← Chapters

ရိုက်ချိုးပေးရမှာပေါ့

Vol. 58 Ch. 797

ရိုက်ချိုးပေးရမှာပေါ့

Vol. 58 Ch. 797

ရှင်းခွမ်းထီလေလွှာထက်၌

ဇူယွမ်၏စိတ်ဝိဉာဉ်မှာ လျင်မြန်စွာဖြင့် တစ်နေရာမှ တစ်နေရာသို့ သွားလာနေလျက် ရှိသည်။

အချိန်အတော်ကြာမှသာ စိတ်လှုပ်ရှားမှုကို လျှော့ချကာ ရပ်တန့်လိုက်သည်။

ကျွမ်ရှင်းအဆင့်မှာ အမှန်တကယ်ပင် အဆင့်မြင့် ဒြပ်ထည်အဆင့်ထက် အဆပေါင်းများစွာ သာလွန်လှသည်။

ကျွမ်ရှင်းအဆင့်၌ စိတ်ဝိဉာဉ်အား ပုံသဏ္ဍာန်များစွာ ပြောင်းလဲနိုင်ပြီး ကောင်းကင်ဘုံနေမင်းအဆင့် ရှိသူသည်ပင် ရှာဖွေတွေ့ရှိရန် မလွယ်ကူပေ။

အရေးကြီးဆုံးအချက်မှာ ကျွမ်ရှင်းအဆင့်တွင် စိတ်ဝိဉာဉ်မီးတောက်အား ဖန်တီးနိုင်ခြင်း ဖြစ်သည်။

စိတ်ဝိဉာဉ်မီးတောက်သည် စိတ်ဝိဉာဉ်စွမ်းအင် ကျင့်ကြံသူများအတွက် အရေးပါသော အရာတစ်ခုဖြစ်ပြီး မည်သည့်ကျင့်စဉ်၊ လက်နက်နှင့်မဆို ပေါင်းစည်းနိုင်သောကြောင့် တိုက်ပွဲစွမ်းရည်အား မြှင့်တင်ပေးနိုင်သည်။

အနာဂတ်တွင် ဇူယွမ်မှာ မိစ္ဆာသတ်ဓားစက်ဝန်းကို အသုံးပြုတိုင်း စိတ်ဝိဉာဉ်မီးတောက်ဖြင့် ပေါင်းစပ်ကာ ၎င်း၏စွမ်းအင်အား မြှင့်တင်နိုင်မည် ဖြစ်သည်။

ဇူယွမ်မှာ ကျွမ်ရှင်းအဆင့်သို့ ရောက်ရှိနိုင်ရန် ကျင့်ကြံနေခဲ့သည်မှာ အတော်ပင် ကြာပြီဖြစ်ပြီး အဆင့်မတက်နိုင်ပဲ တန့်နေခဲ့သည်။ သို့သော် နတ်ဘုရားကျောက်တုံးထံမှ သန့်စင်သော စွမ်းအင်များက ကျွမ်ရှင်းအဆင့်သို့ တက်လှမ်းရန် များစွာအကူအညီပေးခဲ့လေသည်။

သူသည် ကျေနပ်အားရစွာဖြင့် နတ်ဘုရားကျောက်တုံးအား အရိုအသေပေးလိုက်သည်။ "ကျေးဇူးတင်ပါတယ်....ဘိုးဘေးနတ်ဘုရားကျောက်တုံးကြီး..."

နတ်ဘုရားကျောက်တုံးသည် အသိစိတ်ရှိသော ရတနာတစ်ခုဖြစ်ကြောင်း ဇူယွမ်မှ သိရှိထားသည်။

အသိစိတ်ရှိနေသောကြောင့်ပင် မူလဖျက်စီးခြင်းနတ်ဘုရား၏ စိတ်ဝိဉာဉ်ပေါင်းစပ်ခြင်းနည်းလမ်း ကျင့်ကြံနေသော သူ့အားခေါ်ဆောင်ကာ ယခုကဲ့သို့ လက်ဆောင်ပေးအပ်ခြင်း ဖြစ်ပေလိမ့်မည်။

နတ်ဘုရားကျောက်တုံးမှာ သဘောကျကျေနပ်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဇူယွမ်မှာ အလွန်ပျော်ရွှင်သွားရပြီးနောက် လေးစားစွာဖြင့် ပြောလိုက်သည်။ "ဘိုးဘေးနတ်ဘုရားကျောက်တုံးကြီး...နောက်တစ်ခါ ကျွန်တော် ဒီမှာလာကျင့်ကြံတဲ့အခါကြရင် ကျွန်တော့်စိတ်ဝိဉာဉ် အားကုန်ပင်ပန်းသွားတဲ့အချိန်ကြ အခုလိုမျိုး သန့်စင်တဲ့စွမ်းအင်တွေကို နည်းနည်းလောက်ဖြစ်ဖြစ် ပေးပါလားဟင်။"

နတ်ဘုရားကျောက်တုံးထံမှ ရရှိသော သန့်စင်သော စွမ်းအင်မှာ စိတ်ဝိဉာဉ်အတွက် အလွန်ပင် အကျိုးရှိလွန်းလှသည်။

ထို့ကြောင့် ၎င်းစွမ်းအင်ကိုသာ အထောက်အပံ့အနေဖြင့် ရရှိခဲ့ပါက ဇူယွမ်မှာ စိတ်ဝိဉာဉ်စွမ်းအင် ကုန်ခမ်းမည်ကို ပူပန်နေစရာ မလိုတော့ပေ။

ဇူယွမ်မှာ နတ်ဘုရားကျောက်တုံးထံမှ သန့်စင်သော စွမ်းအင်များကို နှလုံးသားထဲမှ မက်မက်မောမော လိုချင်နေမိသည်။

နတ်ဘုရားကျောက်တုံးမှာ အနည်းငယ် တွေဝေနေပြီးနောက် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ဇူယွမ်မှာ ကျေနပ်အားရသွားရသည်။ "ဘိုးဘေးနတ်ဘုရားကျောက်တုံးကြီးက တကယ့်ကို စိတ်ထားကောင်းတာပဲ။ အဲ့ဒါဆို ကျွန်တော့်ရဲ့ လေလိပ်ပြာမှော်စာလုံး မြန်မြန်ရအောင် မူလအမှတ်အသား နည်းနည်းလောက် ထပ်မပေးချင်ဘူးလား။"

ဝုန်း....

နတ်ဘုရားကျောက်တုံးမှာ ပြင်းထန်စွာ ခါရမ်းလာပြီးနောက် ဇူယွမ်မှာလည်း အောက်သို့ပြုတ်ကျသွားရသည်။

ဇူယွမ်မှာ အရှိန်ပြင်းစွာ ပြုတ်ကျနေရင်းဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ရှင်းခွမ်းထီလေလွှာအောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး လေလိပ်ပြာမျှော်စင်ထက်တွင် ရှိနေကြောင်း သိရှိလိုက်ရသည်။

နတ်ဘုရားကျောက်တုံး၏ အကာအကွယ်ပေးမှု မရှိတော့သဖြင့် ဇူယွမ်မှာ ရှင်းခွမ်းထီလေလွှာ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားများကို ခံစားနေရသည်။

နတ်ဘုရားကျောက်တုံးမှ စိတ်ဆိုးကာ သူ့အားကန်ချလိုက်ပုံပင်။

သူဒေါသထွက်စွာဖြင့် ရေရွတ်လိုက်မိသည်။ "ဟမ့်…မူလအမှတ်အသား နည်းနည်းလောက်တောင် မပေးဘူးပေါ့လေ။ ကပ်စေးကုပ်လိုက်တာ။"

ထို့နောက် ချက်ချင်းဆိုသလို နောင်တရလိုက်မိသည်။ ကြည့်ရသည်မှာ နတ်ဘုရားကျောက်တုံးသည် ထက်မြက်ပုံရပြီး စည်းကမ်းတင်းကြပ်ပုံ ရသည်။ သူသနားစဖွယ် တောင်းဆိုခဲ့သည်ကိုပင် မူလအမှတ်အသား အနည်းငယ်မျှ မရရှိခဲ့ပေ။

"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် ဘိုးဘေးနတ်ဘုရားကျောက်တုံးကြီး....ကျွန်တော် အချိန်ရရင် ထပ်လာခဲ့ပါဦးမယ်။" ဇူယွမ်မှ အရိုအသေပေးလိုက်ပါသော်လည်း မည်သည့်တုံ့ပြန်မှုမှ မရရှိချေ။

ထို့နောက် ဇူယွမ်၏စိတ်ဝိဉာဉ်မှာ ဘောလုံးတစ်ခုအရွယ်သို့ပြောင်းကာ မြေပြင်ဆီသို့ လျင်မြန်စွာ ဆင်းသက်လျက် ခန္ဓာကိုယ်အတွင်း ပြန်လည်ဝင်ရောက်လိုက်သည်။

ကျွမ်ရှင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သောကြောင့် စိတ်ဝိဉာဉ်အား အလိုရှိသလို ပုံဖော်ပြောင်းလဲနိုင်ပြီ ဖြစ်သည်။

ဇူယွမ်မှာ အသက်ရှူချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။

သူ၏အာရုံခံနိုင်စွမ်းမှာ ယခင်ကထက် ဆယ်ဆမက ပြတ်သားကြည်လင်လာလေပြီ။ ဇူယွမ်မှာ မျက်မှောင်ကျုံ့လျက် တစ်နေရာသို့ ကြည့်ရှုလိုက်သည်။

သူသည် ပုံရိပ်သုံးခု စုဝေးနေသည်ကို တွေ့ရှိလိုက်ရပြီးနောက် ဒေါသထွက်စွာဖြင့် ထိုနေရာသို့ အလျင်အမြန် ထွက်ခွာသွားတော့သည်။

.........

ဒုန်း....

ပြင်းထန်လှသော ချီစွမ်းအင်မှာ လျိုကျစ်ရွှမ်း၏ ရင်ဘတ်အား ထိမှန်သွားသောကြောင့် အဝေးသို့ လွင့်စင်သွားရကာ တောင်စောင်းနှင့် ရိုက်မိသဖြင့် ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရသည်။

"လျိုကျစ်ရွှမ်း......မင်းအတွက် ဘာကကောင်းလဲ၊ ဘာကဆိုးလဲဆိုတာ မင်းသိသင့်တယ်။"

ကျင်းထျန်းမှ အေးစက်စွာ စကားဆိုလိုက်သည်။ "ဇူယွမ်...ဘယ်ဘက်ကိုသွားလဲဆိုတာပဲ ငါတို့ကို ပြောလိုက်စမ်းပါ။ မင်းကိုငါတို့ စိတ်မဝင်စားဘူး။"

လျိုကျစ်ရွှမ်းမှာ သွေးများကိုသုတ်လျက် ပြုံးရယ်လိုက်ပါသော်လည်း စကားတစ်လုံးမှပင် မပြောပေ။

"အဟက်....မင်းကတကယ်သစ္စာရှိတဲ့ကောင်ပဲ။ လေနန်းဆောင်ထဲ ရောက်ရောက်ချင်းမှာတောင် ငါ့ကိုဆန့်ကျင်ရဲနေပြီပေါ့လေ။"

ကျင်းထျန်း၏ မျက်ဝန်းများမှာ ဒေါသအငွေ့အသက်များဖြင့် ဖုံးလွှမ်းလာရသည်။ "မင်းက ငါ့ရဲ့ကြင်နာမှုကို ငြင်းလိုက်မှတော့ ငါ့ကိုအဆိုးမဆိုနဲ့တော့။ လေလိပ်ပြာမျှော်စင်မှာ လူသတ်လို့ မရဘူးဆိုပေမယ့် မင်းရဲ့ခြေတွေလက်တွေကိုချိုးပြီး ဆုံးမပေးလို့တော့ ရတယ်။ မင်းရဲ့ တန်ဖိုးရှိလှတဲ့ လက်ထောက်ခေါင်းဆောင် ဇူယွမ်က မင်းကို ကာကွယ်ပေးနိုင်မယ်များ ထင်နေလား။"

သူသည် လင်ကျန်းနှင့် ဝူသောင့်တို့အားကြည့်ကာ အမိန့်ပေးလိုက်သည်။ "အဲ့ကောင်ရဲ့ ခြေလက်တွေကို ချိုးပစ်လိုက်။"

လင်ကျန်းနှင့် ဝူသောင့်တို့မှာ ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးရယ်လိုက်ပြီးနောက် လျိုကျစ်ရွှမ်းအနား တိုးကပ်သွားကြသည်။

လျိုကျစ်ရွှမ်းမှာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလျက် ထွက်ပြေးနိုင်ရန် ကြိုးစားလိုက်သည်။

သို့သော် သူ၏တိုက်ပွဲစွမ်းရည်မှာ လင်ကျန်းနှင့် ဝူသောင့်တို့လောက် မကောင်းသဖြင့် အသက်ရှုချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် ဖမ်းခံလိုက်ရသည်။ ၎င်းတို့မှာ လျိုကျစ်ရွှမ်း၏ လက်တစ်ဖက်စီအား ဖမ်းချုပ်ထားလိုက်သည်။

"ကဲ....ဇူယွမ် ဘယ်ကိုသွားတယ်ဆိုတာ ငါတို့ကို ပြောပြတော့မလား။" လင်ကျန်းမှ အေးစက်စွာ မေးလိုက်သည်။

"ထွီး..."

လျိုကျစ်ရွှမ်းမှာ လင်ကျန်းတို့နှစ်ဦးအား သွေးများဖြင့် ထွေးထုတ်လိုက်သည်။

၎င်းတို့မှာ အလွန်ဒေါသထွက်သွားရပြီးနောက် ချက်ချင်းဆိုသလို လျိုကျစ်ရွှမ်း၏ လက်များကို ဖြတ်တောက်ရန် လုပ်လိုက်သည်။

ဝုန်း....

ထိုအချိန်မှာပင် ဓားဟိန်းသံနှင့်အတူ ဓားစက်ဝန်းတစ်ခုမှာ လင်ကျန်းတို့နှစ်ဦးထံ ဦးတည်ပျံဝဲလာသည်။

လင်ကျန်းနှင့် ဝူသောင့်မှာ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားရပြီးနောက် လျိုကျစ်ရွှမ်းအား ဓားစက်ဝန်း ပျံဝဲလာရာထံသို့ ပိတ်ကန်လိုက်သည်။

ဓားစက်ဝန်းမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီးနောက် ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ လျိုကျစ်ရွှမ်းအား ထိန်းထားပေးလိုက်သည်။

လျိုကျစ်ရွှမ်းမှာ ထိုပုံရိပ်အား ကြည့်ရှုလိုက်ပြီးနောက် လျင်မြန်စွာ အော်ဟစ်လိုက်သည်။ "မြန်မြန်ထွက်ပြေးပြီး လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်ကို ရှာလာခဲ့။"

ရောက်ရှိလာသော ပုံရိပ်မှာ ဇူယွမ်ပင် ဖြစ်သည်။

ဇူယွမ်သည် ကျင်းထျန်းအား အနိုင်ရဖူးပါသော်လည်း ယနေ့တွင် ၎င်းတို့ဖက်၌ သုံးဦးတောင် ရှိနေသောကြောင့် လျိုကျစ်ရွှမ်းမှ စိတ်ပူနေရခြင်းပင်။

မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် လျိုကျစ်ရွှမ်း၏ပုခုံးအားပုတ်ကာ ပြောလိုက်သည်။ "အရင် ခဏလောက် နားလိုက်ပါဦး။"

ထို့နောက် ကျင်းထျန်းတို့အားကြည့်ကာ မေးလိုက်သည်။ "မင်းတို့ငါ့ကို ရှာနေတာလား။"

ကျင်းထျန်းမှ မထီမဲ့မြင်ပြုစွာ စကားဆိုလိုက်သည်။ "ယို့...လက်ထောက်ခေါင်းဆောင် ဇူယွမ်က ငါတို့ဆီ လာရဲသားပဲ။"

ဇူယွမ်မှ ၎င်းတို့သုံးဦးအားကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "မင်းတို့က အထက်လူကြီးကို စော်ကားရဲတယ်ပေါ့။"

ကျင်းထျန်းမှ ရယ်မောလိုက်သည်။ "ငါတို့ညီအကိုတွေအတွက် မူလအကြွေစေ့ ကုန်သွားလို့ လက်ထောက်ခေါင်းဆောင် ဇူယွမ်ဆီက ငှားချင်ရုံလေးပါ။"

"ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ မနေ့က မင်းရလာတဲ့ မူလအကြွေစေ့တွေကို ပေးခဲ့လိုက်။ အဲ့ဒါဆို ငါတို့ကြား ဘာပြဿနာမှ မရှိတော့ဘူး။"

ဇူယွမ်မှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "မင်းက တော်တော်သတ္တိရှိနေတဲ့ပုံပဲ။"

ကျင်းထျန်းမှ မထီမဲ့မြင် စကားဆိုလိုက်သည်။ "အဟက်...မင်းကိုယ်မင်း ဘာများထင်နေလဲ။ မင်းကို ဒီလိုစကားပြောဖို့ သတ္တိရှိစရာ လိုရဦးမှာလား။"

ဇူယွမ်မှ အေးစက်စွာ ပြောလိုက်သည်။ "မင်းကို ကူညီပေးမယ့်ကောင် နှစ်ယောက်လောက် ရှိနေတာနဲ့ပဲ ငါ့ကိုနိုင်မယ် ထင်နေတာလား။"

"တော်တော်အရှက်မရှိတဲ့ကောင်ပါလား။"

ကျင်းထျန်းမှာ ဒေါသထွက်စွာ ပြောလိုက်သည်။ လင်ကျန်းနှင့် ဝူသောင့်တို့မှာလည်း လှောင်ပြောင်သရော်နေကြသည်။ ထို့နောက် ဇူယွမ်အားကြည့်ကာ အလေးမထားဟန်ဖြင့် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်ကြသည်။

လျိုကျစ်ရွှမ်း၏ အမူအရာမှာ ပြောင်းလဲသွားရသည်။

ဇူယွမ်မှာ အနည်းငယ်မျှပင် တုန်လှုပ်မှုမရှိပဲ မိုးပြာရောင် ချီစွမ်းအင်များဖြင့် ရစ်ပတ်ထားသော မိစ္ဆာသတ်ဓားစက်ဝန်းကို ထွက်ပေါ်စေလိုက်သည်။ ဓားစက်ဝန်း၏ အပေါ်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော စိတ်ဝိဉာဉ်မီးတောက်တစ်ခု ရှိနေသည်။

"ကောင်းပြီလေ။ ငါကပဲ မင်းတို့ရဲ့ ခြေတွေလက်တွေကို ရိုက်ချိုးပြီး ဆုံးမပေးရတာပေါ့။"

All Chapters