးတွေကို စည်းရုံးလိုက်တာလား"
ရန်ယွမ်ချင်းက ခေါင်းခါပြလိုက်ရင်း ရှင်းပြလိုက်သည်။ "Hasee မဟုတ်ပါဘူး။ Haseeက ဖက်စပ်လုပ်ငန်း ဖြစ်ပေမဲ့ ပုဂ္ဂလိကလုပ်ငန်းက ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတာလေ။ ကျွန်တော် ပြောတာက နိုင်ငံပိုင် လုပ်ငန်းနှစ်ခု၊ တစ်နည်းအားဖြင့် တက္ကသိုလ်ပိုင် လုပ်ငန်းနှစ်ခုအကြောင်းပါ။ တစ်ခုက ပေကျင်းတက္ကသိုလ်ရဲ့ ဖန်းကျန့်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ဟွာချင်းတက္ကသိုလ်ရဲ့ ထုန်းဖန်းပါ"
"သူတို့တွေလား။ ဒါဆိုရင်တော့ အထက်လူကြီးတွေ ဘာလို့ ကြားဝင်လာသလဲဆိုတာ ရှင်းသွားပြီ"
ကျုံးချင်းရှန်သည်လည်း အနည်းငယ် စိတ်ညစ်သွားရသည်။ ဤလုပ်ငန်းနှစ်ခုသည် တရုတ်ပြည်တွင် အတော်ပင် ကျော်ကြားသော IT လုပ်ငန်းများ ဖြစ်ကြသည်။ ထို့အပြင် ထိပ်တန်း တက္ကသိုလ်ကြီး နှစ်ခု၏ ပံ့ပိုးမှု ရှိနေသဖြင့် လူသားအရင်းအမြစ်ပိုင်းတွင်လည်း အားနည်းခြင်း မရှိပါချေ။
တက္ကသိုလ်မှ ဆရာများ၊ ပါမောက္ခများသာမက၊ ပါရဂူဘွဲ့သင်တန်းသားများ၊ မဟာဘွဲ့သင်တန်းသားများနှင့် ဘွဲ့ကြိုကျောင်းသားများစွာ ရှိနေခဲ့သည်။ ထို့ပြင် တရုတ်ပြည်၏ အထက်တန်းလွှာ ခေါင်းဆောင်အတော်များများမှာလည်း ဤတက္ကသိုလ်နှစ်ခုမှ ကျောင်းဆင်းများ ဖြစ်ကြသဖြင့် သံယောဇဉ် နက်ရှိုင်းကြသည် မဟုတ်ပါလား။
ကျုံးချင်းရှန်က ရုတ်တရက် မေးမြန်းလိုက်သည်။ "မန်နေဂျာဖုန်း... ကျွန်တော် မှတ်မိသလောက်ဆိုရင် ခင်ဗျား ပေကျင်းတက္ကသိုလ်ကို လှူဒါန်းခဲ့တာ မနည်းလှပါဘူး။ ဒီ ဖန်းကျန့်မှာ ဘာလို့ ရှယ်ယာ မဝင်ခဲ့တာလဲ?"
အကယ်၍ Taihua Holdings Groupအနေဖြင့် ဖန်းကျန့်တွင် ရှယ်ယာဝင်ထားခဲ့မည်ဆိုပါက အရာရာမှာ ပိုမို လွယ်ကူသွားပေလိမ့်မည်။ ဖန်းကျန့်၏ PC လုပ်ငန်းကို Lenovo Groupနှင့် ပေါင်းစည်းလိုက်ရုံဖြင့် လျန်ရှန့်၏ အင်အားကိုလည်း တိုးမြှင့်နိုင်မည် ဖြစ်သည်။
ဖုန်းယွီက ခပ်အေးအေးပင် ဆိုလိုက်သည်။ "ဟွာချင်းတက္ကသိုလ်ကိုလည်း ငါ မနည်းလှအောင် လှူခဲ့တာပဲလေ။ ဒါက တက္ကသိုလ်ပိုင် လုပ်ငန်းတွေမှာ ရှယ်ယာဝင်တာနဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။ အားလုံးက ကိုယ့်နိုင်ငံရဲ့ လုပ်ငန်းတွေပဲ၊ ငွေရရင်လည်း ကိုယ့်လူမျိုးတွေပဲ ရမှာဆိုတော့ သူတို့ကို ငွေရှာခွင့် ပေးလိုက်တာ ဘာမှ မဖြစ်ပါဘူး"
အကယ်၍ ထိုစဉ်က ပြည်ပအရင်းအနှီးများက ဤတက္ကသိုလ်ပိုင် လုပ်ငန်းနှစ်ခုတွင် ရှယ်ယာဝင်ရန် ကြိုးပမ်းခဲ့မည်ဆိုပါက ဖုန်းယွီအနေဖြင့် သေချာပေါက် ကြားဖြတ်ဝင်ရောက် ရှယ်ယာယူမည်မှာ အမှန်ပင်။ သို့သော် ပြည်ပအရင်းအနှီး ပြဿနာ မရှိခဲ့သဖြင့် ဖုန်းယွီအနေဖြင့် ဤလုပ်ငန်းနှစ်ခုတွင် ရှယ်ယာဝင်ရန် မလိုအပ်ပါချေ။
ထိုသို့ဆိုလျှင် လူအများက ဖုန်းယွီအနေဖြင့် တစ်ဖက်တွင် ငွေလှူဒါန်းနေပြီး အခြားတစ်ဖက်တွင်မူ ကျောင်းပိုင်လုပ်ငန်းများကို ဝါးမြိုနေသည်ဟု ပြောဆိုလာကြပါက နားထောင်လို့ ကောင်းတော့မည် မဟုတ်ပါချေ။
"ဒါဆိုရင် မန်နေဂျာဖုန်းရဲ့ဆိုလိုရင်းက ကျွန်တော်တို့က အဲဒီတက္ကသိုလ်ပိုင် လုပ်ငန်းနှစ်ခုကို ကူညီပေးရမယ်လို့ ဆိုလိုတာလား။ ဒါပေမဲ့ သူတို့ကို Netbook ထုတ်လုပ်ဖို့ ကူညီပေးတာဟာ ကျွန်တော်တို့ရဲ့ ဈေးကွက်ကို ကျွန်တော်တို့ ပြန်ပြီး ပြိုင်ဆိုင်တာနဲ့ အတူတူပဲလေ" ရန်ယွမ်ချင်းက ကန့်ကွက်လိုက်သည်။
ဖုန်းယွီက သူတို့ရှေ့ရှိ စားပွဲတင်ခုံကို ညွှန်ပြလျက် ဆိုလိုက်သည်။ "ငါတို့ တရုတ်ပြည် ဈေးကွက်က ဒီလောက်အထိ ကြီးမားလှတာ။ အခု ငါတို့က ထက်ဝက်ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး၊ ကျန်တဲ့ ဈေးကွက်ဝေစုတွေကို ဂျပန်၊ ဥရောပ၊ အမေရိက၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယား ထုတ်ကုန်တွေက ခွဲဝေယူနေကြတာလေ"
"အခု ငါတို့က ဈေးကွက်အသစ်တစ်ခုကို ဖော်ဆောင်လိုက်ပြီဆိုတော့၊ အခြား ဒေသတွေက ထုတ်ကုန်တွေကလည်း ငါတို့ကို လာပြီး ပြိုင်ကြတော့မှာပဲ။ ခင်ဗျားတို့ ထင်သလား... ငါတို့က ဒီဈေးကွက် တစ်ခုလုံးကို ရာနှုန်းပြည့် သိမ်းပိုက်ထားနိုင်မယ်လို့"
"ငါတို့က ရာနှုန်းပြည့် မသိမ်းပိုက်နိုင်တာ သေချာနေမှတော့၊ တခြားသူကိုတော့ ဝေစုခွဲပေးရမှာပဲ။ အဲဒီလို ခွဲပေးမယ့်အစား ကိုယ့်နိုင်ငံက လုပ်ငန်းတွေကိုပဲ ကူညီလိုက်ကြတာပေါ့။ သူတို့ကို ဒီငွေတွေ ရှာခွင့်ပေးခြင်းအားဖြင့် အခြားသော ပြည်ပပြိုင်ဘက်တွေကို ဖယ်ထုတ်နိုင်မှာလေ"
"အနည်းဆုံးတော့ သူတို့က ကိုယ့်လူမျိုးတွေ ဖြစ်နေသေးသလို၊ အခြား ပြိုင်ဘက်တွေအတွက်လည်း ထင်ယောင်ထင်မှား ဖြစ်စေနိုင်တယ်။ တရုတ်ပြည် ဈေးကွက်မှာ Netbook တွေကို ထုတ်လုပ်နေတဲ့သူတွေ အများကြီး ရှိနေပြီဆိုတာကို မြင်သွားရင် သူတို့ ဝင်လာတဲ့အခါမှာ စားစရာ ဘာမှသိပ်မကျန်တော့ဘူးလို့ ယူဆသွားကြမှာပေါ့"
"မန်နေဂျာဖုန်းရဲ့ဆိုလိုရင်းက ကျွန်တော်တို့က ထုန်းဖန်းနဲ့ ဖန်းကျန့်ကို နည်းပညာပိုင်းအရ ကူညီပေးပြီး၊ သူတို့နဲ့ ကျန်းမာတဲ့ ပြိုင်ဆိုင်မှုမျိုး လုပ်ဆောင်ရင်း အခြား ပြိုင်ဘက်တွေကို ဟန့်တားဖို့ပေါ့ ဟုတ်လား" ရန်ယွမ်ချင်းက အသေးစိတ် မေးမြန်းလိုက်သည်။
"ဒါဟာ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ သူတို့က နည်းပညာပိုင်းနဲ့ ကုန်ကျစရိတ်ပိုင်းမှာ ငါတို့ကို ဘယ်လိုမှ မမီနိုင်တဲ့အတွက် ငါတို့ရဲ့ ပြိုင်ဘက်အစစ်အမှန် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငြင်းပယ်လို့ မရတဲ့ အချက်ကတော့ သူတို့ဆီကနေ ထူးခြားတဲ့ ထုတ်ကုန်တွေ ထွက်လာနိုင်ခြေ ရှိနေတာပဲ။ အကယ်၍ သူတို့က တကယ်ပဲ ဈေးနှုန်းနဲ့ စွမ်းဆောင်ရည် ပိုကောင်းတဲ့ Netbook တွေကို ထုတ်လုပ်နိုင်ခဲ့ရင်၊ ဒီဈေးကွက်ဝေစုလေးကို သူတို့ကို ပေးလိုက်ရင်ကော ဘာဖြစ်မှာလဲ"
Netbook ရောင်းအားမှာ ကောင်းမွန်လှသည်ဆိုစေဦးတော့၊ အမြတ်အစွန်းမှာမူ နည်းပါးလှပေသည်။ Lenovo Groupအနေဖြင့် အလွန်ပါးလွှာသော လပ်တော့ပ်များကို ဖော်ဆောင်ပြီးသည့် အခါတွင် ဈေးကွက်ကို ပြန်လည် သိမ်းပိုက်နိုင်ဆဲ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤဈေးကွက်သည် တရုတ်လုပ်ငန်းများ၏ လက်ထဲတွင်သာ ရှိနေရမည်၊ ဤသည်မှာ လုံလောက်လှပေပြီ။ ဖုန်းယွီသည် ပြည်ပလုပ်ငန်းများကို နေရာမပေးလိုသလို ထိုင်ဝမ်လုပ်ငန်းများကိုလည်း နေရာမပေးလိုပါချေ။
"ဒါဆိုရင် ကျွန်တော်တို့က မူပိုင်ခွင့် အသုံးပြုခအချို့ကို ကောက်ခံရမှာလား။ ဒါမှမဟုတ်ရင် ငါတို့ဘက်က တိုက်ရိုက် ရှယ်ယာဝင်လိုက်ပြီး သူတို့ကို ငါတို့ရဲ့ မဟာမိတ်အဖွဲ့ထဲကို ဆွဲသွင်းလိုက်ရမလား?" လျူချွမ်းကျစ်က ခဏစဉ်းစားပြီး မေးလိုက်သည်။
အကယ်၍ Lenovo Groupအနေဖြင့် ထိုလုပ်ငန်းနှစ်ခုတွင် ရှယ်ယာဝင်ရန် ကြိုးပမ်းမည်ဆိုပါက များစွာ မခက်ခဲလှပါချေ။ Lenovo ဆီမှ အကျိုးအမြတ် လိုချင်ပါက တစ်စုံတစ်ရာ ပြန်လည် ပေးဆပ်ရမည် မဟုတ်ပါလော။
လျူချွမ်းကျစ် စဉ်းစားခဲ့ဖူးသည်မှာ ဤလုပ်ငန်းနှစ်ခုကို Lenovo၏ လက်အောက်ခံ ကုမ္ပဏီများအဖြစ် ပြောင်းလဲပစ်ရန်နှင့် ထုတ်ကုန် သုတေသနပိုင်းကိုသာ အဓိကထား လုပ်ဆောင်စေရန် ဖြစ်သည်။ ထိုသို့ဖြင့် Lenovo၏ ထုတ်ကုန်အမျိုးအစားများကို ပိုမို စုံလင်စေမည် ဖြစ်သည်။
ထိုလုပ်ငန်းနှစ်ခုသည် အီလက်ထရွန်နစ် အဘိဓာန်များ၊ သင်ကြားရေးစက်များ၊ အသံဖမ်းစက်များ၊ MP3နှင့် U-disk အစရှိသည်တို့ကို သုတေသနပြုရာတွင် အတော်ပင် ကောင်းမွန်လှသည်။ ၎င်းတို့သည် Wind-Rain Electronics အစရှိသည့် လုပ်ငန်းများထံမှ မူပိုင်ခွင့်များ ရယူကာ ကြီးထွားလာခဲ့ခြင်း ဖြစ်စေဦးတော့….
သို့သော်လည်း ထိုအချက်ကြောင့်ပင် လျူချွမ်းကျစ်သည် ထိုလုပ်ငန်းနှစ်ခုကို ဝယ်ယူရန် ဝန်လေးနေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထုတ်ကုန်အမျိုးအစားများမှာ Wind-Rain Electronicsနှင့် AIWA Electronicsတို့နှင့် ထပ်တူကျနေသောကြောင့်ပင်။
ဖုန်းယွီက လက်ကာပြလိုက်ရင်း ဆိုလိုက်သည်။ "သူတို့က ငါတို့ကို ရှယ်ယာဝင်ခွင့် ပေးမယ်ဆိုရင်တော့ ဝင်တာပေါ့၊ ဒါပေမဲ့ သူတို့ မလိုလားဘူးဆိုရင်လည်း အတင်းအကျပ် မလုပ်ပါနဲ့။ မူပိုင်ခွင့်တွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ လိုင်စင် ချပေးလိုက်ရင် ရပါပြီ။ ငါတို့ Lenovo Groupရဲ့ အနာဂတ် ဦးတည်ချက်ကတော့ ဈေးနှုန်းနဲ့ စွမ်းဆောင်ရည် အချိုးအစားကို အစဉ်တစိုက် မြှင့်တင်သွားဖို့ပဲ။ ဒီ Netbook ဆိုတာက အခုတော့ ကောင်းနေပေမဲ့ နှစ်အနည်းငယ် ကြာရင်တော့ ရေပန်းစားတော့မှာ မဟုတ်ပါဘူး"
ယခုအချိန်တွင် ဤဈေးချိုသော လပ်တော့ပ်များမှာ အဆင်ပြေနေဆဲဖြစ်သော်လည်း၊ ဖုန်းယွီ ပြန်လည်မွေးဖွားခြင်းမတိုင်မီ အချိန်တွင်မူ ဝယ်ယူသူ အလွန် နည်းပါးသွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် အင်တာနက် အသုံးပြုရန်အတွက်ဆိုလျှင် လူအများက ပိုမို သေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူသည့်အပြင် စွမ်းဆောင်ရည်လည်း မညံ့လှသော Tablet များကိုသာ ဝယ်ယူကြတော့မည် မဟုတ်ပါလား။
"ကောင်းပါပြီ... ဒါဆိုရင်တော့ ကျွန်တော်တို့ အထက်လူကြီးတွေရဲ့ တိုက်တွန်းမှုကို လိုက်နာပြီး အမျိုးသား IT လုပ်ငန်းတွေကို ကူညီဖေးမပေးလိုက်ပါ့မယ်" လျူချွမ်းကျစ်က ဆုံးဖြတ်ချက် ချလိုက်သည်။
သေချာတာပေါ့... ဤကူညီမှုမှာလည်း အကန့်အသတ် ရှိပေလိမ့်မည်။ ထိုလုပ်ငန်းနှစ်ခုအား Lenovo Groupထက် သာလွန်သွားအောင် လုပ်ဆောင်ပေးမည် မဟုတ်ပါချေ။ Lenovo Groupဆိုသည်မှာ လျူချွမ်းကျစ်၏ အိပ်မက်ဖြစ်သလို၊ တရုတ်ပြည် IT လုပ်ငန်းများ၏ ပြယုဂ်လည်း ဖြစ်သည် မဟုတ်ပါလား။
ဖုန်းယွီ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဤကိစ္စကြောင့် အခြားသော PC ထုတ်လုပ်သူများသည် ဤနယ်ပယ်၌သာ အာရုံစိုက်နေကြမည်ဆိုပါက ပို၍ပင်ကောင်းမွန်လှပေသည်။ အလွန်ပါးလွှာသော လပ်တော့ပ် ပေါ်လာသည့် အခါတွင် ၎င်းတို့ကို တစ်ခေါက် နာကျင်အောင် လုပ်ဆောင်မည်ဖြစ်ပြီး၊ Tablet ပေါ်လာသည့် အခါတွင်မူ ဤဈေးကွက်ကို အမြစ်ပြတ် ချေမှုန်းပစ်မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် Lenovoသည် ကမ္ဘာ့ PC လောက၏ အကြွင်းမဲ့ ခေါင်းဆောင်ကြီးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်တော့မည်သာ ဖြစ်တော့သည်။
******
အခန်း ၁၄၃၅။ အမှိုက်သိမ်းခြင်းသည် ဧရာမ စီးပွားရေးကြီး ဖြစ်သည်
"Boss... အောင်မြင်သွားပါပြီ၊ အလိုရှိတဲ့ နည်းပညာတွေ အားလုံးကို ဝယ်ယူပြီးပါပြီ"
"အရမ်းကောင်းတယ်။ လောင်ကျုံးနဲ့ ဆက်သွယ်လိုက်ပါ၊ စက်ရုံတည်ဆောက်မယ့် နေရာရွေးဖို့ လူလွှတ်ဖို့ သူ့ကို အသိပေးလိုက်ဦး"
ဆယ်မိနစ်ခန့်အကြာတွင် ဖုန်းယွီသည် ပြေးစက်ပေါ်တွင် အပြေးလေ့ကျင့်ခန်း လုပ်နေစဉ်၊ စားပွဲပေါ်ရှိ ဖုန်းဆီမှ Wind and Rain ဖုန်း၏ ရင်းနှီးပြီးသား တေးသံလေး ထွက်ပေါ်လာခဲ့သည်။
"လောင်ကျုံး... ခါမီဒါ ခင်ဗျားဆီ ဖုန်းဆက်တယ် ဟုတ်လား?" ဖုန်းယွီသည် ချွေးများကို သုတ်ရင်း အခန်းအတွင်း လမ်းလျှောက်နေခဲ့သည်။ အပြေးလေ့ကျင့်ပြီးစတွင် ချက်ချင်း ထိုင်ချ၍ အနားမယူသင့်ပါချေ။
"မန်နေဂျာဖုန်း... ခုနလေးတင် ခါမီဒါ မာဆာအိုကျွန်တော့်ဆီ ဖုန်းဆက်တယ်။ ဂျပန်မှာ အမှိုက်စွန့်ပစ်ပစ္စည်း ကိုင်တွယ်တဲ့ ကုမ္ပဏီတစ်ခုကို ဝယ်လိုက်ပြီတဲ့၊ အဲဒါကို Taihua Holdings ဆီ ရောင်းချပြီးတော့၊ ကျွန်တော်တို့ကို တရုတ်ပြည်မှာ စက်ရုံတည်ဆောက်ခိုင်းနေတယ် ဆိုတာ ဟုတ်လား?" ကျုံးချင်းရှန်၏ လေသံတွင် မယုံကြည်နိုင်မှုများ သိသိသာသာ ပေါ်လွင်နေခဲ့သည်။
"ဟုတ်တယ်"
"မန်နေဂျာဖုန်း... ဒါက ခင်ဗျားရဲ့အကြံပဲလား?" ကျုံးချင်းရှန်က နောက်တစ်ကြိမ် ထပ်မံ၍ အတည်ပြုလိုက်သည်။
"အတိအကျပါပဲ၊ ဘာဖြစ်လို့လဲ?"
"မန်နေဂျာဖုန်း... ငါတို့ Taihua Holdings က ဘယ်တုန်းကစပြီး အမှိုက်ကောက်တဲ့ အလုပ်မှာ ရင်းနှီးမြှုပ်နှံခဲ့တာလဲ"
အဟွတ်... အဟွတ်...
ဖုန်းယွီတစ်ယောက် မိမိ၏တံတွေးနှင့်ပင် မိမိ ပြန်သီးကာ သေလုမတတ် ဖြစ်သွားရသည်။ အမှိုက်ကောက်တဲ့ အလုပ်မှာ ရင်းနှီးမြှုပ်နှံတယ် ဟုတ်လား။ ဤသည်ကို "စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချမှုနှင့် ကိုင်တွယ်ဖြေရှင်းခြင်း" ဟု ခေါ်ဆိုသည် မဟုတ်ပါလား။
"လောင်ကျုံး... ငါတို့ ရင်းနှီးမြှုပ်နှံတာက အမှိုက်ကောက်တဲ့ အလုပ် မဟုတ်ပါဘူး။ Electronic waste recycling and treatment company (အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချမှုနဲ့ ကိုင်တွယ်ဖြေရှင်းတဲ့ ကုမ္ပဏီ) မှာ ရင်းနှီးမြှုပ်နှံတာပါ။ အဲဒါက စွန့်ပစ်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ အီလက်ထရွန်နစ် ကိရိယာတွေနဲ့ သက်တမ်းကုန်သွားတဲ့ ပစ္စည်းတွေကို ပြန်လည်စုဆောင်း၊ ခွဲထုတ်ပြီး အသုံးဝင်တဲ့ ထုတ်ကုန်တွေအဖြစ် သန့်စင်ထုတ်ယူတာလေ။ အဲဒီထုတ်ကုန်တွေက အဓိကအားဖြင့် သတ္တုရိုင်းတွေပဲ။ ဥပမာ - ကြေးနီ၊ ရွှေ၊ ခဲ၊ သံ၊ ခဲမဖြူ အစရှိတာတွေပေါ့။ ပြီးတော့ ခွဲထုတ်လိုက်တဲ့ ပလတ်စတစ်တွေကိုလည်း အရည်ဖျော်ပြီး ပြန်လည် အသုံးပြုလို့ ရသေးတယ်။ အညံ့ဆုံး အဆင့်ဆိုရင်တောင်မှ မီးရှို့ပြီး စွမ်းအင် ရယူလို့ ရတယ်လေ"
"ကျွန်တော် ခင်ဗျားကို ပြောပြမယ်... ဒီအီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းတွေကနေ သန့်စင်ထုတ်ယူရရှိတဲ့ သတ္တုတွေဟာ သဘာဝ သတ္တုတွင်းတွေကနေ တူးဖော်ရတဲ့ ကုန်ကျစရိတ်ထက် အများကြီး ပိုပြီးသက်သာပါတယ်။ ပြီးတော့ အဲဒီထဲမှာ ပါဝင်တဲ့ အဖိုးတန် သတ္တုတွေရဲ့ ပမာဏဟာ သဘာဝ သတ္တုတွင်းတွေထက် ဆယ်ဆကနေ အဆပေါင်းများစွာအထိ ပိုပြီးများပြားနေတာပါ။ အဲဒီထဲက အမြတ်အစွန်းကတော့ လုံးဝမနည်းလှပါဘူး။ ခင်ဗျားရဲ့အမြင်မှာ အမှိုက်ကောက်တာလို့ ထင်ရပေမဲ့၊ ဒါဟာ တကယ့်ကို ဧရာမ စီးပွားရေးကြီး"
"ဒါမျိုး မဟုတ်ရင် အမေရိက၊ ဂျပန်၊ ပြင်သစ် နဲ့ ဂျာမနီလို ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဘာလို့ ဒီပစ္စည်းတွေကို ပြန်လည် စုဆောင်းဖို့ ဒီလောက်အထိ တက်တက်ကြွကြွ လုပ်နေကြမှာလဲ။ ခင်ဗျား မသိဘူးလား... ဂျပန်ဟာ နှစ်စဉ် ငါတို့ဆီကနေ ဒီလို စွန့်ပစ်ပစ္စည်းတွေကို သင်္ဘောတွေနဲ့ ဘယ်လောက်တောင် သယ်သွားတယ်ဆိုတာကို။ အကယ်၍ ငွေမရဘူးဆိုရင် သူတို့က ငါတို့ကို ကူညီပေးတဲ့ စေတနာရှင်တွေလို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား?"
အရင်တုန်းက ဂျပန်ကုန်သည်တွေဟာ တရုတ်ပြည် ဆီကနေ အဲဒီ အီလက်ထရွန်နစ် အမှိုက်တွေကို သယ်သွားတဲ့အခါ၊ တစ်ပြားတစ်ချပ်မှ ပေးစရာ မလိုတဲ့အပြင်၊ အသွားအပြန် လမ်းစရိတ်ကိုတောင် တရုတ်ဘက်ကနေ ပြန်ပြီး ကျခံပေးခဲ့ရတာပါ။ ပြီးတော့ သူတို့ကို ပင်ပန်းရကျိုးနပ်အောင်ဆိုပြီး ပင်ပန်းခတွေတောင် ပေးခဲ့ရသေးတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က အမှိုက်တွေကို ကူညီ ရှင်းလင်းပေးတာပဲ မဟုတ်လား။
ဤအီလက်ထရွန်နစ် အမှိုက်များတွင် အဆိပ်အတောက် ဖြစ်စေသော သတ္တုဓာတ် အမျိုးမျိုး ပါဝင်နေသဖြင့်၊ ထိုနေရာ၌ပင် မြေမြှုပ်ပစ်မည်ဆိုပါက ရေနှင့် မြေထုကို ညစ်ညမ်းစေမည်ဖြစ်သလို၊ မီးရှို့ဖျက်ဆီးမည်ဆိုပါကလည်း လေထုညစ်ညမ်းမှုကို ရှောင်လွှဲ၍ မရနိုင်ပါချေ။ ထိုစဉ်က တရုတ်ပြည်တွင် ဤကဲ့သို့သော စွန့်ပစ်ပစ္စည်း ကိုင်တွယ်ဖြေရှင်းမှုပိုင်း၌ သုတေသန လုပ်ဆောင်သူ အလွန်နည်းပါးလှသဖြင့်၊ တစ်စုံတစ်ဦးက လာရောက် သယ်ယူသွားမည်ဆိုပါက ဒေသန္တရအစိုးရများမှာ များစွာဝမ်းမြောက်နေခဲ့ကြခြင်း ဖြစ်သည်။
အထူးသဖြင့် ဒေသဘက်ကနေ လမ်းစရိတ်နဲ့ ပင်ပန်းခလေး နည်းနည်းပဲ အကုန်အကျ ခံရတာမျိုးဆိုရင် ပိုလို့တောင် ဝမ်းသာနေကြသေးသည်။
သို့သော်လည်း နောက်ပိုင်းတွင် တစ်စုံတစ်ဦးက ဤကိစ္စမှာ မရိုးရှင်းကြောင်း သတိပြုမိသွားခဲ့သည်။ တရုတ်နှင့်ဂျပန် ဆက်ဆံရေး တင်းမာနေသည့် အချိန်တွင်ပင်၊ ဂျပန်လူမျိုးများက တရုတ်လူမျိုးများကို မုန်းတီးခြင်း မရှိဘဲ ဤမျှအထိ ကိုယ်ကျိုးမဖက်ဘဲ ကူညီပေးနေပါမည်လား။ အမှိုက်တွေကိုတောင် ကူညီ ရှင်းလင်းပေးတယ် ဟုတ်လား။
နောက်ပိုင်းတွင် အချို့သော လုပ်ငန်းများက ဂျပန်ဘက်က ကိုင်တွယ်ပေးသော တရုတ်ပြည်မှ သတ္တုချေးများအတွင်းမှ ရှားပါးပြီး အဖိုးတန်လှသော သတ္တုများကို သန့်စင်ထုတ်ယူနိုင်ကြောင်း သိရှိသွားကြသည့်အခါတွင်မှ၊ ဂျပန်လူမျိုးများ၏ ပရိယာယ်ကို ရိပ်မိသွားကြတော့သည်။
ထိုအခါမှစ၍ ထိုသတ္တုချေးများကို ဂျပန်လူမျိုးများအား "စေတနာအပြည့်ဖြင့်" ကူညီရှင်းလင်းခွင့် မပေးတော့ပါချေ။ ၎င်းတို့ ကိုယ်တိုင်ပင် နည်းလမ်းရှာ၍ သန့်စင်ထုတ်ယူကြတော့သည်။ ထိုသတ္တုချေးများအတွင်းမှ ရရှိသော အရာများသည် ၎င်းတို့ မူလ သန့်စင်ထုတ်ယူခဲ့သော သတ္တုများထက်ပင် ပိုမို အဖိုးတန်နေခဲ့ရာ၊ ၎င်းတို့သည် အမှန်တကယ်ပင် "ဖရဲသီးကို ပစ်ပြီး နှမ်းစေ့ကို ကောက်ခဲ့ခြင်း"သာ ဖြစ်ခဲ့ရသည်။
ဤအဖြစ်အပျက်ကြောင့်ပင် အချို့သောလုပ်ငန်းများက သတိပြုမိသွားခဲ့ကြသည်မှာ သတ္တုချေးကပင် ဤမျှအထိ အဖိုးတန်နေလျှင်၊ အီလက်ထရွန်နစ် အမှိုက်များဆိုသည်မှာ သေချာပေါက် အဖိုးတန်ပစ္စည်းများသာ ဖြစ်ရမည်ဟု ဖြစ်သည်။ သို့မဟုတ်ပါက ဂျပန်လူမျိုးများက အဘယ်ကြောင့် ခင်ဗျားတို့အတွက် ကူညီ ရှင်းလင်းပေးနေပါမည်နည်း။
ဂျပန်ဆိုသည်မှာ အမှိုက်ပုံကြီး တစ်ခုလား။ ဂျပန်လူမျိုးတွေက စေတနာရှင်ကြီးတွေလား။
အဓိပ္ပာယ် မရှိလိုက်တာ…
ဂျပန်လူမျိုးများ၏ ပါးနပ်မှုကို စဉ်းစားမိကြသည့်အခါ၊ အချို့သောသူများသည် ဤအီလက်ထရွန်နစ် အမှိုက်များအတွင်းမှ သတ္တုများကို ခွဲထုတ်သည့် နည်းပညာကို စတင် အလေးထား သုတေသနပြုလာကြသည်။ ဤနယ်ပယ်တွင် တောင်ယွဲ့ဘက်ရှိ ဖွံ့ဖြိုးတိုးတက်မှုမှာ အကောင်းဆုံးဖြစ်ပြီး၊ အစပိုင်းတွင် ဟောင်ကောင်ကုန်သည်များက ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ထိုနေရာသည် တရုတ်ပြည်၏ အီလက်ထရွန်နစ် အမှိုက်ကိုင်တွယ်ဖြေရှင်းရေး ဗဟိုချက်မကြီး ဖြစ်လာခဲ့ပြီး၊ နှစ်စဉ် ဧရာမ ပမာဏရှိသော အီလက်ထရွန်နစ် အမှိုက်များကို ထိုနေရာသို့ ပို့ဆောင်ကာ ကိုင်တွယ် ဖြေရှင်းခဲ့ကြသည်။
သို့သော်လည်း တရုတ်ပြည် ဘက်မှ နည်းပညာမှာ အလွန်ပင် ကြမ်းတမ်းလှပြီး၊ အထူးသဖြင့် ညစ်ညမ်းမှု ထိန်းချုပ်ရေးပိုင်းတွင် များစွာအားနည်းနေခဲ့သည်။
ဤသည်မှာ လတ်တလော ပေါ်ထွက်လာသည့် လုပ်ငန်းနယ်ပယ် ဖြစ်သည့်အပြင်၊ ထိုစဉ်က ဤလုပ်ငန်းမှာ စတင် ထွန်းကားလာကာစ ဖြစ်သဖြင့်၊ ကဏ္ဍအသီးသီးရှိ စံနှုန်းများမှာ နိုင်ငံတကာ စံနှုန်းများထက် များစွာ လျော့ရဲနေခဲ့သည်။ ဤသည်မှာလည်း တရုတ်ပြည် ရှိ အီလက်ထရွန်နစ် အမှိုက် ကိုင်တွယ်သည့် စက်ရုံများမှ ထွက်ရှိသော ညစ်ညမ်းပစ္စည်းများကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမှာ အလွန်ပင် ဆိုးရွားလှကြောင်းကို ပြသနေခဲ့သည်။
"မန်နေဂျာဖုန်း... ခင်ဗျား ပြောတာကို ကျွန်တော်လည်း သိပါတယ်။ တောင်ယွဲ့ဘက်မှာ ဒီလို စက်ရုံတွေ အများကြီး ရှိနေတာပဲလေ။ မြို့တစ်မြို့လုံးမှာ ဒီလိုစက်ရုံတွေပဲ အနှံ့အပြား ရှိနေတာ။ ဒါပေမဲ့ အဲဒီက ညစ်ညမ်းမှုက ဘယ်လောက်အထိ ဆိုးရွားသလဲဆိုတာ ခင်ဗျားလည်း သိမှာပါ။ အဲဒီစက်ရုံတွေမှာ လုပ်ကိုင်တဲ့သူတွေမှာ အရေပြားရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အာရုံကြောဆိုင်ရာ ရောဂါနဲ့ အစာခြေစနစ်ဆိုင်ရာ ရောဂါတွေ အများကြီး ခံစားနေကြရတာ"
"ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာပေါ်မှာ အီလက်ထရွန်နစ် အမှိုက် ထွက်ရှိမှု အများဆုံး နိုင်ငံတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်နေတာကိုလည်း ကျွန်တော် သိပါတယ်။ အမေရိကကို မမီသေးပေမဲ့၊ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် ထိပ်တန်းဆယ်နိုင်ငံစာရင်းထဲမှာ ပါနေတာပါ။ ဒါပေမဲ့ ခင်ဗျားက ဒီလိုပတ်ဝန်းကျင်ကို ညစ်ညမ်းစေမယ့် အရာမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင်၊ ဒါဟာ ငါတို့ Taihua Holdingsရဲ့ ဂုဏ်သတင်းကို မထိခိုက်နိုင်ဘူးလား?" ကျုံးချင်းရှန်က ဖျောင်းဖျပြောဆိုလိုက်သည်။
ဤအီလက်ထရွန်နစ် အမှိုက်တွေကို ပြည်ပက ကုမ္ပဏီတွေကိုပဲ ရောင်းချလိုက်ကြတာပေါ့။ တကယ်လို့ မဖြစ်မနေ လုပ်မယ်ဆိုရင်လည်း စက်ရုံကို ရုရှားမှာ သွားဆောက်လို့ ရတာပဲ၊ ဘာပဲဖြစ်ဖြစ် အဲဒီမှာက မြေနေရာ ကျယ်ဝန်းပြီး လူနေကျဲတာပဲလေ။
"လောင်ကျုံး... ခင်ဗျား မသိသေးတာက အခု ဝယ်ယူထားတဲ့ နည်းပညာက ဘယ်လောက်အထိ အဆင့်မြင့်တယ်ဆိုတာကိုပါ။ ခါမီဒါ မာဆာအိုက ကျွန်တော့်ကို အာမခံထားပါတယ်၊ ဒါဟာ သေချာပေါက် နိုင်ငံတကာမှာ ထိပ်တန်းက ဦးဆောင်နေတဲ့ နည်းပညာ ဖြစ်ပြီး၊ စက်ကိရိယာတွေကတစ်ဆင့် စံနှုန်းမီ စွန့်ထုတ်မှု ဖြစ်အောင် ထိန်းချုပ်နိုင်တာမို့၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို မဖြစ်စေရပါဘူး"
ဖုန်းယွီကိုယ်တိုင်သည်လည်း ပတ်ဝန်းကျင် ညစ်ညမ်းမှုကို အလွန်ပင် မုန်းတီးသူ ဖြစ်သည်။ သူသည် အမြတ်အစွန်းအတွက်ကြောင့်နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျစ်လျူရှုမည့်သူ မဟုတ်ပါချေ။
ညစ်ညမ်းမှု ထိန်းချုပ်ရေး စက်ကိရိယာများကို ဈေးကြီးပေးပြီး တပ်ဆင်ရုံသာ မဟုတ်ပါလား၊ ဤအချက်ကို ဖုန်းယွီထည့်သွင်း စဉ်းစားပြီးသား ဖြစ်သည်။ သို့သော်လည်း ဤရင်းနှီးမြှုပ်နှံမှုသည် အချိန်တိုအတွင်း ငွေရနိုင်လိမ့်မည် မဟုတ်သော်လည်း၊ ရေရှည်အတွက် ကြည့်မည်ဆိုပါက များစွာတွက်ခြေကိုက်လှပေသည်။
နောင်တွင် တရုတ်ပြည်၌ အီလက်ထရွန်နစ် အမှိုက်များမှာ ပိုမိုများပြားလာပေလိမ့်မည်။ ကမ္ဘာ့ထုတ်လုပ်ရေး စက်ရုံကြီး ဖြစ်နေသလို၊ လူဦးရေ များပြားလှသဖြင့် လျှပ်စစ်နှင့် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများမှာ သေချာပေါက် ပိုမို တိုးပွားလာမည် ဖြစ်သည်။
အနာဂတ်တွင် အမေရိကထက် ပိုများမည်ဟု မဆိုနိုင်စေဦးတော့၊ ကမ္ဘာ့ထိပ်တန်း သုံးနိုင်ငံစာရင်းဝင် ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာလှသည်။
ပြည်တွင်းရှိ စံနှုန်းမမီသော စက်ရုံငယ်လေးများကို ကိုင်တွယ်ခိုင်းနေမည့်အစား၊ သို့မဟုတ် ဂျပန်လူမျိုးများကို ငွေရှာခွင့် ပေးနေမည့်အစား၊ မိမိကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းပြီး ငွေရှာခြင်းက ပို၍ မကောင်းဘူးလား။ ထို့အပြင် သတ္တု ကုန်ကြမ်း အမြောက်အမြားကိုပါ ခွဲထုတ်ရရှိနိုင်သဖြင့် ပြန်လည်အသုံးပြုမှုကို လုပ်ဆောင်နိုင်ကာ စစ်မှန်သော ဂေဟစနစ် စက်မှုဝန်းကျင်ကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။
"ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရဘူး ဟုတ်လား။ ဓာတုနည်းနဲ့ ကိုင်တွယ်တာပဲဖြစ်ဖြစ်၊ မီးရှို့ပြီး ကိုင်တွယ်တာပဲဖြစ်ဖြစ် သေချာပေါက် ညစ်ညမ်းမှု ဖြစ်မှာပဲလေ။ အထူးသဖြင့် အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ စွန့်ထုတ်မှုက၊ ညစ်ညမ်းတဲ့ ရေတွေကို ကိုင်တွယ်တာထက် အများကြီး ပိုပြီး ခက်ခဲတာ" ကျုံးချင်းရှန် က အခိုင်အမာ ဆိုလိုက်သည်။
"ဒါပေမဲ့ ဒီနည်းပညာက စက်မှုဆိုင်ရာ သီးခြားခွဲထုတ်မှုနဲ့ အသုံးချ ပြန်လည်ရယူခြင်းနဲ့ အဏုဇီဝပိုးမွှား အသုံးချ သန့်စင်နည်း အစရှိတဲ့ နည်းလမ်းတွေကို အသုံးပြုထားတာ။ တခြားသော ကိုင်တွယ်နည်း အမြောက်အမြားလည်း ပါဝင်ပါသေးတယ်။ ဒါဟာ နိုင်ငံတကာမှာ အဆင့်အမြင့်ဆုံး ကိုင်တွယ်နည်းဖြစ်လို့ ညစ်ညမ်းမှု အနည်းဆုံးပါပဲ။ ခင်ဗျား စဉ်းစားကြည့်ပါဦး... ဂျပန်က ဒီလောက် သေးငယ်တဲ့ နေရာလေးမှာ၊ အကယ်၍သာ ပြင်းထန်တဲ့ ညစ်ညမ်းမှုတွေ ဖြစ်မယ်ဆိုရင်၊ ဂျပန်ရဲ့ အီလက်ထရွန်နစ် အမှိုက်ထွက်ရှိမှု ပမာဏနဲ့ ငါတို့ဆီက သယ်သွားတာတွေကိုပါ ပေါင်းလိုက်ရင် ဂျပန်ရဲ့ ပတ်ဝန်းကျင်က အစောကတည်းက ပျက်စီးသွားလောက်ပြီ မဟုတ်လား?"
"ခင်ဗျား စိတ်ချပါ လောင်ကျုံး… ကျွန်တော်ကတော့ လုပ်ငန်းက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ အကယ်၍သာ တကယ်ပဲ ညစ်ညမ်းမှု ဖြစ်လာမယ်ဆိုရင်၊ ကျွန်တော် ထုတ်လုပ်မှုကို ချက်ချင်း ရပ်ဆိုင်းလိုက်ပါ့မယ်။ အဲဒီအတွက် ဖြစ်ပေါ်လာတဲ့ ကုန်ကျစရိတ် အားလုံးကိုလည်း ကျွန်တော်ပဲ တာဝန်ယူပါ့မယ်"
"မန်နေဂျာဖုန်း... ကျွန်တော်က အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ ခင်ဗျားဘက်က သေသေချာချာ စဉ်းစားပြီးပြီဆိုရင်တော့ ကျွန်တော် ခင်ဗျားကို ယုံကြည်သလို သေချာပေါက်လည်း ထောက်ပံ့ပေးပါ့မယ်။ ဒီကိစ္စကို ကျွန်တော့်ဆီသာ လွှဲလိုက်ပါ။ ကျွန်တော် အမြန်ဆုံး အရှိန်အဟုန်နဲ့ စက်ရုံကို တည်ဆောက်လိုက်ပါ့မယ်။ ငါတို့ နိုင်ငံရဲ့ အီလက်ထရွန်နစ် အမှိုက်တွေကိုလည်း စောစောစီးစီး စနစ်တကျ ကိုင်တွယ် ဖြေရှင်းနိုင်တာပေါ့"
******