ကျွမ်ရှင်းစိတ်ဝိဉာဉ်အဆင့်
Vol. 57 Ch. 796
နတ်ဘုရားကျောက်တုံးမှာ မည်းမှောင်နေသော စကြာဝဠာအတွင်း ဖြည်းညင်းစွာ လည်ပတ်နေလျက် ရှိသည်။
ဇူယွမ်မှာ ရင်းနှီးကျွမ်းဝင်နေသော နတ်ဘုရားကျောက်တုံးအား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေမိသည်။
ထိုနတ်ဘုရားကျောက်တုံးမှာ မူလဖျက်စီးခြင်းနတ်ဘုရားကျောက်တုံးဖြစ်ကြောင်း သူအသေအချာ ပြောနိုင်သည်။
ဒဏ္ဍာရီလာ မူလဖျက်စီးခြင်းနတ်ဘုရားကျောက်တုံး ဟုတ်မဟုတ်မူ မသေချာသေးပေ။
ဇူယွမ်မှာ မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိဉာဉ်ပေါင်းစပ်ခြင်းနည်းလမ်းကို ကျင့်ကြံသောအခါ ထွက်ပေါ်လာသော ဆူညံသံကို နားလည်သွားရသည်။ မူလလိပ်ပြာလေးခုမျှော်စင်၏ အဓိကထောက်တိုင်မှာ မူလဖျက်စီးခြင်းနတ်ဘုရားကျောက်တုံး ဖြစ်နေသောကြောင့်ပင်။
ဇူယွမ်မှာ အောက်ဘက်ရှိ ရှင်းခွမ်းထီလေလွှာအတွင်းမှ ပျံဝဲလာကြသော အလင်းအစက်အပြောက်များစွာကို သတိပြုမိလိုက်သည်။
"ဒါတွေက....မူလအကြွေစေ့တွေလား။" သူအံ့အားသင့်သွားရသည်။ ထိုအလင်းအစက်အပြောက်များထံမှ စိတ်ဝိဉာဉ်စွမ်းအင်များကို အာရုံခံမိသောကြောင့် သိရှိသွားရခြင်း ဖြစ်သည်။
အကန့်အသတ်မဲ့သော အလင်းအစက်အပြောက်များမှာ နတ်ဘုရားကျောက်တုံး၏ အောက်ခြေ၌ စုဝေးသွားသည်။
နတ်ဘုရားကျောက်တုံးမှာ အလင်းအစက်အပြောက်များကို နင်းခြေဖျက်စီးလိုက်ပြီးနောက် စွမ်းအင်များကို စုပ်ယူလိုက်သည်။ ထို့နောက် သန့်စင်လွန်းသော စွမ်းအင်တစ်မျိုး ထွက်ပေါ်လာကာ နတ်ဘုရားကျောက်တုံး၏ ကိုယ်ထည်ပေါ်တွင် ရှေးဟောင်းမှော်စာလုံး လေးခု ဖြစ်ပေါ်လာသည်ကို တွေ့ရှိလိုက်ရသည်။
ရှေးဟောင်းမှော်စာလုံး လေးခုမှာ လေပွေငယ်များအသွင် ပြောင်းလဲလျက် မိုးစက်မိုးပေါက်များအလား ရှင်းခွမ်းထီလေလွှာထဲသို့ ဆင်းသက်သွားကြသည်။
နတ်ဘုရားကျောက်တုံးသည် ထာဝရမှော်စာလုံးများ၏ အဓိကထောက်တိုင်ဖြစ်ကြောင်း ဇူယွမ်ခန့်မှန်းသည်မှာ မှန်ကန်နေခဲ့သည်။
"ရောက်လာတဲ့ စိတ်ဝိဉာဉ်စွမ်းအင်တွေကို နတ်ဘုရားကျောက်တုံးက ဖျက်စီးလိုက်ပြီးတော့ အသန့်စင်ဆုံး စွမ်းအင်ကို ပြန်ထုတ်ပေးလိုက်တာပဲ။"
"အဲ့စွမ်းအင်တွေက မူလအမှတ်အသားတွေ ဖြစ်သွားပြီး မူလလိပ်ပြာလေးခုမျှော်စင်ဆီကို ရောက်သွားတာပေါ့။"
ဇူယွမ်မှာ အံ့အားသင့်နေရသည်။ မူလလိပ်ပြာလေးခုမျှော်စင်မှ အစဉ်အမြဲ ထာဝရမှော်စာလုံးများ ထုတ်ပေးနိုင်ခြင်းမှာ နတ်ဘုရားကျောက်တုံးကြောင့်ပင် ဖြစ်သည်။
လုပ်ရိုးလုပ်စဉ်မှာ ရိုးရှင်းသည်ဟု ထင်မှတ်ရပါသော်လည်း လောကကိုကြီးစိုးခြင်း အဆင့်ရှိသူများသည်ပင် ထိုမျှများပြားသော လူများ၏ စိတ်ဝိဉာဉ်စွမ်းအင်များကို အသန့်စင်ဆုံး အနေအထားသို့ရောက်အောင် လုပ်နိုင်မည်မဟုတ်ပေ။
သူတော်စင်အဆင့် ရှိသူများသည်သာ ထိုသို့ပြုလုပ်နိုင်ပေလိမ့်မည်။ သို့သော် သူတော်စင်အဆင့်မှာ ရောက်ရှိရန် ခက်ခဲလွန်းလှသဖြင့် ယခုကဲ့သို့ လူပေါင်းများစွာ၏ စိတ်ဝိဉာဉ်စွမ်းအင်များကို လိုက်လံသန့်စင်ပေးရန် မဖြစ်နိုင်ချေ။
ကံကောင်းထောက်မစွာဖြင့် နတ်ဘုရားကျောက်တုံးတွင် ယခုကဲ့သို့ အစွမ်းသတ္တိမျိုး ရှိနေလေသည်။
ထို့ကြောင့် ဟွမ်းယွမ်ကောင်းကင်ဒေသအတွင်း ထျန်းယွမ်နယ်မြေ တစ်ခုတည်းတွင်သာ မူလလိပ်ပြာလေးခုမျှော်စင် ရှိနေခြင်း ဖြစ်သည်။
"ပြီးတော့...."
ဇူယွမ်မှာ နတ်ဘုရားကျောက်တုံးအား သေချာစွာ ကြည့်ရှုလိုက်သည်။ ၎င်းသည် နင်းခြေဖျက်စီးလိုက်သော စိတ်ဝိဉာဉ်စွမ်းအင်များ အားလုံးကို အသန့်စင်ဆုံး စွမ်းအင်များအဖြစ် ပြန်လည်ထုတ်ပေးခြင်း မဟုတ်ပဲ အချို့အဝက်အား စုပ်ယူထားလေသည်။
သူသည် တွေးတောနေရင်းဖြင့်ပင် အလွန်အံ့အားသင့်သွားရသည်။ ထိုသို့ဆိုလျှင် ယခုရှိနေသော နတ်ဘုရားကျောက်တုံးမှာ ဒဏ္ဍာရီလာ မူလဖျက်စီခြင်းနတ်ဘုရားကျောက်တုံး မဟုတ်ပဲ ဆရာသခင် ကန်းယွမ် ပြုလုပ်ထားသော အတုအယောင်သာ ဖြစ်ပေလိမ့်မည်။
သူတော်စင်အဆင့် ရှိသူတစ်ဦး၏ ဖန်တီးပြုလုပ်မှုမှာ အမှန်တကယ်ပင် ထူးခြားလှသည်။
လက်ရှိနတ်ဘုရားကျောက်တုံးသည် စွမ်းအင်များကို စုပ်ယူကာ အဆင့်တက်နိုင်စွမ်း ရှိသောကြောင့် အနာဂတ်တွင် ဒဏ္ဍာရီလာ မူလဖျက်စီးခြင်းနတ်ဘုရားကျောက်တုံး အဖြစ်သို့ ရောက်ရှိသွားနိုင်ပေသည်။
"ဆရာသခင်ကန်းယွမ်က သေချာစီစဉ်ထားတာပဲ။" ဇူယွမ်မှာ အံ့သြမဆုံး ဖြစ်နေရသည်။ မူလလိပ်ပြာလေးခုမျှော်စင်သည် ခဲတစ်လုံးနှင့် ငှက်သုံးကောင် ပစ်လိုက်သကဲ့သို့ပင်။ ထူးခြားသော မူလလိပ်ပြာလေးခုမျှော်စင် ရှိနေသည့်အတွက် ထျန်းယွမ်နယ်မြေ၏ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်ရုံသာမက လူငယ်မျိုးဆက်များကိုလည်း ဆွဲဆောင်နိုင်ပေလိမ့်မည်။ ထို့အပြင် ဒဏ္ဍာရီလာအဆင့်သို့ ရောက်ရှိလာမည့် နတ်ဘုရားကျောက်တုံးကိုလည်း ပြီးပြည့်စုံစွာ လျှို့ဝှက်သိမ်းဆည်းထားပြီး ဖြစ်နေလိမ့်မည်ပင်။
နတ်ဘုရားကျောက်တုံးသာ အစစ်အမှန် ဒဏ္ဍာရီလာအဆင့်သို့ ရောက်ရှိသွားပါက သူတော်စင်အဆင့် ကျင့်ကြံသူများအား ဆွဲဆောင်နေသကဲ့သို့ ဖြစ်နေမည် ဖြစ်ပါသော်လည်း ယခုကဲ့သို့ နည်းလမ်းဖြင့် မည်သူမှ သိရှိနိုင်တော့မည် မဟုတ်ပေ။
ဇူယွမ်မှာ သက်ပြင်းချလိုက်မိသည်။ သူသည် နတ်ဘုရားကျောက်တုံးထက် ထာဝရမှော်စာလုံးများကိုသာ ပို၍စိတ်ဝင်စားနေသည်။ နတ်ဘုရားကျောက်တုံးသည် ထာဝရမှော်စာလုံးများစွာကို ဖန်တီးပေးနေပါသော်လည်း သူ့အနေဖြင့် ထိတွေ့ခွင့်ပင် မရှိ။
ကြည့်ရသည်မှာ နတ်ဘုရားကျောက်တုံးသည် ဆရာသခင်၏ ထူးချွန်မှုများကို ပြသရန်အတွက်သာ သူ့အား ခေါ်လာခဲ့ပုံ ရသည်။
ဇူယွမ်မှာ ခေါင်းကိုသာ နာနာကုတ်လိုက်မိသည်။ "ဟုတ်ပါပြီ။ အခု ကျွန်တော့်ဆရာ ဘယ်လောက်တော်ကြောင်း တွေ့ရပြီဆိုတော့ ကျွန်တော် သွားလို့ရပြီလား။"
ဝုန်း....
ထိုအချိန်မှာပင် နတ်ဘုရားကျောက်တုံးမှာ တုန်ခါလာပြီးနောက် အလွန်သန့်စင်သော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာကာ ဇူယွမ်ထံသို့ ပျံဝဲလာသည်။
"အား...."
ဇူယွမ်မှာ အထိတ်တလန့်ဖြင့် အော်ဟစ်နေစဉ်မှာပင် ထိုစွမ်းအင်လှိုင်းသည် သူ၏စိတ်ဝိဉာဉ်အတွင်း ဝင်ရောက်သွားသည်။
စိတ်ဝိဉာဉ်ပေါ်၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်။
"အား...နင့်မေကလွှား..."
ဇူယွမ်မှာ ထခုန်မတက် ကြောက်လန့်သွားရပြီးနောက် မျက်ဝန်းများကိုပိတ်ကာ လျင်မြန်စွာဖြင့် မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိဉာဉ်ပေါင်းစပ်ခြင်းနည်းလမ်းအား ကျင့်ကြံလိုက်သည်။
ဇူယွမ်၏စိတ်ဝိဉာဉ်မှာ ဖြည်းညင်းစွာဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာကာ တောက်ပလင်းလက်လာသည်။
နတ်ဘုရားကျောက်တုံးမှာလည်း သန့်စင်သော စွမ်းအင်များကို အဆင်မပြတ် ပေးပို့ပေးနေလေသည်။
ဇူယွမ်မှာ နာကျင်မှုနှင့် ပျော်ရွှင်ခြင်းကြား ပိတ်မိနေရသည်။
စိတ်ဝိဉာဉ် ပိုမိုသန်မာလာခြင်းကြောင့် ပျော်ရွှင်ရပါသော်လည်း အဆင်မပြတ် ဝင်ရောက်လာနေသော များပြားလွန်းသည့် စွမ်းအင်များကြောင့် စိတ်ဝိဉာဉ် လောင်ကျွမ်းသွားမည်ကိုလည်း ပူပန်နေမိသည်။
သို့သော် ဇူယွမ်မှာ ဖြည်းညင်းစွာဖြင့် စိတ်ဝိဉာဉ်သည် ပိုမိုကြည်လင်လာရုံမျှမက အာရုံခံနိုင်စွမ်းလည်း ကောင်းမွန်လာသည်ကို သတိပြုမိလိုက်သည်။ စိတ်ဝိဉာဉ်တွင်လည်း ရှေးဟောင်းအမှတ်အသားများ ပေါ်ပေါက်လာသည်။
"ဒါ..ဒါက...စိတ်ဝိဉာဉ် အမှတ်အသားတွေလား။"
ဇူယွမ်မှာ အံ့အားသင့်သွားရသည်။ စိတ်ဝိဉာဉ် အမှတ်အသားသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားမှသာ ပေါ်ပေါက်လာခြင်းဖြစ်ပြီး စိတ်ဝိဉာဉ်စွမ်းအင်များကို အားကောင်းစေရုံသာမက အာရုံခံနိုင်စွမ်းကိုလည်း မြှင့်တင်ပေးသည်။
၎င်းတို့သည် ကျွမ်ရှင်းအဆင့် သို့မဟုတ် ဖြစ်တည်မှုအဆင့်သို့ ရောက်ရှိခြင်း၏ သင်္ကေတလည်း ဖြစ်သည်။
ဇူယွမ်မှာ ပြောမပြတက်အောင် ပျော်ရွှင်ကျေနပ်သွားရသည်။
သူသည် စိတ်ခံစားချက်များကို ဖိနှိပ်လျက် နတ်ဘုရားကျောက်တုံး ပေးပို့လာသော စွမ်းအင်လှိုင်းများအားလုံးကို တစ်ခုမကျန် လက်ခံရယူလိုက်သည်။
စွမ်းအင်လှိုင်းများ ဝင်ရောက်လာတိုင်း စိတ်ဝိဉာဉ် အမှတ်အသားများလည်း ပိုမိုများပြားလာသည်။
အချိန်တစ်ခုကြာမြင့်သွားပြီးနောက် စိတ်ဝိဉာဉ်အတွင်းရှိ နတ်ဘုရားကျောက်တုံး ပေါက်ကွဲသွားသည်နှင့်အတူ သူ၏မျက်ဝန်းများလည်း ပြန်လည်ဖွင့်ဟလာသည်။
ဇူယွမ်၏ အရာရာကို ပြတ်သားကြည်လင်စွာ အာရုံခံနိုင်ပြီဖြစ်ပြီး ရှင်းခွမ်းထီလေလွှာ၏ လှုပ်ရှားမှုများကိုပင် သိရှိနေရသည်။
သူသည် စိတ်ဝိဉာဉ်အား ကြည့်ရှုလိုက်သောအခါ စိတ်ဝိဉာဉ်အမှတ်အသားများဖြင့် ပြည့်နှက်နေသည်ကို တွေ့ရှိလိုက်သည်။
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်ကာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ပေရာကျော် အကွာအဝေးသို့ ရောက်ရှိသွားသည်။
ထိုသည်မှာ သူ၏ပြင်ပခန္ဓာနှင့်သာဆိုပါက စိတ်ကူး၍ပင် မရနိုင်သော အနေအထား ဖြစ်သည်။
ဇူယွမ်မှာ စိတ်လှုပ်ရှားစွာဖြင့် စိတ်ဝိဉာဉ်စွမ်းအင်များကို လက်ချောင်းထိပ်၌ စုဝေးစေကာ သေးငယ်သော မီးတောက်တစ်ခု ဖြစ်ပေါ်စေလိုက်သည်။
စိတ်ဝိဉာဉ်မီးတောက်.....
သူသည် ရပ်တန့်မရနိုင်လောက်အောင် ပြုံးရွှင်နေမိသည်။
နောက်ဆုံးတွင် သူ၏စိတ်ဝိဉာဉ်မှာ ကျွမ်ရှင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီပင် ဖြစ်လေတော့သတည်း.....