← Chapters

Chapter 1368 - 1369

Vol. 92 Ch. 1368 - 1369

Chapter 1368 - 1369

Vol. 92 Ch. 1368 - 1369

Chapter 1368 နတ်ဘုရားတစ်ပါး ဖြတ်သွားခြင်း

“အကြံကောင်းပဲ”

ထိုစကားက တော်တော်ကလေး နားလည်ရခက်ကာ ဘယ်သူ့ကို ပြောနေမှန်း မသိရပေ။ ယဲ့ဖန်က မယုံနိုင်စရာ ကောင်းသော တစ်စုံတစ်ရာအား သိနားလည်သွားပုံရသည်။

ကျောက်လင်းရွှမ်က ချက်ချင်း အားပါးတရ ရယ်မောလေသည်။

“ရဲ့ဝူထျန်း အရမ်း ဒေါသထွက်မနေပါနဲ့၊ မင်းလည်း သူတို့လို သေဖို့ သိပ်မလိုတော့ပါဘူး”

“သတ် ဒီအယုတ်တမာကောင်ကို အပြစ်ပေးရမယ်”

ရဲ့ဝူထျန်း ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီးနောက် သတ်ဖြတ်လေတော့သည်။

“သတ်”

ထို့နောက် ရဲ့ရှောင်ရှောင်နှင့် အခြားသူများကလည်း ရှေ့သို့ ပြေးတက်လာကြသည်။

“ရဲ့ဝူထျန်း မင်းအသက်ကို ထားခဲ့လိုက်တော့”

ကျောက်လင်းရွှမ်ကလည်း သူ၏ ကြမ်းကြုတ်ရက်စက်မှုကို ပြသပြီး သူ၏ ငယ်သံများကို ဦးဆောင်၍ ချီတက် လာသည်။

နှစ်ဖက်လုံး အချင်းချင်း ထိပ်တိုက်တွေ့ပြီးနောက် ဓားရောင်များနှင့် လူရိပ်များနှင့် ဆူပူအုံကြွကာ သတ်ဖြတ်လိုသော အငွေ့အသက်များက မိုးထိမတတ် တိုးမြင့်လာ၏။

အသက်ရှင်နေသေးသော ရွာသားများသည် ဘေးဘက်၌ အကြောက်လွန်ကာ တုန်ယင်နေကြသည်။ နှစ်ဖက်လုံးက အသည်းအသန် တိုက်ခိုက်နေကြပြီး အချင်းချင်း ဓားများဖြင့် အသေအလဲ ခုခံတိုက်ခိုက်နေသည်။

မကြာခင်မှာပင် ကျောက်လင်းရွှမ်ဘက်က တဖြည်းဖြည်း ရှုံးလာ၏။ အကြောင်းပြချက်မှာ ယင်းလုံ အဖွဲ့အစည်း၌ ဘုရင်အဆင့်တစ်ယောက် ထပ်ရှိနေသောကြောင့်ပင်။ သူမက ဆေးများကြောင့် ဘုရင်အဆင့်သို့ ရောက်လာသည့် သူ ဖြစ်သော်လည်း ဘုရင်အဆင့်ဟု ပြော၍ရသူ ဖြစ်သည်။

မိနစ်ပိုင်းအတွင်း ရဲ့ရှောင်ရှောင်၏ လက်ထဲ၌ သေဆုံးသူ ဆယ်ယောက်ထက် မနည်းတော့ချေ။

“ခွေးမ မိန်းမပျက်မ”

ရင်ဘတ် ထုတ်ချင်းပေါက်သွားသော နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်က ရဲ့ရှောင်ရှောင်အား စူးစိုက် ကြည့်၍ ဆဲရေးတိုင်းထွာလေတော့သည်။

“ခွေးမ ဟုတ်လား”

ရဲ့ရှောင်ရှောင်သည် ချက်ချင်း အမြီးတက်နင်းခံလိုက်ရသလို ဖြစ်သွားပြီး ဆံပင်များ တလူလူလွင့်လာကာ ဓားကို ပြန်ဆွဲထုတ်၍ ခုတ်ပိုင်းလေတော့သည်။ ထို့နောက် ထိုနဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်အား ဆက်တိုက် ဓားဖြင့် ခုတ်လေသည်။

“ငါ့ကို ဆဲတယ်ဟုတ်လား၊ ဆဲဦးလေ၊ ထပ်ဆဲဦးလေ ဟားဟားဟား”

သူမက အရူးမသဖွယ် ရယ်မောနေပြီး တစ်ဖက်လူအား နုတ်နုတ်စင်းနေသည်။ သူမတစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး အလွန် ကြမ်းကြုတ်သည့်အသွင် ပေါ်နေလေသည်။

*ဒီမိန်းမက အရူးပဲ*

ဤသည်ကိုမြင်သော် ကျန်လူမိုက်များ နောက်ဆုတ်ကာ ကြောက်လန့်လာကြသည်။ ရဲ့ရှောင်ရှောင်သည် အစ ကတည်းက ယဲ့ဖန်ကြောင့် စိတ်တိုနေခဲ့ပြီး ဒေါသဖြေခွင့် မရခဲ့ပေ။ ယခု ဤလူများက သူမ၏ ဒေါသအမျက် ဖြေစရာ သားကောင်များ ဖြစ်နေ၏။

ရာချီသော လူဦးရေမှနေ၍ ဆယ်ဂဏန်းအထိ လျော့ကျသွားသည်။ ကျောက်လင်းရွှမ် ရှုံးသည့်ဘက်သို့ ရောက်နေ လေပြီ။

“ကျောက်လင်းရွှမ် မင်း သေချိန်တန်ပြီကွ”

ရဲ့ဝူထျန်းက ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။ ဤဓားပြခေါင်းဆောင်ကို သူ သတ်နိုင်သည်နှင့် ဒေသခံ များ၏ ရင်ထဲမှ သူ့အဆင့်အတန်းက ထပ်မံ၍ မြင့်တက်သွားပေမည်။ သူတို့က သူ့အား နတ်ဘုရားသဖွယ် ကိုးကွယ် လာကြပေလိမ့်မည်။

“မင်း သေချာလား”

သို့သော် ထိုအခိုက်တွင် ကျောက်လင်းရွှမ်က ညစ်ကျယ်ကျယ် အပြုံးမျိုး ပြုံးလာ၏။

*ဟမ်*

ချက်ချင်းဆိုသလိုပင် ရဲ့ဝူထျန်းသည် မကောင်းသော ခံစားချက် ရလာသည်။

*ဒီလိုအချိန်မျိုးမှာ သူ ဘယ်လိုတောင် ရယ်နိုင်တာလဲ*

“စီနီယာ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါဦး”

ကျောက်လင်းရွှမ် ချက်ချင်း အော်ဟစ်လိုက်သည်။

“ဝုန်း ဝုန်း”

ရုတ်တရက် လေပြင်းများ တိုက်ခတ်လာ၏။ လေက ပြင်းထန်လွန်းသဖြင့် အဆင့်တစ်ဆယ် တိုင်ဖုန်း မုန်တိုင်း တိုက်ခတ်နေသည်ဟု ထင်မှတ်ရကာ အရာအားလုံးကို ဖျက်ဆီးလေတော့သည်။

“အား…”

နာကျင်စွာ အော်ဟစ်သံများ ပျံ့လွင့်လာပြီး ယင်းလုံ အဖွဲ့အစည်း၏ လူတစ်ဝက်ကျော်မျှ လွင့်စဉ်သွားပြီး သေဆုံး သွားကြသည်။ သူတို့ကို ဘယ်သူက တိုက်ခိုက်မှန်းတောင် သူတို့ မမြင်လိုက်ကြပါ။

“မင်း”

မကြာခင်မှာပင် ရဲ့ဝူထျန်းသည် အနက်ရောင် အရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာကို မမြင်ရသော်လည်း သူ့တစ်ကိုယ်လုံးမှ ကြမ်းကြုတ်သော အရှိန်အဝါများ ထွက်ပေါ်နေပြီး အလွန်အမင်း ဖိအားပြင်း လှသည်။

ထိုအခိုက်တွင် ရဲ့ဝူထျန်းသည် ကြောက်စိတ်ဟူသော အရာကို ခံစားမိသွားသည်။ ဘာကြောင့်မှန်း မသိသော်လည်း ဤလူထံမှ မိစ္ဆာဆန်သော အငွေ့အသက်ကို သူ ခံစားမိနေသည်။

ဤလူကို မြင်သော် ယင်းလုံ အဖွဲ့အစည်းမှ လူများအားလုံး ခေါင်းမွေးထောင်သွားကြသည်။

*တစ်ချက်တည်းနဲ့ လူတစ်ဝက်ကျော်လောက်ကို သတ်နိုင်တာ၊ ဒါ ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ*

တစ်ဖက်လူ၏ ခန္ဓာကိုယ်မှ သွေးညှီနံ့ကို ရဲ့ဝူထျန်း ရနေသည်။ ထိုသူသည် သူ့ကိုယ်၌ ဖျောက်ဖျက်မရအောင် သွေးနံ့ပါ ကပ်ညိနေသည်အထိ လူပေါင်း မည်မျှ သတ်ခဲ့မှန်း မသိပေ။

ယဲ့ဖန်က သူ့ထက် လူပိုသတ်ခဲ့ပါသည်။ သို့သော် သူ့ကိုယ်မှ သွေးနံ့ကို ဖယ်ရှားနိုင်သည့် အကြောင်းရင်းမှာ သူသည် သူ၏ စစ်မှန်သော အခြေအနေသို့ ပြန်ရောက်သွားသောကြောင့်ပင်။ ထို့ကြောင့်သာ သူ့ကိုယ်၌ သွေးညှီနံ့များ မရှိနေခြင်း ဖြစ်လေသည်။

ဘယ်အရာကိုမဆို အဆုံးစွန်အထိ ပြုလုပ်ပြီးသွားပါက ၎င်း၏ မူလအခြေအနေသို့ ပြန်ရောက်သွားတတ်စမြဲပင်။ ထို့ကြောင့် အနက်ရောင်ဝတ်ရုံနှင့်လူက လူပေါင်းများစွာကို သတ်ခဲ့သော်လည်း ယဲ့ဖန်နှင့်ယှဉ်လျင် အလှမ်းကွာ နေသေးသည်။

ရဲ့ဝူထျန်းသည် ဤမိစ္ဆာကောင်၏ ပြိုင်ဘက် မဟုတ်ကြောင်း သူ့ကိုယ်သူ သိလိုက်သည်။ ထို့ကြောင့် သူ ခပ်တည်တည် ပြောလိုက်သည်။

“လူကြီးမင်းက ဒီလောက် သန်မာတာ၊ ဘာလို့ ကျောက်လင်းရွှမ်လိုလူကို ကူညီပြီး အားနည်းတဲ့လူကို အနိုင်ကျင့် ရတာလဲ၊ လောကကြီးရဲ့ အပြစ်တင်တာ ခံရပြီး နှစ်ပေါင်းများစွာ နာမည်ပျက်မှာကို မကြောက်ဘူးလား”

“ရဲ့ဝူထျန်း မင်း မသိသေးတဲ့ပုံပဲ၊ လူတိုင်းကို မင်းလို အများအကျိုးဆောင်ပြီး ဖြောင့်မတ် တည်ကြည်တဲ့လူလို့ ထင်နေတာလား”

ကျောက်လင်းရွှမ်က အထင်သေးစွာပြုံး၍ မထီမဲ့မြင် ပြောလိုက်သည်။

“ဒီလောကမှာ သူတို့စိတ်ထဲမှာ ဘယ်ဟာက မှန်လဲ၊ မှားလဲ မကြည့်တဲ့ လူစားမျိုး ရှိပြီးသား၊ သူတို့က သူတို့ဆန္ဒ အတိုင်း လုပ်ကြတယ်၊ ဘာလောကကျင့်ဝတ်ကိုမှ အရေးလုပ်မနေဘူး”

သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံနှင့်လူက ထိုသို့သော လူစားမျိုး ဖြစ်ပြီး ယဲ့ဖန်လည်း ထိုနည်းတူပင်။ သူ လုပ်ချင်သော ဘယ်အရာကိုမဆို လုပ်တတ်ပြီး ကောင်းခြင်း၊ ဆိုးခြင်းအား မကြည့်တတ်ချေ။

“ဒူးထောက်စမ်း မင်း ငါ့ကို လူသတ်အောင် ဖိအားမပေးနဲ့”

အနက်ရောင်ဝတ်ရုံနှင့်လူက ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။ သူ့အသံက အလွန် ထူးခြားလွန်းသဖြင့် ယောက်ျားသံလား၊ မိန်းမသံလား မသဲကွဲပေ။ အထင်သေးရွေ့ လွှမ်းမိုးချုပ်ကိုင်လွန်းသည်။ သို့သော် ယင်းက သူ၏ခွန်အားကြောင့်သာ သူ မောက်မာဝင့်ခြင်း ဖြစ်ကြောင်း ပြသနေလေသည်။

ရဲ့ဝူထျန်း မျက်နှာပျက်သွားသည်။ သို့သော် သူ ဒူးမထောက်ပါ။ အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သောသူက ဘယ်လိုလုပ် ဒူးထောက်နိုင်ပါမည်နည်း။ သူ ဒူးထောက်လိုက်လျင် နောင် ဘယ်လိုလုပ် လူရှေ့သူရှေ့ မျက်နှာပြ နိုင်ပါမည်နည်း။

အနက်ရောင်ဝတ်ရုံနှင့်လူက မလိုသော စကားများ ပြောနေသည်ကို ရပ်လိုက်ပြီး လက်ကိုမြှောက်လိုက်သည်။ ထိုအခါ သူ့လက်ထဲ၌ သွေးကဲ့သို့ ရဲရဲနီသော နတ်ဆိုးဓားတစ်လက် ပေါ်လာသည်။

ဓားထိပ်ဖျားအား ပွင့်ချပ်သဖွယ် ရှစ်စိတ် စိတ်ထားသဖြင့် သာမန်ဓားများနှင့်မတူဘဲ ပန်းပွင့်ချပ်နှင့် တူနေသည်။ ထို့ကြောင့် ဤနတ်ဆိုးဓား၏ နာမည်မှာ ကျိုးကွေ့လင် ဖြစ်သည်။

“ကျိုးကွေ့လင်ပါလား မင်းက”

ရဲ့ဝူထျန်း၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားလေသည်။ ဓားကိုမြင်လိုက်သည့်အခိုက်မှာပင် တစ်ဖက်လူက ဘယ်သူလဲ ဆိုတာကို သူ သိသွားသည်။

ထိုသို့ဖြစ်ရခြင်းမှာ ဤဓားပိုင်ရှင်က ရှုကျိုးနယ်မြေတွင်သာမက အင်ပါယာတစ်ခုလုံး၌ပါ ကျော်ကြားသောကြောင့် ဖြစ်သည်။

ရဲ့ဝူထျန်းက ဘုရင်အဆင့် ဖြစ်သော်လည်း တစ်ဖက်လူက သူ့ကို သတ်ချင်စိတ် ရှိလျင် လက်ဖျောက်တီးလိုက်ရုံနှင့် ဖြစ်နိုင်ကြောင်း သူ သိနေသည်။

ထိုမိစ္ဆာကောင်သာ ဤသို့ ထူးဆန်းသော နတ်ဆိုးဓားကို ထိန်းချုပ်နိုင်ပေသည်။ သို့သော် သူ ဘာမှမပြော နိုင်ခင်မှာပင် အနက်ရောင်ဝတ်စုံနှင့်လူက သူ့ကို သတ်ဖြတ်ရန် ဓားအား ဝှေ့ယမ်းလာ၏။

“ရွှစ်…”

ထိုအချိန်တွင် တစ်ဖက်လူက ရက်စက်ကြမ်းကြုတ်သော အပြုံးမျိုး ပြုံးနေပုံ ရသည်။ သူ အကြိုက်ဆုံးအရာမှာ ဓားကို ဝှေ့ယမ်းလိုက်ရသည့် ခံစားချက်နှင့် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားသည့် မြင်ကွင်းပင်။

ရဲ့ဝူထျန်း မျက်မှောင်ကြုတ်သွားပြီး ပြင်းထန်သော အန္တရာယ်ကို ခံစားမိပြီး သူ့ဓားဖြင့် ပြန်တားဆီး၍ ထိုဓားချက်ကို ခုခံရန် ကြိုးစားလေသည်။

သို့သော် ကျူးကွေ့လင်ဓားနှင့် ထိတွေ့မိသောအခါ သူ့လက်ထဲမှဓားက လွင့်ထွက်လုနီးပါး ဖြစ်သွားရသည်။ ထို့နောက် သူ့ပေါ်သို့ တောင်တစ်လုံး ပိကျလာသကဲ့သို့သော ခံစားချက်မျိုး ရလာသဖြင့် အလွန်အမင်း နေရခက်ကာ ဆက်တိုက် လက်တုန်လာသည်။

တစ်ဖက်လူ၏ ဓားစွမ်းအင်က လေးလံပြင်းထန်လွန်းသဖြင့် သူ့အတွက် ခုခံရန် ခဲယဉ်းလာစေသည်။ ရဲ့ဝူထျန်း အံ့အားသင့်လာသည်။ နှစ်ယောက်လုံး သိုင်းအဆင့် တူပါသော်လည်း အဘယ်ကြောင့် ခွန်အားခြင်း ကွာခြားနေ ရသနည်း။

လက်ရှိတွင် တစ်ဖက်လူအား သူ နတ်ဆိုးဟု မြင်လာမိသည်။ သူသည် လက်နှစ်ဖက်လုံးဖြင့် ဓားကို ကိုင်ထား သော်လည်း တစ်ဖက်လူ၏ လက်တစ်ဖက်တည်း သုံးထားသော ဓားချက်ကို မတားနိုင်သဖြင့် ဆောက်တည်ရာမရ ဖြစ်လာသည်။

သူ့တစ်ကိုယ်လုံး တုန်ယင်လာသည်ကို ရဲ့ဝူထျန်းသာလျင် ခံစားမိသည်။ သူ့လက်ထဲမှ ဓားသည် အက်စပြုလာပြီး သူသည်လည်း ဤဓားချက်ကို တားနေရသဖြင့် မောပန်းလာသည်။ ထိုအခါ အနက်ရောင်ဝတ်ရုံနှင့်လူက လှောင်ရယ်လိုက်ပြီး သူ့အား ကန်ထုတ်လိုက်သည်။

“ဝုန်း”

ရဲ့ဝူထျန်း လွင့်ထွက်သွားပြီး အိမ်ငယ်တစ်လုံးပေါ် ပြုတ်ကျကာ ထိုအိမ်နှင့်အတူ အောက်သို့ ပြိုကျသွားလေသည်။

“အစ်ကိုကြီး”

ဤသည်ကိုမြင်သော် ရဲ့ရှောင်ရှောင်နှင့် အခြားသူများ ဝမ်းနည်းကြေကွဲသွားသည်။ သူတို့ထဲမှ အသန်မာဆုံးလူက တစ်ဖက်လူထံ၌ ရှင်းလင်းခြင်း ခံလိုက်ရသည်။ ထို့ကြောင့် သူတို့ ဘာကို အားကိုး၍ တစ်ဖက်လူကို တိုက်ခိုက် ရမည်နည်း။

*ဒီလူက ဘာကြီးလဲ*

“ကျန်တာကို မင်းလက်ထဲ လွှဲလိုက်ပြီ”

အနက်ရောင်ဝတ်ရုံနှင့်လူက အေးတိအေးစက် ပြောလိုက်ပြီး ဓားပြန်ရုတ်၍ နောက်လှည့်ကာ သစ်ပင်အိုကြီး တစ်ပင်ဆီ လျှောက်သွားပြီး တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်လိုက်သည်။

ကျန်လူများကိုမူ သူ ဆက်တိုက်ရန် ပျင်းရိလွန်းနေ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူများက သူ့လက်ထဲ၌ သေဆုံးရန် အရည်အချင်း မရှိသောကြောင့်ပင်။

“စီနီယာရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

ကျောက်လင်းရွှမ်က အလျင်အမြန် လက်နှစ်ဖက်ကို ဆုပ်၍ လေးစားစွာ ဦးညွှတ်လိုက်သည်။ ထို့နောက် ရဲ့ဝူထျန်းနှင့် အခြားသူများကို စဉ်းလဲစွာ ကြည့်လေသည်။

“ရဲ့ဝူထျန်း ဒီနေ့ မင်း သေချာပေါက် သေမယ်လို့ ငါ ပြောခဲ့သားပဲ”

ရဲ့ဝူထျန်း၏ မျက်နှာက ပြာနှမ်းနေပြီး နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျနေကာ အမူအရာ ပျက်ယွင်းနေ၏။ ကျောက်လင်းရွှမ်၌ ဤမျှ ကြမ်းကြုတ်သော ကူညီသူ ရှိနေလိမ့်မည်ဟု သူ ထင်မထားမိပါ။

ယနေ့ သူတို့ ဒုက္ခရောက်တော့မည့်ပုံပင်။ ဤလူမိုက်များသည် ရုတ်တရက် စိတ်အားတက်လာပြီး ယင်းလုံ အဖွဲ့ဝင်များထံသို့ ပြေးဝင်လာသည်။ ယခု သူတို့ ပြန်တိုက်ရတော့မည့်အလှည့်ပင်။

ရဲ့ရှောင်ရှောင်နှင့် အခြားသူများ ရုတ်တရက် သွေးပျက်လာပြီး တစ်ကိုယ်လုံး ကြက်သီးထလာ၏။ နှစ်ဖက်လူများသည် အချင်းချင်း မျက်နှာချင်းဆိုင် အနေအထားဖြင့် ရှိနေကြသည်။ ထိုစဉ် ဤနှစ်ဖက်လူများကြား၌ လူတစ်ယောက် ဖြတ်လျှောက်လာသည်။

သူသည် လက်ထဲ၌ ပေါက်စီကို ကိုင်ထားပြီး ရှေ့သို့ နှစ်လှမ်းလှမ်းလိုက်တိုင်း တစ်ကိုက် ကိုက်စားလေသည်။ သူ့အမူအရာက တည်ငြိမ်ပြီး ခြေလှမ်းများက သက်တောင့်သက်သာ ရှိနေကာ အေးအေးလူလူ လမ်းလျှောက် ထွက်လာသလိုပင်။

ဤနှစ်ဖက်လူများကို လုံးဝ ဥပေက္ခာပြုထားလေသည်။ ထိုအခါ လူတိုင်း အံ့အားသင့်သွားကြသည်။ အထူးသဖြင့် ကျောက်လင်းရွှမ်နှင့် အခြားသူများပင်။ သူတို့မျက်နှာတွင် အံ့ဩဟန်များ ပေါ်နေ၏။

*ဒီကောင်လေးက ဘယ်က ထွက်လာတာလဲ၊ သူက ငါတို့ကြားထဲမှာ ဘယ်လိုတောင် ထောင်ထောင် ထောင်ထောင်နဲ့ လမ်းလျှောက်ရဲတာလဲဟ*

*ဘာပဲဖြစ်ဖြစ် ငါတို့ကို လေးစားမှုလေးတော့ ပြသင့်တာပေါ့*

*ငါတို့က ဓားပြတွေလေ*

*လူသတ်တဲ့ ဓားပြတွေဟ*

ရဲ့ရှောင်ရှောင်နှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။

*ဒီကောင် ချောင်နေတာလား၊ ဒီလိုအခြေအနေမျိုးမှာ လာနှောင့်ယှက်ရဲတယ်ပေါ့၊ ဘာစားလို့ သတ္တိကောင်း နေတာလဲ*

*ကျောက်လင်းရွှမ်က သူ့ကို ရှင်းပစ်လာမှာကို မကြောက်ဖူးလား*

နတ်ဘုရားတစ်ပါး ဖြတ်သွားခြင်းဖြစ်ကြောင်း သူတို့ မသိကြချေ။ ရဲ့ရှောင်ရှောင် မျက်လုံး လက်ခနဲ ဖြစ်သွားပြီး သူမမျက်နှာ၌ မကောင်းသော အရိပ်အယောင်များ ပေါ်လာပြီး အကြံတစ်ခု ရသွားပုံ ရသည်။

“ရပ်လိုက်စမ်း”

ကျောက်လင်းရွှမ် ဒေါသတကြီး မာန်မဲလိုက်သည်။

*ဒီကောင် ရဲတင်းလွန်းတယ်၊ ငါတို့ကိုများ မသိချင်ယောင်ဆောင်နေတယ်ပေါ့လေ*

*သေချင်နေတာပဲ*

သို့သော် ယဲ့ဖန်က သူ့စကားကို မကြားသကဲ့သို့ အေးအေးလူလူ ဆက်လျှောက်နေသည်။ ဤသည်ကိုမြင်သော် ကျောက်လင်းရွှမ် ဒေါပွသွားပြီး သူ့မျက်လုံးတွင် ခက်ထန်သော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ ထို့နောက်တွင်မူ သူ့လူများကို သူ မျက်ရိပ်ပြလိုက်သည်။

“ဟေ့ကောင် မင်းတော့ သေချင်နေပြီနဲ့တူတယ်”

“သူ့ကို ခုတ်ကြဟေ့”

ချက်ချင်းဆိုသလိုပင် နဂါးအသွင်ပြောင်းခြင်းအဆင့် နှစ်ယောက်က ယဲ့ဖန်ထံ ခုန်ဝင်လာပြီး လက်ထဲမှ ဧရာမ ဓားများဖြင့် ယဲ့ဖန်ကို ခုတ်ပိုင်းလေသည်။ သူ့အား ထက်ပိုင်းပိုင်းချင်နေသည့်ပုံပင်။

ထိုအခိုက်တွင် ယဲ့ဖန်၏ မျက်လုံး၌ သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်လာပြီး နောက်လှည့်ကာ လက်သီးဖြင့် ပြန်လှည့် ထိုးလိုက်သည်။

ဤလက်သီးချက်သည် အလွန် ကြောက်စရာကောင်းလှပြီး အရပ်မျက်နှာအနှံ့အား တုန်ခါသွားစေပြီး နတ်ဆိုး တစ်ကောင် ထိုးနှက်လာသည်ဟု ထင်မှတ်မှားရသည်။

“ဝုန်း”

ထိုနဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်နှစ်ယောက်သည် အော်ချိန်ပင် မရလိုက်ဘဲ ပေါက်ကွဲကာ သေဆုံး သွားကြသည်။

Chapter 1369 မင်း သူ့ကို ရန်မစသင့်ဘူး

*ဘာ*

ချက်ချင်းဆိုသလိုပင် ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာ၏။ လူတိုင်း အံ့အားသင့်ကာ နေရာမှာတင် ကြက်သေ သေနေမိကြသည်။

ဤလူငယ်လေး ဘယ်ကလာမှန်း သူတို့ မသိသော်လည်း သူ့၌ ဤသို့ ကြောက်စရာကောင်းသော တိုက်ပွဲဝင်ခွန်အား ရှိနေသည်တဲ့လား။

ထိုအခိုက်တွင် အနက်ရောင်ဝတ်စုံနှင့်လူသည် မျက်လုံးပြန်ဖွင့်ကြည့်ပြီး ယဲ့ဖန်ကို အလန့်တကြား ကြည့်လာ လေသည်။

*သူပါလား*

ရဲ့ဝူထျန်းက ရုတ်တရက် မျှော်လင့်ချက် တွေ့သော အမူအရာမျိုး ဖြစ်လာသည်။ သူ အကြည့်မမှားခဲ့ပေ။ သူ့ရှေ့မှ လူငယ်လေးက သေချာပေါက် သာမန်လူ မဟုတ်ပါ။

သူ အသာအယာ လက်သီးနှင့် ထိုးလိုက်သော်လည်း လက်သီးချက်က သပ်ရပ်ကာ အားပြင်းလွန်းလှသည်။

“မင်းကများ ပြန်တိုက်ရဲတယ်ပေါ့လေ”

ကျောက်လင်းရွှမ်၏ မျက်လုံးများက ရုတ်ချည်းဆိုသလို ခက်ထန်လာပြီး မကျေနပ်ဟန်များ ပေါ်လာသည်။ သူ့လူ နှစ်ယောက် အသတ်ခံလိုက်ရသဖြင့် ဒေါသူပုန်ထနေ၏။

ပထမဆုံး သူ့ကို လျစ်လျူရှုခဲ့သည်။ ထို့နောက် သူ့နှစ်ယောက်ကိုပါ သတ်ခဲ့သဖြင့် ဤသည်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။

“မင်းကတော့ ငါ့ကို သတ်မယ်ဆိုပြီးတော့ ငါက ပြန်တိုက်ခွင့် မရှိဘူးလား၊ မင်းတို့တွေက တော်တော် မောက်မာတာပဲ ဟုတ်တယ်မလား”

ယဲ့ဖန် ရိတိတိ ပြောလိုက်သည်။

“အစတုန်းက မင်း ပြန်မတိုက်ခဲ့ရင် မင်း ကောင်းကောင်းမွန်မွန် သေရမှာ၊ ဒါပေမဲ့ အခုတော့ … မင်း သေလို့ မရတော့ဘူးကွ”

ကျောက်လင်းရွှမ်က တင်းမာသော မျက်နှာထားဖြင့် အော်ဟစ်လိုက်ပြီးနောက် သွေးဆာသော အပြုံးမျိုး ပြုံးလိုက်သည်။

“မင်းက မောက်မာတယ်လို့ မေးတယ်မလား၊ ဟုတ်တယ် ဒီသခင်ကြီးက မောက်မာတယ်၊ အဲ့တော့ မင်း ဘာလုပ်နိုင်လဲ”

သူ့ပုံစံက ယဲ့ဖန်ကို ဝါးစားချင်နေသည့်ပုံပင်။

“ငါက ဒီအတိုင်း ဖြတ်သွားရုံပဲ၊ သူများကိစ္စကို ဝင်မပါချင်ဘူး၊ အဲ့ဒါဆို အဆင်ပြေလား”

ယဲ့ဖန်၏ အပြုံးက တဖြည်းဖြည်း အေးစက်လာသည်။ ကျောက်လင်းရွှမ်က ခေါင်းခါ၍ စဉ်းလဲသော အပြုံးမျိုး ပြုံးလေသည်။

“စိတ်မကောင်းပါဘူး ငါ မင်းကို ကြည့်မရဘူး”

*ငါ မင်းကို မျက်စိစပါးမွှေး စူးနေတယ်၊ အဲ့တော့ မင်း သေကိုသေရမယ်*

*အခြားသူတွေက ငါ့ကိုမြင်ရင် သူတို့မျက်နှာမှာ ကြောက်စိတ် ပေါ်နေပြီးသား ဒါပေမဲ့ ငါ့ရှေ့က ဒီကောင်ကတော့ ငါ့ကို အထင်သေးရဲတယ်ပေါ့လေ*

*ဒီလိုဆိုမှတော့ သူ့ကိုမှ မသတ်ရရင် ငါ ဘယ်သူ့ကို သွားသတ်ရမလဲ*

“ငါက စိတ်နှလုံးသား နူးညံ့တဲ့လူပါ၊ မင်း ဒူးထောက်ပြီး ငါ့ဖိနပ်ကို လျက်မယ်၊ စကားကောင်းလေး တစ်ခွန်း၊ နှစ်ခွန်းလောက် ပြောမယ်ဆိုရင်တော့ ငါ မင်းကို ခွင့်လွှတ်ပေးမှာပါ”

ကျောက်လင်းရွှမ်က ကျယ်လောင်စွာ ရယ်မောလေသည်။

“အဲ့လိုဆိုရင်တော့ မင်း ကံဆိုးပြီပဲ”

ယဲ့ဖန်က အပြုံးတစ်ဝက်နှင့် ပြန်ပြောလိုက်သည်။ ကျောက်လင်းရွှမ်က အေးစက်စွာ ပြန်ခနဲ့လေသည်။

“ဒါဆိုလည်း လိမ်လိမ်မာမာနဲ့ အသေခံပေါ့ကွာ”

“အစ်ကိုဝမ် ထွက်သွားပါ၊ ကျွန်မတို့ကို ဂရုမစိုက်ပါနဲ့”

ထိုသို့သောအချိန်၌ တစ်ချိန်လုံး ငြိမ်နေသော ရဲ့ရှောင်ရှောင်က ရုတ်တရက် ထအော်ကာ ယဲ့ဖန်အား စိုးရိမ်တကြီး ကြည့်လာသည်။

“မင်းပြောတော့ တစ်ဖွဲ့တည်း မဟုတ်ဘူးဆို၊ ငါ့ကို လာလှည့်စားရဲတယ်ပေါ့လေ၊ ဒီခွေးမသားကို သတ်ကြ”

ကျောက်လင်းရွှမ်က ထိုအော်သံကို ကြားသောအခါ သူ လှည့်စားခံလိုက်ရပြီဟု သတိထားမိကာ ချက်ချင်း ဒေါကန်သွားသည်။

“ရှောင်ရှောင် မင်း ရူးနေလား”

ရဲ့ဝူထျန်းက ချက်ချင်း သူ့ညီမကို ဆူပူလေသည်။ သို့သော် ရဲ့ရှောင်ရှောင်၏ မျက်လုံးတွင် ကောက်ကျစ်သော အရိပ်အယောင် ပေါ်နေပြီး ယခု သူမ ဤအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးချင်နေသည်။ သူမ ယဲ့ဖန်ကို အသုံးချ၍ သူတို့အာရုံကို သူ့အပေါ် ကျသွားအောင် လုပ်ခဲ့လေသည်။

*စိတ်မကောင်းပါဘူး အဖြစ်ဆိုးတဲ့ နင့်ဘဝကိုပဲ အပြစ်တင်လိုက်တော့*

ယဲ့ဖန်ကလည်း ရဲ့ရှောင်ရှောင်ကို သေသေချာချာ စိုက်ကြည့်လေသည်။ သူမ ဤသို့ ကျိတ်၍ ကြံစည်လိမ့်မည်ဟု သူ ထင်မထားမိပါ။

*ငါ့ကို ငါးစာအဖြစ် အသုံးချတယ်ပေါ့လေ*

*ဒီမိန်းမရဲ့ စိတ်က တော်ရုံ ကောက်ကျစ်တာ မဟုတ်ဘူးပဲ*

*ငါ သူနဲ့ စကားများမိတာနဲ့ သူက တွေဝေမနေဘဲ ငါ့ကို သေတွင်းထဲ တွန်းပို့ရဲတယ်ပေါ့လေ*

လေပြင်းများ တိုက်ခိုက်လာလေသည်။

“ဟေ့ကောင် မင်းကံတရားကို လက်ခံလိုက်တော့”

လူမိုက်များက ခက်ထန်သော အကြည့်များနှင့် ပုဆိန်၊ ခက်ရင်းခွ၊ ဓား စသဖြင့် လက်နက်ပေါင်းစုံကို ကိုင်ဆွဲကာ ယဲ့ဖန်၏ အရေးကြီးသော အစိတ်အပိုင်းများကို ခုတ်ပိုင်းလေသည်။

“ငါ့အသက်ကို မင်းတို့ မယူနိုင်ဘူး”

ယဲ့ဖန်က အန္တရာယ်များသော အပြုံးမျိုး ပြုံးလိုက်ပြီးနောက် လက်ဖျောက်တီးလိုက်သည်။

“ဖျောက်”

ထိုအသံနှင့်အတူ လေထုသည် အေးခဲတောင့်တင်းပြီး သတ်ဖြတ်လိုသော ခံစားချက် ပျံ့လွင့်လာသည်။ ထို့နောက်တွင်မူ တဖောင်းဖောင်း အသံများ ထွက်ပေါ်လာပြီး သတ်ဖြတ်ရန် တက်လာသူများ ပေါက်ကွဲကာ သေဆုံး သွားကြလေသည်။

လူတိုင်း အသက်ပင် မရှူနိုင်တော့ပဲ ကြောက်လန့်လာကြသည်။ လက်ဖျောက်တီးလိုက်ရုံနှင့် နဂါးအသွင်ပြောင်း ခြင်းအဆင့် ဆယ်ယောက်ကျော်ကို သတ်လိုက်နိုင်သည်တဲ့လား။

*ဒါ ဘာနည်းလမ်းကြီးလဲ*

ရဲ့ရှောင်ရှောင်သည်လည်း ကြက်သေ သေနေ၏။ ယဲ့ဖန်က သူမတို့အတွက် အချိန်ဆွဲထားပေးနိုင်မည်ဟု သူမ ထင်ထားသော်လည်း တစ်ဖက်လူများကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်လိမ့်မည်ဟု သူမ ထင်မထားမိပါ။

*ဒီလူက ဈာန်ဝင်စားခြင်းအဆင့်ပဲ မဟုတ်ဘူးလား*

*ဘယ်လိုလုပ် ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ဈာန်ဝင်စားခြင်းအဆင့် ရှိနေရတာလဲ*

“မင်း … မင်းလည်း ဘုရင်အဆင့်ပဲလား”

ကျောက်လင်းရွှမ် ရုတ်တရက် ချောက်ချားသော အမူအရာနှင့် ပြောလာသည်။

*သူ့ခွန်အားအစစ်ကို သူ ဖုံးကွယ်ထားတာလား*

*ဘုရင်အဆင့်ကသာလျင် နဂါးအသွင်ပြောင်းခြင်းအဆင့်ကို ချက်ချင်း သတ်နိုင်တာ*

*ဒီတစ်ခါတော့ ငါ သံပြားကို ကန်မိသွားပြီနဲ့တူတယ်*

ယဲ့ဖန်က လက်ပိုက်၍ ကြောက်စရာကောင်းလောက်အောင် အေးစက်သော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။

“မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့၊ ဒီနေ့ မင်းတို့အားလုံး ဒီမှာ သေရမယ်”

ထိုစကားကိုကြားသော် ကျောက်လင်းရွှမ်၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားပြီး အေးတိအေးစက် ပြန်ပြောလိုက်သည်။

“မင်းက ဘုရင်အဆင့် ဖြစ်တော့ရော ဘာဖြစ်လဲ၊ ငါ့ဘက်မှာ ဘုရင်အဆင့် နှစ်ယောက်တောင် ရှိတာ၊ ငါ မင်းကို မရှင်းနိုင်ဘူးများ ထင်နေလား”

ထို့နောက် သူသည် ဖျတ်ခနဲ လှုပ်ရှား၍ ယဲ့ဖန်အား သတ်ဖြတ်ရန် ပြေးဝင်လာသည်။

“ထွက်သွားစမ်း”

သို့သော် ယဲ့ဖန်က ထစ်ချုန်းလာသော မိုးခြိမ်းသံနှင့်အတူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထိုအသံလှိုင်းက ရုတ်တရက် ဒေါသထွက်နေသော နဂါးတစ်ကောင် ဒုန်းစိုင်းလာသကဲ့သို့ တစ်ဖက်လူအား ထိမှန်သွားသည်။

ကျောက်လင်းရွှမ်၏ ခန္ဓာကိုယ်သည် ဖျစ်ညှစ်ခံလိုက်ရသကဲ့သို့ အဆစ်အမြစ်များမှ သွေးများ ထွက်လာပြီး နောက်သို့ အရှိန်ဖြင့် လွင့်ထွက်သွားပြီး မြေကြီးပေါ်သို့ ဘုန်းခနဲ ပြန်ပြုတ်ကျလေသည်။

ကျောက်လင်းရွှမ် အံ့ဩသွားသလို အခြားသူများလည်း အံ့ဩသွားကြသည်။

*ငါတို့ ဘာမြင်လိုက်တာလဲ၊ သူ အော်လိုက်တာနဲ့ ကျောက်လင်းရွှမ်က လွင့်ထွက်သွားတာလား၊ ဒါ အံ့ဩစရာ ကောင်းလွန်းတယ် ဟုတ်တယ်မလား*

*တစ်ဖက်လူက ဘုရင်အဆင့်လေ*

*ဒီလူ ဘယ်လိုတွေ လုပ်လိုက်တာလဲ*

ကြောက်လန့်နေသော အကြည့်များစွာက ယဲ့ဖန်ပေါ် ကျရောက်လာသည်။

*တစ်ဖက်လူက ဘုရင်အဆင့် ဖြစ်နေရင်တောင်မှ ဒီလောက် ကြောက်စရာကောင်းတဲ့ ခွန်အားမျိုး မရှိနိုင်ပါဘူး ဟုတ်တယ်မလား*

ကျောက်လင်းရွှမ်သည် မြေကြီးပေါ် လဲနေပြီး ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် အုပ်ထားသည်။ သူ့ကိုယ်၌ အကောင်းအတိုင်း ရှိနေသော အရေပြားဟူ၍ မရှိတော့သလို အဝတ်အစားသည်လည်း စုတ်ပြဲနေ၏။

သူ ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်နေ၏။ ဤသည်က အမှန် ဖြစ်လိမ့်မည်ဟု သူ မယုံကြည်ပါ။ သိုင်းအဆင့်ချင်း တူပါသော်လည်း တစ်ဖက်လူက အဘယ်ကြောင့် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ရသနည်း။ ဤသည်က လုံးဝ မဖြစ်နိုင်ပါ။

ဘုရင်အဆင့်တစ်ယောက်ကို အော်သံဖြင့် အနိုင်ယူခြင်းက ဒဏ္ဍာရီထဲတွင်သာ ရှိနိုင်ပြီး လက်တွေ့၌ တကယ် မဖြစ်နိုင်ပါ။

ရဲ့ရှောင်ရှောင်နှင့် အခြားသူများ ကြက်သီးမွေးညင်း ထသွားကြပြီး သူတို့အားလုံး ကပ်ဆိုးကို ကျော်လွန် သွားခဲ့သည်ဟု ခံစားမိသွားသည်။ အစောပိုင်းက သူတို့ သူ့ကို မတိုက်ခိုက်ခဲ့၍ ကံကောင်းသွားသည်။ သို့မဟုတ်ပါက အကျိုးဆက်က မတွေးဝံ့စရာပင်။

“မင်း ဘာလုပ်ခဲ့မိလဲ ကြည့်လိုက်လေ”

ရဲ့ဝူထျန်းက သူ့ညီမကို စူးစိုက်ကြည့်လေသည်။ ဤမျှ အင်အားကြီးသူတစ်ယောက်ကို သူတို့ ဘာအကြောင်း ပြချက်မှ မရှိဘဲ ရန်စကာ ရန်သူ ဖြစ်စေခဲ့မိလေပြီ။ ထို့အပြင် ထိုရန်သူက သူတို့ကို ချက်ချင်း သတ်နိုင်သည်အထိ အင်အားကြီးသူ ဖြစ်နေ၏။

ရဲ့ရှောင်ရှောင်က တံတွေးကို ခက်ခက်ခဲခဲ မျိုချနေရသော်လည်း ရဲတင်းစွာ ပြန်ပြောလေသည်။

“ဘာကို သွေးပျက်နေတာလဲ၊ သူ့မှာ အစွမ်းရှိတယ်ဆိုရင်တောင်မှ အနည်းဆုံးတော့ သူ အနက်ရောင်ဝတ်ရုံနဲ့လူကို ရင်ဆိုင်ရဦးမှာလေ၊ နှစ်ဖက်လုံး ထိခိုက်သွားရင် ကျွန်မတို့ ဝင်အခွင့်ကောင်းယူလို့ ရတာပဲကို”

“မင်း”

ရဲ့ဝူထျန်း ဒေါသထွက်လွန်းသဖြင့် စကားပင် ဆက်မပြောနိုင်တော့ပါ။

“မင်းက ဘယ်လိုမိစ္ဆာကောင်မျိုးလဲ”

ထိုစဉ် ကျောက်လင်းရွှမ်က ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်ကာ မေးလာသည်။

*ဒီလူက ငါ့အနောက်က အနက်ရောင်ဝတ်ရုံနဲ့လူလိုပဲ ကြောက်စရာကောင်းတယ်*

သို့သော် ယဲ့ဖန်က သူ့မေးခွန်းကို မဖြေဘဲ ခေါင်းခါ၍ ပြောလိုက်သည်။

“မောက်မာဖို့ဆို အစွမ်းရှိဖို့လိုတယ်၊ မင်းက အဲ့လို အစွမ်းမျိုး မရှိတာ စိတ်မကောင်းစရာပဲ”

“ငါ ဒီကို ဖြတ်သွားရုံပဲရှိတာ မင်းက ဘာလို့ သေတွင်းတူးရတာလဲ”

ထီမထင်ခြင်း၊ သရော်လှောင်ပြောင်ခြင်းပင်။

ကျောက်လင်းရွှမ်၏ အမူအရာက ချက်ချင်း ထူးဆန်းသလို ဖြစ်သွားသည်။ ယဲ့ဖန်၏ အထင်သေးခြင်း ခံနေရကြောင်း သူ ခံစားမိသည်။ တစ်ဖက်လူက သူ့အား ပုရွက်ဆိတ်သဖွယ် သတ်မှတ်နေပုံရသည်။

သူသည် ဘုရင်အဆင့် တစ်ယောက် ဖြစ်သည်။ လူတိုင်း သူ့နာမည်ကို ပြောလိုက်လျင် ကြောက်ရွံ့ကြသော်လည်း ယနေ့ သူက ပုရွက်ဆိတ်တစ်ကောင်သဖွယ် နင်းချေခံနေရသဖြင့် ခွင့်မလွှတ်နိုင်သော ကိစ္စပင် ဖြစ်လေသည်။

“စီနီယာ သူ့ကို သတ်ပေးပါ”

ကျောက်လင်းရွှမ်က ယဲ့ဖန်ကို လက်ညှိုးထိုး၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့၌ နောက်ဆုံးသော အားထားရာ ရှိနေသေးသည်။ အကယ်၍ ဤလူသာ လှုပ်ရှားလာပါက ယဲ့ဖန်ကို ချက်ချင်း သတ်နိုင်မှာပင်။ အဘယ်ကြောင့်ဆိုသော် ဘုရင်အဆင့်များထဲ၌ ဤလူက ပြိုင်စံရှားသော ပုဂ္ဂိုလ် ဖြစ်သောကြောင့်ပင်။

အနက်ရောင်ဝတ်ရုံနှင့်လူက ရှေ့ထွက်လာပြီး ယဲ့ဖန်ရှေ့၌ ရပ်လေသည်။

“မင်းပါလား”

တစ်ဖက်လူကိုမြင်သောအခါ ယဲ့ဖန် အံ့ဩသွားရသည်။ တစ်ဖက်လူကို ဤနေရာ၌ ပေါ်လာလိမ့်မည်ဟု သူ ထင်မထားမိပါ။ ထိုအခါ လူတိုင်း မှင်တက်သွားကြလေသည်။

*သူတို့က အချင်းချင်း သိနေတာလား*

ကျောက်လင်းရွှမ်သည်လည်း အံ့အားသင့်သွားသည်။

“စီနီယာ သူ့ကို သိတာလား”

အနက်ရောင်ဝတ်ရုံနှင့်လူက ခေါင်းညိတ်၍ သက်ပြင်းချလေသည်။

“မင်း သူ့ကို ရန်မစခဲ့သင့်ဘူး”

*ဘာ*

သူတို့ ကြားလိုက်ရသည့် စကားကြောင့် အားလုံး ကြက်သေ သေသွားကြသည်။

*ဒါ ဘာကို ပြောချင်တာလဲ*

“ဘာလို့လဲဆိုတော့ ငါတောင် သူ့ကို မနိုင်ဘူး”

ထိုစကားက တည်ငြိမ်နေသော ကန်ရေပြင်ထဲသို့ ကျောက်ခဲတစ်ခဲ ပစ်ချလိုက်သဖြင့် လှိုင်းထလာသလို ဖြစ်သွားစေပြီး လူတိုင်းအား မယုံသင်္ကာ ဖြစ်သွားစေလေသည်။

*သူတောင် ဒီလူကို မနိုင်ဘူးလား*

*ဒါ ဘယ်လိုတောင် ဖြစ်နိုင်မှာလဲ*

*ဒီအနက်ရောင်ဝတ်ရုံနဲ့လူက ဘုရင်အဆင့်ကို ချက်ချင်း သတ်နိုင်တာလေ၊ သူက တစ်နိုင်ငံလုံးမှာ ကျော်ကြား တာကို၊ သူ မနိုင်တဲ့လူလည်း ရှိသေးတာလား*

ကျောက်လင်းရွှမ် သွေးပျက်သွားပြီး အလျင်အမြန် မေးလိုက်သည်။

“မဖြစ်နိုင်တာ၊ ခင်ဗျားက နာမည်ကျော် တောင်တစ္ဆေလေ၊ ဒီလောကထဲမှာ ခင်ဗျား မသတ်နိုင်တဲ့လူ ရှိသေး တာလား”

“အင်း သူ့တော့ မနိုင်ဘူး၊ တကယ်လို့ ငါ လှုပ်ရှားလိုက်ရင် သူ ငါ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်”

တောင်တစ္ဆေက ရှက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ ယဲ့ဖန်သည် သူတော်စင်သခင်အဆင့် ဖြစ်သည်။ သူ မည်မျှ ထူးချွန်နေပါစေ ယဲ့ဖန်၏ ပြိုင်ဘက် မဖြစ်နိုင်ပါ။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်လာသည်။

*တောင်တစ္ဆေကိုတောင် တစ်ချက်တည်းနဲ့ သတ်နိုင်တယ် ဟုတ်လား*

*ခင်ဗျား အတည်ပြောနေတာလား*

ရုတ်တရက် နှစ်ဖက်စလုံးမှလူများ ပြိုင်တူ ကြက်သီးထသွားကြသည်။ အကြောင်းမှာမူ သူတို့နှစ်ဘက်လုံးက ယဲ့ဖန်ကို ရန်စခဲ့မိသောကြောင့် ဖြစ်သည်။ ယဲ့ဖန်၏ ဖုံးကွယ်ထားသော ပုံစံ ပေါ်လာသောအခါ နှစ်ဘက်လုံး ဆောက်တည်ရာမရ ဖြစ်လာကြသည်။

*အကယ်၍ ယဲ့ဖန်သာ ငါတို့ကို မုန်းနေရင် သေပြီမဟုတ်လား*

တစ်ကိုယ်လုံး အေးစက်သွားပြီး သူတို့ အမှားကြီးမှားပြီ ဖြစ်ကြောင်း သတိပြုမိသွားသည်။ အထူးသဖြင့် ရဲ့ရှောင်ရှောင်ပင်။ လက်ရှိ၌ သူမအမူအရာက လုံးဝဥသုံ မယုံသင်္ကာ ဖြစ်နေသည့်ပုံ ပေါ်နေသည်။

*သွားပြီ*

*ငါ ဒီလိုလူကို အကွက်ချလိုက်မိမှတော့ သူ ငါ့ကို ဘယ်လိုခွင့်လွှတ်တော့မှာလဲ*

လက်ရှိတွင် သူမ ကြက်သီးထလာလေသည်။ မူလက ဤသို့သောလူနှင့် သူမတို့ မိတ်ဆွေဖြစ်နိုင်သော်လည်း သူမ၏ မာနကြောင့် ထိုသူကို ရန်စမိသွားခဲ့သည်။

ကျောက်လင်းရွှမ်သည်လည်း သူမနှင့် မထူးခြားနားပင်။ လက်ရှိတွင် သူသည်လည်း မျက်နှာ ပြာနှမ်းနေသည်။ ယဲ့ဖန်က သူ့ဘေးမှ ဘာမှမလုပ်ဘဲ ဖြတ်ကျော်သွားသည်။

အစက သူ့နောက်၌ တောင်တစ္ဆေ ရှိနေသည်ဟု ထင်မှတ်ခဲ့သဖြင့် သူ မည်သူ့ကိုမှ အရေးမစိုက်ခဲ့ချေ။ ယခုအခါတွင်မူ သူ ကံဆိုးလေပြီ။

“မင်းရဲ့ခွန်အားနဲ့ အရည်အချင်းက ကောင်းပါတယ်၊ ဘယ်လိုလုပ် ဒီလိုလူမိုက်ကို ကူညီရတဲ့အထိ နိမ့်ကျ နေရတာလဲ”

ယဲ့ဖန် ဇဝေဇဝါဖြင့်‌ မေးလိုက်သည်။

“ကျုပ် မိစ္ဆာမျှော်စင်ကို သွားမလို့၊ သူက ကျုပ်ကို အဲ့နေရာကို ခေါ်သွားပေးမယ်ပြောတာနဲ့ ကျုပ် သူ့ကို ကူညီနေတာ”

တောင်တစ္ဆေသည် နှစ်ပေါင်းများစွာ တောတောင်ထဲ၌သာ နေခဲ့သဖြင့် မိစ္ဆာမျှော်စင် ဘယ်နားရှိနေမှန်း မသိချေ။ သို့သော် ထိုအချိန်တွင် ယဲ့ဖန်က လှောင်ရယ်လာသည်။

“မင်း သူ့လှည့်စားတာ ခံလိုက်ရပြီ၊ မိစ္ဆာမျှော်စင်က ဒီဘက်မှာ ရှိတာ မဟုတ်ဘူး”

တောင်တစ္ဆေက ရုတ်တရက် နောက်လှည့်၍ ကျောက်လင်းရွှမ်ကို လှမ်းကြည့်လေသည်။ သူ့မျက်လုံး၌ လူသတ်ချင်စိတ်များနှင့် ပြည့်နှက်နေ၏။ သူ ဒေါသူပုန်ထနေလေသည်။

All Chapters