အခန်း (၃၄၅-၃၄၆)
Vol. 18 Ch. 345-346
အခန်း (၃၄၅) - လုဘင်၏ ကတိ
ကျူရိပ်မြို့ကလား။
၎င်းက လင်းကျင်းကို မှင်တက်သွားစေသည်။ ကျူရိပ်မြို့တွင် သူနှင့် ရင်းနှီးသူရှိသည်ဟု လင်းကျင်း မမှတ်မိပေ။ ထိုစဉ် ရုတ်တရက် လွန်ခဲ့သော ရက်အနည်းငယ်က လက်နက်ကိုင် အစောင့်အကြပ် တစ်စုကို သူ သတိရသွားသည်။
သူတို့က ကျူရိပ်မြို့က လာကြတာ မဟုတ်ပါလား။
ထိုစဉ်က လင်းကျင်းသည် လင်ဇီးမှိုပိုင်ရှင် ချောင်မိသားစုအား (ချောင်မိသားစုလို့ပြောင်းသုံးပါမယ်) ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြရန် အစောင့်ခေါင်းဆောင်ကျန်းအား မှာကြားခဲ့ဖူးသည်။
အစောင့်ခေါင်းဆောင်ကျန်းတစ်ယောက် ကျူရိပ်မြို့ကို ပြန်ရောက်သွားပြီလား။
'ကုန်လွန်သွားတဲ့ အချိန်ကို ကြည့်ရင် သူ အိမ်ပြန်ရောက်နေလောက်ပြီပဲ'
စာပို့စခန်းမှ လူကို ပြန်လွှတ်လိုက်ပြီးနောက် လင်းကျင်းသည် စာကိုဖွင့်ဖတ်လိုက်၏။ ကျူရိပ်မြို့သို့ ပြန်ရောက်ရောက်ချင်း အစောင့်ခေါင်းဆောင်ကျန်းသည် ချောင်မိသားစုထံ ချက်ချင်းသွားခဲ့ကြောင်း သိရသည်။ စာထဲတွင် ချောင်မိသားစုအနေဖြင့် လင်ဇီးမှို ကိစ္စနှင့် ပတ်သက်၍ ဆက်လက် အရေးယူရန် အစီအစဉ်မရှိကြောင်း အစောင့်ခေါင်းဆောင် ကျန်းက ရှင်းလင်းစွာ ဖော်ပြထားသည်။
ဤချောင်မိသားစုမှာ အတော်လေး စိတ်ထားကောင်းပုံရသည်။
သို့သော်လည်း ချောင်မိသားစုတွင် အခက်အခဲတစ်ခု ကြုံတွေ့နေရကြောင်း စာထဲ၌ ဖော်ပြထားသေးသည်။ အသေးစိတ်အချက်အလက်များကို မဖော်ပြထားသော်လည်း အတော်လေး ပြင်းထန်ပုံရရာ ၎င်းမှာ သူတို့က ကျွမ်းကျင်သူများကို ငှားရမ်းနေရသည့် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်ပေလိမ့်မည်။
ထို့အပြင် ချောင်မိသားစုသည် လလယ်ဖြစ်သော (၁၅) ရက်နေ့တွင် သူတို့၏ ဧည့်သည်များအတွက် တည်ခင်းဧည့်ခံပွဲတစ်ခု ပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း စာထဲတွင် ပါရှိသည်။ လင်းကျင်း စဉ်းစားကြည့်လိုက်ရာ ၎င်းမှာ မနက်ဖြန် မွန်းလွဲပိုင်းပင် ဖြစ်နေသည်။ ယခုအခါ နေဝင်လုနီးပြီဖြစ်ရာ လင်းကျင်း ယခုချက်ချင်း ထွက်ခွာလျှင်ပင် သန်းခေါင်ယံအချိန်ခန့်မှ ရောက်ရှိပေလိမ့်မည်။ အကယ်၍ လမ်းခရီးတွင် အခက်အခဲ တစ်စုံတစ်ရာ ရှိခဲ့ပါက မနက်ဖြန် မနက်မှသာ ရောက်ရှိနိုင်ပေမည်။
လင်းကျင်းသည် ချောင်မိသားစုနှင့် မရင်းနှီးသော်လည်း သူတို့အား ကတိတစ်ခု ပေးထားခဲ့သည်။ အစောင့်ခေါင်းဆောင် ကျန်းကပင် သူ့ထံ အလေးအနက်ထား၍ စာရေးလိုက်သေးရာ ကျူရိပ်မြို့သို့ သွားရောက်ကာ အခြေအနေကို စစ်ဆေးပေးရန်မှာ သူ၏ တာဝန်တစ်ခုကဲ့သို့ ဖြစ်နေတော့သည်။
"တစ်ခေါက်လောက် သွားကြည့်ကြတာပေါ့"
လင်းကျင်း ဆုံးဖြတ်လိုက်သည်။
သူ့တွင် သယ်ယူပို့ဆောင်ရေး လင်းယုန်မရှိသဖြင့် အခြားသားရဲတစ်ကောင်ကို စီးသွားရပေလိမ့်မည်။ အရိပ်ဝံပုလွေမှာ အဆင့် (၃) ဖြစ်ပြီး အတော်လေး လျင်မြန်သဖြင့် သူ့ကို စီးသွားလျှင် အဆင်ပြေနိုင်ပေသည်။
သွားမည်ဆိုလျှင် မျောက်ဖြူလေးကိုလည်း ခေါ်သွားနိုင်သည်။ ဖုတ်ကောင်ကိုမူ ရှန်းအာတို့ စောင့်ရှောက်နိုင်ရန် အိမ်တွင် ထားခဲ့မည် ဖြစ်သည်။
စိတ်ကူးဖြင့် အစီအစဉ်ဆွဲပြီးနောက် လင်းကျင်းသည် အိမ်ပြန်ကာ မှာကြားစရာရှိသည်များကို မှာကြားရန် ပြင်ဆင်လိုက်၏။
ထိုစဉ် လူတစ်ယောက် ဝင်လာပြီး လုဘင်ဟု အမည်ရသော လူတစ်ဦး တွေ့ဆုံခွင့် တောင်းခံနေကြောင်း သတင်းပို့လာသည်။
"သေနာပတိလု ရောက်နေတာပဲ"
လင်းကျင်း ပြုံးလိုက်မိသည်။ တော်ဝင်မြို့တော်တွင် ခွဲခွာခဲ့ကြပြီးနောက် သူတို့ မတွေ့ရသည်မှာ အတော်လေး ကြာခဲ့ပြီ ဖြစ်သည်။ ထိုစဉ်က လင်းကျင်းမှာ အလောတကြီး ထွက်ခွာလာခဲ့ရသော်လည်း လုဘင်၏ စရိုက်အရ လင်းကျင်းထံ သေချာပေါက် လာလိမ့်မည်ဖြစ်ရာ သူ ရောက်ရှိလာခြင်းအတွက် လင်းကျင်း မအံ့ဩမိပေ။
"သူ့ကို အထဲလွှတ်လိုက်ပါ"
လင်းကျင်း ညွှန်ကြားလိုက်ရာ သူ၏ လက်အောက်ငယ်သားက ထွက်၍ ခေါ်လာခဲ့သည်။ မကြာမီ လုဘင်သည် တံခါးမှ ဝင်လာတော့သည်။ နောက်ဆုံးတွေ့ခဲ့စဉ်ကနှင့် မတူဘဲ လုဘင်၏ ရုပ်ဆင်းသွင်ပြင်မှာ အတော်လေး ပိုမို ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သူသည် လင်းကျင်းကို မြင်သည်နှင့် ချက်ချင်း ဦးညွှတ်နှုတ်ဆက်၏။
"ဦးလေးလု... ဒီလိုမျိုး မလုပ်ပါနဲ့"
လင်းကျင်းက သူ့ကို အမြန် ထူပေးလိုက်သည်။
သူတို့ နှစ်ဦးစလုံး၏ စရိုက်မှာ အတော်လေး လိုက်ဖက်ညီကြသည်။ လုဘင်က သူ့ကို အဘယ်ကြောင့် ဤမျှအထိ လေးလေးစားစား နှုတ်ဆက်သည်ကို လင်းကျင်း သေချာပေါက် သိရှိထားသည်။
"အဲဒါတွေက အတိတ်က ကိစ္စတွေ ဖြစ်သွားပါပြီ... ဒါပေမဲ့ ဦးလေးလု... ခင်ဗျား လာတာ အချိန်ကိုက် ဖြစ်သွားတယ်လို့ပဲ ပြောရမယ်... ကျုပ်က ခင်ဗျားကို အရက်တိုက်ပြီး ဧည့်ခံရမှာ ဖြစ်ပေမဲ့ ဒီည ကျုပ် မြို့ပြင်ကို ခရီးထွက်ရဖို့ ရှိနေတယ်"
လင်းကျင်းက ပြောလိုက်သည်။
သူသည် ကျူရိပ်မြို့သို့ သွားရန် စီစဉ်ထားသဖြင့် အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။
"မြို့ပြင်ကို ဟုတ်လား"
လုဘင်မှာ မှင်သက်သွား၏။ လင်းကျင်း၏ စရိုက်ကို မသိခဲ့လျှင် လင်းကျင်းသည် သူ့ကို တမင် ရှောင်ဖယ်နေသည်ဟု သူ ထင်မှတ်မိပေလိမ့်မည်။
လင်းကျင်းက ပွင့်လင်းစွာပင် ကျူရိပ်မြို့ရှိ ချောင်မိသားစုကို ကျေးဇူးဆပ်ရန် ရှိနေကြောင်း ပြောပြလိုက်သည်။ ချောင်မိသားစုတွင် အခက်အခဲ ကြုံတွေ့နေရကြောင်း ကြားသိရသဖြင့် ကျေးဇူးဆပ်သောအားဖြင့် သူတို့အား ကူညီပေးရန် သွားရောက်လိုကြောင်း ရှင်းပြလိုက်၏။
"ဪ... ဒီလိုကိုး"
လုဘင်က ပြုံးလိုက်သည်။
"အကယ်၍ မနက်ဖြန် မွန်းလွဲပိုင်းမှ ရောက်ရမှာဆိုရင် အလျင်လိုစရာ မလိုပါဘူး... ဒီညတော့ ကျုပ်တို့ မူးအောင် သောက်ကြရမယ်"
လင်းကျင်းက ခေါင်းခါလိုက်၏။
"ကျုပ်လည်း သောက်ချင်တာပေါ့... ဒါပေမဲ့ ကျူရိပ်မြို့က အတော်လေး ဝေးတာမို့လို့ အချိန်မီရောက်အောင် အခုကတည်းက သွားမှ ဖြစ်မယ်"
လုဘင်က ရယ်မောလိုက်သည်။
"အကဲဖြတ်မှူးလင်း... ကျုပ်တော်ဝင်မြို့တော်မှာ ခင်ဗျားကို ကတိပေးခဲ့တာကို မေ့သွားပြီလား"
လင်းကျင်း မှင်တက်သွားပြီးနောက် ချက်ချင်းပင် ဝမ်းသာသွားတော့သည်။
"လင်းယုန်တစ်ကောင်လား"
လုဘင်က ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ပါတယ်... အခုတစ်ခေါက် ကျုပ် လင်းယုန်စီးပြီး လာခဲ့တာ... ကျုပ်ရဲ့ သခင်ကိုယ်စား ခင်ဗျားကို ကျေးဇူးတင်ဖို့တင်မကဘဲ ခင်ဗျားကို ပေးထားခဲ့တဲ့ ကတိကို တည်ဖို့အတွက်လည်း ပါတယ်"
ထိုသို့ ပြောပြီးနောက် လုဘင်သည် အထူးပြုလုပ်ထားသော ဝီစီကို မှုတ်လိုက်သည်။ သေချာပေါက်ပင် ကောင်းကင်ယံ၌ လင်းယုန်တစ်ကောင် ဟစ်အော်လျက် ဝဲပျံနေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
"ဒါနဲ့ သွားမယ်ဆိုရင် ခင်ဗျား တစ်နာရီလောက်ပဲ ကြာလိမ့်မယ်... အဲဒါကို ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ"
လုဘင်က မေးရာ လင်းကျင်းကလည်း သဘောတူကာ ခေါင်းညိတ်လိုက်တော့သည်။
လုဘင် ပြောသည်မှာ မှန်ပေသည်။ မြေပြင်မှ သွားခြင်းမှာ ဝေဟင်မှ သွားခြင်းကို မည်သို့မျှ မယှဉ်နိုင်ပေ။ ထိုသို့ဆိုလျှင် လင်းကျင်းက ရယ်မောရင်း "ဒါဆိုရင်တော့ ဒီည မူးအောင် သောက်ကြတာပေါ့" ဟု ဆိုလိုက်တော့သည်။
စားစရာများနှင့် အရက်များကို မှာယူပြီးနောက် လင်းကျင်းနှင့် လုဘင်တို့သည် လင်းကျင်း၏ အိမ်သစ်တွင် ပျော်ရွှင်စွာ သောက်စားခဲ့ကြသည်။ ကြားထဲတွင် သူတို့သည် တော်ဝင်မြို့တော်အကြောင်းကိုလည်း စကားစပ်မိကြ၏။ ထိုနေရာမှ ကိစ္စများမှာ ပြီးပြတ်သွားပြီ ဖြစ်သဖြင့် လင်းကျင်းနှင့် လုဘင်တို့မှာ ထိုစဉ်က ကြုံတွေ့ခဲ့ရသော အန္တရာယ်များကို တည်ငြိမ်စွာပင် ဆွေးနွေးနိုင်ခဲ့ကြသည်။
သောက်စားပွဲမှာ သန်းခေါင်ယံအထိ ကြာမြင့်သွားခဲ့သဖြင့် လင်းကျင်းသည် လုဘင်အား သူ၏အိမ်၌ပင် အိပ်ရန် ခေါ်ထားလိုက်သည်။ သူ၏ အိမ်မှာ ယခင်ကထက် အများကြီး ပိုမို ကျယ်ဝန်းလှပေသည်။
သယ်ယူပို့ဆောင်ရေး လင်းယုန်များကို ထိန်းချုပ်ရန် အသုံးပြုသော ဦးချိုဝီစီကို ရရှိပြီးနောက် လင်းကျင်းသည် ညအချိန်တွင် လင်းယုန်ကို စီး၍ ပျံသန်းကြည့်ကာ ဝေဟင်ခရီးစဉ်ကို တစ်ဖန် ပြန်လည် ခံစားလိုက်ရသည်။
လင်းယုန်သားရဲများသည် များသောအားဖြင့် အဆင့်နိမ့်ကြပြီး တိုက်ခိုက်ရေးတွင် ကျွမ်းကျင်မှု မရှိကြပေ။ သို့သော်လည်း စီးနင်းရန်အတွက်မူ အလွန်ကောင်းမွန်ပြီး ပို၍ ကောင်းသော အချက်မှာ မည်သည့် သွေးကတိကဝတ်မျှ မလိုအပ်ခြင်းပင် ဖြစ်သည်။ ဝီစီတစ်ချက် မှုတ်လိုက်ရုံဖြင့် သူတို့ကို ခေါ်ယူနိုင်ပေသည်။ အလွန်ပင် အဆင်ပြေလှပေ၏။
နောက်တစ်နေ့တွင် လုဘင်နှင့်အတူ နံနက်စာ စားသောက်ပြီးနောက် လုဘင်မှာ ရဲ့ယွီကျိုးထံသို့ သွားရောက်လည်ပတ်မည်ဟု ဆိုကာ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။ သူသည် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သဖြင့် လင်းကျင်းအား ဆက်လက်၍ မနှောင့်ယှက်လိုကြောင်း လင်းကျင်း သိရှိလိုက်သည်။
မထွက်ခွာမီ လုဘင်က လင်းကျင်းအား အကယ်၍ လင်းကျင်းအနေဖြင့် တော်ဝင်မြို့တော်သို့ လာရောက်ရန် အချိန်မရှိပါက ဆဌမမင်းသမီးကိုယ်တိုင် ကျေးဇူးတင်စကား ပြောကြားရန်အတွက် တစ်နေ့နေ့တွင် မေပယ်မြို့သို့ လာရောက်လည်ပတ်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သူတို့ကို မလာရန် တားဆီး၍ မရနိုင်ကြောင်း လင်းကျင်း သိရှိထားသဖြင့် ထိုအတိုင်းသာ ထားလိုက်တော့သည်။ သူတို့ လာချင်သည့်အချိန်တွင် လာနိုင်ပေသည်၊ အဘယ်ကြောင့်ဆိုသော် လင်းကျင်းအနေဖြင့် လောလောဆယ်တွင် တော်ဝင်မြို့တော်သို့ မသွားလိုတော့သောကြောင့်တည်း။
လုဘင် ထွက်သွားပြီးနောက် လင်းကျင်းသည် အချိန်ကို စစ်ဆေးလိုက်၏။ အချိန်ဆွဲမနေတော့ဘဲ ရှန်းအာကို သူ ထွက်ခွာတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မျောက်ဖြူလေးကို ခေါ်ဆောင်ကာ ကျူရိပ်မြို့သို့ ထွက်ခွာခဲ့တော့သည်။
လင်းကျင်းသည် ထိုနေရာသို့ တစ်ခါမျှ မရောက်ဖူးသဖြင့် လမ်းခရီးမှာ အနည်းငယ် အခက်အခဲ ရှိခဲ့သည်။ သူသည် လမ်းကြောင်းမှားမည်ကို စိုးရိမ်သဖြင့် ခဏခဏ ဆင်းသက်၍ လမ်းမေးနေခဲ့ရရာ အချိန်အနည်းငယ် ဖြုန်းတီးမိခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မွန်းလွဲပိုင်း မတိုင်မီမှာပင် ကျူရိပ်မြို့သို့ ရောက်ရှိခဲ့သည်။
မြို့ပတ်ပတ်လည်တွင် ရေကန်များနှင့် မြစ်ချောင်းများစွာ ရှိနေသဖြင့် အထက်မှ ကြည့်လျှင် ထိုနေရာမှာ လက်ရာမြောက်သော ပန်းချီကားတစ်ချပ်နှင့် တူလှပေသည်။ လင်းကျင်းသည် မြို့ရိုးအပြင်ဘက်တွင် ဆင်းသက်လိုက်ပြီး လင်းယုန်ကို ကောင်းကင်ယံ၌ ဝဲပျံနေစေကာ သူနှင့် မျောက်ဖြူလေးမှာ မြို့ထဲသို့ ခြေကျင် ဝင်ရောက်ခဲ့ကြသည်။
အဘယ်ကြောင့် မျောက်ဖြူလေးကိုသာ ခေါ်လာရသနည်းဆိုသည်ကို လင်းကျင်း အများကြီး စဉ်းစားမနေတော့ပေ။ မျောက်ဖြူသည် တိုက်ခိုက်ရေးတွင် အလွန် ကျွမ်းကျင်ပြီး တိုက်ဆိုင်မှုတစ်ခုကြောင့် သူ၏ စကားပြောအင်္ဂါကို ပြန်လည် ပြုပြင်နိုင်ခဲ့သဖြင့် လူစကားကို ပြောဆိုနိုင်စွမ်း ရှိလာခဲ့သည်။ ထို့ကြောင့် မျောက်ဖြူသည် ရှန်းအာနှင့် ရှောင်ဝူတို့ပြီးလျှင် လူအသွင်ပြောင်းလဲခြင်း ပညာရပ်ကို ကျင့်ကြံနိုင်ရန် အလားအလာ အကောင်းဆုံး ဖြစ်နေပေသည်။
ထို့ကြောင့် လင်းကျင်းသည် သူ့အား သင်ခန်းစာအသစ်များ သင်ကြားပေးနိုင်ရန်အတွက် သူနှင့်အတူ အမြဲတမ်း ခေါ်ဆောင်သွားလေ့ရှိခြင်း ဖြစ်သည်။ လင်းကျင်းအနေဖြင့် ဤမျောက်လေးအပေါ် မျှော်လင့်ချက် ကြီးမားနေကြောင်းမှာ ထင်ရှားလှပေသည်။
၎င်းအပြင် ပြင်ပလူများက သေးငယ်သော မျောက်ဖြူလေးကို လင်းကျင်း၏ သားရဲဟု သေချာပေါက် မှားယွင်းစွာ ထင်မှတ်ကြပေလိမ့်မည်ဖြစ်ရာ ၎င်းမှာလည်း အကျိုးကျေးဇူးတစ်ခုပင် ဖြစ်သည်။
ကျူရိပ်မြို့သည် လှေငယ်လေးများနှင့် ကျူပင်များ ဟန်ချက်ညီညီ ရှိနေသဖြင့် အလွန် လှပသော နေရာတစ်ခု ဖြစ်သည်။ နေရာအနှံ့တွင် မြောင်းငယ်လေးများ ရှိနေပြီး လှေငယ်လေးများလည်း ကူးခတ်သွားလာနေကြသည်။ ကျောက်စိမ်းနဂါးနိုင်ငံတွင် ကျူရိပ်မြို့ကို 'ရေမြို့တော်' ဟုလည်း လူသိများကြ၏။ အပန်းဖြေရန်အတွက် လူတစ်ဦးသည် လှေငယ်တစ်စင်းကို ငှားရမ်းကာ မြစ်ကြောင်းတစ်လျှောက် လှော်ခတ်သွားလာရင်း မြို့၏ လှပသော မြင်ကွင်းကို သက်သောင့်သက်သာ ခံစားနိုင်ပေသည်။ ထို့အပြင် မြို့၏ ကုန်စည်စီးဆင်းမှု အများစုမှာ လှေများကို အဓိက အသုံးပြုကြသဖြင့် ဤနေရာမှာ ပို၍ပင် စည်ကားနေတော့သည်။
ဒေသခံ ပြည်သူများအပြင် ကျူရိပ်မြို့တွင် တိုင်းတစ်ပါး ခရီးသွားများစွာလည်း ရှိနေကြသည်။ သူတို့ထဲမှ အများစုမှာ လင်းကျင်းကဲ့သို့ပင် သူတို့၏ သားရဲများနှင့်အတူ မြို့ထဲတွင် လှည့်လည်သွားလာနေကြသည်ကို တွေ့ရပေသည်။
အခန်း (၃၄၆) - ချောင်မိသားစု၏ ဧည့်သည်များ(ချောင်မိသားစုလို့ပြောင်းသုံးပါမည်)
အကယ်၍ တစ်စုံတစ်ယောက်က မေပယ်မြို့ရှိ ရှီမိသားစုအကြောင်း မေးမြန်းလျှင် လူတိုင်းက သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ဖြေကြားနိုင်ကြပေလိမ့်မည်။ ကျိူရိပ်မြို့ရှိ ချောင်မိသားစုအကြောင်း စုံစမ်းခြင်းမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ တစ်မြို့လုံးက ယနေ့ ချောင်မိသားစုတွင် တည်ခင်းဧည့်ခံပွဲ ကျင်းပနေကြောင်း သိရှိထားကြသဖြင့် ရှာဖွေရသည်မှာ ပို၍ပင် လွယ်ကူနေသေးသည်။
"ချောင်မိသားစုလား၊ သေချာပေါက် သိတာပေါ့... သူတို့က တကယ့်ကို ဂုဏ်သရေရှိတဲ့ မိသားစုကြီးလေ... သူတို့မှာ သုံးလို့မကုန်နိုင်အောင် ချမ်းသာကြွယ်ဝကြတာ... မြို့ထဲက ဆေးဆိုင်တိုင်းကို သူတို့ပဲ ပိုင်တာလေ... ဒီနေ့ သူတို့ အိမ်မှာ ကျွမ်းကျင်သူတွေကို ဖိတ်ပြီး တည်ခင်းဧည့်ခံပွဲ လုပ်နေတယ်လို့ ကြားတယ်.... ကျုပ်တို့သာ အစွမ်းအစ ရှိရင် အဲဒီ စားပွဲကို သွားစားမိမှာပဲ"
လင်းကျင်း လမ်းမေးလိုက်သော ဒေသခံတစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။
ထိုစကားများကို နားထောင်ခြင်းအားဖြင့် ချောင်မိသားစုသည် ဤဧည့်ခံပွဲကို အလွန် အလေးထားကြောင်း သိသာလှပေသည်။
"ဒီနေ့ မနက်ကတည်းက သူတို့အိမ်ကနေ သွားရည်ကျစရာ ဟင်းနံ့တွေ ထွက်နေတာ... ခင်ဗျား အဲဒီ အနံ့နောက်ကို လိုက်သွားရင်ပဲ သူတို့အိမ်ကို ရှာတွေ့လိမ့်မယ်"
ထိုလူက သွားရည်မျိုချရင်း ပြောလိုက်၏။
လင်းကျင်းသည် ထိုစားဖိုမှူး အပျော်တမ်းကြီးကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ချောင်အိမ်တော်ဆီသို့ ဦးတည်ခဲ့သည်။
သူ့အား ကူညီရန် စာရေးသား တောင်းဆိုခဲ့သူမှာ အစောင့်ခေါင်းဆောင်ကျန်း ဖြစ်သော်လည်း ၎င်းမှာ ချောင်မိသားစု၏ အခက်အခဲကို ဖြေရှင်းရန်အတွက် ဖြစ်သဖြင့် လင်းကျင်းအနေဖြင့် သူတို့ထံ တိုက်ရိုက်သွားရောက်ခြင်းက ပိုကောင်းမည်ဟု တွေးလိုက်မိသည်။
သို့သော်လည်း ထိုခဏတွင် လင်းကျင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ရသည်။ သူသည် ရင်းနှီးသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။
"ဘာလို့ ဒီမှာ ရှိနေတာလဲ"
ထိုမှိန်ဖျဖျ အရှိန်အဝါမှာ ဘာလဲဆိုသည်ကို သိရှိသွားပြီးနောက် သူဘာသာ ရေရွတ်လိုက်မိ၏။
၎င်းမှာ လင်းကျင်း၏ ကိုယ်ပိုင် နဂါးမီးလျှံအရှိန်အဝါပင် ဖြစ်သည်။ သူသည် ဤမန္တန်ကို မကြာသေးမီက အသုံးမပြုခဲ့ပေ။ လေ့ကျင့်ခန်း လုပ်သည်မှလွဲ၍ လုယွန်ဟယ်၏ သားရဲဖြစ်သော လုပါပေါ်ရှိ သွေးသစ္စာ ပိုးကောင်ကို နှိမ်နင်းရာတွင်သာ အသုံးပြုခဲ့ဖူးသည်။
လင်းကျင်းသည် သူ၏ နဂါးမီးလျှံဖြင့် လောင်မြိုက်ခြင်း ခံခဲ့ရဖူးသူများကို ပြန်လည် အာရုံခံနိုင်စွမ်း ရှိပေသည်။
'ဟို မိစ္ဆာအကဲဖြတ်မှူးကလည်း ကျူရိပ်မြို့ကို ရောက်နေတာလား'
လင်းကျင်း တွေးလိုက်မိသည်။ သို့သော်လည်း ကျင့်ကြံမှု အဆင့် မလုံလောက်သေးသဖြင့် လင်းကျင်းအနေဖြင့် သူ၏ နဂါးမီးလျှံ အကြွင်းအကျန် အရှိန်အဝါကိုသာ ခံစားရပြီး ၎င်းမှာ မည်သည့်နေရာမှ လာသနည်းဆိုသည်ကိုမူ အတိအကျ မပြောနိုင်သေးပေ။
'အရင်ဆုံး ချောင်မိသားစုဆီ သွားလိုက်မယ်.... သူတို့ကိစ္စ ပြီးသွားမှ ဒါကို စုံစမ်းရမယ်'
လင်းကျင်း ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ ဤနေရာသို့ လာခြင်းမှာ ချောင်မိသားစုအတွက် အဓိက ဖြစ်သောကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့် သူသည် ဆက်လက် လျှောက်လှမ်းလာခဲ့ရာ ကြီးမားသော အိမ်တော်ကြီးတစ်ခု၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ ၎င်းမှာ ချောင်အိမ်တော်ပင် ဖြစ်သည်။
ခြံဝင်းအတွင်းရှိ ပင်မတံခါးကြီးမှာ ယခုအခါ ပွင့်နေပြီ ဖြစ်သည်။ နံရံများမှာ ပုလဲဖြူရောင်ဖြစ်ပြီး အမိုးအကာများမှာ မီးခိုးရောင် ဖြစ်သည်။ ဧည့်သည်များမှာ အဆက်မပြတ် ဝင်ရောက်နေကြပြီး အိမ်တော်အတွင်းမှ ဟင်းနံ့များမှာလည်း လှိုင်လှိုင်ထွက်နေ၏။ သူတို့ ဧည့်ခံပွဲ ကျင်းပနေသည်ဆိုသော သတင်းမှာ အမှန်ပင် ဖြစ်ပုံရသည်။
အိမ်တော်၏ အရေးကြီးသော ဧည့်သည်များကို ကြိုဆိုရန် တံခါးဝတွင် လူတစ်ဦး ရှိနေပြီး ဝင်လာသော သူများမှာလည်း သူတို့၏ ဝတ်စားဆင်ယင်မှုနှင့် သားရဲအမျိုးအစားများကို ကြည့်ခြင်းအားဖြင့် သာမန်လူများ မဟုတ်ကြကြောင်း သိသာလှပေသည်။
ခဏမျှ စဉ်းစားပြီးနောက် လင်းကျင်း ရှေ့သို့ တိုးလိုက်၏။
ခြံစောင့်တစ်ဦးက သူ့အား ချက်ချင်းပင် လာရောက် ကြိုဆိုသည်။
"ဆရာ... ခင်ဗျားကို ဘယ်လို ခေါ်ရမလဲဆိုတာ သိပါရစေ"
လင်းကျင်းက ပြုံးလိုက်ပြီး "မေပယ်မြို့က လင်းကျင်းပါ" ဟု ဖြေလိုက်၏။
ရိုးရှင်းပြီး တိုတိုတုတ်တုတ်ပင်။
ဤသည်ကို ကြားသောအခါ ချောင်မိသားစု၏ အစေခံက တွေးလိုက်မိသည်။
'တခြားမြို့က ကျွမ်းကျင်သူတစ်ယောက်တောင် ရောက်လာတာပဲ... ဒါပေမဲ့ မထူးဆန်းပါဘူး၊ အခုလည်း အဲဒီလိုလူမျိုး အနည်းငယ် ရောက်နေပြီးသားပဲ... ငါတို့သခင်ကြီးက အစွမ်းအစရှိတဲ့သူ ဘယ်သူ့ကိုမဆို အထဲလွှတ်ဖို့ ညွှန်ကြားထားတာ... ချောင်မိသားစုက နာမည်ဆိုးနဲ့ ကျော်ကြားနေရင်တောင် အရည်အချင်းရှိတဲ့သူဆိုရင် ကြိုဆိုတာပဲ... သူတို့ စားသမျှအတွက်လည်း ပေးချေဖို့ အဆင်သင့်ပဲ'
ထို့ကြောင့် ထိုအစေခံသည် လင်းကျင်းအား အကဲခတ်လိုက်၏။ အမှန်ပင် လင်းကျင်းသည် သာမန်လူကဲ့သို့ ဝတ်ဆင်ထားခြင်း မရှိဘဲ သူ၏ ဘေးတွင်လည်း သူ့အရပ်၏ တစ်ဝက်ခန့်ရှိသော မျောက်ဖြူလေးတစ်ကောင် ပါလာခဲ့သည်။ ထိုသတ္တဝါ၏ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ အလွန် စွမ်းအားကြီးပြီး ရက်စက်ကြမ်းကြုတ်ပုံရရာ အဆင့် (၂) လောက် ရှိနိုင်ပေမည်။
အစေခံက ထိုသို့ ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။
လင်းကျင်းမှာမူ ထိုလူ ဘာတွေးနေသည်ကို မသိပေ၊ အကယ်၍သာ အစေခံ သိခဲ့လျှင် သူ မှင်သက်သွားပေလိမ့်မည်။ မျောက်ဖြူသည် ယခုအခါ သူ၏ အစစ်အမှန် အရွယ်အစားထက် အဆပေါင်းများစွာ သေးငယ်နေခြင်း ဖြစ်ပြီး အကယ်၍ သူ၏ မူလရုပ်သွင်ကိုသာ ပြသလိုက်လျှင် ဤအစေခံမှာ ကြောက်လွန်း၍ ဘောင်းဘီထဲ ဆီးပင် ထွက်သွားနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ဤလင်းကျင်းဆိုသူမှာ ထိုအစေခံအတွက်တော့ သာမန်လူတစ်ဦး မဟုတ်ပုံရပေ။
ထို့ကြောင့် သူ၏ သခင်၏ ညွှန်ကြားချက်အတိုင်း အစေခံသည် လင်းကျင်းအား အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
လင်းကျင်းမှာမူ ဤမျှအထိ လွယ်ကူလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော်လည်း သူသည် ဘာမျှ မပြောဘဲ ပတ်ဝန်းကျင်ကိုသာ စောင့်ကြည့်နေလိုက်သည်။ ကြီးမားသော မျက်နှာကြက်ဖြူကြီးတစ်ခုကို ပတ်ပြီးနောက် သူတို့သည် ခြံဝင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြ၏။ ကျယ်ဝန်းလှသော ဤခြံဝင်းအတွင်းတွင် ဧည့်ခံပွဲ စားပွဲဝိုင်းပေါင်း ဆယ်ဝိုင်းကျော်ကို ခင်းကျင်းထားသဖြင့် နေရာမှာ အလွန်ပင် စည်ကားနေတော့သည်။ စားပွဲဝိုင်း အများစုမှာလည်း ပြည့်နေပြီ ဖြစ်သည်။ အိမ်တော်၏ သားရဲခြံအတွင်း၌ သားရဲများစွာကို ထားရှိရန် နေရာမလုံလောက်သဖြင့် သတ္တဝါအများအပြားမှာ မြေပြင်ပေါ်တွင် ဝပ်နေကြသည် သို့မဟုတ် လဲလျောင်းနေကြသည်ကို တွေ့ရ၏။ ကြည့်ရသည်မှာ ဈေးတစ်ခုနှင့်ပင် တူနေတော့သည်။
လင်းကျင်းသည် အနီးအနားရှိ အားနေသော ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်၏။
ဤစားပွဲဝိုင်း၏ တစ်ဝက်ကျော်မှာ ပြည့်နေပြီဖြစ်ပြီး လူတိုင်း၏ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် လူပေါင်းစုံ စုဝေးနေကြကြောင်း လင်းကျင်း သိနိုင်ပေသည်။ သေချာသည်မှာ သူတို့အားလုံးမှာ အတိုင်းအတာတစ်ခုအထိ အစွမ်းအစ ရှိကြသူများ ဖြစ်ပေလိမ့်မည်၊ သို့မဟုတ်ပါက ချောင်အိမ်တော်၏ တံခါးကို ဖြတ်ကျော်နိုင်ကြမည် မဟုတ်ပေ။
ဧည့်ခံပွဲ မစတင်သေးသဖြင့် လင်းကျင်းသည် ငြိမ်သက်စွာ ထိုင်ရင်း လက်ဖက်ရည်ကို သောက်သုံးနေလိုက်၏။
သူ့ပတ်ဝန်းကျင်ရှိ ရာနှင့်ချီသော သားရဲများကို ကြည့်ရင်း လင်းကျင်းသည် သူ၏ လက်ခတ်ရုံဖြင့် အပ်အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ရစ်ပတ်အပ်နည်းစနစ်ကို အသုံးပြုကာ ပစ်လွှတ်လိုက်သည်။ ထုံးစံအတိုင်း မည်သူမျှ ဘာကိုမျှ သတိမထားမိကြပေ။ သားရဲများမှာမူ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် တစ်စုံတစ်ခုက ဆိတ်လိုက်သလို ခံစားလိုက်ရသော်လည်း ထို့နောက်တွင်မူ ဘာမျှ ထပ်မဖြစ်တော့ပေ။
တစ်ဆယ့်ငါးမိနစ်အတွင်းမှာပင် ဤနေရာရှိ သားရဲတိုင်းကို လင်းကျင်း၏ အပ်များဖြင့် ထိုးပြီးသွားခဲ့ပြီ ဖြစ်သည်။ ပြတိုက်အတွင်း၌ သားရဲ အချက်အလက်သစ် တစ်ရာကျော် ထပ်မံ ရရှိခဲ့၏။ သို့သော်လည်း လင်းကျင်း၏ သားရဲခြောက်လှန်နိုင်စွမ်းမှာမူ အဆင့်တက်ခြင်း မရှိသေးပေ။
နောက်ထပ် ဆုလာဘ်တစ်ခု ရရှိရန်အတွက် သားရဲပေါင်း ထောင်ချီကို ထပ်မံ မှတ်တမ်းတင်ရန် လိုအပ်ဦးမည်ဟု သူ အကြမ်းဖျင်း တွက်ချက်လိုက်မိသည်။
သူသည် ၎င်းကို အေးအေးဆေးဆေးပင် လုပ်ဆောင်သွားမည် ဖြစ်သည်။
ဧည့်သည်များမှာ ဆက်လက် ဝင်ရောက်နေကြဆဲပင်။
ရုတ်တရက် လင်းကျင်းသည် ခေါင်းမော့ကာ တံခါးဝသို့ ကြည့်လိုက်မိ၏။
လူလေးဦး ဝင်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဦးဆောင်လာသူမှာ ခရမ်းရွှေရောင် သရဖူကို ဆောင်းထားပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားရှိသည့် တည်ကြည်သော အဖိုးအိုတစ်ဦး ဖြစ်သည်။ ထိုအဖိုးအိုတွင် သားရဲ မပါလာသော်လည်း သူ၏ အရှိန်အဝါမှာ သာမန်မဟုတ်ကြောင်း ပြသနေသည်။ သေချာသည်မှာ သူသည် သားရဲသခင်ကျမ်းကို ကျင့်ကြံထားသော ကျွမ်းကျင်သူတစ်ဦး ဖြစ်ရပေမည်။
သူ့နောက်မှ လိုက်ပါလာသော ကျန်ရှိသူ သုံးဦးမှာလည်း ဖိအားပေးနိုင်သော အရှိန်အဝါများ ရှိနေကြသည်။
ပြုံးနေသော လူငယ်တစ်ဦး၏ ပုခုံးပေါ်တွင် သာမန်အိမ်မွေးကြောင် အရွယ်အစားရှိသော ကြွက်တစ်ကောင် ရှိနေပြီး ၎င်းမှာ အတော်လေး ထိတ်လန့်စရာ ကောင်းလှပေသည်။ အသားညိုညိုနှင့် ခြေဗလာဖြင့် လက်တိုအင်္ကျီနှင့် ဘောင်းဘီတို ဝတ်ဆင်ထားသော လှေထိုးသားနှင့် တူသော လူတစ်ဦးလည်း ပါလာခဲ့သေးသည်။ ထိုလူတွင်လည်း သားရဲ မပါလာသလို သားရဲသခင်ကျမ်းကို ကျင့်ကြံထားပုံလည်း မရချေ။ သူသည် သားရဲ လုံးဝ မရှိသူလည်း ဖြစ်နိုင်ပေသည်။
နောက်ဆုံးတစ်ယောက်မှာမူ ဆံပင်များ လောင်ကျွမ်းနေသော လူတစ်ဦး ဖြစ်သည်။ သူ၏ မျက်ခုံးမွှေးများပင် မရှိတော့ပေ။ သူသည် လှည့်လည်သွားလာနေသော ဆေးသည်တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော်လည်း ဆံပင်နှင့် မျက်ခုံးမွှေးများ မရှိသဖြင့် ကြည့်ရသည်မှာ အတော်လေး ရက်စက်ကြမ်းကြုတ်ပုံရသည်။
သူ၏ ပုခုံးပေါ်တွင်မူ အလွန် ကြမ်းတမ်းပြီး ရုပ်ဆိုးလှသော လင်းနို့ကြီးတစ်ကောင် ရှိနေ၏။
လင်းကျင်း၏ အကြည့်မှာ ယခုအခါ ထိုလူအပေါ်တွင်သာ စွဲမြဲနေတော့သည်။
ထိုလူ၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးမီးလျှံ အကြွင်းအကျန်များမှာ သတိမပြုမိနိုင်လောက်အောင် မှိန်ဖျနေပြီ ဖြစ်သော်လည်း သူတို့ အချင်းချင်း နီးကပ်နေသဖြင့် လင်းကျင်းမှာမူ ၎င်းကို အာရုံခံနိုင်နေဆဲပင် ဖြစ်သည်။
လင်းကျင်း၏ မျက်လုံးများမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားပြီး သူ၏ နှုတ်ခမ်းပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထို မိစ္ဆာအကဲဖြတ်မှူးပင် ရောက်လာခဲ့ပြီ ဖြစ်သည်။ ရန်သူနှင့် လမ်းကျဥ်းမှာ ဆုံကြသည်ဟု ဆိုရပေမည်။ လုပါကို ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သော လူနှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့ပေ။ တကယ့်ကို ကံကောင်းလှပေသည်။
လင်းကျင်းသည် အစကတည်းက မိစ္ဆာမန္တန်များကို အသုံးပြုသော အကဲဖြတ်မှူးများကို မနှစ်သက်သူ ဖြစ်သည်။ ယခုအခါ ထိုသူနှင့် ဆုံတွေ့ရပြီဖြစ်ရာ သူတို့အား လွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ သူ့ကို လက်စားချေတတ်သူ သို့မဟုတ် သူများကိစ္စတွင် ဝင်ပါတတ်သူဟု ဆိုနိုင်သော်လည်း တစ်ဖက်လူ ပေါ်လာပြီဖြစ်ရာ အနာအဆာမရှိဘဲ ထွက်သွားနိုင်ရန်တော့ မဖြစ်နိုင်တော့ချေ။
ထိုလူလေးဦးမှာ အနီးအနားရှိ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ကြ၏။ ထိုသို့ဖြင့် စားပွဲဝိုင်းအားလုံးမှာ ပြည့်သွားခဲ့ပြီး အားနေသော ထိုင်ခုံဟူ၍ မရှိတော့ပေ။
၎င်းကို သတိပြုမိလိုက်သောအခါ ချောင်မိသားစု၏ အိမ်ထိန်းကြီးက ဤမျှဆိုလျှင် လုံလောက်ပြီဖြစ်ကြောင်း သိရှိလိုက်သည်။ အကယ်၍ ဧည့်သည်များကို ဆက်လက် လက်ခံနေပါက ထိုဧည့်သည်များမှာ ထိုင်စရာ နေရာ ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် သူသည် အစေခံများအား တံခါးပိတ်ရန် ညွှန်ကြားလိုက်တော့သည်။
၎င်းမှာ ပြင်ပလူများအား ဧည့်သည်သစ်များကို ထပ်မံ လက်မခံတော့ကြောင်း အသိပေးလိုက်သော အမူအရာပင် ဖြစ်သည်။
လင်းကျင်း၏ အကဲခတ်ချက်အရ ချောင်မိသားစုသည် ကျွမ်းကျင်သူများကို ပွင့်လင်းစွာ ဖိတ်ခေါ်ခဲ့သော်လည်း သူတို့၏ ဧည့်သည်များသည် အဆင့်အတန်းအလိုက် ထိုင်ကြရခြင်း ဖြစ်သည်။ ရှေ့ဆုံးတွင် ထိုင်နေသူများမှာ မိသားစုက အသိအမှတ်ပြုထားပြီး သိသာထင်ရှားသော စွမ်းအားရှိသူများ ဖြစ်ကြသည်။ အခြားတစ်ဖက်တွင်မူ လင်းကျင်းနှင့် ကျန်ရှိသူများမှာ အပြင်ဘက်ပိုင်းရှိ စားပွဲဝိုင်းများတွင် ထိုင်ကြရသည်။ ဤလူများမှာ အကူအညီလိုအပ်သဖြင့် နောက်ဆုံးအချိန်မှ စုဆောင်းခံရသူများ ဖြစ်ကြသည်။ သူတို့မှာ ရှေ့ဆုံးတွင် ထိုင်နေသူများနှင့် နှိုင်းယှဉ်လျှင် တန်ဖိုးထားခံရခြင်း မရှိသည်မှာ သေချာလှပေသည်။