← Chapters

အခန်း (၃၅၇-၃၅၈)

Vol. 18 Ch. 357-358

အခန်း (၃၅၇-၃၅၈)

Vol. 18 Ch. 357-358

အခန်း (၃၅၇) - အတွင်းခြံဝင်းရှိ ဘိုးဘွားပိုင်အိမ်တော်

​"ကျုပ် ကိုးလွှာလခြမ်း ရေကန်ပေါ်က မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်ရဲ့ ဌာနခွဲကို အမြစ်ပြတ် ချေမှုန်းခဲ့ပြီ... ခင်ဗျားတို့ အခုလောလောဆယ်တော့ ဘေးကင်းသွားပါပြီ၊ ဒါပေမဲ့ သူတို့ကတော့ အချိန်တန်ရင် သေချာပေါက် ပြန်လာကြလိမ့်မယ်"

​လင်းကျင်း၏ စကားကို ကြားလိုက်ရသောအခါ ချောင်မိသားစုဝင်များ၏ မျက်နှာတွင် စိုးရိမ်သောကရိပ်များ ပြန်လည် ဖုံးလွှမ်းသွားခဲ့သည်။

​ဒီမတိုင်ခင်က သူတို့ ဘယ်လိုလူစားမျိုးတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာကို သူတို့ လုံးဝ မသိခဲ့ကြပေ။

​မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်အကြောင်းကို သူတို့ မသိသလို ဤကမ္ဘာပေါ်ရှိ လူအများစုလည်း မသိကြချေ။ သို့သော်လည်း ဌာနခွဲလေး တစ်ခုကပင် ဤမျှအထိ အစွမ်းထက်နေလျှင် သူတို့၏ ဌာနချုပ်ကသာ လူလွှတ်လိုက်ပါက သူတို့ ဘာလုပ်နိုင်မည်နည်း။

​သူတို့မှာ အလိုက်ခံရမည့် သားကောင်များကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။

​၎င်းကို ချောင်ဖေးဂုန်း ကောင်းကောင်း သိသည်။ သူသည် ထိုင်နေရာမှ ရုတ်တရက် ထကာ အရိုအသေပေးလျက်တောင်းပန်လိုက်သည်။

"အကဲဖြတ်မှူးလင်း... ကျုပ်ရဲ့ ချောင်မိသားစုက ကျူရိပ်မြို့မှာ အထင်ရှားဆုံး မိသားစု ဖြစ်နိုင်ပေမဲ့ ကျုပ်တို့ဆီမှာ အဆင့် (၃) သားရဲ သုံးကောင်ပဲ ရှိပြီး အားလုံးလည်း ဒဏ်ရာရနေကြပါတယ်... အဲဒီသူတွေ ပြန်လာမယ်ဆိုရင် ကျုပ်တို့ ခုခံနိုင်မှာ မဟုတ်ဘူး... ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်တင်ပေးပါဦး အကဲဖြတ်မှူးလင်း"

​သူသည် ဟန်ဆောင်နေခြင်း မဟုတ်ပေ။ ချောင်ဖေးဂုန်းမှာ သူတို့၏ ဘေးကင်းမှုအတွက် အမှန်တကယ် ထိတ်လန့်နေခြင်း ဖြစ်သည်။

​အကယ်၍ ရန်သူမှာ သာမန်သူခိုးများသာဆိုလျှင် ချောင်မိသားစုမှာ မတုန်လှုပ်ပေ။ သို့သော် မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်တွင် ကျွမ်းကျင်သူများလွန်းလှသလို ထိုကဲ့သို့ နက်နဲလှသော တိုက်ခိုက်မှုများကို ခုခံရန် မည်မျှ ခက်ခဲကြောင်း သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ အကယ်၍ အကဲဖြတ်မှူးလင်းသာ ကူညီရန် ရှိမနေခဲ့လျှင် ယခုအချိန်၌ သူတို့ မိသားစုမှာ မျိုးတုံးသွားလောက်ပြီ ဖြစ်သည်။

​ထိုသူခိုးများ၏ အပေါင်းအဖော်များ ရောက်လာပါက အကဲဖြတ်မှူးလင်း တစ်ဦးတည်းသာ သူတို့ မိသားစုကို ကာကွယ်ပေးနိုင်မည်ကို ချောင်ဖေးဂုန်း ကောင်းကောင်း နားလည်ထားသည်။

​သူတို့၏ အခြားသော မဟာမိတ်များကော။

​ပွဲတော်အတွင်း ဖြစ်ပျက်ခဲ့သည့် အရာများက အကျပ်အတည်း ကြုံလာသောအခါ ထိုလူများမှာ မည်မျှအထိ အားမကိုးရကြောင်း သက်သေပြနေခဲ့သည်။

​လင်းကျင်း ပြုံးလိုက်၏။ သူသည် သူတို့ကို ပစ်ထားရန် ရည်ရွယ်ချက် မရှိပေ၊ ထိုသို့သာဆိုလျှင် သူ သတိပေးရန် ပြန်လာလိမ့်မည် မဟုတ်ပေ။ အစပိုင်းတွင် သူ တစ်ကြိမ် ကူညီပေးလိုက်ခြင်းဖြင့် ကျေးဇူးကြွေး ကြေသွားပြီဟု ထင်မှတ်ခဲ့သော်လည်း ဤဇာတ်လမ်းမှာ ဆက်ရန် ရှိနေသေးသည် မဟုတ်ပါလား။

​အမှန်တကယ်တော့ မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်မှာ လင်းကျင်း တည်ရှိနေမှုကို မသိရှိသဖြင့် သူက ဆက်လက် ကူညီရန် တာဝန်မရှိပေ။ သို့သော် ဤကျူရိပ်မြို့တွင် အမြစ်တွယ်နေသော ချောင်မိသားစုမှာမူ ထိုသို့ မဟုတ်ချေ။

​ဒီလိုမှတော့ သူသည် အဆုံးအထိ ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။

​ထို့ကြောင့် လင်းကျင်း ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်၏။

"နောက်မှ လိုအပ်တာတွေ ကျုပ် စီစဉ်ပေးပါ့မယ်... ခင်ဗျား စိုးရိမ်စရာ မလိုပါဘူး ခေါင်းဆောင်ချောင်"

​ဤစကားတစ်ခွန်းကပင် သူ့အား စိတ်အေးသွားစေရန် လုံလောက်လှပေသည်။

​ခဏအကြာတွင် လင်းကျင်းသည် မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်က ချောင်မိသားစု၏ ရတနာတစ်ခုကို မျက်စိကျနေသည်ကို သတိရသွားသဖြင့် မေးလိုက်သည်။

"ခေါင်းဆောင်ဆောင်... အဲဒီလူတွေက ခင်ဗျားတို့ မိသားစုကို ဘာလို့ ပစ်မှတ်ထားနေရသလဲဆိုတာ ခင်ဗျား သိသလား"

​သူ သေချာပေါက် သိသည်။ သို့သော်လည်း သူတို့၏ ဘိုးဘွားပိုင် ရတနာမှာ အလွန် လျှို့ဝှက်ထားရသော အရာတစ်ခု ဖြစ်သည်။

​သာမန် အခြေအနေမျိုးတွင် သူတို့၌ ထိုကဲ့သို့သော ပစ္စည်းရှိကြောင်းပင် သူ ဝန်ခံလိမ့်မည် မဟုတ်ပေ။

​သို့သော် မိစ္ဆာအကဲဖြတ်မှူး အသင်းချုပ်က သိနေပြီဖြစ်ရာ ၎င်းမှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့သလိုပင် ဖြစ်နေသည်။ ထို့ပြင် ချောင်ဖေးဂုန်း ကိုယ်တိုင်လည်း ထိုဘိုးဘွားပိုင် ရတနာက ဘာလုပ်နိုင်သလဲဆိုသည်ကို မသိရှိဘဲ တစ်ချိန်လုံး စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရသည်။

​လွန်ခဲ့သော အချိန်က ချောင်ဖေးဂုန်း၏ ဖခင်ဖြစ်သူ ချောင်မိသားစု၏ ယခင် မျိုးနွယ်စုခေါင်းဆောင်က သူ့ကို အခန်းထဲသို့ ခေါ်ယူကာ သူတို့၏ ဘိုးဘွားပိုင် ရတနာအကြောင်း ပြောပြခဲ့သည်။

​သူတို့တွင် ထိုကဲ့သို့သော တားမြစ်ပစ္စည်း ရှိကြောင်း မိသားစုဝင် အများစု သိကြသည်။ ချောင်မိသားစုသည် ဤရတနာကြောင့်ပင် ချမ်းသာကြွယ်ဝမှုကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းက အတိအကျ ဘာလဲ သို့မဟုတ် မည်သို့ အသုံးပြုရသလဲဆိုသည်ကိုမူ မည်သူမျှ မသိကြပေ။

​အခြားသော ချောင်မိသားစုဝင်များ မသိသလို အမှန်အတိုင်း ပြောရလျှင် ချောင်ဖေးဂုန်း ကိုယ်တိုင်လည်း မသိချေ။

​သို့သော် သူသည် မည်သူ့ကိုမျှ ပြောပြ၍ မရပေ။ သူ ဘာမှမသိပါဟု ပြောလျှင်လည်း မှားနေပေလိမ့်မည်။ ထိုစဉ်က သူ၏ ဖခင်က တံခါးပိတ်၍ ပြောပြခဲ့သော အရာအများစုမှာ ချောင်ဖေးကုန်းအတွက် စိတ်ကူးယဉ် အိမ်မက်တစ်ခုကဲ့သို့သာ ဖြစ်နေခဲ့သည်။

​ယခုအခါ လင်းကျင်းက မေးမြန်းလာသဖြင့် အနည်းငယ် စဉ်းစားပြီးနောက် ချောင်ဖေးဂုန်းက ဖြေလိုက်သည်။

"အကဲဖြတ်မှူးလင်း... အဲဒီသူခိုးတွေ စပေါ်လာတုန်းက ကျုပ်တို့ မိသားစု ရတနာကို သူတို့လက်အပ်ဖို့ တောင်းဆိုခဲ့ကြတယ်... သူတို့ ပစ်မှတ်ထားနေတာက ကျုပ်တို့ မိသားစုမှာ မျိုးဆက်နဲ့ချီပြီး လက်ဆင့်ကမ်းလာခဲ့တဲ့ ပစ္စည်းတစ်ခု ဖြစ်ဖို့ များပါတယ်"

​ချောင်ဖေးဂုန်း ဖုံးကွယ်ရန် မကြိုးစားခဲ့ပေ။

​လင်းကျင်း ခေါင်းငြိမ့်လိုက်၏။ အကယ်၍ ချောင်ဖေးဂုန်းကသာ ဤအချက်ကို ဖုံးကွယ်ရန် ကြိုးစားခဲ့ပါက သူသည် ကယ်တင်ရန် တန်ဖိုးရှိသူများ မဟုတ်ဟု သူ သတ်မှတ်ပေလိမ့်မည်။

​ရုတ်တရက် ချောင်ဖေးဂုန်းက ဆိုလိုက်သည်။

"အကယ်၍ အကဲဖြတ်မှူးလင်း ကြည့်ချင်တယ်ဆိုရင် ကျုပ်ပြပေးနိုင်ပါတယ်"

​ထိုစကားများက သူ၏ မိသားစုကို ထိတ်လန့်သွားစေခဲ့သည်။

​နောက်ဆုံးတွင် ချောင်မိသားစု ရတနာမှာ မျိုးနွယ်စု၏ လျှို့ဝှက်ချက် တစ်ခု ဖြစ်သည်။ အဓိက အဖွဲ့ဝင်များသာ ၎င်း တည်ရှိမှုကို သိကြသည်။ ထို့ပြင် သူတို့ ကိုယ်တိုင်ပင်လျှင် ၎င်းကို တစ်ခါမျှ မမြင်ဖူးသလို ဘာလဲဆိုတာကိုလည်း မသိကြချေ။

​ယခုအခါ ချောင်ဖေးဂုန်းက သူတို့၏ မိသားစု ရတနာကို ပြင်ပလူတစ်ဦးအား ပြသရန် ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။ အံ့ဩစရာ မရှိဘဲ ၎င်းမှာ မိသားစုအတွက် ထိတ်လန့်စရာ ဖြစ်သွားခဲ့သည်။

​သို့သော် သူတို့ အံ့ဩသွားကြသော်လည်း မည်သူမျှ သူ၏ အဆိုပြုချက်ကို ကန့်ကွက်ခြင်း မရှိကြပေ။

​အကြောင်းရင်းမှာ ရိုးရှင်းပါသည်။ အကယ်၍ မိစ္ဆာအကဲဖြတ်မှူးများ ပြဿနာရှာလာသောအခါ အကဲဖြတ်မှူးလင်းသာ မကူညီခဲ့လျှင် ချောင်မိသားစုမှာ အသက်ရှင်နေမည် မဟုတ်ပေ။ သူက သူတို့၏ အသက်ကို ကယ်တင်ခဲ့သည်မှာ ဤစည်းကမ်းကို ချိုးဖောက်ရန် လုံလောက်သော အကြောင်းပြချက်ပင် ဖြစ်သည်။ ထို့ပြင် သူတို့၏ ဆက်လက်ရှင်သန်မှုမှာ ယခုအချိန်မှစ၍ အကဲဖြတ်မှူးလင်းအပေါ်တွင် မူတည်နေသည်။ ထိုလူက ရတနာအကြောင်း မေးမြန်းခြင်းမှာ တစ်စုံတစ်ခုအတွက် ထိုအချက်အလက်ကို လိုအပ်နေ၍ ဖြစ်ရမည်။ ထိုသို့ဆိုလျှင် သူ့အပေါ်တွင် ဘာကြောင့် စေတနာ မထားနိုင်ရမည်နည်း။

​သူတို့သည် ကုန်သည်များ ဖြစ်ကြသော်လည်း ချောင်မိသားစုဝင်များမှာ စေတနာ ကောင်းသူများ ဖြစ်ကြသည်။ ကုန်စည်ပို့ဆောင်စဉ်အတွင်း တန်ဖိုးမဖြတ်နိုင်သော လင်ဇီးမှိုကြီး ပျောက်ဆုံးသွားကြောင်း သိလိုက်ရလျှင်ပင် သူတို့ ကိစ္စမလုပ်ခဲ့ကြပေ။

​အမှန်အတိုင်း ပြောရလျှင် လင်းကျင်းသည်လည်း သူ၏ စပ်စုချင်စိတ်ကို ဖြေဖျောက်ရန် လိုအပ်နေသည်။

​သို့သော် သူသည် ချောင်မိသားစု၏ ရတနာကို များများစားစား မမျှော်လင့်ထားပေ။ နောက်ဆုံးတွင် သူသည် အံ့ဩဖွယ်ကောင်းသော ပစ္စည်းများစွာကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်ရာ ဤကဲ့သို့သော တားမြစ်ပစ္စည်းများကို သူ ရိုးအီနေပြီ ဖြစ်သည်။ 'ရေလှောင်အကြေးခွံ' ကဲ့သို့သော အရာမျိုးကိုသာ လင်းကျင်းက ရတနာဟု သတ်မှတ်ခြင်း ဖြစ်သည်။

​ချောင်မိသားစုကဲ့သို့ ထင်ရှားသော မိသားစုတစ်ခုအတွက် သူတို့၏ ရတနာမှာ မည်မျှအထိ အံ့ဩစရာ ကောင်းနိုင်ပါ့မည်နည်း။

​ထိုစဉ်မှာပင် အစေခံတစ်ဦး ဝင်လာပြီး မြို့စားမင်း ရောက်ရှိလာကြောင်း အကြောင်းကြားလေသည်။ ကြည့်ရသည်မှာ သူသည် ချောင်ဖေးဂုန်းနှင့် တွေ့ဆုံရန် ရောက်ရှိလာခြင်း ဖြစ်ပုံရသည်။

​သာမန် အခြေအနေမျိုးတွင် ထိုသို့သော တွေ့ဆုံမှုမှာ အလွန် အရေးကြီးပေလိမ့်မည်။

​သို့သော် ချောင်ဖေးဂုန်းမှာမူ မြို့စားမင်းကို တွေ့ဆုံရန် စိတ်ဝင်စားပုံ မပေါ်ချေ။ ထို့ကြောင့် သူက ပြောလိုက်သည်။

"မြို့စားမင်းကို ငါ မရှိဘူးလို့ ပြောလိုက်ပါ... ဦးလေး ကျေးဇူးပြုပြီး သူ့ကို ဧည့်ခံပေးထားပါဦး"

​ချောင်မိသားစုဝင်များမှာ ဘာမျှ မပြောဝံ့ကြချေ။ တွန့်ဆုတ်နေပုံရသော ချောင်ဖေးဂုန်း၏ ဦးလေးဖြစ်သူက ပြောလိုက်၏။

"ဖေးဂုန်း... ဒါက မသင့်တော်ဘူး ထင်တယ်"

​"ဦးလေး... ဒါက မသင့်တော်တာ မဟုတ်ပါဘူး... သူက ကျုပ်တို့အပေါ် အငြိုးထားနေတယ်ဆိုတာ ဦးလေး သိတာပဲ၊ သူက ကျုပ်တို့ကို လာပြီး စမ်းသပ်တာပဲ ဖြစ်မှာ... ပြီးတော့ အကဲဖြတ်မှူးလင်းကလည်း ဒီမှာ ရှိနေသေးတယ်လေ"

ချောင်ဖေးဂုန်း၏ အဖြေကို ကြားရပြီးနောက် သူ၏ ဦးလေးမှာ ခေါင်းညိတ်လိုက်သည်။

​သူတို့၏ မြို့စားမင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အထင်မှားမှုကြောင့် ချောင်မိသားစုကို အမြဲတမ်း သတိထားနေခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်နောက်ပိုင်း မြို့စားမင်း အိမ်တော်သည် သူတို့၏ ဘဝကို ခက်ခဲအောင် အမြဲတမ်း ကြိုးစားနေခဲ့သဖြင့် မြို့စားမင်းကို အလေးထား ဆက်ဆံရန် မလိုအပ်တော့ပေ။

​ဆန့်ကျင်ဘက်အားဖြင့် အကဲဖြတ်မှူးလင်းမှာ မိသားစု၏ ကယ်တင်ရှင် ဖြစ်ရာ မည်သူ့ကို ပိုမို နွေးထွေးစွာ ဧည့်ခံရမည်ဆိုသည်ကို လူတိုင်း သိကြပေသည်။

​ချောင်ဖေးဂုန်း၏ ဦးလေးမှာ ကျိုးကြောင်းဆင်ခြင်တတ်သူဖြစ်သဖြင့် ဘာမှ မပြောတော့ဘဲ ခေါင်းညိတ်လိုက်၏။ လင်းကျင်းအား အလေးပြုပြီးနောက် သူ ထွက်ခွာသွားခဲ့သည်။

​အခြားသော ချောင်မိသားစုဝင်များမှာလည်း ချောင်ဖေးဂုန်း၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခြင်း မရှိကြပေ။

​လင်းကျင်းအနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ သူ တစ်စုံတစ်ခု ပြောရန် စဉ်းစားလိုက်သော်လည်း ချောင်မိသားစုတွင် ထိုသို့ စီစဉ်ထားရန် အကြောင်းပြချက်များ ရှိလိမ့်မည်ဟု ယူဆကာ ပါးစပ်ပိတ်ထားလိုက်သည်။

​"အကဲဖြတ်မှူးလင်း... ကျေးဇူးပြုပြီး ကျုပ်နဲ့ လိုက်ခဲ့ပါ"

ချောင်ဖေးဂုန်းက ရှေ့မှ လမ်းပြရန် တက်လှမ်းလိုက်သည်။ လင်းကျင်းသည် ဘာမှမပြောဘဲ သူ၏နောက်မှ လိုက်သွားခဲ့၏။

​ချောင်ရှင်းမှာလည်း အတူ လိုက်ပါလာခဲ့သည်။ အစောင့်ခေါင်းဆောင် ကျန်းမှာမူ လိုက်မလာဘဲ နေခဲ့ရန် သိတတ်လှသဖြင့် အခြားသော မိသားစုဝင်များက သူ့အား ဆက်လက် စကားပြောနေခဲ့ကြသည်။

​ချောင်ဖေးဂုန်းသည် သူတို့ မိသားစု၏ ဘိုးဘွားပိုင်အိမ်တော်သို့ ဦးတည်သွားခဲ့သည်။ သူသည် ရတနာ တည်ရှိမှုကို မိသားစုအား အသိပေးထားပြီးပြီဖြစ်သလို ယခုအခါ သူခိုးများကလည်း သိရှိသွားပြီဖြစ်ရာ သူတို့၏ မဟာမိတ်ကို အမှောင်ထဲတွင် ထားရန် မလိုအပ်တော့ပေ။

​ချောင်ဖေးဂုန်းသည် သူ၏ မိသားစုထံမှ ဖုံးကွယ်မထားခဲ့သလို လင်းကျင်းက စပ်စုလိုလျှင်လည်း သူ စေတနာထား၍ ပြသပေလိမ့်မည်။ အမှန်တကယ်တော့ ဤမိသားစု ရတနာမှာ နာမည်ခံ ရတနာမျှသာ ဖြစ်ကြောင်း ချောင်ဖေးဂုန်း အသိဆုံး ဖြစ်သည်။ သူ့အတွက်မူ ၎င်းကို အသုံးချရန် နည်းလမ်း မရှိသလောက်ပင်။

​အနည်းဆုံးတော့ ထိုပစ္စည်း၏ တန်ဖိုးက ဘယ်ကလာသလဲဆိုတာကို သူ မပြောနိုင်ချေ။ သူ၏ ဖခင်မှာလည်း ၎င်း၏ အသုံးဝင်ပုံကို မသိခဲ့ချေ။

​ဘိုးဘွားပိုင်အိမ်တော်တွင် ချောင်ဖေးဂုန်းက အပြင်ဘက်မှ အဆောက်အဦး တည်ဆောက်ပုံကို လေ့လာနေသော လင်းကျင်းအား အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။ ဘိုးဘွားပိုင်အိမ်တော်မှာ ချောင်မိသားစု အိမ်တော်ဝင်းအတွင်း တည်ရှိပြီး သိသာထင်ရှားစွာပင် ရှေးကျသော အဆောက်အဦး တစ်ခု ဖြစ်သည်။ လတ်တလော ပြုပြင်မွမ်းမံမှုများနှင့် အထွေထွေ ထိန်းသိမ်းမှုများ ပြုလုပ်ထားကြောင်း အရိပ်အယောင်များ ရှိသော်လည်း ပတ်ဝန်းကျင်ရှိ အဆောက်အဦးများနှင့် နှိုင်းယှဉ်ပါက ထိုအိမ်တော်မှာ သိသိသာသာ ကွဲထွက်နေဆဲ ဖြစ်သည်။

​လင်းကျင်း၏ ဇဝေဇဝါ ဖြစ်နေမှုကို သတိပြုမိပုံရသော ချောင်ဖေးဂုန်းက ရှင်းပြလိုက်သည်။

"ကျုပ်ရဲ့ ဘိုးဘေးတွေ ဒီကျူရိပ်မြို့မှာ အခြေချတုန်းက ဒီနေရာမှာ နေခဲ့ကြတာပါ... ကျုပ်တို့ မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုတွေ စတင် တိုးတက်လာပြီးနောက်မှာ ပတ်ဝန်းကျင်က မြေတွေကို တဖြည်းဖြည်း ဝယ်ယူခဲ့ပြီး ကျုပ်တို့ရဲ့ အိမ်တော်ကို တည်ဆောက်ခဲ့တာပါ၊ ဒီအိမ်အဟောင်းလေးကိုတော့ ကျုပ်တို့နဲ့အတူ ထားရှိခဲ့တာပါ"

အခန်း (၃၅၈) - ဒါက ချောင်မိသားစုရဲ့ ရတနာလား

​အိမ်ဟောင်းလေးတစ်လုံးကို မူလဟန်ပန်မပျက်စေဘဲ ယခုကဲ့သို့ စင်ကြယ်သန့်ရှင်းသော အခြေအနေမျိုးတွင် ရှိနေအောင် ထိန်းသိမ်းရသည်မှာ မလွယ်ကူလှပေ။ ၎င်းမှာ သူတို့၏ ဘိုးဘေးဖြစ်သူ၏ နောက်ဆုံးဆန္ဒဖြစ်သဖြင့် ထိုတောင်းဆိုချက်ကို မဖြစ်မနေ လိုက်နာစောင့်ထိန်းနေကြရခြင်းဖြစ်ကြောင်း ချောင်ဖေးဂုန်းက ဆက်လက်ရှင်းပြသည်။

​အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကိုမူ ချောင်ဖေးဂုန်းလည်း မသိပေ။ မိသားစုဝင်များကတော့ သူတို့၏ ဘိုးဘေးမှာ အောက်မေ့သတိရစရာအဖြစ် ဤအိမ်လေးကို ရှိစေချင်ရုံသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားကြသည်။

​လင်းကျင်းသည် ခြံဝင်းအပြင်ဘက်တွင် ရပ်တန့်လိုက်ပြီး မေးလိုက်သည်။

"ဒါက ခင်ဗျားတို့ မိသားစုရဲ့ တားမြစ်နယ်မြေဖြစ်ပြီး ဘယ်သူမှ ပေါ့ပေါ့ဆဆ ဝင်ခွင့်မရှိဘူးလို့ ကျုပ် ကြားထားတယ်... ကျုပ် အထဲဝင်ရင် အဆင်မပြေ ဖြစ်နေမှာစိုးလို့ပါ"

​ချောင်ဖေးကုန်းက ပြန်ဖြေလိုက်သည်။

"အကဲဖြတ်မှူးလင်း... စိုးရိမ်စရာမလိုပါဘူး... ကျုပ်တို့ဆီမှာ အဲဒီလို စည်းကမ်းရှိတာ မှန်ပေမဲ့ အဲဒါက မိသားစုဝင်တွေကို ထိန်းချုပ်ဖို့ပဲ... ခင်ဗျားက ကျုပ်တို့မိသားစုရဲ့ ဂုဏ်ထူးဆောင်ဧည့်သည်ဖြစ်သလို ကယ်တင်ရှင်လည်း ဖြစ်တာကြောင့် အဆင်ပြေပါတယ်... အခုလို ထူးခြားတဲ့ အခြေအနေမျိုးမှာ ဒီစည်းကမ်းကို လျှော့ပေါ့ပေးဖို့ ကျုပ်တို့ ဆုံးဖြတ်ထားပြီးသားပါ"

​ချောင်ဖေးဂုန်းမှာ ကျိုးကြောင်းဆင်ခြင်တတ်သူ ဖြစ်သည်။ စည်းကမ်းဆိုသည်မှာ စည်းကမ်းပင်ဖြစ်သော်လည်း ၎င်းတို့မှာ အမြဲမှန်နေ၍ မရပေ။ ထို့ပြင် သူကိုယ်တိုင်လည်း ဤဘိုးဘွားပိုင်အိမ်တော်သို့ အကြိမ်ပေါင်းများစွာ လာဖူးသော်လည်း ထူးခြားသောအရာ တစ်ခုမျှ ရှာမတွေ့ခဲ့ဖူးချေ။ ချောင်ဖေးဂုန်းသည် သူတို့၏ မိသားစုရတနာမှာ အလွန်အမင်း ထူးခြားနေလိမ့်မည်ဟုပင် မထင်တော့ပေ။

​သူ့အတွက်မူ လင်းကျင်းကဲ့သို့ အရည်အချင်းရှိသူတစ်ဦးနှင့် မိတ်ဆွေဖြစ်ခွင့်ရခြင်းက ယခုအချိန်တွင် ပို၍အရေးကြီးလှသည်။ ထို့ကြောင့် မိသားစု၏ ရိုးသားမှုကို ပြသရန်အတွက် လင်းကျင်း၏ စပ်စုချင်စိတ်ကို ဖြည့်ဆည်းပေးရန် သူ ဆန္ဒရှိနေခြင်း ဖြစ်သည်။

​အကယ်၍ ဤသို့လုပ်ခြင်းဖြင့် အကဲဖြတ်မှူးလင်းနှင့် မိတ်ဆွေဖြစ်နိုင်မည်ဆိုပါက ရရှိမည့်အကျိုးအမြတ်မှာ ပို၍ပင် တန်ဖိုးရှိပေလိမ့်မည်။ သူတို့၏ လက်တွေ့မကျသော မိသားစုရတနာနှင့် နှိုင်းယှဉ်ပါက ပို၍ပင် တန်ဖိုးရှိလှပေသည်။

​ချောင်ဖေးဂုန်းက ထိုသို့ပြောလာသဖြင့် လင်းကျင်းလည်း ဘာမှ ထပ်မပြောတော့ပေ။

​လင်းကျင်းကို ချောင်ဖေးကုန်းက အထူးခွင့်ပြုချက်ပေးခဲ့သော်လည်း အခြားသူများမှာမူ အတွင်းသို့ ဝင်ရန် မဝံ့ကြချေ။ သူ၏သားဖြစ်သူ၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်နှာထားကို မြင်သောအခါ ချောင်ဖေးဂုန်းက ချောင်ရှင်းကိုပါ အတူဝင်ခွင့်ပြုရန် ဆုံးဖြတ်လိုက်သည်။

​ချောင်ရှင်းမှာ အလွန်ဝမ်းမြောက်သွားခဲ့သည်။ မိသားစု၏ ဘိုးဘွားပိုင်အိမ်တော်သို့ ဝင်ခွင့်ရခြင်းမှာ ဂုဏ်ယူစရာတစ်ခု မဟုတ်ပါလား။ ထို့ပြင် ဤနေရာသို့ ချောင်မိသားစု၏ မျိုးနွယ်စုခေါင်းဆောင်သာ ဝင်ခွင့်ရှိသည်ဟူသော စည်းကမ်းရှိသည်။ သူ၏ဖခင်က သူ့အား အထဲဝင်ခွင့်ပြုခြင်းမှာ သူသည် ဖခင်၏ အရိုက်အရာကို ဆက်ခံမည့်သူဖြစ်ကြောင်း သွယ်ဝိုက်၍ ပြောလိုက်ခြင်းပင် မဟုတ်ပါလား။

​ထို့ကြောင့် ချောင်ဖေးဂုန်းက ချောင်ရှင်းအား တံခါးကို တွန်းဖွင့်စေလိုက်ပြီး သူကမူ လင်းကျင်း၏ဘေးမှ လိုက်ပါရင်း စကားပြောဆိုလာခဲ့သည်။

​"ဟိုးအရင်တုန်းက ကျုပ်တို့ရဲ့ ဘိုးဘေးက သာမန်လူတစ်ယောက်ပဲ ဖြစ်ခဲ့တာ... ဒီရတနာကြောင့် သူက အောင်မြင်မှုတွေ ရရှိခဲ့သလို အဆင့် (၄) သားရဲတစ်ကောင်ကိုတောင် ပိုင်ဆိုင်ခွင့်ရခဲ့တယ်လို့ ဆိုကြတယ်... အဲဒါကပဲ သူ့ကို ချောင်မိသားစုရဲ့ ပထမဆုံး အုတ်မြစ်ကို ချဖို့ စိတ်ဓာတ်ခွန်အားတွေ ပေးခဲ့တာပါ"

ချောင်ဖေးဂုန်းက သူ၏လေသံတွင် ဂုဏ်ယူမှုအချို့ဖြင့် ရှင်းပြသည်။ နောက်ဆုံးတွင် သူတို့ ဘိုးဘေး၏ ဘုန်းကြီးခဲ့သော နေ့ရက်များမှာ ဂုဏ်ယူထိုက်စရာတစ်ခုပင် ဖြစ်သည်။

​"အဖေ... ဒါကို ကျွန်တော် ကြားဖူးပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ မိသားစုရတနာက အဲဒီလောက်အထိ အံ့ဩဖို့ကောင်းတယ်ဆိုရင် ဘာလို့ ဘိုးဘေးနောက်ပိုင်းမှာ ဘယ်သူမှ သူတို့ရဲ့သားရဲတွေကို အဆင့် (၄) အထိ အဆင့်မမြှင့်နိုင်ကြတော့တာလဲ"

ချောင်ရှင်းက မအောင့်နိုင်ဘဲ မေးလိုက်သည်။ ဤမေးခွန်းမှာ သူ၏စိတ်ထဲတွင် ကြာမြင့်စွာကတည်းက ရှိနေပုံရသည်။

​"အင်း..."

ချောင်ဖေးဂုန်းမှာ ဤမေးခွန်းအတွက် အဖြေမရှိချေ။ ချောင်ရှင်းကို ထားလိုက်ပါဦး၊ ချောင်ဖေးဂုန်း ကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။

​၎င်းမှာ သူ၏ဖခင်က သူ့အား ပြောပြခဲ့သည့် အရာပင်ဖြစ်သည်။ ချောင်ဖေးဂုန်း၏ ဖခင်ကိုယ်တိုင်ပင်လျှင် ဤရတနာအတွင်း ကိန်းအောင်းနေသော အမှန်တကယ် လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

​သူတို့မှာ ယင်းနှင့်ပတ်သက်၍ သံသယများ မဝင်ဘဲ မနေနိုင်ကြတော့ပေ။

​မဟုတ်ပါ၊ ယခုအချိန်တွင်မူ သံသယထက်ပင် ပိုနေပြီဖြစ်သည်။ သူတို့၏ ဘိုးဘေးများသည် သူတို့အား အမှန်တရားကို ဘယ်သောအခါမှ ချန်မထားခဲ့ဘဲ အရာအားလုံးမှာ အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်လိမ့်မည်ဟု သူတို့ သေချာနေကြပြီ ဖြစ်သည်။

​သူတို့ဘိုးဘေး အဆင့် (၄) သားရဲ ပိုင်ဆိုင်ခဲ့ခြင်းနှင့် ဤမိသားစုရတနာကြားတွင် တိုက်ရိုက်ဆက်နွှယ်မှု မရှိတာလည်း ဖြစ်နိုင်ပေသည်။

​ထို့ပြင် သူတို့ဘိုးဘေးမှာ သူတို့အတွက် လုံလောက်သော အချက်အလက်များ ချန်မထားခဲ့ချေ။ သူသည် ရတနာကို ဘေးကင်းအောင် ထိန်းသိမ်းရန်နှင့် ဘယ်သောအခါမှ အပျောက်မခံရန်သာ မိသားစုအား တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

​ဤသို့ဖြင့် ချောင်မိသားစုတွင် သုံးဆက်တိုင်တိုင် ကုန်လွန်သွားခဲ့သည်။

​ချောင်ရှင်းမှာ စတုတ္ထမြောက် မျိုးဆက်ပင် ဖြစ်သည်။

​လင်းကျင်းသည် နားထောင်ရင်း မျက်ခုံးပင့်လိုက်မိသည်။ ချောင်မိသားစုမှာ တစ်ချိန်က အဆင့် (၄) သားရဲတစ်ကောင် ပိုင်ဆိုင်ခဲ့ဖူးလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

​၎င်းမှာ သူ မမျှော်လင့်ထားသော အရာပင်ဖြစ်သည်။ သို့သော် စိတ်ထဲမှ တွက်ချက်ကြည့်လိုက်လျှင် ၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ဖြစ်ပေလိမ့်မည်။ ချောင်မိသားစုမှာ ရာစုနှစ်တစ်ခုတိုင်အောင် ဘုန်းမီးနေလ တောက်ပနိုင်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ။ သူတို့၏ ဘိုးဘေးမှာ သေချာပေါက်ပင် အစွမ်းထက်သူတစ်ဦး ဖြစ်ရပေမည်။

​ထိုခေတ်အခါက အဆင့် (၄) သားရဲတစ်ကောင် ပိုင်ဆိုင်ထားခြင်းမှာ ကျောက်စိမ်းနဂါးနိုင်ငံအတွင်း အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်စေပေလိမ့်မည်။

​ဘိုးဘွားပိုင်အိမ်တော်၏ အတွင်းပိုင်းမှာ ရိုးရှင်းလှပြီး ကြမ်းပြင်ကို ရွှံ့မြေဖြင့်သာ ပြုလုပ်ထားသည်။ ဤနေရာရှိ အရာအားလုံးမှာ ဟောင်းနွမ်းနေပြီး အတော်လေး ပျက်စီးနေသော်လည်း နေရာမှာမူ စင်ကြယ်သန့်ရှင်းနေဆဲ ဖြစ်သည်။

​လင်းကျင်းအတွက်မူ ၎င်းမှာ သူ ယခင်က နေထိုင်ခဲ့သည့် နေရာထက်ပင် ပို၍ ဟောင်းနွမ်းပျက်စီးနေသော အိမ်အဟောင်းလေး တစ်လုံးမျှသာ ဖြစ်သည်။

​အိမ်ထဲသို့ ဝင်ပြီးနောက် ချောင်ဖေးဂုန်း၏ လေသံမှာ အနည်းငယ် နိမ့်ကျသွားခဲ့သည်။ သူသည် သူ၏ဘိုးဘေးအပေါ် သိသိသာသာပင် အရိုအသေပေးနေခြင်း ဖြစ်ပြီး ချောင်ရှင်းလည်း ထိုသို့ပင် ပြုမူနေသည်။ အထူးတလည် သတိထားနေသည့်အပြင် ချောင်ရှင်းသည် အဆောက်အဦးအတွင်းသို့ ဝင်ရောက်လာကတည်းက ပတ်ဝန်းကျင်ကို အလွန်ပင် စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်ရှုနေခဲ့သည်။

​ခြံဝင်းမှာ အတော်လေး သေးငယ်ပြီး ရှေ့တွင် အိမ်တစ်လုံးသာ ရှိသည်။ နံရံတွင် လယ်ယာသုံး ကိရိယာများကို ချိတ်ဆွဲထားဆဲဖြစ်ပြီး ကျောက်ကြိတ်ဆုံတစ်ခုကိုပင် သူတို့ မြင်တွေ့လိုက်ရသည်။

​"အကဲဖြတ်မှူးလင်း... ကျုပ်တို့ရဲ့ မိသားစုရတနာကို သွားယူဖို့အတွက် ခဏလောက် စောင့်ပေးပါဦး"

ချောင်ဖေးဂုန်းက အသိပေးပြီး အိမ်ထဲသို့ ဝင်သွားသည်။ ချောင်ရှင်းမှာတော့ စိတ်လှုပ်ရှားနေပုံရသည်။

​မျိုးဆက်ဟောင်းများ၏ တိုက်ရိုက်အဆက်အနွယ်ဖြစ်သော်လည်း သူသည် ထိုရတနာကို သူ၏မျက်စိဖြင့် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ယခုအခါ မြင်တွေ့ခွင့်ရတော့မည်ဖြစ်ရာ သူ ဤမျှအထိ စိတ်လှုပ်ရှားနေခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

​လင်းကျင်းလည်း များများစားစား မတွေးတောမိပေ။ အစပိုင်းတွင် ချောင်ဖေးဂုန်းက အဘယ်ကြောင့် သူစိမ်းတစ်ဦးအား သူတို့၏ မိသားစုရတနာကို ပြသရန် စေတနာထားရသလဲဟု သူ တွေးမိသော်လည်း စကားပြောပြီးနောက်တွင်တော့ ချောင်ဖေးဂုန်းကိုယ်တိုင်လည်း သူတို့၏ မိသားစုရတနာကို ဘာမှမဟုတ်ဟု သတ်မှတ်ထားကြောင်း သူ သိရှိသွားခဲ့သည်။ ယခုအခါ လင်းကျင်းက သူတို့မိသားစုကို ကယ်တင်ခဲ့ပြီဖြစ်ရာ ချောင်ဖေးဂုန်းအနေဖြင့် မိသားစုဝင်များ၏ ကန့်ကွက်မှု မရှိဘဲ ဤရတနာကို ပြသရန် အကြောင်းပြချက် ရှိသွားခြင်းပင် ဖြစ်သည်။

​အိမ်မှာ အလွန်သေးငယ်သဖြင့် ချောင်ဖေးဂုန်းမှာ မကြာမီပင် ပြန်ထွက်လာခဲ့သည်။ သူသည် ကတ္တီပါပိုးထည်ဖြင့် ပတ်ထားသော သေတ္တာတစ်လုံးကို ကိုင်ဆောင်လာခဲ့၏။ အပြင်လူတစ်ဦးသာဆိုလျှင် ၎င်းကို တန်ဖိုးကြီး ကြွေထည်ပစ္စည်းတစ်ခုခုဟု အလွယ်တကူ ထင်မှားနိုင်ပေသည်။

​သို့သော် ချောင်ဖေးဂုန်းက ၎င်းကို ချလိုက်ပြီး ဖွင့်လိုက်သောအခါ သူ ထုတ်ယူလိုက်သည့်အရာမှာ သစ်သားပြားတစ်ခုမျှသာ ဖြစ်သည်။

​ထိုသစ်သားပြား၏ အရည်အသွေးမှာ သာမန်မျှသာ ဖြစ်ပုံရပြီး ၎င်းပေါ်တွင် 'သုံး' ဟူသော စာလုံးကို ထွင်းထုထားသည်။

​"အဖေ... ဒါ... ဒါက ကျွန်တော်တို့ ချောင်မိသားစုရဲ့ ရတနာလား"

ချောင်ရှင်းသည် ထိုရတနာ၏ ရိုးရှင်းလွန်းလှသော ပုံစံကြောင့် သိသိသာသာပင် စိတ်ပျက်သွားခဲ့ရသည်။ သူသည် သူတို့၏ ဘိုးဘွားပိုင် ရတနာမှာ ထူးခြားဆန်းပြားသော အရာတစ်ခု ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ပုံရသော်လည်း ၎င်းမှာ လုံးဝ ထူးခြားမှု မရှိသော သစ်သားပြားတစ်ခုမျှသာ ဖြစ်နေသည် မဟုတ်ပါလား။

​"ဟုတ်တယ်... ဒါက ငါတို့ မိသားစုရဲ့ ရတနာပဲ... ငါတို့ရဲ့ ဘိုးဘေးတွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ အရာပေါ့"

ချောင်ဖေးဂုန်းသည် သူ၏သား ခံစားချက်ကို အပြည့်အဝ နားလည်ပါသည်။

​အမှန်အတိုင်း ပြောရလျှင် သူလည်း ဤရတနာကို ပထမဆုံးအကြိမ် မြင်ဖူးစဉ်က ယခုကဲ့သို့ပင် ခံစားခဲ့ရခြင်း ဖြစ်သည်။

​ထို့ပြင် နှစ်ပေါင်းများစွာ သုတေသနပြုခဲ့ပြီး ရက်အနည်းငယ်လျှင် တစ်ကြိမ် ဤနေရာသို့ လာရောက်ကာ သစ်သားပြားကို ထိတွေ့ခဲ့သော်လည်း ချောင်ဖေးဂုန်းမှာ ဆက်လက် စိတ်ပျက်နေခဲ့ရဆဲ ဖြစ်သည်။

​ဒါက သာမန် သစ်သားပြား တစ်ခုပါပဲ။

​တစ်ကြိမ်ထက်မကလည်း ချောင်ဖေးဂုန်းသည် သူ၏ဖခင်က ရတနာကို မတော်တဆ နေရာလွဲမှားစွာ ထားမိသဖြင့် ယခုအရာဖြင့် အစားထိုးထားသလားဟု တွေးမိခဲ့ဖူးသည်။ သေချာသည်မှာ ထိုအတွေးများကို သူ ထုတ်မပြောဝံ့ခဲ့ပေ။

​ချောင်ဖေးဂုန်းက လင်းကျင်းအား သစ်သားပြားကို ပြသလိုက်စဉ် သူ စကားမပြောရသေးမီမှာပင် လင်းကျင်းသည် သူ၏လက်ထဲရှိ သစ်သားပြားကို ထူးခြားသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို သူ သတိပြုမိလိုက်သည်။

​၎င်းက ချောင်ဖေးဂုန်းအား သူ ပြောမည့်စကားများကို မျိုချသွားစေခဲ့သည်။

​ယင်းအစား သူက မေးလိုက်၏။

"ဘာဖြစ်လို့လဲ အကဲဖြတ်မှူးလင်း"

​လင်းကျင်း တစ်စုံတစ်ခုကို သတိပြုမိသွားကြောင်း သူ ပြောနိုင်သဖြင့် သူ စပ်စုလိုစိတ်ဖြင့် မေးလိုက်ခြင်း ဖြစ်သည်။

​လင်းကျင်းက ပြန်မေးသည်။

"ခေါင်းဆောင်ချောင်... ကျုပ် ဒါကို အနီးကပ် ကြည့်လို့ ရမလား"

​ချောင်ဖေးဂုန်းက သူ၏ တောင်းဆိုချက်ကို ငြင်းပယ်ခြင်း မရှိပေ။ သူ့အတွက်မူ ဤသစ်သားပြားမှာ မည်သည့် အသုံးဝင်မှုမျှ မရှိသလို အကဲဖြတ်မှူးလင်းကဲ့သို့ ကျွမ်းကျင်သူတစ်ဦးမှာ ပိုမို စိတ်ဝင်စားစရာကောင်းသော အနုပညာလက်ရာများကို မြင်တွေ့ဖူးပြီးသား ဖြစ်ရပေမည်။

​ထို့ကြောင့် ချောင်ဖေးဂုန်းက ၎င်းကို လင်းကျင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

​လင်းကျင်းသည် ထိုပစ္စည်းကို လက်ခံလိုက်သည့် ခဏမှာပင် သူ၏ စိတ်ထဲရှိ ထူးဆန်းသော ယူဆချက်မှာ မှန်ကန်ကြောင်း အတည်ပြုလိုက်နိုင်တော့သည်။

​"ဒါဆို... ဒါက အမှန်ပဲပေါ့..."

All Chapters