နောက်ဆုံးတော့ ရောက်လာပြီ
Vol. 77 Ch. 803
တွင်းနက်က အဆက်မပြတ် ချဲ့ထွင်နေသည်။
သို့သော် ထန်ထျန်း၏ ခွန်အားတိုးတက်မှုနှုန်းက ပို၍ပင် မြန်ဆန်နေသေးသည်။
အချိန်သာ လုံလောက်ပါက ဤအပြေးပြိုင်ပွဲတွင် သူ သေချာပေါက် အနိုင်ရလိမ့်မည်ဟု ထန်ထျန်းတွင် အပြည့်အဝ ယုံကြည်ချက်ရှိသည်။
နောက်ထပ် တစ်လကျော်အချိန်မျှသာ လိုတော့သည်။
ထန်ထျန်းက သုံးစွဲမှုအမှတ်အားလုံးကို အကုန်အသုံးပြုပြီးချိန်တွင် တိုက်စစ်နှင့် ခံစစ် အနေအထားမှာ ပြောင်းပြန် ဖြစ်သွားပေလိမ့်မည်။
“မင်းပြောတဲ့ အခြေအနေမျိုး တကယ်ဖြစ်လာခဲ့ရင်တောင် ကြောက်နေစရာ မလိုပါဘူး”
ထိုစဉ် နေနတ်ဘုရားကလည်း ဝင်ပြောလာသည်။ “နှစ်ပေါင်းများစွာအတွင်း အဲဒီလက်နက်ကြီးကို ရှာမတွေ့ခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ သူက အမြဲတမ်း ငြိမ်သက်နေတဲ့ အခြေအနေမှာ ရှိနေလို့ပဲ”
“ကမ္ဘာတွေကို ဝါးမြိုနေခဲ့ရင်တောင် လှုပ်ရှားမှုက အရမ်းသေးငယ်လို့ သတိမပြုမိနိုင်ခဲ့ကြဘူး”
“ဒါပေမဲ့ အခုတော့ အဲဒီလက်နက်က တရားဝင် အသက်ဝင်သွားပြီ”
“ငါ့မှာ အဲဒီလက်နက် အမှန်တကယ် ရှိနေတဲ့နေရာကို ရှာနိုင်တဲ့ နည်းလမ်းရှိတယ်”
လုံကျိုကျိုးမှာ တစ်ခဏမျှ မှင်သက်သွားပြီး “မင်းမှာ နောက်ထပ် ဝှက်ဖဲရှိသေးတာပဲ”
နေနတ်ဘုရားက ထောက်ခံခြင်း၊ ငြင်းပယ်ခြင်း မပြုဘဲ ပြော၏ ။ “အဲဒီလက်နက်ကြီးက အနန္တစကြာဝဠာအတွက် အလွန်ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ၊ ငါကတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာပေါ့”
“အကယ်၍ ကျွင်းချန်ချင်းက ပေါ်မလာဘူးဆိုရင်၊ ဒါမှမဟုတ် အဲဒီလက်နက်နဲ့ တစ်ကမ္ဘာလုံးကို ဝါးမြိုဖို့ ကြိုးစားရင် ငါ မင်းတို့ကို အဲဒီနေရာဆီ ခေါ်သွားပေးမယ်၊ ပြီးရင် အဲဒါကို အပြီးအပိုင် ဖျက်ဆီးပစ်ရမယ်”
လုံကျိုကျိုးက ပြုံးလိုက်သည်။ “ကျွင်းချန်ချင်းကို ဖြေရှင်းပြီးရင်တောင် အဲဒီလက်နက်ကြီးကိုတော့ ဖြေရှင်းရမှာပဲလေ”
“အဲဒါက လူတိုင်းရဲ့ ခေါင်းပေါ်မှာ ချိတ်ဆွဲထားတဲ့ ဓားတစ်စင်းလို ဖြစ်နေတာကိုး”
ထိုစကားကို နေနတ်ဘုရားက ပြန်မဖြေပေ။
ထန်ထျန်းကမူ နေနတ်ဘုရား၏ အတွေးကို ရိပ်မိလိုက်သည်။
ကျွင်းချန်ချင်းကို ဖြေရှင်းပြီးပါက နေနတ်ဘုရားက ထိုလက်နက်ကြီး ရှိရာနေရာကို အခြားသူများကို သေချာပေါက် ပြောပြမည် မဟုတ်ပေ။
ထိုအရာက ကျွင်းချန်ချင်း လက်ထဲမှာရှိနေလျှင် အနန္တစကြာဝဠာကို ခြိမ်းခြောက်သည့် လက်နက်ဖြစ်သော်လည်း အခြားသူများလက်ထဲ ရောက်သွားလျှင်ကော ခြိမ်းခြောက်မှု မဖြစ်နိုင်ဘူးလား
သူ့လက်ထဲမှာ ဆုပ်ကိုင်ထားနိုင်မှသာ အစိတ်ချရဆုံး ဖြစ်ပေလိမ့်မည်။
သို့သော် ၎င်းတို့မှာ အနာဂတ် မှ ပြောရမည့် ကိစ္စများဖြစ်သဖြင့် ထန်ထျန်းကလည်း ထုတ်မပြောခဲ့ပေ။
မဟာပျက်သုဉ်း မြို့ဟောင်းကိစ္စ အဖြေပေါ်ပြီးမှသာ ဆက်ပြောရမည်။
သူ့အတွက် နောက်ထပ် တစ်လကျော် အချိန်လေးသာ လိုအပ်သည်။
သို့သော် လက်တွေ့က အမြဲတမ်း လူ့အလိုအတိုင်း ဖြစ်မလာတတ်ပေ။
ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် ထျန်းတိ ကျင့်ကြံရေးကွင်းပြင်၏ ကောင်းကင်ယံတွင် ဟင်းလင်းပြင် လှိုင်းတံပိုးများ ရုတ်တရက် ထကြွလာသည်။
လိပ်ခဲတိုးနေသော ဟင်းလင်းပြင် မုန်တိုင်းများနှင့်အတူ အလွန်ကြောက်မက်ဖွယ်ကောင်းသော ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး၏ အော်ရာက ထျန်းတိ ကျင့်ကြံရေးကွင်းပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်။
လူတိုင်း ချက်ချင်းပင် သတိရ လိုက်ကြပြီး မဟာပျက်သုဉ်း မြို့ဟောင်းနှင့် မလှမ်းမကမ်းတွင် ရှိနေသော ထိပ်တန်းပုဂ္ဂိုလ်အားလုံး ချက်ချင်း ပြန်ရောက်လာကြသည်။
ထန်ထျန်း၊ နေနတ်ဘုရား၊ လုံကျိုကျိုး၊ ဟုန်းမန် ကျိကျွင်း၊ ချီလင်မိန်းကလေး စသည့် အထွတ်အထိပ် ပုဂ္ဂိုလ်များ အားလုံးက ထျန်းတိ ယဇ်ပလ္လင်ပေါ်တွင် ရပ်ကာ ဝေးကွာသော ကောင်းကင်ယံဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။
ထိုကြောက်မက်ဖွယ် အော်ရာ မှာ ပို၍ ပို၍ နီးကပ်လာပြီ ဖြစ်သည်။
ရုတ်တရက် ရင်းနှီးနေသော ရယ်မောသံတစ်ခု ကောင်းကင်ယံမှ လွင့်ပျံလာပြီး မဟာပျက်သုဉ်း မြို့ဟောင်းတစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။
“ဟားဟားဟား...”
“ကြည့်ရတာ မင်းတို့တွေ အခုထိ အရှုံးမပေးကြသေးဘူးပဲ”
“ဘာလို့ အဲဒီလို လုပ်နေရတာလဲ”
“ဘာလို့ ဒီလို အချည်းနှီးဖြစ်မယ့် ကိစ္စတွေကို လုပ်နေရတာလဲ”
ရယ်မောသံနှင့်အတူ လူရိပ်ငါးခုမှာ လူတိုင်း၏ မြင်ကွင်းထဲသို့ ပေါ်လာသည်။
ဦးဆောင်လာသူမှာ ယခင်က လူသားဧကရာဇ်နန်းတော် တိုက်ပွဲတွင် ဧကရာဇ်နန်းတော်ဘက်မှ ခေါင်းဆောင်ဖြစ်သူ ထိုက်ချန် ကျိကျွင်း ပင် ဖြစ်သည်။
သူ၏ နောက်ကွယ်တွင် ပါလာသူ လေးဦးမှာလည်း ဧကရာဇ်နန်းတော်ဘက်မှ ဝူရှန့်ကျိကျွင်း လေးဦး ဖြစ်ကြသည်။
ထိုစဉ်က နေနတ်ဘုရား၏ နေမီးဖိုကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကျွင်းချန်ချင်းက သူတို့၏ ခန္ဓာကိုယ်များကို ဖျက်ဆီးကာ ဝိညာဉ်များကိုသာ ကာကွယ်ပေးခဲ့ရသည်။
ယခုကြည့်ရသည်မှာ သူတို့ ပြန်လည် နိုးထလာကြပြီ ဖြစ်သည်။
ထို့ပြင် သူတို့၏ အော်ရာ ကို ကြည့်ရသည်မှာ လူသားဧကရာဇ်နန်းတော် တိုက်ပွဲတုန်းကထက်ပင် ပို၍ အစွမ်းထက်လာပုံရသည်။
ထိုက်ချန်း ကျိကျွင်းတို့အဖွဲ့ကို မြင်လိုက်ရသောအခါ ဟုန်းမန် ကျိကျွင်းက မျက်လုံးကို အနည်းငယ် မှေးလိုက်သည်။
“ဘယ်သူများလဲလို့ ကြည့်နေတာ”
“ကျွင်းချန်ချင်း မွေးထားတဲ့ ခွေးလိမ္မာလေးတွေ ပါလား”
“ဘာလဲ... မင်းတို့ သခင်က မင်းတို့ကို စွန့်ပစ်လိုက်ပြီလား”
သူက လှောင်ပြောင်လိုက်သည်။
သို့သော် ထိုက်ချန် ကျိကျွင်းကမူ အေးအေးဆေးဆေးပင် ပြုံးကာ ပြောလိုက်သည်။ “မဟာကောင်းကင်အရှင် ဆိုတာ မြင့်မြတ်လွန်းလို့ မင်းတို့ ဘယ်တော့မှ စိတ်ကူးတောင် ယဉ်နိုင်မှာမဟုတ်တဲ့ တည်ရှိမှုမျိုးပဲ”
“အမှန်တရားကို မမြင်နိုင်တဲ့ လူမိုက်တွေက မင်းတို့တွေပဲ”
“ငါကတော့ သူ့နောက်လိုက်တစ်ယောက် ဖြစ်သလို သက်သေပြမယ့်သူလည်း ဟုတ်တယ်”
“ငါတို့တွေက အသစ်စက်စက်ဖြစ်တဲ့ ခမ်းနားကြီးကျယ်တဲ့ ခေတ်တစ်ခု မွေးဖွားလာတာကို သက်သေပြ ကြရလိမ့်မယ်”
ဟုန်းမန် ကျိကျွင်းက နှုတ်ခမ်းမဲ့ကာ “အိုး... ပြောလိုက်ရင် အတည်ကြီးလိုလိုနဲ့”
“ငါလည်း သူ့နောက်လိုက်ချင်လိုက်တာ၊ သက်သေလည်း ပြချင်လိုက်တာ၊ မင်းသခင်ကို ဒီကို လာခိုင်းလိုက်ပါဦးလား”
“ဘာလဲ သူက မလာရဲဘူးလား”
“ခွေးအုပ်ကိုပဲ ဒီမှာ လာဟောင်ခိုင်းနေတာလား”
“ဟိုတစ်ယောက်... မင်းဆီမှာ အရိုးရှိလား၊ အမြန် ပစ်ပေးလိုက်ဦး၊ ဗိုက်ဆာပြီး လူကို လိုက်ကိုက်နေဦးမယ်”
ဟုန်းမန် ကျိကျွင်း၏ နှုတ်သီးမှာ အတော်ပင် ကောင်းလှပြီး ထိုက်ချန် ကျိကျွင်းတို့ကို တန်ဖိုးမရှိသူများသဖွယ် နှိမ်ချပြောဆိုလိုက်သည်။
ထန်ထျန်းက ဤကဲ့သို့ အပြန်အလှန် စကားနာထိုးနေသည်ကို မကြိုက်သဖြင့် ရှေ့သို့ တစ်လှမ်းတက်ကာ သူ့အလိုလို ရောက်လာသည့် ဤလူများကို တိုက်ရိုက် ဖမ်းဆီးရန် ပြင်လိုက်သည်။
သို့သော် နေနတ်ဘုရားက သူ့ကို တားလိုက်သည်။
“ခဏစောင့်ဦး”
“သူတို့ မင်းရဲ့ ခွန်အားကို အခုထိ မသိသေးဘူး”
“ကျွင်းချန်ချင်း ပေါ်လာတဲ့အထိ စောင့်ကြည့်ရအောင်”
နေနတ်ဘုရားက ပြော၏ ။
ထန်ထျန်း ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။
ထိုက်ချန် ကျိကျွင်းတို့မှာ ငါးစာလေးများသာ ဖြစ်ပြီး ကျွင်းချန်ချင်းကသာ သူ၏ တစ်ဦးတည်းသော ပစ်မှတ် ဖြစ်သည်။
ဆဲဆိုလှောင်ပြောင်နေသော ဟုန်းမန် ကျိကျွင်းကို ကြည့်ကာ ထိုက်ချန် ကျိကျွင်းက ခေါင်းခါလိုက်ပြီး နောက်ဆုံးတွင် သူ့ကို ဂရုမစိုက်တော့ဘဲ အကြည့်လွှဲလိုက်သည်။
“နေနတ်ဘုရား ဘယ်မှာလဲ”
“ငါက ဒီနေ့ မဟာကောင်းကင်အရှင် ကို ကိုယ်စားပြုပြီး သူ့ကို လာတွေ့တာ”
သူက ပြောကာ နေနတ်ဘုရားဆီသို့ အကြည့်ပို့လိုက်သည်။
သို့သော် နောက်တစ်ခဏတွင် ချီလင်မိန်းကလေး၊ ဟုန်းမုန့်ဝိညာဉ်အကြွင်းအကျန်နှင့် လုံကျိုကျိုးတို့က နေနတ်ဘုရား၏ ရှေ့တွင် ရပ်လိုက်ကြသည်။
“မင်းမှာ အရည်အချင်း မရှိဘူး”
“ပြောစရာရှိရင် ငါ့ကိုပဲ ပြော”
ချီလင်မိန်းကလေးက အေးစက်စွာ ပြောလိုက်သည်။
ထိုက်ချန် ကျိကျွင်းက ရယ်မောလိုက်ပြီး “ရပါတယ်”
“နေနတ်ဘုရား ကြားနိုင်ရင် ရပါပြီ”
ထို့နောက် သူက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး “မဟာကောင်းကင်အရှင် ရဲ့ အမိန့်တော်”
“နေနတ်ဘုရားက ဒီကမ္ဘာကြီးအတွက် အရာအားလုံးကို ပုံအောပြီး ပေးဆပ်ခဲ့တယ်၊ အသက်ဆုံးရှုံးမှာကိုတောင် ဂရုမစိုက်ခဲ့ဘူး”
“ဒီအချက်ကို မဟာကောင်းကင်အရှင် က အရမ်းကို လေးစားမိတယ်”
“လူသားဧကရာဇ်နန်းတော် တိုက်ပွဲပြီးရင် နေနတ်ဘုရားရဲ့ အသက်စွမ်းအားတွေ လျင်မြန်စွာ ဆုံးရှုံးသွားပြီး နောက်ဆုံးမှာ ဆီကုန်ခမ်းသွားတဲ့ ဆီမီးတိုင်လို ဖြစ်သွားမယ်ဆိုတာ မဟာကောင်းကင်အရှင်က သိတယ်”
“ကြယ်တာရာဘိုးဘေး ရဲ့ ခြေရာအတိုင်း မလိုက်ရအောင်နဲ့၊ ဒီလောက် ပြီး ပြည့်စုံတဲ့ မူလ ဝိညာဉ်တစ်ဦး ဆုံးရှုံးမသွားရအောင် နေနတ်ဘုရားရဲ့ အသက်ကို ကယ်တင်နိုင်မယ့် နည်းလမ်း မဟာကောင်းကင်အရှင် ဆီမှာ ရှိတယ်”
“အကယ်၍ မင်း စဉ်းစားလို့ရသွားပြီဆိုရင် သူ့ဆီကို အချိန်မရွေး လာရှာလို့ ရတယ်၊ ဘယ်အချိန်မဆို သူ့ကို ရှာတွေ့နိုင်မှာပါ”
ထိုက်ချန် ကျိကျွင်းက ပြောလိုက်သည်။
ချီလင်မိန်းကလေး မျက်မှောင်ကြုတ်သွားသည်။ ဤကဲ့သို့သော စကားမျိုး ကြားရလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် နေနတ်ဘုရားဘက်သို့ လှည့်ကြည့်လိုက်သည်။
နေနတ်ဘုရားကမူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရုံသာ ပြုသည်။
သူက နေနတ်ဘုရား ဖြစ်သည်၊ အခြားသူတစ်ဦး၏ ကယ်တင်မှုကို ခံယူရန် မည်သို့မျှ အောက်ကျို့မည် မဟုတ်ပေ။
အထူးသဖြင့် ကျွင်းချန်ချင်း ဆီမှ ဖြစ်သည်။
ချီလင်မိန်းကလေးက နေနတ်ဘုရား၏ အတွေးကို ချက်ချင်း ရိပ်မိလိုက်ပြီး ထိုက်ချန် ကျိကျွင်းဘက်သို့ ပြန်လှည့်လိုက်သည်။
“ထွက်သွားစမ်း”
သူမက အေးစက်စက် ပြောလိုက်သည်။ “ဒါမှမဟုတ် ကျွင်းချန်ချင်းကို ကိုယ်တိုင် လာခိုင်းလိုက်”
“နေနတ်ဘုရားကို သိမ်းသွင်းချင်ရင် အနည်းဆုံးတော့ ရိုးသားတဲ့ စေတနာ အနည်းငယ်လောက် ပြသင့်တာပေါ့”
ထိုက်ချန် ကျိကျွင်းက ရယ်မောကာ “မဟာကောင်းကင်အရှင် က သေချာပေါက် လာမှာပါ၊ ဒါပေမဲ့ လောလောဆယ်မှာ သူ မအားသေးတဲ့ ကိစ္စလေးတွေ ရှိနေလို့ ငါတို့ကို အရင်လွှတ်လိုက်တာ”
“ဒါပေမဲ့ ရပါတယ်၊ ငါက မဟာကောင်းကင်အရှင် ရဲ့ အမိန့်ကို လာပြီး အသိပေးတာပဲ၊ နေနတ်ဘုရား ကြားပြီးရင် ရပါပြီ”
“အဲဒီတော့...”
“ဒါ က ငါတို့ရဲ့ ဒီနေ့အတွက် အဓိက တာဝန်ပဲ”
သူ၏ လေသံက တဖြည်းဖြည်း အေးစက်ခက်ထန်လာသည်။
“ကမ္ဘာ့ဘိုးဘေး ကုန်းမြေ ဆိုတာ မင်းတို့ စောင့်ရှောက်နိုင်တဲ့ နေရာမျိုး မဟုတ်ဘူး”
“မဟာပျက်သုဉ်း မြို့ဟောင်းကို လွှဲပေးလိုက်ရင် မင်းတို့ အသက်ချမ်းသာရာ ရမယ်”
“ဒါမှမဟုတ်ရင်တော့...”
“အားလုံးကို သတ်ပစ်မယ်”
ထိုက်ချန် ကျိကျွင်းက အမိန့်ပေးသံဖြင့် ပြောလိုက်သည်။
ခပ်ပါးပါး သတ်ဖြတ်လိုသော အရှိန်အဝါများက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ကောင်းကင်ယံတစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားတော့သည်။
“တောက် ငါတော့ သည်းမခံနိုင်တော့ဘူး”
“ကျွင်းချန်ချင်း မရှိဘဲနဲ့တောင် ဒီလောက် မောက်မာနေရလား၊ အောက်ကို ဆင်းခဲ့စမ်း”
ဟုန်းမုန့်ဝိညာဉ်အကြွင်းအကျန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး အပေါ်သို့ တိုက်ရိုက် ပြေးတက်သွားတော့သည်။