← Chapters

လျင်မြန်လှသောတိုက်ခိုက်မှု

Vol. 58 Ch. 798

လျင်မြန်လှသောတိုက်ခိုက်မှု

Vol. 58 Ch. 798

ဝုန်း....

ကြောက်မက်ဖွယ်ကောင်းသော ဓားချီထံမှ အဖျက်စွမ်းအင်များ ထွက်ပေါ်နေလျက် ရှိသည်။

ကျင်းထျန်းမှာ အလေးပင်မထားဟန်ဖြင့် စကားဆိုလိုက်သည်။ "မင်းက တိုက်ချင်နေတုန်းလား။ မနေ့တုန်းက ငါသေချာ သတိမထားလိုက်လို့ပါကွာ။ ဒီနေ့ ငါတို့ဖက်မှာ လူသုံးယောက်တောင် ရှိတယ်။ အဲ့ဒါကို မင်းနိုင်မယ်လို့ ထင်နေတုန်းပဲလား။"

ဝုန်း...

ကျင်းထျန်းတို့မှာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ပြီးပြည့်စုံခြင်း မရှိသော လေလိပ်ပြာမှော်စာလုံးကိုပါ အသက်သွင်းလိုက်ကြသည်။

၎င်းတို့မှာ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်အား ကောင်းစွာမြင်တွေ့ထားရသောကြောင့်ယနေ့တွင် သုံးယောက် အတူတကွ တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြသည်။

ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် မိစ္ဆာသတ်ဓားစက်ဝန်းကို လင်ကျန်းထံ ပစ်လွှတ်လိုက်သည်။

"အဟက်..."

လင်ကျန်းမှ မထီမဲ့မြင်ပြုံးကာ ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုဖြင့် ကာကွယ်ထားလိုက်သည်။ ကျင်းထျန်းနှင့် ဝူသောင့်တို့ လာရောက်မကူညီနိုင်ခင် အသက်ရှုချိန် အနည်းငယ်စာမျှစာ တောင့်ခံထားရန် လိုအပ်သည်။ ၎င်းတို့သုံးဦးသာ ပေါင်းစည်းလိုက်ပါက ဇူယွမ်အား သေချာပေါက် အနိုင်ရပေလိမ့်မည်။

ဝှစ်....

မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ရွှေရောင်အလင်းတန်း တစ်ခုမှာ လင်ကျန်း၏ ကွမ်းဟွမ်ရောင်လျှံဝန်းများကို ဖျက်စီးလိုက်သည်။

ချပ်....

တိုးညင်းသော အက်ကွဲသံက လင်ကျန်း၏ အကြောက်တရားများ အားလုံးကို နှိုးဆွလိုက်သည်။

လင်ကျန်းမှ တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

သူသည် ကွမ်းဟွမ်ရောင်လျှံဝန်းအတွင်း စွမ်းအင်အပြည့်အဝ ထည့်သွင်းထားရုံမျှမက ပြီးပြည့်စုံခြင်း မရှိသော လေလိပ်ပြာမှော်စာလုံးကိုပါ အသက်သွင်းထားသေးသည်။ ထိုသည်ကို အဘယ့်ကြောင့် မျက်စိတမှိတ်စာအတွင်း ဖျက်စီးခံလိုက်ရပါသနည်း။

ဝှစ်....

ဓားအလင်းတန်းမှာ ထိုမျှနှင့်ပင် ရပ်တန့်မသွားပဲ သူ၏ညာဖက်လက်မောင်းအား ဖြတ်တောက်ပစ်လိုက်သည်။

"အား...."

လင်ကျန်းမှ နာကျင်စွာ အော်ဟစ်လိုက်သည်။

ကျင်းထျန်းနှင့် ဝူသောင့်တို့၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ခေတ္တမျှသော အချိန်အတွင်းမှာပင် လင်ကျန်း၏ လက်မောင်းတစ်ဖက် ပြတ်တောက်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

"သူ့ရဲ့ဓားစက်ဝန်းက အရင်ကနဲ့ မတူတော့ဘူး။" ကျင်းထျန်းမှ ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ ဇူယွမ်၏ မိစ္ဆာသတ်ဓားစက်ဝန်းသည် ယခင်သူနှင့် တိုက်ခိုက်စဉ်ကထက် ပိုမိုကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။

ထို့နေ့က ကျင်းထန်းမှာ ရှုံးနိမ့်ခဲ့ရပါသော်လည်း ဇူယွမ်မှာလည်း အားကုန်သုံးခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မှာ သုံးယောက်ပေါင်း၍ တိုက်ခိုက်ပါက ဇူယွမ်အား အနိုင်ရလိမ့်မည်ဟု ယုံကြည်ခဲ့မိသည်။

သို့သော် ကျင်းထန်းနှင့် လက်ရည်မကွာသော လင်ကျန်းသည်ပင် မျက်စိတမှိတ်စာအတွင်း လက်မောင်းတစ်ဖက် ဖြတ်ခံလိုက်ရသည်။

"ငါနဲ့တိုက်တုန်းက လျိုထားတာများလား။" ကျင်းထျန်းမှာ တစ်ရက်အတွင်း တိုက်ပွဲစွမ်းရည် တိုးတက်လာသော ဇူယွမ်ကို မယုံကြည်နိုင် ဖြစ်နေရသည်။

ဇူယွမ်မှာ တည်ငြိမ်နေလျက်သာ ရှိသည်။ သူသည် အမှန်တကယ်ပင် တစ်ညတည်းဖြင့် တိုက်ပွဲစွမ်းရည် တိုးတက်လာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ငါးခုမြောက် နိဗ္ဗာန်အား ဖွင့်လှစ်နိုင်ခဲ့သောကြောင့် ချီကြယ်ပွင့် သုံးသန်းမျှ တိုးတက်လာခဲ့ပြီး စိတ်ဝိဉာဉ်မှာလည်း ကျွမ်ရှင်းအဆင့်သို့ ရောက်ရှိသွားခဲ့သောကြောင့်ပင်။

ဝှစ်....

ဓားအလင်းတန်းမှာ ဝူသောင့်ထံသို့ ဆက်လက်ပျံဝဲလာသည်။

"ရဲတင်းလိုက်တာ။"

ဝူသောင့်မှာ ဇာမဏီဓားသွားအား ဆင့်ခေါ်လိုက်သည်။ ဓားသွားမှ ဖြစ်ပေါ်လာသော ဓားအလင်းတန်းသည် ပေရာကျော်မျှအထိရှိပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်ဖိအားများကို ပေးစွမ်းနေလျက် ရှိသည်။

ချလန်း.....

ဓားနှင့်ဓားစက်ဝန်းတို့ တွေ့ဆုံသွားကြသည်။

စွမ်းအင်လှိုင်းဂယက်များနှင့်အတူ ဝူသောင့်မှာ နာကျင်စွာဖြင့် ဇာမဏီဓားသွားအား လွှတ်ချလိုက်ရပြီးနောက် သူ၏လက်တစ်ဖက်မှာ ပြတ်ထွက်သွားတော့သည်။

ဝူသောင့်မှာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် ကြောက်ရွံ့နာကျင်စွာ အော်ဟစ်နေရသည်။

ကျင်းထန်းမှာ ဖြူရော်စွာဖြင့် ဇူယွမ်အား ကြည့်ရှုနေမိသည်။ အသက်ရှုချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် လင်ကျန်းနှင့် ဝူသောင့်တို့အား အမှောက်သိပ်လိုက်ခြင်းပင်။

ကျင်းထျန်းသာမက လျိုကျစ်ရွှမ်းမှာလည်း မျက်စိအပြူးသား ဖြစ်နေရသည်။

ရွှမ်ကျိုးမြို့တော်တွင် ရှိစဉ်အခါက ဇူယွမ်မှာ မို့ယွမ်ကို အနိုင်ရရန်ပင် အတော်ကြိုးစားခဲ့ရသည်။ သို့သော် မကြာလိုက်သော အချိန်ကာလအတွင်း၌ပင် ၎င်း၏တိုက်ပွဲစွမ်းရည်မှာ များစွာတိုးတက်နေခဲ့လေပြီ။

"ကြည့်ရတာ မင်းတို့က သေချာမပြင်လာခဲ့ပုံပဲ။" ဇူယွမ်မှာ လေထဲတွင် ပျံဝဲလျက် ကျင်းထျန်းအားကြည့်ကာ ပြောလိုက်သည်။

ကျင်းထျန်းမှာ တုန်လှုပ်စွာဖြင့် တစ်ဖက်သို့လှည့်ကာ ထွက်ပြေးတော့သည်။ ၎င်းတို့သည် ကျားဂူထဲ ဝင်သွားသော သိုးငယ်လေးများသာဖြစ်ကြောင်း ကောင်းစွာသဘောပေါက်သွားရသည်။ သူသာ ထွက်မပြေးပါက လင်ကျန်းနှင့် ဝူသောင့်တို့ကဲ့သို့ပင် ဆိုးရွားသော ကံကြမ္မာအား ရင်ဆိုင်ရပေတော့မည်။

"အခုမှ ထွက်ပြေးဖို့ဆိုတာ သိပ်နောက်ကျသွားပြီ။" ဇူယွမ်မှာ ဓားစက်ဝန်းအား ကြည့်နေရင်းဖြင့် ပြောလိုက်သည်။

ကျင်းထျန်းမှာ ကြောက်ရွံ့စွာဖြင့် ပျံဝဲနေသောအရှိန်အား မြှင့်တင်လိုက်သည်။

ဝုန်း.....

သို့သော် ဓားစက်ဝန်းမှာ ကျင်းထျန်းရှေ့သို့ ချက်ချင်းဆိုသလို ရောက်ရှိလာကာ ဓားအရိပ်ပေါင်းများစွာအဖြစ် ပြောင်းလဲလျက် အရပ်မျက်နှာအစုံမှ ကာရံထားလိုက်သည်။

ကျင်းထျန်းမှာ ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုအား အကာအကွယ်လွှာအဖြစ် အသုံးပြုလိုက်သည်။

ဒုန်း....

ဒုန်း.....

ဓားအရိပ်များ၏ ထိုးဖောက်မှုကြောင့် ကွမ်းဟွမ်းရောင်လျှံဝန်းပေါ်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာရပြီး မကြာမီမှာပင် ကျယ်လောင်စွာ ပေါက်ကွဲသွားရသည်။

ကျင်းထျန်း၏ ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုမှာ မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ပျက်စီးသွားရလေသည်။

"ကျေး...ကျေးဇူးပြုပြီး သက်ညှာပေးပါ လက်ထောက်ခေါင်းဆောင်...." ကျင်းထျန်းမှ ကြောက်ရွံ့စွာ အော်ဟစ်တောင်းပန်လိုက်သည်။

ဇူယွမ်မှာ အနည်းငယ်မျှပင် အလေးထားပုံ မရပေ။ သူသည် ကျင်းထျန်းအား အခြားသူနှစ်ဦးနှင့်အတူ လက်ထောက်ခေါင်းဆောင်ဖြစ်သူအား ဆန့်ကျင်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ယခုကိစ္စကိုသာ အလွယ်တကူ လွှတ်ပေးလိုက်ပါက သူ၏ဂုဏ်သိက္ခာများ ရေစုန်မြောသွားရပေလိမ့်မည်။

ရွှပ်...

ဓားအလင်းတန်းမှာ ကျင်းထျန်း၏လက်အား အညှာအတာကင်းမဲ့စွာ ဖြတ်တောက်သွားသည်။

ကျင်းထျန်းမှာ နာကျင်လွန်းသဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်နေရသည်။

ဇူယွမ်မှာ ဓားစက်ဝန်းအား ပြန်လည်ဆင့်ခေါ်ကာ ရုတ်သိမ်းလိုက်သည်။

"အကိုလျို....ခင်ဗျား အဆင်ပြေရဲ့လား။" ဇူယွမ်မှ လျိုကျစ်ရွှမ်းအားကြည့်ကာ မေးမြန်းလိုက်သည်။

လျိုကျစ်ရွှမ်းမှာ ဒဏ်ရာရထားပါသော်လည်း အသည်းအသန် အခြေအနေ မဟုတ်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် မယုံကြည်နိုင်စွာဖြင့် ကျင်းထျန်းတို့သုံးဦးအား ကြည့်ရှုလိုက်သည်။

ဇူယွမ်မှ ခပ်ဖွဖွ ရယ်မောကာ စကားဆိုလိုက်သည်။ "မင်းတို့သုံးယောက်ကို ဘယ်သူခိုင်းလိုက်တာလဲ။"

လင်ကျန်းမှ ဖြူရော်နေသော အမူအရာဖြင့် ပြောလိုက်သည်။ "သိပ်လည်းပျော်မနေနဲ့ဦး။ မင်းငါတို့ကို သတ်ရဲမှာမို့လို့လား။"

ဝူသောင့်မှာလည်း မထီမဲ့မြင် စကားဆိုလိုက်သည်။ "ငါတို့ရဲ့ သခင်က ချန်းပိုင်ဖန်းပဲ။ မင်းသူ့ကို ထိရဲလို့လား။"

"ချန်းပိုင်ဖန်းဟုတ်လား။" ဇူယွမ်မှာ အနည်းငယ် အံ့အားသင့်သွားရသည်။ "သူက မင်းတို့ကို ခိုင်းလိုက်တာပေါ့လေ။"

ဝူသောင့်မှ အေးစက်စွာ ရယ်မောလိုက်သည်။ "မင်းလိုလူသစ်တစ်ယောက်က ဒီလောက်ရဲတင်းတာ ငါမယုံနိုင်ဘူး။ လက်ထောက်ခေါင်းဆောင် ချန်းပိုင်ဖန်းက မင်းကိုဂရုစိုက်မတဲ့လား။ ငါတို့ကိုယ်တိုင် သင်ခန်းစာပေးဖို့ လာခဲ့တာ။"

ဇူယွမ်မှာ ထိုစကားများကို အလေးပင်မထားပေ။ ယခုကိစ္စနှင့် ချန်းပိုင်ဖန်း တစ်စုံတစ်ခု ပက်သတ်နေမည်မှာ သေချာသည်။ မည်သို့ပင်ဆိုစေကာမူ ချန်းပိုင်ဖန်းမှ ထိုသို့လုပ်လာသည်မှာ ထူးခြားနေသည်။ စင်စစ်အားဖြင့် ၎င်းသည် သူ့အား ပြိုင်ဖက်အဖြစ် သဘောထားနေရန်ပင် မလိုအပ်ချေ။

ချန်းပိုင်ဖန်းမှ ယခုကဲ့သို့ ခိုင်းစေလိုက်သောကြောင့် ဇူယွမ်မှာလည်း သက်ညှာနေစရာ အကြောင်းမရှိတော့ပေ။

သူတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "မင်းတို့သုံးယောက်ကို သတ်ပစ်လိုက်ရင်တော့ စည်းကမ်းနဲ့ မညီသလို ဖြစ်နေလိမ့်မယ်။"

ကျင်းထျန်းတို့မှ အေးစက်စွာ ရယ်မောလိုက်သည်။

သို့သော် ဆက်လက်ပြောလိုက်သည့် ဇူယွမ်၏စကားကြောင့် ၎င်းတို့အပြုံးများ ပျောက်ကွယ်သွားရသည်။ "ဒါပေမယ့် မင်းတို့က လက်ထောက်ခေါင်းဆောင်ကို ဆန့်ကျင်ရဲတယ်ဆိုတော့ မင်းတို့ရဲ့ ခြေလက်တွေကိုတော့ ဖြတ်ပေးရမှာပေါ့။"

ကျင်းထျန်းတို့မှ ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။ "မင်း...လုပ်..လုပ်ရဲလို့လား။"

ဇူယွမ်မှာ မည်သည့်စကားမှမဆိုပဲ ဝူသောင့်၏ ဇာမဏီဓားသွားအား ဆွဲယူကာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလျက် ဓားအား၎င်းတို့ထံ ပစ်လွှတ်လိုက်သည်။

ကျင်းထျန်းတို့မှာ ပျံဝဲလာသော ဓားသွားအား ကြည့်ရှုနေရင်းဖြင့် လွန်စွာတုန်လှုပ်လာရသည်။ အဖိုးတန် ဆေးဝါးများ အသုံးပြုကာ ခြေလက်များ ပြန်ပေါက်အောင် လုပ်နိုင်ခဲ့လျှင်ပင် ကျင့်ကြံခြင်း၌ များစွာဆုံးရှုံးပျက်စီးသွားပေလိမ့်မည်။

"မင်းဘာလိုချင်လဲ။" ဝူသောင့်မှ အော်ဟစ်လိုက်သည်။

ဓားသွားမှာ ရပ်တန့်သွားသည်။

ဇူယွမ်မှာ စိမ်ပြေနပြေ ထိုင်ချလိုက်ပြီးနောက် ၎င်းတို့သုံးဦးအားကြည့်ကာ စကားဆိုလိုက်သည်။ "မင်းတို့သုံးယောက်က ငါ့ဆီကနေ ဓားပြတိုက်ချင်တာမလား။"

ကျင်းထျန်းတို့မှာ ကြောက်ရွံ့လွန်းသဖြင့် တုန်လှုပ်ခြောက်ခြားနေသည်။

"အခု ငါမင်းတို့ရဲ့ခြေထောက်တွေကို မဖြတ်ရသေးဘူးလေ။ လက်တစ်ဖက်စီလည်း အကောင်းအတိုင်း ရှိနေတယ်မလား။ အဲ့တော့ မင်းတို့ ခြေတွေလက်တွေ မပြတ်ချင်ရင် ငါ့ကို မူလအကြွေစေ့ တစ်ယောက်ကို ပြားကိုးဆယ်စီ ပေးရမယ်။ အဲ့ဒါဆိုရင်တော့ ငါဘာမှမလုပ်ပါဘူး။"

ကျင်းထျန်းမှာ ရယ်မောကာ စကားပြောနေသော ဇူယွမ်အား မိစ္ဆာတစ်ကောင် တွေ့နေရသကဲ့သို့ ထင်မှတ်နေမိလေတော့သတည်း....

All Chapters