လေလိပ်ပြာမျှော်စင်
Vol. 57 Ch. 794
ဇူယွမ်မှာ အလင်းလွှာအတွင်း ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် စိတ်ဝိဉာဉ်စွမ်းအင် အနည်းငယ်မျှ ကုန်ဆုံးသွားသည်ကို သတိပြုလိုက်မိသည်။
ထို့ကြောင့် ခေတ္တမျှ မူးဝေသွားရပါသော်လည်း အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်သွားသည်။
ဇူယွမ်မှာ ယခုမှသာ ပြောင်းလဲသွားသော ပတ်ဝန်းကျင်ကို အာရုံစိုက်မိသည်။
သူသည် လွင့်မျောနေသော ကျောက်သားစင်မြင့် တစ်ခုပေါ် ရပ်နေခြင်းဖြစ်ပြီး အလင်းလွှာအတွင်းမှ ပုံရိပ်များစွာ ဝင်ထွက်သွားလာနေကြသည်။
ယခုရောက်ရှိနေသောနေရာမှာ မူလလိပ်ပြာလေးခုမျှော်စင်၏ လေလိပ်ပြာမျှော်စင်ပင် ဖြစ်သည်။
ပတ်ဝန်းကျင်မှာ ဝါကျင့်ကျင့် တောင်တန်းများဖြင့် ပြည့်နှက်နေပြီး အဝေးမှ ကြည့်ရှုပါက မြေပြင်ထဲမှ လက်ချောင်းများသဖွယ် ထိုးထွက်နေလျက် ရှိသည်။
ဇူယွမ်မှာ အပေါ်သို့ မော့ကြည့်လိုက်သောအခါတွင် စူးရှသော စွမ်းအင်ဖိအားများကို ခံစားလိုက်ရသောကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။
ကောင်းကင်ထက်၌ မည်းနက်သော မိုးပြာရောင် တိမ်ထုကြီးများ ကြီးစိုးနေပြီး အကန့်အသတ်မဲ့သော စွမ်းအင်လှိုင်းများ ဖြစ်ပေါ်နေသည်။
၎င်းတိမ်ထုကြီးထံမှ ကြောက်မက်ဖွယ် အငွေ့အသက်များလည်း ထွက်ပေါ်နေလျက် ရှိသည်။
"ဒါက ရှင်းခွမ်းထီလေလွှာပဲ။"
ရဲ့ပင်းလင်မှ ရှင်းပြလိုက်သည်။ "လေလိပ်ပြာမျှော်စင်ထဲမှာ အရမ်းမြင့်မြင့်ထိ မသွားမိဖို့ သတိထားကြ။ ရှင်းခွမ်းထီလေလွှာထဲ ရောက်သွားရင် ကောင်းကင်ဘုံနေမင်းအဆင့်ဆိုရင်တောင် သေရမှာသေချာတယ်။ နင်တို့က နတ်ဘုံခန်းဝါအဆင့်ပဲ ရှိသေးတယ်ဆိုတာ မမေ့ကြနဲ့။"
ဇူယွမ်တို့မှာ လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထိုမျှပြင်းထန်သော ၎င်းစွမ်းအင်ဖိအားများ ကြောက်မက်ဖွယ်ကောင်းမည်မှာ အကြွင်းမဲ့ပင် ဖြစ်သည်။
ထိုရှင်းခွမ်းထီလေလွှာထံမှ လေဆင်နှာမောင်းများသဖွယ် လေပွေရူးများ ဆင်းသက်လာနေသည်ကို ဇူယွမ်မှ သတိပြုမိလိုက်သည်။
"အဲ့ဒါက မူလအကြွေစေ့ကို လောင်ကျွမ်းလိုက်လို့ ရှင်းခွမ်းထီလေလွှာကနေ လေပွေတွေ ဆင်းလာတာ။ အဲ့ဒါကနေ မူလအမှတ်အသား ဖြစ်လာမှာ။" ရဲ့ပင်းလင်မှ ရှင်းပြလိုက်သည်။ "အရင်ဆုံး လူစုခွဲကြတာပေါ့။ ငါတို့သက်သက်စီ မူလအကြွေစေ့တွေ လောင်ကျွမ်းပြီး ကျင့်ကြံဖို့ နေရာရှာရမယ်။"
"ဘယ်သူနဲ့မှ နီးနီးကပ်ကပ် မနေဖို့လည်း သတိထားဦး။ ရှင်းခွမ်းထီလေပွေက မူလအကြွေစေ့ လောင်ကျွမ်းပစ်တဲ့သူဆီ တိုက်ရိုက်လာတာ မဟုတ်ဘူး။ လောင်ကျွမ်းပစ်တဲ့ နေရာဆီပဲလာတာ။ အဲ့ဒါကြောင့် တစ်ယောက်ယောက်နဲ့ နီးနီးကပ်ကပ် ရှိနေရင် ပြဿနာတွေ ဖြစ်နိုင်တယ်။"
ထိုစကားများကို ပြောကြားပြီးသည့်နောက် ရဲ့ပင်းလင်မှာ ထွက်ခွာသွားတော့သည်။
ဇူယွမ်တို့မှာလည်း အချိန်ဆွဲမနေတော့ပဲ ကျောက်သားစင်မြင့်ထံမှ ပျံဝဲဆင်းသက်လာကြသည်။
တောင်ထိပ်အသီးသီး၌ ပုံရိပ်များစွာ နေရာယူထားကြပြီး မူလအကြွေစေ့များကို လောင်ကျွမ်းစေကာ ရှင်းခွမ်းထီလေပွေများ ခံယူနေကြကာ ပတ်ဝန်းကျင်မှာ သက်ဝင်လှုပ်ရှားနေလျက် ရှိသည်။
ရိချိုးရွှယ်နှင့် လျိုကျစ်ရွှမ်းတို့မှာ ခေတ္တမျှသော အချိန်အတွင်းမှာပင် ကျင့်ကြံရန် နေရာအသီးသီး ရှာတွေ့သွားကြသည်။
ဇူယွမ်မှာ ရဲ့ပင်းလင်၏ မှာကြားချက်ကြောင့် ရိချိုးရွှယ်၊ လျိုကျစ်ရွှမ်းတို့နှင့် အနည်းငယ် ဝေးကွာသော နေရာသို့ သွားရောက်လိုက်သည်။
ဇူယွမ် ရွေးချယ်လိုက်သော နေရာမှာ ဝိုင်းစက်သော ကျောက်ပြားများဖြင့် ပြည့်နှက်နေသော တောင်ကြားတစ်ခု ဖြစ်သည်။
သူသည် ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်ချကာ ပတ်ဝန်းကျင်အား သေချာစွာ အကဲခတ် လေ့လာပြီးနောက် သိုလှောင်အိတ်အတွင်းမှ တောက်ပနေသော မူလအကြွေစေ့ တစ်ပြားကို ထုတ်ယူလိုက်သည်။
မူလအကြွေစေ့အား ခေတ္တမျှ ဆော့ကစားနေပြီးနောက်တွင်မှ ဇူယွမ်မှာ ကျင့်ကြံခြင်းအား ဖြည်းညင်းစွာ စတင်လိုက်သည်။
သူ၏မျက်ခုံးအကြားမှ စိတ်ဝိဉာဉ်စွမ်းအင်မှာ နိုးထလာကာ လက်ချောင်းထိပ်မှတဆင့် မူလအကြွေစေ့ထံ ဝင်ရောက်သွားသည်။
အဖြူရောင်မီးလျှံများ မူလအကြွေစေ့ မျက်နှာပြင်ပေါ် ဖြစ်တည်လောင်ကျွမ်းလာသည်။
"အဲ့တော့ မူလအကြွေစေ့ကို လောင်ကျွမ်းပစ်ဖို့ စိတ်ဝိဉာဉ်စွမ်းအင် လိုတာပေါ့။" ဇူယွမ်မှာ တစ်ချက်မျှ တွေးတောလိုက်သည်။
မူလအကြွေစေ့မှာ လောင်ကျွမ်းသွားပြီးနောက် မိုးပြာရောင် အခိုးအငွေ့များအဖြစ် ကောင်းကင်ထက်သို့ တက်သွားသည်။
ဇူယွမ်မှာ သိလိုစိတ် ပြင်းပြစွာဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်နေမိသည်။ မူလအကြွေစေ့ လောင်ကျွမ်းပြီး အသက်ရှူချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် ရှင်းခွမ်းထီလေလွှာထံမှ လေဆင်နှာမောင်းငယ်တစ်ခု ဆင်းသက်လာသည်။
မိုးပြာရောင်ရှိသော ရှင်းခွမ်းထီလေပွေသည် တစ်ပေပတ်လည်ခန့်ရှိကာ လေးပေခန့် ရှည်လျားပြီး အဝေးမှကြည့်လျှင် မြွေတစ်ကောင် ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။
ရှင်းခွမ်းထီလေပွေမှာ မူလအကြွေစေ့ လောင်ကျွမ်းသွားရာနေရာသို့ တိုက်ရိုက်ဆင်းသက်လာသည်။
ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေမိသည်။
မိုးပြာရောင် လေပွေမှာ ဇူယွမ်၏ခန္ဓာကိုယ်အား ဝါးမြိုသွားပြီးနောက် အသွေးအသားများအား ကြင်နာမှုကင်းမဲ့စွာ လှီးဖြတ်တော့သည်။
ရွှစ်...ရွှပ်....
ပြတ်ရှရာများ ခန္ဓာကိုယ်တလျှောက် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာသည်။
ဇူယွမ်မှာ ဓားပေါင်းတစ်ထောင်နှင့် လှီးဖြတ်နေသကဲ့သို့ ခံစားနေရပြီး နာကျင်မှုအား အံကြိတ်ကာ တောင့်ခံနေရသည်။
မိုးပြာရောင် လေပွေမှာ အသွေအသားထဲထိ ဝင်ရောက်နှောင့်ယှက်နေသောကြောင့်ဇူယွမ်ကဲ့သို့သော စိတ်ဓာတ်ကြံ့ခိုင်သူသည်ပင် အတော်ခံစားရသည်။
ရှင်းခွမ်းထီလေပွေမှ အသွေးအသားများကို ပြတ်ရှနာကျင်စေပြီးနောက် အချိန်အနည်းငယ်အကြာတွင် ပျောက်ကွယ်သွားသည်။ ဇူယွမ်မှာ ဖြည်းညင်းစွာဖြင့် နာကျင်မှုများ သက်သာလာကာ ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားအချို့ကို သတိပြုမိလိုက်သည်။
ထိုအမှတ်အသားများမှာ လွန်စွာမှေးမှိန်လွန်းလှပြီး သူသာ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် ခန္ဓာကိုယ်အား မစစ်ဆေးခဲ့ပါက သိရှိနိုင်မည် မဟုတ်ပေ။
သူသည် အသွေးအသားထဲတွင် စီးဆင်းနေသော မိုးပြာရောင် အလင်းအစက်အပြောက် အချို့ကိုလည်း တွေ့ရှိလိုက်ရသည်။
၎င်းအလင်းအစက်အပြောက်များထံမှ ထူးခြားသော ခံစားချက်ကို ရရှိနေသည်။ ထိုသည်မှာ ထာဝရမှော်စာလုံး ရရှိရန် လိုအပ်သော မူလအမှတ်အသားများပင် ဖြစ်သည်။
ထိုမူလအမှတ်အသားများမှာ အလွန်ခမ်းနားကာ ရှုပ်ထွေးလွန်းလှပြီး ဇူယွမ် ရေးဆွဲနိုင်သော စုတ်ချက်များထက် အဆပေါင်းများစွာ သာလွန်သည်။
"ဒါတွေက လေလိပ်ပြာမှော်စာလုံးရဲ့ မူလအမှတ်အသားတွေလား။" သူတိုးညင်းစွာ ရေရွတ်လိုက်သည်။
ဇူယွမ်မှာ လက်ဖမိုးပေါ်ရှိ မိုးပြာရောင် အစက်အပြောက် ဆယ်ခုအား ကြည့်လိုက်သည်။ ထိုပမာဏသည် လေလိပ်ပြာမှော်စာလုံး ဖြစ်လာရန် အပုံတစ်ထောင်ပုံ တစ်ပုံမျှပင် မရှိပေ။
"မူလအမှတ်အသား ရဖို့က တော်တော်ခက်တာပဲ။" ဇူယွမ်မှာ ရဲ့ပင်းလင်၏ ပြောစကားများကို နားလည်လာရသည်။
"ရှင်းခွမ်းထီလေပြေက တော်တော်နာကျင်စေတာပဲ။ ပုံမှန်လူဆို ခံနိုင်ရည် ရှိမှာမဟုတ်ဘူး။" ဇူယွမ်မှာ ခပ်ဖွဖွ ပြုံးလိုက်မိသည်။
ထိုက်ရိသစ်စိမ်းပင်အမှတ်အသားထံမှ အသက်စွမ်းအင်များ ထွက်ပေါ်လာကာ အသက်ရှုချိန် အနည်းငယ်မျှသော အချိန်အတွင်းမှာပင် ဇူယွမ်၏ ခန္ဓာကိုယ်ပေါ်မှ ပြတ်ရှရာများအားလုံး ပျောက်ကင်းသက်သာသွားရသည်။
မူလလိပ်ပြာလေးခုမျှော်စင်အတွင်း မူလအကြွေစေ့များ လောင်ကျွမ်းရန်နှင့် မူလအမှတ်အသားများ ရရှိနိုင်ရန် စိတ်ဝိဉာဉ်စွမ်းအင်ကို လိုအပ်ပေသည်။
နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် မူလအကြွေစေ့ များစွာရှိနေလျှင်ပင် စိတ်ဝိဉာဉ်စွမ်းအင် အဆင့်တစ်ခုသို့ ရောက်ရှိနေခြင်း မရှိပါက မူလအမှတ်အသားများ စိတ်ရှိသလောက် ရယူနိုင်မည် မဟုတ်ပေ။
ထိုအရာမှာ ဇူယွမ်အတွက်မူ မခက်ခဲလှ။
ထိုက်ရိသစ်စိမ်းပင်အမှတ်အသားဖြင့် ဒဏ်ရာများကို ဖြေဖျောက်နိုင်သည့်အပြင် စိတ်ဝိဉာဉ်စွမ်းအင်မှာလည်း အဆင့်မြင့် ဒြပ်ထည်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် အခြားသူများထက် ပို၍သာလွန်နေပေသည်။
ဇူယွမ်မှာ ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် မူလအကြွေစေ့ ငါးခုအား ထုတ်ယူကာ စိတ်ဝိဉာဉ်စွမ်းအင်ဖြင့် လောင်ကျွမ်းစေလိုက်သည်။
မူလအကြွေစေ့ ငါးခုမှာ လျင်မြန်စွာပင် မိုးပြာရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်။
ဇူယွမ်မှာ အနည်းငယ် နာကျင်သွားရသည်။
ဤနှုန်းအတိုင်းသာဆိုပါက သူ၏တစ်လစာ မူလအကြွေစေ့ ရှစ်ဆယ်မှာ ငါးရက်အတွင်းပင် ကုန်ဆုံးသွားတော့မည် ဖြစ်သည်။
သူ့ထံ၌ စိတ်ဝိဉာဉ်စွမ်းအင် အလုံအလောက် ရှိနေပါသော်လည်း မူလအကြွေစေ့ ရှိမနေခဲ့ပေ။
လောကကြီးမှာ ရက်စက်လွန်းလှသည်။
ဘာကြောင့်လဲ..... ဘာလို့ လောကကြီးက ရက်စက်ရတာလဲ.....
ဇူယွမ်မှာ ဆင်းသက်လာသော ရှင်းခွမ်းထီလေပွေ ငါးခုကို ကြည့်ရှုနေရင်းဖြင့် ထိုမေးခွန်းအား ထပ်တလဲလဲ မေးမြန်းနေမိလေတော့သတည်း.....