Chapter 1370 - 1371
Vol. 92 Ch. 1370 - 1371
Chapter 1370 သားရဲတွေက တစ်ကောင်တည်း ကျက်စားတတ်ပင်မယ့် နွားတွေ၊ သိုးတွေကတော့ အုပ်စုလိုက် သွားတတ်တယ်
ကျောက်လင်းရွှမ် အကြီးအကျယ် မျက်နှာပျက်သွားပြီး ဆက်တိုက် ခေါင်းခါယမ်းလာသည်။
“စီနီယာ သူရဲ့ အဓိပ္ပာယ် မရှိတဲ့စကားကို နားထောင်မနေပါနဲ့၊ ကျုပ် ခင်ဗျားကို တကယ် မိစ္ဆာ မျှော်စင်ဆီ ခေါ်သွားဖို့ စဉ်းစားထားတာပါ”
သူ အလွန်အမင်း သွေးပျက်နေလေပြီ။
“မင်း ငါ့ကို အသုံးချနေတာကိုလည်း ငါ စိတ်ထဲမထားဘူး ဒါပေမဲ့ မင်း ငါ့ကို လာမလှည့်စား သင့်ဘူး”
တောင်တစ္ဆေက ခေါင်းခါ၍ လှစ်ခနဲ လှုပ်ရှားလေသည်။
“ရွှစ်”
သွေးများ ပန်းထွက်လာပြီး ကျောက်လင်းရွှမ် မြေကြီးပေါ် လဲကျသွားသလို သူ့ဦးခေါင်း သည်လည်း ပြတ်ကျသွားလေတော့သည်။
*သေသွားပြီ*
*ကျောက်လင်းရွှမ်က ဒီလိုမျိုး သေသွားတာလား*
ချက်ချင်းဆိုသလိုပင် လူတိုင်း မျက်လုံးပြူးသွားပြီး မယုံနိုင်ဟန်များ ပေါ်လာသည်။ ကျောက်လင်းရွှမ်က သူကိုယ်တိုင် ဖိတ်ကြားခဲ့သောသူထံ၌ ပြန်၍ အသတ်ခံရလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ပါ။
မကြာခင်မှာပင် လူတိုင်း လက်ရှိ အဖြစ်မှန်ကို လက်ခံလာကြပြီး သူတို့ရှေ့မှ လူနှစ်ယောက်ကို ကြောက်ရွံ့စွာ ကြည့်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ယခု ကျောက်လင်းရွှမ် သေသွားပြီ ဖြစ်သဖြင့် မကြာခင် သူတို့ အလှည့် ရောက်လာနိုင်ချေ ရှိကြောင်း သိနေသောကြောင့်ပင်။
နတ်ဆိုးဆန်သော လူနှစ်ယောက်နှင့် ရင်ဆိုင်နေရသောကြောင့် သူတို့ ရင်ထဲတွင် ကြောက်စိတ်ကို ခံစားမိနေသည်။
ရဲ့ရှောင်ရှောင် တဆတ်ဆတ် တုန်နေသည်။ သူမထံ၌ ဘာတွေ ဖြစ်ပျက်လာမလဲ ဆိုသည်ကို သူမ ကြိုသိနေပုံရပြီး သူမ အလွန် မိုက်မဲသော အရာတစ်ခုကို လုပ်ခဲ့မိသည်။
မကြာခင်မှာပင် ယဲ့ဖန်က သူမဘက် လှည့်လာပြီး အန္တရာယ်များသော အပြုံးမျိုး ပြုံးလေသည်။
“မင်းလည်း သေတွင်းတူးနေတယ်လို့ ငါ ကြားလိုက်သလားလို့”
ရဲ့ရှောင်ရှောင် မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး ဖြူရော်နေသော မျက်နှာနှင့် တောင်းပန် လေသည်။
“ကျွန်မကို ခွင့်လွှတ်ပေးပါ၊ လူကြီးမင်း ကျွန်မကို အသက်ချမ်းသာပေးပါ၊ ကျွန်မ ရှင့်အကြောင်း မသိခဲ့လို့ လုပ်ခဲ့မိတာပါ၊ ကျေးဇူးပြုပြီး ကျွန်မကို နောက်ထပ် အခွင့်အရေးလေးပဲ ပေးပါ၊ ကျွန်မ ဘာမဆို လုပ်ပါ့မယ်”
“ဘာမဆို လုပ်မယ်ဟုတ်လား”
ယဲ့ဖန် လှောင်ရယ်သံနှင့်အတူ ပြန်မေးလိုက်သည်။
“ဟုတ်ပါတယ် ဘာမဆို လုပ်ပါ့မယ်”
ရဲ့ရှောင်ရှောင်က ချက်ချင်းဆိုသလိုပင် နှစ်လိုဖွယ်ကောင်းသော အပြုံးနှင့် ယဲ့ဖန်ကို မော့ကြည့်ကာ ပါးနပ်စွာ ပြောလိုက်သည်။
“ရှင်သာ ကျွန်မကို မသတ်ဘူးဆိုရင် ကျွန်မ ရှင်ခိုင်းတာ ဘာမဆို လုပ်ပါ့မယ်”
လက်ရှိတွင် သူမသည် မိန်းမသားတစ်ယောက် ဖြစ်သော သူမ၏ အကောင်းဆုံး အားသာချက်ကို ထုတ်သုံးရပေမည်။ လောက၌ ရာဂစိတ်မရှိသော ယောက်ျားဟူ၍ မရှိကြောင်း သူမ ရိပ်မိသည်။
*ဒီလူက မဆိုးပါဘူး၊ သူ့ချစ်သူ မဖြစ်ရတာ တော်တော်ဆိုးတယ်၊ မဟုတ်ရင် ဘယ်သူမှ ငါ့ကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး*
ထိုစဉ် ယဲ့ဖန်က သူမ၏ မေးကို မော့စေပြီး မချိုမချဉ် ကြည့်လေသည်။ ဤသည်ကိုမြင်သော ရဲ့ဝူထျန်းနှင့် အခြားသူများ ဝမ်းသာသွားကြသည်။
ရဲ့ရှောင်ရှောင်ကလည်း ရှက်ကိုးရှက်ကန်း ဖြစ်သော မျက်နှာထားမျိုး ဟန်ဆောင်လိုက်ပြီး သူ့ကို ငြင်းရခက်နေသော အမူအရာမျိုး လုပ်နေလေသည်။ သို့သော် ထိုအချိန်၌ ယဲ့ဖန်က ဤသို့ ပြောလိုက်သည်။
“ငါ လိုချင်တာ မင်းအသက်ဆိုရင်ရော”
ချက်ချင်းဆိုသလိုပင် ရဲ့ရှောင်ရှောင်၏ အမူအရာ အေးစက်တောင့်တင်းသွားသည်။
“ဖြောင်း”
ထို့နောက်တွင်မူ ပြင်းထန်သော လက်ဝါးက ရဲ့ရှောင်ရှောင်၏ မျက်နှာပေါ် ကျရောက်လာပြီး သူမ မြေကြီးပေါ် မှောက်လျက် လဲလုနီးပါး ဖြစ်သွားရသည်။ သူမ မျက်နှာတစ်ခုလုံး ရောင်ကိုင်းကာ ပြာနှမ်းလာ၏။ ယဲ့ဖန်၏ ရိုက်ချက်က သနားညှာတာမှု မရှိပေ။
ဤသည်ကိုမြင်သော် ရဲ့ဝူထျန်းနှင့် အခြားသူများ အံ့ဩသွားကြသည်။
*ဒါကြီးက ရက်စက်လွန်းတယ်၊ မိန်းကလေးတစ်ယောက်အပေါ် ဘယ်လိုတောင် ရက်စက်နိုင် ရတာလဲ*
ရဲ့ရှောင်ရှောင်၏ မျက်နှာလေးက သွေးမရှိသကဲ့သို့ ဖြူရော်လာပြီး ဆက်တိုက် မျက်ရည် ကျဆင်းလာသည်။ သူမ အလွန်အမင်း ကြောက်လန့်သွားလေပြီ။
သူမ ကလေးဘဝကတည်းက မည်သည့် ယောက်ျားသားထံမှ ဤသို့ ဆက်ဆံမခံရဖူးပါ။ သူမရှေ့မှ ဤလူက လုံးဝ ယောက်ျားမဟုတ်ပေ။
“မင်းရုပ်က ဒီလောက်ဆိုးတာ၊ ငါ့ကို ဖြားယောင်းဖို့ ကြိုးစားရဲတယ်ပေါ့လေ၊ မင်းကို ဘယ်သူက အဲ့သတ္တိ ပေးလိုက်တာလဲ”
ယဲ့ဖန်က အထင်သေးစွာ ပြုံးလိုက်သည်။
*ရုပ်ဆိုးတယ် ဟုတ်လား*
ရဲ့ရှောင်ရှောင် သူမ နားကြားမှားလေသလားဟု ခံစားလိုက်မိသည်။ သူမကို ပိုးပမ်းသူများအား တန်းစီခိုင်းလိုက်လျင် ရှုကျိုးအရှေ့ဘက်မှ အနောက်ဘက်အရပ်ထိ ရောက်နိုင်သည်။ သို့သော် ယဲ့ဖန်က သူမကို ရုပ်ဆိုးသည်ဟု ပြောနေသည်တဲ့လား။
ရဲ့ဝူထျန်းနှင့် အခြားသူများလည်း ကြက်သေ သေသွားကြသည်။ ဤလူက ရင်ဆိုင်ရ ခက်လွန်းလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ ရဲ့ရှောင်ရှောင်ကဲ့သို့ မိန်းမလှလေးကတောင်မှ သူ့ကို မစိုးမိုးနိုင်ချေ။
“ဒုန်း”
ထိုသို့သောအချိန်၌ ရဲ့ဝူထျန်းက ယဲ့ဖန်ရှေ့နားသို့ အလျင်အမြန် ဒူးထောက်လာပြီး အသနားခံ လေသည်။
“ကျေးဇူးပြုပြီး ကျုပ်ညီမကို အသက်ချမ်းသာပေးပါ”
“ဘာလို့လဲ”
ယဲ့ဖန် ရယ်လေသည်။
*မင်းကများ သူ့ကို အသက်ချမ်းသာပေးဖို့ တောင်းဆိုနေသေးတာလား၊ တော်တော် အရှက်မဲ့ တာပဲ*
“ကျုပ် …”
ရဲ့ဝူထျန်း၏ အမူအရာက တောင့်တင်းသွားသည်။ သူ့၌ မည်သည့် အရည်အချင်းရှိ၍ တစ်ဖက် လူအား တစ်ခုခု လုပ်ပေးရန် တောင်းဆိုဝံ့ရသနည်း။
ချက်ချင်းဆိုသလိုပင် သူ ပြန်ပြောလိုက်သည်။
“ကျုပ် လျော်ကြေးအနေနဲ့ ကျုပ်ရဲ့ဆေးကို ပေးပါ့မယ်”
“ဘာဆေးလဲ”
“ဂျင်ဆင်းဘုရင်ပါ”
“ဪ”
ယဲ့ဖန်လည်း စိတ်ဝင်စားသွားသည်။ ယင်းသည် ဆေးကောင်းတစ်ခုပင်။ ယင်းက တစ်မူ ထူးခြားသော ဆေးပင်များကို သန့်စင်နိုင်သဖြင့် သူ့အတွက် အလွန် အသုံးတည့်ပေသည်။ သို့သော် ယဲ့ဖန်က သရော်ပြုံးနှင့် ပြောလိုက်သည်။
“ငါ မင်းတို့အားလုံးကို သတ်ပြီး မင်းလက်ထဲက ဂျင်ဆင်းဘုရင်ကို လုယူလိုက်ရင်ရော”
ရဲ့ဝူထျန်းနှင့် အခြားသူများ ထိတ်လန့်သွားသည်။ ရဲ့ရှောင်ရှောင်နှင့် အခြားသူများမှာမူ ထိုစကားကို ကြားသည်နှင့် ငိုယိုလေတော့သည်။
“လူကြီးမင်းက ခွန်အားလည်း သန်မာတယ်၊ လောကထဲမှာလည်း ပြိုင်ဘက်ကင်းတဲ့ ပုဂ္ဂိုလ် ဖြစ်မှာပါ၊ အဲ့တော့ ခင်ဗျားက ဒီလို ယုတ်ညံ့တဲ့ အရာမျိုးကို ရွံရှာလိမ့်မယ်လို့ ကျုပ် ယုံကြည် ပါတယ်”
ရဲ့ဝူထျန်းက ယုတ္တိရှိသော စကားမျိုး ပြောကာ ယဲ့ဖန်အား ငြင်းရခက်အောင် လုပ်လိုက် လေသည်။
“ဟားဟား”
ယဲ့ဖန် လှောင်ရယ်လိုက်သည်။ တစ်ဖက်လူ၏ အကြံကို သူ မည်သို့ မသိဘဲ နေမည်နည်း။ သို့သော် သူသည် ဂျင်ဆင်းဘုရင်ကို ရပြီးသည်နှင့် ဤလူများကို အဖက်လုပ်ချင်စိတ် မရှိပါ။
“ဆေးပင်ကို ပေးပြီးရင် မင်းတို့ သွားလို့ရပြီ”
ယဲ့ဖန် ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့”
ရဲ့ဝူထျန်းသည် ဆေးကို ရိုကျိုးစွာ ပေးလိုက်ပြီးနောက် သူ့ညီမနှင့်အတူ ဤနေရာမှ ထွက်သွား လေသည်။ သို့သော် သူ ထွက်သွားချိန်တွင် ရဲ့ရှောင်ရှောင်၏ မျက်လုံး၌ မလိုတမာ အကြည့် ဖြတ်ပြေးသွားသည်။
သူမ ဒေါသ တရိပ်ရိပ် တိုးပွားလာသည်ကို ခံစားမိနေပြီး ယဲ့ဖန်အား နုတ်နုတ်စင်း၍ ခွေးစာ ကျွေးပစ်ချင်နေသည်။ သူမ ကလေးဘဝကတည်းက ကောင်းကင်မှ ကြယ်လေးသဖွယ် ယုယခံရပြီး မည်သူမှ သူ့ကို ဤသို့ မဆက်ဆံရဲကြပါ။
ယဲ့ဖန်က ပထမဆုံးပင်။ သို့သော် ယခုက လက်စားချေရန် ကောင်းမွန်သော အချိန်အခါ မဟုတ်မှန်း သူမ သိသည်။ တစ်ဖက်လူက သူမတို့ထက် ပိုသန်မာနေသည် မဟုတ်ပါလော။ သူသာ သူမတို့ကို တကယ် သတ်ချင်လျင် သူမတို့ တားဆီးနိုင်ပါ့မလား။
ယဲ့ဖန်သာ ဒေါသထွက်နေလျင် သူတို့ ဤမြို့ငယ်လေးမှ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပါ။ လက်ရှိတွင် သူမ သည်းခံနေရပေမည်။
သူတို့ ထွက်သွားသည်နှင် ယဲ့ဖန်က တောင်တစ္ဆေထံ လျှောက်သွားပြီး အပြုံးနှင့် ပြောလိုက်သည်။
“မင်း ငါ့နောက် လိုက်ခဲ့မလား၊ ငါ ရှင်းစရာ ကိစ္စတွေ ရှင်းပြီးရင် မင်းကို မိစ္ဆာမျှော်စင်ဆီ ခေါ်သွားမယ်၊ ငါ မိတ်ဆွေဟောင်းကြီးနဲ့ တွေ့ဖို့ အဲ့ကို သွားမလို့ပဲ”
တောင်တစ္ဆေသည် တစ်ခဏမျှ စဉ်းစားနေပြီးနောက် ခေါင်းညိတ်လိုက်သည်။
“အင်း”
ယဲ့ဖန်က သူ့ကို မလှည့်စားနိုင်လောက်ဟု တောင်တစ္ဆေ ခံစားမိ၍ ဖြစ်ပေသည်။ သူတို့ နှစ်ယောက် အတူတူ လျှောက်လာပြီးနောက် မကြာခင်မှာပင် ဖုန်းချီတောင်သို့ ရောက်လာ ကြသည်။ သို့သော် ဖုန်းချီတောင်၌ လူအုပ်ကြီးဖြင့် ပြည့်ကျပ်နေပြီး သိုင်းပညာရှင်များစွာ စုဝေးနေ၏။
တောင်က ကြီးမားကျယ်ပြန့်သော်လည်း ထောင်ချီသော လူများက တောင်ပေါ်၌ နေရာယူ ထားကြသည်။ တောင်ထိပ်မှ တောင်ခြေအထိ နေရာတိုင်း၌ လူများစွာ ရှိနေသည်။
“အဲ့ဒါ တောင်တစ္ဆေ မဟုတ်လား၊ သူလည်း ဒီလာတာပဲလား”
ထိုစဉ် လူတစ်ယောက်က တောင်တစ္ဆေကို မှတ်မိသွားပြီး အလန့်တကြား ထအော်လေသည်။ ထို့နောက်တွင်မူ လူတစ်စုက တောင်တစ္ဆေအတွက် လမ်းဖယ်ပေးကြသည်။ ဤသို့ ရက်စက် တတ်သောလူက သူတို့ ရန်စ၍ ကောင်းသူ မဟုတ်ပေ။
ယဲ့ဖန်သည် တောင်ထိပ်ပေါ်သို့ တောင်တစ္ဆေ၏ မျက်နှာသာရမှုနှင့်အတူ ရောက်ရှိသွားပြီး ဦးဆောင်သူကို တွေ့လိုက်ရသည်။ ထိုသူမှာ တုန်းချမ်ချိုး ဖြစ်လေသည်။
သူသည် မိစ္ဆာမျှော်စင်မှ လွတ်မြောက်လာသည့် တစ်ဦးတည်းသော သူတော်စင်သခင်အဆင့် ဖြစ်သည်။ ယဲ့မိသားစု ဒုတိယဘိုးဘေးတောင်မှ သူ့အား မိစ္ဆာမျှော်စင်သို့ ပြန်ဖမ်းမခေါ်နိုင်ခဲ့ပေ။
“ဒီနေ့ ရှုကျိုးမှာ လူတွေ သေကြေပျက်စီးပြီး ဒုက္ခခံနေရတယ်၊ ဒါပေမဲ့ အင်ပါယာကတော့ ငါတို့ သေခြင်းရှင်ခြင်းကို မသိချင်ယောင်ဆောင်နေတယ်၊ ငါတို့ ချစ်ရသူတွေ ရက်ရက်စက်စက် အသတ်ခံခဲ့ရတာ၊ ငါတို့ကို အတင်းအဓမ္မ ဖိနှိပ်ဖို့ ကြိုးစားတယ်၊ ငါတို့ မသေချင်ရင် ရှုကျိုးမှ ထွက်ပြေးမှရမယ်၊ ပြီးတော့ ငါတို့က လမ်းပျောက်နေတယ် ခွေးလို ယောင်လည်လည် ဖြစ်နေမှာပဲ၊ ဒါ အခုလက်ရှိ ငါတို့ အခြေအနေပဲ”
တုန်းချမ်ချိုးက လူအုပ်ကြားထဲ၌ မာန်ပါပါဖြင့် ခပ်ကျယ်ကျယ် မိန့်ခွန်း ပြောနေသည်။ သူ့စကားကို ကြားသောအခါ လူတိုင်း ဝမ်းနည်းကာ ဒေါသထွက်လာပြီး အင်ပါယာ၏ ရက်စက်မှုကို မုန်းတီး လာကြသည်။
“ဒါပေမဲ့ ဒါက ငါတို့ တကယ် ရင်ဆိုင်ရမယ့် အဆုံးသတ် ဖြစ်သင့်ရဲ့လား၊ မဟုတ်ဘူး၊ ငါတို့ အသတ်မခံချင်ဘူး၊ ဒါ ငါတို့နယ်မြေ၊ ငါတို့ ဒီမြေနဲ့ ငါတို့ မိသားစုကို ခုခံပါ့မယ်လို့ ကျိန်ဆို ထားတာ”
တုန်းချမ်ချိုးက သူ့လှံကို မြှောက်၍ အော်ဟစ်လိုက်သည်။
“ရှုကျိုးက အဆုံးအထိ တိုက်ခိုက်မယ်ဟေ့”
“အဆုံးထိ တိုက်ခိုက်မယ်ဟေ့”
လူတိုင်း ဒေါသထွက်နေသော မျက်နှာနှင့် သံပြိုင်ဟစ်ကြွေးကြသည်။
“ဒါက ဘာလဲ”
တောင်တစ္ဆေ ဇဝေဇဝါဖြင့် မေးလိုက်မိသည်။ သူ လောကအကြောင်း များများစားစား မသိပေ။ သူသည် ဤသို့သော တွေ့ဆုံပွဲများနှင့် ခေါင်းဆောင်များ၏ ပြောဆိုဟန်ကို နားမလည်ပါ။
“လူလိမ်တစ်ယောက်နဲ့ အရူးတစ်သိုက်လေ”
ယဲ့ဖန်က အထင်သေးစွာ ပြုံးလာသည်။ တစ်ဖက်လူက မာန်ပါပါ ပြောနေသော်လည်း ယဲ့ဖန်၏ မျက်လုံးထဲတွင် လူပြိန်းများဟုသာ မြင်နေသည်။
ဘုရင်အဆင့်လူက အယောက် နှစ်ဆယ်၊ သုံးဆယ်မျှသာ ရှိပြီး ရာဂဏန်းလောက်ကသာ နဂါးအသွင်ပြောင်းခြင်းအဆင့် ဖြစ်လေသည်။
ဤလူများက လေ့ယန် မြက်ခင်းလွင်ပြင်ဒေသ၏ အတော်ဆုံး သံမဏိ စစ်တပ်ကို ခုခံ ချင်သည်က ဟာသတစ်ပုဒ်လိုပင်။
“ဘာလို့ ဒီလူတွေက အဲ့လူစကားကို နားထောင်တာလဲ”
တောင်တစ္ဆေ ဆက်မေးလာသည်။
“အဲ့လူကို ခေါင်းဆောင်လို့ ခေါ်တယ်၊ အဲ့လူက ဒီလူတွေကို ဦးနှောက်ဆေးပြီး ခွေးလိုဝက်လို ကျွန်ပြုနေတာလေ၊ ဒီလူတွေကတော့ မျှော်လင့်ချက် မဲ့နေတဲ့အရှုံးသမားတွေပေါ့၊ သူတို့ ဒီလမ်းကြောင်းကို လိုက်တာက နည်းနည်းတော့ လုံခြုံတယ်လို့ ခံစားရလို့လေ”
ယဲ့ဖန်က ကြမ်းကြုတ်စွာ ဝေဖန်ပိုင်းခြားပြသည်။ ထို့နောက် ယဲ့ဖန်က သရော်သံနှင့်အတူ ပြောလိုက်သည်။
“သားရဲတွေက တစ်ကောင်တည်း ကျက်စားတတ်ပင်မယ့် နွားတွေ၊ သိုးတွေကတော့ အုပ်စုလိုက် သွားတတ်တယ်”
တောင်တစ္ဆေသည် ယဲ့ဖန်၏ စကားကို သေချာ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဟေ့ကောင် မင်း ဘာမဟုတ်တမ်းတရားတွေ ပြောနေတာလဲ”
ချက်ချင်းဆိုသလိုပင် လူတစ်စုက ယဲ့ဖန်အား သုန်မှုန်သော မျက်နှာများနှင့် ကြည့်လာကြသည်။ သူတို့ပုံစံက ဓားထိုးခံလိုက်ရသလိုပင်။
ယဲ့ဖန်က ပြုံးရုံသာပြုံး၍ ဘာမှဆက်မပြောပေ။ ဤလူများသည် တောင်တစ္ဆေကို ကြောက်ရွံ့၍ သူတို့စိတ်ထဲမှ ဒေါသကို မျိုသိပ်လိုက်ပြီး ယဲ့ဖန်ကို ပြဿနာ မရှာတော့ပေ။
ထိုအခိုက်တွင် တုန်းချမ်ချိုးက ယဲ့ဖန်ကို ရည်ရွယ်သလိုလို မရည်ရွယ်သလိုလိုဟန်ဖြင့် ကြည့်လာပြီး သူ့မျက်လုံး၏ ထောင့်တစ်နေရာ၌ ခက်ထန်မှုများ ပေါ်လွင်နေသည်။
သူတော်စင်သခင်အဆင့် ဖြစ်သောကြောင့် ယဲ့ဖန်၏ စကားကို သူ အဝေးမှ ကြားနိုင်ပါသည်။ ထို့ကြောင့် သူ့စိတ်ထဲ၌ ဒေါသစိတ်များ ပြည့်နှက်လာ၏။
ထိုစဉ် ရဲ့မောင်နှမကလည်း တောင်ပေါ်သို့ တက်လာသည်။ သူတို့ဘေး၌ ဝတ်ကောင်းစားလှ ဝတ်စားထားပြီး ငွေရောင်ဆံပင်ရှည်နှင့် ချောမောသော လူငယ်တစ်ယောက်လည်း ပါလာသည်။
သို့သော် သူ့မျက်နှာ၌ မောက်မာဟန် ပေါ်လွင်နေပြီး အရာအားလုံးကို မတူမတန်သလို ပြုမူနေသည်။ သူသည် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး သူ့အရှိန်အဝါက ပြင်းထန်လွန်း သဖြင့် သူ့ကို မြင်သူတိုင်း နောက်ဆုတ်သွားကြသည်။
“အဲ့လူက ဘယ်သူလဲ”
“မင်းက တုံးလှချည်လား တုန်းချမ်ချိုးရဲ့ တပည့် သခင်လေး နဉ်ကိုတောင် မသိဘူးလား”
ထိုသို့သောအချိန်၌ ရဲ့ရှောင်ရှောင်က ယဲ့ဖန်ကို မြင်သွားပြီး ကောက်ကျစ်သော အပြုံးပြုံးကာ သခင်လေးနဉ်၏ နားနားကပ်၍ တီးတိုး ပြောလေသည်။
သခင်လေးနဉ်က ယဲ့ဖန်ကို မကြည်ကြည့်ဖြင့် ကြည့်လာ၏။ တစ်ချိန်တည်းမှာပင် ရဲ့ရှောင်ရှောင်က သခင်လေးနဉ်၏ ကိုယ်ထဲ ပစ်ဝင်မတတ် ဖြစ်နေသည်ကို ယဲ့ဖန် သတိပြု မိသွားသည်။ ထို့နောက် သူ သရော်လိုက်လေသည်။
*ဒီမိန်းမက အစွမ်းအစတော့ ရှိသားပဲ၊ နေ့တစ်ဝက်တွင်း အကူအညီပေးမယ့်လူကို မြန်မြန် ရှာနိုင်တယ်*
“ငါ မင်းကို အမှန်တရားတစ်ခုကို ပြောရဦးမယ်၊ သိပ်စိတ်ထား မနူးညံ့တဲ့ ပေါင်းပင်ကို ရှင်းရမယ့် အချိန်ရောက်ရင် ပေါင်းပင်ကို ရှင်းမှကို ရမယ်”
ယဲ့ဖန်က တောင်တစ္ဆေအား ဆရာတစ်ယောက်သဖွယ် သင်ပြနေသည်။ တောင်တစ္ဆေက ခေါင်းညိတ်မြဲ ညိတ်နေ၏။ သခင်လေးနဉ်နှင့် အခြားသူများက မကောင်းသော မျက်နှာထားနျင့် လျှောက်လာနေသည်ကို သူလည်း သတိထားမိသည်။
သခင်လေးနဉ်သည် ယဲ့ဖန်နား ရောက်လာသည်နှင့် အပိုစကား မပြောဘဲ ချက်ချင်း အထက်စီးဆန်စွာ ပြောလာ၏။
“ဒူးထောက်စမ်း”
Chapter 1371 ရှေ့တိုးမလာဖို့ သတိပေးလိုက်မယ်
“ဒူးထောက်စမ်း”
သခင်လေးနဉ်၏ ပါးစပ်မှ အထက်စီးဆန်သော စကားထွက်လာသောအခါ ဘေးလူများ၏ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားပြီး လူတော်တော်များက သူတို့ဘက်သို့ သံသယ မကင်းသော အကြည့်များဖြင့် ကြည့်လာကြသည်။
ဤသခင်လေးက မည်သူက မပျော်မရွှင်ဖြစ်အောင် လုပ်သလဲ သိချင်နေကြပုံ ပေါ်သည်။ သူ့အနောက်၌ ပုန်းနေသော ရဲ့ရှောင်ရှောင်သည်လည်း စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ယင်နေ လေသည်။ သူမ လက်စားပြန်ချေနိုင်ပေတော့မည်။
*အနည်းဆုံးတော့ ဒီမျိုးမစစ်ကောင် သေကိုသေရမယ်*
*ဘုရင်အဆင့် ဖြစ်တော့ရော ဘာဖြစ်လဲ ဒီသခင်လေးနဉ်ရဲ့ ဆရာက သူတော်စင်သခင် အဆင့်လေ*
သူတော်စင်သခင်အဆင့်က ယဲ့ဖန်နှင့် တောင်တစ္ဆေအား တစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်သည်။ ထို့ကြောင့် သူမ၏ ရန်လိုမှုကို ဖုံးကွယ်ထားရန် မလိုတော့ပေ။
သခင်လေးနဉ်ကလည်း သူမကို ဘာအကြောင်းပြချက်မှ မရှိဘဲ ကူညီမည် မဟုတ်ပါ။ အပေးအယူ တစ်ခုအနေနှင့် သခင်လေးနဉ်အား မည်သည့် အကာအကွယ်နှင့် ဆေးဝါးများမပါဘဲ သူမကို တစ်နှစ်ပတ်လုံး အသုံးချ ပျော်ပါးနိုင်စေမည်ဟု ပြောခဲ့သည်။
မိန်းမလှလေးတစ်ယောက်နှင့် အလကား အတူနေ၍ တာဝန်မယူရန် မလိုခြင်းက သခင်လေးနဉ် ကဲ့သို့ လောကအကြောင်း မသိသေးသော လူငယ်တစ်ယောက်အတွက် ပျော်ပျော်ကြီး လက်ခံ စေသည့် အချက်ပင်။
ထို့ကြောင့် သူ ရှေ့တက်လာပြီး ယဲ့ဖန်အား မကျေမနပ် ပြောဆိုခြင်း ဖြစ်သည်။ သူ ယဲ့ဖန်ကို အရှက်ရစေချင်မှန်း သိသာလှသည်။ ဒူးထောက်လျင် အရှက်ကွဲရမည်။ ဒူးမထောက်လျင် အသက် ဆုံးရှုံးရပေမည်။
*ဒီကောင်လေးတော့ ကံဆိုးပြီပဲ*
“မင်း ငါ့ကို ပြောနေတာလား”
ယဲ့ဖန်က သခင်လေးနဉ်ကို ကြည့်၍ အပြုံးတစ်ဝက်နှင့် မေးလိုက်သည်။ မည်သူပင်ဖြစ်စေ တစ်စုံတစ်ယောက်က အနားလာပြီး ချက်ချင်း ဒူးထောက်ခိုင်းလျင် စိတ်အခြေအနေ ကောင်းမည် မဟုတ်ပါ။
နတ်ဆိုးဧကရာဇ်ဖြစ်သော ယဲ့ဖန်သည်လည်း ထိုနည်းတူပင်။
“ဟုတ်တယ် ငါ မင်းကို ပြောနေတာ ခွေးမသား”
သခင်လေးနဉ်က ရယ်မောလိုက်ပြီး သူ့စကားထဲတွင် မောက်မာ၍ အထင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
ယဲ့ဖန်၏ မျက်လုံးများက အေးစက်သွားပြီး လက်ရှိတွင် သူ ဒေါသူပုန်ထသွားလေသည်။ ထို့နောက်တွင်မူ သခင်လေးနဉ်သည်လည်း မျက်နှာ မည်းမှောင်လာပြီး အေးစက်စွာ ပြောလာ၏။
“ငါ့မိန်းမကို စိတ်ဆိုးအောင် လုပ်ရဲမှတော့ မင်းမှာ အသက် ကိုးချောင်းရှိရင်တောင် အသတ်ခံရဖို့ မလုံလောက်ဘူးကွ”
“ဪ”
ယဲ့ဖန် ရဲ့ရှောင်ရှောင်ကို အပြုံးတစ်ဝက်နှင့် ကြည့်လိုက်သည်။
“ငါ စိတ်မပျော့ခဲ့သင့်ဘူး ဟုတ်တယ်မလား”
ရဲ့ရှောင်ရှောင် ရုတ်တရက် ထိတ်လန့်သွားပြီးနောက် မျက်နှာတွင် မကျေနပ်ဟန်များ ပေါ်လာပြီး အမြီးတက်နင်းခံလိုက်ရသော ကြောင်တစ်ကောင်သဖွယ် အမွေးဖွား၍ ရန်တွေ့လေတော့သည်။
“ဟဲ့ကောင် နင် ငါ့ကို ပါးချပြီးတာနဲ့ လွယ်လွယ်သွားနိုင်မယ်လို့ ထင်နေတာလား၊ အဲ့လောက် ဘယ်လွယ်မလဲ”
ရဲ့ရှောင်ရှောင်က ဒေါသတကြီး ဆက်ပြောလေသည်။
“ဒီနေ့ နင် ငါ့ကို ပြန်ပေးဆပ်ရမယ်”
ယဲ့ဖန် ပြန်ပေးကိုပေးဆပ်ရပေမည်။ သူမဟူသော ရဲ့ရှောင်ရှောင်က ရိုးသားဖြောင့်မတ်သူ မဟုတ်ပါ။ သူမသည် ကလေးဘဝကတည်းက သူတစ်ပါးကို အနိုင်ကျင့်တတ်ပြီး ယခုထိလည်း အတူတူပင်။
သူမက အခြားသူများကို အနိုင်ကျင့်ပါမှ အခြားသူများက သူမကို လာအနိုင်ကျင့်နိုင်တော့မှာ ဖြစ်သည်။
“ပြဿနာက ပြီးသွားပြီ ဒါပေမဲ့ ငါ မင်းကို သေမယ့်နည်းလမ်းတော့ ပေးနိုင်တယ်၊ ရွေးလိုက်”
ယဲ့ဖန် မျက်မှောင်ကြုတ်နေပြီး လည်ဆံမွေးထောင်၍ မာန်ဖီနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ကြောက်စရာ မျက်နှာထားနှင့် ကြည့်နေသည်။
“နင်”
ရဲ့ရှောင်ရှောင် သူ့ကို မယုံသင်္ကာ ကြည့်လိုက်မိသည်။ လက်ရှိအခြေအနေ၌ တစ်ဖက်လူက ရဲတင်းလွန်းရဲလိမ့်မည်ဟု သူမ ထင်မထားမိပါ။
သူ့စကားကိုကြားသော် သခင်လေးနဉ် ချက်ချင်း ဒေါသထွက်သွားသည်။
*သူကများ ငါ့ရှေ့မှာ ငါ့မိန်းမကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ*
*ဒီကောင် တော်တော် အတင့်ရဲတာပဲ*
“မင်းက တမင်သက်သက် သေလမ်းရှာနေတဲ့ပုံပဲ”
သူသည် ယဲ့ဖန်အား အထင်သေးစွာ ကြည့်နေပြီး အသံက အလွန်အမင်း အေးစက်နေ၏။
“မင်း ပြောချင်တာက ခုခံတာက သေလမ်းရှာတာပေါ့၊ ဒါဆို ငါက မင်းဆီက သရော်တာခံပြီး အနိုင်ကျင့် ခံရမယ်ပေါ့လေ ဟုတ်လား”
ယဲ့ဖန်က သရော်၍ ပြန်မေးလိုက်သည်။
“ဒီသခင်လေးက မင်းကို အနိုင်ကျင့်တာကို ဂုဏ်ယူစရာလို့ မှတ်ပြီး ပျော်နေသင့်တာကွ”
သခင်လေးနဉ်က ခေါင်းမော့၍ အလွန် ဂုဏ်ယူနေလေသည်။ သူ့မျက်လုံးထဲတွင် လူတိုင်းကို ပုရွက်ဆိတ်သဖွယ် သေးနုတ်လွန်းသည်ဟု ထင်နေသည်။ ထို့နောက်တွင်မူ သူ မောက်မာစွာ ပြုံး၍ ပြောလိုက်သည်။
“မင်း ဉာဏ်ကောင်းတယ်ဆိုရင် လိမ်လိမ်မာမာနဲ့ ငါ နင်းချေတာကို ခံသင့်တယ်၊ မင်း ခုခံမယ် ဆိုရင်တော့ ဒီသခင်လေးက မင်းကို သေတာထက်ဆိုးအောင် လုပ်ပစ်လိုက်မယ်”
တပည့်ဖြစ်သူ၏ အသံကို ကြားလိုက်ရသောကြောင့် တုန်းချမ်ချိုးက အသံလာရာသို့ တစ်ချက် လှမ်းကြည့်လေသည်။ ထို့နောက် ဘာခံစားချက်မှ မပြဘဲ မမြင်ချင်ယောင်ဆောင်သွားသည်။ သူသည်လည်း ရိုင်းပျသည့် ယဲ့ဖန်ကို သင်ခန်းစာပေးချင်နေသည့်ပုံပေါ်သည်။
“ဟားဟား”
ယဲ့ဖန် လှောင်ရယ်၍ ပြန်ပြောလိုက်သည်။
“မင်း ပြောသလိုဆို မင်းကို သတ်တာကလည်း ငါ့အတွက် ဝမ်းသာစရာပဲပေါ့”
*ဟမ်*
ထိုစကားကို ကြားသော် သခင်လေးနဉ် တစ်ခဏမျှ အံ့ဩသွားပြီးနောက် ဟားတိုက် ရယ်မော လေသည်။
“ငါ့ကိုသတ်မယ် ဟုတ်လား၊ မင်း ငါ့ကို သတ်ချင်တယ်လို့ တကယ် ပြောလိုက်တာလား၊ မင်းလို မျိုးမစစ်ကောင်ကလေ”
*ငါက ဘယ်သူလဲ၊ သခင်လေးနဉ်လေ*
တုန်းချမ်ချိုး၏ တစ်ဦးတည်းသော တပည့်ရင်း၊ တုန်းချမ်ချိုး၏ ဆက်ခံသူဟု ကျော်ကြားသူ ဖြစ်ပြီး အသက် နှစ်ဆယ့်နှစ်နှစ်နှင့် ဘုရင်အဆင့်သို့ ရောက်နေသည့် ပါရမီရှင်များထဲမှ ပါရမီရှင် ဖြစ်လေသည်။
သို့သော် ဘယ်ကလာမှန်း မသိသည့် ယဲ့ဖန်က သူ့ကို ရန်စရဲသည်တဲ့လား။
“နင့်လို သုံးစားမရတဲ့ အမှိုက်ကောင်က သခင်လေးနဉ်ကို ယှဉ်နိုင်မယ်များ ထင်နေလား”
ရဲ့ရှောင်ရှောင်က ဝင်မလှောင်ဘဲ မနေနိုင်တော့သလို သူမမျက်နှာ၌ အားရဟန်များ တဖွားဖွား ပေါ်ပေါက်နေသည်။ သူမ အပျော်လွန်နေ၏။
*ဒီကောင်က သခင်လေးနဉ်ကို ဒီလိုမျိုး အပြစ်လုပ်မှတော့ သူ သေချာပေါက် သေရမှာ သေချာတယ်*
သခင်လေးနဉ်က ယဲ့ဖန်ကို သတ်နိုင်ပါစေဟု သူမ ဆုတောင်းနေမိသည်။ ယဲ့ဖန်သည် မောက်မာလွန်းသည်။ ဤနေရာက သခင်လေးနဉ်၏ နယ်မြေ ဖြစ်သည်။ ဤနေရာ၌ သူ့ဆရာ၏ လက်အောက်ခံတိုင်း ရောက်နေကြသည်။ သူတို့ ဆရာတပည့် နှစ်ယောက်၏ အမိန့်ကို နာခံသော သိုင်းပညာရှင်များ ထောင်ချီ၍ ရှိနေ၏။
ယဲ့ဖန်ဘေး၌ တောင်တစ္ဆေ ရှိနေလျင်တောင်မှ ဘာမှပြောင်းလဲသွားမည် မဟုတ်ပါ။ ယနေ့ သူတို့ နှစ်ယောက်လုံး ဖုန်းချီတောင်၌ အသတ်ခံရပေလိမ့်မည်။
*ဟီးဟီး ဒါ ငါ့ကို ရန်စခဲ့တဲ့ အကျိုးဆက်ပဲ*
ရဲ့ရှောင်ရှောင်၏ မျက်လုံးတွင် မကျေနပ်မှုများနှင့် ပြည့်နှက်နေပြီး ယဲ့ဖန်အား အဆိပ်ပြင်းသော မြွေတစ်ကောင်သဖွယ် အန္တရာယ်ပေးလိုဟန်ဖြင့် စိုက်ကြည့်ကာ စိတ်ထဲ၌ ကျေနပ်ပျော်ရွှင် နေလေသည်။
“ဟေ့ကောင် မင်း ငါ့ဆံပင်တစ်ချောင်းလောက်ပဲ ထိရဲရင် ထိကြည့်လိုက်စမ်းပါ”
သခင်လေးနဉ်က အေးစက်စက် ခနဲ့၍ ယဲ့ဖန်အား အထက်စီးဖြင့် စိုက်ကြည့်လိုက်သည်။ သူ့ခွန်အားက ယဲ့ဖန်လောက် မကောင်းမှန်း သူ သိသလို တောင်တစ္ဆေကလည်း သွားရှုပ်၍ လွယ်သည့်လူ မဟုတ်မှန်း သူ သိထားသည်။ သို့သော် ထိုသို့ဖြစ်နေလျင်တောင်မှ ဘာအရေးနည်း။ ဤနေရာသည် ဖုန်းချီတောင် ဖြစ်ပြီး သူ့ဆရာနှင့် ထောင်ချီသော သိုင်းပညာရှင်များ ရှိနေသည်။
ဤနေရာ၌ ဘုရင်အဆင့် ရောက်နေသူ အယောက်နှစ်ဆယ်ကျော်ပင် ရှိသည်။ တစ်ဖက်လူက သူ့ကို မည်သို့ ထိရဲမည်နည်း။
ယဲ့ဖန်သာ သူ့ကို ထိရဲလျင် ယဲ့ဖန်အား ဤဖုန်းချီတောင်၌ သေသွားရအောင် သူ လုပ်ပေမည်။
“ထားလိုက်ပါတော့ ဒါကို သွေးပူလေ့ကျင့်ခန်းလိုပဲ သတ်မှတ်ရမှာပေါ့”
ယဲ့ဖန် ခေါင်းခါလိုက်သည်။ မူလက သူသည် လေ့ယန် မြက်ခင်းလွင်ပြင်ဒေသမှ လူများကို နှိမ်နင်းချင်၍ ယနေ့ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ သို့သော် လူတစ်ချို့က သေလမ်း ရှာနေလိမ့်မည်ဟု သူ ထင်မထားမိပါ။
ထို့နောက် သူသည် လက်မြှောက်၍ သခင်လေးနဉ်၏ ခေါင်းကို ဖြတ်ရိုက်လိုက်သည်။
*ဘာ*
ဤသည်ကိုမြင်သော် လူတိုင်း လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။
*ဒီကောင်က သခင်လေးနဉ်ကို တကယ် တိုက်ခိုက်ရဲတယ်ပေါ့လေ၊ တုန်းချမ်ချိုးရဲ့ ရှေ့မှာလေ၊ သူ ရူးနေတာလား*
*သေ သေ*
ဤအဖြစ်ကိုမြင်ပြီး ရဲ့ရှောင်ရှောင် စိတ်လှုပ်ရှားလွန်း၍ ထခုန်မတတ် ဖြစ်နေသည်။ ယဲ့ဖန်က သခင်လေးနဉ်ကို သေသည်အထိ ရိုက်သတ်လိုက်လျင် ပို၍ ကောင်းသေးသည်။ သို့မှသာ ယဲ့ဖန် သေမည် ဖြစ်လေသည်။
လေဟာနယ် အက်ကွဲပျက်စီးလာသည်။ ယဲ့ဖန်၏ လက်ဝါးချက်၌ တာအိုစွမ်းအင်များ ပါဝင်နေပြီး လေဟာနယ်ကို ပျက်စီးစေကာ စွမ်းအင်များ တစ်ဟုန်ထိုး မြင့်တက်လာ၏။
ထိုစဉ် သခင်လေးနဉ်၏ မျက်လုံးအိမ် ကျဉ်းမြောင်သွားပြီး မျက်နှာ ဖြူရော်ကာ အလွန်အမင်း ကြောက်ရွံ့သွားသည်။
“ဖြောင်း”
သူ့ခေါင်းပေါ်သို့ ဤလက်ဝါးချက် ကျလာသောအခါ သူ့ကိုယ်ပေါ်သို့ တောင်တစ်လုံး ပစ်ကျ လာသည်ဟု ခံစားမိကာ ထိန်းချုပ်မရဘဲ ဒူးထောက်ကျသွားလေသည်။
“ဒုန်း”
ဒူးထောက်မိသည့် အရှိန်ကြောင့် မြေကြီး အက်ကွဲသွားသည်။ ထို့နောက်တွင်မူ သခင်လေးနဉ်၏ နဖူးမှ သွေးများ စီးကျလာသည်။
ဤလက်ဝါးချက်က သူ့ဦးခေါင်းကို ဖရဲသီးသဖွယ် ပေါက်ကွဲသွားစေလောက်သည်။ ယဲ့ဖန်က လက်ဝါးရဲ့ အားကို ထိန်းချုပ်ထား၍သာ ဤမျှ ဖြစ်သွားခြင်း ဖြစ်သည်။ အကယ်၍ ယဲ့ဖန်သာ လက်ဆကို ထိန်းမထားပါက သခင်လေးနဉ်၏ ဦးခေါင်းတစ်ခုလုံး ကြေမွ ပေါက်ကွဲသွား လောက်သည်။
*ဘယ်လိုလုပ်*
လူတိုင်း အံ့ဩသွားကြသည်။ သခင်လေးနဉ်က အနည်းငယ် ရိုင်းစိုင်း၍ မဆင်မခြင် လုပ်သော်လည်း သူသည် ဘုရင်အဆင့်များထဲ၌ ထူးချွန်သူဟု သတ်မှတ်နိုင်သည်အထိ အရည်အချင်း ရှိသူ ဖြစ်သည်။
*ဒါပေမဲ့ ဘယ်လိုလုပ် သူက အရှေ့က ဒီလူရဲ့ ရိုက်ချက်ကြောင့် ဒူးထောက်ကျသွားတာလဲ*
ထိုအခိုက်တွင် တုန်းချမ်ချိုး မျက်နှာ သုန်မှုန်သွားသည်။ သခင်လေးနဉ်သည် သူ၏ တပည့် ဖြစ်သည်။ သူ့တပည့်က တခြားသူထံ၌ ရှုံးနိမ့်သွားခြင်းက သူ့အား အရှက်ကွဲသလို ခံစားရ စေသည်။
ထိုအကြည့်က ယဲ့ဖန်ကို ပို၍ ရန်လိုသော အကြည့်ဖြင့် ကြည့်လာသည်။
“မင်း မိန်းမတွေကို ပိုးပန်းချင်တာ မင်း ကိစ္စပဲ၊ ဒါပေမဲ့ မင်း ငါ့ကို လှေကားထစ်လို အသုံးမချ သင့်ဘူး”
ယဲ့ဖန်က သခင်လေးနဉ်ကို အထင်သေးစွာ ငုံ့ကြည့်နေပြီး သူ့အသံက အေးစက်ခက်ထန်နေသည်။
“မင်း … မင်း ငါ့ကို ရိုက်ရဲတာလား”
သခင်လေးနဉ် အလွန် ဒေါကန်သွားပြီး ခက်ထန်သော မျက်နှာထားနှင့် ပြန်ကြည့်လေသည်။ သူ ယဲ့ဖန်ကို နုတ်နုတ်စင်းချင်နေ၏။
သူသည် အစက ရဲ့ရှောင်ရှောင်အတွက် ဝင်မျက်နှာလုပ်ရန် ကြံစည်ခဲ့သော်လည်း ယခု သူမရှေ့၌ သူ အရှက်ကွဲရပြီး လူမြင်ကွင်း၌ ရှုံးနိမ့်ခဲ့ရလေသည်။ ရှက်ဖို့ကောင်းလိုက်လေခြင်း။
“ဒီနေ့ ငါ မင်းကို ဒီဖုန်းချီတောင်ကနေ အသက်ရှင်လျက် ထွက်သွားခွင့် မပေးနိုင်ဘူးကွ”
သခင်လေးနဉ်က ခက်ထန်သော မျက်နှာနှင့် အံကြိတ်ထားပြီး ကြောက်စရာကောင်းသော မျက်နှာထားနှင့် ကြည့်နေလေသည်။
ချက်ချင်းဆိုသလိုပင် သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်ပြီး ယဲ့ဖန်ကို လှံရှည်ကို ချိန်ကာ အော်ဟစ်လိုက်သည်။
“သူ့ကိုသတ်ကြ”
ချက်ချင်းဆိုသလိုပင် ဘုရင်အဆင့်များစွာက ယဲ့ဖန်ကို ဝိုင်းထားပြီး မကောင်းသော အကြည့် များဖြင့် ကြည့်လာကြသည်။
“ဟေ့ကောင် မင်း အမှားကို ရိုးရိုးသားသား ဝန်ခံစမ်း၊ ဒီလိုဆို အသက်ရှင်နိုင်ခွင့် ရှိမယ်”
“ဟုတ်တယ် မင်းနားမှာ တောင်တစ္ဆေ ရှိနေတာနဲ့ မင်း လုပ်ချင်တာ လုပ်လို့ရပြီလို့ မထင်နဲ့၊ ဒါ ဖုန်းချီတောင်၊ အခု ထောင်ချီတဲ့ သိုင်းပညာရှင်တွေ ရှိနေတာ၊ မင်း သေလမ်းမရှာဖို့ အကြံပေး လိုက်မယ်”
သိုင်းပညာရှင်များက ယဲ့ဖန်ကို အေးစက်စွာ ပြောနေကြသည်။ ယဲ့ဖန်က အေးတိအေးစက် ပြန်ဖြေလိုက်သည်။
“မင်းတို့လည်း သေချင်တာလား”
အထက်စီးဆန်၍ အထင်သေးလွန်းသည်။ ယဲ့ဖန်၏ အပြုအမူကို မြင်သော် ဖုန်းချီတောင်မှ လူများအားလုံး ချက်ချင်း ဒေါကန်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က လူတစ်ဦးတစ်ယောက်တည်းကို လျစ်လျူရှုခြင်း မဟုတ်ဘဲ ဖုန်းချီတောင်တစ်ခုလုံးမှ လူများကို လျစ်လျူရှုခဲ့သည့်အတွက် လူတိုင်း ဒေါသထွက် သွားလေသည်။
*ဒီကောင်က ငါတို့အားလုံးနဲ့ ရင်ဆိုင်ချင်တာလား*
*တော်တော်လေး မောက်မာတာပဲ*
“ဒီကောင့်ကို ကောင်းကောင်း ပညာပေးရမယ်၊ သူ အစကတည်းက ရိုင်းစိုင်းနေတာ၊ ငါတို့ တော်လှန်ရေး စစ်တပ်ကို စော်ကားနေတာ၊ ဒါ လေ့ယန် မြက်ခင်းလွင်ပြင်ဒေသက လွှတ်လိုက်တဲ့ သူလျှိုပဲ ဖြစ်လိမ့်မယ်”
“မဟုတ်ဘူး ဒီကောင်က ငါတို့နဲ့ အသားအရောင် အတူတူပဲ၊ အဲ့တော့ သူက အင်ပါယာကပဲ ဖြစ်လိမ့်မယ်၊ သူက သစ္စာဖောက်ပဲ ဖြစ်လိမ့်မယ်”
“သူ့ကို အသက်ရှင်ခွင့်ပေးဖို့ မဖြစ်နိုင်ဘူး၊ သူ့ကို သုတ်သင်ကြ”
သိုင်းပညာရှင်များ ပေါက်ကွဲလာပြီး လူတိုင်း၏ ယဲ့ဖန်အပေါ် ရန်လိုမှုက ပိုမိုမြင့်တက်လာသည်။
“မင်းတို့အားလုံးက သေချင်နေတဲ့ပုံပဲ”
ယဲ့ဖန်က တောင်ထိပ်ပေါ်မှ အရှေ့အနောက်နှင့် ဘေးဘီမှ သိုင်းပညာရှင်များကို ဝေ့ကြည့် လိုက်သည်။
ထိုစကားအား မိုးခြိမ်းသံသဖွယ် လူတိုင်းနီးပါး ကျယ်လောင်စွာ ကြားလိုက်ရသည်။
*ဘာ*
လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ငါတို့ ဘာကြားလိုက်တာလဲ၊ ဘုရင်အဆင့်တစ်ယောက်ကို ရန်စပြီးတာနဲ့ သူက အားလုံးကို ရန်စ တာပါလား*
*သူက တကယ်ပဲ လူထောင်ချီနဲ့ တိုက်ခိုက်ချင်တာလား*
*အရူး*
*ရူးနေပြီ*
“ကောင်းပြီလေ မင်းက ခေါင်းမာနေမှတော့ သေလိုက်တော့”
“ဟေ့ကောင် ငါ မင်းအရိုးတွေကို တစ်ချောင်းချင်းစီ ချိုးပစ်မယ်ကွ၊ သေပေတော့”
ချက်ချင်းဆိုသလိုပင် ဘုရင်အဆင့်များစွာက ယဲ့ဖန်ထံ ပြိုင်တူ ပြေးဝင်လာကြသည်။ ဤသည်ကို မြင်သော် ရဲ့ရှောင်ရှောင် အံ့ဩသွားပြီး ယဲ့ဖန်အား စိုက်ကြည့်လေသည်။ ယဲ့ဖန် အရှင်လတ်လတ် စုတ်ပြတ်သွားမည့် မြင်ကွင်းကို သူမ မျှော်လင့်နေမိသည်။
ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေပြီး သတိပေးလိုက်သည်။
“ငါ မင်းတို့ကို ရှေ့မတိုးဖို့ သတိပေးနေတယ်”
သို့သော် ထိုဘုရင်အဆင့်များက သူ့စကားကို လျစ်လျူရှုကာ အထင်သေးသလို မျက်နှာပေး ဖြင့်သာ ကြည့်နေသည်။
“ရွှစ်”
ပြင်းထန်သော ယန်စွမ်းအင်များ ပါဝင်နေသည့် ထက်ရှသော ဓားတစ်လက်က ယဲ့ဖန်၏ ဦးခေါင်းထံသို့ ဒေါသတကြီး ခုတ်ပိုင်းလာ၏။
“ငါတို့ကို အထင်သေးရဲတယ်ပေါ့လေ၊ ငါ မင်းခေါင်းကို ဖြတ်ပစ်မယ်ကွ”
ဓားကိုင်ထားသော ဘုရင်အဆင့် သိုင်းပညာရှင်က အားပါးတရ ရယ်နေပြီး သူ့မျက်လုံးတွင်းမှ ခက်ထန်မှုက ပိုပြင်းထန်လာသည်။
“ဒင်”
သို့သော် ထိုအချိန်၌ သူ့ဓားက ယဲ့ဖန်၏ လက်ချောင်းနှစ်ချောင်းကြားတွင် တင်းကြပ်စွာ ညပ်နေ၏။
“မင်း”
ထိုသိုင်းပညာရှင် ခေါင်းမွေးထောင်သွားသည်။ ယဲ့ဖန်က ခေါင်းခါ၍ ရေရွတ်လေသည်။
“ကောင်းကောင်းမွန်မွန် ပြောဖို့ မဖြစ်နိုင်ဘူးပဲ”
“ဒီလိုဆိုမှတော့ ငရဲကို သွားလိုက်တော့”