အခန်း (၃၄၃-၃၄၄)
Vol. 18 Ch. 343-344
အခန်း (၃၄၃) - နိဗာန၏ အဓိပ္ပါယ်
စောစောက ပြသခဲ့သော စွမ်းဆောင်ရည်ကြောင့် ဖြစ်နိုင်သည်၊ ကျန်ရှိနေသူများမှာ ယခုတိုင် မှင်သက်နေကြရဆဲပင်။ လင်းကျင်းအနေဖြင့် ယနေ့အတွက် ဤမျှနှင့်သာ အဆုံးသတ်ရန် စီစဉ်ထား၏၊ အဘယ်ကြောင့်ဆိုသော် သူသည် ပြန်သွားပြီး ဤဖီးနစ်မီးလျှံ၏ လျှို့ဝှက်ချက်များကို သုတေသနပြုလုပ်လိုသောကြောင့်ပင်။ အကယ်၍ နိဗာန၏ စွမ်းအားများကို မည်သို့အသုံးချရမည်ဟူသော ဗဟုသုတကို ရရှိနိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
"နောက်ထပ် ဘာရှိသေးလဲ... ဘာမှမရှိတော့ဘူးဆိုရင် ငါ သွားတော့မယ်"
ဒုတိယထပ်သို့ တက်လှမ်းရင်း လင်းကျင်းက မေးလိုက်သည်။
ဖုန်းစီချန်းမှာ တစ်စုံတစ်ခု ပြောရန် ရည်ရွယ်ပုံရသော်လည်း အဆုံးတွင်မူ မိမိကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်လိုက်၏။ ကျောက်ကျင့်ယန်မှာမူ သူမ၏လက်ထဲရှိ ဥကို ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်နေဆဲပင်။ သူမမှာ ပြတိုက်မှူး ပြောလိုက်သည်ကိုပင် ကြားပုံမရချေ။
ကျန်ရှိသူများထဲတွင်မူ ဟယ်ချန်းက ပြတိုက်မှူးအား တော်ဝင်မြို့တော်သို့ မည်သည့်အချိန်တွင် တစ်ခေါက် ပြန်လာမည်နည်းဟု မေးသည်မှလွဲ၍ အခြားသူများမှာ မေးစရာ မရှိကြတော့ပေ။ မည်သို့ဆိုစေကာမူ သိလိုသမျှကို စောစောကတည်းက ရှင်းလင်းပြီးသား ဖြစ်နေသည် မဟုတ်ပါလား။
ထိုသို့ဖြင့် လင်းကျင်းသည် ခေါင်းညိတ်ပြကာ ထွက်ခွာသွားတော့သည်။
'ပြတိုက်မှူး' ထွက်သွားပြီးနောက်တွင်မူ အခြားဧည့်သည်များမှာ အချင်းချင်း ရင်းနှီးမှု ပိုမိုခိုင်မာစေရန်အတွက် ခဏမျှ ကျန်ရစ်ခဲ့ကာ စကားစမြည် ပြောဆိုလေ့ရှိကြသည်။ ၎င်းမှာ ဧည့်ခန်းမရှိ မကြာသေးမီကမှ ဖြစ်ပေါ်လာသော အစဉ်အလာတစ်ခုပင် ဖြစ်သည်။
ယခုတစ်ကြိမ်တွင်လည်း ထိုနည်းတူပင်။
သို့သော်လည်း အရင် ဧည့်သည်များမှာ ယခုအခါ ဧည့်သည်သစ်များကို စူးစမ်းကြည့်နေကြ၏။
ထိုအခါမှသာ ကျောက်ကျင့်ယန်သည် ပြတိုက်မှူး ထွက်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူမသည် အတွေးကမ္ဘာထဲမှ ရုန်းထွက်လိုက်ပြီး အမြန် ရှေ့သို့တိုးကာ မေးလိုက်၏။
"သူ... သူ ပြန်လာဦးမှာလား"
"ဧည့်ခန်းမက ခုနစ်ရက်မှာ တစ်ကြိမ် ပွင့်တယ်... ပြတိုက်မှူးကို တွေ့ချင်တယ်ဆိုရင်တော့ နောက်ထပ် ခုနစ်ရက်လောက် ထပ်စောင့်ရလိမ့်မယ်... ဒါပေမဲ့ တစ်ခါတလေမှာတော့ ပြတိုက်မှူးက အရမ်းအလုပ်များနေရင် ခန်းမကို မလာနိုင်တာမျိုးလည်း ရှိတတ်တယ်"
ဟယ်ချန ဖြေကြားလိုက်သည်။ သူမ၏ မျက်လုံးများမှာ ကျောက်ကျင့်ယန် လက်ထဲရှိ ဥပေါ်တွင် ရောက်ရှိနေ၏။ သူမ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေပုံရပေသည်။
ဤစကားကို ကြားသောအခါ ကျောက်ကျင့်ယန်၏ မျက်လုံးများတွင် စိတ်ပျက်မှု အရိပ်အယောင်များ ထင်ဟပ်သွားခဲ့သည်။
ဤသို့ဖြစ်မည်မှန်း သိခဲ့လျှင် ခုနကပင် ပြတိုက်မှူးအား အသေးစိတ်အချက်အလက်များကို မေးမြန်းခဲ့ရပေမည်။
"ဒါနဲ့ အစ်မ... ပြတိုက်မှူးကို 'သူ' လို့ မခေါ်ရပါဘူး... ကျွန်မတို့လိုပဲ 'ပြတိုက်မှူး' လို့ လေးလေးစားစား ခေါ်ရပါမယ်... ကျွန်မတို့က ယဉ်ကျေးမှုကို ဂရုစိုက်ရမယ်လေ"
ဟယ်ချန်းက သူမအား ရှင်းပြလိုက်၏။
ကျောက်ကျင့်ယန်မှာ စိတ်ကူးယဉ် အိပ်မက်ထဲတွင် နက်နဲစွာ နစ်မြုပ်နေပုံရသည်။ သူမသည် သူမ၏လက်ထဲရှိ ဥကို တစ်လှည့်၊ သူမ၏ ပတ်ဝန်းကျင်ကို တစ်လှည့် စိုက်ကြည့်နေမိ၏။ ရုတ်တရက်ဆိုသလို သူမမှာ သေချင်စိတ် မရှိတော့ပေ။
ဤဥလေးမှာ သူမအား မျှော်လင့်ချက်များ ပေးအပ်လိုက်ခြင်းပင် ဖြစ်သည်။
ခုနက ပြတိုက်မှူးက သူတို့၏ 'ကံတရား' အကြောင်းနှင့် 'နိဗာနဝင်ရန် အခွင့်အရေးပေးမည်' ဟု ပြောဆိုခဲ့သည်ကို သူမ ကြားလိုက်ရသလို ခံစားနေရသည်။
နိဗာနဆိုသည်မှာ ဘာကို ဆိုလိုသနည်း။
သာ၍ သိခဲ့လျှင် သူမသည် ပြတိုက်မှူးထံမှ ချက်ချင်းပင် လမ်းညွှန်မှု တောင်းခံခဲ့ပေလိမ့်မည်။ နှမြောခြင်းအတွက် ကုထုံးဟူသည်မှာ ဤကမ္ဘာတွင် မရှိသည်မှာ ကံဆိုးလှပေသည်။ ပို၍ အရေးကြီးသည်မှာ ကျောက်ကျင့်ယန်မှာ ခုနက အလွန်အမင်း ထိတ်လန့်သွားသဖြင့် သူမ၏ စိတ်မှာ ရှုပ်ထွေးနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူမ စိတ်ပြန်လည် တည်ငြိမ်လာချိန်တွင်မူ အခွင့်အရေးမှာ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သေချာစဉ်းစားကြည့်ပြီးနောက် ဤနေရာရှိ လူများမှာ သာမန်လူများ မဟုတ်ကြဘဲ ဧည့်ခန်းမ၏ ဝါရင့်ဧည့်သည်များ ဖြစ်ပုံရသဖြင့် သူတို့ကို အရင် မေးကြည့်လျှင် မကောင်းပေဘူးလား။
ဤသို့ တွေးလိုက်သည်နှင့် ကျောက်ကျင့်ယန်သည် သူမ၏ အေးစက်သော မောက်မာမှုများနှင့် မျှော်လင့်ချက်မဲ့ခြင်းများကို ဘေးဖယ်လိုက်တော့သည်။ ယခုအခါ သူမသည် တက်ကြွနေပုံရပြီး သူမ၏ မျက်လုံးများထဲတွင်လည်း ယခင်က အရောင်အဝါများ ပြန်လည် မြင်တွေ့လာရပြီ ဖြစ်သည်။
သူမသည် ရှေ့သို့ တစ်လှမ်းတိုးကာ အခြားဧည့်သည်များကို ဦးညွှတ်လိုက်၏။
"အားလုံးနဲ့ ဆုံရတာ ဝမ်းသာပါတယ်... ကျွန်မ နာမည် ကျောက်ကျင့်ယန်ပါ"
သူမသည် စနစ်တကျ နှုတ်ဆက်ခြင်းဖြင့် စတင်လိုက်သည်။
ရဲ့ယွီကျိုးနှင့် အခြားသူများကလည်း သူမအား ပြန်လည် နှုတ်ဆက်ကြ၏၊ အဘယ်ကြောင့်ဆိုသော် သူတို့မှာလည်း ကျောက်ကျင့်ယန်အကြောင်း ပိုမို သိရှိလိုသောကြောင့်တည်း။
"အစ်မ ကျောက်... ဒီနေရာမှာ ကိုယ့်ရဲ့ နာမည်ရင်းကို ထုတ်ပြောဖို့ မလိုပါဘူး"
နှုတ်ဆက်ပြီးနောက် ဟဲချင်းက အလေးအနက် ပြောလိုက်သည်။
"နာမည်ပြောင် တစ်ခုခုဆိုရင်ပဲ လုံလောက်ပါပြီ"
သူမက ထိုသို့ ပြောလိုက်သော်လည်း သူမနှင့် အခြားသူများမှာမူ တစ်ဦးနှင့်တစ်ဦး၏ နောက်ခံများကို ကောင်းစွာ သိရှိထားကြပြီး ဖြစ်သည်။
ကျောက်ကျင့်ယန်က ပြုံးလိုက်၏။ သူမသည် ထိုအချက်ကို လုံးဝ ဂရုမစိုက်ပေ၊ သူမ ပို၍ စိတ်ဝင်စားသည်မှာ သူတို့ထံမှ လမ်းညွှန်မှု တောင်းခံရန်သာ ဖြစ်သည်။
"ခုနက ပြတိုက်မှူးက ကျွန်မတို့ ဒီမှာ ဆုံတွေ့ရတာ ကံတရားကြောင့်မို့လို့ နိဗာနဝင်ဖို့ အခွင့်အရေး ပေးမယ်လို့ ပြောသွားပါတယ်... အဲဒီ 'နိဗာန' ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲဆိုတာ ကျွန်မကို ပြောပြပေးနိုင်မလား"
ကျောက်ကျင့်ယန်က နှိမ့်ချစွာ မေးလိုက်သည်။
ကံမကောင်းစွာပင် သူမသည် မှားယွင်းသော လူအုပ်စုကို မေးမြန်းမိခြင်း ဖြစ်သည်။
ရဲ့ယွီကျိုးနှင့် အခြားသူများမှာ ဗဟုသုတ ကြွယ်ဝသူများ ဖြစ်ကြသော်လည်း 'နိဗာန' ဟူသော စကားလုံးမှာမူ ဤကမ္ဘာတွင် အမှန်တကယ် ရှိမနေပေ။ ထို့ကြောင့် ဗဟုသုတ အလွန်ကြွယ်ဝသော ရဲ့ယွီကျိုးပင်လျှင် သူမ၏ မေးခွန်းကို မဖြေနိုင်ခဲ့ချေ။
ကျောက်ကျင့်ယန် အတော်လေး စိတ်ပျက်သွားမိ၏။
သို့သော်လည်း ဤနေရာမှာ ခုနစ်ရက်အကြာတွင် ပြန်လည် ပွင့်မည်ဖြစ်ပြီး ထိုလျှို့ဝှက်ဆန်းပြားသော ပြတိုက်မှူးမှာလည်း ပြန်လည် ရောက်ရှိလာမည် ဖြစ်သောကြောင့် အချိန်ကျလျှင် သူ့ကိုသာ မေးမြန်းရပေတော့မည်။
ဤသို့ တွေးလိုက်သည်နှင့် သူမ စိတ်သက်သာရာ ရသွားခဲ့သည်။
ကျောက်ကျင့်ယန်သည် အခြားသူများထံမှ ပြတိုက်မှူးအကြောင်းကို အသေးစိတ် စတင် မေးမြန်းတော့သည်။
ထောင့်တစ်နေရာတွင်မူ ဖုန်းစီချန်းမှာလည်း သူတို့၏ စကားဝိုင်းကို နားထောင်နေ၏။
သူလည်း အမှန်တရားကို သိမြင်လာခဲ့ပြီ ဖြစ်သည်။ လက်ရှိ ဖြစ်ပျက်နေသော အခြေအနေများကို ကြည့်ခြင်းအားဖြင့် ဤအရာမှာ သူ၏ ညီအစ်ကိုများ သို့မဟုတ် သူ၏ ခမည်းတော်နှင့် လုံးဝ မပတ်သက်ကြောင်း သူ အတည်ပြုလိုက်ပြီ ဖြစ်သည်။ ဤနေရာမှာ ဖုံးကွယ်နေသော ကျွမ်းကျင်သူတစ်ဦး၏ နယ်မြေပင် ဖြစ်ပေသည်။
သူသည် 'အလွန်အမင်း ကံကောင်းမှု' ကြောင့်သာ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
တော်ဝင်မျိုးနွယ်စုဝင် အများအပြားမှာ မောက်မာပြီး အလိုလိုက်ခံထားရသူများ ဖြစ်ကြသော်လည်း နန်းတော်ဆိုသည်မှာ အမှန်တကယ်ပင် အရည်အချင်းရှိသူများကို မွေးထုတ်ပေးနိုင်သော နေရာတစ်ခုလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမျိုးနွယ်စုဝင်များသည် ငယ်စဉ်ကတည်းက သာမန်လူများ မယှဉ်နိုင်သော ပညာရေးနှင့် ကြွယ်ဝသော အရင်းအမြစ်များကို ရရှိထားကြသောကြောင့်တည်း။
ကောင်းကင်ရစ်ပတ် နိုင်ငံတွင် မင်းသားအများအပြား ရှိသော်လည်း ဖုန်းစီချန်းကဲ့သို့ ထီးနန်းကို ဆက်ခံရန် ထိုက်တန်သူတစ်ဦးမှာမူ အနှစ်မပါသော ဥတစ်လုံးကဲ့သို့ ညံ့ဖျင်းသူ မဟုတ်ပေ။
ဖုန်းစီချန်းမှာ ဤအရာသည် သူ့အတွက် ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်ကြောင်း သိရှိလိုက်သည်။
အနည်းဆုံးတော့ သူ ထိုမျှလောက်ကို သိမြင်နိုင်စွမ်း ရှိပေသည်။
နံပါတ် (၁၂) ဧည့်သည်၏ သားရဲမှာ သာမန်သတ္တဝါ မဟုတ်သည်မှာ သေချာပြီး သူမသည် သူ၏နာမည်ကို အစကတည်းက သိရှိနေခြင်းကို ကြည့်လျှင် ထိုအမျိုးသမီးကိုယ်တိုင်မှာလည်း သာမန်လူတစ်ဦး မဟုတ်သည်မှာ ထင်ရှားလှပေသည်။
သူမ နာမည်ကို ထုတ်ပြောလိုက်ချိန်တွင် ဖုန်းစီချန်းသည် သေသေချာချာ နားထောင်နေခဲ့သည်။ 'ကျောက်ကျင့်ယန်' ဟူသော အမည်မှာ တစ်နေရာရာတွင် ကြားဖူးသလိုမျိုး သူ ခံစားနေရ၏။
နောက်ဆုံးတွင် အဖြေကို ရှာတွေ့လိုက်သည့်အခါ သူ၏ရင်မှာ ဒိတ်ခနဲ ဖြစ်သွားခဲ့ရသည်။
'ဖီးနစ်နန်းတော်ရဲ့ ကြီးမြတ်တဲ့ တပ်မှူးကြီးရဲ့ နာမည်က ကျောက်ကျင့်ယန်ပဲ၊ ဒီလူက သူမ ဖြစ်နေတာများလား'
ဖုန်းစီချန်းမှာ စိတ်လှုပ်ရှားစွာဖြင့် ဆက်လက် တွေးတောနေမိသည်။
'ဖီးနစ်နန်းတော်ဆိုတာ အဆင့်မြင့်နိုင်ငံတွေကိုတောင် ယှဉ်နိုင်တဲ့ စွမ်းအားရှိတဲ့ ဖုံးကွယ်နေတဲ့ အဖွဲ့အစည်းတစ်ခုပဲ... ဒါပေမဲ့ မကြာသေးခင်က သူတို့ဆီမှာ မကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်လို့ ငါ ကြားဖူးတယ်... အကယ်၍ ဒီကျောက်ကျင့်ယန်ကသာ ဖီးနစ်နန်းတော်ရဲ့ တပ်မှူးကြီးဆိုရင် ဖီးနစ်နန်းတော်မှာ ပြင်းထန်တဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့လို့ပဲ ဖြစ်ရမယ်၊ ပုန်ကန်မှုတစ်ခုလား'
ဖုန်းစီချန်းမှာ ခန့်မှန်းချက်များကိုသာ ပြုလုပ်နေခြင်း ဖြစ်သည်။
သေချာသည်မှာ ၎င်းမှာ သူ၏ အခွင့်အရေးပင် ဖြစ်သည်။
အကယ်၍ သူသည် ကျောက်ကျင့်ယန်နှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့လျှင် သူတို့၏ ခင်မင်မှုမှတစ်ဆင့် သူသည် သေချာပေါက် အကျိုးကျေးဇူး ခံစားရပေလိမ့်မည်။ ၎င်းမှာ ဖီးနစ်နန်းတော်နှင့် မဟာမိတ်ဖွဲ့လိုက်သကဲ့သို့ပင် ဖြစ်ပြီး သူ ထီးနန်းကို လုယူသည့်အခါ သူ၏ အောင်နိုင်မှုနှုန်းမှာ သေချာပေါက် ပိုမို မြင့်မားလာပေလိမ့်မည်။
ဖုန်းစီချန်းမှာ အနားသို့ တိုးသွားပြီး ကြားဖြတ် ပြောလိုက်၏။
"နိဗာန ဆိုတဲ့ စကားလုံးက လျှို့ဝှက်ဆန်းပြားနေပေမဲ့ ဒါက ကောင်းတဲ့အရာ ဖြစ်ရမယ်... ပြတိုက်မှူးက အဲဒီပြာတွေကို ဥတစ်လုံးအဖြစ် စုစည်းပေးပြီး ဒါကို ကံတရားရဲ့ ခေါ်ယူမှုလို့ သတ်မှတ်တယ်ဆိုရင် ဒါက အမှန်တရား ဖြစ်ပါလိမ့်မယ်"
၎င်းမှာ နှစ်သိမ့်စကားများသာ ဖြစ်ကြောင်း ကျောက်ကျင့်ယန် သိရှိပါသည်။ သူမသည် ဖုန်းစီချန်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ရာ ဖုန်းစီချန်းကလည်း ပြုံး၍ တုံ့ပြန်လိုက်၏။
အခြားအကြောင်းကြောင့် မဟုတ်ဘဲ ဖုန်းစီချန်း၏ စကားလုံးများမှာ သူမ၏ စိတ်ကို ထိမိသွားသောကြောင့်ပင်ဖြစ်သည်။
သူမသည် အလွန်အမင်း မျှော်လင့်ချက်မဲ့နေသဖြင့် သူမ၏ အသက်ရှင်လိုစိတ်များပင် ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သော်လည်း ယခုအခါတွင်မူ မျှော်လင့်ချက် ရောင်ခြည်တန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူမ၏ အခွင့်အလမ်းမှာ ကြီးမားကြောင်း သူမ သိရှိထားသော်လည်း အခြားသူများထံမှ 'အတည်ပြုချက်' ကို သူမ လိုအပ်နေသေးသည်။
၎င်းမှာ စိတ်ပညာဆိုင်ရာ အကျိုးသက်ရောက်မှုတစ်ခုပင် ဖြစ်သည်။
ထိုစဉ် ရဲ့ယွီကျိုးက ရုတ်တရက် စကားပြောလာ၏။
"တောင်ပိုင်းတိုက်ကြီးက 'ကြက်သွေးရောင် မီးလျှံတောင်' ပေါ်မှာ တည်ရှိပြီး ရှာဖွေရခက်ခဲတဲ့ လျှို့ဝှက်ဆန်းပြားတဲ့ နန်းတော်တစ်ခုအကြောင်း ကျုပ် တစ်ခါ ကြားဖူးတယ်... လောကကတော့ အဲဒါကို ဖီးနစ်နန်းတော်လို့ သိကြပြီး ကျွမ်းကျင်သူတွေ စုဝေးရာ နေရာတစ်ခုပေါ့၊ သူတို့ရဲ့ တပ်မှူးကြီးရဲ့ နာမည်ကလည်း ကျောက်ကျင့်ယန်တဲ့... အဲဒီလူက ဒီကမိန်းကလေးများလား"
၎င်းမှာ အလွန်ပင် ပွင့်လင်းလှသော မေးခွန်းတစ်ခုပင် ဖြစ်တော့သည်။
အခန်း (၃၄၄) - ကျူရိပ်မြို့မှ ပေးစာတစ်စောင်
အမှန်အတိုင်း ပြောရလျှင် ဤနေရာရှိ လူအနည်းငယ်သာ ဖီးနစ်နန်းတော်အကြောင်း သိရှိကြပြီး ကျောက်ကျင့်ယန်၏ အမည်ကို ကြားဖူးသူမှာ သုံးဦးထက် မပိုပေ။
၎င်းမှာ တိုက်ဆိုင်မှုတစ်ခုပင် ဖြစ်သည်။ ရဲ့ယွီကျိုးမှာ စာဖတ်ခြင်းကို ဝါသနာပါပြီး ဤကမ္ဘာပေါ်ရှိ ထူးဆန်းသော အကြောင်းအရာများကို လေ့လာခြင်းမှာ သူ၏ ဝါသနာတစ်ခု ဖြစ်နေသောကြောင့်တည်း။
သူသည် ဖီးနစ်နန်းတော်အကြောင်းကိုလည်း ကံကောင်းထောက်မစွာ သိရှိထားပြီး ထိုအဖွဲ့အစည်းမှာ အနည်းဆုံး နှစ်ပေါင်း သုံးရာခန့် တည်ရှိနေပြီဖြစ်ကြောင်း သူ သိသည်။ ထိုအဖွဲ့အစည်း၏ စွမ်းအားမှာ အဆင့်မြင့်နိုင်ငံတစ်ခုနှင့်ပင် ယှဉ်နိုင်သည်ဟု ဆိုကြ၏။
တစ်နည်းအားဖြင့် ပြောရလျှင် သူတို့တွင် သူတို့၏ နယ်မြေကို စောင့်ရှောက်ရန် အဆင့် (၅) သားရဲများ ရှိနေခြင်းပင် ဖြစ်သည်။
"ဖီးနစ်က ဖီးနစ်နန်းတော်မှာ နေထိုင်ပြီး ၎င်းရဲ့ တောက်လောင်နေတဲ့ မီးလျှံတွေက အနှိုင်းမဲ့တယ်"
ရဲ့ယွီကျိုးက မည်သည့်နေရာကမှန်းမသိသော ဆိုရိုးစကားတစ်ခုကို ရုတ်တရက် ရွတ်ဆိုလိုက်သည်။
ဖုန်းစီချန်းတွင်လည်း အလားတူ ခန့်မှန်းချက်များ ရှိနေသော်လည်း သူသည် ထိုကိစ္စကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးမည့်သူမျိုး မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ မင်းစိုးရာဇာများမှာ အရာရာကို သိမ်မွေ့စွာ လုပ်ဆောင်တတ်ကြသည် မဟုတ်ပါလား။
ရဲ့ယွီကျိုးမှာမူ ထိုမျှအထိ သိမ်မွေ့သူ မဟုတ်ပေ၊ အနည်းဆုံးတော့ ဤဧည့်ခန်းမအတွင်းမှာပေါ့။
သူက တိုက်ရိုက် မေးမြန်းလိုက်ရာ ကျောက်ကျင့်ယန်၏ အဖြေမှာလည်း ထိုနည်းတူပင် ပွင့်လင်းလှပေသည်။
"ဟုတ်ပါတယ်"
စကားတစ်ခွန်းတည်းကပင် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုလိုက်ပြီ ဖြစ်သည်။
ဆက်လက်၍ သူမသည် သူမ၏ မကြာသေးမီက ကြုံတွေ့ခဲ့ရမှုများကို ပြောပြတော့သည်။ ဖီးနစ်နန်းတော်အတွင်းတွင် တပ်မှူးချုပ်ဖြစ်သော သူမအပြင် နန်းတော်သခင်နှင့် ဒုတိယတပ်မှူးတို့လည်း ရှိနေသေးသည်။
တော်ဝင်နန်းတွင်းကဲ့သို့ပင် နန်းတော်သခင်မှာ ဘုရင်ဖြစ်ပြီး တပ်မှူးချုပ်မှာ စစ်တပ်၏ အကြီးအကဲ ဖြစ်သည်။ ထို့အပြင် လူတိုင်း၏ တာဝန်နှင့် ဝတ္တရားများကို တိကျစွာ ခွဲဝေပေးထားသော အခြား အရာရှိများစွာလည်း ရှိပေသေးသည်။
ကျောက်ကျင့်ယန်မှာ ဒုတိယအာဏာအရှိဆုံးသူဟု သတ်မှတ်ခံရသူ ဖြစ်သည်။
သို့သော်လည်း မကြာသေးမီက ဖီးနစ်နန်းတော်တွင် ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။ သူတို့၏ နန်းတော်သခင်မှာ ကျင့်ကြံရန်အတွက် သုံးနှစ်ကြာ တံခါးပိတ်နေခဲ့ပြီး ယခုတိုင် ပြန်လည် ထွက်ပေါ်လာခြင်း မရှိသေးသဖြင့် နန်းတော်အတွင်း၌ အုတ်အော်သောင်းနင်း ဖြစ်ပွားခဲ့သည်။ နန်းတော်သခင်က တာဝန်မယူနိုင်သည့်အခါ ကျောက်ကျင့်ယန်အနေဖြင့် တပ်မှူးချုပ်တစ်ဦးအဖြစ် တာဝန်ယူရမည်မှာ သဘာဝကျလှပေသည်။ သူမသည်လည်း ထိုအတိုင်းပင် လုပ်ဆောင်ခဲ့၏။
သို့သော် ပြဿနာမှာ လူတိုင်းက သူမကို ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုကြခြင်းပင်။
နောက်ဆုံးတွင် ဖီးနစ်နန်းတော်၏ သခင်ရှစ်ပါးနှင့်အတူ သူတို့၏ ဒုတိယတပ်မှူးမှာ ကျောက်ကျင့်ယန်အား ပုန်ကန်တိုက်ခိုက်ခဲ့ပြီး သူမအား ပြင်းထန်စွာ ဒဏ်ရာရရှိစေကာ သူမ၏ သားရဲကိုလည်း သတ်ဖြတ်ခဲ့ကြသည်။
ကျောက်ကျင့်ယန်မှာ ကံကောင်းထောက်မစွာဖြင့် ထွက်ပြေး လွတ်မြောက်လာခဲ့သော်လည်း သူမ၏ ယုံကြည်ရသော နောက်လိုက်များစွာမှာမူ သူမကဲ့သို့ ကံမကောင်းခဲ့ကြပေ။ အခြားနည်းလမ်း မရှိတော့သည့်အဆုံး သူမသည် မျှော်လင့်ချက်မဲ့သွားခဲ့ပြီး သေဆုံးခြင်းဖြင့်သာ အဆုံးသတ်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်ငြားလည်း သူမသည် ဤဧည့်ခန်းမအတွင်းသို့ လျှို့ဝှက်ဆန်းပြားစွာ စုပ်ယူခံရလိမ့်မည်ဟု တစ်ခါမျှ ထင်မှတ်မထားခဲ့ချေ။
သူမသည် သူမ၏ အခက်အခဲများကို ဖုံးကွယ်မထားခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ပထမအချက်မှာ ထိုသို့လုပ်ရန် မလိုအပ်ခြင်းကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ၎င်းမှာ သူမ၏ အခွင့်အရေးဖြစ်ကြောင်း သူမ သိရှိထားသောကြောင့်တည်း။ ဤကဲ့သို့ ဆိုးရွားသော သစ္စာဖောက်မှုကို ခံစားရပြီးနောက် သူမသည် သဘာဝကျစွာပင် လက်စားချေလိုစိတ် ဖြစ်ပေါ်နေပြီး သူမရရှိနိုင်သော မည်သည့်အခွင့်အရေးကိုမဆို အမိအရ ဆုပ်ကိုင်ရမည် ဖြစ်သည်။ ထိုသို့ဖြစ်နေမှတော့ ပွင့်ပွင့်လင်းလင်း ရှိနေခြင်းက ပို၍ ကောင်းမွန်လှပေသည်။
ပျော်ရွှင်မှု၊ သစ္စာဖောက်မှုနှင့် မျှော်လင့်ချက်မဲ့မှုများကို ကြုံတွေ့ပြီးနောက် ကျောက်ကျင့်ယန်မှာ ပို၍ ရင့်ကျက်လာခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
၎င်းမှာ တကယ့်ကို ဝမ်းနည်းစရာကောင်းသော အဖြစ်အပျက်တစ်ခုဖြစ်သဖြင့် ဟယ်ချန်းက သူမအား အဆက်မပြတ် နှစ်သိမ့်ပေးနေ၏။
"ဖီးနစ်နန်းတော်အကြောင်း ငါလည်း ကြားဖူးပါတယ်... လွန်ခဲ့တဲ့ အချိန်အတော်ကြာက ငါတို့ အချင်းချင်း အဆက်အသွယ် ရှိခဲ့ဖူးသေးတယ်"
ဝိညာဉ်ကလေးငယ်မိခင်က ရုတ်တရက် မှတ်ချက်ပေးလိုက်သည်။
ကျောက်ကျင့်ယန်မှာ သူမအား သတိပြုမိနေသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။
သူမသည် စောစောကတည်းက ခန့်မှန်းနေခဲ့သော်လည်း ယခုအခါ မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်မ မေးပါရစေ... ရှင်က တစ်ချိန်က တောင်ပိုင်းတိုက်ကြီးမှာ လှည့်လည်သွားလာခဲ့တဲ့ လင်နန်နတ်ဘုရား ငါးပါးထဲက တစ်ပါးဖြစ်တဲ့ ဝိညာဉ်ကလေးငယ်မိခင်လား"
ဝိညာဉ်ကလေးငယ်က ပြုံးလိုက်၏။
"ဒီနေ့ခေတ်မှာ တောင်ပိုင်းတိုက်ကြီးက လူအနည်းငယ်ပဲ လင်နန်နတ်ဘုရားတွေအကြောင်း သိကြတော့တာပါ"
၎င်းမှာ သွယ်ဝိုက်သော အသိအမှတ်ပြုမှုတစ်ခုပင် ဖြစ်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်က ကျွန်မရဲ့ ဆရာက လင်နန်နတ်ဘုရား ငါးပါးနဲ့ အတော်လေး ရင်းနှီးခဲ့တယ်... ဒီနေ့ စီနီယာ ဝိညာဉ်ကလေးငယ်နဲ့ ဆုံတွေ့ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ"
ကျောက်ကျင့်ယန်က ဦးညွှတ်လိုက်၏။
ဤသို့ဖြင့် သူမသည် ဟယ်ချန်းနှင့် ဝိညာဉ်ကလေးငယ် နှစ်ဦးစလုံး၏ စိတ်ကို ခဏအတွင်းမှာပင် သိမ်းပိုက်လိုက်နိုင်တော့သည်။
အမျိုးသမီးနှစ်ဦးမှာ သူမဘက်၌ ရှိနေသဖြင့် ကျန်ရှိသော အမျိုးသားများနှင့် မိတ်ဆွေဖွဲ့ရန်မှာ ပို၍ပင် လွယ်ကူသွားတော့သည်။
'အံ့ဩစရာပဲ' ဖုန်းစီချန်းမှာ ကြက်သီးများပင် ထသွားရ၏။ သူသည် ယခုအချိန်မှစ၍ ဤဧည့်ခန်းမ၏ ပုံမှန်ဧည့်သည်တစ်ဦး ဖြစ်လာတော့မည်ကို သိရှိလိုက်ပြီဖြစ်ရာ ဤနေရာရှိ လူများနှင့် ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ရပေလိမ့်မည်။
အခြေခံ ဆက်သွယ်မှု စွမ်းရည်မှာ တော်ဝင်မျိုးနွယ်စုဝင်များအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ပြီး ဖုန်းစီချန်းမှာ ထိုအချက်တွင် အမှတ်ပြည့် ရရှိထားသူ ဖြစ်သည်။ သူ မနှစ်သက်သော လူများနှင့် ရင်ဆိုင်ရလျှင်ပင် သူသည် သူတို့နှင့် အချိန်အကြာကြီး စကားပြောနိုင်စွမ်း ရှိပေသည်။
သို့သော်လည်း သူသည် ဤနေရာရှိ မည်သူ့ကိုမျှ မုန်းတီးနေခြင်းတော့ မဟုတ်ပေ။
ဩဇာအာဏာရှိသူများနှင့် မိတ်ဆွေဖွဲ့ရခြင်းမှာ တန်ဖိုးရှိလှပေသည်။
'လင်နန်နတ်ဘုရားတွေအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး၊ ဒါပေမဲ့ ငါ ပြန်သွားတဲ့အခါ အဲဒါတွေကို သေချာ လေ့လာရမယ်... ကျောက်ကျင့်ယန်လို လူမျိုးကတောင် 'စီနီယာ' လို့ ခေါ်ဆိုရတယ်ဆိုရင် သူမကလည်း သေချာပေါက် စွမ်းအားကြီးတဲ့သူ ဖြစ်ရမယ်'
ဖုန်းစီချန်းက တွေးလိုက်သည်။ သူသည် စကားဝိုင်းတစ်ခုကို စတင်လိုက်ပြီး လူအများ၏ အာရုံကို ဖမ်းစားလိုက်ကာ စနစ်တကျ မိတ်ဆက်ခြင်းများကို ပြုလုပ်လိုက်တော့သည်။
ဤနေရာရှိ တစ်စုံတစ်ယောက်မှာ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိထားပြီးဖြစ်ရာ လျှို့ဝှက်ထားရန် မလိုအပ်တော့ပေ။ ဖုန်းစီချန်းက သူတို့အား အမှန်အတိုင်း ပြောပြလိုက်၏။
အဆင့်မြင့်နိုင်ငံတစ်ခု၏ မင်းသားတစ်ပါးအနေဖြင့် သူ၏ အဆင့်အတန်းမှာ အမှန်တကယ်ပင် အံ့ဩစရာကောင်းလှပေသည်။ ကျီးကန်းနက်နှင့် ဝိညာဉ်ကလေးငယ်တို့ပင်လျှင် သူ့ကို မချေမငံ မဆက်ဆံဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကဲ့သို့သော လူဆိုးကျွမ်းကျင်သူများသည် နိုင်ငံငယ်လေးများကို လွှမ်းမိုးနိုင်ပြီး အလယ်အလတ်နိုင်ငံများကို အရေးမစိုက်ဘဲ နေနိုင်သော်လည်း အဆင့်မြင့်နိုင်ငံတစ်ခုကိုမူ တစ်ဦးတည်းနှင့် ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သောကြောင့်တည်း။
အဆင့် (၅) သားရဲများမှာ သူတို့ ယှဉ်ပြိုင်နိုင်သော ပြိုင်ဘက်များ မဟုတ်ကြပေ။
လူဆိုးလောက၏ ထိပ်တန်းတွင်ရှိပြီး အဆင့် (၅) သားရဲများကို ပိုင်ဆိုင်ထားသော အနည်းငယ်သော သူများမှလွဲ၍ ကျန်ရှိသူများမှာ အဆင့်မြင့်နိုင်ငံတစ်ခုကို ရန်စရန် မဝံ့ရဲကြချေ။
ထို့ကြောင့် ဤနေရာရှိ လူတိုင်းမှာ ဖုန်းစီချန်းအား ခေါင်းညိတ်ပြကာ ပြန်လည် တုံ့ပြန်ကြ၏။ မည်သို့ပင်ဖြစ်စေ ဤမင်းသားမှာ မောက်မာခြင်းမရှိဘဲ အံ့ဩစရာကောင်းလောက်အောင် ဖော်ရွေနေသည် မဟုတ်ပါလား။
ဤသို့ဖြင့် အသစ်ရောက်ရှိလာသူ နှစ်ဦးမှာ အုပ်စုအတွင်းသို့ အလွယ်တကူပင် ရောနှောသွားကြတော့သည်။ သူတို့သည် ဧည့်ခန်းမနှင့် ပြတိုက်မှူးအကြောင်းကိုလည်း အနည်းငယ် သိရှိသွားကြ၏။
လူတိုင်း၏ ခန့်မှန်းချက်များကို နားထောင်ပြီးနောက် အသစ်ရောက်ရှိလာသူများသည် သူတို့၏ သံသယများကို ပိုမို ခိုင်မာစေခဲ့ကြသည်။
ပြတိုက်မှူးမှာ သေချာပေါက် အဆင့် (၅) သားရဲအကဲဖြတ်မှူးတစ်ဦး ဖြစ်ရပေမည်။
လင်းကျင်းမှာမူ ဤကိစ္စများကို ဘာမျှ မသိရှိပေ။ ဧည့်ခန်းမမှ ထွက်ခွာလာပြီးနောက် သူသည် သူ၏ အိမ်အသစ်တွင် ဖီးနစ်မီးလျှံအကြောင်းကို စတင် သုတေသနပြုတော့သည်။ ည၏ ဒုတိယပိုင်းမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး အရုဏ်တက်ချိန်သို့ ရောက်ရှိလာသည့်အခါမှသာ လင်းကျင်းသည် သူ၏ အတွေးကမ္ဘာအတွင်းမှ တဖြည်းဖြည်း ပြန်လည် ထွက်ပေါ်လာခဲ့သည်။
"ဒီဖီးနစ်မီးလျှံက တကယ့်ကို အံ့ဩစရာကောင်းတာပဲ"
လင်းကျင်းသည် သူ၏ သုတေသန ရလဒ်ကြောင့် စိတ်လှုပ်ရှားနေ၏။ ဤဖီးနစ်မီးလျှံမှာ သူ ကျင့်ကြံထားသော နဂါးမီးလျှံထက်ပင် အနည်းငယ် သာလွန်နေသည်။ သို့သော်လည်း ၎င်းကို သူ၏ ကိုယ်ပိုင် အသုံးပြုမှုအတွက် ပြောင်းလဲရန်မှာ အချိန်ပိုမို လိုအပ်သလို 'မီးစာ' လည်း လိုအပ်ပေသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် နံပါတ် (၁၂) ဧည့်သည်၏ ဖီးနစ်မှာ နိဗာနဝင် ပြန်လည်မွေးဖွားခြင်းကို အောင်မြင်ရန် လင်းကျင်း ယခုအခါ မျှော်လင့်နေမိသည်။ ထိုအခါမှသာ သူသည် သူမ၏ သားရဲထံမှ မီးအရင်းအမြစ်တစ်ခုကို ရရှိနိုင်မည်ဖြစ်ပြီး ထိုမီးလျှံများကို အသုံးပြုကာ သူ၏ မန္တန်များကို ကျင့်ကြံနိုင်မည် ဖြစ်သည်။
သူ၏ အစီအစဉ်မှာ အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း နိဗာနဝင် ပြန်လည်မွေးဖွားခြင်း အောင်မြင်မလားဆိုသည်မှာမူ ထိုဖီးနစ်၏ ကံတရားပေါ်တွင်သာ မူတည်ပေလိမ့်မည်။
ထိုကိစ္စတွင် လင်းကျင်းအနေဖြင့် ကူညီပေးနိုင်ခြင်း မရှိပေ။
အပြင်ဘက်တွင် အလင်းရောင် ထွက်ပေါ်လာသည့်အခါ ရှန်းအာနှင့် ရှောင်ဝူတို့က နံနက်စာကို အဆင်သင့် ပြင်ဆင်ထားကြပြီ ဖြစ်သည်။ နံနက်စာကို အမြန် စားသောက်ပြီးနောက် လင်းကျင်းသည် အလုပ်များလှသော နေ့တစ်နေ့အတွက် အသင်းချုပ်သို့ သွားရောက်ခဲ့သည်။ ကြားထဲတွင် မေတ္တာရိပ်မြုံမှ လူများ ရောက်ရှိလာကြသော်လည်း သူတို့သည် ထိုညက ဖြစ်ရပ်နှင့် ပတ်သက်၍ အတော်လေး လေးလေးစားစားပင် မေးမြန်းခဲ့ကြ၏။
လင်းကျင်းသည် ဤကိစ္စကို ကျောက်ဝမ်ထန်နှင့် ကြိုတင် ညှိနှိုင်းထားပြီးဖြစ်ရာ သူ၏ အဖြေများမှာ အပြစ်ပြောစရာ မရှိပေ။ သူတို့ ထွက်သွားပြီးနောက်တွင်မူ မေတ္တာရိပ်မြုံသည် ထိုဖြစ်ရပ်ကို ယခုတိုင် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း လင်းကျင်း သတိပြုမိလိုက်သည်။ သို့သော်လည်း လင်းကျင်းမှာ မေတ္တာရိပ်မြုံကိုဖြစ်စေ၊ သူတို့ကို ထောက်ပံ့ပေးထားသော အင်အားစုများကိုဖြစ်စေ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူ၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ မြက်ခင်းပြင်တိုက်ကြီးရှိ အနောက်နိုင်ငံပင် ဖြစ်သည်။
သူတို့ကဲ့သို့သော အဆင့်မြင့်နိုင်ငံတစ်ခုထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခြင်းမှာ လင်းကျင်းအား ဂနာမငြိမ် ဖြစ်စေခဲ့သည်။
ကျောက်ဝမ်ထန်သည် ဤဖြစ်ရပ်ကို စောင့်ကြည့်နေသဖြင့် ထူးခြားမှု တစ်စုံတစ်ရာ ရှိခဲ့လျှင် လင်းကျင်းအား ချက်ချင်း အကြောင်းကြားပေလိမ့်မည်။
လင်းကျင်းသည် ဤကိစ္စကို အလွန်အမင်း စိတ်ထဲ မထားတော့ပေ။ ထိုစဉ်က သူပြောခဲ့သော မုသားစကားများမှာ အတော်လေး ခိုင်လုံလှပေသည်။ အကယ်၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့လျှင်ပင် လင်းကျင်းတွင် အရန်အစီအစဉ် ရှိပြီးသား ဖြစ်သည်။
မွန်းလွဲပိုင်းတွင် မေပယ်မြို့၏ စာပို့စခန်းမှ လူတစ်ဦးသည် စာတစ်စောင်နှင့်အတူ ရောက်ရှိလာခဲ့သည်။
"ငါ့အတွက် စာတစ်စောင်လား"
လင်းကျင်းမှာ ထူးဆန်းသွားသော်လည်း မကြာမီမှာပင် ၎င်းမှာ ဘာလဲဆိုသည်ကို နားလည်သွားခဲ့သည်။ ယခုအခါ သူသည် သူတို့ အသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်နေပြီဖြစ်ရာ တော်ဝင်မြို့တော်မှ ထူးခြားမှုများ ရှိခဲ့လျှင် စာမှတစ်ဆင့် ဆက်သွယ်လာနိုင်သောကြောင့်တည်း။
"ဘယ်က လာတာလဲ"
လင်းကျင်းက မေးလိုက်ရာ စာပို့စခန်းမှ လူက ပြန်လည် ဖြေကြားလိုက်သည်။
"ဥက္ကဋ္ဌလင်း... ဒါက ကျူရိပ်မြို့က လာတာပါခင်ဗျာ"