အရှိန်အဟုန်မြှင့် ပြင်ဆင်ခြင်း
Vol. 77 Ch. 801
ထန်ထျန်းက ဟုန်းမုန့်ဝိညာဉ်အကြွင်းအကျန်ကို အပြတ်အသတ် အနိုင်ယူ လိုက်ခြင်းက အားလုံး၏ ပျက်ပြားနေသော စိတ်ဓာတ်များကို တစ်ဖန်ပြန်လည် စုစည်းပေးလိုက်နိုင်သည်။
ကျန်ရှိသော ကမ္ဘာ့ဝိညာဉ်အကြွင်းအကျန်များမှာလည်း ထန်ထျန်း၏ ခွန်အားကို အကြွင်းမဲ့ ယုံကြည်သွားကြပြီး သူတို့၏ ထူးဆန်းသော အစီအစဉ်ကိုလည်း လက်ခံသွားကြတော့သည်။
အရောင်းအဝယ် လုပ်ရုံဖြင့် ခွန်အားက တကယ်ပဲ တိုးတက်လာနိုင်သည်၊ ထိုမှတစ်ပါး တိုးတက်မှုနှုန်းမှာလည်း ဤမျှ ကြောက်မက်ဖွယ် ကောင်းနေသည်။
သူတို့ နားမလည်နိုင်သော်လည်း ယခုအချိန်တွင် နားလည်နိုင်ခြင်း ရှိ၊ မရှိမှာ အရေးမကြီးတော့ပေ။
ကြည့်ရသည်မှာ ထန်ထျန်းက ကျွင်းချန်ချင်းကို တားဆီးနိုင်မည့် အလားအလာ အမှန်တကယ် ရှိနေသည်။
မျှော်လင့်ချက် အရိပ်အယောင်လေး တစ်ခုကို မြင်တွေ့လိုက်ရသည်နှင့် သူတို့က ဘယ်သောအခါမှ အရှုံးပေးမည် မဟုတ်ပေ။
“အားလုံးပဲ... တခြား သံသယရှိတာမျိုး ရှိသေးလား”
ချီလင်မိန်းကလေးက ပြုံးပြီး မေးလိုက်သည်။
ယခုအချိန်တွင် သူမလည်း သက်ပြင်းချနိုင်သွားပြီ ဖြစ်သည်။
ဤကမ္ဘာ့ဝိညာဉ်အကြွင်းအကျန်များကို အတင်းအကျပ် ရှာဖွေခေါ်ဆောင်လာခဲ့ရသဖြင့် သူမ၏ ရင်ထဲတွင်လည်း ဖိအားများစွာ ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ထန်ထျန်းက သူ၏ ခွန်အားကို သက်သေပြနိုင်ခဲ့ပြီ ဖြစ်သဖြင့် သူမ၏ ရင်ထဲရှိ စိုးရိမ်မှုများမှာလည်း လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
“ဒီသက်ရှိတွေက ငါ တို့ကို အမြဲတမ်း အံ့ဩအောင် လုပ်နိုင်တာပဲ”
“ကမ္ဘာ့အရှင်၊ ကျွင်းချန်ချင်း၊ အခုတော့ ကပ်ဘေးရိပ်သိမ်းသူ ထန်ထျန်း...”
“အရင်က လူတွေ ပြောခဲ့တာ မမှားဘူးပဲ၊ သက်ရှိတွေကသာ ဒီကမ္ဘာကြီးရဲ့ ဇာတ်လိုက်တွေ ဖြစ်ပြီး ငါ တို့လို မွေးကတည်းက အစွမ်းထက်နေတဲ့သူတွေကတော့ အကူအညီ တွေပဲပေါ့”
ဝိညာဉ်အကြွင်းအကျန် တစ်ဦးက ခေါင်းခါလိုက်ပြီး “ဘာမှ ထပ်ပြောမနေနဲ့တော့”
“ထန်ထျန်းက သူ့ရဲ့ ခွန်အားကို သက်သေပြပြီးပြီဆိုတော့ ဒီကိစ္စက ဘယ်လောက်ပဲ မဖြစ်နိုင်ဘူးလို့ ထင်ရပါစေ၊ ငါ တို့ လုပ်ပေးဖို့ ဆန္ဒရှိတယ်"
" ပြီးတော့ ဒါက မျှတတဲ့ အရောင်းအဝယ်ပဲ မဟုတ်လား”
“ဒါက ငါ တို့အတွက် ဘာမှ ဆုံးရှုံးစရာ မရှိပါဘူး”
ကျန်ရှိသော ကမ္ဘာ့ဝိညာဉ်အကြွင်းအကျန်များကလည်း ထိုနည်းတူပင် သဘောတူညီခဲ့ကြသည်။
ခဏအကြာတွင် ထန်ထျန်းနှင့် ဟုန်းမုန့်ဝိညာဉ်အကြွင်းအကျန်တို့က ထျန်းတိ ယဇ်ပလ္လင်ထိပ်သို့ အတူတူ ပြန်ရောက်လာကြသည်။
ယဇ်ပလ္လင်ပေါ်တွင် ရပ်နေစဉ် ထန်ထျန်း သတိထားမိသည်မှာ လူတိုင်း၏ အကြည့်များက သူ့အပေါ်သို့ စုပြုံကျရောက်နေခြင်း ဖြစ်သည်။
ထိုအကြည့်များမှာ အရင်ကနှင့် သိသိသာသာ ကွဲပြားနေသည်။
သံသယများ မရှိတော့ဘဲ အဆုံးမဲ့သော ရိုသေလေးစားမှုနှင့် မျှော်လင့်ချက်များသာ ပြည့်နှက်နေတော့သည်။
ထန်ထျန်းလည်း ဤပြောင်းလဲမှု၏ အကြောင်းအရင်းကို နားလည်လိုက်သည်။
“အားလုံးပဲ... ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါ”
ထန်ထျန်းက အသံခပ်အေးအေးဖြင့် ပြောလိုက်သည်။
လူတိုင်းက တညီတညွတ်တည်း ထူးထူးခြားခြား နာခံကာ အမြန်ပင် လူစုခွဲသွားကြတော့သည်။
ထန်ထျန်း ရင်ထဲမှာတော့ အံ့ဩနေမိသည်။
အရင်တုန်းကဆိုလျှင် သူတို့က ဤမျှအထိ စကားနားထောင်ကြသူများ မဟုတ်ပေ။
ကြည့်ရသည်မှာ ဟုန်းမုန့်ဝိညာဉ်အကြွင်းအကျန်နှင့် တိုက်ခိုက်ခဲ့ခြင်းမှာ အတော်လေး တန်ဖိုးရှိသွားပုံရသည်။
သို့သော် မကြာမီမှာပင် ထန်ထျန်း သိလိုက်ရသည်မှာ ၎င်းမှာ သူထင်ထားသည်ထက်ပင် ပို၍ တန်ဖိုးရှိနေခြင်း ဖြစ်သည်။
ပထမဆုံးအနေဖြင့် ဝိညာဉ်အကြွင်းအကျန်များ အားလုံးက ထန်ထျန်းနှင့် အရောင်းအဝယ် လုပ်ရန် စိတ်လိုလက်ရ ရွေးချယ်ခဲ့ကြသည်။
ဝိညာဉ်အကြွင်းအကျန်များတွင် အင်အားစုနှင့် နယ်မြေ အများကြီး မရှိသော်လည်း သူတို့ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ရတနာများမှာ အခြား ကျိကျွင်းများ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
ကျိကျွင်းတစ်ဦး၏ ပိုင်ဆိုင်မှု အားလုံးကို ပေါင်းလျှင်ပင် ဝိညာဉ်အကြွင်းအကျန် တစ်ဦး၏ ဆယ်ပုံတစ်ပုံကိုပင် မမီနိုင်ပေ။
အရောင်းအဝယ်များ အားလုံး ပြီးဆုံးသွားသောအခါ ထန်ထျန်းက များပြားလှသော သုံးစွဲမှုအမှတ်များကို ထပ်မံ ရရှိခဲ့ပြန်သည်။
ယခုအခါတွင်မူ သူ၏ ပြဿနာမှာ သုံးစွဲမှုအမှတ် မလောက်ငှခြင်း မဟုတ်တော့ဘဲ ရရှိသည့် အမြန်နှုန်း က သုံးစွဲသည့်နှုန်းထက် အဝေးကြီး သာလွန်နေခြင်း ဖြစ်သည်။
မူလစွမ်းအားများကို အရှိန်အဟုန်မြှင့် စုပ်ယူနေလျှင်ပင် အလွန် နှေးကွေးနေသယောင် ရှိသည်။
ထန်ထျန်း၏ ခန့်မှန်းချက်အရ ယခုရှိနေသော သုံးစွဲမှုအမှတ်များကို အကုန်သုံးနိုင်ရန်အတွက် အနည်းဆုံး တစ်လခန့် အချိန်ယူရပေလိမ့်မည်။
ကျွင်းချန်ချင်း၏ ဝိညာဉ်ပေါင်းစပ်မှုနှုန်းက ပိုပြီး နှေးကွေးပါစေဟုသာ သူ မျှော်လင့်နေမိသည်။
ဝိညာဉ်အကြွင်းအကျန်များနှင့် အရောင်းအဝယ် ပြီးဆုံးပြီးနောက် နောက်ထပ် ကျိကျွင်းတစ်သိုက် မဟာပျက်သုဉ်း မြို့ဟောင်းသို့ ရောက်ရှိလာကြပြန်သည်။
ထိုနေရာရှိ ကျိကျွင်းအချို့က ထန်ထျန်းနှင့် ဟုန်းမုန့်ဝိညာဉ်အကြွင်းအကျန်တို့၏ တိုက်ပွဲအကြောင်းကို ပြောပြလိုက်သဖြင့် သူတို့၏ စိတ်ကူးများ ပြောင်းလဲသွားကြခြင်း ဖြစ်သည်။
အချို့ဆိုလျှင် ပိုင်ဆိုင်မှုများယူကာ ဟင်းလင်းပြင်ထဲသို့ ထွက်ပြေးသွားကြပြီ ဖြစ်သော်လည်း လမ်းခုလတ်မှ ပြန်လှည့်လာကာ သူတို့၏ အင်အားများကို ထည့်ဝင်ရန် ရွေးချယ်ခဲ့ကြသည်။
ဤကဲ့သို့သော ဘယ်သောအခါမှ အရှုံးမပေးတတ်သည့် လူများကို ကြည့်ကာ ထန်ထျန်းလည်း စိတ်လှုပ်ရှားမိသည်။
ယခုတစ်ကြိမ်တွင်တော့ အားလုံး၏ စိတ်ရင်းစေတနာဖြင့် ပေးဆပ်မှုများကို အလဟဿ မဖြစ်စေဘဲ ကျွင်းချန်ချင်းကို သေချာပေါက် တားဆီးရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
ဤဖြစ်စဉ်မှာ ရက်အနည်းငယ်ကြာ ဆက်တိုက် ဖြစ်ပွားနေခဲ့သည်။
နောက်ဆုံးတွင်တော့ နေနတ်ဘုရား ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
သူက ခရီးပန်းလာသည့်ပုံစံ ဖြစ်နေပြီး အနည်းငယ် ဖျော့တော့နေကာ အရင်ကကဲ့သို့ ခန့်ညားထည်ဝါသော အရှိန်အဝါမျိုး မရှိတော့ပေ။
အသက် မူလစွမ်းအားများစွာကို သုံးစွဲခဲ့ရခြင်းက အကြောင်းရင်းတစ်ခု ဖြစ်သလို ဤရက်ပိုင်းအတွင်း အလွန်အမင်း ပင်ပန်းခံ လှုပ်ရှားခဲ့ရခြင်းကလည်း အခြားအကြောင်းရင်း တစ်ခု ဖြစ်သည်။
သူ၏ နောက်တွင် လိုက်ပါလာသော ကျိကျွင်းများနှင့် ဝူရှန့်ကျိကျွင်း များကို ကြည့်ရုံဖြင့် သိနိုင်သည်။
ချန်တာအို ကျိကျွင်း၊ ဟုန်းမန် ကျိကျွင်း စသည့် ထွက်သွားသော ဝူရှန့်ကျိကျွင်း အားလုံးကို သူ ဖျောင်းဖျ ခေါ်ဆောင်လာနိုင်ခဲ့သည်။
ဤကိစ္စတွင် သူ မည်သည့်နည်းလမ်းများကို သုံးခဲ့ရသည်ဆိုသည်မှာ မသိနိုင်ပေ။
မာနကို လျှော့ချခဲ့ရမည်မှာတော့ မလွဲဧကန်ပင်။
အမြဲတမ်း မာနကြီးပြီး တစ်ဦးတည်း ထင်ရာစိုင်းတတ်သော နေနတ်ဘုရားအတွက်မူ ၎င်းမှာ အလွန်ပင် ပင်ပန်းလှသော ကိစ္စ ဖြစ်ပေလိမ့်မည်။
သူတို့ ထျန်းတိ ကျင့်ကြံရေးကွင်းပြင်သို့ ရောက်ရှိပြီးနောက် ဟုန်းမန် ကျိကျွင်းက ထန်ထျန်း၏ ရှေ့သို့ အမြန်ပြေးလာသည်။
သူက မျက်လုံးပြူးကာ ထန်ထျန်းကို အကြိမ်အနည်းငယ် ပတ်ကြည့်ပြီးမှ စကားပြောလိုက်သည်။
“ထန်ထျန်း... မင်း တကယ်ပဲ ဟုန်းမန်ဝိညာဉ်အကြွင်းအကျန်ကို အနိုင်ယူလိုက်တာလား”
ထန်ထျန်းက ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။
“ခင်ဗျားတို့ ပြန်လာတာကို ကြိုဆိုပါတယ်”
“ပြီးတော့ အားလုံးကိုလည်း ပြန်လာကြတာ ကြိုဆိုပါတယ်”
သို့သော် ဟုန်းမန် ကျိကျွင်းကမူ သိပ်ပြီး ပျော်ပုံမရပေ။
သူက မျက်လုံးပြူးပြီး ထန်ထျန်းကို လက်ညှိုးထိုးကာ ပြော၏။ “မင်း ဒီလောက် အစွမ်းထက်တဲ့ နည်းလမ်းရှိတာကို ဘာလို့ စောစောက ထုတ်မပြတာလဲ"
"အဲဒါဆိုရင် လူသားဧကရာဇ်နန်းတော်မှာတုန်းက ကျွင်းချန်ချင်းကို အပြီးအပိုင် အဲဒီမှာ ထားခဲ့လို့ ရတာပေါ့”
သူ၏ အသံထဲတွင် ဒေါသအနည်းငယ် ပါနေသည်။
ထန်ထျန်းက သက်ပြင်းချကာ ပြောလိုက်သည်။ “အဲဒီအချိန်က အခြေအနေအရ ကျွန်တော်သာ ဒီကိစ္စကို ပြောခဲ့ရင် ခင်ဗျားတို့ ယုံကြမှာလား"
"အခုလိုမျိုး ကျွန်တော့်ကို ပူးပေါင်းကြမှာလား"
"အခုချိန်မှာတောင် ကျွန်တော့်ရဲ့ ဒီနည်းလမ်းကို မယုံကြည်နိုင်ကြတဲ့ လူတွေ အများကြီး ရှိနေသေးတာပဲ မဟုတ်လား”
ဟုန်းမန် ကျိကျွင်းမှာ ဆွံ့အသွားပြီး ပြန်လည် ချေပရန် စကားလုံး ရှာမရ ဖြစ်သွားသည်။
အမှန်ပင် ထိုသို့ ဖြစ်ပေလိမ့်မည်။
လူသားဧကရာဇ်နန်းတော် တိုက်ပွဲမတိုင်မီက ထန်ထျန်းသာ အရောင်းအဝယ်လုပ်ပြီး ခွန်အားမြှင့်တင်မည်ဟု ပြောခဲ့လျှင် လူတိုင်းက အခြေအမြစ်မရှိသည့် စကားဟုသာ မှတ်ယူကြပေလိမ့်မည်။
ယခုကဲ့သို့ အဆင်ပြေချောမွေ့စွာ ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
“ဟမ့်... မင်း ဟုန်းမုန့်ဝိညာဉ်အကြွင်းအကျန်ကို အနိုင်ယူလိုက်တဲ့ သတင်းသာ မထွက်လာရင် သူက ငါ့ကို စကားတောင် ပြန်ပြောမှာ မဟုတ်ဘူး"
" ဒီကိစ္စအတွက် ငါ ဘယ်လောက်တောင် အားစိုက်ခဲ့ရလဲဆိုတာ မင်း သိမှာ မဟုတ်ဘူး...”
နေနတ်ဘုရားက နာကျည်းချက်များဖြင့် ပြောလိုက်သည်။
ဟုန်းမန် ကျိကျွင်းက သူ့ကို တစ်ချက်ကြည့်ကာ “လူကို အကူအညီတောင်းတာပဲလေ၊ အဲဒါက လက်ခံဖို့ အဲလောက်တောင် ခက်ခဲနေလို့လား"
" မင်းရဲ့ ပုံစံကို ကြည့်ရတာ ငါ တို့ကပဲ တော်တော်လွန်တဲ့ တောင်းဆိုချက်တွေ တောင်းခဲ့သလိုလိုနဲ့”
နေနတ်ဘုရားက မျက်လုံးတစ်ချက် စောင်းကြည့်လိုက်ပြီး သူ့ကို ဂရုမစိုက်တော့ပေ။
သူတစ်ပါးကို အကူအညီတောင်းရခြင်းမှာ သူ့အတွက်တော့ အလွန်အမင်း လွန်ကဲသော တောင်းဆိုချက် ဖြစ်နေသောကြောင့်ပင်...။
ခေတ္တမျှ စကားစမြည် ပြောပြီးနောက် လူတိုင်းက တစ်ဖန် ပြန်လည် စုစည်းမိကြပြန်သည်။
ဝူချန်း ကျိကျွင်းအပေါ်ရှိ သံသယများမှာလည်း ထန်ထျန်း၏ သက်သေပြချက်ကြောင့် ရှင်းလင်းသွားခဲ့ပြီး သူမနှင့် ဟုန်းမန် ကျိကျွင်းတို့ကြားမှ ရန်ငြိုးများလည်း ပြေလည်သွားခဲ့သည်။
အားလုံးက တစ်ဖန် ပြန်လည် စည်းလုံးသွားကြပြီ ဖြစ်သည်။
ထို့နောက် ဟုန်းမန် ကျိကျွင်းတို့က သူတို့၏ အင်အားစုနှင့် ပိုင်ဆိုင်မှု တန်ဖိုးများကို စတင် တွက်ချက်ကြတော့သည်။ ထျန်းတိ ယဇ်ပလ္လင်ပေါ်တွင် ထန်ထျန်းနှင့် နေနတ်ဘုရား နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
“အခြေအနေက သိပ်မကောင်းဘူး”
“ကျွင်းချန်ချင်းရဲ့ လက်နက်ဖြစ်တဲ့ 'တွင်းနက်' က မကြာခင်ကစပြီး ကမ္ဘာကြီးကို ဝါးမြိုတာ ပိုမြန်လာတယ်"
"သူ့ရဲ့ ခွန်အားကလည်း အမြန်ဆုံး ပြန်လည် နိုးထလာနေပြီ”
“ငါ တို့ အချိန်ကို အမိအရ သုံးရလိမ့်မယ်”
နေနတ်ဘုရားက ပြောလိုက်သည်။
ထန်ထျန်းက ခေါင်းငြိမ့်လိုက်သည်။
“ခင်ဗျား ခေါ်လာတဲ့ လူတွေနဲ့ဆိုရင် အရောင်းအဝယ် ကိစ္စက အကုန်လုံး ပြည့်စုံသလောက် ရှိသွားပါပြီ"
"အချိန်ကတော့... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်”
နေနတ်ဘုရားက "အင်း" ဟု ဆိုကာ ထန်ထျန်း၏ ပုခုံးကို ပုတ်ပြီး ဘာမှ ထပ်မပြောတော့ပေ။
ယခုတွင် လူတိုင်း တစ်ဖန် ပြန်လည် စုစည်းမိပြီ ဖြစ်သည်။
အားလုံးမှာ အသင့်အနေအထားဖြင့် ကျွင်းချန်ချင်း ရောက်လာမည့်အချိန်ကိုသာ စောင့်ကြိုနေကြတော့သည်။
ဤတစ်ကြိမ်က... နောက်ဆုံးတိုက်ပွဲ ဖြစ်ပေလိမ့်မည်။