လက်တစ်ချက်ဖြင့် ဖမ်းဆီးခြင်း
Vol. 77 Ch. 806
“ခရက်”
တစ်ကိုယ်တော် စွမ်းအားဖြင့် လူတိုင်းကို ချက်ချင်း အနိုင်ယူသွားခဲ့သော ပြိုင်ဘက်ကင်း မဟာကောင်းကင်အရှင်တိုကင်က ထိုက်ချန်ကျိကျွင်း၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် တိုက်ရိုက်ပင် ကြေမွပျက်စီးသွားတော့သည်။
သူက သူကိုယ်တိုင် နတ်ဘုရားကဲ့သို့ ကိုးကွယ်ထားပြီး အမြင့်မြတ်ဆုံးဟု ယုံကြည်ထားသည့် အရာတစ်ခုက ထန်ထျန်း၏ လက်ထဲတွင် ဤမျှလွယ်လွယ်ကူကူ ပျက်စီးသွားလိမ့်မည်ဟု အိမ်မက်ပင် မက်ဖူးခဲ့ပေ။
လွန်ခဲ့သော တစ်လကျော်က ထန်ထျန်းသည် သာမန် ဝူရှန့်ကျိကျွင်း တစ်ယောက်သာ မဟုတ်ပါလား
အဘယ်ကြောင့် ဤမျှတိုတောင်းလှသော အချိန်အတွင်းမှာပင် သူ၏ ခွန်အားက ဤမျှ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားရသနည်း
ထိုက်ချန်ကျိကျွင်း မည်သို့မျှ စဉ်းစား၍ မရနိုင်တော့ပေ။
သို့သော် ယခုအခြေအနေက သူ့ကို အကြာကြီး စဉ်းစားနေရန် အခွင့်အရေး မပေးတော့ပေ။
လက်ညှိုးတစ်ချက်ဖြင့် မဟာကောင်းကင်အရှင်တိုကင်ကို ဖျက်ဆီးပြီးနောက် ထန်ထျန်း၏ ကျန်ရှိနေသော စွမ်းအားများက သူတို့ငါးဦးဆီသို့ ဆက်လက် ရိုက်ခတ်လာသည်။
ထိုစွမ်းအားမှာ ကျွင်းချန်ချင်းနှင့် သိပ်မထူးခြားတော့ဘဲ သူတို့ နားလည်နိုင်သည့် အဆင့်အတန်းကို ကျော်လွန်နေပြီ ဖြစ်သဖြင့် မည်သို့မျှ ခုခံရန် မစွမ်းသာတော့ပေ။
မျှော်လင့်ချက်မဲ့နေသည့်ကြားမှ ထိုက်ချန်ကျိကျွင်းက သူ၏ ကိုယ်ပေါ်ရှိ ထူးဆန်းသော အော်ရာများအားလုံးကို ထုတ်လွှတ်ကာ ထန်ထျန်း၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလိုက်သည်။
သို့သော် ထန်ထျန်းကမူ ခပ်အေးအေးပင် ပြုံးလိုက်သည်။
“အလကားပဲ”
ထိုထူးဆန်းသော အော်ရာများမှာ အမှန်စင်စစ် ကျွင်းချန်ချင်းက သူတို့ကို ပေးထားသည့် စွမ်းအားများသာ ဖြစ်သည်။
၎င်းတို့၏ အစွမ်းမှာ မဟာကောင်းကင်အရှင်တိုကင်အတွင်းရှိ စွမ်းအားများကိုပင် မမီနိုင်ပေ။ တိုကင်ကိုယ်တိုင်ကပင် ထန်ထျန်း၏ တိုက်ခိုက်မှုကို မတားနိုင်ခဲ့သည်မှာ သူတို့ မည်သို့ တားနိုင်ပါမည်နည်း
ထန်ထျန်း၏ တိုက်ခိုက်မှုက သူတို့ရှေ့သို့ ရောက်လာချိန်တွင် ထိုထူးဆန်းသော စွမ်းအားများက မျက်တောင်တစ်ခတ်အတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ယခုတစ်ကြိမ်တွင် ထန်ထျန်းက ညှာတာရန် မရွေးချယ်ခဲ့ပေ။
ထိုက်ချန်ကျိကျွင်းနှင့် ကျန် ဝူရှန့်ကျိကျွင်း လေးဦးတို့က တစ်ခဏအတွင်းမှာပင် ခန္ဓာကိုယ်များ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အငွေ့ပျံ ပျောက်ကွယ်သွားတော့သည်။
ဝိညာဉ်ငါးခုသာလျှင် ဟင်းလင်းပြင်ထဲတွင် လွင့်မျောကျန်ရစ်ခဲ့ပြီး မည်သည့်အချိန်တွင်မဆို လုံးဝ သေဆုံး သွားနိုင်သည့် အခြေအနေသို့ ရောက်သွားသည်။
၎င်းမှာလည်း ထန်ထျန်းက သူတို့ကို တမင်တကာ ချန်ထားခဲ့ခြင်းသာ ဖြစ်သည်။
နောက်ဆုံးတော့ ကျွင်းချန်ချင်း ကိုယ်တိုင် ပေါ်မလာသေးသည် မဟုတ်ပါလား။
ဤမျှ တိုတောင်းလှသော တိုက်ပွဲက ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးကို ဆွံ့အသွားစေသည်။
ထန်ထျန်းက ယခုအခါ အလွန်အစွမ်းထက်နေပြီး ဟုန်းမုန့် ဝိညာဉ်အကြွင်းအကျန်ကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ်များကို အလွယ်တကူ အနိုင်ယူနိုင်မှန်း သူတို့ သိကြသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ထိုမဟာကောင်းကင်အရှင်တိုကင်မှာ ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်ပြီး ဝူရှန့်ကျိကျွင်း အားလုံးကို ချက်ချင်း လွင့်စင်သွားစေခဲ့ရာ မည်သည့်အခါမျှ ကျော်ဖြတ်နိုင်မည်မဟုတ်သော အမြင့်ဆုံး တောင်ထိပ်ကြီးတစ်ခုကဲ့သို့ပင်။
ထိုတောင်ထိပ်ကြီးကို မော့ကြည့်ချိန်တွင် လူတိုင်း၏ ယုံကြည်ချက်မှာ မျှော်လင့်ချက်မဲ့ခြင်း ဆိုသည့် စကားလုံးနှစ်လုံးသာ ကျန်ရှိတော့သည်။
သို့သော် ထန်ထျန်းကမူ လုံးဝ အနိုင်ယူ နိုင်သည့် အနေအထားဖြင့် ထိုတိုကင်ကို ဖျက်ဆီး လိုက်ကာ အခုတင် စိုက်ထူလိုက်သည့် ထိုဧရာမ တောင်ထိပ်ကြီးကို မှောက်လှန်ပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လူတိုင်းကို ဖုံးလွှမ်းတော့မည့် မည်းမှောင်နေသော တိမ်တိုက်များကိုလည်း တိုက်ထုတ်ပစ်လိုက်သည်။
“ထန်ထျန်း”
ရုတ်တရက် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
၎င်းမှာ ကူဟိုင် ကျိကျွင်း ပင် ဖြစ်သည်။
သူ၏ မျက်နှာတွင် အဆုံးမရှိသော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
၎င်းမှာ မျှော်လင့်ချက်မဲ့နေချိန်တွင် ပြန်လည် ရောက်ရှိလာသော မျှော်လင့်ချက်ကို မြင်လိုက်ရသည့် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်မှုပင်။
“ထန်ထျန်း”
“ထန်ထျန်း”
......
ကူဟိုင် ကျိကျွင်း၏ ဦးဆောင်မှုအောက်တွင် အခြား ကျိကျွင်းများကလည်း အော်ဟစ်လိုက်ကြပြီး ပြင်းထန်သော ဖိအားအောက်တွင် ပိတ်လှောင်နေသည့် သူတို့၏ ခံစားချက်များကို အရူးအမူး ထုတ်ဖော်လိုက်ကြတော့သည်။
ကျွင်းချန်ချင်းနှင့် ထိုက်ချန်ကျိကျွင်းတို့အဖွဲ့က လူတိုင်းအပေါ် ပေးထားသည့် ဖိအားမှာ တကယ်ပင် ကြီးမားလွန်းလှသည်။
ထိုက်ချန်ကျိကျွင်းနှင့် တိုက်ခိုက်ခဲ့သော ချီလင်မိန်းကလေးတို့မှာလည်း ယခုအခါ တဖြည်းဖြည်း ပြန်လည် သက်သာလာကြပြီ ဖြစ်သည်။
သူတို့က အထွတ်အထိပ် ပုဂ္ဂိုလ်များဖြစ်သဖြင့် ခုနက ဒဏ်ရာများမှာ ကြောက်စရာကောင်းသော်လည်း မူလအခြေခံကိုတော့ ထိခိုက်ခြင်း မရှိပေ။
ထန်ထျန်းက ထိုကြောက်မက်ဖွယ် မဟာကောင်းကင်အရှင်တိုကင်ကို ဖျက်ဆီး ကာ ထိုက်ချန်ကျိကျွင်းတို့ကို လက်တစ်ချက်ဖြင့် ဖမ်းဆီးလိုက်သည်ကို မြင်ရသောအခါ သူတို့ အားလုံး သက်ပြင်းအရှည်ကြီး ချလိုက်မိကြသည်။
မဟာကောင်းကင်အရှင်တိုကင်၏ စွမ်းအားက ပေးခဲ့သော ဖိအားမှာ အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။
“ခုနက စွမ်းအားက လူသားဧကရာဇ်နန်းတော် တုန်းက ကျွင်းချန်ချင်းထက် အများကြီး ပိုအားကောင်းနေပြီ”
“ခန့်မှန်းခြေအားဖြင့်... အထွတ်အထိပ်ရောက်နေတဲ့ ကျွင်းချန်ချင်းရဲ့ ခွန်အား ၁၀% လောက် ရှိမယ်”
လုံကျိုကျိုးက ပြောလိုက်သည်။
သူ၏ ယခင်ဘဝက အထွတ်အထိပ်ရောက်နေသည့် ကျွင်းချန်ချင်းနှင့် ထိပ်တိုက် တိုက်ခိုက်ခဲ့ဖူးသဖြင့် သူ၏ ခန့်မှန်းချက်မှာ အတော်လေး တိကျလှသည်။
ထိပ်တန်းကျင့်ကြံသူ အားလုံးကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူလိုက်နိုင်ခြင်းမှာ ခွန်အား ၁၀% လောက်သာ ရှိသေးသည်ဆိုခြင်းက လူတိုင်းကို ပို၍ မျှော်လင့်ချက်မဲ့စေမည့် ကိစ္စပင်။
သို့သော် လူတိုင်းက ထိုစကားကို ကြားပြီးနောက်တွင် ပို၍ပင် စိတ်အားတက်ကြွလာကြသည်။
အဘယ်ကြောင့်ဆိုသော် မဟာပျက်သုဉ်းမြို့ဟောင်းကို မရရှိသေးခင်တွင် ကျွင်းချန်ချင်းက အများဆုံး ၄% အထိသာ ပြန်လည် ရရှိနိုင်သောကြောင့်ပင်။
ခုနက ထန်ထျန်းသည် မဟာကောင်းကင်အရှင်တိုကင်ကို အလွန်လွယ်ကူစွာ ဖျက်ဆီးပစ်ခဲ့သည်။
ဆိုလိုသည်မှာ ယခု ထန်ထျန်း၏ ခွန်အားက ကျွင်းချန်ချင်းနှင့် ထိပ်တိုက် ရင်ဆိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။
ဒါက ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မည်နည်း
“ကျွင်းချန်ချင်းက တကယ်ပဲ ခွန်အားပြန်ရဖို့ တခြားနည်းလမ်း မရှိတော့ဘူး မဟုတ်လား”
ဟုန်းမန်ကျိကျွင်းက မေးလိုက်သည်။
နေနတ်ဘုရားက ခေါင်းငြိမ့်ပြကာ “မရှိတော့ဘူး”
“အဲဒီ လက်နက်ကြီး ရှိနေရင်တောင် သူက အများဆုံး ၄၀% အထိပဲ ပြန်ရနိုင်မယ်”
“ဒါက သူရွေးချယ်ထားတဲ့ လမ်းစဉ်ကြောင့် သတ်မှတ်ထားတဲ့ အတိုင်းအတာပဲ၊ ကျော်ဖြတ်လို့ မရဘူး”
“ကမ္ဘာ့ဘိုးဘေး ကုန်းမြေကို မရမချင်း သူက ဒီကန့်သတ်ချက်ကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး”
နေနတ်ဘုရား၏ အတည်ပြုချက်ကို ကြားရသောအခါ လူတိုင်း ရင်ထဲမှ သက်ပြင်းချလိုက်နိုင်ကြသည်။
ကျွင်းချန်ချင်းမှာ အကန့်အသတ် ရှိသည်။
ထန်ထျန်းကမူ ဆက်လက်၍ အစွမ်းထက်နေဆဲပင်။
ဤအခြေအနေအရ သူတို့၏ မျှော်လင့်ချက်မှာ ပို၍ ပို၍ ကြီးမားလာပြီ ဖြစ်သည်။
“ဟားဟား၊ ငါတော့ ကျွင်းချန်ချင်း နောက်ကျမှ ရောက်လာပါစေလို့ပဲ ဆုတောင်းနေမိတယ်”
“အဲဒါဆိုရင် ငါတို့မှာ အောင်နိုင်ဖို့ အခွင့်အရေး ပိုများတာပေါ့”
လုံကျိုကျိုးက ပြုံးကာ ပြောလိုက်သည်။
အခြားသူများကလည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ကြသည်။
“ထိုက်ချန်ကို စစ်မေးကြည့်ကြရအောင်၊ သူတို့တွေ ကျွင်းချန်ချင်းရဲ့ လက်ရှိ အခြေအနေကို သိမှာပဲ”
ချီလင်မိန်းကလေးက ပြော၏ ။
ထို့နောက် လူတိုင်း ထန်ထျန်း၏ အနားသို့ စုရုံးရောက်ရှိလာကြသည်။
ယခုအခါ ထိုက်ချန်ကျိကျွင်းနှင့် ကျန် ဝူရှန့်ကျိကျွင်း လေးဦးလုံးက ဝိညာဉ်ဘဝသာ ကျန်တော့ပြီး ထန်ထျန်း၏ လက်ဖဝါးပေါ်တွင် အလုံးစုံ ထိန်းချုပ်ခံထားရသည်။
“ဟမ့်၊ ထိုက်ချန်... ဆက်ပြီး မောက်မာကြည့်ပါဦးလား”
“ငါတို့တွေက မင်းသခင်ရဲ့ ရှေ့မှာပဲ အညံ့ခံရမယ် ဆိုလား”
ဟုန်းမန်ကျိကျွင်းက လှောင်ပြောင်လိုက်သည်။
ထိုက်ချန်ကျိကျွင်းတို့၏ ဝိညာဉ်များမှာ လွင့်ပြယ်တော့မည့်အလား ဖြစ်နေသော်လည်း သူတို့ ရောက်လာစက ယုံကြည်ချက်နှင့် မောက်မာမှုများ လုံးဝ ပျောက်ကွယ်သွားသည်ကို ခံစားနေရသည်။
“ဟမ့်”
“အခု မင်းတို့ လုပ်နေတာတွေက အချည်းနှီးပါပဲ”
သို့သော် ထိုက်ချန်ကျိကျွင်းက ယုံကြည်မှု ခိုင်မာနေဆဲပင်၊ သူ၏ ဝိညာဉ်မှတစ်ဆင့် အသံထုတ်လိုက်သည်။ “မဟာကောင်းကင်အရှင်ကို ဘယ်သူမှ အနိုင်မယူနိုင်ဘူး”
“မင်း ထန်ထျန်းက ကမ္ဘာ့အရှင် ကိုယ်တိုင် ရွေးချယ်ထားတဲ့ ကပ်ဘေးရိပ်သိမ်းသူ ဖြစ်နေရင်တောင် သူ့ရဲ့ ခြေလှမ်းတွေကို တားနိုင်မှာ မဟုတ်ဘူး”
“ဒီဘဝမှာ ကမ္ဘာ့အရှင် ကိုယ်တိုင် ပြန်လာရင်တောင် ဘာမှ ထူးမှာမဟုတ်ဘူး”
သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ဝိညာဉ်မှာလည်း အဆက်မပြတ် တုန်ခါနေတော့သည်။
“ဟမ့်၊ အခုထိ နှုတ်သီးကောင်းနေတုန်းလား”
ဟုန်းမန်ကျိကျွင်းက အေးစက်စက် ပြုံးကာ လက်ညှိုးကို ထိုးလိုက်ရာ အနက်ရောင် အလင်းတန်းတစ်ခုက ထိုက်ချန်ကျိကျွင်း၏ ဝိညာဉ်ထဲသို့ တိုးဝင်သွားသည်။
“အား”
ချက်ချင်းပင် ထိုက်ချန်ကျိကျွင်းက အလွန်အမင်း နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ဝိညာဉ်မှာ အရူးအမူး တုန်ခါသွားတော့သည်။
သူ အစွမ်းထက်နေချိန်တွင် ဟုန်းမန်ကျိကျွင်းက သူ့ကို မည်သို့မျှ မတတ်နိုင်သော်လည်း ယခုအခါ သူက သန့်စင်သော ဝိညာဉ်ဘဝသာ ကျန်တော့သဖြင့် မည်သည့် ပြန်လည် တိုက်ခိုက်နိုင်စွမ်းမျှ မရှိတော့ပေ။
ဝူရှန့်ကျိကျွင်း တစ်ဦးအနေဖြင့် ဟုန်းမန်ကျိကျွင်း၏ လူကို နှိပ်စက်သည့် နည်းလမ်းများမှာ နည်းပါးမည် မဟုတ်ပေ၊ ထိုက်ချန်ကျိကျွင်းကို အလွန်ကြောက်မက်ဖွယ်ကောင်းသော နာကျင်မှုကို ခံစားရစေသည်။
၎င်းမှာ စိတ်ဓာတ်ခိုင်မာရုံဖြင့် အောင့်အည်းနိုင်သော နာကျင်မှုမျိုး မဟုတ်ပေ။
ခဏမျှ နှိပ်စက်ပြီးနောက် ထန်ထျန်းက လက်ကို မြှောက်ကာ ဟုန်းမန်ကျိကျွင်းကို ခေတ္တ ရပ်ခိုင်းလိုက်သည်။
ထို့နောက် သူက စကားစလိုက်သည်။
“ပြောစမ်း”
“ကျွင်းချန်ချင်း အခု ဘယ်မှာလဲ”