အခန်း (၃၅၃-၃၅၄)
Vol. 18 Ch. 353-354
အခန်း (၃၅၃) - ရန်သူ့စခန်းကို တိုက်ခိုက်ခြင်း (၂)
အကြီးအကဲစုန့်သည် အကြီးအကဲကျိုး၏ တာဝန် ကျရှုံးပါစေဟုသာ စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေမိသည်။
သို့သော်လည်း ၎င်းကို အပြင်ထုတ်၍ ပြော၍မဖြစ်ပေ။
ထိုစဉ်မှာပင် အပြင်ဘက်မှ ကျယ်လောင်သော ဆူညံသံတစ်ခုကို သူ ကြားလိုက်ရသည်။
"ဘာဖြစ်တာလဲ"
အကြီးအကဲစုန့်သည် မျက်မှောင်ကြုတ်လိုက်၏။ ချက်ချင်းဆိုသလိုပင် လက်အောက်ငယ်သားတစ်ဦး ပြေးဝင်လာပြီး အခြေအနေကို တင်ပြလေသည်။
"လှေသမားရဲ့ သားရဲ ပြန်ရောက်လာပါတယ်... ဒါပေမဲ့ တစ်မျိုးပဲ... သောင်းကျန်းနေသလိုမျိုး ဖြစ်နေတယ်"
လှေသမားမှာ အကြီးအကဲကျိုး၏ လူယုံတစ်ဦး ဖြစ်သည်။
သူတို့ စကားပြောနေစဉ်မှာပင် နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။
"သွားကြည့်ကြစမ်း"
အကြီးအကဲစုန့်၏ မျက်နှာမှာ ပို၍ မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွားသည်။ အကြောင်းပြချက် မည်သို့ပင်ရှိစေကာမူ မိမိ၏ သားရဲကို ဤနေရာတွင် သောင်းကျန်းခွင့်ပြုခြင်းမှာ ခွင့်မလွှတ်နိုင်သော အပြစ်တစ်ခုပင် ဖြစ်သည်။
မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်တွင်ပင် လိုက်နာရမည့် စည်းကမ်းများ ရှိပြီး ၎င်းတို့ကို ဖောက်ဖျက်သူ မည်သူမဆို ပြင်းထန်စွာ အပြစ်ပေးခြင်း ခံရမည် ဖြစ်သည်။
အုပ်စုသည် ခန်းမအတွင်းမှ ထွက်ကာ ကမ်းခြေသို့ အပြေးအလွှား သွားကြသည်။ လိပ်ကျွန်းမှာ သေးငယ်လှသဖြင့် သူတို့ ရပ်နေသော နေရာမှပင် အရာရာကို မြင်တွေ့နိုင်ပေသည်။
ရေကန်၏ တစ်စိတ်တစ်ပိုင်းမှာ သွေးများဖြင့် နီရဲနေ၏။ လှေငယ်တစ်စင်း အရွယ်အစားခန့်ရှိသော အိုင် ငါးခူကြီးတစ်ကောင်မှာ လှေများကို ရူးသွပ်စွာ တိုက်ခိုက်နေသဖြင့် ပတ်ဝန်းကျင်ရှိ လှေများမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်ကုန်တော့သည်။ ကျိုးပဲ့နေသော သစ်သားပြားများမှာ ရေမျက်နှာပြင်ပေါ်တွင် ပျံ့နှံ့နေ၏။
"သူ ဘာလုပ်နေတာလဲ... လှေသမားကော ဘယ်မှာလဲ"
အကြီးအကဲစုန့်သည် ထိုမြင်ကွင်းကြောင့် ဒေါသတဟုန်ထိုး ထွက်လာခဲ့သည်။ ငါးခူကြီးသည် ကျွန်းပေါ်ရှိ လှေအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်ရာ ယခုအချိန်တွင် သူတို့အနေဖြင့် လိပ်ကျွန်းမှ ထွက်ခွာရန် မဖြစ်နိုင်တော့ပေ။
ကျန်ရှိသူများမှာလည်း ဘာလုပ်ရမှန်းမသိဘဲ တစ်ဦးကိုတစ်ဦး စိုးရိမ်တကြီး ကြည့်နေကြသည်။
"အကြီးအကဲစုန့်... ကျွန်တော်တို့ ငါးခူကြီး ပြန်လာတာကိုပဲ တွေ့ရတာပါ... လှေသမားကိုတော့ မတွေ့ဘူး"
တစ်ဦးက ဖြေလိုက်သည်။
အကြီးအကဲစုန့်သည် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်၏။
"ငါးခူကြီးကို ထိန်းချုပ်လိုက်ကြ... လှေသမား ပြန်ရောက်လာမှ သူ့ကို အပြစ်ပေးမယ်"
မိစ္ဆာအကဲဖြတ်မှူး အချို့ ရှေ့သို့ တက်လှမ်းလိုက်ကြသော်လည်း သူတို့ မထိန်းချုပ်နိုင်ခင်မှာပင် ငါးခူကြီးမှာ ရေပေါ်သို့ ပက်လက်လှန်ကာ သေဆုံးသွားတော့သည်။
တစ်ချိန်တည်းမှာပင် ရှေ့ဘက်ရှိ မြူထူများအတွင်းမှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒီ လူသားစား သတ္တဝါက ကျိန်စာသင့်နေတာပဲ... ဝိညာဉ်အဆောင်လက်ဖွဲ့နဲ့ ဝိညာဉ်မျက်စိကို အသုံးပြုပြီး ကြည့်လိုက်ရင် ဒီငါးခူကြီး လူဘယ်နှယောက် စားခဲ့လဲဆိုတာ အလွယ်တကူ သိနိုင်တယ်... သေခြင်းတရားကတောင် သူ့ရဲ့ အပြစ်တွေကို ဆေးကြောနိုင်မှာ မဟုတ်ဘူး"
ကျွန်းပေါ်ရှိ လူများမှာ ထိတ်လန့်သွားကြသည်။
"အဲဒီမှာ ဘယ်သူလဲ"
"ဟန်ဆောင်မနေနဲ့... အခုချက်ချင်း ထွက်ခဲ့စမ်း"
တစ်ဦးက မှိန်းကို ကိုင်ကာ အသံလာရာဘက်သို့ ပစ်လွှတ်လိုက်သည်။ ထက်မြက်သော မြားတစ်စင်းကဲ့သို့ ထိုမှိန်းမှာ ရှေ့သို့ ပြေးဝင်သွားသော်လည်း မြူထူများအတွင်းသို့ မဝင်ခင်မှာပင် ဘာမျှမရှိရာတွင် ပျောက်ကွယ်သွားခဲ့သည်။ မည်သည့်အသံမျှ ပြန်လည် ထွက်ပေါ်မလာခဲ့ပေ။
ခဏအတွင်းမှာပင် သေမင်းတမျှ တိတ်ဆိတ်သွားခဲ့ရသည်။
အကြီးအကဲစုန့်သည် လေးနက်သော မျက်နှာထားဖြင့် ရှေ့သို့ ကြည့်ကာ ပြောလိုက်၏။
"ဘယ်လို ကျွမ်းကျင်သူမျိုးက လိပ်ကျွန်းကို ကြွရောက်လာတာလဲဆိုတာ သိချင်မိပါတယ်... ကိုယ့်ကိုယ်ကိုယ် ထုတ်မပြချင်ဘူးလား"
သူ၏ အသံမှာ အရပ်မျက်နှာ အနှံ့သို့ ဟိန်းထွက်သွားခဲ့သည်။ အကြီးအကဲစုန့်၏ ကျင့်ကြံမှုမှာလည်း အတော်လေး မြင့်မားပုံရပေသည်။
မြူထူထပ်သော လေထုထဲတွင် လူတစ်ယောက်၏ ပုံရိပ်မှာ စတင် ပေါ်ပေါက်လာခဲ့သည်။
"ဘာလို့ လှေမပါတာလဲ"
ကျွန်းသားတစ်ဦးက မအောင့်နိုင်ဘဲ မေးမြန်းလိုက်မိသည်။ သူတို့သည် ကျွန်းပတ်ပတ်လည်ရှိ ရေထဲတွင် လူသားစား ပီရန်ညာ ငါးပေါင်း ထောင်ချီ၍ မွေးမြူထားကြသည်။ ထူးခြားသော ဆေးရည်များ စိမ်ထားသည့် သစ်သားလှေများကို အသုံးမပြုဘဲ မည်သူမျှ ကျွန်းသို့ အသက်ရှင်လျက် မရောက်နိုင်ပေ။ ထို့ပြင် ထိုလူမှာ လှေပေါ်တွင်ပင် ရှိမနေချေ။
လှေမပါဘဲ သူက ရေမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်လာတာလား။
ထို ပီရန်ညာငါးများမှာ အလှပြထားခြင်း မဟုတ်ပေ။ မည်သည့် ကျူးကျော်သူဖြစ်စေ ထိုငါးများမှာ ဝိုင်းအုံလာပြီး ဝါးမျိုပစ်ကြပေလိမ့်မည်။
ပုံရိပ်မှာ ပိုမို နီးကပ်လာသောအခါ အကြီးအကဲစုန့်နှင့် ကျန်ရှိသူများမှာ ကျွန်းသို့ ချဉ်းကပ်လာသော ထိုထူးဆန်းသည့် ပုဂ္ဂိုလ်ကို ပိုမို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီး မြင်တွေ့လိုက်ရသည့်အရာကြောင့် သူတို့ ထိတ်လန့်သွားကြရသည်။
အမှန်တကယ်ပင် ထိုလူမှာ လှေပေါ်တွင် မရှိသလို ရေပေါ်တွင် လမ်းလျှောက်နေခြင်းလည်း မဟုတ်ပေ။ ယင်းအစား သူသည် ရေမျက်နှာပြင်မှ တစ်ပေခန့် အကွာတွင် လေထဲတွင် ဝဲပျံနေခြင်း ဖြစ်သည်။ သူ ရှေ့သို့ တစ်လှမ်း တိုးလိုက်တိုင်း ထူထပ်သော မြူထူများသည် သူ၏ ခြေထောက်အောက်တွင် စုစည်းလာပြီး သူ နင်းလျှောက်ရန် ပျဉ်ချပ်များသဖွယ် ဖြစ်ပေါ်လာသည်။ ထိုမြင်ကွင်းမှာ နတ်ဘုရားတစ်ပါး ကြွချီလာသကဲ့သို့ ထင်မှတ်ရသဖြင့် ကျွန်းသားများမှာ အကြီးအကျယ် ထိတ်လန့်သွားကြတော့သည်။
ထိုလူမှာ သာမန်ပုံစံသာ ရှိသော်လည်း သူနှင့် ပတ်သက်၍ တစ်စုံတစ်ခုမှာ ထူးခြားနေသည်။ သူသည် တစ်ယောက်တည်း ဖြစ်သော်လည်း ကျွန်းပေါ်ရှိ မိစ္ဆာအကဲဖြတ်မှူး ဆယ်ဦးထက်မကမှာ သူ ရောက်ရှိလာမှုကြောင့် ပြင်းထန်သော ဖိအားကို ခံစားနေကြရသည်။
သေချာသည်မှာ ထိုထူးဆန်းသော ကျူးကျော်သူမှာ လင်းကျင်းပင် ဖြစ်သည်။ သူသည် လှေသမား၏ သားရဲနောက်သို့ လိုက်လာရင်း ကိုးလွှာလခြမ်း ရေကန်အလယ်တွင် ဝှက်ထားသော ဤလိပ်ကျွန်းကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သာမန်လူတစ်ယောက်အနေဖြင့် ဤမျှအထိ ရောက်ရှိရန်မှာ မဖြစ်နိုင်ပေ။ လမ်းခရီးတွင် အတားအဆီးများစွာ ရှိနေသောကြောင့်ပင်။ မြူထူထပ်သော ရေကန်၏ အန္တရာယ်အပြင် ရေထဲတွင်လည်း ဆာလောင်နေသော ပီရန်ညာငါးများဖြင့် ပြည့်နှက်နေသည်။ အခြားသူသာဆိုလျှင် ဤနေရာကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ ရှာတွေ့ခဲ့လျှင်ပင် ဤမိစ္ဆာအကဲဖြတ်မှူးများကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ထိုစိန်ခေါ်မှုများသည် လင်းကျင်းအား မတားဆီးနိုင်ခဲ့ချေ။
တိမ်တိုက်စီးနင်းခြင်းပညာကို သင်ယူထားသဖြင့် ဤနေရာရှိ မြူထူများမှာ လင်းကျင်း ထိန်းချုပ်နိုင်သည့်အရာများ ဖြစ်နေသည်။ အကယ်၍ အောက်တွင် ပီရန်ညာငါးများ ရှိနေလျှင် သူသည် ရေပေါ်တွင်သာ နေထိုင်ပေလိမ့်မည်။ ရေထဲသို့ ကျသွားလျှင်ပင် သူ၏ သားရဲခြောက်လှန်နိုင်စွမ်းကြောင့် မည်သည့် ပီရန်ညာငါးမျှ သူ၏အနားသို့ ကပ်ဝံ့မည် မဟုတ်ပေ။ လင်းကျင်း တိမ်တိုက်ကို အသုံးပြု၍ လာရခြင်းမှာ အကြောင်းရင်း နှစ်ခုရှိသည်။ ပထမမှာ ရန်သူများကို ခြောက်လှန့်ရန်ဖြစ်ပြီး ဒုတိယမှာ သူ၏ အဝတ်အစားများ အညစ်အကြေး မပေစေရန် ဖြစ်သည်။
သူသည် ကမ်းခြေနှင့် ဆယ်မီတာခန့် အကွာတွင် ရပ်တန့်ကာ လိပ်ကျွန်းပေါ်ရှိ မိစ္ဆာအကဲဖြတ်မှူးများကို ကြည့်လိုက်၏။
"ဒါ မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်ရဲ့ ဌာနချုပ်လား"
လင်းကျင်းက မေးလိုက်သည်။
ကြည့်ရသည်မှာ ထိုသို့ မဟုတ်ပေ။ လိပ်ကျွန်းမှာ ဌာနချုပ်ဖြစ်ရန် အလွန် သေးငယ်လွန်းလှသဖြင့် ၎င်းမှာ ဌာနခွဲတစ်ခုသာ ဖြစ်ပေလိမ့်မည်။
လင်းကျင်းသည် မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်နှင့် ပတ်သက်၍ ၎င်းတို့မှာ လူဆိုးများဖြစ်ကြောင်းနှင့် တရားမျှတသော သားရဲအကဲဖြတ်မှူးများ၏ ရှုတ်ချခြင်းကို ခံရကြောင်းမှလွဲ၍ များများစားစား မသိရှိပေ။
ကျွန်းပေါ်တွင် ညစ်ညမ်းသော လေထု ရှိနေသည်။ အပြစ်မဲ့သော အသက်များစွာ ဤနေရာတွင် ဆုံးရှုံးခဲ့ရသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အကယ်၍ လင်းကျင်းအနေဖြင့် သူတို့ကို မတွေ့ရှိခဲ့လျှင် သူ လွှတ်ထားပေလိမ့်မည်။ သို့သော် ယခုတွေ့ရှိသွားပြီဖြစ်ရာ အများကောင်းကျိုးအတွက် တရားမျှတမှုကို ဖော်ဆောင်ရန် သူ ဝန်မလေးတော့ပေ။
ဤလူများ အားလုံး စုပေါင်း တိုက်ခိုက်လျှင်ပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
"ဒါက ဌာနချုပ် မဟုတ်ပေမဲ့ ငါတို့ရဲ့ အဓိက ဌာနခွဲ ရှစ်ခုထဲက တစ်ခုပဲ... မင်းက ဘယ်သူလဲဆိုတာနဲ့ ဒီကိုလာတဲ့ အကြောင်းရင်းကို သိပါရစေ"
အကြီးအကဲစုန့်က မေးလိုက်သည်။ လင်းကျင်း၏ ရည်ရွယ်ချက်ကို သူ ရှင်းရှင်းလင်းလင်း မသိနိုင်သေးချေ။
များသောအားဖြင့် ဤလူများသည် ဖျောင်းဖျခြင်းထက် အကြမ်းဖက်ခြင်းကို ပို၍ နှစ်သက်ကြသည်။ သူတို့ ဖျောင်းဖျပြောဆိုနေခြင်းမှာ တိုက်ပွဲတွင် အနိုင်ရရန် အခွင့်အလမ်းမှာ သုညဖြစ်နေကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်တွင် လူအင်အား ပိုမိုများပြားသော်လည်း သူတို့သည် လင်းကျင်း၏ အရှိန်အဝါအောက်တွင် မှေးမှိန်နေကြရသည်။
အကြီးအကဲစုန့်တစ်ဦးတည်း မဟုတ်ဘဲ ကျွန်းပေါ်ရှိ အခြားသော မိစ္ဆာအကဲဖြတ်မှူးများသည်လည်း ကြီးမားသော ရန်သူတစ်ဦး၏ တည်ရှိမှုကို ခံစားနေကြရသည်။ ထို့ကြောင့် သူတို့သည် အရေးယူဆောင်ရွက်ရန် ပြင်ဆင်လိုက်ကြ၏။
"ဌာနခွဲလား... ဌာနခွဲရှစ်ခုထဲက တစ်ခုပဲလား၊ ဌာနချုပ် မဟုတ်ဘူးပေါ့"
လင်းကျင်းမှာ အနည်းငယ် အံ့ဩသွားခဲ့သည်။ သို့သော်လည်း မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်တွင် လူ ဤမျှသာ ရှိမည်ဆိုလျှင် သူတို့မှာ စတင်ကတည်းက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ လင်းကျင်းသည် ယနေ့ အကုန်အပြီးတွင် ဤနေရာကို ရှင်းလင်းရန် စီစဉ်ထားပြီးသား ဖြစ်သည်။
ထိုခဏတွင် မိစ္ဆာအကဲဖြတ်မှူး နှစ်ဦးမှာ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် တစ်ဦးက မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။ လင်းကျင်း၏ ခြေဖဝါးအောက်မှ ရေများ ပန်းထွက်လာပြီး ထက်မြက်သော အစွယ်များရှိသည့် မိကျောင်းကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ ပါးစပ်မှာ အကျယ်ကြီး ပွင့်နေပြီး လင်းကျင်းအား ကိုက်ဖြတ်ရန် အသင့်ဖြစ်နေသည်။
'အရင်လက်ဦးမှုယူတဲ့သူက အနိုင်ရတယ်' ဆိုသည်မှာ ဤမိစ္ဆာအကဲဖြတ်မှူးများ၏ ဆောင်ပုဒ်ပင် ဖြစ်သည်။
ထိုတိုက်ခိုက်မှုမှာ ရုတ်တရက် ရောက်ရှိလာသဖြင့် အကြီးအကဲစုန့်ပင်လျှင် ထိတ်လန့်သွားခဲ့ရသည်။ သူ၏ လက်အောက်ငယ်သားများမှာ ဤမျှအထိ စိတ်မြန်လိမ့်မည်ဟု သူ မထင်ထားခဲ့သော်လည်း ယခုအချိန်တွင် သူတို့ကို တားရန်မှာ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ သူသည် ထိုတိုက်ခိုက်မှု အောင်မြင်ပါစေရန်သာ ဆုတောင်းနိုင်တော့သည်။ ဤလူမှာ မည်သူပဲဖြစ်ဖြစ် သူ့ကို သတ်ဖြတ်ရန်မှာ သူတို့၏ ပထမဆုံးသော ဦးစားပေး ဖြစ်သည်။
သေဆုံးသွားသော လူများကသာ ခြိမ်းခြောက်မှု မရှိနိုင်သောကြောင့်ပင်ဖြစ်သည်။
သို့သော်လည်း မိကျောင်းကြီးမှာ လင်းကျင်းကို မသတ်နိုင်ခဲ့ပေ။ လင်းကျင်းသည် နောက်ကျိနေသော ရေအောက်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သိရှိထားပြီးသား ဖြစ်သည်။ သူသည် စစ်မှန်သော အဆင့် (၃) သားရဲအကဲဖြတ်မှူး တစ်ဦး မဟုတ်ပါလား။ သူသည် သူ၏ ပတ်ဝန်းကျင်ရှိ သားရဲများ၏ အရှိန်အဝါကို အလွယ်တကူ ထောက်လှမ်းနိုင်ပေသည်။
ထို့ကြောင့် မိကျောင်းကြီး ပါးစပ်ဟလိုက်သောအခါ လင်းကျင်း၏ ခြောက်လှန်နိုင်စွမ်းမှာ လှိုင်းတံပိုးများကဲ့သို့ ကျဆင်းလာပြီး ထိုသတ္တဝါကို သူ၏ နယ်ပယ်ထဲသို့ ပြန်လည် ရိုက်ချလိုက်တော့သည်။ မိကျောင်းကြီးမှာ ကြီးမားလှသော်လည်း သနားစရာကောင်းသော ထိုသတ္တဝါမှာ အဆင့် (၂) မျှသာ ရှိသည်။ လင်းကျင်း၏ ပြင်းထန်သော ဖိအားအောက်တွင် မိကျောင်းကြီးမှာ ချက်ချင်းပင် မေ့လဲသွားပြီး ရေကန်အောက်ခြေသို့ ကျောက်ခဲတစ်လုံးလိုပင် နစ်မြုပ်သွားတော့သည်။
သူတို့၏ အမြင်တွင်မူ မိကျောင်းကြီးမှာ ချက်ချင်းပင် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်ပြီး လင်းကျင်းမှာမူ ကိုယ်လက်လှုပ်ရှားမှုပင် မရှိခဲ့ချေ။ သူတို့သည် ဤကဲ့သို့သော ထူးဆန်းသော အခြေအနေမျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။
မိကျောင်းပိုင်ရှင်မှာ မှင်သက်သွားခဲ့ရသည်။ သူသည် နောက်ထပ် မန္တန်များကို ရွတ်ဆိုရန် အသည်းအသန် ကြိုးစားနေသော်လည်း မိကျောင်းကြီးမှာမူ ပြန်လည် တုံ့ပြန်ခြင်း မရှိတော့ပေ။
"ခင်ဗျားက ပြဿနာရှာဖို့ ရောက်လာတာဆိုမှတော့ ကျုပ်တို့ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမိတာကို အပြစ်မတင်ပါနဲ့"
အကြီးအကဲစုန့်က ကြေညာလိုက်သည်။ ထို့နောက် မိစ္ဆာအကဲဖြတ်မှူး အားလုံးမှာ သူတို့၏ သားရဲများကို ရှေ့သို့ ခေါ်ထုတ်လိုက်ကြတော့သည်။
ရေမြွေများ၊ ငါးလောင်ချာများ၊ ပင့်ကူများနှင့် အဆိပ်ရှိ ပိုးကောင်များ ပါဝင်သည်။ ဤမိစ္ဆာအကဲဖြတ်မှူးများ၏ သားရဲများသည် သူတို့၏ သခင်များကဲ့သို့ပင် ရက်စက်ကြပေသည်။
"မျောက်ဖြူလေး"
လင်းကျင်းက ခေါ်လိုက်၏။
နောက်တစ်ခဏတွင် ရေပတ်သံများကို ကြားလိုက်ရပြီးနောက် သတ္တဝါကြီးတစ်ကောင် လှမ်းလာခဲ့သည်။ ၎င်းမှာ သူ၏ မူလအရွယ်အစားဖြစ်သော မျောက်ဖြူကြီးပင် ဖြစ်သည်။ အမှန်တကယ်တော့ သူသည် ယခင်ကထက်ပင် ပေအနည်းငယ် ပို၍ မြင့်မားလာခဲ့ပြီ ဖြစ်သည်။
မျောက်ဖြူကြီးသည် ယခုအခါ ပေတစ်ရာကျော် မြင့်မားပြီး တောင်ကုန်းတစ်ခု အရွယ်အစားရှိနေသည်။ ကိုးလွှာလခြမ်း ရေကန်၏ အနက်ဆုံးနေရာတွင်ပင် သူ၏ ခန္ဓာကိုယ် ထက်ဝက်ခန့်သာ ရေထဲသို့ နစ်မြုပ်နေသည်။
မျောက်ဖြူကြီးကို မြင်လိုက်ရရုံဖြင့် မိစ္ဆာအကဲဖြတ်မှူးတိုင်းမှာ ထိတ်လန့်သွားကြရသည်။ သူတို့၏ သားရဲများသည် မျောက်ဖြူကြီးနှင့် အရွယ်အစားချင်း ယှဉ်၍ပင် မရနိုင်ချေ။ ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။
မည်သည့်စကားမျှ မပြောဘဲ သေစေနိုင်သော တိုက်ပွဲမှာ စတင်လာခဲ့တော့သည်။
အစပိုင်းတွင် အကြီးအကဲစုန့်နှင့် သူ၏အဖွဲ့မှာ သူတို့သည် တန်းတူ တိုက်ခိုက်နေရသည်ဟု ထင်မှတ်ခဲ့ကြသည်။ အနည်းငယ် ပို၍ ကြိုးစားလိုက်လျှင် တိုက်ပွဲတွင် အနိုင်ရနိုင်မည်ဟု သူတို့ ယူဆခဲ့ကြသည်။ သို့သော်လည်း သူတို့ အမြန်ပင် မှားယွင်းသွားခဲ့ရပြီး သူတို့၏ ယူဆချက်မှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ကြောင်း မကြာမီ သိရှိသွားကြရတော့မည် ဖြစ်သည်။
အခန်း (၃၅၄) - အကုန်အစင် သုတ်သင်ခြင်း
မျောက်ဖြူကြီး သူ၏ မူလအရွယ်အစားသို့ ပြောင်းလဲလိုက်သောအခါ ထွက်ပေါ်လာသည့် ပေါက်ကွဲအားမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ လင်းကျင်းပင်လျှင် အံ့ဩ၍ စကားမဆိုနိုင် ဖြစ်ခဲ့ရ၏။ ယခင်က မျောက်ဖြူကြီးသည် သူ၏ စွမ်းအားအစစ်အမှန်နှင့် အရွယ်အစားကို ယခုကဲ့သို့ အပြည့်အဝ ထုတ်ဖော်ပြသခဲ့ခြင်း မရှိခဲ့ဖူးချေ။
၎င်းမှာ မျောက်ဖြူကြီးအတွက် သူ၏ စုဆောင်းထားသော စွမ်းအင်များကို ထုတ်လွှတ်ရန် အခွင့်ကောင်းတစ်ခုလည်း ဖြစ်သွားခဲ့သည်။
သို့သော်လည်း လိပ်ကျွန်းပေါ်ရှိ လူများအတွက်မူ ၎င်းမှာ ငရဲကျခြင်းပင် ဖြစ်တော့သည်။
ကျွန်းပေါ်ရှိ လူအများစုနှင့် သားရဲများသည် မျောက်ဖြူကြီးကို ယှဉ်နိုင်စွမ်း မရှိကြသော်လည်း ကျွမ်းကျင်သူ အနည်းငယ်မှာမူ ကျန်ရှိနေသေးသည်။ ထို့ကြောင့် မျောက်ဖြူကြီးအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သော ထိုလူများကို ကိုင်တွယ်ရန်မှာ လင်းကျင်း၏ တာဝန် ဖြစ်လာခဲ့၏။
မိစ္ဆာအကဲဖြတ်မှူး တစ်ဦးသည် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ သူ၏ ပေငါးဆယ်ရှည်သော ရေမြွေကြီးမှာ မူလထက် သုံးဆခန့် ပိုမို ရှည်လျားလာပြီး မျောက်ဖြူကြီး၏ လက်မောင်းခန့် အရွယ်အစား ရှိလာခဲ့သည်။ နောက်ထပ် ဧရာမ သတ္တဝါကြီးတစ်ကောင် စစ်မြေပြင်သို့ ရောက်ရှိလာခြင်းပင်။
၎င်း၏ အဆင့်ကို ကြည့်ခြင်းအားဖြင့် ထိုသတ္တဝါမှာ အဆင့် (၃) ၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းကို လျှော့တွက်၍ မရနိုင်ပေ။
ထို့ပြင် မျောက်ဖြူကြီး၏ အရပ် ထက်ဝက်ခန့်ရှိသော ထူးဆန်းသည့် ငှက်ကြီးတစ်ကောင်လည်း ရှိနေသေးသည်။ ၎င်းသည် ရေမြွေကြီးနှင့် ပူးပေါင်းကာ မျောက်ဖြူကြီးအား ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်နေကြသည်။
အခြားသော သားရဲများသည် အရွယ်အစား အလွန်အမင်း မကြီးမားနိုင်ကြသော်လည်း အဆင့် (၃) ရှိသော သတ္တဝါများသည် မူလထက် ငါးဆခန့်အထိတော့ ကြီးထွားနိုင်ကြသည်။ အကယ်၍ သူတို့အားလုံး တစ်ပြိုင်နက် တိုက်ခိုက်မည်ဆိုပါက ရန်သူကို အနိုင်ယူရန် အခွင့်အလမ်း ရှိပေသည်။
သို့သော်လည်း မျောက်ဖြူကြီးအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုမှာ သားရဲများ မဟုတ်ဘဲ မိစ္ဆာအကဲဖြတ်မှူး တစ်ဦးသာ ဖြစ်နေသည်မှာ အမှန်တရားပင်။
ထိုလူသည် အေးအေးဆေးဆေးပင် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရင်း ရေတိုင်ကီ အတော်များများကို ရေထဲသို့ တွန်းချလိုက်သည်။ ခဏအတွင်းမှာပင် ပုပ်စော်နံကာ နက်မှောင်နေသော သွေးအိုင်ကြီးမှာ ရေကန်အတွင်းသို့ စီးဝင်သွားတော့သည်။
ထိုသွေးများသည် အလိုလို သိစိတ်ရှိနေသကဲ့သို့ပင် မန္တန်၏ လွှမ်းမိုးမှုအောက်တွင် တစ်စုတစ်ဝေးတည်း ဖြစ်ပေါ်လာပြီး မျောက်ဖြူကြီးထံသို့ ဦးတည်သွားတော့သည်။ တိုက်ပွဲတွင် အာရုံရောက်နေသော မျောက်ဖြူကြီးမှာမူ ရေအောက်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သတိပြုမိပုံ မရပေ။
သို့သော် လင်းကျင်းကမူ မြင်တွေ့လိုက်ရသည်။
"နောက်ထပ် ချောင်းမြောင်း တိုက်ခိုက်တာလား... တကယ်ကို ယုတ်မာတာပဲ"
လင်းကျင်းက ခေါင်းခါလိုက်မိသည်။ သူသည် ရေကန်ထံသို့ လက်ညှိုးညွှန်လိုက်ရင်း နဂါးမီးတောက်ကို ဆင့်ခေါ်လိုက်၏။
"လောင်ကျွမ်းစမ်း"
မီးတောက်များမှာ ရေထဲသို့ ချက်ချင်းပင် ထိုးဆင်းသွားခဲ့သည်။ အံ့ဩစရာ အကောင်းဆုံးမှာ ထိုမီးတောက်များသည် ရေနှင့် ထိတွေ့သော်လည်း ငြိမ်းသတ်ခြင်း မခံရဘဲ ဆက်လက် လောင်ကျွမ်းနေခြင်းပင် ဖြစ်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ရေကန်အတွင်းရှိ ရေများမှာ ဆူပွက်လာခဲ့ပြီး ရေနွေးငွေ့များမှာ တစ်ကျွန်းလုံးကို ဖုံးလွှမ်းသွားတော့သည်။
ရေထဲတွင် ပုန်းအောင်းနေသော မိစ္ဆာသားရဲ အချို့မှာမူ ရေပူလောင်၍ သေဆုံးသွားကြရသည်။ အစွမ်းထက်သော သားရဲများသာ အသက်ရှင် ကျန်ရစ်ကြ၏။ လင်းကျင်းသည် ရေကန်ကို အပူပေးရန်အတွက် နဂါးမီးတောက်ကို အသုံးပြုခဲ့ခြင်း မဟုတ်ပေ။ သူသည် ထိုထူးဆန်းသော သွေးမည်းအိုင်ကို သုတ်သင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ထိုသွေးများမှာ မည်မျှ အန္တရာယ်ကြီးကြောင်း သူ ခံစားမိသည်။ သူသည် ကမ်းခြေတွင် ရပ်နေသော်လည်း ထိုသွေးများ၏ ခြိမ်းခြောက်မှုကို ခံစားနေရဆဲ ဖြစ်သည်။
အကယ်၍ ထိုသွေးများသည် မျောက်ဖြူကြီးနှင့် ထိတွေ့သွားပါက ဘာဖြစ်မည်ကို လင်းကျင်း မသိရှိပေ။ ထို့ကြောင့် ဘေးကင်းစေရန်အတွက် ၎င်းတို့အားလုံးကို ပြာကျသွားအောင် သူ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
သွေးမည်းအများစုမှာ နဂါးမီးတောက်နှင့် ထိတွေ့သည်နှင့် ပြာကျသွားခဲ့သည်။ သို့သော်လည်း ထိုသွေးများကို ဖယ်ရှားရန်မှာ အတော်လေး ခက်ခဲလှသည်ကို လင်းကျင်း သတိပြုမိသည်။ နဂါးမီးတောက်နှင့်ပင် ထိုခြိမ်းခြောက်မှုကို အမြစ်ပြတ်ရှင်းလင်းရန် အချိန်အနည်းငယ် ပေးခဲ့ရသည်။
ဤမိစ္ဆာအကဲဖြတ်မှူးများတွင် အစွမ်းထက်သော နည်းပရိယာယ်များ ရှိနေသည်မှာ သိသာလှပေသည်။
လင်းကျင်းက ရေကန်အတွင်းရှိ သွေးမည်းများကို မီးဖြင့် သုတ်သင်လိုက်သည်ကို မြင်သောအခါ အကြီးအကဲစုန့်နှင့် သူ၏အဖွဲ့မှာ မှင်သက်သွားကြသည်။
ထိုသွေးမည်းများမှာ လင်းကျင်း၏ တိုက်ခိုက်မှုကြောင့် လောင်ကျွမ်းသွားမည်ကို စိုးရိမ်သဖြင့် သူတို့သည် ရေထဲသို့ သွန်းလောင်းခဲ့ခြင်း ဖြစ်သည်။ ဤ 'ဝိညာဉ်သန့်စင်ခြင်း သွေး' ကို အပြစ်မဲ့သော သားရဲပေါင်း ရာနှင့်ချီကို သတ်ဖြတ်၍ ဖန်တီးထားခြင်း ဖြစ်သည်။ ထိုသွေးများသည် အခြားသော သားရဲများကို အလွယ်တကူ သတ်ဖြတ်နိုင်ရုံသာမက ၎င်း၏ အကြီးမားဆုံး အားသာချက်မှာ အဆင့် (၄) သားရဲများပင်လျှင် ၎င်းကို ခုခံနိုင်စွမ်း မရှိခြင်း ဖြစ်သည်။
ဤသွေးများကို ဖန်တီးရန် သူတို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ မျက်စိတစ်မှိတ်အတွင်းမှာပင် အကုန် ပျက်စီးသွားခဲ့ရပြီ။
"ရန်သူကို အင်အားနဲ့ အနိုင်ယူလို့ မရဘူး... အခုချက်ချင်း ဆုတ်ခွာကြ"
အတွေ့အကြုံရှိသော အကြီးအကဲစုန့်က အရှုံးကို လက်ခံကာ အော်ဟစ်လိုက်သည်။ ထိုမျောက်ကြီးမှာ သားရဲပေါင်း ရာနှင့်ချီကို တစ်ယောက်တည်း ခုခံနိုင်သည်ကို ထားလိုက်ပါဦး၊ ဤလူသားသည် စက္ကန့်ပိုင်းအတွင်း ရေကန်တစ်ခုလုံးကို ဆူပွက်စေနိုင်ခဲ့သည်။ ၎င်းမှာ သူတို့ အားလုံး စုပေါင်းထားခြင်းထက်ပင် ပိုမို အစွမ်းထက်နေခြင်း ဖြစ်သည်။
ဤသို့သော အခြေအနေမျိုးတွင် ဆက်လက် တိုက်ခိုက်လိုသူမှာ သေချင်ဇော ရှိသူ သို့မဟုတ် ရူးသွပ်နေသူသာ ဖြစ်ပေလိမ့်မည်။
သို့သော် သူတို့ ဘယ်ကို ဆုတ်ခွာကြမည်နည်း။ မည်သို့ ဆုတ်ခွာကြမည်နည်း။
"အကြီးအကဲစုန့်... ငါတို့ရဲ့ လှေတွေ အကုန် ပျက်စီးကုန်ပြီ... သွားစရာ နေရာမရှိတော့ဘူး"
တစ်ဦးက အသည်းအသန် အော်ပြောလိုက်သည်။
ထိုအချိန်တွင်မှ အကြီးအကဲစုန့်သည် သူတို့ မသိလိုက်ဘဲ ကျရောက်နေသော အကျပ်အတည်းကို သတိပြုမိလိုက်တော့သည်။
ဤလူသည် အစကတည်းက သူတို့ကို အကုန်အစင် သုတ်သင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့ မည်သို့ ထွက်ပြေးနိုင်မည်နည်း။
ခဏအတွင်းမှာပင် အကြီးအကဲစုန့်၏ မျက်လုံးများမှာ သွေးစက်လက် ဖြစ်လာခဲ့သည်။
"ဒါဆိုရင်တော့ သူ့ကို တိုက်ရမှာပဲ... ဌာနချုပ်ကို သတင်းပို့ဖို့ 'မိုင်တစ်ထောင် လင်းနို့' ကို လွှတ်လိုက်ကြ"
တစ်ဦးက ထိုအလုပ်ကို လုပ်ရန် အပြေးအလွှား ထွက်သွားခဲ့သည်။
အခြားတစ်ဖက်တွင်မူ မျောက်ဖြူကြီးသည် သူ၏ အားကောင်းလှသော လက်များဖြင့် ရေမြွေကြီး၏ လည်ပင်းကို အတင်း ဆွဲကိုင်ထားလိုက်သည်။ ရေမြွေကြီးသည် သူ၏ အစွယ်များကို ပြကာ မျောက်ဖြူကြီးအား ကိုက်ဖြတ်ရန် ကြိုးစားနေသလို သူ၏ ကျန်ရှိသော ခန္ဓာကိုယ်ဖြင့်လည်း မျောက်ဖြူကြီး၏ လက်မောင်းနှင့် ခါးကို ပတ်ထားလိုက်သည်။ ၎င်းမှာ မျောက်ဖြူကြီးအား အသက်ရှူ ကျပ်ကာ သေဆုံးစေရန် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်။
အစောပိုင်းက ရေမြွေကြီးသည် မျောက်ဖြူကြီး၏ လည်ပင်းကို တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း မျောက်ဖြူကြီးက အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သည်။ ထို့ကြောင့် ရေမြွေကြီးမှာ မျောက်ဖြူကြီး၏ လက်အတွင်းသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဧရာမ သတ္တဝါကြီး နှစ်ကောင်မှာ အင်အားချင်း ပြိုင်ဆိုင်နေကြပြီ ဖြစ်သည်။
သူတို့၏ အရွယ်အစားမှာ အလွန် ကြီးမားလှသဖြင့် မျောက်ဖြူကြီး၏ ခြေထောက်အောက်တွင် အနင်းခံထားရသော ငှက်ကြီးမှလွဲ၍ အခြားသော သားရဲများမှာ ဝင်ရောက် မနှောင့်ယှက်နိုင်ကြချေ။ ငှက်ကြီးမှာ မည်မျှပင် ရုန်းကန်ပါစေ အရာမထင်ခဲ့ပေ။ နောက်ဆုံးတွင် မျောက်ဖြူကြီးနှင့် ရေမြွေကြီးတို့၏ အလေးချိန်အောက်တွင် ထိုသတ္တဝါမှာ ကြိတ်ခြေခံရပြီး သေဆုံးသွားခဲ့ရသည်။
မျောက်ဖြူကြီးသည် ရေမြွေကြီးကို ကိုင်တွယ်ရန် အာရုံရောက်နေသဖြင့် ထိုငှက်ကို ဂရုမစိုက်နိုင်ခဲ့ပေ။
ရေမြွေကြီးသည် မျောက်ဖြူကြီး၏ ခန္ဓာကိုယ်ကို ပိုမို တင်းကျပ်စွာ ပတ်ထားလိုက်၏။ ၎င်း၏ ပါးစပ်မှာလည်း အကျယ်ကြီး ပွင့်နေပြီး သူ၏ ရန်သူကို အဆက်မပြတ် ကိုက်ရန် ကြိုးစားနေသည်။ မျောက်ဖြူကြီးသည် ရေမြွေကြီးကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ တွန်းထုတ်နေစဉ်မှာပင် ရုတ်တရက် အခွင့်အရေးတစ်ခုကို မြင်တွေ့လိုက်ရသည်။ သူသည် အစွမ်းကုန် အင်အားစိုက်ထုတ်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရေမြွေကြီး၏ လည်ပင်းကို ဖမ်းဆုပ်လိုက်တော့သည်။
ယခုအခါ ရေမြွေကြီး၏ ပါးစပ်မှာ မျောက်ဖြူကြီးနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည်။ ၎င်းမှာ မျောက်ဖြူကြီး၏ မျက်နှာကို ကိုက်ဖြတ်ရန် စက္ကန့်ပိုင်းသာ လိုတော့သည်။
"ငရဲကို သွားစမ်း"
မျောက်ဖြူကြီးသည် ဤရေမြွေကြီးကို စိတ်ကုန်နေသည်မှာ ကြာပြီ ဖြစ်သည်။ ၎င်းမှာ အလွန် အစွမ်းထက်လှသည် မဟုတ်သော်လည်း ချောကျိနေပြီး တိုက်ခိုက်ရသည်မှာ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။ မျောက်ဖြူကြီးက ၎င်းကို ဖမ်းမိသည့် အကြိမ်တိုင်းတွင် ၎င်းမှာ လက်ထဲမှ အလွယ်တကူ ချော်ထွက်သွားလေ့ ရှိသည်။
ယခုတစ်ကြိမ်တွင်မူ သေသေချာချာ ဖမ်းမိထားပြီ ဖြစ်ရာ မျောက်ဖြူကြီးသည် ဤအခွင့်အရေးကို အလဟဿ အဖြစ်မခံတော့ပေ။ ရေမြွေကြီး မည်မျှပင် ရုန်းကန်ပါစေ သူသည် လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် သူ၏ ဆုပ်ကိုင်အားကို တဖြည်းဖြည်း မြှင့်တင်လိုက်၏။
ထို့နောက်တွင်တော့ ကျယ်လောင်သော အရိုးကျိုးသံကြီးကို လူတိုင်း ကြားလိုက်ကြရသည်။ ရေမြွေကြီး၏ အရိုးများမှာ နှစ်ပိုင်း ပြတ်သွားခဲ့ပြီး နောက်တစ်ခဏတွင် မျောက်ဖြူကြီးသည် ရေမြွေကြီး၏ ဦးခေါင်းကို အတင်း ဆွဲဖြတ်လိုက်တော့သည်။
ထိုရက်စက်လှသော လုပ်ရပ်ကြောင့် လိပ်ကျွန်းပေါ်တွင် နွေးထွေးကာ ညှီစို့စို့ အနံ့ရှိသော မြွေသွေးများ မိုးရွာသလို ကျဆင်းလာခဲ့တော့သည်။
ရေမြွေကြီးကို ဖြေရှင်းပြီးနောက်တွင် အခြားသော သားရဲများမှာ စိန်ခေါ်မှုတစ်ခု မဟုတ်တော့ချေ။ မျောက်ဖြူကြီးက သူ၏ ခြေထောက်ဖြင့် တစ်ချက် နင်းခြေလိုက်သောအခါ ငှက်ကြီးမှာ အသားဖတ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ မိစ္ဆာအကဲဖြတ်မှူးများ၏ သားရဲများမှာ ယခုအခါ ဖရိုဖရဲ ဖြစ်ကုန်ကြပြီ ဖြစ်သည်။
မြားဒါဇင်ပေါင်းများစွာမှာ ဤဘက်သို့ ပစ်လွှတ်လိုက်ကြသော်လည်း မျောက်ဖြူကြီးက လက်တစ်ဖက်ဖြင့် ကာကွယ်လိုက်၏။ ထို့နောက် သူ၏ မျက်လုံးများမှာ နီရဲလာပြီး ဟိန်းဟောက်သံကြီးနှင့်အတူ မြေပြင်ပေါ်သို့ လက်သီးဖြင့် ရိုက်ချလိုက်တော့သည်။
ထိုလက်သီးချက်ကြောင့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။
ထို့နောက်တွင် မြေကြီးတုန်ခါသံ ထွက်ပေါ်လာသည်။
လိပ်ကျွန်းတစ်ခုလုံးတွင် ကြီးမားသော အက်ကြောင်းများ ပေါ်ထွက်လာခဲ့သည်။ အမှောင်လေပြင်းများနှင့် ကြောက်မက်ဖွယ် စွမ်းအင်များ ပေါင်းစပ်ထားသော မျောက်ဖြူကြီး၏ လက်သီးချက်သည် ကျွန်းကို နှစ်ပိုင်းကွဲစေခဲ့ရုံသာမက ကျွန်းပေါ်ရှိ လူများကိုလည်း သွေးအန်သွားစေခဲ့သည်။ ဒဏ်ရာရရှိထားသူများမှာမူ မျက်လုံးပြူးလျက်ပင် ချက်ချင်း သေဆုံးသွားခဲ့ကြသည်။
မည်သူမျှ ထိုတိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိကြချေ။
လင်းကျင်းသည် မျောက်ဖြူကြီးအား တားဆီးလိုက်သည်။ သူသည် ဤမိစ္ဆာအကဲဖြတ်မှူးများကို မေးမြန်းစရာ အချို့ရှိသဖြင့် အချို့ကို အသက်ရှင်လျက် ထားရန် လိုအပ်သည်။ သူသည် တိမ်တိုက်လှေကားပေါ်မှ ဆင်းကာ ကျွန်းပေါ်သို့ လှမ်းတက်လိုက်၏။
ကျွန်းမှာ ယခုအခါ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ အဆောက်အဦးနှင့် ခန်းမဆောင် အများစုမှာ အပျက်အစီးများအဖြစ် ပြိုကျနေပြီ။ ကျွန်းသား ထက်ဝက်ခန့်မှာ သေဆုံးသွားခဲ့ကြပြီး ကျန်ထက်ဝက်မှာ ဒဏ်ရာရနေကြသည်။ တစ်ဦးတည်းသော မတ်တပ်ရပ်နေနိုင်သူမှာ အကြီးအကဲစုန့် ဖြစ်သည်။
လင်းကျင်းသည် သူ၏အနားသို့ ချဉ်းကပ်သွားလိုက်၏။
အကြီးအကဲစုန့်၏ ပါးစပ်ထောင့်တွင် သွေးများ ပေကျံနေသည်။ အစောပိုင်းက ရေမြွေကြီးမှာ သူ၏ သားရဲပင် ဖြစ်သည်။ မျောက်ဖြူကြီးက ထိုသတ္တဝါ၏ ဦးခေါင်းကို ဆွဲဖြတ်လိုက်သောအခါ အကြီးအကဲစုန့်မှာ ပြင်းထန်သော တန်ပြန်မှုကို ခံစားခဲ့ရပြီး မျောက်ဖြူကြီးက ကျွန်းကို နှစ်ပိုင်းကွဲအောင် ထိုးနှက်လိုက်သောအခါတွင်လည်း ထိုကြောက်မက်ဖွယ် စွမ်းအားက အကြီးအကဲစုန့်၏ အတွင်းကလီစာများကို ပျက်စီးစေခဲ့သည်။ ယခုအချိန်တွင် သူသည် သေမင်း၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ မြင့်မားသော ကျင့်ကြံမှုကြောင့် ထိုအဘိုးအိုမှာ မတ်တပ်ရပ်နိုင်စွမ်း ရှိနေသေးခြင်း ဖြစ်သည်။