← Chapters

စီရင်ချက်

Vol. 58 Ch. 800

စီရင်ချက်

Vol. 58 Ch. 800

ဝုန်း...

ချန်းပိုင်ဖန်း ရောက်ရှိလာသည်နှင့်အတူ ကျယ်လောင်လှသော ချီစွမ်းအင် ပေါက်ကွဲသံအား ကြားလိုက်ကြရသည်။

လူအုပ်ကြီးမှာ ကြောက်ရွံ့စွာဖြင့် အနောက်သို့ ဆုတ်သွားကြသည်။

ချန်းပိုင်ဖန်းမှာ အလွန်ဒေါသထွက်နေပုံပေါ်ပြီး ဇူယွမ်အား သင်ခန်းစာပေးမည့်ဟန် ရှိသည်။ လင်ကျန်းတို့သုံးဦးမှာ သူ၏လက်အောက်မှဖြစ်ကြောင်း လေနန်းဆောင်အတွင်း မသိသူ မရှိကြပေ။ ဇူယွမ်မှာ လင်ကျန်းတို့အား သွားရောက်ထိပါးသောကြောင့် ချန်းပိုင်ဖန်း၏ ဒေါသအား ဆွမိလိုက်ပြီပင် ဖြစ်သည်။

ဇူယွမ်မှာလည်း ချန်းပိုင်ဖန်း၏ စွမ်းအင်ဖိအားများကို ခံစားမိလေသည်။

သို့သော် အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပေ။

ဇူယွမ်မှာ ချန်းပိုင်ဖန်းအား အေးစက်စွာ ကြည့်ရှုလိုက်ပြီးနောက် မိစ္ဆာသတ်ဓားစက်ဝန်းကို ထုတ်ဖော်လိုက်သည်။

ဝုန်း....

မိစ္ဆာသတ်ဓားစက်ဝန်းအား မိုးပြာရောင် ချီစွမ်းအင်များနှင့် စိတ်ဝိဉာဉ်မီးတောက်တို့ဖြင့် ဖုံးအုပ်လိုက်သည်။ စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် မိစ္ဆာသတ်ဓားစက်ဝန်းမှာ ချန်းပိုင်ဖန်း၏ ချီစွမ်းအင် လှိုင်းလုံးများထံ တိုးဝင်သွားသည်။

ဝုန်း....

ချက်ချင်းဆိုသလိုပင် စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့လာသည်။

လူအုပ်ကြီးမှာ အနောက်သို့ ထပ်မံဆုတ်ခွာသွားရသည်။

ဇူယွမ်မှာ မိစ္ဆာသတ်ဓားစက်ဝန်းကို ပြန်လည်ဖမ်းယူလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကြောင့် သူသည်ပင် အနောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်သွားရသည်။

သူသည် ယခုတစ်ကြိမ်နှင့်ပင် ချန်းပိုင်ဖန်း၏ အားကောင်းလှသော တိုက်ပွဲစွမ်းရည်ကို ခန့်မှန်းမိလိုက်သည်။

ဝှစ်...

ချန်းပိုင်ဖန်းမှာ ကောင်းကင်ပေါ်သို့ ပျံသန်းကာ ဇူယွမ်အား စူးစိုက်ကြည့်ရှုနေသည်။ သူသည် ပထမ၌ ဇူယွမ်အား ရိုက်နှက်ကာ လူအများ အံ့အားသင့်အောင် လုပ်ပြမည်ဟု ကြံရွယ်ထားခဲ့ပါသော်လည်း ခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်သွားရုံသာ လုပ်နိုင်ခဲ့သည်။

ဇူယွမ်မှာ မနေ့ကထက် အဆပေါင်းများစွာ ပို၍သန်မာလာသည်ဟု ထင်မှတ်ရ၏။

ချန်းပိုင်ဖန်းမှာ မျက်မှောင်ကျုံ့လိုက်မိသည်။ သို့သော် ဇူယွမ်မှ မည်သည့်နည်းနှင့်ပင် တိုက်ခိုက်ခဲ့ပါစေ လင်ကျန်းတို့အား ရာထူးမှ ထုတ်ပယ်မည်ကို ခွင့်မပြုနိုင်ပေ။

လေနန်းဆောင်တွင် အဖွဲ့မှူး ရှစ်ဦးရှိပြီး လေးဦးမှာ သူ၏လက်အောက်မှ ဖြစ်သည်။ ယခု ဇူယွမ်မှ ၎င်းတို့သုံးဦးအား ရာထူးမှ ထုတ်ပယ်လိုက်ပါက သူ၏ကြိုးစားမှုများ ရေစုန်မြောသွားရပေလိမ့်မည်။

"လက်ထောက်ခေါင်းဆောင် ဇူယွမ်....မနေ့က ကျင်းထျန်းရဲ့ လုပ်ရပ်တွေကြောင့် မင်းဘယ်လောက်ပဲ ဒေါသဖြစ်ဖြစ် အခုလို လုပ်လို့မရဘူးလေ။ သူတို့ကို လွှတ်ပေးလိုက်။ ငါလည်း ပြဿနာတွေ မဖြစ်ချင်ဘူး။" ချန်းပိုင်ဖန်းမှ စကားဆိုလိုက်သည်။

သူ၏စကားသံမှာ တည်ငြိမ်နေပါသော်လည်း အမိန့်ပေးဟန်အချို့ ပါဝင်နေသည်။

နှစ်ပေါင်းများစွာအတွင်း လေနန်းဆောင်၌ သူ၏အမိန့်အား ဆန့်ကျင်ရဲသူ မရှိခဲ့ပေ။

ဇူယွမ်မှ မျက်ခုံးပင့်ကာ ပြောလိုက်သည်။ "လက်ထောက်ခေါင်းဆောင် ချန်းပိုင်ဖန်း....ခုနက ငါပြောတာကို မကြားလိုက်ဘူးလား။ ဒီသုံးယောက်က သူတို့ရဲ့ အထက်လူကြီးကို စော်ကားတယ်။ လေနန်းဆောင်မှာ မင်းကိုမင်း စည်းကမ်းထုတ်ခွင့်ရှိတဲ့သူလို့ ထင်နေလား။"

သူ၏စကားသံမှာ တည်ငြိမ်လွန်းလှသည်။

ချန်းပိုင်ဖန်းအား ယခုကဲ့သို့ ပြောဆိုရဲသည့်သူ မမြင်တွေ့ခဲ့ဖူးသောကြောင့် လေနန်းဆောင်၏ အဖွဲ့ဝင်များမှာ အံ့အားသင့်နေရသည်။

ချန်းပိုင်ဖန်းမှ အေးစက်စွာ ပြောလိုက်သည်။ "သူတို့သုံးယောက်က မင်းကိုအကြောင်းပြချက် မရှိပဲ တိုက်ခိုက်စရာလား။ မင်းက လက်ထောက်ခေါင်းဆောင် ဖြစ်လာပြီ ဆိုတာနဲ့ပဲ လုပ်ချင်ရာလုပ်လို့ ရမယ်ထင်နေလား။"

"သူတို့သုံးယောက် နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိချင်ရှိနေမှာပေါ့။" ဇူယွမ်မှ စကားဆိုလိုက်သည်။

ချန်းပိုင်ဖန်းမှ အလျင်အမြန် ပြောလိုက်သည်။ "အဓိပ္ပါယ် မရှိတာတွေ လျှောက်ပြောမနေနဲ့။"

ထို့နောက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလျက် ရောင်စဉ်ကိုးသွယ် ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခုအား ထုတ်ဖော်ကာ ပြောလိုက်သည်။ "လက်ထောက်ခေါင်းဆောင် ဇူယွမ်က အခုလို မဖြစ်နိုင်တာတွေ ဆက်ပြောနေရင် ငါလည်းငြိမ်နေတော့မှာ မဟုတ်ဘူး။"

သူသည် ကျင်းထန်းတို့သုံးဦးအား ဇူယွမ်ထံမှ အတင်းအကြပ် ခေါ်ဆောင်ရန် ပြင်ဆင်လိုက်သည်။

"လက်ထောက်ခေါင်းဆောင် ချန်းပိုင်ဖန်းက တော်တော်ရဲတင်းပါလား။"

အေးစက်ကြည်လင်သော စကားသံတစ်ခု ထွက်ပေါ်လာသည်။ ထိုစကားကို ဆိုလိုက်သူမှာ လျိုကျစ်ရွှမ်း၊ ရိချိုးရွှယ်တို့နှင့်အတူ ရောက်ရှိလာသော ရဲ့ပင်းလင်ပင် ဖြစ်သည်။

"ရှင့်ရဲ့စကားတွေက လေနန်းဆောင်ရဲ့ စည်းကမ်းတွေကို ကျော်လွန်နေပြီနော်။ ရှင့်ကိုယ်ရှင် လေနန်းဆောင် ခေါင်းဆောင်များ ထင်နေတာလား။" ရဲ့ပင်းလင်မှ အေးစက်စက် စကားဆိုလိုက်သည်။

ချန်းပိုင်ဖန်းမှ မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။ "ဇူယွမ်ပြောသမျှက လုပ်ကြံဇာတ်တွေချည်းပဲ။"

လျိုကျစ်ရွှမ်းမှ အရှေ့သို့ထွက်ကာ ပြောလိုက်သည်။ "လက်ထောက်ခေါင်းဆောင်ဇူယွမ် ပြောတာတွေ အကုန်လုံးက အမှန်တွေချည်းပဲ။ သူတို့သုံးယောက် ကျွန်တော့်ဆီလာပြီး လက်ထောက်ခေါင်းဆောင် ဇူယွမ် ရှိတဲ့နေရာကိုပြောဖို့ ဖိအားပေးကြတယ်။ လက်ထောက်ခေါင်းဆောင် ဇူယွမ်သာ အချိန်မှီ ရောက်မလာခဲ့ရင် ကျွန်တော့်ရဲ့လက်ကို သူတို့ဖြတ်ပစ်ပြီးလောက်ပြီ။"

လူအုပ်ကြီးမှာ ဆူညံသွားရသည်။

ချန်းပိုင်ဖန်း၏ အမူအရာမှာလည်း အနည်းငယ် ပျက်ယွင်းသွားရသည်။ ကျင်းထန်းတို့မှာ သက်သေကျန်ရအောင်ထိ တုံးအလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။

"လျိုကျစ်ရွှမ်းက ဇူယွမ့်ရဲ့လူလေ။ သူ့စကားကို ဘယ်ယုံလို့ရမှာလဲ။" မည်သို့ပင်ဆိုစေကာမူ ချန်းပိုင်ဖန်းမှာ အလျှော့မပေးလိုပေ။

ရဲ့ပင်းလင်၏ မျက်ဝန်းများ အေးစက်တောင့်တင်းသွားရသည်။

"ဟားဟား...လူစည်နေပါလား။"

ထိုအချိန်မှာပင် ရယ်မောသံနှင့်အတူ ကောင်းကင်ထက်မှ လူငယ်တစ်ဦး ပျံဝဲဆင်းသက်လာသည်။

လူအုပ်ကြီးမှာ နောက်တစ်ကြိမ် ဆူညံသွားရပြန်သည်။

"မီးနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် ဝမ်ချန်းပါလား။" ရဲ့ပင်းလင်မှာလည်း အနည်းငယ် အံ့အားသင့်သွားရသည်။

ဝမ်ချန်းမှ ပြုံးပြနှုတ်ဆက်လိုက်သည်။ "မတွေ့ရတာ ကြာပြီနော် လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်..."

ထို့နောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "အခုကိစ္စက အထင်လွဲနေတာ ဖြစ်မှာပါ။ ကိစ္စတွေ ကြီးသွားအောင် လုပ်စရာမှ မလိုတာ။ ကျွန်တော် ဝင်ပြီးဖြေရှင်းပေးမယ်ဆိုရင်ရော ဘယ်လိုလဲ။ လက်ထောက်ခေါင်းဆောင် ဇူယွမ်က သူတို့ကို လွှတ်ပေးလိုက်။ သူတို့က လက်ထောက်ခေါင်းဆောင် ဇူယွမ် ကျေနပ်တဲ့ထိ တောင်းပန်ကြလိမ့်မယ်။ ဒါက အကောင်းဆုံး နည်းလမ်းပဲမလား။"

ဇူယွမ်မှာ ဝမ်ချန်းအား ကြည့်ရှုနေရင်းဖြင့် ယနေ့ပြဿနာ ရင်းမြစ်ကို နားလည်သွားရသည်။

ကြည့်ရသည်မှာ ကျင်ရှန်းကောင်းကင်ဂိုဏ်းနှင့် ဆက်စပ်နေပုံ ရသည်။

မီးနန်းဆောင်သည် ကျင်ရှန်းကောင်းကင်ဂိုဏ်း လက်အောက်တွင် ရှိနေသောကြောင့် ဝမ်ချန်းမှ ပြဿနာ အစဆွဲထုတ်ကာ သူ့အားဒုက္ခပေးရန် ကြံစည်ခဲ့ဟန် ရှိသည်။ ကျင်ရှန်းကောင်းကင်ဂိုဏ်းသည် မည်သည့်နည်းနှင့်မှ သူ့အား အလွယ်တကူ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။

ရဲ့ပင်းလင်မှာ ဝမ်ချန်း ပါဝင်လာမည်ဟု မထင်မှတ်ထားသောကြောင့် မည်သို့စကားဆက်ရမည်မသိ ဖြစ်နေရသည်။

ချန်းပိုင်ဖန်းမှ ပြုံးကာစကားဆိုလိုက်သည်။ "အကိုတော် ဝမ်ချန်းက ဝင်ပြီးဖြေရှင်းပေးမှတော့ ကျွန်တော်လည်း ပြဿနာ ဆက်မဖြစ်ချင်တော့ပါဘူး။"

ထိုအချိန်မှာပင် ဇူယွမ်မှ တည်ငြိမ်စွာ ပြောလိုက်သည်။ "လေနန်းဆောင်က ပြဿနာကို အခုလိုပဲ အပြင်လူက ဝင်ဖြေရှင်းလို့ ရတယ်ပေါ့။ တကယ်ဆိုရင် စည်းကမ်းအတိုင်းပဲ သွားသင့်တာမလား။ ငါတို့လေနန်းဆောင်မှာ ခေါင်းဆောင် မရှိသေးဘူး။ အဲ့ဒါကြောင့် အပြစ်ပေးမယ့် ကိစ္စတွေကို မဲပေးပြီး ဆုံးဖြတ်နိုင်တယ်။ မင်းလို မီးနန်းဆောင်ကလူက ဝင်ပါစရာ မလိုဘူး။"

"ငါကတော့ ပြောထားတဲ့အတိုင်းပဲ သူတို့သုံးယောက်ကို ရာထူးကနေ ဖယ်ထုတ်တယ်။"

ချန်းပိုင်ဖန်း၏ မျက်ဝန်းများမှာ အေးစက်သွားရသည်။

ဝမ်ချန်း၏ အပြုံးများလည်း ပျောက်ကွယ်သွားရသည်။ "လက်ထောက်ခေါင်းဆောင်ဇူယွမ်က ကျွန်တော့်ကို မျက်နှာသာတောင် မပေးဘူးလား။"

ဇူယွမ်မှ လေးနက်စွာ စကားဆိုလိုက်သည်။ "လက်ထောက်ခေါင်းဆောင် ဝမ်ချန်းက ဒီကိစ္စနဲ့ပက်သတ်ပြီး မကျေနပ်တာရှိရင် သေနာပတိ ငါးယောက်ဆီမှာ တိုင်တန်းလို့ရတယ်။"

ဝမ်ချန်းမှာ ဇူယွမ်သည် လူကြားသူကြား၌ပင် သူ့အားဆန့်ကျင်ရဲမည်ဟု ထင်မှတ်မထားခဲ့သဖြင့် ရယ်မောနေရုံသာ တက်နိုင်သည်။

ဇူယွမ်မှာ ဝမ်ချန်းအား လျစ်လျူရှုလျက် ရဲ့ပင်းလင်အား ကြည့်ရှုလိုက်သည်။

ရဲ့ပင်းလင်မှာ ဇူယွမ် ယခုလောက်ထိ ပြတ်သားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါသော်လည်း အနည်းငယ်မျှပင် တွေဝေမနေပေ။ "ငါလည်း လက်ထောက်ခေါင်းဆောင် ဇူယွမ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတယ်။"

ချန်းပိုင်ဖန်းမှာ အမူအရာ ပျက်ယွင်းသွားရသည်။

ဇူယွမ်မှ တည်ငြိမ်စွာ ကြေညာလိုက်သည်။ "လက်ထောက်ခေါင်းဆောင် သုံးယောက်ထဲက နှစ်ယောက်သဘောတူတဲ့အတွက်…"

"ကျင်းထျန်း၊ လင်ကျန်းနဲ့ ဝူသောင့်တို့ကို ရာထူးကနေ ထုတ်ပယ်တယ်။ ပြီးတော့ တစ်နှစ်တိတိ လေလိပ်ပြာမျှော်စင်ထဲ ဝင်ခွင့်မရှိဘူး။ နောက်တစ်ခါထပ်ပြီး စည်းကမ်းချိုးဖောက်လာရင် လေနန်းဆောင်ကနေပါ နှင်ထုတ်ခံရမယ်။"

လေနန်းဆောင်၏ အဖွဲ့ဝင်များမှာ ပြတ်သားလွန်းသော ဇူယွမ်၏ လုပ်ဆောင်ချက်များကြောင့် လေးစားရိုသေသွားကြရသည်။

"ကောင်းတယ်.....ကောင်းတယ်။"

ချန်းပိုင်ဖန်းမှာ ထိုသို့ပြောဆိုပြီးနောက် ကျင်းထျန်းတို့သုံးဦးအားခေါ်ကာ ထွက်ခွာသွားတော့သည်။

ဝမ်ချန်းမှ ဇူယွမ်အား အေးစက်စွာ စကားဆိုလိုက်သည်။ "လက်ထောက်ခေါင်းဆောင် ဇူယွမ်...ကျွန်တော် ခင်ဗျားကို သတိပေးလိုက်မယ်။ ခင်ဗျားရဲ့ အခုပုံစံကို မပြင်ရင် အနာဂတ်မှာ ကောင်းကောင်းကြီး ဒုက္ခရောက်လိမ့်မယ်။"

ထို့နောက် ဝမ်ချန်းသည်လည်း လျင်မြန်စွာပင် ထွက်ခွာသွားသည်။

လူအုပ်ကြီးမှာ ထိုမြင်ကွင်းကြောင့် ကြောက်ရွံ့နေကြရသည်။ လက်ထောက်ခေါင်းဆောင် ဇူယွမ်မှာ လေနန်းဆောင်သို့ စတင်ရောက်ရှိစဉ်မှာပင် ချန်းပိုင်ဖန်းနှင့် ဝမ်ချန်းတို့အပေါ် အပြစ်ပြုလိုက်လေပြီ။

မည်သို့ပင်ဆိုစေကာမူ ယခုကိစ္စကြောင့်ပင် ဇူယွမ်အား နန်းဆောင်လေးခုလုံးမှ သိရှိသွားတော့မည်ပင် ဖြစ်ပေတော့သတည်း....

All Chapters