ခေါင်းဆောင်ရာထူး
Vol. 58 Ch. 801
ဇူယွမ်၏လုပ်ရပ်မှာ လေနန်းဆောင် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြရသည်။
"လေနန်းဆောင်ကို အသစ်ရောက်လာတဲ့ လက်ထောက်ခေါင်းဆောင်က တော်တော်ကြမ်းတာပဲ။ အဖွဲ့မှူးသုံးယောက်ကို တစ်ခါထဲနဲ့ ရာထူးချလိုက်တာတဲ့။"
"ဟားဟား....ငါကတော့ သူ့ကို ဦးနှောက်မရှိဘူးလို့ပဲ ထင်တယ်။ အခုမှ လေနန်းဆောင်ကို စရောက်လာတဲ့ဟာကို လက်ထောက်ခေါင်းဆောင် ချန်းပိုင်ဖန်းရဲ့ ဒေါသကို သွားဆွတယ်။ အဲ့ဒါအပြင် မီးနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် ဝမ်ချန်းမျက်နှာတောင် မထောက်ဘူး။"
"မီးနန်းဆောင်ကို ကျင်ရှန်းကောင်းကင်ဂိုဏ်းကပဲ ချုပ်ကိုင်ထားတာ။ အခု လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင်အသစ်က ဝမ်ချန်းကို သွားထိလိုက်တယ်ဆိုတော့ ပညာပေးခံရမှာ သေချာတယ်။"
"ပြီးတော့ လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် ချန်းပိုင်ဖန်းက ခေါင်းဆောင်နေရာ ရသွားတဲ့ အချိန်ကြရင် အခုဇူယွမ်လုပ်ထားသမျှကို ပြန်တုံ့ပြန်မှာပဲ။ အဲ့ကြရင် ကျင်းထျန်းတို့ သုံးယောက်လည်း ရာထူးပြန်ရကြမှာ သေချာတယ်။"
"ချန်းပိုင်ဖန်းက ခေါင်းဆောင်နေရာရဖို့ အသေချာဆုံးလူပဲ။ ရဲ့ပင်လင်းတောင် သူ့ရဲ့ပြိုင်ဖက် မဖြစ်နိုင်ဘူး။"
"ဟုတ်တယ်....ချန်းပိုင်ဖန်း ခေါင်းဆောင်ဖြစ်တာနဲ့ ဇူယွမ်ကတော့ ဒုက္ခရောက်မှာ သေချာတယ်။"
"........"
ဝေဖန်စကားသံများမှာ ရက်အတော်ကြာအောင် မပြီးနိုင်ပဲ ရှိသည်။ ဇူယွမ်၏ အမည်ကိုလည်း နန်းဆောင်လေးခုလုံးမှ သိရှိသွားကြသည်။ ပြောရမည်ဆိုလျှင် တိုတောင်းလှသော ရက်ပိုင်းအတွင်း နာမည်ကြီးသွားခြင်း ဖြစ်သည်။
ထို့အပြင် လူတိုင်းမှာ ချန်းပိုင်ဖန်း ခေါင်းဆောင်ရာထူး ရလာသည်နှင့် ဇူယွမ် ပညာပေးခံရတော့မည်ဟုလည်း ယူဆထားကြသည်။
တောင်တန်းပေါ်ရှိ အဆောက်အဦး တစ်ခုအတွင်း၌
"နင်က နန်းဆောင်လေးခုလုံးမှာ နာမည်ကြီးနေပြီပဲ။"
ရဲ့ပင်းလင်မှ ခြံဝန်းအားမှီကာ ပြောလိုက်သည်။ "ဒါပေမယ့် ချန်းပိုင်ဖန်းက ကြေညာထားတယ်။ သူခေါင်းဆောင်နေရာကို ရတာနဲ့ ဒီကိစ္စကို ပြန်ဖြေရှင်းမယ်တဲ့။"
ဇူယွမ်၏ ဆုံးဖြတ်ချက်သာ ပြန်လည်ပြင်ဆင်ခံရပါက လေနန်းဆောင်အတွင်း မည်သူကမှ ၎င်း၏အမိန့်အား နာခံကြတော့မည် မဟုတ်ပေ။
"စီနီယာအမတော် ရဲ့ပင်းလင်ကလည်း တော်တာပဲကို။ ခေါင်းဆောင်နေရာအတွက် ချန်းပိုင်ဖန်းကို အနိုင်မတိုက်နိုင်ဘူးလား။" ရိချိုးရွှယ်မှ သိလိုစိတ် ပြင်းပြစွာ မေးလိုက်သည်။
ဇူယွမ်နှင့် ချန်းပိုင်ဖန်းမှာ ရန်သူများ ဖြစ်သွားကြပြီဖြစ်သဖြင့် ရိချိုးရွှယ်မှာ ခေါင်းဆောင်ရာထူးအား ရဲ့ပင်းလင်ကိုသာ ရရှိစေချင်မိသည်။
"ဟုတ်တယ်။ စီနီယာအမတော် ရဲ့ပင်းလင်ရဲ့ သြဇာကလည်း ချန်းပိုင်ဖန်းနဲ့ ယှဉ်နိုင်နေတာပဲဟာ။" လျိုကျစ်ရွှမ်းမှ စကားဆိုလိုက်သည်။
ရဲ့ပင်းလင်မှ တိုးညင်းစွာ ပြောလိုက်သည်။ "ချန်းပိုင်ဖန်းက အရမ်းတော်လွန်းတယ်။ ခေါင်းဆောင်ရာထူးကို ငါရဖို့ ရာခိုင်နှုန်းက လေးဆယ်လောက်ပဲ ရှိတယ်။ သူကတော့ ခြောက်ဆယ်ရာခိုင်နှုန်းလောက် သေချာတယ်။"
ထိုစကားနှင့်ပင် ချန်းပိုင်ဖန်းမှာ အနိုင်ရရှိရန် အလေးသာနေကြောင်း သိသာလှသည်။
သူမ ဇူယွမ်အားကြည့်ကာ ဆက်၍ပြောလိုက်သည်။ "ဒါပေမယ့် အရမ်းတော့ စိတ်မပူပါနဲ့။ ငါသူ့ကိုတားဖို့ အစွမ်းကုန် ကြိုးစားမှာပါ။ ချန်းပိုင်ဖန်း ခေါင်းဆောင်မဖြစ်သရွေ့ နင့်ကိုဘာမှလုပ်လို့ မရပါဘူး။"
ချီကျင့်သခင်မကိုယ်တိုင် ဇူယွမ်အား လက်ထောက်ခေါင်းဆောင်အဖြစ် လေနန်းဆောင်ထံ ပို့ဆောင်လိုက်ခြင်းဖြစ်သောကြောင့် သူမ တက်နိုင်သမျှ ကူညီပေးရမည်ပင် ဖြစ်သည်။
ဇူယွမ်မှ ရယ်မောကာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ချန်းပိုင်ဖန်း ခေါင်းဆောင်နေရာရဖို့က အဲ့လောက်မလွယ်ပါဘူး။ စီနီယာအမတော် ရဲ့ပင်းလင် မတက်နိုင်ခဲ့ရင်တောင် သူ့ကိုတားဖို့ ကျွန်တော် ရှိနေပါသေးတယ်။"
ရဲ့ပင်းလင်မှာ ခေါင်းကိုသာ တွင်တွင်ခါယမ်းလိုက်မိသည်။ ဇူယွမ်မှာ အရည်အချင်း ရှိပါသော်လည်း ချန်းပိုင်ဖန်းနှင့် ယှဉ်ပြိုင်နိုင်ရန် များစွာလိုအပ်နေဆဲပင်။
"အခုရက်ပိုင်း ချန်းပိုင်ဖန်းက လူတွေလိုက်စုနေတယ် ကြားတယ်။ အထူးသဖြင့် အဖွဲ့မှူးနေရာ ရထားတဲ့သူတွေကိုပေါ့။ သူက ခေါင်းဆောင်နေရာအတွက် စိတ်ချရတဲ့ လက်အောက်ငယ်သားတွေရဖို့ လုပ်ချင်နေတာ။" လျိုကျစ်ရွှမ်းမှ စကားဆိုလိုက်သည်။
ဇူယွမ်မှာ မျက်ခုံးပင့်လိုက်မိသည်။
ဒီချန်းပိုင်ဖန်းက တကယ်မလွယ်တာပဲ.....
အဖွဲ့မှူးရာထူးသည် နန်းဆောင်လေးခုအတွင်း အတော်ကြီးမားသော ရာထူးတစ်ခု ဖြစ်သည်။ ထို့ကြောင့် ချန်းပိုင်ဖန်းမှ အဖွဲ့မှူးများအားလုံးကို လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်ခဲ့ပါက ၎င်းတို့အတွက် အမှန်တကယ် အခက်တွေ့ရလိမ့်မည်။ အကယ်၍ ဇူယွမ်မှ ခေါင်းဆောင်ရာထူး ရရှိခဲ့လျှင်ပင် မည်သူကမှ သူ၏အမိန့်အား နာခံကြတော့မည် မဟုတ်ပေ။
ရဲ့ပင်းလင်မှာလည်း မျက်လုံးအပြူးသားဖြင့် မည်သို့ရှေ့ဆက်ရမည်မသိ ဖြစ်နေရသည်။ ပုံမှန်အားဖြင့် သူမသည် ကျင့်ကြံရေးပေါ်တွင်သာ အာရုံစိုက်ထားလေ့ရှိပြီး လူအများအား မည်သို့သိမ်းသွင်းရမည်ကို နားမလည်ချေ။
"ဒီကိစ္စက ဘာမှမခက်ပါဘူး။" ရိချိုးရွှယ်မှ ပြုံးကာပြောလိုက်သည်။ "လူတွေကို သိမ်းသွင်းနိုင်ဖို့က သူတို့ကို အကျိုးရှိအောင် လုပ်ပေးလိုက်ရုံပဲ။ အခုဆိုရင် ကျင်းထျန်းတို့ ရာထူးချခံလိုက်ရတော့ အဖွဲ့မှူးနေရာ သုံးနေရာလောက် လွတ်နေတယ်မလား။ အဲ့နေရာတွေကို စီနီယာအမတော် ရဲ့ပင်းလင်နဲ့ ဇူယွမ်ရဲ့ နာမည်ကိုသုံးပြီး အဖွဲ့မှူး သုံးယောက် အသစ်ခန့်လိုက်ကြမယ်လေ။"
"ပုံမှန်ဆိုရင် အဖွဲ့မှူး အသစ်ကိုခန့်ဖို့ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက် လိုတယ်ဆိုပေမယ့် အခုက လက်ထောက်ခေါင်းဆောင်တွေပဲ မဲပေးဆုံးဖြတ်ရမှာပေါ့။ အဲ့လိုဆိုတော့ အဖွဲ့မှူး သုံးယောက်ကိုခန့်ဖို့က လုံးဝ စီနီယာအမတော် ရဲ့ပင်းလင်နဲ့ ဇူယွမ်ရဲ့ လက်ထဲမှာပဲ။"
"ကျွန်မတို့ဖက်မှာ လက်ထောက်ခေါင်းဆောင် နှစ်ယောက်ရှိနေမှတော့ ချန်းပိုင်ဖန်း ဘာပဲလုပ်လုပ် ကျွန်မတို့စိတ်ကြိုက် ကြိုက်တဲ့သူကို ခန့်လို့ရတယ်။"
"အမြင့်ကိုတက်ချင်တဲ့သူကတော့ ရာထူးလိုချင်မှာပဲလေ။ အခု ကျွန်မတို့ အဖွဲ့မှူးတွေ ခန့်လိုက်လည်း ချန်းပိုင်ဖန်းက ခေါင်းဆောင်နေရာ ရသွားခဲ့ရင် အဲ့ရာထူးတွေကို ပြန်ယူမှာပဲ။"
"ဒါပေမယ့် အဖွဲ့မှူးဆိုတဲ့နေရာကို ယူပြီးသွားတဲ့ သူတွေကလည်း ရာထူးကို လွယ်လွယ်နဲ့ လက်လွှတ်ချင်မှာ မဟုတ်ဘူး။ အဲ့အချိန်ကြရင် သူတို့အနေနဲ့ ရွေးချယ်စရာ မရှိတော့ပဲ စီနီယာအမတော် ရဲ့ပင်းလင်နဲ့ ဇူယွမ်ကိုပဲ လုံးဝအပြတ်အသတ် ထောက်ခံပေးရတော့မှာ။"
ဇူယွမ်နှင့် ရဲ့ပင်းလင်မှာ ရိချိုးရွှယ်၏ စကားများကြောင့် မျက်လုံးအပြူးသား ဖြစ်သွားကြရသည်။
သူမ၏အစီအစဉ်မှာ အလွန်ပြီးပြည့်စုံလွန်းလှပြီး လစ်လပ်နေသော အဖွဲ့မှူးနေရာများကိုလည်း အသုံးချနိုင်မည် ဖြစ်သည်။
"ဂျူနီယာညီမတော် ရိချိုးရွှယ်က ငါတွေ့ဖူးသမျှထဲ ဉာဏ်အကောင်းဆုံးပဲ။" ရဲ့ပင်းလင်မှ ပြုံးကာပြောလိုက်သည်။
ဇူယွမ်မှာလည်း လက်မထောင်ပြလိုက်သည်။ ရိချိုးရွှယ်သည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ရိမိသားစုအား ယခုအခြေအနေထိရောက်အောင် အကြံပေး ကူညီလာခဲ့သည်မှာ မထူးဆန်းတော့ပေ။ "ဒီအစီအစဉ်ကို လုပ်ကြတာပေါ့။ ဒါပေမယ့် ချိုးရွှယ်နဲ့ အကိုလျိုတို့ကိုပဲ အပူကပ်ရမယ် ထင်တယ်။"
ရိချိုးရွှယ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ "ဒီလို ကိစ္စသေးသေးလေးကို ကျွန်မတို့ဆီပဲ လွှဲထားလိုက်ပါ။ ရှင်တို့နှစ်ယောက်က ခေါင်းဆောင်နေရာအတွက် ကျင့်ကြံရေးကိုပဲ အားစိုက်ထားကြ။"
ရဲ့ပင်းလင်နှင့် ဇူယွမ် နှစ်ဦးထဲမှတစ်ဦး ခေါင်းဆောင်ဖြစ်လာလျှင်ပင် ကျန်သောအရေးကိစ္စများကို ဖြည်းညင်းစွာ ကိုင်တွယ်သွားနိုင်မည် ဖြစ်သည်။
ရဲ့ပင်းလင်မှ ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "တိုက်ပွဲစွမ်းရည်က အရေးအကြီးဆုံးပဲ။ ကျင်းထျန်းတို့သုံးယောက်ကို နိုင်လာတယ်ဆိုပြီး မာန်တက်မနေနဲ့ဦး။ နန်းဆောင်လေးခုထဲမှာ သူတို့ထက်တော်တဲ့သူတွေ အများကြီး ရှိတယ်။ ဒီနှစ်လအတွင်း တိုက်ပွဲစွမ်းရည် တိုးတက်လာဖို့ပဲ ခေါင်းထဲထည့်ထား။"
သူမ၏အမြင်တွင်မူ ဇူယွမ်မှာ အောက်ခြေလွတ်ချင်နေသော ကောင်လေးတစ်ယောက်သာ ဖြစ်သည်။
ဇူယွမ်အား သတိပေးလိုက်ပြီးနောက် ရဲ့ပင်းလင်မှာ ထွက်ခွာသွားတော့သည်။
ရိချိုးရွှယ်မှာ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့သော ဇူယွမ်အား ကြည့်ရှုလိုက်ပြီးနောက် လျိုကျစ်ရွှမ်းနှင့်အတူ ဝါးလုံးကွဲ ရယ်မောလိုက်ကြသည်။
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။
မည်သို့ပင်ဆိုစေကာမူ ရဲ့ပင်းလင်၏စကားများမှာ အမှန်တရားပင်။ တိုက်ပွဲစွမ်းရည်သည်သာ အရေးအကြီးဆုံး ဖြစ်သည်။
သူ၏လက်ရှိ အရည်အချင်းဖြင့်ဆိုလျှင် ချန်းပိုင်ဖန်းအား အနိုင်ရရှိရန် မလွယ်ကူပေ။ ထို့အပြင် သူ၏အဓိက ရည်ရွယ်ချက်မှာ နန်းဆောင်လေးခုလုံး၏ ရှိုးရှီခေါင်းဆောင်နေရာအား ရရှိရန် ဖြစ်လေသည်။
ဇူယွမ်မှာ နှစ်လအတွင်း အနည်းဆုံး လေလိပ်ပြာမှော်စာလုံးအား ထက်ဝက်ခန့် ပြီးစီးရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ထိုမှသာ လေနန်းဆောင်၏ ခေါင်းဆောင်နေရာ ရရှိရန် သေချာလိမ့်မည် ဖြစ်ပေတော့သတည်း.....